အခန်း ၅၆၅
Vol. 38 Ch. 565
အခန်း (၅၆၅) တောင်တန်းမြစ်ပြင် ရှုခင်းအလှနှင့် ဝက်ခြေထောက်ကင်
မြင်းငါးစီးသည် လျူယင်မြို့မှ ထွက်ခွာကာ အနောက်ဘက်ဆီသို့ ဒုန်းစိုင်းနှင်လာကြသည်။ ဤခရီးတွင် ဆုမိုသည် ဇီယန်ဂိုဏ်း သို့ ဦးစွာပြန်ရမည် ဖြစ်၏။
သူသည် အာမခံခေါင်းဆောင်လီ နှင့်အတူ အာမခံဌာနမှ အဖွဲ့ဝင်များကို ပြန်လည်တွေ့ဆုံရမည် ဖြစ်သလို လီကျန်းယွမ် နှင့်လည်း ခေတ္တခွဲခွာရပေဦးမည်။
၎င်းသာမက ဟူစန်းတောက် ၏ မူလစခန်းမှ လူကြီးလူငယ် အားလုံးကိုလည်း တစ်ပါတည်း ခေါ်ဆောင်လာခဲ့တော့၏။ အသွားတုန်းကထက် လူဦးရေရော အင်အားပါ သိသိသာသာ တိုးပွားလာခဲ့သည်မှာ ငြင်းမရသော အချက်ပင်။ ဝေဇီယီသည် ဇီယန်ဂိုဏ်း သို့ မရောက်မီ ဆုမိုတို့နှင့် လမ်းခွဲကာ လင်ယွဲ့နန်းဆောင် ရှိ သူမ၏ ဆရာအား သွားရောက် နှုတ်ဆက်ရန် ရည်ရွယ်ထား၏။ ထို့နောက်မှသာ သူတို့အားလုံး ပြန်လည်ဆုံဆည်းပြီး အနောက်တောင်ဘက်သို့ အတူတူ ပြန်ကြမည် ဖြစ်သည်။
အားလုံးထဲတွင် ဖုဟန်ယွမ် မှာမူ စီးနင်းရန် မြင်းတစ်စီး ရရှိထားသဖြင့် အပျော်ဆုံးသူ ဖြစ်နေတော့၏။ ဟူစန်းတောက် ကမူ အချိန်အတော်ကြာ အတူရှိခဲ့သော မျက်နှာတွင် အမာရွတ်နှင့် ဆန်းကြယ်လှသော ဧည့်သည်ကြီးကို လွမ်းဆွတ်နေမိသည်။
ဟူစန်းတောက် က ဆုမိုအား ထိုဧည့်သည်ကြီး ဘယ်အရပ်ကို ရောက်သွားသနည်းဟု ထပ်တလဲလဲ မေးမြန်းနေသဖြင့် ဆုမိုမှာ ဘာပြန်ပြောရမှန်း မသိဘဲ ရှိနေတော့၏။ နောက်ဆုံးတွင်မူ ထိုဧည့်သည်ကြီးမှာ သူ၏ ရောဂါဝေဒနာများ အံ့ဩဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်သွားသဖြင့် ကိုယ်တိုင် ထွက်ခွာသွားပြီ ဖြစ်ကြောင်းသာ လိမ်ညာပြောဆိုလိုက်ရပါတော့သည်။ ဟူစန်းတောက် က သံသယရှိနေသော်လည်း အခြားနည်းလမ်း မရှိသဖြင့် ထိုကိစ္စကိုသာ လက်လျှော့လိုက်ရ၏။
ချင်းရှို့တောင်မြို့ကို ဖြတ်သန်းလာစဉ်တွင် သူတို့အဖွဲ့သည် ဓားတစ်လက်ကိုင်ဆောင်ထားသော ဓားသမားတစ်ဦးနှင့် ဆုံတွေ့ခဲ့ကြသည်။ ထိုသူကို မြင်လိုက်ရသည်နှင့် ဆုမိုသည် ချက်ချင်းပင် မြင်းကို ဇက်သတ်ကာ ဆင်းလိုက်ပြီး လက်သီးဆုပ်၍ အရိုအသေပေးလိုက်၏။
“စီနီယာလျူ...”
