← Chapters

အခန်း ၅၆၄

Vol. 38 Ch. 564

အခန်း ၅၆၄

Vol. 38 Ch. 564

အခန်း (၅၆၄) အလှည့်အပြောင်းများစွာ (အပိုင်း ၃)

၎င်းက ပိုင်ပိုင်နိုင်နိုင် တောင်းဆိုနိုင်သော အခွင့်အရေး တစ်ခုပင် မဟုတ်ပါလော။

တစ်ခုတည်းသော သေးငယ်သည့် ပြဿနာမှာ သူ၏ လက်ရှိ ကျော်ကြားမှုနှင့် ဆိုပါက ထို ‘သေမိန့်’ မှာ အရေးမပါလှတော့ခြင်းပင်။ ဤကိစ္စတစ်ခုတည်းအတွက်နှင့် သီးသန့် ခရီးထွက်မည် ဆိုပါက အကြောင်းပြချက်မှာ လုံလောက်မှု မရှိသယောင် ရှိနေတော့သည်။

အကောင်းဆုံး နည်းလမ်းမှာ ဝူရှန်းခန်းမ တည်ရှိရာ အရပ်ဆီသို့ ဦးတည်သော အာမခံ တာဝန်တစ်ခုကို လက်ခံကာ ထိုမှတစ်ဆင့် ဝူရှန်းခန်းမ သို့ ဝင်ရောက်ပြီး ဝမ်ချန်ရှင်း နှင့် ပတ်သက်သော ကိစ္စရပ်များကို ရှင်းလင်းရန်သာ ဖြစ်ပါတော့သည်။ ဤသို့ဆိုပါက အရာရာမှာ သဘာဝကျကျနှင့် စနစ်တကျ ရှိနေလိမ့်မည်။

ဤသို့ တွေးတောမိသောအခါ ဆုမိုသည် ပြုံးလိုက်ပြီး သူ၏ လက်ထဲရှိ စာလိပ်ကို သန့်စင်သောယန်အတွင်းအား ဖြင့် အသာအယာ ဖိညှစ်လိုက်ရာ မီးမထွက်ဘဲ တစ်ခဏအတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။

သူသည် ရွှီလုဘက်သို့ လှည့်ကြည့်လိုက်ရာ ရွှီလုမှာ သူ့အား မျှော်လင့်တကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“အာမခံခေါင်းဆောင်ဆု...”

ရွှီလုက အနည်းငယ် တွေဝေနေပြီးမှ မေးလိုက်၏။

“စာကို ဖတ်ပြီးပြီလား ခင်ဗျာ...”

“...ဖတ်ပြီးပါပြီ... ကျေးဇူးတင်ပါတယ် သူရဲကောင်းရွှီ...”

“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး...”

ရွှီလုက အလောတကြီးပင် အရိုအသေပေးလိုက်ရင်း...

“ဒါဆိုရင်... ဟိုကိစ္စလေးကိုရော...”

“ဟိုကိစ္စ...”

ဆုမိုက ခဏမျှ ရပ်တန့်သွားပြီးမှ...

“ဘာကိစ္စလဲဗျ...”

ရွှီလု၏ ပတ်တီးများ ပတ်မထားသော မျက်နှာတစ်ခြမ်းမှာ ရုတ်ချည်းပင် ဖြူလျော့သွားတော့၏။

“ခေါင်းဆောင်ဆု... ဒီလိုတော့ မလုပ်ပါနဲ့ဗျာ... ကျွန်တော်က တစ်လမ်းလုံး ဒုက္ခမျိုးစုံကို ခံစားပြီး လာခဲ့ရတာလေ... ကုသိုလ် မရရင်တောင်မှ အခက်အခဲတွေ ရှိခဲ့တာကိုတော့ ထည့်တွက်ပေးသင့်တာ မဟုတ်ဘူးလား... ပြီးတော့ အဲဒီအချိန်ကစပြီး ကျွန်တော် ခိုးတာဝှက်တာတွေလည်း လုံးဝ မလုပ်တော့ပါဘူး... လူတော်တစ်ယောက်လို့ အာမမခံနိုင်ပေမဲ့ လူပီသအောင်တော့ နေထိုင်ခဲ့ပါတယ်... ကျေးဇူးပြုပြီး ခေါင်းဆောင်ဆု... ကျွန်တော့်ကို ဖြေဆေးလေး ပေးပါဦး...”

