← Chapters

အခန်း ၆၉၉

Vol. 47 Ch. 699

အခန်း ၆၉၉

Vol. 47 Ch. 699

အခန်း (၆၉၉) - မပြေလည်သော လမ်းခွဲခြင်းနှင့် ယဲ့ဖုန်း၏ ယုံကြည်ချက်

ယဲ့ဖုန်းသည် သူ၏ နေရာ၌ အေးဆေးစွာ ထိုင်နေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ စကားဝင်ပြောရန် စိတ်မပါလှပေ။ သူ့အတွက်မူ အလုပ်ရှုပ်ရမည့် ကိစ္စများမှာ အပိုသက်သက်သာ ဖြစ်ချေ၏။

၎င်းပြင် သူသည် မြူခိုးဂိုဏ်းမှ တပည့်များကို လနီနတ်ဆိုးများကို နှိမ်နင်းရန် စေလွှတ်ထားပြီး ဖြစ်သလို၊ လနီတံခါးရှိ အခြေအနေကိုလည်း ကာကွယ်စောင့်ရှောက်သူ ဟူဖေးဖေးက အမြဲမပြတ် စောင့်ကြည့်နေသည်။

အကယ်၍ တစ်စုံတစ်ဦး ထွက်ပေါ်လာပါက သူမက ချက်ချင်း အာရုံခံမိပေလိမ့်မည်။ ဤကိစ္စတွင် မြူခိုးဂိုဏ်းက အစောကတည်းကပင် ဦးဆောင်မှု ရယူထားခဲ့ခြင်းပင်။

“နင်တို့ ပြောတာတွေကလည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ပါဘူး”

ယင်ရူရုံက အသာအယာ ခေါင်းညိတ်လိုက်၏။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နောက်ဆုံးတွင် ခေါင်းငုံ့၍ လက်ဖက်ရည် သောက်နေသော ယဲ့ဖုန်းဆီတွင် အကြည့်တို့ ရပ်တန့်သွားတော့သည်။

“ဂိုဏ်းချုပ်ယဲ့ အနေနဲ့ကော ဘယ်လို သဘောရသလဲ”

ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်များမှာ ယဲ့ဖုန်းဆီသို့ စုပြုံရောက်ရှိလာကြတော့၏။

“အဟွတ်”

ယဲ့ဖုန်း ပါးစပ်ထဲရှိ လက်ဖက်ရည်များပင် သီးသွားရသည်။ သူ တကယ်ကို စိတ်ပျက်သွားမိ၏။

‘ငါက ဘေးထိုင်ကြည့်ရုံ ကြည့်နေတာကို ယင်ရူရုံက ဘာလို့ ငါ့ကို လာပြီး ဆွဲထည့်ရသလဲ’

“ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ဘာတွေးရမှာလဲ.. သေချာပေါက် မျက်လုံးကို အကျယ်ကြီး ဖွင့်ပြီးတော့ပဲ စောင့်ကြည့်နေရမှာပေါ့”

ယဲ့ဖုန်းသည် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။ ယင်ရူရုံ၏ မျက်နှာမှာ မပြောင်းလဲသော်လည်း သူမ၏ နှုတ်ခမ်းထောင့်များမှာမူ မသိမသာ တုန်ခါသွားရသည်။ ယဲ့ဖုန်းထံမှ ဤကဲ့သို့သော အဖြေမျိုးကို သူမ မျှော်လင့်မထားခဲ့ပေ။

“ဂိုဏ်းချုပ်ယဲ့ ... ”

“ကြားရသလောက်တော့ ... ဂိုဏ်းချုပ်ယဲ့က လနီတံခါးအနီးမှာ ကြိုတင် ပုန်းအောင်းနေပြီး နင်တို့ ဂိုဏ်းက ကာကွယ်စောင့်ရှောက်သူ ဟူဖေးဖေးက ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးကို သတ်ခဲ့သလို၊ နင်ကိုယ်တိုင်လည်း တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် တစ်ဦးကို လက်သီးနဲ့ အမှုန့်ခြေခဲ့တယ် ဆိုတာ ဟုတ်ပါသလား”

