အခန်း ၆၉၇
Vol. 47 Ch. 697
အခန်း (၆၉၇) - ရှီချင်းဟု အမည်ပေးခြင်းနှင့် အရေးကြီးသောအစည်းအဝေး
“ဂျိန်း”
ဒုတိယမြောက် မိုးကြိုးချက်မှာ ကျရောက်လာပြန်ပြီး ကျောက်စိမ်းပြာတုံးကြီးကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိုက်၏။
တပည့်များအားလုံး အံ့ဩမှင်တက်သွားရ၏။ ဖုန်မှုန့်များကြားမှ အမြင့် သုံးပေခန့်သာရှိပြီး ကိုယ်ထည်ပေါ့ပါးသော ချပ်ဝတ်ဝတ်ဆင်ထားသည့် ဖြူဖြူဖွေးဖွေး ကောင်လေးတစ်ဦး လေထဲတွင် ဝဲပျံနေသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အလွန်ပင် ပြင်းထန်လှပေ၏။
သူသည် မွေးဖွားလာသည်နှင့် မူလနတ်ဘုရားအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
'မွေးလာတာနဲ့ ဒီလောက် ကျင့်ကြံခြင်းအဆင့်မျိုး ရှိနေတာလား။ သူ့ရဲ့ အနာဂတ်ကတော့ တကယ်ကို မှန်းဆလို့ မရနိုင်တော့ဘူးပဲ'
ကောင်းကင်ဘုံကပ်ဘေး၏ အားလှိုင်းများကို အာရုံခံမိသဖြင့် အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေးသည် မြူခိုးတောင်ထိပ်၏ အစွန်းသို့ လျှောက်လာပြီး လက်ရန်းကို ကိုင်ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။
“ကြည့်ရတာ ဂိုဏ်းချုပ်ရဲ့ သီးသန့်ကျောက်စိမ်းပြာတုံးထဲမှာ ကောင်လေးတစ်ယောက်ကို ပြုစုပျိုးထောင်နေတာပဲ”
“ဒါ ကျောက်သားဝိညာဉ် ပဲ”
ရိပ်နက်နတ်ဆိုးဂိုဏ်းချုပ်၊ သွေးကြာပန်းဂိုဏ်းချုပ်နှင့် အခြားသော အထွတ်အထိပ်အကြီးအကဲများ တစ်ဦးပြီးတစ်ဦး ပေါ်လာကြပြီး မိုးကြိုးချက်များကို ကြံ့ကြံ့ခံနေသော ကျောက်သားဝိညာဉ်လေးကို စောင့်ကြည့်နေကြတော့၏။
“ကျောက်စိမ်းပြာ ချပ်ဝတ်”
ပိုမို ကြောက်စရာကောင်းလာသော မိုးကြိုးချက်များကို ရင်ဆိုင်ရင်း ကျောက်သားဝိညာဉ်လေးသည် ကောင်းကင်သို့ ထိုးတက်သွား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ကိုယ်ပေါ်မှ ချပ်ဝတ်မှာ ကျောက်စိမ်းပြာတုံးများဖြင့် သွန်းလုပ်ထားသကဲ့သို့ ပိုမို ကြီးထွားလာသည်။
“ဂျိန်း”
မိုးကြိုးချက်များမှာ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး ပေါက်ကွဲသွားကြ၏။ အချို့သော စွမ်းအားများကိုမူ ကျောက်သားဝိညာဉ်လေးက ဝါးမြိုလိုက်သဖြင့် သူ၏ အရှိန်အဝါမှာ ပိုမို ခိုင်မာလာတော့၏။
ကပ်ဘေးတိမ်တိုက်များ ကွယ်ပျောက်သွားသောအခါ..