ရွှီလုက အားကိုးတကြီးနှင့် အနူးအညွတ် တောင်းပန်လိုက်ပါတော့သည်။

ဆုမိုသည် ခဏမျှ မှင်သက်သွားပြီးမှ အကြောင်းစုံကို ရိပ်မိသွားကာ ကိုယ့်ကိုယ်ကိုယ် ပြုံးမိလိုက်၏။ ရွှီလုကို ဖမ်းဆီးပြီး ဇီယန်အာမခံဌာန သို့ ခေါ်ဆောင်လာခဲ့စဉ်က သုံးပါးအစွန်းရောက်ဂိုဏ်း ၏ လှည့်ကွက်များကို စုံစမ်းရန်အတွက် သူက နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား ဤလူသည် သိုင်းလောက၏ လမ်းကြောင်းမှန်ပေါ်တွင် မရှိဘဲ ကိုယ်ဖော့ပညာတွင် အလွန်ထူးချွန်ကာ အလွန်ပင် လျှောခနဲ ရှိလှသူ ဖြစ်သည်။ သူ့ကို တစ်ကြိမ် ဖမ်းမိရန် လွယ်ကူသော်လည်း ဒုတိယအကြိမ် ဖမ်းမိရန်မှာ မလွယ်ကူလှချေ။ ထို့ကြောင့် သူ့ကို လွှတ်မပေးခင်မှာ ဆုမိုက ဝိုင်ထဲတွင် အဆိပ်ပါသည်ဟု လိမ်ညာခဲ့ခြင်းပင်။

ထို့နောက် သူသည် ‘ဒုက္ခသည် သိုင်းကျမ်း’ မှ နည်းစနစ်တစ်ခုကို အသုံးပြုကာ ထိုအဆိပ်မှာ အမှန်တကယ် ရှိနေကြောင်း သူ ယုံကြည်သွားအောင် လုပ်ခဲ့သည်။ ထိုအဆိပ်မှာ ခြောက်လတစ်ကြိမ် ပြန်လည် ထကြွတတ်သည်ဟုလည်း သူက ပြောပြခဲ့သေး၏။

အချိန်ကို တွက်ချက်ကြည့်လိုက်ပါက ယနေ့သည် ခြောက်လ မပြည့်သေးသော်လည်း မဝေးတော့ပြီ ဖြစ်ပါတော့သည်။ ဆုမိုသည် မျက်ခုံးကို အသာအယာ ပင့်လိုက်ပြီး ရွှီလုကို အကဲခတ်ကြည့်လိုက်၏။ သူ ဤနေရာသို့ အရောက် လာခဲ့ခြင်းမှာ တစ်စုံတစ်ယောက်၏ အပ်နှံမှုကြောင့်လား၊ ဒါမှမဟုတ် ထို ‘အဆိပ်’ ၏ အကျိုးသက်ရောက်မှုကြောင့်လား ဆိုသည်မှာမူ ပြောရ ခက်ခဲလှပါ၏။

ဆုမိုသည် သူ၏ ရင်ထဲ၌ အမှန်တရားကို ဖွင့်ဟပြောပြချင်သော်လည်း၊ ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် အချိန်အနည်းငယ် ထပ်မံ ဆွဲထားလိုက်ခြင်းကလည်း အန္တရာယ် မရှိနိုင်ဟု ယူဆလိုက်မိသည်။

ထို့ကြောင့် သူသည် သူ၏ ရင်ဘတ်အတွင်းမှ ဆေးပုလင်းမျိုးစုံကို ထုတ်ယူကာ တစ်ခုချင်းစီ ရှာဖွေလိုက်၏။ အတွင်းဒဏ်ရာနှင့် အပြင်ဒဏ်ရာများကို ကုသပေးနိုင်မည့် ဆေးလုံးတစ်လုံးကို ရှာတွေ့သွားသောအခါ ၎င်းမှာ ရွှီလု၏ လက်ရှိ အခြေအနေနှင့် အလွန်ပင် သင့်တော်လိမ့်မည်။

ရွှီလုမှာမူ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေတော့သည်။ သူ၏ စိတ်ထဲတွင်တော့ ဤဆုမိုကို ထာဝရညတောင်ကြားမှ မိစ္ဆာများကပင် ‘မိစ္ဆာ’ ဟု အဘယ်ကြောင့် ခေါ်ဝေါ်နေကြသနည်း ဆိုသည်ကို သဘောပေါက်သွားတော့၏။

ဆေးပုလင်းတွေ ဒီလောက်တောင် များနေတာ... အဆိပ်တွေနဲ့ ဖြေဆေးတွေ ဘယ်လောက်တောင် ရှိနေမှာလဲ... ငါ့အပြင် တခြားလူ ဘယ်နှစ်ယောက်ကိုများ သူက ပေါ်ပေါ်ထင်ထင်ရော လျှို့ဝှက်ချက်တွေနဲ့ပါ ကြိုးကိုင်ထားလိုက်မလဲ...။

ရွှီလုသည် ထပ်မံ၍ နက်နက်ရှိုင်းရှိုင်း မတွေးဝံ့တော့ချေ။ ၎င်းက တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလော။

