← Chapters

အခန်း ၅၆၁

Vol. 38 Ch. 561

အခန်း ၅၆၁

Vol. 38 Ch. 561

အခန်း (၅၆၁) ယင်ယန်အင်မော်တယ် (အပိုင်း ၃)

“...”

ဆုမိုက မသိမသာပင် ဇက်ကလေး ပုလိုက်မိ၏။

“နင် ဝင်လာချင်ရင်လည်း ဝင်လာခဲ့လေ... ဒါပေမဲ့ တံခါးကို ဘာလို့ ပိတ်လိုက်တာလဲ...”

ဝေဇီယီက ဆုမိုကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်လိုက်ပါတော့သည်။

“နင်က ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေတာလဲ...”

“အခန်းထဲမှာ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တည်းရှိနေတာလေ... တံခါးကို ဖွင့်ထားရင် တစ်မျိုးပေါ့... အခုတော့ နင်က တံခါးကို ပိတ်လိုက်ပြီဆိုတော့... ဒါက မသင်္ကာစရာတွေ ဖြစ်မကုန်ဘူးလား... တခြားလူတွေ မြင်သွားရင် တစ်မျိုးထင်ပြီး အတင်းအဖျင်းတွေ ပြောကုန်ကြလိမ့်မယ်...”

ဆုမိုက နှုတ်ခမ်းကို တစ်ချက် မဲ့လိုက်ရင်း တုံ့ပြန်လိုက်၏။

“ငါ့စိတ်က အမြဲတမ်း ဖြူစင်ပြီးသားပဲ... ဒါကြောင့် ဘယ်လို အတင်းအဖျင်းမျိုးကိုမှ ငါ မကြောက်ဘူး...”

ဝေဇီယီက မေးကို အသာပင့်လိုက်ပြီးနောက် ဆုမိုကို မျက်စိမှေးကာ စိုက်ကြည့်လိုက်သည်။

“ဒါမှမဟုတ်... နင့်စိတ်ထဲမှာ တစ်ခုခု မဖြူစင်တာ ရှိနေလို့လား...”

“ရယ်စရာပဲ... ငါ့စိတ်က နင့်စိတ်ထက်တောင် ပိုပြီး ဖြူစင်သေးတယ်...”

ဆုမိုက တရားသဖြင့် တုံ့ပြန်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ အနည်းငယ် လှုပ်ခတ်သွားရ၏။ ၎င်းမှာ ဝေဇီယီကြောင့်တော့ မဟုတ်ချေ။

စစ်ထူလေး ကြောင့်သာ ဖြစ်ပါတော့သည်။

ဝူဝမ်တောအုပ်အတွင်းမှ အဖြစ်အပျက်များအပြီးတွင် စစ်ထူလေး ပြောခဲ့သော စကားများမှာ အမှန်တကယ်ပင် ယုတ္တိရှိကြောင်း ဆုမို နားလည်ခဲ့ရ၏။ လူငယ်များနှင့် မိန်းမပျိုလေးများ အတူရှိနေချိန်တွင် အချို့သော အရာများမှာ ရှင်းပြရန် အလွန်ခက်ခဲလှပါ၏။

စစ်ထူလေး.. သူ့အား ပေးခဲ့သော တံဆိပ်ပြားမှာ သူ၏ အထုပ်လေးအတွင်း၌ လေးလံစွာ တည်ရှိနေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှသော ကိစ္စရပ်များကြောင့် ဆုမို သေချာစွာ မစဉ်းစားနိုင်ခဲ့ချေ။

ယခု ပြန်လည် တွေးတောကြည့်လိုက်သောအခါ စစ်ထူလေး ထွက်ခွာသွားချိန်က အော်ဟစ်ခဲ့သော စကားလုံးများမှာ ဆုမို၏ ရင်ထဲ၌ အရိပ်တစ်ခုအဖြစ် အမှန်တကယ်ပင် ကျန်ရစ်နေပါတော့သည်။

“မဟုတ်ဘူး... ဒါက တစ်ခုခုတော့ မှားနေပြီ...”

ဝေဇီယီက ဆုမိုကို သေချာစွာ အကဲခတ်ကြည့်လိုက်ရင်း...

“နင် တစ်ခုခု ထူးဆန်းနေတယ်...”

“...”

ဆုမိုက မျက်ခုံးပင့်ကာ ဝေဇီယီကို တစ်ချက် ကြည့်လိုက်သည်။

“ဘာလဲ... အခုဆိုရင် နင်က ငါ့ရင်ထဲက အကောင်လေး တစ်ကောင်လို ဖြစ်သွားပြီလား... ငါ ထူးဆန်းနေတာကို ကြည့်ရုံနဲ့ သိရအောင်လို့လေ...”