ကျောက်သားဝိညာဉ်လေးသည် ဟင်းလင်းပြင်အတွင်း ခန့်ညားစွာ ရပ်နေသည်။ သူ၏ ချပ်ဝတ်မှာ ပါးလွှာသွားပြီး လက်ထဲတွင်မူ စိမ်းဖန့်ဖန့် ကျောက်လှံရှည်တစ်စင်း ပေါ်လာ၏။
“တပည့် ကျောက်သားဝိညာဉ် ... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ခင်ဗျာ”
သူသည် ကျောက်လှံကို ကျောတွင်လွယ်ကာ ယဲ့ဖုန်း၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး ဒူးတစ်ဖက်ထောက်၍ နှုတ်ဆက်လိုက်၏။
“ထပါဦး”
ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းပြရင်း ထိုကောင်လေးကို သေချာကြည့်လိုက်၏။
“အမှန်အတိုင်း ပြောရရင် ... မင်းက မြူခိုးဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ မသင့်တော်ဘူး”
“ဗျာ ... ”
ကျောက်သားဝိညာဉ်လေး တုန်လှုပ်သွားရသည်။
“ဂိုဏ်းချုပ်က ကျွန်တော့်ကို မလိုချင်တော့ဘူးလား ဟင်”
“မဟုတ်ပါဘူး.. မင်းက တပည့်ဖြစ်ဖို့ မသင့်တော်တာပဲ ရှိတာပါ.. မင်းကို ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အစောင့်အရှောက်အဖြစ် ခန့်အပ်မယ်” ဟု ယဲ့ဖုန်းက ပြောလိုက်၏။
“ဪ ... သက်တော်စောင့် လို့ ပြောတာလား” ကျောက်သားဝိညာဉ်လေးက ခေါင်းကို ကုတ်ရင်း မေးလိုက်၏။
“မင်းက သက်တော်စောင့် ဆိုတဲ့ စကားလုံးကို ဘယ်လိုလုပ် သိတာလဲ”
“စီနီယာအစ်မကြီး ဇီလင်း က ရေကန်ဘေးမှာ စာဖတ်ရင်း တစ်ခါတစ်လေ အဲဒါကို ပြောတတ်လို့ပါ.. သူမက ပိုက်ဆံရရင် သိုင်းကျမ်းဆောင်အတွက် သက်တော်စောင့် တစ်သောင်းလောက် ငှားမယ်လို့ ပြောဖူးတယ်လေ”
“အဟွတ် ... ”
ယဲ့ဖုန်း တံတွေးပင် သီးသွားရသည်။ ကျီဇီလင်းက သိုင်းကျမ်းဆောင်အတွက် သက်တော်စောင့် တစ်သောင်းလောက် ငှားမယ် ဟုတ်လား။
ဒီကောင်မလေး ..မြူခိုးဂိုဏ်းကို ဒေဝါလီခံခိုင်းချင်နေတာလား။
“အဲဒီစကားတွေကို နောက်ခါ မပြောနဲ့တော့”
ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်သွားပြီးနောက် ကျောက်သားဝိညာဉ်လေးကို ကြည့်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ” ကျောက်သားဝိညာဉ်လေးက ခေါင်းကို တငြိမ့်ငြိမ့် လုပ်နေတော့၏။
သူသည် ကျောက်လှံရှည်ကို ကိုင်ကာ ရပ်နေသည်မှာ မျက်လုံးများက တောက်ပပြီး ဇွဲမာန် ပြည့်နှက်နေသဖြင့် မွေးရာပါ တိုက်ပွဲနတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
