← Chapters

အခန်း ၅၆၉

Vol. 38 Ch. 569

အခန်း ၅၆၉

Vol. 38 Ch. 569

အခန်း (၅၆၉) အိမ်အပြန်ခရီး (အပိုင်း ၂)

ထို့နောက် လူတိုင်း အံ့အားသင့်သွားစေမည့် အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာ၏။ ထိုအဘိုးအိုသည် သူ၏ ရင်ခွင်ထဲမှ နောက်ထပ် ကြက်ကင်တစ်ကောင်ကို တကယ်ပင် ထုတ်ယူလိုက်ပြီး မြိန်ရည်ယှက်ရည် ဆက်လက် စားသောက်နေပြန်တော့သည်။

"လက်ဆောင်ကို မပေးခဲ့ရဘူးလား"

သူ၏ အနောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။

အဘိုးအိုက လှည့်မကြည့်ဘဲ ကြက်ဖင်ပိုင်းကို ဆွဲဖြဲလိုက်သည်။ ထို့နောက် သန့်စင်သွားအောင် သေချာစွာ ဖယ်ရှားလိုက်ပြီး ပါးစပ်ထဲသို့ ထိုးထည့်ကာ ဆီများ ပေကျံနေသည့်တိုင် အားရပါးရ ဝါးစားလိုက်၏။

"သူမှ မလိုချင်တာကို ငါက ဘယ်လိုလုပ် အတင်းအကျပ် သွားပေးလို့ ရမှာလဲ"

"ခင်ဗျား ဂိုကစားပွဲ တစ်ပွဲကို အချိန်ဆွဲပြီး ကစားနေခဲ့တာ အနှစ်လေးဆယ်ကျော်ပြီ... အဲဒီထဲက အနှစ်သုံးဆယ်ကျော်ကို ဒီ တုန်းဟွမ် မှာပဲ အချိန်ဖြုန်းခဲ့တာလေ... ရှာချင်တဲ့ အရာတွေကိုလည်း အခုထိ မတွေ့သေးဘူး ဆိုတော့... ကစားကွင်းပေါ်မှာ ခင်ဗျား ရွှေ့ဖို့ အကွက် ဘယ်နှစ်ကွက်များ ကျန်သေးလို့လဲ"

"ကောင်းကင်နဲ့ မြေကြီးက စစ်တုရင်ခုံ... သက်ရှိဝေနေယျ အားလုံးက စစ်တုရင်ရုပ်တွေပဲ"

အဘိုးအိုက ပြန်လည် တုံ့ပြန်လိုက်ပြီး ကြက်ခေါင်းကို ဆွဲဖြဲလိုက်သည်။ ထို့နောက် သင်္ဘောခန်း အပေါ်ပိုင်းတွင် ထိုင်နေသော လူငယ်လေးကို လှမ်းကြည့်ကာ ကမ်းပေးလိုက်၏။

"ရှောင်လျူ... မင်းကို ဒီကြက်ခေါင်း စားဖို့ ငါ ဖိတ်ခေါ်တယ်"

သူသည် လက်ကို ဆန့်ထုတ်ကာ ပစ်ပေါက်လိုက်ရာ ဝှစ်ခနဲ အသံနှင့်အတူ ကြက်ခေါင်းမှာ လူငယ်လေးထံသို့ လေထဲတွင် ပျံသန်းသွားတော့သည်။

လူငယ်လေးက လက်ကို ဖြန့်လိုက်ရုံဖြင့် ထိုကြက်ခေါင်းမှာ သူ၏ လက်ချောင်း နှစ်ချောင်းကြားတွင် အတိအကျ ရောက်ရှိသွား၏။ ကြက်ခေါင်းကို တစ်ချက် ကြည့်ပြီးနောက် သူက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ကြက်ခေါင်း ဖြစ်ဖြစ် ဖီးနစ်အမြီး ဖြစ်ဖြစ် ကျွန်တော် လိုချင်တဲ့ အရာ မဟုတ်ဘူး... အဲဒီကြက်ခေါင်းကို ခင်ဗျား ဘာသာပဲ ဆက်စားလိုက်ပါ"