လျူဆွေ့ဖုန်း ၏ ရုပ်သွင်မှာ ယခင်အတိုင်းပင် ပြောင်းလဲခြင်း မရှိပါချေ။ သူ၏ မျက်ဝန်းများမှာ ဆုမိုကို ကြည့်ရင်း အနည်းငယ် လေလွင့်နေဟန် ရှိပြီး တစ်စုံတစ်ခုသော ကိစ္စရပ်များတွင် နစ်မြုပ်နေကာ ရုန်းမထွက်နိုင်သယောင် ရှိနေသည်။ သို့သော် ဆုမိုကို မြင်လိုက်ရချိန်တွင်မူ သူက ခပ်ပြုံးပြုံးပင် နှုတ်ဆက်လိုက်၏။
“အာမခံခေါင်းဆောင်ဆု...”
“...စီနီယာလျူ... ခင်ဗျား ယူချွမ်ဂိုဏ်း ဆီကို သွားမလို့လား...”
ဆုမိုက သူ သွားမည့် ဦးတည်ချက်ကို ကြည့်ကာ ခန့်မှန်းလိုက်ခြင်း ဖြစ်ပါ၏။ လျူဆွေ့ဖုန်း က မဆိုင်းမတွဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်... ယူချွမ်ဂိုဏ်း ဆီကို သွားဖို့ပဲ ရှိပါတယ်...”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆုမိုက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။
“ကျွန်တော် ခင်ဗျားကို တောင်းပန်စရာတွေ ရှိပါတယ် စီနီယာလျူ... တကယ့်ကို ကောင်းမွန်လှတဲ့ ထျန်းချူဓားသိုင်းနှီးနှောပွဲကြီးက ပြက်လုံး တစ်ခုလို ဖြစ်သွားခဲ့ရတယ်... ခင်ဗျားက အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေတဲ့ ဓားစိတ်ဆန္ဒတွေကို သယ်ဆောင်ပြီး လာခဲ့တာကိုး... အခုတော့ ထျန်းချူဓားသိုင်းနှီးနှောပွဲက မရှိတော့ဘူး... ပြီးတော့ ခင်ဗျား စိန်ခေါ်ဖို့ ကျန်နေသေးတဲ့ ယူချွမ်ဂိုဏ်းချုပ်ကလည်း ရှိနေပေမဲ့ ကျွန်တော်ကပဲ ကြားဖြတ် ဝင်ပါမိသလို ဖြစ်သွားခဲ့ရတယ်...”
“ဘာလို့ အဲဒီလို ပြောရတာလဲ ခေါင်းဆောင်ဆု...”
လျူဆွေ့ဖုန်း က ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း...
“ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဓားစိတ်ဆန္ဒ ဆိုတာက တစ်ခဏတာ အတွေးလေး တစ်ခုအပေါ်မှာပဲ မူတည်နေတာပါ... ယူချွမ်ဂိုဏ်းချုပ် ရဲ့ သိုင်းပညာက တကယ့်ကို ထူးခြားလှတာ... ကျုပ်သာ သူ့ကို ရင်ဆိုင်ခဲ့ရင် သေချာပေါက် အနိုင်ရမယ်လို့ မသေချာဘူးလေ... တကယ်လို့ သူကသာ ထပ်ပြီး လွတ်မြောက်သွားခဲ့မယ် ဆိုရင်တော့ ကျုပ်.. လျူ ကိုယ်တိုင် ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး... အခု သူက ခေါင်းဆောင်ဆု ရဲ့ လက်ထဲမှာ နိဂုံးချုပ်သွားတာက အသင့်တော်ဆုံးပါပဲ... ကျွန်တော့်ရဲ့ ဓားကို စမ်းသပ်ဖို့ ဆိုတာကလည်း... ဒါက ကျုပ် ဆက်လက် ကြိုးစားနေရမယ့် အရာပါပဲ...”
“ခင်ဗျား ပြောတာ တကယ့်ကို အဓိပ္ပာယ် ရှိပါတယ် စီနီယာလျူ...”
ဆုမိုက ခေါင်းညိတ်လိုက်ရင်း...
“ခင်ဗျားရဲ့ ဓားသိုင်းက အခုဆိုရင် အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုကို ရောက်နေပြီလို့ ကျွန်တော် မြင်နေရတယ်... ဒီခရီးမှာ ခင်ဗျားသာ တစ်ခုခုကို နားလည် သဘောပေါက်သွားမယ် ဆိုရင်တော့ သေချာပေါက် နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်...”
“ဟုတ်ပါတယ်...”
