← Chapters

အခန်း ၅၆၈

Vol. 38 Ch. 568

အခန်း ၅၆၈

Vol. 38 Ch. 568

အခန်း (၅၆၈) အိမ်အပြန်ခရီး

ဆုမိုမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားလေ၏။

ရင်ခွင်ထဲတွင် ကြက်ကင်တစ်ကောင် ဖွက်ထားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

အဘိုးအိုကို ကြည့်ရသည်မှာ လက်ထဲရှိ ဝက်ခြေထောက်ကင်ကို မြိန်ရည်ယှက်ရည် ကိုက်စားရင်း ရေကန်နှင့် တောင်တန်းများ၏ အလှအပကို ငေးမောနေဟန် ရှိသည်။ သူ၏ ပုံစံမှာ အခြား မည်သူ့ကိုမျှ ဂရုမစိုက်သည့်အလား သဘာဝကျလွန်းနေတော့၏။

ဆုမိုက လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"အနှောင့်အယှက် ပေးမိတဲ့အတွက် ခွင့်လွှတ်ပါ"

အဘိုးအိုသည် တိတ်တဆိတ် ထွက်ပေါ်လာခြင်း ဖြစ်သော်ငြားလည်း သူ၏ အမူအရာများကို အကဲခတ်ကြည့်ရသလောက် မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ ရှိမနေပေ။

ထို့ကြောင့် ဆုမိုကလည်း နောက်ထပ် ပြဿနာများကို ထပ်မံ ဖန်တီးလိုစိတ် မရှိချေ။

ခရီးစဉ်အရ ဆိုလျှင် သူတို့သည် ယနေ့ မွန်းတည့်ချိန် ကျော်လွန်ပါက မြစ်သုံးသွယ်အော် သို့ ရောက်ရှိကြမည်သာ။

ထိုအချိန်ကျလျှင် သင်္ဘောပေါ်မှ ဆင်းရုံပင် ဖြစ်သည်။

ဤအဘိုးအိုနှင့် ပတ်သက်၍မူ...

တာဝန်ခံကျန်း၏ သင်္ဘောပေါ်တွင် ထူးချွန်သော သိုင်းပညာရှင် တစ်ဦး ခိုအောင်းနေကြောင်းကို ဆုမို စောစောကတည်းက ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။

ယခင်က သူ အနားသို့ ချဉ်းကပ်လာခဲ့ခြင်းမှာ စူးစမ်းလိုစိတ် သက်သက်ကြောင့်သာ။ ခရီးစဉ် တစ်လျှောက်လုံးတွင် ဤပုန်းကွယ်နေသော သိုင်းပညာရှင်မှာ တစ်ခါမျှ အရိပ်အယောင်ပင် မပြခဲ့ချေ။

ယခုမှ သူနှင့် ဝေဇီယီ၏ အနောက်၌ ရုတ်တရက် ထွက်ပေါ်လာပြီး လူကို လန့်ဖြန့်သွားစေရန် လုပ်ဆောင်ရသည့် အကြောင်းရင်းက မည်သည့်အရာ ဖြစ်မည်နည်း။

ယခု အကဲခတ်ကြည့်ရသလောက်မူ ထိုသူသည် ဝက်ခြေထောက်ကင် စားရန်အတွက်သာ အမှန်တကယ် ထွက်လာခြင်း ဖြစ်ပုံရရာ ဆုမိုသည်လည်း သဘာဝကျကျပင် သူ့ကို မလိုအပ်ဘဲ အနှောင့်အယှက် မပေးလိုတော့ချေ။

သူသည် ဝေဇီယီကို တစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ဦး ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ထိုစဉ် အဘိုးအိုက သူ၏ အကြည့်များကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး သူတို့နှစ်ဦး၏ မျက်နှာများဆီသို့ လှည့်ကြည့်ကာ အားရပါးရ ရယ်မောလိုက်တော့၏။

"ကောင်းတယ်... အရမ်းကို ကောင်းတယ်"

ဝေဇီယီက မျက်ခုံးကြုတ်လိုက်သည်။

"ဘာတွေများ ဒီလောက်တောင် ကောင်းနေလို့လဲ"

