← Chapters

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း (၆၉၄) - နေမင်း နတ်ဘုရားလက်သီး၊ တပိုင်း အဆင့် သူတော်စင်ကို အမှုန့်ခြေလိုက်သော လက်သီး တစ်ချက်

“သူက.. ဘာလို့ ဒီလောက်အထိ အသေသတ် တိုက်နေရတာလဲ”

ရှောင်ချန်းထျန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေသည်။ လနီတံခါး၏ အသည်းထိတ်ဖွယ် ပြန်ကန်အားကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသဖြင့် သူသည် ထိုတံခါးကို ထပ်မံ တိုက်ခိုက်ရန် ကြောက်ရွံ့နေမိခြင်းပင်။

ပထမအချက်မှာ သူ၏ ခွန်အားက ထိုတံခါးကို ဖျက်ဆီးရန် မလုံလောက်ခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ ထိုပြန်ကန်အားကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရနိုင်ခြင်းကြောင့်ပါပင်။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်ချန်းထျန်းသည် လနီတံခါးကို မသိစိတ်ဖြင့် ရှောင်ဖယ်လာခဲ့၏။

သို့သော်လည်း ဟူဖေးဖေး၏ မျက်ဝန်းများတွင်မူ ကြောက်ရွံ့ခြင်း အရိပ်အယောင်မျှ မရှိဘဲ ပြတ်သားမှုများကိုသာ သူ မြင်တွေ့နေရသည်။

ဒါက တကယ့်ကို မဆုတ်မနစ်သော စိတ်ဓာတ်ပင် ဖြစ်တော့၏။

'ဂိုဏ်းချုပ်က တစ်ခါပြောဖူးတယ်.. ဒီလို စိတ်ဓာတ်မျိုး ရှိတဲ့သူတွေပဲ နောက်ဆုံးမှာ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်တဲ့။ ဒါဆိုရင် ဟူဖေးဖေးက သူတော်စင် ဖြစ်လာမယ့် ပါရမီ ရှိနေတာလား။ ငါကတော့ ကြောက်နေမိတယ်.. ဒါဆိုရင် ငါက သူတော်စင် ဖြစ်ခွင့် မရှိတော့ဘူးလား'

“မဖြစ်နိုင်တာ”

'ငါက စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်ရဲ့ သားတော် ရှောင်ချန်းထျန်းပဲ။ ငါ သူတော်စင်အဆင့်ကို မရောက်နိုင်စရာ အကြောင်း မရှိဘူး'

“သတ်ပစ်မယ်”

ရှောင်ချန်းထျန်းက ဟိန်းဟောက်ကာ လနီတံခါးဆီသို့ ပြေးဝင်သွားတော့၏။ သူသည် ရွှေနဂါးကြီးအဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ လက်သည်းများကို စုစည်းကာ တောက်ပလှသော နေမင်းကြီး တစ်စင်းပမာ အစွမ်းကုန် ရိုက်ချလိုက်၏။

“ဝုန်း”

လနီတံခါးမှာ တုန်ခါသွားပြီး ထက်မြက်လှသော လနီဓားအလင်း တစ်ခု ထွက်ပေါ်လာကာ ရှောင်ချန်းထျန်း၏ အမြီးကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်၏။

“အား”

ရှောင်ချန်းထျန်းမှာ လွင့်ထွက်သွားပြီး အရှက်တကွဲဖြင့် အမြန် ဆုတ်ခွာသွားရရှာသည်။

---

မိုင်ပေါင်း သန်းနှင့်ချီသော နေရာအနှံ့မှ ပညာရှင်များမှာ ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသည်။

“ရှောင်ချန်းထျန်း တိုက်ခိုက်ပြန်ပြီဟေ့”

“ဟိုမှာကြည့် ... ရှောင်ချန်းထျန်းရဲ့ နဂါးအမြီး ပြတ်သွားပြီ။ သူ အမြီးကို ကောက်ပြီး ထွက်ပြေးသွားပြီဗျ”