လက်ကောက်ဝတ် အားကို အသုံးပြု၍ ပစ်လွှတ်လိုက်ရာ ကြက်ခေါင်းမှာ လေထဲသို့ ပြန်လည် လွင့်ထွက်သွားတော့သည်။ ဤအပြုအမူက စားစရာ ကမ်းပေးခြင်းထက် အဘိုးအို၏ ကိုယ်ခန္ဓာကို ဖောက်ထွင်းပစ်ရန် ရည်ရွယ်နေသည့်အလား ပို၍ ဆင်တူနေ၏။

အဘိုးအိုကမူ လှည့်လိုက်ရုံဖြင့် ပါးစပ်ကို ဟကာ ထိုကြက်ခေါင်းကို အတိအကျ ဖမ်းဟပ်လိုက်သည်။ ထို့နောက် ခေါင်းကို နောက်သို့ ဆုတ်ကာ ဝါးစားလိုက်ရာ အရိုးကြိတ်သံများပင် ထွက်ပေါ်လာတော့၏။ စားသောက်ပြီးသွားသောအခါ သူက တီးတိုး ရေရွတ်လိုက်သည်။

"ဒီခေတ် လူငယ်တွေက အမြဲတမ်း မျှော်လင့်ချက်တွေ ကြီးမားလွန်းတယ်... စားတာပဲ ဖြစ်ဖြစ်... ဂိုကစားတာပဲ ဖြစ်ဖြစ်... လမ်းလျှောက်တာပဲ ဖြစ်ဖြစ်... အဆင့်လိုက် တစ်လှမ်းချင်းစီ သွားရမှာပေါ့... တုန်းဟွမ် ရဲ့ ဒီစစ်တုရင်ပွဲကြီးက တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ"

"ပြောင်းလဲနိုင်ခြေတွေ အရမ်းများလာပြီး ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားမှာကိုပဲ စိုးရိမ်မိတယ်"

"အဲဒါကပဲ စိတ်ဝင်စားစရာ အကောင်းဆုံးလေ"

အဘိုးအိုက ထိုကိစ္စကို လုံးဝ ဂရုမစိုက်ချေ။ လူငယ်လေးကို မော်ကြည့်လိုက်ရာ သူက ကျောခိုင်း၍ ထွက်ခွာရန် ပြင်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် လူငယ်လေး၏ အသံက လွင့်ပျံလာဆဲပင်။

"စားလို့ ပြီးပြီဆိုရင်လည်း စောစောစီးစီး ပြန်သွားတာ ကောင်းမယ်... ဒီလိုမျိုး ဆက်ပြီး ကြွားလုံးထုတ်နေဦးမယ် ဆိုရင်... သူက သာမန် ပြိုင်ဘက်မျိုး မဟုတ်ဘူး... ရှီးကျိုး ကိုတောင် ပြန်မရောက်နိုင်ဘဲ ဖြစ်သွားဦးမယ်.. သတိထားဦး"

"ပြန်မရောက်နိုင်ရင်လည်း မရောက်နိုင်ဘူးပေါ့... အဲဒါက ဘာတွေများ အရေးကြီးနေလို့လဲ"

အဘိုးအိုက တီးတိုး ခွန်းတုံ့ပြန်လိုက်သည်။ ထို့နောက် နောက်ထပ် ကြက်ပေါင် တစ်ချောင်းကို ဆွဲဖြဲကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ သူ၏ မျက်လုံးများကို အရှေ့ဘက်ရှိ တောင်တန်းများနှင့် မြစ်ပြင်ကျယ်ဆီသို့ အာရုံစိုက်လိုက်ရာ အလွန်တရာ ကျေနပ် အားရနေဟန် ရှိတော့သည်။

...