“ခံစားချက် တစ်ခုအရ ပြောတာပါ... နင့်ရင်ထဲမှာ တစ်ခုခုကို တွေးနေတာ သေချာတယ်... ထုတ်မပြောနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသလိုပဲ...”

ဝေဇီယီက ဆုမိုကို အခါခါ အကဲခတ်နေပြီး ထိုလျှို့ဝှက်ချက်ကို မရရအောင် ရှာဖွေမည်ဟု ဆုံးဖြတ်ထားဟန် တူ၏။

ဆုမိုမှာမူ တစ်ခဏမျှ အမှန်တကယ်ပင် စိုးရိမ်သွားရတော့သည်။

ဝေဇီယီက ဘယ်အချိန်ကစပြီး ဒီလောက် အကြည့်စူးရှသွားရတာလဲ...။ ဒါမှမဟုတ် ငါကပဲ တစ်ခုခုကို သိသာအောင် လုပ်မိသွားလို့လား…

သူသည် တတ်နိုင်သမျှ တည်ငြိမ်ဟန်ဆောင်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။

“ထားလိုက်ပါတော့... နင်က ဒီအချိန်ကြီး... မဟုတ်ဘူး.. ဒီနေ့လယ်ခင်းကြီး ဘာကိစ္စရှိလို့ ရောက်လာတာလဲ...”

“ဪ...”

ထိုအခါမှသာ ဝေဇီယီသည် ဆက်လက် စူးစမ်းလိုစိတ်များ ပျောက်ကွယ်သွားဟန် ရှိပြီး သူမ၏ ရင်ဘတ်ထဲမှ ဇီယန်အမိန့်တော်ကို ထုတ်ယူကာ ဆုမိုထံသို့ ကမ်းပေးလိုက်သည်။

“ရော့... ဒါကို ပြန်ယူထားလိုက်တော့... ဘယ်လိုပဲဖြစ်ဖြစ် ငါက လင်ယွဲ့နန်းဆောင်ရဲ့ တပည့်တစ်ယောက်ပဲလေ... ဒီပစ္စည်းကြီးကို ကိုင်ထားရတာက ငါ့လက်ထဲမှာ မီးခဲကြီး ကိုင်ထားရသလိုပဲ... တကယ်တမ်းကျတော့ လင်ယွဲ့နန်းဆောင်ရဲ့ တပည့်တစ်ယောက်ကို ဇီယန်ဂိုဏ်းက တပည့်တစ်ထောင်ကျော် ဦးဆောင်ပြီး လျူယင်မြို့ဆီကို တစ်ညတည်းနဲ့ အပြေးအလွှား ရောက်လာအောင် လုပ်နိုင်ခဲ့တာက နင်ပဲ မဟုတ်လား...”

“ဒါက ဘာကြီးများ အရေးကြီးနေလို့လဲ... နင်က ဒီလူတစ်ထောင်ကို ရောင်းစားပစ်မှာမှ မဟုတ်တာ...”

ဆုမိုက ဇီယန်အမိန့်တော်ကို ပေါ့ပေါ့ပါးပါးပင် ပြန်လည် လက်ခံလိုက်ပြီး သူ၏ အထုပ်ထဲသို့ ထည့်လိုက်ရာ 'ချလွင်' ဟူသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။

ဝေဇီယီက နှုတ်ခမ်းကို တစ်ချက် မဲ့လိုက်သည်။ ဆုမို၏ စကားမှာ သူမကို အထင်သေးနေသယောင် ရှိနေသည် မဟုတ်ပါလော။ သို့သော်လည်း သူမ သက်ပြင်းတစ်ချက်ကိုမူ မချဘဲ မနေနိုင်တော့ချေ...။

ဆုမို ဤခရီးကို လာခဲ့ရခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်မှာ ညသခင်ကို ရင်ဆိုင်ရန်သာ ဖြစ်ပါ၏။ သာမန်လူများဆိုလျှင် အိမ်မက်ထဲမှာပင် မတွေးဝံ့သော အရာကို ဆုမိုကမူ တွေးတောရုံသာမက လက်တွေ့မှာပါ အကောင်အထည်ဖော်နိုင်ခဲ့သည်။

တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ညသခင်ကို အပြီးတိုင် မသတ်ဖြတ်နိုင်ခဲ့ခြင်းပါပင်။ မည်သို့ပင်ဖြစ်စေ၊ ဆုမို လျူယင်မြို့သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော တရားဝင်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများအကြား အားပြိုင်မှုမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့မှစ၍ တုန်းဟွမ်နယ်မြေ၏ အားသာချက်မှာ ပြောင်းပြန်လှန်ပစ်ခံခဲ့ရပြီး ၎င်းအတွက် ဆုမို၏ အခန်းကဏ္ဍမှာ ငြင်းမရသော အချက်ပင်။

သို့သော်ငြား သူမသည် ဤအကြောင်းကို ဆုမို၏ ရှေ့၌ ထုတ်မပြောရန် ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဆုမို၏ မာန်မာနများကို ပိုမို မြင့်တက်မလာစေရန်သာ ဖြစ်ပါတော့သည်။ ထို့ကြောင့် စကားလမ်းကြောင်းကိုသာ ပြောင်းလိုက်ရင်း...

