← Chapters

အခန်း ၅၆၀

Vol. 38 Ch. 560

အခန်း ၅၆၀

Vol. 38 Ch. 560

အခန်း (၅၆၀) ယင်ယန်အင်မော်တယ် (အပိုင်း (၂)

ထိုပညာရှင်များမှာ အခြေအနေကို နားလည်သွားကြပြီးနောက် သူတို့နှစ်ဦးအား မခွဲခွဲအောင် အပြတ်အသတ် ခွဲထုတ်ပစ်လိုက်ကြ၏။ ထိုနည်းလမ်းက အမှန်တကယ်ပင် ထိရောက်လှသည်။ သူတို့နှစ်ဦးကို ခွဲထုတ်ပြီး တစ်ဦးချင်းစီ တိုက်ခိုက်လိုက်သောအခါတွင်မူ အလွယ်တကူပင် ကျရှုံးသွားခဲ့တော့သည်။

ခေါင်းဖြတ်ခံရပြီးနောက်တွင်မူ မည်သို့မျှ ပြန်လည် အသက်မရှင်နိုင်တော့ချေ။ ထိုသူနှစ်ဦး သေဆုံးသွားပြီးနောက်တွင်မူ ထိုပညာရှင်များမှာ သူတို့ နှစ်ဦး၏ ကိုယ်ပေါ်မှ ‘ယင်ယန် အင်မော်တယ် အမိန့်တော်’ အမည်ရသော တံဆိပ်ပြားနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတော့၏။

ထိုအချိန်မှစ၍ ဤသိုင်းပညာ၏ အစအနများကို စတင်သိရှိခဲ့ကြ၏။ သို့သော်ငြား ထိုအချိန်မှစ၍ ယင်ယန်အင်မော်တယ်အမိန့်တော်ကို ဗဟိုပြုကာ သိုင်းလောကအတွင်း သွေးချောင်းစီးမည့် လုယက်တိုက်ခိုက်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။ အကြောင်းမူကား ဤသိုင်းပညာအတွင်းရှိ ဆန်းကြယ်လှသော စွမ်းရည်များမှာ လူတိုင်း၏ စိတ်ဝင်စားမှုကို ပြင်းပြင်းထန်ထန် ဆွဲဆောင်နိုင်လောက်အောင် ထူးခြားလွန်းလှသောကြောင့် ဖြစ်ပါ၏။

ဆုမိုသည် ယင်ယန်အင်မော်တယ်အမိန့်တော်နှင့် ပတ်သက်သော ကောလဟာလများကို အနည်းငယ်မျှသာ သိရှိထားခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်များ မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သနည်း ဆိုသည့် အချက်မှာပင် ကောလဟာလများအတွင်း၌ ရှင်းလင်းစွာ မရှိတော့ချေ။ ထိုတံဆိပ်ပြားက မည်သူ့လက်ထဲသို့ နောက်ဆုံး ရောက်ရှိသွားသနည်း ဆိုသည့် ဇာတ်ကြောင်းများကိုလည်း သူ လုံးဝ မသိရှိခဲ့ပါချေ။

သို့သော်ငြား တစ်နေ့သောအခါတွင် ဤပစ္စည်းများက သူ၏ လက်ထဲသို့ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ယခုအခါ ထိုတံဆိပ်ပြားနှစ်ခုကို သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ၎င်းတို့မှာ ကြမ်းတမ်းစွာ ပြုလုပ်ထားကြောင်း တွေ့ရ၏။ မည်သည့်ပစ္စည်းဖြင့် သွန်းလုပ်ထားသည်ကိုမူ သူ လောလောဆယ် မခွဲခြားနိုင်သေးချေ။

မှတ်တမ်းတင်ထားသော သိုင်းပညာနှစ်ရပ်မှာမူ အလွန်ပင် နက်နဲဆန်းကြယ်လှသည်။ ၎င်းကို နတ်ဘုရားကျင့်စဉ်ဟု ခေါ်ဆိုရန်မူ အနည်းငယ် လိုအပ်နေသေး၏။ အဓိက အချက်မှာ ယင်ယန်ချီများ၏ အပြန်အလှန် အကျိုးပြုမှုနှင့် အသွင်ပြောင်းလဲမှုတို့အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်ပါတော့သည်။