“ဂိုဏ်းချုပ် ... ကျွန်တော့်မှာ နာမည်မရှိသေးဘူး.. ကျွန်တော့်ကို နာမည်တစ်ခုလောက် ပေးပါဦးလား” ဟု သူက အလေးအနက် တောင်းဆိုလိုက်၏။
ယဲ့ဖုန်း မျက်တောင် တစ်ချက် ခတ်လိုက်မိသည်။ မိမိက နာမည်ပေးရာတွင် အလွန် ညံ့ဖျင်းသူ မဟုတ်ပါလား။
ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း ပြောလိုက်၏။ “မင်းရဲ့ မူလပုံစံက ကျောက်စိမ်းပြာတုံး တစ်တုံး ဖြစ်ခဲ့တာဆိုတော့ ... မင်းရဲ့ နာမည်ကို ‘ရှီချင်း’ လို့ပဲ ပေးလိုက်မယ်”
“ရှီချင်း ... မဆိုးပါဘူး” ကျောက်သားဝိညာဉ်လေး ခေါင်းညိတ်လိုက်၏။
“အခုကစပြီး မင်းက ငါ့ရဲ့ ကိုယ်ရံတော် ဖြစ်သွားပြီ။ ငါ့ရဲ့ ဘေးကင်းရေးကို တာဝန်ယူရမယ် ... ငါကတော့ မင်းရဲ့ အကာအကွယ်ကို မလိုပါဘူး.. ဒါပေမဲ့ မင်းကို ရာထူးတစ်ခုတော့ ပေးထားရမှာပေါ့”
ယဲ့ဖုန်းက တီးတိုး ရေရွတ်လိုက်မိ၏။ သူသည် စနစ်ကို မေးမြန်းကြည့်လိုက်ရာ ရှီချင်းသည် တပည့်ဖြစ်ရန် မသင့်တော်သော်လည်း အကြီးအကဲဆောင် (သို့) ဝိညာဉ်သားရဲဆောင် တို့မှာ ထားရှိနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ယဲ့ဖုန်းက ရှီချင်းကို အကြီးအကဲဆောင်တွင် စာရင်းသွင်းပေးလိုက်ပြီး ဂိုဏ်းချုပ်ကိုယ်ရံတော်အဖြစ် ခန့်အပ်လိုက်၏။ ဤရာထူးမှာ အကြီးအကဲ တစ်ဦးနှင့် အဆင့်အတန်း တူညီပါသည်။
“လာ ... မင်းကို စာရင်းသွင်းရအောင်”
ယဲ့ဖုန်းသည် နာမည်စာရင်းစာအုပ်ကို ထုတ်ယူကာ ရှီချင်း၏ အမည်နှင့် နောက်ခံကို ရေးမှတ်လိုက်ပြီး ဂိုဏ်းချုပ်တံဆိပ်ကို ခတ်နှိပ်လိုက်တော့၏။ ထိုအချိန်မှစ၍ ရှီချင်းသည် အကြီးအကဲဆောင်၏ တရားဝင် အဖွဲ့ဝင် ဖြစ်လာခဲ့တော့၏။
“ကိုယ်ရံတော် ရှီချင်း ကို နှုတ်ဆက်ပါတယ် ခင်ဗျာ”
ဘေးနားရှိ တပည့်များမှာ သူတို့၏ စကားဝိုင်းကို ကြားခဲ့သဖြင့် ဂိုဏ်းချုပ်၏ ကိုယ်ရံတော်သစ် ရောက်လာပြီ ဖြစ်ကြောင်း သိရှိသွားကြကာ ဝိုင်းဝန်း နှုတ်ဆက်ကြသည်။
“အားလုံးပဲ မင်္ဂလာပါဗျ”
လေထဲတွင် ဝဲပျံနေသော ရှီချင်းမှာ တပည့်များ၏ နွေးထွေးသော နှုတ်ဆက်မှုကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းကိုသာ ကုတ်နေမိတော့၏။
“အခုကစပြီး မင်းက မြူခိုးတောင်ထိပ်မှာပဲ နေရမယ် ... မင်း ကြိုက်တဲ့နေရာကိုလည်း ရွေးချယ်လို့ ရပါတယ်”
“ဂိုဏ်းချုပ် ... ကျွန်တော် ရေကန်ဘေးမှာပဲ နေချင်ပါတယ်”