ယင်ရူရုံက မေးမြန်းလိုက်၏။

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်”

“ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့က နတ်ဘုရားမျိုးနွယ်စုရဲ့ ပညာရှင်တွေ ဆင်းသက်မလာနိုင်အောင် လနီတံခါးကို ပိတ်ဆို့ဖို့ အစောကတည်းက ကြံစည်ထားတာပေါ့လေ”

ယင်ရူရုံက တီးတိုး ရေရွတ်လိုက်၏။ ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်နှာမှာ ထူးဆန်းသွားတော့၏။ သူ အမှန်အတိုင်း ပြောပြလိုက်ချင်မိသည်။

'မဟုတ်ဘူး ... လုံးဝ မဟုတ်ဘူး’

'ငါက လနီတံခါးကို ပိတ်ဆို့ဖို့ ဘာရည်ရွယ်ချက်မှ မရှိဘူး’

'ငါက ဟူဖေးဖေးကို အမြတ်ထုတ်ခိုင်းရုံပဲ။ နတ်ဘုရားမျိုးနွယ်စုက ပညာရှင်တွေ ထွက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ'

သို့သော် ထိုစကားများမှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားခဲ့သည်။

ယဲ့ဖုန်းသည် တည်ကြည်သော မျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အားမာန်ပါပါဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

“အဲဒါကပဲ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် အတိအကျပါပဲ”

သူ၏ စကားအဆုံးတွင် သူသည် အလွန်ပင် လေးနက်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။

တကယ်တမ်းတွင်မူ ယဲ့ဖုန်းမှာ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရခြင်း ဖြစ်သည်။

ယင်ရူရုံ၏ နှုတ်ခမ်းနီနီလေးမှာ အသာအယာ ကွေးညွတ်သွားပြီး အေးစက်သော အသံဖြင့် ပြောဆိုလိုက်၏။

“ဂိုဏ်းချုပ်ယဲ့က ဒီလောက် အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေ ရနေတာ အကြောင်းမဲ့တော့ မဟုတ်ဘူးပဲ။ နင့်ရဲ့ အတွေးအခေါ်တွေက တကယ်ကို စေ့စပ်ပြီး သတ္တိရှိတာပဲ”

သူမက ဆက်လက်၍ …

“ပွင့်ပွင့်လင်းလင်း ပြောရရင် ... ငါ အစီအစဉ်တစ်ခု ဆွဲထားပြီးသား။ အဲဒါကတော့ အင်အားစု အသီးသီးကနေ တပိုင်း အဆင့် သူတော်စင် အဆင့်ရှိတဲ့ ပညာရှင်တွေကို စေလွှတ်ပြီး လနီတံခါးကို အမြဲမပြတ် စောင့်ကြပ်ခိုင်းဖို့ပဲ။ ရန်သူ ပေါ်လာတာနဲ့ ချက်ချင်း အပြတ်ရှင်းရမယ်.. နတ်ဘုရားမျိုးနွယ်စုရဲ့ အကူအညီ မပါရင် ရှန်ကျိုးတိုက်ကြီးက လနီနတ်ဆိုးတွေဟာ ဘာမှ မဟုတ်တော့ဘူး..”

