← Chapters

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း (၆၉၂) - လနီတံခါးကို တိုက်ခိုက်ခြင်းနှင့် အမြတ်ထုတ်ခြင်း

“ညီလေးဝူလန် ... ဒါက ဘယ်လိုမျိုး ဓားလဲ”

ချောင်ကျားရှီးသည် အသွားမရှိသော ဧရာမ ဓားကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။

“ဒါက လွှမ်းမိုးဓား ပါ”

ဝူလန်သည် လွှမ်းမိုးဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရှေ့သို့ ပြေးထွက်သွားသည်။ ဦးစွာ သူသည် ဓားကြီးကို သူ၏ရှေ့တွင် ကာထားပြီး လယ်ထွန်သကဲ့သို့ တဟုန်ထိုး တိုးဝင်သွား၏။ ၎င်းတွင် တောင်တန်းကြီးတစ်ခုပမာ လေးလံလှသော အရှိန်အဝါနှင့် ခွန်အားများ ပါဝင်နေသည်။

"ဝုန်း ... ဝုန်း ... ဝုန်း"

ရူးသွပ်နေသော ရှားစောင်းလက်ပတ်နတ်ဆိုး အမြောက်အမြားမှာ လွှမ်းမိုးဓားနှင့် ရိုက်မိပြီး တစ်ခဏအတွင်းမှာပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားကြသည်။ သူတို့ ကိုယ်ပေါ်မှ ဆူးများမှာ မီးရှူးမီးပန်းများပမာ အရပ်မျက်နှာအနှံ့သို့ ပြန့်စင်သွားပြီး အခြားသော နတ်ဆိုးများကိုပင် ပြန်လည် ထိုးဖောက်သွားတော့၏။

“ရွှစ် ... ရွှစ် ...ရွှစ်”

ရှားစောင်းလက်ပတ်နတ်ဆိုးများသည် သူတို့အတွက် ဆူးညှောင့်ခလုတ်ဖြစ်နေသော ဝူလန်ကို ဝိုင်းရံကာ အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာကြသည်။

“လွှမ်းမိုးဓား - စစ်သည်တစ်သောင်းကို သိမ်းကျုံးခြေမှုန်းခြင်း”

ဝူလန်၏ ကျယ်လောင်သော ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ သူသည် ဘယ်ခြေကို အမာခံထားကာ ညာခြေဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်ပြီး အလွန်မြန်ဆန်သော အရှိန်ဖြင့် လှည့်ပတ်လိုက်၏။ လေးလံလှသော လွှမ်းမိုးဓားမှာ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော နတ်ဆိုးများကို အပိုင်းပိုင်း ပြတ်တောက်သွားစေတော့၏။

“တကယ့်ကို ကြမ်းတာပဲ”

“ဒါက လွှမ်းမိုးဓား ကျင့်ကြံသူရဲ့ စွမ်းရည်ပေါ့”

“တကယ်ကို တစ်မူထူးခြားတဲ့ စတိုင်ပဲ”

ဤမြင်ကွင်းကို ကြည့်နေသော ချောင်ကျားရှီး၊ လုံထျန်းရှင်းနှင့် အခြားတပည့်များမှာ လက်မထောင်ကာ ချီးကျူးလိုက်ကြသည်။

“လွှမ်းမိုးဓား - ထိုက်ရှန်းတောင်၏ ဖိအား”

ဝူလန် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။ သူသည် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဓားကို အားကုန်လွှဲကာ ရိုက်ချလိုက်၏။ လွှမ်းမိုးဓားကြီးမှာ ရှားစောင်းလက်ပတ်နတ်ဆိုးများကို အမှုန့်ခြေပစ်လိုက်သည်။ တိုက်ကွက်တစ်ခုချင်းစီတိုင်းက နတ်ဆိုးတစ်ကောင်စီကို အဆုံးသတ်ပေးနေခြင်းပင်။

“ကြည့်ရတာ ညီလေးဝူလန် တစ်ယောက်တည်းနဲ့တင် ဒီနတ်ဆိုးစစ်သည်တွေကို အမြစ်ပြတ် သုတ်သင်နိုင်မယ့်ပုံပဲ”

ချောင်ကျားရှီးက လက်ပိုက်ရင်း ပြုံး၍ ပြောလိုက်၏။ လုံထျန်းရှင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။

“ဟုတ်တယ် ... ညီလေးဝူလန်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ် သန်မာတာပဲ။ သူကိုယ်တိုင်က ဓာတ်ကြီးငါးပါး စုစည်းမှုအဆင့်ကို ရောက်နေပြီဆိုတော့ ... ဒီနတ်ဆိုးစစ်သည်တွေက သူ့အတွက် အပန်းမကြီးပါဘူး”