“ကောင်းကင်ပျံ ဧကရီလေး ကတော့ တကယ့်ကို ကြမ်းတမ်းတုန်းပါပဲ”

အင်အားစု အသီးသီးမှ လူများမှာ စိတ်ချင်းဆက်သွယ်ကာ အားတက်သရော ဆွေးနွေးနေကြလေသည်။ မကြာမီမှာပင် ထိုသတင်းမှာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးသို့ ရိုက်ခတ်သွားတော့၏။

မြူခိုးဂိုဏ်း၏ တပည့်များမှာလည်း ဟူဖေးဖေး တစ်ယောက်တည်း စိမ်းပြာရောင် တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ကာ နတ်ဘုရားမျိုးနွယ်စုမှ ထိပ်တန်း သူရဲကောင်းကို သတ်ဖြတ်နိုင်ခဲ့ရုံတင်မက၊ ဒဏ်ရာများ ရနေသော်လည်း လနီတံခါးကို အဆက်မပြတ် တိုက်ခိုက်နေကြောင်း ကြားသိရသောအခါ အံ့ဩသွားကြရသည်။

ရှီလေ့က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြောလိုက်၏။

“ကာကွယ်စောင့်ရှောက်သူ မင်းသမီးလေးက တကယ့်ကို သတ္တိရှိတာပဲ။ ငါသာ ခွန်အားရှိရင် စိမ်းပြာရောင် တားမြစ်နယ်မြေထဲကို ပြေးဝင်ပြီး အဲဒီ လနီတံခါးကို ရိုက်ခွဲပစ်လိုက်ချင်တယ်”

“စီနီယာအစ်ကိုကြီး ... ကျွန်တော်တို့ရဲ့ ခွန်အားက မလုံလောက်သေးဘူးလေ.. အခုတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်ပါတယ်.. ကျွန်တော်တို့ သန်မာလာတဲ့ အခါကျမှ အဖွဲ့ဖွဲ့ပြီး တားမြစ်နယ်မြေထဲကို သွားကြတာပေါ့” ဟု ဒုတိယမျိုးဆက် တပည့်ဖြစ်သော ရှန်းယွီက ဝင်ပြောလိုက်၏။

“ဒီနေ့ကစပြီး ငါ ပိုပြီး ကြိုးစား ကျင့်ကြံတော့မယ်”

ရွှီတာ‌လေ့သည် မူစီစီကို ခေါ်ဆောင်ကာ ဝိညာဉ်မူလနယ်မြေအတွင်းရှိ ရှေးဟောင်းတိုက်ပွဲမြေပြင်ဆီသို့ ဝင်ရောက်သွားတော့၏။

သူတို့သည် ရန်သူများကို သတ်ဖြတ်ရင်း ခွန်အားများကို မြှင့်တင်ကြတော့မည်ပင်။

---

ဤအရာအားလုံးကို ဟူဖေးဖေးမှာမူ မသိရှိရှာပေ။ သူမသည် မမောမပန်းဘဲ လနီတံခါးကိုသာ အဆက်မပြတ် ထုရိုက်နေသည်။ သူမ၏ အဆင့်တက်ရန် စွမ်းအင်မှာ ၄၀% သို့ ရောက်ရှိလာခဲ့တော့၏။

“ဟားဟား ... ဒီအတိုင်းသာ ဆက်သွားရင် ဂိုဏ်းချုပ်ပြောတဲ့ ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်တဲ့ ဝိညာဉ်ရတနာ ဖြစ်ဖို့ စွမ်းအင်တွေ မကြာခင် ပြည့်တော့မှာပဲ”

ဟူဖေးဖေးက စိတ်လှုပ်ရှားစွာဖြင့် ဟွမ်ယွမ်တုတ်ကို လွှဲကာ ထပ်မံ ရိုက်ချလိုက်ပြန်သည်။

“မင်းကများ ရဲတင်းလှချေလား”

ထိုအခိုက်အတန့်၌ လနီတံခါး၏ အနောက်မှနေ၍ တပိုင်း အဆင့် သူတော်စင်အဆင့်ရှိသော နတ်ဘုရားမျိုးနွယ်စု သူရဲကောင်း တစ်ဦး ထွက်ပေါ်လာပြီး သူမဆီသို့ ပြေးဝင်လာသည်။