“ဒါနဲ့... နင် စစ်ထူလေးကို တွေ့ခဲ့သေးလား...”

ဆုမိုက ဝေဇီယီကို တစ်ချက်ကလေးမျှ မကြည့်ဘဲ မနေနိုင်တော့ချေ။

ဤမိန်းကလေးမှာ တစ်ခုခု ထူးခြားလှသော သိုင်းပညာများ ကျင့်ကြံထားသလား။

သူ သံသယဝင်လာမိသည်။ မဟုတ်လျှင် သူမသည် အမြဲတမ်း သူ အဖြေရ အခက်ဆုံးသော အကြောင်းအရာများကိုသာ အဘယ်ကြောင့် ရွေးချယ် မေးမြန်းနေရသနည်း။

သူသည် ဤကိစ္စကို လျစ်လျူရှုရန် ကြံစည်လိုက်သော်လည်း စကားလုံးများက နှုတ်ခမ်းဖျားသို့ ရောက်လာချိန်တွင် သက်ပြင်းတစ်ချက်အဖြစ်သာ ထွက်ကျလာပါတော့သည်။

“တွေ့ခဲ့ပါတယ်...”

“ဟင်...”

ဝေဇီယီမှာ အံ့အားသင့်သွားရင်း...

“တကယ်လား... သူ အခု ဘယ်မှာလဲ... ဘာလို့ ဒီကို မလာတာလဲ...”

“သူ ရွှမ်ဟူ မျှော်စင် ကို ပြန်သွားပြီလေ...”

“သူက ဒီအတိုင်းကြီး ထွက်သွားတာလား...”

ဝေဇီယီမှာ မှင်သက်သွားရ၏။

“သူက ဒီခရီးမှာ သူ့ရဲ့ ကိုယ်ပိုင် အခွင့်အရေးကို ရှာဖွေပြီး ယင်သုံးသွယ် ယန်သုံးသွယ် သွေးကြောတွေရဲ့ ဒဏ်ရာကို ကုသဖို့ ကြိုးစားနေတာ မဟုတ်လား... အခုချိန်မှာ သူ့ရဲ့ ဒဏ်ရာတွေက ပျောက်ကွယ်သွားလို့များလား...”

“အဲဒီလိုတော့ မဟုတ်ပါဘူး...သခင်လေး စစ်ထူက ဘာထူးခြားတဲ့ အခွင့်အရေးမျိုးမှ မရခဲ့ပါဘူး...”

ဆုမိုက ခဏမျှ စဉ်းစားလိုက်ပြီးနောက် စစ်ထူလေး ကြုံတွေ့ခဲ့ရသမျှကို ဝေဇီယီအား ပြန်လည် ဖောက်သည်ချလိုက်ပါတော့သည်။ စစ်ထူလေးမှာ အမျိုးသမီး တစ်ဦး ဖြစ်နေသည် ဆိုသည့် အချက်ကိုမူ သူ ချန်လှပ်ထားခဲ့သည်။ ထို့အပြင် ‘လေညင်းတစ်ချက် ဆည်းဆာည’ အကြောင်းကိုလည်း သူ လုံးဝ ထုတ်မပြောရဲပါချေ...။

အကြောင်းစုံကို ကြားသိပြီးနောက် ဝေဇီယီမှာ တိတ်ဆိတ်သွားပြီး ခေါင်းကို စောင်းလျက် ဆုမိုကို တစ်ချက် ကြည့်လိုက်သည်။

နောက်ဆုံးတွင်မူ သူမ ခေါင်းကို ခါယမ်းလိုက်ရင်း...

“ဒါဆိုရင်တော့ အချိုးအကွေ့တွေ တော်တော် များခဲ့တာပဲ... သူ့ရဲ့ ဒဏ်ရာကို မထိန်းချုပ်နိုင်တော့ဘူး ဆိုရင်တော့ ရွှမ်ဟူ မျှော်စင် ကို ပြန်သွားတာက အမှန်ဆုံးပါပဲလေ...”