"မင်းတို့ နှစ်ယောက်ကို ကြည့်ရတာ ဖူးစာဖက်တွေရဲ့ ရုပ်သွင်လက္ခဏာမျိုး ရှိနေတယ်လေ... ဒီထက် ပိုကောင်းတာ ဘာရှိဦးမှာလဲ"

"မင်းတို့ နှစ်ယောက်က လိုက်ဖက်ရုံတင် မကဘူး... မျိုးဆက်ပွားတဲ့ နေရာမှာလည်း အတော်လေး ထွန်းကားမယ့် ပုံပဲ... သုံးနှစ်လောက် အတွင်းမှာတင် ကလေး နှစ်ယောက်လောက် အလွယ်တကူ ရသွားနိုင်တယ်"

အဘိုးအိုက သူ့စကားနှင့်သူ သဘောကျလွန်းနေသည့်အလား အားရပါးရ ရယ်မောနေတော့၏။

ဝေဇီယီ၏ မျက်နှာလေးမှာ ရှက်လွန်းသဖြင့် နီမြန်းသွားရသည်။ သူမက မျက်ခုံးကြုတ်ကာ ဆုမိုကို အလိုအလျောက်ပင် လှမ်းကြည့်လိုက်၏။

သို့သော် ဆုမိုကမူ ထိုမှတ်ချက်ကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် မေးလိုက်သည်ကို တွေ့လိုက်ရသည်။

"အဘိုး က ဗေဒင်လည်း ဟောတတ်တာလား"

ဝေဇီယီက တီးတိုး ရေရွတ်လိုက်၏။

"သူ ဘယ်လိုလုပ် ဟောတတ်မှာလဲ... လျှောက်ပြီး မနှိုင်းစမ်းပါနဲ့"

ထိုစကားကို ကြားသောအခါ အဘိုးအိုက ဝေဇီယီကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

"မိန်းကလေး က ရိုင်းပျလှချည်လား"

ဝေဇီယီ တစ်ယောက် သူ့ကို ကြောက်နေမည် ထင်ပါသလော။

သူမက ပို၍ပင် စူးရှသော အကြည့်ဖြင့် ပြန်လည် စိုက်ကြည့်လိုက်၏။

"အဘိုးကြီး ရှင်ပဲ အရင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလေ"

အဘိုးအိုက နှာမှုတ်လိုက်ပြီး ဆုမိုကို လှမ်းကြည့်လိုက်သည်။

"အဓိပ္ပာယ်ရှိ မရှိ ဆိုတာ နောက်တော့ သိလာမှာပါ"

"ဒါပေမဲ့ မိန်းကလေး... မင်းရဲ့ အမြင်မဆိုးဘူး ဆိုပေမဲ့... မင်းရဲ့ ခရီးလမ်းကတော့ လွယ်ကူမှာ မဟုတ်ဘူး"

"ဒီလူငယ်လေးက သူ့ရဲ့ အရည်အချင်းတွေကို ဖုံးကွယ်ထားတတ်ပြီး မလိုအပ်တဲ့ အချစ်ရေးတွေကို မဆွဲဆောင်တတ်ဘူး ဆိုပေမဲ့... သူ့ဘေးနားမှာ အချစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေက အမြဲ ဝိုင်းရံနေတတ်တယ်... ရှောင်လွှဲလို့မရဘူး... ရှုပ်ယှက်ခတ်နေတာပဲ... ကျွတ် ကျွတ် ကျွတ်... တကယ့်ကို အားကျစရာပဲ"

"သူ့ကို ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တခြား လူငယ်လေး တစ်ယောက်ကိုတောင် သွားသတိရမိတယ်"

ဆုမို တစ်ယောက် ဆွံ့အသွားရ၏။

"အဘိုး...တကယ်ကို အမြင်မှားနေပြီ ထင်တယ်"

အဘိုးအိုက ဆုမိုကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။

"ငါ့ရဲ့ မျက်လုံးတွေက မီးတောက်တွေလို စူးရှတာ... ဘယ်တော့မှ အမှားမခံဘူး... ဒီနေ့ မင်းနဲ့ တွေ့ရတာလည်း ရေစက်ပဲ... ငါက ကြက်ကင်ကိုတော့ မပေးနိုင်ပေမဲ့... မင်းကို လက်ဆောင်ပေးချင်တဲ့ တခြား ပစ္စည်း တစ်ခုတော့ ရှိတယ်"