သူ၏ အသားအရေမှာ ကြေးနီရောင် ဖြစ်ပြီး နဖူးတွင် လနီအမှတ်အသား ပါရှိ၏။ ကျောပေါ်တွင် အတောင်ပံ တစ်စုံ ရှိကာ လက်မောင်းများမှာလည်း ဒူးဆစ်အထိ ရှည်လျားနေသည်။ သူသည် ဟူဖေးဖေးကို စိုက်ကြည့်ကာ သူ၏ လက်သည်းများဖြင့် လေထဲသို့ ဝှေ့ယမ်းလိုက်၏။

“ရွှစ်”

တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် တတိယ တိုက်ခိုက်ရေးပုံစံအတွင်းရှိ ဟူဖေးဖေးမှာ ထိုတပိုင်း အဆင့် သူတော်စင်၏ လက်ချက်ဖြင့် နှစ်ပိုင်း ပြတ်သွားရသည်။

“ကောင်းကင်ပျံ ဧကရီ”

အနီးနားမှ စောင့်ကြည့်နေကြသော ပညာရှင်များမှာ ဟူဖေးဖေး ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်သောအခါ မျက်နှာများ ပျက်ကုန်ကြသည်။ သို့သော်လည်း ဟူဖေးဖေး၏ ဒဏ်ရာများမှာ ပန်းရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး ကိုယ်ခန္ဓာမှာ လျင်မြန်စွာ ပြန်လည် စုစည်းသွားတော့၏။

“မသေနိုင်တဲ့ ခန္ဓာကိုယ်လား”

နတ်ဘုရားမျိုးနွယ်စုမှ တပိုင်း အဆင့် သူတော်စင်က အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ အခြားသော ပညာရှင်များမှာလည်း ဟူဖေးဖေး ပြန်လည် နဂိုအတိုင်း ဖြစ်သွားသည်ကို ကြည့်ကာ ဆွံ့အကုန်ကြသည်။

“တကယ်ကို အားကျစရာကောင်းတဲ့ ကိုယ်တိုင်ကုသနိုင်စွမ်းပဲ” ရှောင်ချန်းထျန်း မနာလိုစွာဖြင့် ကြည့်နေမိသည်။

“မင်းက အရိုက်ခံချင်နေတာပဲ”

ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ကို ကိုင်ကာ သူမ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သော စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ တုတ်မှာ ပေပေါင်း သောင်းချီ ရှည်လျားသွားပြီး ပြင်းထန်စွာ ရိုက်ချလိုက်၏။

“ဟွန်း”

နတ်ဘုရားမျိုးနွယ်စုမှ တပိုင်း အဆင့် သူတော်စင်က လှောင်ပြောင်လိုက်၏။ သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးခြင်း အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဟူဖေးဖေး၏ ကိုယ်ခန္ဓာကို ထိုးဖောက်ကာ အဝေးသို့ လွင့်စင်သွားစေတော့၏။

---

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးတွင် ကောင်းကင်မျက်လုံးကို ဖွင့်ထားကြသော ပညာရှင် အားလုံးမှာ စိမ်းပြာရောင် တားမြစ်နယ်မြေအတွင်းသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် နေမင်း တစ်စင်း ဖြည်းညှင်းစွာ မြင့်တက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရခြင်းပင်။

ထိုနေမင်း၏ အထက်တွင် လူတစ်ဦး ရပ်နေသည်။ သူသည် အရပ်ရှည်ပြီး ကျောက်စိမ်းပမာ ကြည်လင်သော အရှိန်အဝါများ ရှိနေ၏။ သူ၏ ကိုယ်ခန္ဓာမှာ စူးရှတောက်ပလှသော ရွှေရောင် အလင်းတန်းများအတွင်း နစ်မြုပ်နေပြီး ရွှေရောင် တိုက်ပွဲနတ်ဘုရား တစ်ပါးနှင့် တူလှသည်။