ထိုစကားကို ကြားလိုက်ရချိန်တွင် လျူဆွေ့ဖုန်း က ဆုမိုကို တစ်ချက် စိုက်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင် ကြည်လင်ပြတ်သားမှု အချို့ ထွက်ပေါ်လာသော်လည်း ခဏအတွင်းမှာပင် ခေါင်းကို ခါယမ်းလိုက်ကာ တိုးညှင်းစွာ ပြောလိုက်တော့သည်။
“ခေါင်းဆောင်ဆု... ကျုပ်ကို ခွင့်ပြုပါဦး...”
“စီနီယာလျူ... ခင်ဗျား ချီမေတောအုပ် ကို ဖြတ်သွားရလိမ့်မယ်... ကျွန်တော့်ရဲ့ ဦးလေး သွမ့်ဆုန် က လျူယင်မြို့ ကို တာဝန်ယူ စောင့်ကြပ်နေတာပါ... ချီမေတောအုပ် မှာလည်း ကာကွယ်ရေး ယန္တရားတွေ ရှိနေတာဆိုတော့ ခင်ဗျား အနေနဲ့ စိတ်မရှိဘူး ဆိုရင်တော့... ဦးလေးသွမ့်ကို ရှာပြီး လမ်းပြတစ်ယောက် လွှတ်ပေးဖို့ အကူအညီ တောင်းလိုက်ပါ... ဒါဆိုရင် မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်လိမ့်မယ်...”
“ကျေးဇူးတင်ပါတယ်...”
လျူဆွေ့ဖုန်း က လက်သီးဆုပ်၍ အရိုအသေပေးလိုက်ရင်း...
“နှုတ်ဆက်ခဲ့ပါတယ်...”
“သွားပါဦး စီနီယာ...”
နှုတ်ဆက်စကား ဆိုပြီးနောက်တွင် ဆုမိုသည် လျူဆွေ့ဖုန်း ၏ တည်ငြိမ်လှသော ခြေလှမ်းများဖြင့် ဝေးရာသို့ ထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။
“သူ့ရဲ့ ဓားစိတ်ဆန္ဒက အခုဆိုရင် သိမ်မွေ့လွန်းလို့ ခံစားရဖို့တောင် ခက်ခဲနေပြီ...”
ဝေဇီယီ ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှု အချို့ ပါဝင်နေ၏။
“ဒါပေမဲ့ ပိုပြီးတော့ သန့်စင်လာသလို၊ ပိုပြီးတော့လည်း ကြောက်စရာ ကောင်းလာတယ်...”
ဆုမိုက အသာအယာ ခေါင်းညိတ်လိုက်ရင်း သူ၏ နှုတ်ခမ်းများမှာ ပြုံးရိပ်တစ်ခု ထင်ဟပ်သွားတော့သည်။
“တစ်နေ့သောအခါမှာ သူဟာ သူ့ရဲ့ မူလ ဓားကွက် (၈၁) ကွက် ရှိတဲ့ ‘နတ်ဘုရား သက်တန့် နှလုံးသားရှာ ဓားသိုင်း’ ကို တစ်ကွက်တည်း အဖြစ်နဲ့ ပေါင်းစည်းနိုင်လိမ့်မယ်... အဲဒီနေ့ ရောက်လာခဲ့ရင်တော့... ဒီဓားကွက်က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်...”
“...နင့်ထက်တောင် သာသွားနိုင်မလား...”
ဝေဇီယီက ဆုမိုကို တစ်ချက်ကလေးမျှ ကြည့်ကာ မေးလိုက်ခြင်းပါ။
“နင့်ရဲ့ ဓားသိုင်းက အခုထိ ငါ့ကို ခြောက်လှန့်နေတုန်းပဲ...”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆုမိုက မျက်ခုံးကြုတ်လိုက်မိသည်။ သူသည် ထိုကိစ္စကို အလေးအနက်ထားကာ စဉ်းစားနေပုံရ၏။ နောက်ဆုံးတွင်မူ သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း...
“တကယ်ပဲ ယှဉ်ကြည့်မှ သိရလိမ့်မယ်...”