...

မြစ်သုံးသွယ် ဆိပ်ကမ်း။

လူအရေအတွက်ကို စစ်ဆေးပြီး မည်သူ တစ်ဦးတစ်ယောက်မျှ ကွဲကွာ ကျန်ရစ်ခြင်း မရှိကြောင်း သေချာသွားသောအခါ ဆုမိုသည် တာဝန်ခံကျန်း ထံသို့ နှုတ်ဆက်ရန် လျှောက်သွားလိုက်၏။

"အာမခံခေါင်းဆောင် ဆု က ဘာလို့ ကျွန်တော်တို့နဲ့အတူ သင်္ဘောပေါ် ဆက်မလိုက်တာလဲ... ဘာပဲဖြစ်ဖြစ် ဒီသင်္ဘောက လော့ဖုန်း မဟာမိတ်အဖွဲ့ ဆီကို တစ်ခေါက် သွားရဦးမှာလေ"

တာဝန်ခံကျန်း ၏ မျက်နှာတွင် ခွဲခွာရမည်ကို ဝမ်းနည်းနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ ဆုမိုက အပြုံးလေးဖြင့် ရှင်းပြလိုက်၏။

"ကျွန်တော်က ကုန်းလမ်းက သွားရတာကို ပိုအကျင့်ပါနေလို့ပါ... ပြီးတော့ သင်္ဘောပေါ်မှာ ဒီလောက် လူတွေအများကြီး စားသောက်နေကြတာကို တာဝန်ခံကျန်း က ပိုက်ဆံလည်း မယူဘူး ဆိုတော့... ဘယ် မျက်နှာနဲ့များ ဆက်ပြီး အနှောင့်အယှက် ပေးရက်မှာလဲ"

"ဒီလိုမှန်း သိရင်... ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးကို နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ခေါ်ထားနိုင်အောင် ခင်ဗျားဆီက ငွေစလေး နည်းနည်းပါးပါး ယူထားလိုက်ရမှာ"

တာဝန်ခံကျန်း က ခါးသီးသော အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ ဆုမိုက ပြုံးလျှက် ကတိပေးလိုက်၏။

"အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာဦးမှာပါ... တစ်နေ့နေ့ တောင်ပိုင်း ပင်လယ်ပြင်ဆီကို ကျွန်တော် ရောက်လာတဲ့အခါ... ရေစက် ပါလို့ တာဝန်ခံကျန်း နဲ့ ပြန်ဆုံဖြစ်ရင်တော့ အဲဒီအချိန်ကျ သေချာပေါက် အနှောင့်အယှက် ပေးရမှာပဲ"

"အဲဒီစကားကိုတော့ တည်ရမယ်နော်"

တာဝန်ခံကျန်း က ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် တစ်ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ ရင်ခွင်ထဲမှ တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်၏။

ဆုမို တစ်ယောက် ဆွံ့အသွားရပြန်သည်။ ယခုအခါ တံဆိပ်ပြားများကို မြင်လိုက်သည်နှင့် သူ၏ ခေါင်းများပင် ကိုက်ခဲလာသလို ခံစားရ၏။ သူ၏ အိတ်ငယ်လေးထဲတွင်လည်း အမျိုးအမည် မသိသော တံဆိပ်ပြားများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

လော့ဖုန်း မဟာမိတ်အဖွဲ့ မှ လော့ဖုန်း အမိန့်တော်၊ ဓားပျိုးထောင်တဲ မှ ဓားခွဲ အမိန့်တော် တို့မှ စတင်ခဲ့ပြီး ထျန်းချူဂိုဏ်း သို့ သွားရောက်ခဲ့စဉ်ကလည်း ထျန်းချူ တံဆိပ်ပြား ကို ရရှိခဲ့သေး၏။ ဇီယန်ဂိုဏ်း သို့ ပြန်ရောက်သောအခါ ဇီယန် အမိန့်တော် ကို ထပ်မံ ရယူခဲ့ရပြန်သည်။

