အခန်း ၅၆၂
Vol. 38 Ch. 562
အခန်း (၅၆၂) အလှည့်အပြောင်းများစွာ
ရွှီလုသည် ဆုမို၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် မျက်ရည်များ ဝဲတက်လာတော့၏။ သူ၏ ဤခရီးလမ်းမှာ ခိုးသားတစ်ယောက်အဖြစ် ကျင်လည်ခဲ့ရသော နေ့ရက်များထက်ပင် များစွာ ပိုမို ခက်ခဲကြမ်းတမ်းခဲ့သည်ဟု ဆိုရမည်။ သူသည် ဇီယန်အာမခံဌာနမှ ထွက်ခွာလာခဲ့သည့် ညကတည်းက ‘ရှန်းကျင့်လျှို့ဝှက်မှတ်တမ်း’ မှ ကိုယ်ဖော့ပညာများကို အသုံးပြုခဲ့ရာ တစ်နေ့လျှင် ကီလိုမီတာ ထောင်ချီ ခရီးပေါက်သည်ဟု ပြောလျှင်ပင် အပိုဖြစ်မည် မဟုတ်ချေ။
သူသည် ဆုမိုထက် အများကြီး အရင်ထွက်သွားခဲ့သော်လည်း သူ၏ ထူးခြားလှသော ခြေလှမ်းများဖြင့်ဆိုလျှင် အလွယ်တကူ မှီနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိ၏။ သို့သော်ငြား သူ ပထမဆုံး ကြုံတွေ့လိုက်ရသည့် အတားအဆီးမှာ မြစ်ကြီးတစ်စင်းပင်။ ဤအခြေအနေမှာ အခြားသူကြောင့် မဟုတ်ဘဲ ရွှီလု၏ ကိုယ်ပိုင်အမှားသာ။
သူ့မှာ လှေရှိသော်လည်း မစီးခဲ့ပေ။ အလျင်လိုနေသော စိတ်ကြောင့် သူ၏ ထူးခြားလှသော ကိုယ်ဖော့ပညာကို အားကိုးကာ ရေလှိုင်းများပေါ်တွင် တိုက်ရိုက် လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သို့သော် ထိုမြစ်ကြောင်းတစ်လျှောက်တွင် ရေပေါ်လမ်းလျှောက်သည့် အတတ်ပညာကို နောက်ဆုံး ပြသသွားခဲ့သူမှာ ‘ယမမင်း ချီရှောင်မင်’ သာ ဖြစ်နေချေ၏။
မြစ်ပေါ်တွင် ဆုမိုနှင့် ချီရှောင်မင်တို့၏ တိုက်ပွဲကြောင့် ရေဓားပြများမှာ ဤအတတ်ပညာကို ကောင်းကောင်းကြီး မှတ်မိနေကြပြီး ယခုအခါ နောက်ထပ် တစ်ယောက်က ထိုသို့ လာပြန်ပြီဆိုတော့ သူတို့မှာ ရန်သူအကြီးစားကို ရင်ဆိုင်ရတော့မည့်အလား အသင့်ပြင်ထားကြတော့သည်။
မြစ်ကြောင်းပေါ်တွင် ကျင်လည်နေသော ဤရေဓားပြများမှာ ကြမ်းတမ်းရက်စက်ပြီး ဇွဲကောင်းလှသူများပင်။ ချီရှောင်မင်ကို သူတို့ မယှဉ်နိုင်ကြောင်း သိကြသော်လည်း ယခုရောက်လာသော ရေပေါ်လမ်းလျှောက်သူ၏ စွမ်းရည်ကိုမူ သူတို့ မသိကြချေ။ သာမန်လူဆိုလျှင် ထိုဓားပြများကို ရှောင်ကွင်းသွားမည်မှာ အမှန်ပင်။
သို့သော် ဤရေဓားပြများမှာမူ တစ်ယောက်တည်းနှင့် မနိုင်လျှင် လူအုပ်စုဖြင့် ဝိုင်းကြသည်၊ တိုက်ရိုက် တိုက်ခိုက်၍ မရလျှင် ထောင်ချောက်များ ဆင်ကြသည်သာ။ အပေါ်စီးမှ ပိုက်ကွန်များဖြင့် အုပ်ခြင်း၊ ရေအောက်မှနေ၍ ချောင်းမြောင်း တိုက်ခိုက်ခြင်း စသည့် လှည့်ကွက်ပေါင်းစုံက ရွှီလုကို အကြီးအကျယ် ဒုက္ခပေးခဲ့တော့၏။
ကံကောင်းသည်မှာ သူ၏ ကိုယ်ဖော့ပညာက အလွန်ပင် ပြောင်မြောက်လှသဖြင့် သူတို့၏ ဖမ်းဆီးခြင်းကိုမူ အမှန်တကယ် မခံခဲ့ရချေ။ သို့သော်လည်း ထိုမြစ်ကြောင်းတစ်လျှောက် ရှေ့ဆက်ရန်မှာမူ အလွန်ပင် ခက်ခဲသွားရသည်။ သူသည် အကြိမ်ပေါင်းများစွာ ရှာဖွေဖော်ထုတ်ခံခဲ့ရပြီး ထိုဓားပြများက သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း ချီရှောင်မင်နှင့် မည်သို့ ပတ်သက်သနည်း ဆိုသည်ကိုသာ တကောက်ကောက် လိုက်လံ မေးမြန်းနေကြ၏။
ရွှီလုမှာ ထိုမေးခွန်းများကြောင့် ဇဝေဇဝါ ဖြစ်နေရပြီး ထိုလူကို မသိပါဟု မည်မျှပင် ပြောစေကာမူ မည်သူကမှ မယုံကြည်ကြပါချေ။
“သူ့ကို မသိဘဲနဲ့ ရေပေါ်မှာ ဘယ်လိုလုပ် လမ်းလျှောက်နိုင်မှာလဲ...”