“အင်း ... မင်း သဘောအတိုင်းပဲပေါ့”
ယဲ့ဖုန်းသည် ရှီချင်း၏ ရုပ်ခန္ဓာနှင့် ကိုက်ညီစေရန်အတွက် ‘နတ်ဆိုးဧကရာဇ်ကျင့်စဉ်’ ကို အနည်းငယ် ပြုပြင်ပေးလိုက်၏။ ဤကျင့်စဉ်ဖြင့် ရှီချင်းသည် ဟင်းလင်းပြင်ဖြိုခွဲအဆင့်၏ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်အထိ တက်လှမ်းနိုင်မည် ဖြစ်သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် ယဲ့ဖုန်းသည် လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်၏။ အေးစက်လှသော ဟက်ပီးဝါးတား (ကိုကာကိုလာ) တစ်ခွက်ကို သောက်ရင်း သူ အလွန် ပျော်ရွှင်နေမိ၏။
“ဂိုဏ်းချုပ်ယဲ့ ... ”
ထိုစဉ် ကောင်းကင်ယံထက်မှ သာယာပြီး ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ဖုန်း လှမ်းကြည့်လိုက်သောအခါ မင်းသမီးယွီကျူး က ကောင်းကင်တွင် ရပ်နေပြီး သူ့ကို ခေါင်းညိတ် နှုတ်ဆက်နေသည်ကို တွေ့လိုက်ရ၏။
“ဘာကိစ္စ ရှိလို့လဲ”
“ရှန်ကျိုးတိုက်ကြီးပေါ်မှာရှိတဲ့ ကြယ်ငါးပွင့်အင်အားစုတွေ အားလုံး ‘ကောင်းကင်မူလပင်လယ်’ ရဲ့ အလယ်ဗဟိုမှာ အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ကျင်းပကြတော့မှာပါ.. မြူခိုးဂိုဏ်းက ကြယ်ငါးပွင့်အဆင့် မဟုတ်သေးပေမဲ့ ... ဂိုဏ်းချုပ်ယဲ့ကိုတော့ အထူးဖိတ်ကြားထားပါတယ်”
---
ကောင်းကင်မူလပင်လယ်။
ဤနေရာမှာ ရှန်ကျိုးတိုက်ကြီး၏ ဗဟိုချက်တည့်တည့်တွင် တည်ရှိသည်။ ၎င်းမှာ မိုင်ပေါင်း သန်းနှင့်ချီ ကျယ်ပြန့်ပြီး ကမ်းရိုးတန်း တစ်လျှောက်တွင် မြင့်မြတ်သောမြို့တော် ကိုးခုနှင့် မြင့်မြတ်သောနယ်မြေ ကိုးခု တည်ရှိကြ၏။ ဤဒေသကို ‘ကောင်းကင်မူလနယ်ပယ်’ ဟု ခေါ်ဆိုကြ၏။ ‘ကောင်းကင်မူလနယ်ပယ်’ က ရှန်ကျိုးတိုက်ကြီး၏ စစ်မှန်သော ဗဟိုချက်ပင် ဖြစ်သည်။
ရွှစ် ပင်လယ်ပြင်၏ အထက် ကောင်းကင်ယံတွင် ဟင်းလင်းပြင်ကြီး ပြဲဟသွားပြီး ယဲ့ဖုန်းနှင့် မင်းသမီးယွီကျူးတို့ ထွက်ပေါ်လာကြသည်။
“ဂိုဏ်းချုပ်ယဲ့ ... ကျွန်မတို့ သွားရမယ့်နေရာက အောက်မှာပါ” ဟု မင်းသမီးယွီကျူးက လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။
အောက်ဘက်တွင် မိုင်အနည်းငယ်သာ ကျယ်ဝန်းသော ကျွန်းကလေးတစ်ကျွန်း ရှိနေသည်။ ကျွန်းထက်တွင် မြူခိုးများ ရစ်ဆိုင်းနေပြီး ပန်းခင်းများ၊ ရေတံခွန်များနှင့် လှပသော အဆောက်အဦးငယ်လေးများ ရှိနေသဖြင့် ဥယျာဉ်ကြီးတစ်ခုနှင့်ပင် တူလှသည်။
