← Chapters

အခန်း ၆၉၁

Vol. 47 Ch. 691

အခန်း ၆၉၁

Vol. 47 Ch. 691

အခန်း (၆၉၁) - သောင်းကျန်းနေသော အပင်နတ်ဆိုးများနှင့် ဘေးရန်ကို နှိမ်နင်းခြင်း

ပင်လယ်ရှစ်စင်း၏ စည်းစနစ်ကို ထိန်းသိမ်းရန်အတွက် နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် ကျောင်းယန်မြို့တော်သို့ ပြန်ရန်ပင် အချိန်မရနိုင်တော့ပေ။

“လနီစွမ်းအားကြောင့် ရူးသွပ်သွားတဲ့ အပင်နတ်ဆိုး (အပင် မိစ္ဆာ) တွေဟာ သတ်ဖြတ်ဖို့ပဲ သိတော့တယ်.. အဲဒီကောင်တွေကို အမြစ်ပြတ် သုတ်သင်ရမယ်”

လင်ယွဲ့က အမိန့်ပေးလိုက်၏။

“ဒီလက်အောက်ငယ်သား နားလည်ပါပြီ”

အမိန့်ရသည်နှင့် နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် ညွှန်ကြားချက်များကို လျင်မြန်စွာ လက်ဆင့်ကမ်းလိုက်၏။

ပင်လယ်ရှစ်စင်း နတ်ဆိုးမျိုးနွယ်စု၏ နန်းတော်အတွင်းမှ အဖွဲ့ဝင်အများအပြားသည် ဒုက္ခပေးနေသော ရှားစောင်းလက်ပတ်နတ်ဆိုးများကို လိုက်လံနှိမ်နင်းရန် ထွက်ခွာသွားကြတော့၏။

---

ပင်လယ်နတ်ဘုရားကျွန်း..။

ထူးဆန်းလှသော လနီကြီးသည် ကမ္ဘာမြေကို အဆက်မပြတ် အလင်းပေးနေသည်။ ကျွန်း၏ တောင်ဘက်စွန်းရှိ ပင်လယ်အော်တစ်ခုတွင် ဖြစ်သည်။

"ဝှစ်"

ပင်လယ်ရေမှော်ပင်တစ်ပင်သည် ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားပြီး လနီ၏ စွမ်းအားများကို ငတ်မွတ်စွာ ဝါးမြိုရင်း လျင်မြန်စွာ ကြီးထွားလာသည်။

“ဟိုမှာကြည့် ... တစ်ခုခု ဖြစ်နေပြီ”

အမြင့် လေးပေခန့်သာ ရှိသော မြေခွေးဖြူလေး ရှောင်ပိုင်သည် လူသားအသွင်ဖြင့် အုတ်ခဲများ သယ်နေရင်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လန့်အော်လိုက်မိ၏။

ပေပေါင်း ရာချီရှည်လျားသော ရေမှော်ပင်ကြီးမှာ ရေမျက်နှာပြင်အထက်သို့ ထိုးထွက်လာပြီး အကိုင်းအခက်ပေါင်းများစွာ ခွဲထွက်သွားသည်။ ထိုနတ်ဆိုးပင်မှာ ကမ်းခြေရှိ မြေခွေးဖြူလေးကို သတိပြုမိသွားပြီး ဓားသွားကဲ့သို့ ထက်မြက်လှသော အစိတ်အပိုင်းများဖြင့် လှမ်း၍ ခုတ်ပိုင်းလိုက်၏။

“မင်းကများ ရဲတင်းလှချေလား”

ထိုအပင်မှာ ဓာတ်ကြီးငါးပါး စုစည်းမှုအဆင့်ရှိသော နတ်ဆိုးစစ်သူကြီးအဆင့်သာ ရှိကြောင်း သိလိုက်ရသဖြင့် မြေခွေးဖြူလေးသည် သူမ ကိုင်ထားသော အုတ်ခဲဖြင့် ပြင်းထန်စွာ လှမ်းပေါက်လိုက်၏။

"ခွပ်"

အုတ်ခဲမှာ ဥက္ကာခဲတစ်ခုပမာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ရေမှော်ပင်ကို အလွယ်တကူ ထိုးဖောက်သွားသည်။