သူ၏ ကိုယ်ဖော့ပညာက ချီရှောင်မင်ကဲ့သို့ပင် ဆန်းကြယ်လွန်းနေသည် မဟုတ်ပါလော။ အဖြေကို မပြောလိုလျှင် ဖမ်းဆီးပြီး နှိပ်စက်ရန်သာ သူတို့ စဉ်းစားကြတော့သည်။ ဤကဲ့သို့သော အခက်အခဲများစွာနှင့် သီသီလေး လွတ်မြောက်ခဲ့ရမှုများကြောင့် မြစ်ကြောင်းပေါ်တွင် သူ၏ အချိန်များစွာ ကုန်ဆုံးသွားခဲ့ရ၏။
အရှေ့မြို့ထဲသို့ ရောက်ရှိလာချိန်တွင် အခြေအနေများမှာ အတော်လေး အေးဆေးနေပြီဟု ထင်ခဲ့သော်လည်း ဇီယန်ဂိုဏ်းသို့ ရောက်သောအခါတွင်မူ သူခိုးတစ်ယောက်အဖြစ် မှားယွင်း အထင်ခံလိုက်ရပြန်သည်။ တကယ်တမ်းကျတော့ သူသည် မူလကတည်းက ခိုးသားတစ်ယောက် ဖြစ်သဖြင့် အမှားကြီးတော့ မဟုတ်ပါချေ။ ဤမျှအဆင့်မြင့်လှသော ကိုယ်ဖော့ပညာရှိနေမှတော့ ခိုးသားမလုပ်လျှင် နှမြောစရာပင် မဟုတ်ပါလော။
ရက်အနည်းငယ်မျှ ကြာအောင် ရုန်းကန်ခဲ့ရပြီးနောက် ဇီယန်ဂိုဏ်းက ကိုယ်ဖော့ပညာတွင် ထူးချွန်ခြင်း မရှိသော်လည်း သူတို့တစ်ဦးချင်းစီ၏ သန့်စင်သောယန်အတွင်းအား ကောင်းမွန်မှုနှင့် ပြင်းထန်လှသော သိုင်းကွက်များကြောင့် ရွှီလုမှာ အထိနာခဲ့ရ၏။ တစ်ချက်ကလေးမျှ အမှားအယွင်း ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော နာကျင်မှုများကို သူ အလူးအလဲ ခံစားခဲ့ရတော့သည်။
သူသည် ဆုမိုကို ရှာနေခြင်းဖြစ်ကြောင်း အချိန်အတော်ကြာ ရှင်းပြပြီးမှသာ အခြေအနေများက ပြန်လည် တည်ငြိမ်သွားခဲ့ခြင်းပင်။ သို့သော် ထိုအချိန်တွင် ဆုမိုမှာ ထျန်းချူမြို့ဆီသို့ ထွက်ခွာသွားခဲ့တော့၏။ သူသည် ဆုမို၏ နောက်သို့ ထျန်းချူမြို့အထိ လိုက်လာခဲ့သော်လည်း မြို့တံခါးအပြင်ဘက်မှာတင် အတားခံလိုက်ရပြန်သည်။ သူ့မှာ သင့်တော်သော လမ်းညွှန်ချက်နှင့် သိုင်းဂိုဏ်းများမှ အသိအမှတ်ပြု တံဆိပ်များ မရှိခဲ့သောကြောင့်ပင်။
သူ၏ စရိုက်အရဆိုလျှင် ညမှောင်ချိန်တွင် မြို့ရိုးပေါ်မှနေ၍ တိတ်တဆိတ် ကျော်တက်သွားမည်သာ။ သို့သော် ဇီယန်ဂိုဏ်းသားများ၏ လက်ချက်ဖြင့် အထိနာထားခဲ့ရုံသာမက ထျန်းချူမြို့ကိုလည်း ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေသဖြင့် သူ မိုက်ရူးရဲ မလုပ်ရဲတော့ချေ။ နောက်တစ်ကြိမ်သာ အတားခံရလျှင် ဆုမို၏ အမည်ကို ပြောရုံနှင့် အဆင်ပြေချင်မှ ပြေတော့မည် မဟုတ်ပါလော။