စစ်ထူ လေးကလည်း ရွှမ်ဟူစံအိမ် ၏ တံဆိပ်ပြား တစ်ခုကို စိတ်လှုပ်ရှားစွာဖြင့် သူ့ထံ ပေးအပ်ခဲ့သေး၏။

ထို့နောက်ပိုင်းတွင် ယင်ယန် အင်မော်တယ် အမိန့်တော် ကိုပါ ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။ အားလုံးကို ခြုံငုံ ရေတွက်ကြည့်မည် ဆိုပါက သူ၏ လက်ထဲတွင် တံဆိပ်ပြား ခုနစ်ခုတိတိ ရှိနေခဲ့ပြီ ဖြစ်သည်။ ယခုအခါ တာဝန်ခံကျန်း ကလည်း နောက်ထပ် တံဆိပ်ပြား တစ်ခုကို ဆုမို ထံသို့ ကမ်းပေးလာပြန်၏။

"ဒါက တောင်ပိုင်း ပင်လယ်ပြင် က ကုန်သည်တစ်ရာ အသင်း က ပူးပေါင်း ထုတ်ဝေထားတဲ့ ဧည့်သည်တော် တံဆိပ်ပြား ပါ... နာမည်အတိုင်းပါပဲ... ဒီတံဆိပ်ပြား ရှိနေရင် အသင်းဝင် ကုန်သည်တွေဆီမှာ ခင်ဗျားကို ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ဦး အနေနဲ့ ဆက်ဆံပါလိမ့်မယ်"

"တောင်းဆိုသမျှ အားလုံးကို ဖြည့်ဆည်းပေးနိုင်မယ် လို့တော့ ကျွန်တော် အာမမခံရဲဘူး... ဒါပေမဲ့ ရိက္ခာ ဖြည့်တင်းတာတို့... သင်္ဘောပေါ်မှာ လိုအပ်တဲ့ ပစ္စည်းတွေ ထပ်ဖြည့်တာတို့ ဆိုရင်တော့ ခင်ဗျားကို သေချာပေါက် ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်... အရေးကြီးဆုံး အချက်ကတော့ အဲဒီအတွက် တစ်ပြားတစ်ချပ်မှ ကုန်ကျမှာ မဟုတ်ဘူး"

"ကျွန်တော်တို့ရဲ့ ဆိုင်ငယ်လေး ကလည်း အဲဒီ အသင်းဝင် တစ်ရာ ထဲမှာ ပါဝင်တဲ့အတွက် ကျွန်တော့်ဆီမှာလည်း ဒီလို တံဆိပ်ပြားမျိုး ရှိနေတာပါ... အာမခံခေါင်းဆောင် ဆု... ကျေးဇူးပြုပြီး ဒါလေးကို လက်ခံပေးပါ... တစ်နေ့နေ့ တောင်ပိုင်း ပင်လယ်ပြင် ဆီကို ခင်ဗျား တကယ် ခြေချဖြစ်ခဲ့ရင်... ဒီတံဆိပ်ပြားက ကျွန်တော့်ကို ရှာတွေ့ဖို့ ကူညီပေးပါလိမ့်မယ်"

ထိုစကားကို ကြားသောအခါ ဆုမိုသည် လှမ်းယူလိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

"ဒါဆိုလည်း တာဝန်ခံကျန်း ကို ကျေးဇူးတင်ပါတယ်ဗျာ"

"အားနာစရာ မလိုပါဘူး"

တာဝန်ခံကျန်း က သက်ပြင်း သဲ့သဲ့လေး တစ်ချက် ချလိုက်၏။

"ဒီလိုဆိုရင်လည်း... ခေါင်းဆောင်ဆု ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရောက်ရှိလာမှုကို စောင့်ကြိုဖို့ တောင်ပိုင်း ပင်လယ်ပြင် မှာ စားသောက်ပွဲကြီး တစ်ခုကို ကျွန်တော် ကြိုတင် ပြင်ဆင်ထားလိုက်ပါ့မယ်"