မြင့်မြတ်သော အရှိန်အဝါများမှာ သူတို့ဆီသို့ လွင့်ပျံ့လာတော့၏။
“ဂိုဏ်းချုပ်ယဲ့၊ မင်းသမီးယွီကျူး ... ခင်ဗျားတို့ နှစ်ယောက်စလုံးကို နှုတ်ဆက်ပါတယ်”
ထွားကျိုင်းသော လူသန်ကြီးတစ်ဦး လျှောက်လာပြီး သူတို့ကို နှုတ်ဆက်လိုက်၏။ သူ၏ မျက်ဝန်းများတွင် ယဲ့ဖုန်းအပေါ် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေသည်။ ဤသူကား ကောင်းကင်ဖြိုခွဲတောင်တန်းမှ ကြံ့ကောင်းကင်ဧကရာဇ် ပါပင်။
သူ၏ အနောက်တွင် အခြားသော ထိပ်တန်းပညာရှင် ဒါဇင်ပေါင်းများစွာမှာလည်း ဖြည်းညှင်းစွာ ပျံသန်းလာကြတော့၏။
ရှောင်ချန်းထျန်း၊ ဝူရွှမ်နှင့် ကျန်ရှိနေသော တားမြစ်နယ်မြေများမှ ပညာရှင် အားလုံး ရောက်ရှိနေကြသည်။ ထို့အပြင် မြင့်မြတ်သောနယ်မြေ ကိုးခုမှ ကိုယ်စားလှယ်များလည်း ပါဝင်ကြပြီး ထိုသူများမှာ အနည်းဆုံး ထိပ်တန်းကောင်းကင်ဧကရာဇ် အဆင့်ရှိသူများ ဖြစ်ကြ၏။ လွင့်မျော တောင်တန်းမှလွဲ၍ ကျန်ရှိနေသော နတ်ဘုရားတောင်တန်း ကိုးခုမှ ပညာရှင်များလည်း တက်ရောက်ကြသည်။
ကျန်ရှိနေသော သူများမှာမူ ထိပ်တန်း ကြယ်ငါးပွင့်အင်အားစု တစ်ရာမှ ပညာရှင်များ ဖြစ်ကြ၏။ ထိုသူများမှာ များသောအားဖြင့် ပါးစပ်တွင် မုတ်ဆိတ်ဖြူများဖြင့် အိုမင်းနေသော တပိုင်း အဆင့် သူတော်စင်များ ဖြစ်ကြသည်။
သူတို့အားလုံးသည် ယဲ့ဖုန်းကို စူးစမ်းကြည့်လိုက်ကြ၏။ ကောင်းကင်မျက်လုံး အတတ်ကို အသုံးပြုလျှင်ပင် ယဲ့ဖုန်း၏ စစ်မှန်သော ခွန်အားကို မည်သူမျှ မမြင်နိုင်ကြချေ။
'ယဲ့ဖုန်း ဆိုတာ တကယ့်ကို တော်တာပဲ။ ဘာကိုမှ ခန့်မှန်းလို့ မရဘူး'
'သတင်းတွေ အရဆိုရင် သူက သာမန်လူ တစ်ယောက်လိုပဲတဲ့။ သူတော်စင်အဆင့် ရှိတဲ့ သူတွေတောင် သူ့ကို ထိုးဖောက် မမြင်နိုင်ဘူးလို့ ဆိုကြတယ်.. ငါတို့လို တပိုင်း အဆင့် သူတော်စင်တွေဆိုရင်တော့ ဝေးသေးတာပေါ့'
ကြယ်ငါးပွင့်အင်အားစုများမှ တပိုင်း အဆင့် သူတော်စင်များမှာ စိတ်ချင်းဆက်သွယ်ကာ တွတ်ထိုး နေကြသည်။ ဤအင်အားစုများတွင် အနည်းဆုံး တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် တစ်ဦးစီ ရှိကြသော်လည်း အချို့သော အင်အားစုကြီးများတွင်မူ လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အထိပင် ရှိနေကြသည်။ သူတို့၏ ခွန်အားမှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