“လွှမ်းမိုးဓား - ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းခြင်း”

ဝူလန်သည် တိုက်ကွက်တစ်ခုနှင့် နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ဓားကို ကိုင်ဆောင်ကာ လွန်ပူ တစ်ခုပမာ အရှိန်အဟုန်ဖြင့် လှည့်ပတ်ပြီး နတ်ဆိုးအုပ်ကြီးအတွင်းသို့ တိုးဝင်သွားသည်။ ခေတ္တအတွင်းမှာပင် နတ်ဆိုးတပ်မတော်တစ်ခုလုံး အပိုင်းပိုင်း ပြတ်တောက်သွားရတော့၏။

ဝူလန်သည် ဓားကို ကိုင်ကာ တစ်ကိုယ်တည်း ရပ်နေသည်။ ပြင်းထန်လှသော အသက်ရှူသံများကြောင့် သူ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အဝတ်အစားများအောက်မှ သန်မာသော ကြွက်သားအဖုအထစ်များမှာ ထင်ရှားစွာ ပေါ်လွင်နေ၏။

“ဝါး ... ”

“စီနီယာအစ်ကိုကြီးဝူလန်က တကယ့် ယောက်ျားပီသတာပဲ”

“သူ့မှာ ပါးသိုင်းမွှေးတွေ ရှိပေမဲ့ အသက်က ၁၈ နှစ်ပဲ ရှိသေးတာတဲ့။ ငါက သူ့ထက် တစ်နှစ်ကြီးတာတောင် သူ့လောက် မခန့်ဘူး.. သူက ငါ့လိုမျိုး ပုံစံလေးတွေကို ကြိုက်ပါ့မလား မသိဘူးနော်”

မိန်းကလေး တပည့်အချို့မှာ ဝူလန်ကို ကြည့်ကာ ရင်ခုန်နေကြသည်။

ကျင့်ကြံခြင်းလောကတွင် အချို့က နုနယ်သော လူငယ်များကို ကြိုက်ကြသလို၊ အချို့ကမူ ရင့်ကျက်သန်မာသော အမျိုးသားများကို ပို၍ သဘောကျကြသည်။ ထိုနေရာရှိ မိန်းကလေး တပည့်အချို့မှာမူ လုံထျန်းရှင်း၊ ချောင်ကျားရှီးနှင့် ဝူလန်တို့ကဲ့သို့ သန်မာသူများကို ပိုမို စိတ်ဝင်စားနေကြခြင်းပင်။

“လနီနတ်ဆိုးတွေ ကျဆုံးပြီးရင် သူတို့ရဲ့ ကိုယ်ခန္ဓာတွေက အကောင်းဆုံး မြေဩဇာတွေပဲ။ အိတ်တွေထဲ ထည့်ပြီး ဝိညာဉ်ဆေးဥယျာဉ်ကို ပြန်သယ်ကြရအောင်” လုံထျန်းရှင်းက သူ၏ အနောက်မှ တပည့်များကို ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့ပါ”

ဒုတိယနှင့် တတိယမျိုးဆက် တပည့်များသည် ချက်ချင်းပင် အလုပ်စတင်ကြတော့၏။ တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးနောက် သူတို့သည် သဲကန္တာရအတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်ကာ ဒုက္ခပေးနေသော နတ်ဆိုးများကို ဆက်လက် နှိမ်နင်းကြသည်။

ရှန်ကျိုးတိုက်ကြီးပေါ်တွင် ဖြစ်သည်။ ဂိုဏ်းကြီးများ အားလုံးမှာ လနီနတ်ဆိုးများကို ခုခံနေကြရ၏။

ဤသည်မှာ လနီခေတ်ကာလ၏ အစပျိုးမှုသာ ရှိသေးသော်လည်း လနီ၏ စွမ်းအားမှာ အရှိန်အဟုန် အပြင်းဆုံး ဖြစ်နေသဖြင့် အချိန်တိုအတွင်း နတ်ဆိုးများစွာ ပေါ်ထွက်လာပြီး နေရာအနှံ့ ဘေးဒုက္ခများ ရောက်ရှိနေခြင်း ဖြစ်သည်။ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးမှာ လှုပ်ခတ်နေတော့၏။

---

မြူခိုးဂိုဏ်းဝယ်..