ထို့ကြောင့် သူသည် ဆုမိုက သူ့ကို နှုတ်ပိတ်ရန် သတ်ဖြတ်ပစ်မည်ကို စိုးရိမ်သဖြင့် မမြင်ချင်ယောင်ဆောင်ကာ ခေါင်းကို တစ်ဖက်သို့ လွှဲထားလိုက်တော့သည်။

ကံကောင်းသည်မှာ ဆုမိုသည် သူတစ်ပါး၏ စိတ်ကို ဖတ်နိုင်စွမ်း မရှိခြင်းပင်။ မဟုတ်လျှင်မူ အတင်းအဖျင်း ပြောတတ်သော သူများကြောင့် ပျက်စီးတော့မည့် သူ၏ ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် နှုတ်ပိတ်ပစ်ရန် တကယ်ပင် စိတ်ကူးမိလိမ့်မည်။

ခဏအကြာတွင် ဆုမိုသည် အနာကျက်စေမည့် ဆေးလုံးတစ်လုံးကို ပေးလိုက်၏။ ရွှီလုသည် ဆေးကို မသောက်ခင်မှာ မနေနိုင်ဘဲ မေးလိုက်၏။

“ဒါ... ဒါကို စောစော သောက်လိုက်လို့ ပြဿနာ တစ်ခုခု ဖြစ်ဦးမလား ခင်ဗျာ...”

“ကိစ္စမရှိပါဘူး...”

ဆုမိုက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း...

“အချိန်ကလည်း စေ့ခါနီးပြီဆိုတော့ ဒါက ဘေးကင်းပါတယ်... တကယ်လို့သာ စောစော သောက်မိမယ်ဆိုရင်တော့... သွေးကြောကွက် (၁၀၀) စလုံး အပြင်းအထန် နာကျင်ပြီး သေတာထက်တောင် ပိုပြီး ခံရခက်လိမ့်မယ်...”

ရွှီလုသည် ခေါင်းကို အမြန်ပင် ညိတ်လိုက်ပြီး ဆေးကို ချက်ချင်းပင် ဝါးစားလိုက်ပါတော့သည်။ ဆေးရှိန် တက်လာသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး နေရထိုင်ရ အလွန်ပင် သက်သာသွားပြီး အတွင်းဒဏ်ရာများမှာလည်း သိသိသာသာပင် သက်သာသွားသလို ခံစားလိုက်ရ၏။

တစ်ခဏအတွင်းမှာပင် သူသည် အလွန်အမင်း အထင်ကြီးသွားရတော့သည်။ ဤဖြေဆေးက တကယ့်ကို နာမည်နှင့် လိုက်ဖက်လှပေ၏။ အတွင်းဒဏ်ရာများကိုပါ ထိရောက်စွာ ကုသပေးနိုင်သည် ဆိုပါက ၎င်းမှာ သာမန် ပစ္စည်းတစ်ခု မဟုတ်သည်မှာ သေချာလှပါ၏။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု...”

ရွှီလုက ချက်ချင်းပင် လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။

ဆုမိုက လက်ကို ဝှေ့ယမ်းလိုက်ရင်း...

“သူရဲကောင်းရွှီ... ခင်ဗျား ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ...”

“ဒါက...”

ရွှီလုက ခဏမျှ တွေဝေသွားပြီးမှ...

“ကျွန်တော်ကတော့ အနောက်တောင်ဘက်ကို ပြန်ပြီး ကျွန်တော့်ရဲ့ မူလ အလုပ်တွေကိုပဲ ဆက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်... ဒါပေမဲ့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး၊ မြစ်ကြောင်းတစ်လျှောက်က လူတွေက ကျွန်တော့်ကို မြင်တာနဲ့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ပဲ ကြံစည်နေကြတယ်... ခေါင်းဆောင်ဆု... ကျွန်တော် ကျိန်ပြောရဲပါတယ်၊ ကျွန်တော် သူတို့ကို လုံးဝ မသိပါဘူး... ဘာတွေ ပြောင်းလဲသွားမှန်းလည်း မသိဘူးဗျာ... ကျွန်တော် ပြန်ချင်ပေမဲ့လည်း ဒီမြစ်ကြောင်းကိုတော့ ရှောင်ကွင်းပြီး သွားရမယ့်ပုံပဲ...”

ဆုမိုသည် ရွှီလု၏ စကားကို ကြားပြီးနောက် ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားရ၏။ ထို့ကြောင့် သူက ဆိုလိုက်သည်။

“ဒါက ပြဿနာကြီး မဟုတ်ပါဘူး... အထင်လွဲမှု တစ်ခုပါပဲ...ကျုပ် ဆုမို က မြစ်ကြောင်းတစ်လျှောက်မှာ အနည်းငယ်တော့ ဩဇာရှိပါတယ်... သူရဲကောင်းရွှီသာ ဆန္ဒရှိမယ်ဆိုရင် ဒီကိစ္စကို ရှင်းပြပေးပါ့မယ်... ဒါက အဆင်ပြေသွားမှာပါ...”

