← Chapters

အခန်း ၅၅၈

Vol. 38 Ch. 558

အခန်း ၅၅၈

Vol. 38 Ch. 558

အခန်း (၅၅၈) အရှေ့ဘက်တံခါး (အပိုင်း ၃)

“တတိယမြောက် အချက်ကတော့... ယူချွမ်ဂိုဏ်းကို အရင်ဆုံး ဝါးမြိုပစ်ပြီး ကိုယ်ပိုင်အင်အားကို ချဲ့ထွင်ဖို့ပဲ... အဲဒီနောက်မှ အရှေ့မြို့ဂိုဏ်းတွေနဲ့ ထာဝရညတောင်ကြားတို့ကြားက တိုက်ပွဲရလဒ်ကို အေးအေးဆေးဆေး စောင့်ကြည့်ရမယ်...”

ဆုမိုက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် စကားကို ဆက်လိုက်၏။

“ကျွန်တော်တို့ဘက်က တိုက်ခိုက်မလား... ဒါမှမဟုတ် နှစ်ဖက်စလုံး အင်အားချည့်နဲ့သွားတဲ့အထိ စောင့်ပြီးမှ ဇာတ်သိမ်းပိုင်းကို ရှင်းလင်းမလား ဆိုတာကိုပေါ့... တကယ်လို့ သူတို့က တတိယနည်းလမ်းကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့... ဘယ်သူက အခွင့်ကောင်းယူပြီး ဒီရှုပ်ထွေးမှုတွေကို ရှင်းလင်းသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ...”

သူက အနည်းငယ် ပြုံးလျက် သွမ့်ဆုန်ကို ကြည့်ကာ ဖြည့်စွက်လိုက်သည်။

“တွမ်းဦးလေး... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ ဦးလေး အနေနဲ့ ဂိုဏ်းကြီး (၇) ဂိုဏ်းနဲ့ အတူတူ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်... ကျွန်တော်ကတော့ အရှိန်အဝါ သေးငယ်တဲ့ အာမခံသမားလေး တစ်ယောက်ပဲမို့ ခင်ဗျားတို့ စဉ်းစားရုံသက်သက်အတွက်ပဲ ပြောပြတာပါ...”

သွမ့်ဆုန်၏ မျက်နှာတွင် မတတ်သာသည့် အမူအရာများ ပြည့်နှက်သွားတော့၏။

“ဒီနေ့ပြီးသွားရင်တော့... တုန်းဟွမ်နယ်မြေ တစ်ခုလုံးမှာ မင်းကို အရှိန်အဝါ သေးငယ်တဲ့သူလို့ ဘယ်သူက ပြောရဲတော့မှာလဲ... မင်းကတော့ ရသမျှ ဂုဏ်အသရေတွေကို တစ်ယောက်တည်း မယူချင်တာပဲ မဟုတ်လား...”

“ဒီခရီးမှာ ကျွန်တော်က လူအာရုံစိုက်မှုကို လုံလောက်အောင် ရခဲ့ပြီးပါပြီ...”

ဆုမိုက သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်ရင်း...

“ကျွန်တော်က အာမခံဌာနရဲ့ ခေါင်းဆောင် တစ်ယောက်ပဲလေ... တရားဝင်ဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေကြားက တိုက်ပွဲမှာ ဒီလောက်အထိ ထင်ပေါ်နေတာက တကယ့်ကို ထူးဆန်းလွန်းတဲ့ ကိစ္စပဲဗျ...”

