အခန်း ၅၇၀
Vol. 38 Ch. 570
အခန်း (၅၇၀) အိမ်အပြန်ခရီး (အပိုင်း ၃)
လူအချို့က ဆုမိုကို ကျောက်စိမ်းတစ်ပွင့်အလား နူးညံ့သိမ်မွေ့ပြီး အလွန်တရာ အေးချမ်းလွတ်လပ်သော လူကြီးလူကောင်း တစ်ဦးဟု တင်စားကြ၏။ အချို့ကမူ သူသည် ပခုံးကျယ်ကျယ် ခါးတုတ်တုတ်နှင့် ကြောက်မက်ဖွယ် ကျားရိုင်းတစ်ကောင်ကိုပင် ချိုင်းကြား၌ ညှပ်ကာ မျက်စိတစ်မှိတ်အတွင်း အသေသတ်နိုင်သူဟု အတပ်ဆိုကြပြန်သည်။
ဆုမို အသုံးပြုသော လက်နက်များမှာလည်း မျိုးစုံကွဲပြားလှ၏။ ယေဘုယျအားဖြင့်တော့ သူသည် ကျောပြင်ထက်၌ သေတ္တာတစ်လုံးကို အမြဲလွယ်ထားတတ်ကြောင်း ကောလဟာလ ထွက်နေကြသည်။ သို့သော် ထိုသေတ္တာအတွင်း၌ မည်သည့်အရာများ ရှိနေသနည်း ဆိုသည်က အလွန် ရှုပ်ထွေးလှသည်။ အသိပညာ ကြွယ်ဝသူများကမူ ၎င်းသည် 'နဂါးဟိန်းဓား' ဟု ခန့်မှန်းကြ၏။ မသိနားမလည်သူများကမူ ကိုယ်ထင်ရာကိုယ် လျှောက်ပြောနေကြတော့သည်။
အချို့က ထိုသေတ္တာထဲတွင် 'ခရမ်းရွှေရောင် တူရွင်း' တစ်လက်ကို ဖုံးကွယ်ထားသည်ဟု ဆိုကြပြီး အချို့ကလည်း လောက၏ နံပါတ်တစ် လျှို့ဝှက်လက်နက် ပါဝင်သည်ဟု ထင်ကြေးပေးကြသည်။ သို့ရာတွင် ထိုလက်နက်၏ အမည်နာမကို တိတိကျကျ မေးမြန်းလိုက်သောအခါ မည်သူကမျှ အဖြေမပေးနိုင်ကြချေ။
ထိုသို့ လျှောက်ပြောနေသူများမှာ ယုံကြည်လောက်ဖွယ် အကြောင်းပြချက် တစ်ခုမျှပင် ဖန်တီးထားနိုင်ခြင်း မရှိဟု ဆုမို တွေးတောမိလိုက်၏။ မည်သို့ပင်ဖြစ်စေ ထိုဇာတ်လမ်းများမှာ အလွန်အမင်း ချဲ့ကားထားခြင်း မဟုတ်သေးပေ။ အဆိုးရွားဆုံး ကောလဟာလမှာ သူ၏ သေတ္တာထဲ၌ 'ကောင်းကင် လှံရှည်ကြီး' တစ်လက် ရှိနေသည် ဟူသော အချက်ပင်။
ထိုအရာက တစ်ခါမှ မကြားဖူးသော အဓိပ္ပာယ်မဲ့ စကားသာ။ ထိုမျှ ကြီးမားသော လှံရှည်ကြီးကို ဆံ့ရန်အတွက် သေတ္တာက မည်မျှ ကြီးမားနေရမည်နည်း။ ထိုအရာကြီးကို ကျောတွင်လွယ်ကာ မြို့ထဲ၌ ဟန်ရေးပြ လမ်းလျှောက်နေပါက မြေပြင်နှင့်ပင် တရွတ်တိုက် ဆွဲနေမည် မဟုတ်ပါလော။
အချုပ်အားဖြင့်ဆိုရသော် ခရီးစဉ် တစ်လျှောက်လုံး၌ ဤကောလဟာလများကြောင့် ဆုမို တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ရပြီး ဝေဇီယီနှင့် အခြားသူများကမူ အားရပါးရ ရယ်မောနေကြတော့သည်။ သူတို့က အခွင့်အရေး ရတိုင်း ဆုမိုကို ဤကိစ္စဖြင့် လှောင်ပြောင် စနောက်တတ်ကြ၏။ သေချာသည်မှာ ဝေဇီယီ တစ်ယောက်တည်းသာ ဤသို့ ပြုမူရဲခြင်းပင်။ အခြား မည်သူကမျှ မစနောက်ရဲကြချေ။