"ကောင်းပြီ... နောက်မှ ပြန်တွေ့ကြတာပေါ့"

"နောက်မှ ပြန်တွေ့ကြတာပေါ့ဗျာ"

လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်ပြီးနောက် တာဝန်ခံကျန်း သည် အရင်ဆုံး လှည့်ထွက်သွားခဲ့သည်။ တုန်းဟွမ် မှ ကုန်ပစ္စည်းများကို ပင်လယ်ပြင်သို့ ရောင်းချရန် သူ မစောင့်ဆိုင်းနိုင်တော့သည့်အလားပင်။ ဆုမိုသည် ဆိပ်ကမ်းတွင် ရပ်ကာ သူ့ကို အရင်ဆုံး နှုတ်ဆက် ပို့ဆောင်ပေးလိုက်၏။

အဝေးသို့ ငေးကြည့်ပြီးနောက် သူ၏ လက်ထဲရှိ တံဆိပ်ပြားကို တစ်ချက် ကြည့်လိုက်သည်။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးမှ ထိုအရာကို သူ၏ အိတ်ငယ်လေး အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။ ထို့နောက် လှည့်ကာ သူ၏ အဖွဲ့သားများကို ဦးဆောင်ပြီး မြစ်သုံးသွယ် အော် ဆိပ်ကမ်းမှ တိုက်ရိုက် ထွက်ခွာလာခဲ့ကြ၏။

လော့ရှားမြို့ သို့ အပြန်ခရီးနှင့် ပတ်သက်၍မူ ထွေထွေထူးထူး ပြောဆိုစရာ မရှိချေ။ ခရီးဆက်နေခြင်းသာ ဖြစ်၍ ဖော်ပြစရာ သိပ်မရှိလှပေ။ သို့ရာတွင် လမ်းခရီး တစ်လျှောက်၌ ဆုမိုနှင့် ပတ်သက်သော ကောလဟာလများကို ရံဖန်ရံခါ ကြားနေရသည်။ ထိုပုံပြင် နှစ်ပုဒ်တည်းကိုပင် မျိုးစုံလှသော ပုံစံများဖြင့် ချဲ့ကား ပြောဆိုနေကြခြင်းပင်။

တည်းခိုခန်းများနှင့် လက်ဖက်ရည်ဆိုင်များတွင် သိုင်းလောကမှ သာမန်လူများ ပြင်းပြင်းထန်ထန် ဆွေးနွေး ငြင်းခုံနေကြခြင်းမှာ တစ်ကဏ္ဍ ဖြစ်၏။ ပုံပြင် ပြောသူများကမူ ဤအရာများ အားလုံးကို စုစည်းကာ စာအုပ်များစွာနှင့် အခန်းပေါင်း ဒါဇင်ချီ၍ ဖန်တီးထားကြသည်။ တစ်နေ့လျှင် တစ်ခန်းကျစီ ပြောပြကြပြီး စကားလုံး တစ်လုံးမျှပင် မထပ်အောင် ပြောဆိုနိုင်ကြ၏။

ဆုမိုသည် ခရီးသွားနေစဉ်အတွင်း သူ၏ ဇာတ်လမ်းကို ပုံပြင်ပြောသူ အမျိုးမျိုးက ပုံစံအမျိုးမျိုးဖြင့် ပြောပြနေသည်ကို ကြားခဲ့ရသည်။ ဇာတ်လမ်းများမှာ ကွဲပြားခြားနားနေပြီး သူ၏ ပုံသဏ္ဌာန် ဖော်ပြချက်များပင်လျှင် တစ်ခုနှင့်တစ်ခု မတူညီ နေတော့ချေ။

--

All Chapters