သို့သော် ဤအကြောင်းအရာကို ထပ်မံ ဆွေးနွေးနေရန် မလိုအပ်တော့ချေ။ အလွန်ပင် ပင်ပန်းလှသော တစ်ညတာကို ဖြတ်သန်းပြီးနောက် ဆုမိုက အားလုံးကို အနားယူခိုင်းလိုက်တော့သည်။

သူကိုယ်တိုင်မှာလည်း နှစ်ရက်နှင့် နှစ်ည ဆက်တိုက် မျက်စိမမှိတ်ခဲ့ရသေးချေ။ အိပ်ချင်စိတ် သိပ်မရှိသော်လည်း ညသခင်နှင့် တိုက်ခိုက်ခဲ့ရမှုက သူ၏ စိတ်စွမ်းအင်များကို များစွာ ကုန်ခမ်းသွားစေခဲ့သည်။ ထိုမိစ္ဆာအိုကြီး၏ ကောက်ကျစ်စဉ်းလဲမှုမှာ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲလှသည် မဟုတ်ပါလော။ ကံကောင်းသည်မှာ သူသည် လူလှိမ့်လိုက်သည်နှင့် တစ်ပြိုင်နက် မကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းပင်။

...

...

အဖုံဖုံသော ကိစ္စရပ်များက ခေတ္တမျှ ရပ်တန့်သွားချိန်တွင် ဆုမို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်အတွင်း လွန်ခဲ့သော နှစ်ရက်က အဖြစ်အပျက်များမှာ ပတ်ဝန်းကျင် အရပ်ရပ်သို့ ဟိုးလေးတကျော် ဖြစ်သွားတော့၏။

ထျန်းချူမြို့အတွင်းရှိ တည်းခိုခန်းတစ်ခုထဲတွင် သိုင်းလောကသားအချို့က ဤအကြောင်းအရာကို အားတက်သရော ဆွေးနွေးနေကြသည်။

“ဇီယန်ဂိုဏ်းက သိုင်းလောကကနေ ခွာနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ... လီကျန်းယွမ် ရဲ့ နောက်မှာ ဒီလို သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”

“ယူချွမ်ဂိုဏ်းချုပ်ကို လက်ဝါးတစ်ချက်နဲ့ သတ်ပစ်ခဲ့သလို၊ ထာဝရညမိစ္ဆာသခင်ကိုလည်း လက်သီးနဲ့တင် အနိုင်ယူခဲ့တာပဲ... တကယ့်ကို အံ့ဩစရာကောင်းတဲ့ သူရဲကောင်း တစ်ယောက်ပါပဲလား...”

“ဟူး... ညသခင် ရဲ့ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတဲ့ ဘဝကြီးက အနောက်တောင်ဘက်က အာမခံခေါင်းဆောင်လေး တစ်ယောက်ရဲ့ လက်ထဲမှာ ဒီလိုမျိုး နိဂုံးချုပ်သွားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... တကယ့်ကို အံ့ဩဖို့ ကောင်းလွန်းတယ်...”

“မနှစ်က ဆုမိုက ရွှမ်ကျီတောင်ကြားမှာ ဓားတစ်လက်တည်းနဲ့ အမိန့်တော် သုံးရပ်ကို အကောင်အထည်ဖော်ခဲ့ကတည်းက သူက ထူးခြားတယ်ဆိုတာ သိသာနေခဲ့တာပဲ... ဒါပေမဲ့ ငါတို့က သူ့ကို အထင်သေးခဲ့မိတာပဲ... ဒီလိုဆိုရင် သူက တုန်းဟွမ်နယ်မြေ ရဲ့ ထိပ်ဆုံးနေရာကို ရည်မှန်းနေတာလား...”

သူတို့က စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ်မှာပင် မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦး ထိုင်နေကြ၏။

လူငယ်မှာ အလွန်တရာ မြင့်မြတ်သော အရှိန်အဝါ ရှိပြီး သူ၏ မျက်ဝန်းများမှာ အေးဆေးတည်ငြိမ်လှသည်။ သူက ပြတင်းပေါက် အပြင်ဘက်မှ ထျန်းချူမြို့၏ မြင်ကွင်းကို လွမ်းဆွတ်တမ်းတမှု အချို့ဖြင့် ငေးမောကြည့်နေ ယလေ၏။