ယဲ့ဖုန်းသည် ပေပေါင်း သောင်းချီမြင့်သော ကောင်းကင်ယံတွင် တင်ပျဉ်ခွေ ထိုင်နေသည်။

(တပည့်များ၏ ဂုဏ်သတင်း - ၂၅.၉၇ သန်း / ၁၀၀ သန်း)

(အကြီးအကဲများ၏ ဂုဏ်သတင်း - ၈၀.၃၂ သန်း / ၃၀၀ သန်း)

(တတိယမျိုးဆက် တပည့် အရေအတွက် - ၆၇၂၁ / ၁၀၀၀၀)

ဂိုဏ်း၏ အချက်အလက်များကို ကြည့်ရင်း ယဲ့ဖုန်းမှာ ကျေနပ်နေမိ၏။

‘အကြီးအကဲတွေနဲ့ တပည့်တွေ နေရာအနှံ့ သွားနေကြတာဆိုတော့ ... အချိန်တိုအတွင်းမှာ ဂုဏ်သတင်းရမှတ်တွေ အတော်လေး ရနေတာပဲ။ ကောင်းတာပေါ့’

‘တပည့် အရေအတွက်ကလည်း အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် တော်တော်လေး မြန်မြန် တိုးလာနေတာပဲ။ အလွန်ဆုံး သုံးလအတွင်းမှာ တပည့် တစ်သောင်း ပြည့်သွားနိုင်မှာပါ’

ယဲ့ဖုန်း အသာအယာ ပြုံးလိုက်မိသည်။ အကယ်၍ မြူခိုးဂိုဏ်းသာ 'ရေစက်' အပေါ်မှာတင် အခြေမခံဘဲ တပည့်လက်ခံမည်ဆိုပါက ယခုကဲ့သို့သော ဂုဏ်သတင်းနှင့်ဆိုလျှင် လူပေါင်း တစ်သန်းလောက် ခေါ်ယူရန်မှာ အေးဆေးပင် မဟုတ်ပါလား။ နှမြောစရာ ကောင်းသည်မှာ ကန့်သတ်ချက်များ ရှိနေသဖြင့် လူအများကြီး ခေါ်၍ မရခြင်းပါပင်။

သို့သော် ကောင်းကွက်မှာမူ သူတို့ လက်ခံလိုက်သည့် တပည့်များမှာ စာရွက်ဖြူပမာ သန့်ရှင်းကြသူများ ဖြစ်၏။ သူတို့တွင် ပါရမီ မရှိလျှင်ပင် ‘အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ’ ('အခြေခံပါရမီ အလားအလာ လက်စွဲစာအုပ်') ၊ ဝိညာဉ်စုစည်းခြင်းမျှော်စင်နှင့် ကျင့်ကြံခြင်းမျှော်စင်တို့၏ အကူအညီဖြင့် လျင်မြန်စွာ တိုးတက်နိုင်ကြသည် မဟုတ်ပါလော။

“ဂိုဏ်းချုပ် ... ကျွန်မ ပျင်းလှပြီ”

ဟူဖေးဖေးသည် ကျောက်စင်မြင့်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ ပန်းရောင် မြေခွေးအမြီး ကိုးချောင်းမှာ အသာအယာ လှုပ်ခါနေသည်။

“ပျင်းနေတာလား ... ဒါဆိုရင် လနီတံခါးကို သွားတိုက်လိုက်” ဟု ယဲ့ဖုန်းက ခပ်နောက်နောက် ပြုံးရင်း ပြောလိုက်၏။

ထိုနေ့က ဟူဖေးဖေးသည် လနီတံခါး၏ ပြန်ကန်လာသော လနီဓားအလင်းများကို ဝါးမြိုနိုင်ပြီး အဆင့်တက်ရန် စွမ်းအင်များ စုဆောင်းနိုင်သည်ကို သူ သတိထားမိခဲ့သည်လေ။

ထို့ကြောင့် သူမကို စမ်းခိုင်းကြည့်ချင်နေခြင်း ဖြစ်ပါ၏။

“ဟွန်း ... ဂိုဏ်းချုပ်က ကျွန်မကို အနှောင့်အယှက်လို့ ထင်နေတာလား”

ဟူဖေးဖေးက ယဲ့ဖုန်းမှာ သူမကို စိတ်ပျက်၍ ပြောသည်ဟု ထင်ကာ နှုတ်ခမ်းစူလိုက်ပြီး သူမ၏ နူးညံ့လှသော လက်ကလေးများဖြင့် ယဲ့ဖုန်း၏ ပုခုံးကို ဖက်တွယ်လိုက်သည်။