“ပင်လယ်ရောင် လက်သည်းချက်”

မြေခွေးဖြူလေးက နောက်ထပ် မန္တန်တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။ သူမ၏ လက်ချောင်းများမှာ ဓားသွားများပမာ ရှည်ထွက်လာပြီး လေထဲတွင် ဝှေ့ယမ်းလိုက်၏။

"ရွှစ်"

ဖြူဖျော့သော အလင်းတန်းဆယ်ခုက ရေမှော်ပင်ကို အောက်ခြေမှ ဖြတ်တောက်ပစ်လိုက်သဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအခိုက်.. မြေခွေးဖြူလေးသည် နတ်ဆိုးစွမ်းအားများကို အသုံးပြုကာ ထိုအပင်များကို ဆွဲယူပြီး တည်ဆောက်ဆဲဖြစ်သော ပင်လယ်နတ်ဘုရားမြို့တော်ဆီသို့ သယ်ဆောင်သွားတော့၏။

“ဝါး ... ဒီနေ့ညစာကတော့ ရေမှော်ပင်စွပ်ပြုတ်ပဲဟေ့”

“ရှောင်ပိုင် ... မင်းကတော့ တကယ်တော်တာပဲ”

ခွေး အားဟာ၊ ဝက် စန်းဖန်နှင့် မြေခွေး တာ့ဟုန်တို့က ဝိုင်းအုံလာကြသည်။ စကားနည်းပြီး စိတ်ကြမ်းသော အစ်ကိုကြီး ခေါင်းပြားကတော့ အိုးကြီးကို အဆင်သင့် ပြင်ထားပြီးသား ဖြစ်၏။ သံလက်သည်း နဂါးလင်းယုန်ကလည်း အိုးကြီးကို အပူပေးရန် မီးမှုတ်ပေးပါသည်။

“လနီနတ်ဆိုးတွေကိုတောင် စားရဲကြတယ် ... တကယ့်ကို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပဲ”

မြို့တည်ဆောက်ရေးတွင် ကူညီနေကြသော လူသားကျင့်ကြံသူများသည် ဤမြင်ကွင်းကို ကြည့်ရင်း တံတွေးပင် မြိုချလိုက်မိကြသည်။

သို့သော်လည်း ရေမှော်ပင်စွပ်ပြုတ်၏ ရနံ့က ပျံ့လွင့်လာသောအခါ ကျွန်းပေါ်ရှိ သတ္တဝါအားလုံးမှာ ဝိုင်းအုံလာကြတော့၏။

“စွပ်ပြုတ်က တကယ်ကို မွှေးတာပဲ”

“ငါ ခုနက တောဝက်အရိုးအချို့ကို အိုးထဲ ထည့်လိုက်သေးတယ် ... အရသာကတော့ ရှယ်ပဲ နေမှာ”

“ငါလည်း ငန်းအသားနည်းနည်း ထည့်လိုက်တယ်လေ”

ကျင့်ကြံသူများမှာ စားသောက်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။

“ဘယ်ကောင်က ဝက်ရိုးတွေ ထည့်လိုက်တာလဲ”

ဝက် စန်းဖန်တစ်ယောက် စွပ်ပြုတ်သောက်နေရင်း ဝက်သားပါသည်ဟု ကြားလိုက်ရသည်နှင့် ဒေါသထွက်ကာ ပါးစပ်မှ အမြှုပ်များပင် ထွက်လာတော့၏။

“ငါ့အနွယ်ဝင်တွေကို စားတယ်ပေါ့ ... မင်းတို့ သေချင်နေပြီလား”

ရွှေရောင်ငန်းဝကြီးကလည်း အကြီးအကျယ် ဒေါသထွက်နေသည်။ ဝိညာဉ်သားရဲနှစ်ကောင်မှာ ပန်းကန်များကို ပစ်ချကာ လူသားကျင့်ကြံသူများနောက်သို့ လိုက်လံရိုက်နှက်ရင်း ဆဲဆိုနေကြတော့၏။

“ဟားဟားဟား ... ”