ဆုမိုက လက်ကာပြကာ ငြင်းဆန်လိုက်၏။

"ဘာကျေးဇူးမှ မရှိဘဲနဲ့ လက်ဆောင်ကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ... အဘိုးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ သွားစရာ ရှိသေးလို့ ခွင့်ပြုပါဦး"

အဘိုးအိုက ဆုမိုကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။

"မင်း တကယ် မလိုချင်ဘူးလား"

ဆုမိုက ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။

အဘိုးအိုက နှုတ်ခမ်းမဲ့လိုက်သည်။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... တောင်တန်းနဲ့ ရေကန် အလှတွေက အကောင်းဆုံး အနေအထားမှာ ရှိနေတာ... မျက်စိနောက်စရာ အရာတွေ မလိုပါဘူး... သွားကြ... ထွက်သွားကြတော့"

ထိုစကားကို ကြားလိုက်ရသောအခါ ဝေဇီယီမှာ ပို၍ပင် ဒေါသထွက်သွားရ၏။ ဤတောင်တန်းနှင့် ရေကန်များက သူ တစ်ယောက်တည်းပိုင် မဟုတ်ချေ။

'ငါက ဒီလောက် လှတာကို မျက်စိနောက်စရာတဲ့လား... ဒီအဘိုးကြီးတော့ လွန်ပြီ'

ဝေဇီယီ တစ်ယောက် အတွေးထဲမှ ကြိတ်ကာ ကြိမ်းဝါးလိုက်မိ၏။

သို့သော် သူမသည် ထိုဒေါသများကို နှုတ်မှ ထုတ်မပြောလိုက်ပေ။

ဆုမိုက သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ အဘိုးအိုအား အလျင်အမြန် ကျောခိုင်း၍ ထွက်ခွာလာခဲ့ကြသည်။

အဘိုးအိုကို မမြင်ရတော့သည့် နေရာသို့ ရောက်သောအခါ ဝေဇီယီက ဆုမိုဘက်သို့ လှည့်လိုက်၏။

"သူက တာဝန်ခံကျန်း ရဲ့ သင်္ဘောပေါ်က သိုင်းပညာရှင်လား"

ဆုမိုက ပြုံးပြလိုက်သည်။

"မင်းလည်း အဲဒီလို တွေးမိတာပဲလား"

ဝေဇီယီက မကျေမနပ်ဖြင့် ထပ်လောင်း ပြောဆိုလိုက်၏။

"ငါက တုံးအအ မဟုတ်ပါဘူး... ငါ အရမ်း တော်တာ... တကယ် ပြောတာ"

ဆုမိုက အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ"

သူတို့ ပထမဆုံး စတင် တွေ့ဆုံစဉ်က သူမ အမှန်တကယ်ပင် အလွန် ထက်မြက်ခဲ့သည်။ သို့သော် မကြာသေးမီ ကာလများအတွင်း သူမသည် ဦးနှောက်ကို အသုံးချရန် ဝန်လေးနေပုံရသည်။

ဝေဇီယီက ဆုမို၏ တုံ့ပြန်မှုအပေါ် ရိုးသားမှု ရှိမရှိ ဂရုမစိုက်တော့ဘဲ အဘိုးအို၏ ရည်ရွယ်ချက်များကို တစ်ဖန် စတင် တွေးတောနေပြန်သည်။

"အဲဒီအဘိုးကြီးရဲ့ နောက်ခံက တကယ်တော့ ဘာကြီးလဲ"

ဆုမိုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

"ငါတို့ အခုမှ စတွေ့ရုံပဲ ရှိသေးတာကို... ပြီးတော့ သူက သူ့ရဲ့ သိုင်းပညာတွေကိုလည်း ထုတ်မပြထားဘူးလေ... ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ"