“အားလုံးပဲ ... ကျွန်မနောက်ကို လိုက်ခဲ့ကြပါ”
ထိုအခိုက်အတန့်၌ မျက်နှာဖုံးစွပ်ထားသော အမျိုးသမီး တစ်ဦးသည် အေးဆေးစွာ လျှောက်လာ၏။ သူမ လျှောက်လာတိုင်း သာယာလှသော တူရိယာသံများ ထွက်ပေါ်နေသဖြင့် နားဝင်ပီယံ ရှိလှသည်။
တဆက်တည်း၌ အသည်းထိတ်ဖွယ် ဖိအားတစ်ခုမှာ လူတိုင်း၏ အပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်လာတော့၏။
မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးငည် လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် တစ်ဦး ဖြစ်သည်။
ထိုစဉ်..မင်းသမီးယွီကျူးက ယဲ့ဖုန်းကို စိတ်ချင်းဆက်သွယ်ကာ ရှင်းပြလိုက်၏။
“အဲ့ဒီပုဂ္ဂိုလ်ကတော့ မြင့်မြတ်သောနယ်မြေ ကိုးခုထဲက တစ်ခုဖြစ်တဲ့ ‘ထျန်းမြောင် မြင့်မြတ်သောနယ်မြေ’ ရဲ့ အရှင်သခင် ‘ယင်ရူရုံ’ ပါ.. သူက သူတော်စင်အဆင့် မဟုတ်ဘဲနဲ့ မြင့်မြတ်သောနယ်မြေရဲ့ အရှင်သခင် ရာထူးကို ရယူထားနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပေါ့”
“ဒီအစည်းအဝေးကို အရှင်သခင် ယင်ရူရုံ ကပဲ ဦးဆောင်ကျင်းပတာပါ.. သူမလို ပုဂ္ဂိုလ်မျိုး ဖိတ်ကြားမှသာ ထိပ်တန်းအင်အားစုအားလုံးက ကိုယ်စားလှယ်တွေ ဒီမှာ စုမိကြတာလေ”
ထိုအခါမှ ယဲ့ဖုန်း သဘောပေါက်သွားတော့၏။ ရှောင်ချန်းထျန်းနှင့် ဝူရွှမ်တို့ကဲ့သို့သော သူများပင်လျှင် အဘယ်ကြောင့် ရောက်လာရသနည်းဆိုသည်မှာ ... ဤအစည်းအဝေး၏ အနောက်ကွယ်တွင် မြင့်မြတ်သောနယ်မြေ အရှင်သခင် တစ်ဦး ရှိနေခြင်းကြောင့်ပင် ဖြစ်၏။
ယင်ရူရုံသည် စစ်မှန်သော သူတော်စင်တစ်ဦး မဟုတ်သော်လည်း၊ ကျောင်းယန် ရှေးဟောင်းသူတော်စင် ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် သူမကို 'မိတ်ဆွေ' ဟုသာ ခေါ်ဆိုကြသည်။ ၎င်းက သူမ၏ ရာထူးကြောင့်သာမကဘဲ ... ထျန်းမြောင် မြင့်မြတ်သောနယ်မြေ၏ ရှေးဟောင်းသူတော်စင်အရှင်၏ ဂုဏ်သတင်းနှင့် ခွန်အားကြောင့်လည်း ပါဝင်ပါသည်။
ထိုရှေးဟောင်းသူတော်စင်အရှင်မှာ တကယ်ကို အစွမ်းထက်လှသည်။ သူသည် ရှန်ကျိုးတိုက်ကြီးပေါ်ရှိ လက်ချိုးရေတွက်၍ ရသော ‘ကောင်းကင်သူတော်စင်’ အဆင့်ရှိသူများထဲမှ တစ်ဦး ဖြစ်၏။
-