ဆုမို၏ ဂုဏ်သတင်းမှာ တစ်နေ့တခြား ကြီးမားလာသည်နှင့်အမျှ သူသည် ယခင်ကလို ရိုးရှင်းစွာ နေထိုင်ဆဲ ဖြစ်သော်ငြားလည်း သူ့ကိုယ်ပိုင် အရှိန်အဝါ တစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ လက်အောက်ငယ်သားများကလည်း သူ့ကို အလွန်တရာ ရိုသေလေးစားကြပြီး ပေါ့ပေါ့ဆဆ မပြုမူရဲကြတော့ချေ။
ဤကိစ္စများအပြင် အိမ်အပြန်ခရီး တစ်လျှောက်၌ အများဆုံး ကြားရသော သတင်းမှာ လော့ဖုန်း မဟာမိတ်အဖွဲ့ က ကြီးမားသော မဟာမိတ် စုဝေးပွဲကြီး တစ်ခုကို ကျင်းပတော့မည် ဟူသောအချက်ပင်။ ဤစုဝေးပွဲကြီးကို လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်း၌ပင် ကျင်းပမည် ဖြစ်သည်။ လာမည့် လအနည်းငယ် အတွင်း၌ ကျင်းပသင့်သော်လည်း တိကျသော နေ့ရက်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးပေ။
ဤခမ်းနားလှသော စုဝေးပွဲကြီး၏ အဓိက ရည်ရွယ်ချက်မှာ မဟာမိတ်ခေါင်းဆောင် ရာထူး ဆက်ခံခြင်း ကိစ္စရပ်ကို ဖြေရှင်းရန်ပင်။ မဟာမိတ်ခေါင်းဆောင် ရာထူးအတွက် ရှည်ကြာလှသော တိုက်ပွဲကြီးမှာ မကြာမီ အဆုံးသတ်တော့မည် ဖြစ်သည်။ ပြင်ပလူများ၏ အမြင်တွင်မူ အတွင်းရေး အခြေအနေများက အင်အားစု သုံးစုကြားရှိ ရှုပ်ထွေးလှသော အားပြိုင်မှုကြီး တစ်ခုအဖြစ် မြင်တွေ့နေရသည်။
မူလက ဝေရူဟန် အနေဖြင့် သူ၏ မြေးမလေး ဝေဇီယီ ထံသို့ မဟာမိတ်ခေါင်းဆောင် ရာထူးကို လွှဲပြောင်းပေးရန် လုံးဝ မဖြစ်နိုင်ဟု သူတို့ ထင်မှတ်ထားခဲ့ကြ၏။ ကျုံးဖူမြို့ ၏ မြို့တော်ဝန်မှာ ဆုမို၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အသက်ပျောက်သွားခဲ့ရသည်။ ထို့နောက် မြို့တော်ဝန် ရာထူးမှာ ချီလု ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
ဆုမိုက ဝေရူဟန်၏ ဖီးနစ် အမိန့်တော် ကို အသုံးပြုကာ မထွက်ခွာမီ စကားအချို့ ချန်ရစ်ခဲ့သောကြောင့် ချီလု သည် ဝေရူဟန်အပေါ် သစ္စာစောင့်သိကြောင်း ကတိပြုခဲ့သည်။ ဤကိစ္စရပ်မှာ နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး မဆုံးဖြတ်ရသေးသော ဒုတိယ မြို့တော်ဝန် ရာထူးမှာ သူတို့၏ အာဏာပြိုင်ပွဲတွင် အဓိက သော့ချက် တစ်ခု ဖြစ်လာခဲ့တော့သည်။
နောက်ဆုံးတွင် ဒုတိယ မြို့တော်ဝန် ရာထူးမှာ ဝူတောက်ယို ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ထိုအချိန်မှစ၍ အခြေအနေများ ပြောင်းလဲသွားတော့သည်။ နယ်မြေသစ်များ ချဲ့ထွင်ရာတွင် ဝူတောက်ယို၏ အောင်မြင်မှုများကြောင့် သူသည် လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေ၏ ထက်ဝက်နီးပါးကို သိမ်းပိုက်နိုင်သွားခဲ့သည်။