အဘိုးအိုကမူ အစားအသောက်များကိုသာ အာရုံစိုက်နေပြီး သူ၏ ပန်းကန်နှင့် တူတို့ ထိခတ်သံမှာ နားထဲတွင် မပြတ်တမ်း မြည်ဟည်းနေတော့သည်။ ပန်းကန်တစ်ခုပြီးတစ်ခု၊ စားပွဲပေါ်ရှိ ဟင်းလျာများမှာ မုန်တိုင်းတစ်ခု ဝှေ့ခတ်သွားသည့်အလား ပြောင်ရှင်းသွားရ၏။

ထမင်း (၄) ပန်းကန်၊ (၅) ပန်းကန်ခန့်ကို အလျင်အမြန် စားသောက်ပြီးနောက်မှ အဘိုးအိုက သူ၏ ဝမ်းဗိုက်ကို ပုတ်လျက်...‌အားပါးတရ ညည်းညူလိုက်သည်။

“ထမင်း မစားရတာ တော်တော်ကြာပြီပဲ... အားရပါးရ ရှိလိုက်တာ...”

ထိုအခိုက်… လူငယ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် မေးလိုက်သည်။

“သူ သေသွားပြီလေ... ခင်ဗျား သွားမကြည့်တော့ဘူးလား...”

“ဘာသွားကြည့်ရမှာလဲ...”

အဘိုးအိုက သူ၏ မုတ်ဆိတ်မွှေးများတွင် ကပ်နေသော ထမင်းလုံးများကို ဖယ်ရှားရင်း တုံ့ပြန်လာ၏။

“ဒီလောကကြီးထဲမှာ ဘယ်သူက မသေဘဲ နေမှာလဲ... သေပြီဆိုရင်လည်း သေတာပေါ့... ဒါက အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ...”

“သူက ခင်ဗျား.. တုန်းဟွမ်နယ်မြေ မှာ အကွက်ချဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့ နယ်ရုပ် တစ်ရုပ် မဟုတ်လား... သူ မထွက်သွားခင်က ခင်ဗျား.. သူ့ကို ယင်ယန် အင်မော်တယ် အမိန့်တော် ကိုတောင် ပေးခဲ့သေးတာပဲ... ဒါက ခင်ဗျား သူ့ကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာ ပြနေတာပဲလေ...”

“အပို နယ်ရုပ် တစ်ရုပ်ပါပဲ... အပို နယ်ရုပ် တစ်ရုပ်ပါ... သူ တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ...”

အဘိုးအိုက ပခုံးကို လှုပ်ယမ်းလျက် ရယ်လိုက်ပြီး...

“ဒါ့အပြင် ဒီကောင်လေးက ဒီလောက်နဲ့ သေသွားမယ့်သူ မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်...”

“ထာဝရညတောင်ကြား ရဲ့ သိုင်းပညာတွေက အထင်သေးလို့ မရဘူးလေ... ဒီအဆင့်အထိ ရောက်နေတဲ့သူက တစ်လောကလုံး နာမည်ကျော်နေတဲ့သူပဲ... ဒီလိုမျိုးနဲ့ အလွယ်တကူ သေသွားဖို့ ဆိုတာ မလွယ်ပါဘူး...”

သူက ရယ်ရင်း စကားကို ဆက်လိုက်၏။

“ဒါပေမဲ့ သူက တကယ်ပဲ သေသွားတယ် ဆိုရင်လည်း ဒါပဲပေါ့... ဒါက သူ ဒီလောက်ပဲ စွမ်းဆောင်နိုင်တယ် ဆိုတာကို သက်သေပြလိုက်တာပဲလေ...”

“...တုန်းမန်ယုံ... ခင်ဗျားက တကယ့်ကို သွေးအေးတဲ့ လူပဲ...”

လူငယ်က အဘိုးအိုကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ရွံရှာမှု အချို့ပင် ပါဝင်နေသည်။

“အဓိပ္ပာယ် မရှိတာ... ငါ့သွေးက မူလကတည်းက နွေးပါတယ်ကွာ... မင်း မယုံရင် တစ်ငုံလောက် မြည်းကြည့်မလား...”

အဘိုးအိုက သူ၏ သွေးကို မြည်းခိုင်းမည့်အလား အင်္ကျီလက်ကို လိပ်တင်လိုက်၏။ လူငယ်က ထပ်မံ ကြည့်မနေတော့ဘဲ အေးစက်စွာပင် မေးလိုက်သည်။

“စားပြီးပြီလား...”

“စားပြီးပြီ...”

“ဒါဆို သွားကြစို့...”

လူငယ်က ထရပ်လိုက်ပြီး ငွေစတစ်စကို ပေါ့ပေါ့ပါးပါးပင် ချန်ထားရစ်ခဲ့ကာ တည်းခိုခန်းထဲမှ အရင်ဆုံး ထွက်ခွာသွားတော့သည်။

တုန်းမန်ယုံက ထိုနေရာတွင် ခေတ္တမျှ ထိုင်နေရင်း ပန်းကန်ထဲမှ ကြက်ပေါင်တစ်ခုကို ကောက်ယူကာ ကိုက်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

“လူသားအသားထက် အများကြီး ပိုမြိန်တာပဲ...”

“အရင်တုန်းက ရှောင်လျူ က ဒီလောက် မအေးစက်ပါဘူး... ဟူး... ဒီဘက်ခေတ် လူငယ်တွေကတော့ တစ်ယောက်ထက် တစ်ယောက် ပိုပြီး အေးစက်လာကြတာပဲ... ရေခဲတုံးတွေ ဖြစ်ကုန်ကြပြီလား... ငါတို့လို ရှေးလူကြီးတွေရဲ့ နွေးထွေးတဲ့ နှလုံးသားမျိုး ဘယ်ရောက်ကုန်ကြပြီလဲ...”

သူက တတွတ်တွတ် ညည်းညူရင်း တည်းခိုခန်း တံခါးဝသို့ ထွက်လာခဲ့ရာ အပြင်ဘက်တွင် မြင်းရထား တစ်စီးက အသင့်စောင့်ကြိုနေတော့၏။

မြင်းရထား ဘေးနားတွင် လူအချို့ ရပ်နေကြပြီး ထိုအထဲတွင် ဝဖြိုးသော လူလတ်ပိုင်း အမျိုးသား တစ်ဦးက ဦးဆောင်နေကာ ဘေးနားတွင် သုန်မှုန်သော မျက်နှာထားနှင့် အနက်ရောင်ဝတ် အမျိုးသား တစ်ဦးနှင့် လူလတ်ပိုင်း စာပေသမား တစ်ဦးတို့ ပါဝင်နေကြ၏။

အကယ်၍ ဆုမိုသာ ဤနေရာတွင် ရှိနေပါက ဤလူလတ်ပိုင်း အမျိုးသားမှာ သူ့အား မိုင်တထောင် ကြည့်မှန်ပြောင်း ကို ပေးအပ်ခဲ့သော စွေ့ယွမ်တည်းခိုခန်း မှ ကျန်းတာဝန်ခံ ဖြစ်ကြောင်း သေချာပေါက် မှတ်မိလိမ့်မည်။

သို့သော် ယခုအချိန်တွင် ကျန်းတာဝန်ခံမှာ ခေါင်းငုံ့လျက် ရိုသေသော အမူအရာဖြင့် ရှိနေပြီး တည်းခိုခန်း တာဝန်ခံ တစ်ဦး၏ အရှိန်အဝါမျိုး လုံးဝ မရှိတော့ချေ။ သူသည် ထိုလူနှစ်ဦးကို မြင်းရထားပေါ်သို့ ရိုသေစွာဖြင့် တင်ပေးလိုက်ရသည်။

လူငယ်က အရင်ဆုံး တက်သွားပြီးနောက် တုန်းမန်ယုံက လိုက်ပါသွား၏။

တုန်းမန်ယုံက ကျန်းတာဝန်ခံကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ပခုံးကို ပုတ်လျက် မြင်းရထားပေါ်သို့ တက်လိုက်သည်။

“အရမ်းကောင်းတယ်... အရမ်းကောင်းတယ်... မင်း တော်တော် ပင်ပန်းခဲ့မှာပဲ... အဆီနဲ့ အသားကလည်း တကယ့်ကို အချိုးကျနေတာပဲနော်... စားလို့ ကောင်းမယ့် ပုံပဲ...”