“ဟိတ်.. ဟိတ်..လူနဲ့ မြေခွေးနဲ့က လမ်းစဉ်ချင်း မတူဘူးလေ.. ကိုယ့်ကိုယ်ကိုယ် သတိထားစမ်းပါ”

ယဲ့ဖုန်းသည် ဟူဖေးဖေး၏ လက်များကို ဖယ်ရှားလိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ စိမ်းပြာရောင် တားမြစ်နယ်မြေဆီသို့ ဦးတည်သော ဝင်ပေါက်တစ်ခုကို ဖန်တီးလိုက်၏။

“သွား ... လနီတံခါးကို သွားတိုက်ချေ”

“ဟွန့် ... ကြည့်နေလိုက်”

ဝှစ်ခနဲ အသံနှင့်အတူ ဟူဖေးဖေးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ တိုးဝင်သွားပြီး လနီတံခါး၏ အထက်သို့ ရောက်ရှိသွားတော့သည်။

ယဲ့ဖုန်းကလည်း သူမ၏ နောက်မှ ကပ်၍ လိုက်ပါလာခဲ့၏။

"ဝုန်း"

သူတို့၏ အနောက်တွင် ဟင်းလင်းပြင် ဝင်ပေါက်ကြီးမှာ ပြန်လည် ပိတ်သွား၏။

အပေါ်မှ ငုံ့ကြည့်လိုက်သောအခါ မိုင်ပေါင်း တစ်သိန်းခန့် နက်ရှိုင်းသော ကြောက်မက်ဖွယ် ကျင်းကြီး၏ အထက်တွင် လနီတံခါးမှာ လွင့်မျောနေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း စစ်မှန်သော တားမြစ်နယ်မြေ တစ်ခုပမာ ဖြစ်နေတော့၏။

မူလနတ်ဘုရားအဆင့် ရှိသော တောရိုင်းသားရဲများပင်လျှင် ဤနေရာသို့ မချဉ်းကပ်ရဲကြချေ။

“ဂိုဏ်းချုပ် ... ကျွန်မ ဘယ်လို တိုက်ရမလဲ”

ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ကို ထမ်းကာ လနီတံခါး၏ အထက်တွင် ရပ်ရင်း ပေါ့ပေါ့ပါးပါးပင် ရိုက်ချလိုက်သည်။

"ဂွမ်း"

လနီတံခါးမှာ မတုန်လှုပ်သော်လည်း ထွက်ပေါ်လာသော အသံမှာ အလွန်ပင် စူးရှလှ၏။ နောက်တစ်စက္ကန့်တွင် လနီဓားအလင်း တစ်ခု ထွက်ပေါ်လာပြီး ဟူဖေးဖေးကို ထိမှန်သွားရာ သူမမှာ မီတာ ဒါဇင်ပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားရသည်။ သို့သော် သူမတွင် တစ်စုံတစ်ရာ ဒဏ်ရာ မရရှိပေ။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၂၆.၀၀၁ ရာခိုင်နှုန်း)

‘ဒါလေးပဲ တိုးတာလား’

ယဲ့ဖုန်း ဘာမှ မပြောနိုင်တော့ပေ။

“ဟေး ... စွမ်းအင်တွေ တိုးလာတယ်ဟေ့”

ဟူဖေးဖေးမှာမူ အလွန် ဝမ်းသာသွားပြီး ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်၏။

“ဂိုဏ်းချုပ် ... ကျွန်မကို ဘာလို့ ဒီနေရာ ခေါ်လာတာလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်”

သူမသည် ဟွမ်ယွမ်တုတ်ကို မြင့်မားစွာ မြှောက်လိုက်ပြီး ထပ်မံ ရိုက်ချလိုက်ပြန်သည်။

"ဂျုန်း"

ဤတစ်ကြိမ်တွင် သူမသည် ယခင်ကထက် ခွန်အား ဆယ်ဆခန့် ပိုမို အသုံးပြုလိုက်ခြင်းပင်။

"ဝှစ်"

လနီဓားအလင်းမှာ ထွက်ပေါ်လာပြီး ဟူဖေးဖေးကို ထိမှန်သွားပြန်သည်။ သူမသည် ထိုစွမ်းအားအားလုံးကို အကုန်အစင် ဝါးမြိုလိုက်၏။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၂၆.၀၁၁ ရာခိုင်နှုန်း)

စွမ်းအင်တိုးနှုန်းမှာလည်း ဆယ်ဆ မြင့်တက်လာသည်ကို မြင်သောအခါ ယဲ့ဖုန်း စဉ်းစားခန်း ဝင်သွားသည်။