ချီရှောင်မင်၊ ထာဝရညတောင်ကြား နှင့် ညသခင် တို့နှင့် ပတ်သက်သော ကိစ္စရပ်များမှာ ရွှီလုနှင့် လောလောဆယ် မသက်ဆိုင်သေးသဖြင့် ဆုမိုက ထပ်မံ ထုတ်မပြောတော့ပါချေ။

ရွှီလုသည် ထိုစကားကို ကြားလိုက်ရချိန်တွင် အလွန်အမင်း ဝမ်းသာသွားတော့၏။

“တကယ်လား... ဒါဆိုရင်တော့ ခေါင်းဆောင်ဆုကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ...”

“လက်ဖျားခါလောက်တဲ့ ကိစ္စ မဟုတ်ပါဘူး...”

ဆုမိုက ခဏမျှ တွေဝေသွားပြီးမှ...

“ဒါပေမဲ့ ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ အခုချက်ချင်း ခရီးထွက်ရတော့မယ်... သူရဲကောင်းရွှီ... ခင်ဗျားရဲ့ ဒဏ်ရာတွေကရော...”

“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး...”

ရွှီလုက အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်သည်။

“အများစုက အပေါ်ယံ ဒဏ်ရာတွေပါပဲ... အတွင်းဒဏ်ရာတွေကလည်း သိပ်မပြင်းထန်ပါဘူး... ဒါ့အပြင် ခုနက ဖြေဆေးကို သောက်လိုက်ရလို့ တော်တော်လေး သက်သာနေပါပြီ... အချိန်မရွေး ခရီးထွက်နိုင်ပါတယ်...”

“ကောင်းပါပြီ... ဒါဆိုရင်တော့...”

ဆုမိုက ခေါင်းညိတ်ပြလိုက်၏။

“အခုပဲ ပြင်ဆင်ကြရအောင်... ခဏနေရင် ကျုပ်တို့ ခရီးစကြမယ်...”

ပြောပြောဆိုဆိုဖြင့် ဆုမိုသည် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖုဟန်ယွမ် နှင့် ဟူစန်းတောက် တို့ကို ခေါ်ယူလိုက်ရာ ဝေဇီယီမှာလည်း ထွက်မသွားသေးဘဲ ရှိနေသည်ကို တွေ့လိုက်ရ၏။

ထို့ကြောင့် သူ၏ ဆုံးဖြတ်ချက်ကို အားလုံးအား ရှင်းပြလိုက်သည်။

ဝေဇီယီကမူ သူမသည် အပြင်သို့ ထွက်လာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ပြန်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောလာသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက လော့ဖုန်းမဟာမိတ်အဖွဲ့ ၏ အဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် မဟုတ်ပါလော။ ယခုအကြိမ်တွင် သူမ၏ ဂိုဏ်းမှ သတင်းပေးပို့ချက်ကြောင့်သာ အခြေအနေကို လာရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်ပါ၏။

ဤမျှလောက် အချိန်ကြာမြင့်သွားပြီဖြစ်ရာ သူမ အခုမှ ပြန်မသွားပါက အကြောင်းပြချက် ပေးရန် ခက်ခဲသွားလိမ့်မည်။

ချက်ချင်းပင် ဆုမိုက အားလုံးကို အဆင်သင့် ပြင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ ဝေဇီယီနှင့်အတူ သွမ့်ဆုန်ကို သွားရောက် နှုတ်ဆက်လိုက်ပါတော့သည်။ သို့သော်ငြား သူတို့က သွမ့်ဆုန်ကို ရှာတွေ့ပြီး ရည်ရွယ်ချက်ကို ရှင်းပြလိုက်ချိန်တွင် သွမ့်ဆုန်၏ မျက်နှာထားမှာ အတော်လေး ထူးဆန်းနေတော့၏။ သူသည် အလွန်အမင်း စိတ်ပျက်နေပုံရပြီး ကြီးမားလှသော အခွင့်အရေးတစ်ခုကို လက်လွတ်လိုက်ရသည့်အလား ခံစားနေရဟန် တူလေ၏။

နောက်ဆုံးတွင်မူ သွမ့်ဆုန်၏ အကြည့်များက ဆုမိုနှင့် ဝေဇီယီတို့အကြား အကြိမ်ပေါင်းများစွာ ကူးလူးသွားပြီးနောက် သက်ပြင်းတစ်ချက်ကို ချလိုက်ကာ မြင်းများ အဆင်သင့် ပြင်ပေးရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်တော့သည်။

--

All Chapters