ဝေဇီယီက ပြုံးလိုက်သည်။

"အဲဒါလည်း ဟုတ်တာပဲ... ဒါပေမဲ့ နင့်ရဲ့ အရည်အချင်းနဲ့ ဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ရိပ်မိနိုင်တယ် မဟုတ်လား"

ဆုမို တစ်ခဏမျှ ရပ်တန့်သွားပြီး ဝေဇီယီကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်၏။

"သခင်မလေး ဝေက ငါ့ကို အကြံပေးစရာများ ရှိလို့လား"

ဝေဇီယီက နှုတ်ခမ်းမဲ့လိုက်သည်။

"...ဘယ်သူက ရဲမှာလဲ... နင် တစ်ခုခုကို ကြိုမြင်နေလို့ပဲ ဖြစ်ရမယ်... အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ လက်ဆောင်ကို ဘာလို့ လက်မခံရမှာလဲ"

ဆုမိုက ရှင်းပြလိုက်၏။

"ကျေးဇူးမှ မရှိဘဲနဲ့ ဆုလာဘ်ကို ဘယ်လက်ခံလို့ ရမလဲ"

ဝေဇီယီက သံသယ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"...သရဲကို သွားညာပါလား... တခြားသူတွေက နင့်အကြောင်း မသိပေမဲ့... ငါက နင့်အကျင့်ကို နားမလည်ဘဲ နေမလား... တာဝန်ခံကျန်း နဲ့ ပထမဆုံး စတွေ့တုန်းကတောင် နင်က မိုင်တစ်ထောင် ကြည့် မှန်ပြောင်း ကို လက်ခံခဲ့သေးတာပဲ မဟုတ်လား"

"အဲဒါနဲ့ ဒါနဲ့က မတူဘူးလေ"

"ကဲ ပြောပါ... နင် တစ်ခုခုကို မြင်ခဲ့တာလား မမြင်ခဲ့ဘူးလား"

ဆုမိုသည် အဘိုးအို ရှိနေခဲ့သော နေရာဆီသို့ လှည့်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများက တစ်ခဏမျှ စဉ်းစား တွေးတောနေဟန် ရှိသည်။ ထို့နောက် ဝေဇီယီကို ပခုံးချင်း တိုက်ကာ ခေါ်လိုက်၏။

"မြင်စရာ ဘာမှမရှိပါဘူး... ရှိခဲ့ရင်တောင် အဲဒါက ရမ်းဆ ခန့်မှန်းရုံ သက်သက်ပဲ ဖြစ်မှာပါ... သွားမယ်... ပြန်ကြစို့"

"ငါ့ကို မတွန်းနဲ့... ငါ့ဟာငါ လျှောက်တတ်တယ်... ဒါနဲ့ စကားမစပ်... နင့်ကို အချစ်ရေး ပြဿနာတွေ ဝိုင်းနေတယ်လို့ အဲဒီအဘိုးကြီးက ဘာလို့ ပြောသွားတာလဲ... နင် တခြား အချစ်ရေး ပြဿနာတွေများ ရှာထားသေးလို့လား"

"အဲဒီလိုမျိုး ဘာမှ မရှိပါဘူး"

"နင် ငါ့ကို လိမ်နေတယ် ဆိုတာ အသိသာကြီးပဲ"

"မင်းက ဘာလို့ အဲဒီလောက်တောင် သေချာနေရတာလဲ"

"ဒီလိုပဲ... ဘာအကြောင်းပြချက်မှ မရှိဘူး"

"အကြောင်းပြချက် မရှိဘဲနဲ့ ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား"

"ဒါပေါ့... နင့်ကို သတိပေးလိုက်မယ်... နင် ဘာပဲလုပ်လုပ်... အစ်မယန် ကို အရင် စဉ်းစားဦး..."

...

...

ဆုမိုနှင့် ဝေဇီယီတို့ နှစ်ဦး ဆူညံစွာ အငြင်းပွားနေကြစဉ်တွင် ကုန်းပတ်ပေါ်၌ ထိုင်နေသော အဘိုးအိုမှာမူ ဝက်ခြေထောက်ကင် တစ်ခုလုံးကို ပြောင်စင်အောင် စားသောက်ပြီးသွားခဲ့ပြီတည်း။

--

All Chapters