“...”

ကျန်းတာဝန်ခံမှာ ဇဝေဇဝါ ဖြစ်သွားရပြီး သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် တုန်းမန်ယုံက သူ့အား အနည်းငယ် ပြုံးပြလိုက်ရာ သံမဏိသွားများဖြင့် ပြည့်နှက်နေသော ပါးစပ်ကြီးကို တွေ့လိုက်ရတော့၏။ တုန်းမန်ယုံ၏ အသက်အရွယ်နှင့် ဤမျှ ကောင်းမွန်သော သွားများကို ပိုင်ဆိုင်ထားခြင်းမှာ တကယ့်ကို မလွယ်ကူလှချေ။

သို့သော် ကျန်းတာဝန်ခံအတွက်မူ ထိုအပြုံးက ကျောချမ်းသွားစေသည်။ သူ၏ ကျောရိုးအခြေမှသည် လက်ချောင်းထိပ်များအထိ တဆတ်ဆတ် တုန်ယင်လာသည်ကို မထိန်းချုပ်နိုင်တော့ချေ။

“ကျုပ်လူတွေကို ခင်ဗျား လက်ဖျားနဲ့တောင် ထိရဲလား...”

လူငယ်၏ အသံက မြင်းရထား အတွင်းမှ ထွက်ပေါ်လာ၏။

ထိုအခါ တုန်းမန်ယုံက ရယ်လိုက်ပြီး...

“မင်းနဲ့ ငါက မိသားစုတွေပဲလေ... ငါက မင်းရဲ့ လူတွေကို ဘယ်လိုလုပ်ပြီး အန္တရာယ် ပေးမှာလဲ... ရှောင်လျူ...မင်း အတော် နောက်တတ်တယ်နော်... အခု ငါတို့ ဘယ်ကို သွားကြမှာလဲ...”

သူက ပြောပြောဆိုဆိုဖြင့် မြင်းရထား အတွင်းသို့ ဝင်လိုက်တော့သည်။

ထိုစဉ် လူငယ်၏ အသံက ပြန်လည် ထွက်ပေါ်လာ၏။

“ခင်ဗျားကို ဂိုဏ်းဆီ ပြန်ခေါ်သွားပြီး ပြစ်ဒဏ်ပေးဖို့ပဲ...”

“ငါ့ကို နှစ်ရက်လောက် အချိန်ပေးပါဦး... ဇီယန်ဂိုဏ်း ဆီကို ခဏလောက် သွားလည်ချင်လို့ပါ...”

“မရဘူး...”

“မင်းကတော့ တကယ့်ကို ကပ်စေးနှဲတာပဲ...”

“ဟင်...”

“အေးပါ... အေးပါ... မင်းက ခွင့်မပြုဘူးဆိုရင်လည်း ပြီးတာပါပဲ... ငါ နောက်ကျမှ တိတ်တဆိတ် ပြန်လာခဲ့ရုံပေါ့...”

“ခင်ဗျား.. စိတ်ကူးယဉ်နေတာပဲ...”

“မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူးလေ...”

ထိုအချိန်မှသာ ကျန်းတာဝန်ခံမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်နိုင်တော့သည်။ သူသည် သေမင်းတံခါးဝသို့ တစ်ခေါက် သွားလည်ခဲ့ရသလို ခံစားလိုက်ရတော့သည်။

--

All Chapters