“အင်း... ဒါကို ထားလိုက်ပါတော့... ဖူအဘိုးကြီးနဲ့ ဟူအဘိုးကြီးတို့ရော ဘယ်မှာလဲ... ဘာလို့ ငါ့ဆီကို အခုထိ မလာကြသေးတာလဲ...”

“သူတို့ အခု ရောက်လာတော့မှာပါ...”

ဟု ဝေဇီယီက တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း တုံ့ပြန်လိုက်သည်။

“ဟူစန်းတောက် ရဲ့ သိုင်းပညာက အနည်းငယ် အားနည်းနေခဲ့တာဆိုတော့ သူ ဒဏ်ရာရသွားတယ်လေ... ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး... ဖုဟန်ယွမ် ရဲ့ ကောင်းကင်နှင်းခဲအစစ်အမှန်ချီ ကတော့ တကယ့်ကို အံ့ဩစရာပဲ... မနေ့ညက တိုက်ပွဲမှာ သူက တကယ့်ကို ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တာ... တစ်ခုပဲ နှမြောဖို့ ကောင်းတာက သူ့မှာ အဲဒီချီတွေကို အစွမ်းကုန် အသုံးချနိုင်မယ့် သင့်တော်တဲ့ သိုင်းပညာ တစ်ရပ် မရှိတာပဲ... တကယ်လို့သာ ရှိခဲ့ရင် သူက သေချာပေါက် ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်နေမှာပဲဟယ်...”

“အင်း...”

ဆုမိုက ခေါင်းညိတ်လိုက်ပြီး တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ခြံဝင်းအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ သို့သော် ၎င်းမှာ လူနှစ်ယောက်၏ ခြေသံ မဟုတ်ဘဲ သုံးယောက်၏ ခြေသံ ဖြစ်နေ၏။

ဆုမိုက မော့ကြည့်လိုက်ပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးမှာ နောက်တစ်ကြိမ် ပြန်ပွင့်သွားတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဖုဟန်ယွမ် နှင့် ဟူစန်းတောက် တို့အပြင် တတိယမြောက် လူတစ်ဦး ပါဝင်နေ၏။

ထိုသူမှာလည်း ဒဏ်ရာများ ရရှိထားပုံရပြီး တစ်ကိုယ်လုံးတွင် ပတ်တီးများ ပတ်ထားရ၏။ သူ၏ မျက်နှာတစ်ဝက်ကိုပင် ဖုံးအုပ်ထားရ၏။ ဆုမိုသည် ထိုသူမှာ မည်သူနည်း ဆိုသည်ကို ခဏမျှ မမှတ်မိနိုင်ဘဲ ရှိနေတော့သည်။

သို့သော် သူ အံ့အားသင့်နေစဉ်မှာပင် ထိုသူက တံခါးမှတစ်ဆင့် ဆုမိုကို မြင်တွေ့သွားခဲ့သည်။ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး ရှေ့သို့ တိုးလာရန် ပြင်လိုက်သော်လည်း ဖုဟန်ယွမ်က တားဆီးလိုက်သည်။

“ငြိမ်ငြိမ်နေစမ်း... အာမခံခေါင်းဆောင်ဆု ရဲ့ ရှေ့မှာ ဒီလောက်အထိ မရိုမသေ မလုပ်နဲ့...”

ထိုသူက သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်လိုက်၏။

“အေးအေးဆေးဆေး လုပ်ပါ... တကယ့်ကို အေးစိမ့်နေတာပဲ...”

ထိုအသံကို ကြားလိုက်ရချိန်တွင် ဆုမို၏ မျက်ခုံးများ ပင့်တက်သွားပြီး လှမ်းခေါ်လိုက်ပါတော့သည်။

“ကဲပါ... ဖူအဘိုးကြီး... သူ့ကို လွှတ်ပေးလိုက်ပါ... သူက ‘ကျင်းဟုန်ဖေးရွှယ်... ရွှီလု... သူရဲကောင်းရွှီ’ ပဲ မဟုတ်လား...”

“ခေါင်းဆောင်ဆု...”

ရွှီလုသည် ဆုမိုက သူ၏ အမည်ကို ခေါ်လိုက်သဖြင့် ပို၍ပင် စိတ်လှုပ်ရှားသွားတော့၏။

“ကျွန်တော်က ရွှီလုပါ... ကျွန်တော်က တကယ့် ရွှီလုပါ ခင်ဗျာ...”

ဆုမိုက သူ့ကို ကြည့်ပြီး ဘာပြောရမှန်းမသိ ဆွံ့အသွားရတော့သည်။

“သူရဲကောင်းရွှီ... ခင်ဗျား... ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အခြေအနေ ဆိုးသွားရတာလဲ…”

--

All Chapters