ဆုမိုသည် ထိုမှတ်တမ်းများကို အကြိမ်ကြိမ် ဖတ်ရှုကြည့်လိုက်ရာ ယန်အမိန့်တော်ပေါ်ရှိ စိတ်ကျင့်စဉ်များမှာ ဇီယန်ဂိုဏ်း၏ သန့်စင်သောယန်အတွင်းအားနှင့် များစွာ ဆက်စပ်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် ခေါင်းကို အသာအယာ ညိတ်လိုက်မိ၏။

‘ဇီယန်ဂိုဏ်းရဲ့ သိုင်းပညာတွေက သန့်စင်တဲ့ယန်အနွယ်ဝင်တွေ ဖြစ်ပြီး ယင်ယန်အင်မော်တယ်အမိန့်တော်ကလည်း ဒီနယ်ပယ်မှာ အထူးပြုထားတာဆိုတော့ ဒါတွေက ဆက်စပ်နေတာ မထူးဆန်းပါဘူး... ဂိုဏ်းအသီးသီးရဲ့ သိုင်းပညာတွေက ထိပ်ဆုံးကို ရောက်လာလေလေ တူညီတဲ့ အချက်တွေ ပိုများလာလေလေပဲ... ဒါ့အပြင် ယန်အမိန့်တော်ပေါ်က မှတ်တမ်းတွေက တကယ့်ကို အထွတ်အထိပ်ယန်စွမ်းအင်တွေပဲ...’

သူသည် ထိုစိတ်ကျင့်စဉ်နှစ်ခုကို ထပ်မံ ဖတ်ရှုနေရင်းမှ လှိုဏ်ဂူနံရံထက်ရှိ စာသားများကို ရုတ်တရက် သတိရလိုက်မိသည်။

ချန်ခွန်း အစစ်အမှန် နားလည်မှု။

ယင်ယန်အင်မော်တယ်။

ချန်ခွန်းက ယင်ယန်နှင့် ဆက်စပ်နေပြီး ဤယင်ယန်အင်မော်တယ်အမိန့်တော်ကလည်း ထိုလူက မြေအောက်လှိုဏ်ဂူရှိ အရိုးစုအတွင်း ချန်ထားရစ်ခဲ့သော ပစ္စည်းပင် ဖြစ်ပါ၏။

ဆုမိုသည် ခေတ္တမျှ စဉ်းစားခန်းဝင်ပြီးနောက် ထိုအကြောင်းအရာ နှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားကြည့်လိုက်သည်။

သို့သော် နောက်တစ်ခဏ၌ သူ၏ မျက်ခုံးများမှာ ကျစ်ကျစ်ပါအောင် တွန့်ကွေးသွားတော့၏။ သူ၏ စိတ်အာရုံများမှာ ရုတ်ချည်းပင် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ အမျိုးမျိုးသော နိယာမများမှာ သူ၏ စိတ်ထဲ၌ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နှင့် ဖြစ်နေတော့၏။ တစ်ခဏအတွင်းမှာပင် သူ၏ ကိုယ်တွင်းရှိ အစစ်အမှန်ချီများမှာ တားဆီး၍မရအောင် လှုပ်ရှားလာပြီး သွေးလေခြောက်ခြားသည့် အခြေအနေသို့ပင် ရောက်ရှိလုနီးပါး ဖြစ်သွားရသည်။

သို့သော်ငြား ဆုမိုသည် နက်နဲသော သိုင်းပညာနှင့် ထူးခြားသော စိတ်အာရုံ စုစည်းမှုတို့ကြောင့် သူ၏ မျက်လုံးများကို ပြန်လည် ဖွင့်လိုက်နိုင်ပါတော့သည်။ သူ၏ အတွင်းအားများ မသိမသာ ယိုစိမ့်ထွက်ပေါ်လာမှုကြောင့် အခန်းအတွင်းရှိ ပစ္စည်းများမှာ ဖရိုဖရဲ ဖြစ်နေတော့၏။