“ဒါ ယဲ့ဖုန်း ပဲ”

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ ယဲ့ဖုန်းသည် နေမင်း၏ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေသဖြင့် သူ၏ အသားအရေမှာ ရွှေရောင်များအဖြစ် ပြောင်းလဲနေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကောင်းကင်ယံတွင် ရပ်နေ၏။

“မင်း ...ဘယ်သူလဲ”

နတ်ဘုရားမျိုးနွယ်စုမှ တပိုင်း အဆင့် သူတော်စင်သည် ယဲ့ဖုန်းကို စိုက်ကြည့်လိုက်ရာ ပူပြင်းလှသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားရသည်။

“ငါက မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ”

ယဲ့ဖုန်းက ထိုတပိုင်း အဆင့် သူတော်စင်ကို စိုက်ကြည့်လိုက်ပြီး သူ၏ လက်သီးကို မြှောက်လိုက်၏။ သူ၏ လက်ထဲတွင် နေမင်းငယ်လေး တစ်စင်း ရှိနေသကဲ့သို့ပင်။

“နေမင်း နတ်ဘုရားလက်သီး”

ယဲ့ဖုန်း၏ လက်သီးချက်မှာ နေမင်းကြီး တစ်စင်းကို ပစ်ပေါက်လိုက်သကဲ့သို့ ထွက်ပေါ်သွားတော့၏။

“ဖောင်း”

ပြင်းထန်လှသော မီးလျှံများအောက်တွင် နတ်ဘုရားမျိုးနွယ်စုမှ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်မှာ ခုခံနိုင်စွမ်း မရှိတော့ပေ။ သူ၏ အသားအရေများမှာ လောင်ကျွမ်းကာ အက်ကွဲကုန်ပြီးနောက် ပြာများအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ကွယ်ပျောက်သွားတော့၏။

လက်သီး တစ်ချက်တည်းနှင့် တပိုင်း အဆင့် သူတော်စင် တစ်ဦးကို ပြာဖြစ်အောင် လုပ်လိုက်သည်လား။

“သူက ပိုပြီး သန်မာလာပြန်ပြီလား။ ကြောက်စရာ ကောင်းလိုက်တာ” ဟု ရှောင်ချန်းထျန်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

*

ကျောင်းယန် နယ်မြေအတွင်း၌.. ကျောင်းယန် ရှေးဟောင်း

သူတော်စင်သည် မြင်ကွင်းကို ကြည့်ရင်း မတ်တတ်ရပ်မိသည်အထိ အံ့ဩသွားရသည်။

'ယဲ့ဖုန်း ... တကယ်ကို တော်တာပဲ။ ထိပ်တည့်တည့်က တောက်လောင်တဲ့နေ အပေါ်မှာ နောက်ထပ် လက်သီးသိုင်း တစ်ခုကို ပေါင်းစပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ခဲ့တာလား။ နေမင်း နတ်ဘုရားလက်သီး ... တကယ်ကို သန်မာတာပဲ'

'တကယ့်ကို နတ်ဆိုး တစ်ကောင်ပါပဲလား'

စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်၏ အရိပ်သည် ယဲ့ဖုန်းကို ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် ချီးကျူးမှု အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ သူမသည် ယဲ့ဖုန်းကို တပည့်အဖြစ် လက်ခံချင်သော စိတ်ပင် ပေါ်လာမိကြောင်း ဝန်ခံလိုက်ရ၏။

ယဲ့ဖုန်းသည် သူ၏ လက်သီးကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ ကျင့်ကြံရာမှ ထွက်လာသည်နှင့် နတ်ဘုရားမျိုးနွယ်စုမှ ထိုတပိုင်း အဆင့် သူတော်စင်သည် လနီတံခါးမှ ဆင်းသက်လာပြီး ဟူဖေးဖေးကို နှိပ်စက်နေသည်နှင့် တိုးခဲ့ခြင်း ဖြစ်သောကြောင့် ယဲ့ဖုန်း လှုပ်ရှားလိုက်ခြင်းပင်။

-

All Chapters