ဝူတောက်ယို၏ အာဏာကို ယှဉ်ပြိုင်နိုင်သူဟူ၍ ဟွာချန်ယွီ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။ သို့သော် မည်သူက အဆုံးစွန်သော အောင်ပွဲကို ဆွတ်ခူးသွားမည်နည်း ဆိုသည်မှာ ဆွေးနွေး ငြင်းခုံစရာ တစ်ခု ဖြစ်နေဆဲပင်။
ထိုသို့သော အရေးကြီးသည့် အချိန်ကာလတွင် ဝေဇီယီသည် မဟာဗျူဟာများ ချမှတ်ရန် လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်း ဆက်လက် မနေထိုင်ဘဲ တုန်းချန် သို့ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်။ ထိုအချိန်က အခြားသူများ၏ အမြင်တွင် ဤအပြုအမူမှာ အလွန်တရာ မိုက်မဲသော လုပ်ရပ် တစ်ခုအလား ထင်မှတ်စရာပင်။ ဤခရီးစဉ်ကြောင့် သူမသည် လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်းရှိ အဓိက အာဏာစက်ဝန်းထဲမှ လုံးဝ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ အခြားသော အင်အားစု နှစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း သူမတွင် လုံးဝ ရှိမနေတော့ချေ။
သို့သော် ဆုမိုနှင့်အတူ တုန်းချန် သို့ သွားရောက်ခဲ့သော သူမ၏ ခရီးစဉ်က ဆုမိုအား တုန်းဟွမ် တစ်ခွင်၌ ပြိုင်ဘက်ကင်း အတော်ဆုံး သိုင်းပညာရှင် ဟူသော ဂုဏ်သတင်းကို ရရှိစေလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။ ဤအောင်မြင်မှုမှာ ဝူတောက်ယို၏ အကျိုးအမြတ်များထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
အကယ်၍သာ ဆုမိုသည် လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ အာဏာလုပွဲတွင် အမှန်တကယ် ဝင်ရောက် ပတ်သက်ပြီး ဝေဇီယီကို အပြည့်အဝ ထောက်ခံပေးမည် ဆိုပါက သူမ မဟာမိတ်ခေါင်းဆောင် ဖြစ်လာရန်မှာ လက်တစ်ဖက်ကို လှန်လိုက်ရုံမျှ လွယ်ကူလိမ့်မည်ဟု ဆိုလျှင် လုံးဝ ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။
ယခုအခါ လူအများကို အတွေဝေဆုံး ဖြစ်စေသည့် အရာမှာ ဤကိစ္စနှင့် ပတ်သက်၍ ဆုမို၏ အမှန်တကယ် ရပ်တည်ချက်ပင်။ လူအများ အနှစ်သက်ဆုံး ဆွေးနွေးနေကြသည့် အကြောင်းအရာမှာလည်း ဆုမိုနှင့် ဝေဇီယီတို့ကြားရှိ ပတ်သက်မှု အကြောင်းသာ ဖြစ်တော့၏။
ဝေရူဟန် ကမူ ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်အခါမျှ အသေးစိတ် ရှင်းပြလေ့ မရှိချေ။ သွယ်ဝိုက်သော နည်းလမ်းဖြင့် မေးမြန်းခံရလျှင်ပင် သူမတို့ နှစ်ဦးသည် စိတ်တူကိုယ်တူ မိတ်ဆွေများသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကာ ငြင်းဆန်လေ့ ရှိသည်။ မိတ်ဆွေများ အဖြစ်သာ သတ်မှတ်ထားသော်ငြားလည်း မည်သူကမျှ ဝေဇီယီတို့ကို ပေါ့ပေါ့တန်တန် မဆက်ဆံရဲကြချေ။ ဤသို့ဖြင့် သုံးပွင့်ဆိုင် အားပြိုင်ပွဲကြီးမှာ အတိအကျ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အချို့မှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး အချို့မှာမူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြ၏။ သို့သော် အများစုမှာ အနာဂတ် အခြေအနေများ မရေရာမှုကြောင့် စိုးရိမ်ပူပန်နေကြပြီး အရာအားလုံး အေးချမ်းတည်ငြိမ်ကာ အငြင်းပွားမှုများ အနည်းဆုံး ဖြစ်ရန်သာ မျှော်လင့်နေကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဆုမို စူးစမ်းလိုသည့် တစ်ခုတည်းသော အရာမှာ ဝေရူဟန် တစ်ယောက် အမှန်တကယ် ဘာတွေ ကြံစည်နေသနည်း ဟူသောအချက်ပင်။ လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်းရှိ ရှုပ်ထွေးနက်နဲလှသော အခြေအနေများကို အမှန်တကယ် နားလည်သူမှာ ဝေရူဟန် တစ်ယောက်တည်းသာ ရှိ၏။ ပြင်ပလူများ မြင်တွေ့နေရသော ထိတ်လန့် စိုးရိမ်ဖွယ်ရာ အခြေအနေ အားလုံးမှာ သူ့အတွက် လုံးဝ ရှိမနေခဲ့ချေ။
ဝေရူဟန်၏ တစ်ဆင့်ချင်းစီ အကွက်ချ ကြံစည်မှုများမှာ တိကျသော ရည်ရွယ်ချက် တစ်ခုကြောင့်သာ ဖြစ်ရမည်။ သို့ရာတွင် ငါးမျှားချိတ်ကို ပစ်ချလိုက်သည်နှင့် မည်သည့် သားကောင်ကို ဆွဲတင်နိုင်မည်နည်း ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်သေးပေ။ သို့သော် ဤကိစ္စမှာ လအနည်းငယ် အတွင်း သဘာဝကျကျပင် ပေါ်ပေါက်လာမည် ဖြစ်ရာ ဆုမိုသည် ထိုအကြောင်းကို ဆက်လက် တွေးတော မနေတော့ချေ။
ထိုစဉ် မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအုပ်ကြီး၏ ရှေ့၌ ဇရပ် တစ်ခု ရုတ်တရက် ပေါ်လာတော့၏။ လော့ရှားမြို့ ပြင်ရှိ ဆယ်မိုင် ဇရပ်ပင်။
ဆုမိုသည် အဝေးရှိ ဇရပ်ကို ငေးကြည့်ရင်း နက်နဲသော ယန္တရား ပြသနာ အတွင်းသို့ ပထမဆုံး အကြိမ် ပါဝင်ပတ်သက်ခဲ့ရပြီး လော့ရှားမြို့ ဆင်ခြေဖုံးသို့ ပြန်လည်ရောက်ရှိကာ ဆယ်မိုင် ဇရပ်၌ ခေတ္တ အနားယူခဲ့ရသည့် အချိန်ကို ပြန်လည် သတိရမိသွားသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် နှစ်ပေါင်းများစွာ မတွေ့ရသော ယန်ရှောင်ယွင် သည် သူ၏ မြင်ကွင်းထဲသို့ ပထမဆုံးအကြိမ် ရုတ်တရက် ဝင်ရောက်လာခဲ့ပါ၏။
ရဲရင့် တက်ကြွပြီး မည်သည့် ယောက်ျားသားထက်မျှ မနိမ့်ကျသော မာနတရား၊ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသော မိန်းမပျိုလေးပင်။ ယခု ထိုဇရပ်ကို တစ်ဖန် ပြန်လည် ကြည့်ရှုလိုက်သောအခါ လှံရှည် တစ်လက်ကို ကိုင်ဆောင်ကာ မတ်မတ်ရပ်နေသော သွယ်လျလျ ပုံရိပ်လေးကိုပင် ဆုမို မြင်တွေ့နေရသည့် အလား ခံစားလိုက်ရသည်။