ဓားသိုင်းပညာ ဆိုသည်မှာ စကားလုံးများဖြင့် တိုင်းတာ၍ ရသော အရာ မဟုတ်ပါချေ။ လက်တွေ့ လှုပ်ရှားမှုများဖြင့်သာ သက်သေပြရမည် ဖြစ်သည်။ မတိုက်ခိုက်ရသေးသော တိုက်ပွဲများမှာ ခန့်မှန်းချက်များသာ ဖြစ်ပါတော့သည်။
ဤခဏတာ တွေ့ဆုံမှုလေးမှာ သူတို့၏ ခရီးလမ်းကို ထိခိုက်မှု မရှိခဲ့ပါချေ။ ထို့နောက်တွင် သူတို့သည် ထျန်းချူမြို့တွင် ခေတ္တမျှ ရပ်နားခဲ့ကြသည်။ ဖြေရှင်းရန် ရှိသော ကိစ္စအချို့ ရှိနေသဖြင့် ဆုမိုက ကျိုးတုန်းမင် ကို သွားရောက်တွေ့ဆုံခဲ့ပြီး ဝေဇီယီကမူ ဒုတိယနန်းတော်သခင် ကို ရှာဖွေခဲ့သည်။
ပြန်လည် ရောက်ရှိလာချိန်တွင် ဆုမိုက အေးအေးဆေးဆေး ရှိနေသော်လည်း ဝေဇီယီ၏ မျက်နှာတွင်မူ ထူးဆန်းသော အမူအရာတစ်ခု ရှိနေတော့သည်။
“ဒုတိယနန်းတော်သခင် က အရင်တစ်ခေါက် နင်နဲ့တွေ့တုန်းက နင့်ကို အကြီးအကျယ် ဆဲဆိုခဲ့တာလေ... ဒါပေမဲ့ ဒီနေ့ နင်နဲ့တွေ့တော့ သူက နင့်ကို ချီးကျူးစကားတွေပဲ ပြောနေတော့တယ်... ငါ့ရဲ့ ဒုတိယဆရာ ရဲ့ မျက်လုံးထဲမှာတော့ ယောကျ်ားတွေ အကုန်လုံးက သူ့အောက်မှာပဲ ရှိတာ... နင့်ရဲ့ အသက်အရွယ်နဲ့ သူ့ဆီက ဒီလောက်အထိ အထင်ကြီးခံရတာက တကယ့်ကို ထူးခြားလွန်းတယ်...”
ဆုမိုမှာ ခဏမျှ ဆွံ့အသွားရတော့၏။ သို့သော် ဝေဇီယီ၏ မျက်နှာပေးကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ချီးကျူးစကားသက်သက် မဟုတ်ကြောင်း သူ ရိပ်မိလိုက်သည်။ သူက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း...
“ငါ့ကို လက်ထပ်ချင်တဲ့ လူစာရင်းက ထပ်ပြီး တိုးလာပြန်ပြီလား...”
“ခေါင်းဆောင်ဆု... နင့်ရဲ့ ဟောကိန်းထုတ်နိုင်စွမ်းက တကယ့်ကို အံ့ဩစရာပဲ...”
ဝေဇီယီက မတတ်သာသည့်ဟန်ဖြင့် ပြန်လည် ဖြေကြားလိုက်၏။
ဆုမိုက ချက်ချင်းပင် ခေါင်းညိတ်လိုက်ရင်း...
“ဒီမှာ ကြာကြာနေဖို့ မသင့်တော့ဘူး... မြန်မြန် သွားကြစို့...”
ဝေဇီယီက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ထပ်မံ၍ မငြင်းခုံတော့ပါချေ။
သူတို့၏ ခရီးလမ်းမှာ အဆင်ပြေချောမွေ့လှသည်။
ဇီယန်ဂိုဏ်း တွင် ဝေဇီယီနှင့် လမ်းခွဲခဲ့ပြီးနောက် ဆုမိုသည် ရှို့ယန်တောင်သို့ သွားရောက်ကာ လီကျန်းယွမ် အား လုံမင်ဂိုဏ်း စန်းကျင့် နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ လီကျန်းယွမ် ကိုယ်တိုင်ပင်လျှင် ထိုအကြောင်းကို ဘာမှ မသိရှိခဲ့ပါပေ။
ထို့ကြောင့် ဤသဲလွန်စမှာမူ ခေတ္တမျှ ပြတ်တောက်သွားရတော့၏။
လီကျန်းယွမ် က ဆုမိုအား လျှို့ဝှက်သေတ္တာလေးကိုသာ သေချာ စောင့်ရှောက်ရန် မှာကြားလိုက်လေသည်။
--