သူသည် လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

‘ဒီနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ထင်မှတ်မထားလောက်အောင်ကို အန္တရာယ်များတာပဲ... ဒါကို မလေ့ကျင့်ဘဲနဲ့ တွေးရုံတင် ရှိသေးတယ်၊ အစစ်အမှန်ချီတွေကိုတောင် လှုပ်ခတ်စေနိုင်တာပဲ... တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဒီနည်းလမ်းအတိုင်း ဇွတ်မှိတ်ပြီး ကျင့်ကြံလိုက်မယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မတွေးရဲစရာပဲ...’

‘ညသခင်က ပြောခဲ့ဖူးတယ်... မြေအောက်မှာ ပိတ်လှောင်ခံထားရတဲ့လူက သူ့ရဲ့ ဆရာလည်းဖြစ်သလို သူငယ်ချင်းလည်း ဖြစ်တယ်တဲ့... ဒီယင်ယန်အင်မော်တယ်အမိန့်တော်နဲ့ နံရံပေါ်က ချန်ခွန်းအစစ်အမှန်နားလည်မှုတွေကို ချန်ထားခဲ့တာက ညသခင်ကို ဒုက္ခပေးဖို့တော့ မဟုတ်လောက်ဘူး... ဒီလိုဆိုရင်တော့ ဒါက တစ်ခုခု လျှို့ဝှက်ချက် ရှိနေတာပဲ...’

‘ဟဲဟဲ... ဟိုဓားပြဿနာကို မဖြေရှင်းခင်ကလည်း ဒါက စမ်းသပ်မှု တစ်ခုပဲလို့ ညသခင်က ပြောခဲ့ဖူးတယ် မဟုတ်လား... ဒါဆိုရင် ဒီယင်ယန်အင်မော်တယ်အမိန့်တော်နဲ့ ချန်ခွန်းအစစ်အမှန်နားလည်မှုကို ပေါင်းစပ်ရတာကလည်း နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်နေမလားပဲ... ဒီ လုံမင်ဂိုဏ်း စန်းကျင့် ကတော့ တကယ့်ကို လျှို့ဝှက်ချက်တွေ များလွန်းတာပဲ...’

ထိုသို့ တွေးတောရင်း ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်ကာ ယင်ယန်အင်မော်တယ်အမိန့်တော်ကို ပေါ့ပေါ့ပါးပါးပင် ပြန်လည် သိမ်းဆည်းလိုက်ပါတော့သည်။ ယင်ယန်အင်မော်တယ်အမိန့်တော်ပေါ်ရှိ သိုင်းပညာများမှာ လက်ခံနိုင်လောက်သော်လည်း ချန်ခွန်းအစစ်အမှန်နားလည်မှုနှင့် ပေါင်းစပ်လိုက်လျှင်မူ တကယ့်ကို မဖြစ်နိုင်သောအရာများ ဖြစ်လာတော့၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထူးဆန်းနေသည်မှာ ယင်ယန်အင်မော်တယ်အမိန့်တော် မဟုတ်ဘဲ ဤ လုံမင်ဂိုဏ်း စန်းကျင့် သာ ဖြစ်ရမည်။

သို့သော်ငြား ထိုလူသည် ဤပစ္စည်းများကို ညသခင်အတွက် ချန်ထားရစ်ခဲ့ခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်က ဘာများပါလိမ့်။ ပြီးတော့... ယခုဆိုလျှင် ထိုလူက ဘယ်အရပ်ကိုများ ရောက်ရှိနေလေပြီလဲ။

ဤအတွေးများနှင့်အတူ ဆုမိုသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိပါတော့သည်။ သူ ဤနေရာသို့ လာခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဆုထျန်းယန် သည် ဝမ်လျန်အိမ်တော်၌ မည်သည့်အရာကို ရရှိခဲ့သနည်း ဆိုသည်ကို စုံစမ်းရန် ဖြစ်သည်။ သို့သော် ယခုတော့ လက်ချည်းဗလာဖြင့်သာ ပြန်ရတော့မည့်ပုံ ရှိနေတော့၏။ ယခုအချိန်အထိ ဆုထျန်းယန်သည် ဝမ်လျန်အိမ်တော်သို့ တကယ်ပဲ ရောက်ရှိခဲ့သလား ဆိုတာကိုတောင် သူ အတည်မပြုနိုင်သေးချေ။