“မင်းသမီးလေး ... မင်း ပိုပြီး ပြင်းပြင်းထန်ထန် တိုက်လေလေ၊ စွမ်းအင်တွေ ပိုရလေလေပဲ။ အဲဒီတော့ အစွမ်းကုန် တိုက်စမ်းပါ.. မင်းမှာ ရှိသမျှ စွမ်းအားတွေ အကုန် ထုတ်သုံးလိုက်” ယဲ့ဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူမကို အားပေးလိုက်၏။

“ကောင်းပြီလေ ... အစွမ်းကုန်ပေါ့”

ဟူဖေးဖေး အာရုံစူးစိုက်လိုက်၏။ သူမသည် ဟွမ်ယွမ်တုတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဟိန်းဟောက်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာမှ အလင်းတန်းများ နှစ်ကြိမ်တိုင်တိုင် ထွက်ပေါ်လာပြီး ... သူမသည် ဒုတိယ တိုက်ခိုက်ရေးပုံစံ အတွင်းသို့ ဝင်ရောက်လိုက်တော့၏။

ယခုအခါ သူမ၏ ခွန်အားမှာ အမြင့်ဆုံး ကောင်းကင်ဧကရာဇ် တစ်ဦးနှင့် တန်းတူ ဖြစ်နေပြီပင်။

ဟူဖေးဖေးသည် မြင့်မြတ်သော အဆင့် ဝိညာဉ်ရတနာ ဖြစ်သွားပြီးနောက် သူမ၏ ပုံမှန်အခြေအနေမှာ သာမန် ကောင်းကင်ဧကရာဇ် တစ်ဦးနှင့် တူညီသည်။

ပထမ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်ပါက သူမ၏ ခွန်အားမှာ သာမန်နှင့် ထိပ်တန်း ကောင်းကင်ဧကရာဇ် ကြားတွင် ရှိနေမည် ဖြစ်၏။ ဒုတိယပုံစံတွင်မူ ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး၊ တတိယပုံစံတွင်မူ ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

အကယ်၍ သူမသာ စတုတ္ထပုံစံသို့ ရောက်ရှိနိုင်မည်ဆိုပါက တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် တစ်ဦးနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။ သို့သော် သူမ နိုင်မနိုင်ကိုမူ ယဲ့ဖုန်းကိုယ်တိုင်ပင် မသိရှိချေ။

“ဝုန်း”

ဟူဖေးဖေးသည် သူမ၏ အစွမ်းကုန် ခွန်အားများဖြင့် ရိုက်ချလိုက်ရာ ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦး၏ လွှမ်းမိုးနိုင်သော ဖိအားများ ဖြာထွက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့၏။

"ရွှစ်"

လနီတံခါးမှာ ဒေါသထွက်သွားဟန် တူသည်။ တောက်ပလှသော လနီဓားအလင်း တစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် တူညီနေသည်။ ၎င်းက ဟူဖေးဖေး၏ ကိုယ်ပေါ်သို့ ဓားဒဏ်ရာ တစ်ခု ရရှိစေသော်လည်း၊ သူမ၏ ထူးခြားလှသော ရုပ်ခန္ဓာကြောင့် သွေးမထွက်ချေ။

နူးညံ့သော အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ သူမ၏ ဒဏ်ရာမှာ ပြန်လည် ပျောက်ကင်းသွားပြီး စွမ်းအင်များမှာလည်း စတင် တိုးပွားလာတော့၏။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၂၆.၀၄၁ ရာခိုင်နှုန်း)

“ကောင်းတယ် အဲဒီအတိုင်းပဲ ဆက်ဆက်လုပ်.. ရှိသမျှ ခွန်အားတွေ အကုန် သုံးပြီး အဲဒီတံခါးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် ရိုက်ချလိုက်..” ယဲ့ဖုန်းက ဘေးမှနေ၍ အဆက်မပြတ် ညွှန်ကြားနေသည်။

“နားလည်ပြီ”

ဟူဖေးဖေးသည် အမြတ်ထွက်နေသည်ကို သိသွားသဖြင့် ရက်စက်သော အပြုံးကလေး တစ်ခုဖြင့် ဟွမ်ယွမ်တုတ်ကို လွှဲ မြှောက်ကာ အစွမ်းကုန် ရိုက်ချနေတော့၏။

ဤသို့ဖြင့် လနီတံခါးထံမှ အမြတ်ထုတ်ခြင်း ခရီးစဉ်ကြီးမှာ တရားဝင် စတင်လိုက်လေပြီ။

-

All Chapters