ထိုစဉ် အရိပ်လေးတစ်ခု လှုပ်ရှားသွားပြီး သူ၏ ဦးတည်ရာဘက်သို့ ရူးသွပ်စွာ ပြေးဝင်လာတော့၏။ ဆုမို တစ်ယောက် လန့်ဖျပ်သွားသည်။
မည်သည့် အရိပ်နည်း။ ၎င်းမှာ ယန်ရှောင်ယွင် မှလွဲ၍ အခြား မည်သူမျှ မဟုတ်ပါချေ။
ရုတ်တရက် အံ့အားသင့်သွားပြီးနောက် သူသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ဘဲ မြင်းကျောပေါ်မှနေ၍ ခြေဖျားကို အသာအယာ ထောက်ကာ သူမဆီသို့ လေထဲမှ ပျံဝဲ သွားတော့သည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် သူတို့ နှစ်ဦးမှာ ခြေတစ်လှမ်း အကွာတွင်သာ ရပ်နေကြပြီး လှုပ်ရှားမှုများကို ရပ်တန့်ကာ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။
နှစ်ဦးစလုံး၏ မျက်ဝန်းများထဲတွင် ပြောစရာ စကားလုံးပေါင်း ထောင်သောင်းမက ပါဝင်နေသည်။ သို့သော် နှုတ်မှ ထုတ်ပြောရန် ကြိုးစားလိုက်သောအခါ မည်သည့် စကားမှ မထွက်လာတော့ချေ။
အချိန်အတော်ကြာပြီးနောက် ယန်ရှောင်ယွင် က ညင်သာစွာ စကားစလိုက်သည်။
"နင် ပိန်သွားတယ်နော်..."
ဆုမိုက သူ၏ မျက်နှာကို အလိုအလျောက် ပွတ်သပ်လိုက်ပြီး အပြုံးလေးဖြင့် တုံ့ပြန်လိုက်၏။
"အဆင်ပြေပါတယ်..."
"နင် ထမင်းကောင်းကောင်း မစားရ အိပ်ရေးမဝလို့ ပိန်သွားတာ သေချာတယ်..."
ယန်ရှောင်ယွင်၏ မျက်ဝန်းများတွင် နာကျင်မှု အရိပ်အယောင်များ စွန်းထင်းနေပြီး ဆုမို၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ပြောစရာ စကားမဲ့သွားသော ဆုမိုသည် သူမ၏ လက်ကို အလိုအလျောက် ပြန်လည် ဆုပ်ကိုင်လိုက်ပြီး သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်၏။
"အစ်မယွင် ဘာလို့ ဒီမှာ လာစောင့်နေရတာလဲ..."
"နင် ပြန်လာတော့မယ်လို့ ငါ ခံစားမိလို့လေ..."
ယန်ရှောင်ယွင် က သူမ၏ လက်ကို ရုပ်မသိမ်းဘဲ တိုးတိုးလေး ဆက်ပြောလိုက်သည်က..
"နင် လော့ရှားမြို့ဆီ လှမ်းလာတဲ့ ခြေလှမ်းတိုင်းက ငါ့နှလုံးသား ထိပ်ဖျားကို တိုက်ရိုက် နင်းဖြတ်သွားသလို ခံစားရတယ်..."
"ငါ့ ရင်တွေ ထိန်းမရအောင် ခုန်နေခဲ့တာ... နင် ဘယ်အချိန် ပြန်ရောက်မလဲ ဆိုတာကို စောင့်ကြည့်ဖို့ ငါ တကယ် မစောင့်နိုင်တော့ဘူး... ပြီးတော့... နင် တကယ် ပြန်ရောက်လာတယ်..."
"ဒါဆို အစ်မယွင် ဒီမှာ အကြာကြီး စောင့်နေခဲ့ရတာပေါ့..."
"ဘယ်လောက်ကြာကြာ စောင့်ရ စောင့်ရ ငါကတော့ ကျေနပ်ပါတယ်..."
သူမက ဆုမိုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ရုတ်တရက် ပြုံးလိုက်၏။
"နင် အိမ်ပြန်လာမယ့် အချိန်ကို စောင့်နေရတာက တခြား ဘယ်အရာထက်မဆို ပိုကောင်းပါတယ်..."
"ဟုတ်တယ်... အခု ကျွန်တော်..ပြန်ရောက်လာပြီလေ..."
--