တကယ်လို့ သူကသာ ရောက်ရှိခဲ့မည် ဆိုလျှင် ဒီ လုံမင်ဂိုဏ်း စန်းကျင့် နှင့်‌ရော တွေ့ဆုံခဲ့သလား။

တကယ်လို့ သူက မရောက်ရှိခဲ့ဘူးဆိုလျှင်လည်း လီကျန်းယွမ်၏ စကားများက အဓိပ္ပာယ် မရှိတော့ချေ။ လက်ရှိ အခြေအနေအရ ဆုမိုသည် ဆုထျန်းယန်သည် ဝမ်လျန်အိမ်တော်သို့ ရောက်ရှိခဲ့ပြီး ဤ လုံမင်ဂိုဏ်း စန်းကျင့် နှင့်ပင် တွေ့ဆုံခဲ့လိမ့်မည်ဟု ပိုမို ယုံကြည်နေမိသည်။ ထိုသူနှင့် စကားပြောဆိုရာမှတစ်ဆင့် ဆုထျန်းယန်သည် ကျင်းလုံအဖွဲ့ အကြောင်းကို ပိုမို သိရှိနားလည်သွားခဲ့ခြင်း ဖြစ်လိမ့်မည်။

၎င်းက သူ၏ နောက်ဆုံး စီမံကိန်းများဆီသို့ ဦးတည်သွားစေခဲ့ခြင်းပင်...။ သို့သော်လည်း ထိုလျှို့ဝှက်ချက်များမှာ မြူထုများအောက်တွင် ဖုံးကွယ်နေဆဲ ဖြစ်ပါ၏။ ယခုအချိန်အထိ ကျင်းလုံအဖွဲ့၏ အရိပ်အယောင် အချို့ကိုသာ မြင်တွေ့ရသေးပြီး ထိုအဖွဲ့အစည်းမှာ အမှန်တကယ် မည်သို့သော အရာမျိုးနည်း ဆိုသည်ကို သူ လုံးဝ မသိရှိသေးချေ။

“ဟူး…”

သူ သက်ပြင်းချနေဆဲမှာပင် တံခါးဝဆီမှ ခြေသံများကို ကြားလိုက်ရသည်။

ရောက်ရှိလာမည့်သူမှာ မည်သူနည်း ဆိုသည်ကို ဆုမို ကြိုတင် သိရှိနေခဲ့ပြီပင်။

သူ၏ အင်္ကျီလက်ကို အသာဝှေ့ယမ်းလိုက်ရာ တံခါးမှာ အလိုအလျောက် ပွင့်သွားတော့၏။

ဝေဇီယီသည် တံခါးဝတွင် ရပ်ကာ အခန်းထဲသို့ ချောင်းကြည့်နေရင်းမှ မေးလိုက်သည်။

“နိုးပြီလား...”

“...နိုးပြီ... မင်း ဝင်ချင်ရင်လည်း ဝင်ခဲ့လေ... တံခါးဝမှာ ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ...”

ဆုမိုက သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

“နင့်ရဲ့ တပည့်တွေသာ နင့်ရဲ့ ဒီလို ပုံစံမျိုးကို မြင်သွားရင် ဘယ်လိုနေမလဲ မသိဘူး...”

“လူယုတ်မာလေး...”

ဝေဇီယီက သူ့ကို မျက်စောင်းထိုးလိုက်ရင်း အခန်းထဲသို့ လှမ်းဝင်လာ၏။ ထို့နောက် အပြင်ဘက်တွင် မည်သူမျှ မရှိကြောင်း သေချာအောင် တစ်ချက် လှည့်ကြည့်လိုက်ပြီးမှ တံခါးကို ပြန်လည် ပိတ်လိုက်ပါတော့သည်။

--

All Chapters