အခြားနည်းလမ်း မရှိတော့သဖြင့် သေးငယ်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကြောင့် သူ၏ အချိန်များ ထပ်မံ ကုန်ဆုံးသွားရပြန်သည်။ ထျန်းချူမြို့ထဲသို့ သူ သေချာပေါက် ရောက်ရှိချိန်တွင်မူ ဆုမိုနှင့် လွဲချော်သွားခဲ့တော့၏။ ဆုမိုသည် ထျန်းချူဓားသိုင်းနှီးနှောပွဲအတွင်း ယူချွမ်ဂိုဏ်းချုပ်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင်မှတစ်ဆင့် သူ သိရှိခဲ့ရ၏။ နောက်ဆုံးတွင်မူ ဆုမိုသည် ယူချွမ်ဂိုဏ်းချုပ်ကို သတ်ပြီးနောက် အရှေ့ဘက်ဆီသို့ ဦးတည်သွားကြောင်း တစ်စုံတစ်ယောက်က သိနေခဲ့သည်။
ဤအချက်က ရွှီလုကို နောက်တစ်ကြိမ် ခြေရာခံနိုင်အောင် လမ်းပြပေးလိုက်ခြင်းပင်။ သူ၏ ဇွဲကောင်းမှုကြောင့် လျူယင်မြို့အထိ သူ လိုက်ပါလာနိုင်ခဲ့ပါတော့သည်။ သို့သော် ရွှီလုသည် ကံဆိုးမှုများ၏ ကျိန်စာသင့်နေသူဟုပင် ဆိုရမည်။ လျူယင်မြို့ရှိ ကမောက်ကမ အခြေအနေမျိုးကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါ၏။
ထာဝရညတောင်ကြားမှ ရာနှင့်ချီသော အရိပ်တမန်များက မြို့စောင့်တပ်များဖြစ်သည့် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ လူများ၊ ဆရာကြီး ဟုန်းယွမ် ဦးဆောင်သော ဇီယန်ဂိုဏ်းသားများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြချိန်ပင်။ သူသည် မည်သူမှန်း မသိဘဲ ဇွတ်မှိတ် ဝင်လာခဲ့ရာ သူသည် မျက်နှာဖုံး စွပ်မထားသော်ငြား တိုက်ပွဲ၏ အစအနကို မသိရှိသဖြင့် မတော်တဆ ပါဝင်ပတ်သက်မိကာ အကြီးအကျယ် အထင်လွဲခံလိုက်ရတော့သည်။ အဲဒီနောက်မှာတော့... သူ ရိုက်နှက်ခံလိုက်ရပြန်ပါပြီ။
ကံကောင်းသည်မှာ နောက်ပိုင်းတွင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ တပည့်များက တိုက်ပွဲအပြီး ရှင်းလင်းရေး လုပ်ဆောင်ရင်း သူ့ကို ရှာတွေ့သွားခဲ့ကြပြီး သူသည် အနောက်တောင်ဘက်မှ လာသူဖြစ်ကာ ထာဝရညတောင်ကြားမှ မဟုတ်ကြောင်း သိရှိသွားကြခြင်းပင်။ ထို့ကြောင့် သူ့ကို ကုသပေးရန် ခေါ်ဆောင်သွားခဲ့ကြသည်။
နိုးလာချိန်တွင် ဆုမိုကို ရှာရန် သူ ချက်ချင်း အလောမတကြီးဘဲ သူ၏ အမှားများကိုသာ ပြန်လည် ဆင်ခြင်နေမိ၏။ သူ၏ ဘဝအပေါ် သံသယများပင် ဝင်လာခဲ့ရပြီး စာတစ်စောင် ပို့ရတာက ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲဟု သူ တွေးတောနေမိပါတော့သည်။ သူ၏ စာလိပ်လေး ဆုမိုထံသို့ ရောက်နိုင်တော့မည် မဟုတ်ဟု ထင်နေချိန်မှာတင် အတူတူ ကုသမှု ခံယူနေသော လူနာအချို့က ဆုမို မည်မျှ အစွမ်းထက်ကြောင်း ဆွေးနွေးနေကြသည်ကို သူ ကြားလိုက်ရခြင်းပင်။ ထိုအခါမှသာ ဆုမိုသည် လျူယင်မြို့တွင် အမှန်တကယ် ရှိနေကြောင်း သူ သိရှိသွားတော့သည်။