ဤမြင်ကွင်းကို ကြည့်ကာ အခြားကျင့်ကြံသူများမှာ ရယ်ခြင်းကို မထိန်းနိုင်ကြတော့ပေ။ လ်ိပ်နတ်ဘုရားကျွန်းပေါ်ရှိ လေထုမှာ အမြဲတမ်း သာယာပျော်ရွှင်စရာ ကောင်းနေပေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျွန်းအနီးရှိ ပင်လယ်ထဲတွင် လနီ၏ စွမ်းအားကို စုပ်ယူပြီး အသွင်ပြောင်းလာသော နတ်ဆိုးပင်များမှာ ပိုမို များပြားလာသည်။ သူတို့သည် သတ်ဖြတ်လိုစိတ် တစ်ခုတည်းသာ ရှိကြသဖြင့် အမြစ်ပြတ် သုတ်သင်မှသာ ဘေးကင်းပေလိမ့်မည်။

"ဝှစ်"

တစ်ရက်တွင် ကျွန်းအနီး၌ ထက်ရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လှိုင်းလုံးကြီးများ ကောင်းကင်သို့ မြင့်တက်သွားသည်။ ပင်လယ်ထဲမှ ရေမှော်ပင် အမြောက်အမြားမှာ မြွေကြီးများအလား ကောင်းကင်တွင် ဝဲပျံနေကြပြီး အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနေသည်။ သူတို့တွင် မျက်လုံးများ မရှိသော်လည်း ထက်မြက်သော သွားများ ပါရှိသည့် ပါးစပ်များ ပေါက်လာကြ၏။

“ရှူး ... ရှူး ... ”

ထိုနတ်ဆိုးတပ်မတော်ကြီးမှာ ပင်လယ် နတ်ဘုရားကျွန်း..ဆီသို့ ဦးတည်ကာ ပြေးဝင်လာကြတော့၏။

“အို ... အစားအသောက်တွေ အများကြီးပါလား”

မြေခွေး တာ့ဟုန်သည် ကောင်းကင်မှ နတ်ဆိုးပင်များကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။ အခြားသူများအတွက် ကြောက်စရာကောင်းသော နတ်ဆိုးများ ဖြစ်သော်လည်း စားပိုးနင့်နေသော တာ့ဟုန်အတွက်မူ အားလုံးမှာ သူမ၏ ခံတွင်းတွေ့မည့် ဟင်းလျာများသာ။ သူမသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။

“အားလုံး တိုက်ကြစို့”

မြေခွေး တာ့ဟုန်က ဦးဆောင်ကာ ပြေးထွက်သွား၏။ သူမက လက်ဝါးဖြင့် တစ်ချက် ရိုက်ထုတ်လိုက်ရုံနှင့်တင် မရေမတွက်နိုင်သော ရေမှော်ပင်များမှာ အစအနပင် မကျန်တော့ဘဲ ပျက်စီးသွားရသည်။

'ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ'

မြေခွေး တာ့ဟုန်၏ လက်ချက်ကြောင့် နတ်ဆိုးများမှာ တစ်ခဏအတွင်း ရှင်းလင်းသွားရသဖြင့် လူတိုင်းမှာ ဆွံ့အသွားကြရသည်။ သူမသည် မြေခွေးမျိုးနွယ်၏ နတ်ဆိုးဧကရာဇ် ဖြစ်ရကျိုးနပ်ကြောင်း အားလုံးက တိတ်တဆိတ် ဝန်ခံလိုက်ကြရတော့၏။

“အစ်မကြီးက တကယ်ကို အစွမ်းထက်တာပဲ”

ခွေး အားဟာကတော့ မြှောက်ပင့်ပြောဆိုရာတွင် အတော်ဆုံး ဖြစ်သည်။

“အားလုံး စိတ်ချပါ.. ငါရှိနေသရွေ့ ဒီကျွန်းကို ဘယ်သူမှ မထိပါဘူး” ဟု မြေခွေး တာ့ဟုန်က ခါးထောက်ကာ ဂုဏ်ယူစွာ ပြောလိုက်၏။