သူသည် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ဆုမို ဘယ်မှာလဲဟု လိုက်လံ မေးမြန်းခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူ မေးမြန်းလိုက်သည့်သူမှာ ဖုဟန်ယွမ် ဖြစ်နေခြင်းပင်။ ဖုဟန်ယွမ်က သူ့ကို မမှတ်မိသလို ဟူစန်းတောက်ကလည်း မမှတ်မိပါချေ။ သူတို့၏ ခေါင်းဆောင်အကြောင်းကို လိုက်လံ စုံစမ်းနေသည်ဟု ကြားလိုက်ရသောအခါ အခြေအနေများက ရှုပ်ထွေးသွားရတော့သည်။ စေတနာကောင်းနှင့် ဆိုလျှင်လည်း ထားလိုက်ပါတော့၊ တကယ်လို့ သူကသာ မကောင်းသော ရည်ရွယ်ချက်ဖြင့် သတင်းနှိုက်နေခြင်း ဖြစ်ခဲ့မယ်ဆိုရင်... ဒါကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ။
သူတို့သည် သူ့ကို ချက်ချင်းပင် ဖမ်းဆီးလိုက်ကြပါတော့သည်။ သနားစရာ ကောင်းလှသော ရွှီလုမှာ အလွန်ပင် လျှောခနဲ လျှောခနဲ ရှိလှသော သူ၏ သိုင်းပညာများကိုပင် ထုတ်မသုံးနိုင်တော့ချေ။ ဖုဟန်ယွမ်၏ ကောင်းကင်နှင်းခဲအစစ်အမှန်ချီကြောင့် သူ တစ်ကိုယ်လုံး ခဲလုနီးပါး ဖြစ်သွားရ၏။ ဖုဟန်ယွမ်က သူ၏ ရည်ရွယ်ချက်က ဘာလဲ၊ ဘာကြောင့် သူတို့ခေါင်းဆောင်အကြောင်းကို စုံစမ်းနေရသလဲဟု ပြင်းထန်စွာ စစ်ဆေးမေးမြန်းပါတော့သည်။
ရွှီလုမှာမူ အခြေအနေ၏ အရင်းအမြစ်ကို နောက်ဆုံး ရှာတွေ့သွားပြီ ဖြစ်သဖြင့် အလွန်အမင်း ဝမ်းသာသွားပြီး ဆုမိုထံ စာတစ်စောင် ပို့ရန် လာခဲ့ခြင်း ဖြစ်ကြောင်း အလျင်အမြန်ပင် ရှင်းပြလိုက်ရပါတော့သည်။ ဖုဟန်ယွမ် နှင့် ဟူစန်းတောက်တို့မှာ မတတ်သာသည့်အဆုံး ယုံကြည်သွားကြပြီး သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ကြခြင်းပင်။ ယခု အကြောင်းစုံကို ပြန်လည် ပြောပြနေချိန်တွင် သူ၏ မျက်နှာမှာ ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။ ဆုမိုနှင့် အခြားသူများမှာပင် သူ၏ စကားကို ကြားပြီးနောက် ဇဝေဇဝါ ဖြစ်သွားကြရပြီး ခဏမျှ ဘာပြန်ပြောရမှန်း မသိဘဲ ရှိနေကြတော့၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆုမိုက ပြုံးလျက် နောက်ဆုံးတွင် စကားစလိုက်ပါတော့သည်။
“ကဲပါ... ဖူအဘိုးကြီး... သူ့ကို လွှတ်ပေးလိုက်ပါတော့... ခင်ဗျားတို့လည်း တော်တော်လေးကို အထင်လွဲသွားကြတာပဲ...”
ဆုမိုက ဖုဟန်ယွမ်ကို လှမ်းပြောလိုက်ရာ ဖုဟန်ယွမ်မှာ အတန်ငယ် အံ့အားသင့်သွားသော်လည်း သူ၏ ခေါင်းဆောင်အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် ရွှီလု၏ ကိုယ်ပေါ်မှ အေးစိမ့်သော အတွင်းအားများကို ချက်ချင်း ပြန်လည် သိမ်းဆည်းလိုက်ပါတော့သည်။
--