---

ပင်လယ်ထဲရှိ အပင်များသာမက ကုန်းမြေပေါ်ရှိ အပင်များမှာလည်း နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲလာကြသည်။ လူသူကင်းမဲ့သော သဲကန္တာရအတွင်း၌ ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ ဦးဆောင်သောအဖွဲ့သည် နတ်ဆိုးများကို နှိမ်နင်းရန် ရောက်ရှိနေကြ၏။ ထိုအဖွဲ့ထဲတွင် တတိယမျိုးဆက် တပည့် ဝူလန် လည်း ပါဝင်သည်။

“ဝူလန် ... မင်းက လွှမ်းမိုးဓားကျင့်ကြံသူ ဆိုတာ ဟုတ်လား” ချောင်ကျားရှီးက မေးလိုက်၏။

ဝူလန်က အလျင်အမြန် ဖြေကြားလိုက်သည်။

“မှန်ပါတယ် စီနီယာအစ်ကိုကြီး။ ကျွန်တော်က အနီးကပ် တိုက်ခိုက်တဲ့ နေရာမှာ ကျွမ်းကျင်ပါတယ်.. ဒါပေမဲ့ အဝေးကနေ တိုက်ခိုက်ခံရမှာကိုတော့ နည်းနည်း ကြောက်တယ်”

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ”

“ဓာတ်ကြီးငါးပါး စုစည်းမှုအဆင့် ပထမအလွှာပါ”

“ကောင်းပြီ ... ခဏနေလို့ အဆင့်မမြင့်တဲ့ နတ်ဆိုးတွေနဲ့ တွေ့ရင် မင်း အရင်ထွက်ပြီး မင်းရဲ့ စွမ်းရည်ကို ပြလိုက်..” ဟု ချောင်ကျားရှီးက တိုက်တွန်းလိုက်၏။

“ဟုတ်ကဲ့ပါ” ဝူလန်က ခေါင်းညိတ်လိုက်၏။

သူသည် ဂိုဏ်းထဲမဝင်မီကပင် လေလွင့်ဓားသမားတစ်ဦးအဖြစ် တစ်ကိုယ်တည်း ကျင်လည်ခဲ့သူ ဖြစ်သဖြင့် တိုက်ပွဲ အတွေ့အကြုံများစွာ ရှိပါသည်။

"ဝုန်း"

ထိုစဉ် သဲကန္တာရအတွင်းမှ ထူးဆန်းသော အပင်နတ်ဆိုး အုပ်စုကြီး ထွက်ပေါ်လာသည်။ ၎င်းတို့မှာ လနီစွမ်းအားကြောင့် ပြောင်းလဲသွားသော ရှားစောင်းလက်ပတ် နတ်ဆိုးများ ဖြစ်ကြ၏။ တစ်ခုချင်းစီမှာ ရေတိုင်ကီကြီးများအလား ကြီးမားလှပြီး တစ်ကိုယ်လုံးတွင် နီရဲသော ဆူးများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် လုံထျန်းရှင်းတို့၏ အရှိန်အဝါကို မမှုဘဲ ဇွတ်အတင်း ပြေးဝင်လာကြတော့၏။

“ကျွန်တော့်လက်ထဲ အပ်လိုက်ပါ”

ဝူလန် ရှေ့သို့ ပြေးထွက်သွားသည်။

‌“‌ထန်း..”

သူသည် သူ၏ ကျောပေါ်မှ ဓားကြီးကို ဆွဲထုတ်လိုက်၏။ ၎င်းမှာ ဆယ်တန်ခန့် လေးလံသော ကြေးဓားကြီး တစ်လက် ဖြစ်သည်။ ထိုဓားကြီးမှာ အလျား ငါးပေ၊ အနံ တစ်ပေခွဲခန့် ရှိပြီး တစ်လက်မခန့် ထူသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တံခါးရွက်ကြီး တစ်ချပ်နှင့်ပင် တူနေတော့၏။

'တကယ့်ကို ထူးဆန်းတဲ့ ဓားပဲ'

ရှားစောင်းလက်ပတ်နတ်ဆိုး ရာပေါင်းများစွာကို ဝူလန် ဘယ်လို ကိုင်တွယ်မလဲဆိုသည်ကို လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

-

All Chapters