“ ငါတို့ မျိုးဆက်သစ်တွေက ရှေ့တန်းက ပညာရှင်တွေအတွက် နောက်တန်းကို လုံခြုံအောင် လုပ်ပေးထားရမယ်.. သူတို့ ပြင်ပနယ်မြေ တိုက်ပွဲကနေ အားလပ်သွားတဲ့အခါကျရင် ... နတ်ဘုရားမျိုးနွယ်စုရဲ့ မြင့်မြတ်သောအရှင်ကို ဝိုင်းဝန်း တိုက်ခိုက်မယ့် အချိန် ရောက်လာလိမ့်မယ်”

ယင်ရူရုံ၏ အသံမှာ တည်ငြိမ်ပြီး လေးနက်လှသည်။

လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်၏ အသည်းထိတ်ဖွယ် အရှိန်အဝါများမှာ ထိုအခိုက်အတန့်၌ ဖြာထွက်သွားရာ ရောက်ရှိနေသူ အားလုံးမှာ ပြင်းထန်သော ဖိအားများကို ခံစားလိုက်ကြရ၏။

အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ကြည့်ရတာ ယင်ရူရုံက အစီအစဉ်တွေ အကုန် ဆွဲထားပြီးသား ဖြစ်ပုံရ၏။ အားလုံးကို ခေါ်ယူလိုက်ခြင်းမှာ ဆွေးနွေးရန် မဟုတ်ဘဲ အမိန့်ပေးရန်သာ ဖြစ်သည်။

“ငါ ပြောစရာရှိတာ ပြောပြီးပြီ။ ဘယ်သူ သဘောတူသလဲ ... ဘယ်သူ ကန့်ကွက်သလဲ”

ယင်ရူရုံက မေးခွန်းကို အားလုံးဆီသို့ ပြန်လည် ပစ်လွှတ်လိုက်၏။

နေရာတွင် ရှိနေသော ထိပ်တန်းပညာရှင် တစ်ရာကျော်မှာ အချင်းချင်း ကြည့်လိုက်ကြသည်။

ကန့်ကွက်ဖို့လား ... ထိုသို့လုပ်ခြင်းက ယင်ရူရုံကို ရန်စလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

သဘောတူဖို့ကျတော့လည်း ... မိမိတို့၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများကို အကြောင်းမဲ့ သွားရောက် စောင့်ကြပ်ခိုင်းရခြင်းမှာ အရှုံးပေါ်မည့် အလုပ်ဖြစ်သဖြင့် မည်သူမျှ မလုပ်လိုကြချေ။

“ကျွန်တော်.. ကန့်ကွက်တယ်”

ယဲ့ဖုန်းက ရုတ်တရက် မျက်လုံးများကို ပြူးလိုက်၏။

အကယ်၍ အခြားသူများသာ လနီတံခါးကို စောင့်ကြပ်မည်ဆိုပါက ... ဟူဖေးဖေးအနေဖြင့် အကျိုးအမြတ် ထုတ်ရန် မည်သို့ လွယ်ကူတော့မည်နည်း။

'ဟင်းချက်သူ များရင် ဟင်းဖတ် ပါတတ်တယ်' ဆိုသော စကားအတိုင်းပင် ဖြစ်ချေသည်။

လနီတံခါး အနီးတွင် ပညာရှင်များစွာ၊ အထူးသဖြင့် မျက်လုံး စူးရှလှသော ကောင်းကင်ဧကရာဇ်များနှင့် တပိုင်း အဆင့် သူတော်စင်များ ရှိနေပါက ... ဟူဖေးဖေး၏ လျှို့ဝှက်ချက်ကို သူတို့ သေချာပေါက် သိရှိသွားကြပေလိမ့်မည်။

ထိုအခါ ပျော်ပျော်ပါးပါး စွမ်းအင် စုဆောင်းရန်မှာ မဖြစ်နိုင်တော့ပေ။

“နင်က ကန့်ကွက်တယ် ဟုတ်လား”

ယင်ရူရုံက ယဲ့ဖုန်းကို စိုက်ကြည့်လိုက်ရင်း သူမ၏ မျက်နှာတွင် မကျေနပ်မှုများ ထင်ဟပ်လာသည်။

အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များမှာလည်း ယင်ရူရုံ တစ်ယောက် ချက်ချင်း ဒေါသပေါက်ကွဲတော့မည်ကို စိုးရိမ်သဖြင့် ခေါင်းများကို ငုံ့ထားလိုက်ကြ၏။

လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်၏ အမျက်ဒေါသကို မည်သူမျှ မရင်ဆိုင်လိုကြချေ။

“လနီတံခါးကို ကျွန်တော်တို့ မြူခိုးဂိုဏ်းက ကာကွယ်စောင့်ရှောက်သူကပဲ လောလောဆယ် စောင့်ကြပ်ပေးထားလိမ့်မယ်”

ဟု ယဲ့ဖုန်းက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အကယ်၍ ကျွန်တော်တို့ ဂိုဏ်းက ကာကွယ်စောင့်ရှောက်သူက တောင့်မခံနိုင်တော့ဘူး ဆိုရင်တော့ ... ဂိုဏ်းချုပ် ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် တိုက်ပွဲထဲ ဝင်ပါမယ်.. နတ်ဘုရား လာရင် နတ်ဘုရားကို သတ်မယ်၊ ဗုဒ္ဓ လာရင် ဗုဒ္ဓကို သတ်မယ်”

သူသည် စိတ်အားထက်သန်စွာဖြင့် မတ်တတ်ရပ်ကာ ပြောဆိုလိုက်ခြင်း ဖြစ်၏။

ထိုစကားကို ကြားသောအခါ လူတိုင်း ဆွံ့အသွားရသည်။

ကြားလိုက်ရတာ မှားနေသလားဟုပင် ထင်မှတ်လိုက်မိ၏။

ယဲ့ဖုန်းက လနီတံခါးကို တစ်ကိုယ်တည်း စောင့်ကြပ်ပေးမည် ဆိုပါလား။

“ကောင်းတယ်”

“ဂိုဏ်းချုပ်ယဲ့ ဆိုတာ တကယ့်ကို သတ္တိရှိပြီး ပြတ်သားတဲ့သူပဲ။ ငါ သဘောတူတယ်”

“ငါလည်း နှစ်ဖက် နှစ်ချောင်းလုံး မြှောက်ပြီး ထောက်ခံတယ်”

မိမိတို့၏ ပညာရှင်များကို မစေလွှတ်လိုကြသော အင်အားစုများမှာ အလွန် စိတ်လှုပ်ရှားသွားကြသည်။

သူတို့သည် ယဲ့ဖုန်းကို လေးစားအားကျသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး ပြေးဖက်ချင်စိတ်ပင် ပေါ်လာမိကြတော့၏။

“ဒါကတော့ ... ”

ယင်ရူရုံမှာ အခြေအနေက ဤသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

မူလက သူမ၏ ရည်ရွယ်ချက်မှာ အင်အားစု အသီးသီးမှ ပညာရှင်များကို စုစည်းစေပြီး၊ ထျန်းမြောင် မြင့်မြတ်သောနယ်မြေက ၎င်းတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။

ဤနည်းဖြင့် သူမတို့ နယ်မြေမှာ ထိုပညာရှင်များအပေါ် ယာယီ အာဏာ ရရှိသွားမည် ဖြစ်၏။ သို့သော် ယဲ့ဖုန်းက ဤမျှအထိ ခေါင်းမာလိမ့်မည်ဟု သူမ မသိခဲ့ပေ။ သူက တစ်ကိုယ်တည်း တာဝန်ယူချင်နေသည် မဟုတ်ပါလော။

“မဖြစ်နိုင်တာ နတ်ဘုရားမျိုးနွယ်စုက အရမ်း အန္တရာယ်များတယ်.. ဂိုဏ်းချုပ်ယဲ့နဲ့ ခင်ဗျားတို့ ဂိုဏ်းက ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး”

ယင်ရူရုံက ယဲ့ဖုန်း၏ ဘေးကင်းရေးကို စိုးရိမ်သယောင် ဟန်ဆောင်၍ ပြောလိုက်၏။

“ဟွန်း ... လနီတံခါးက ငါတို့ စိမ်းပြာရောင် တားမြစ်နယ်မြေ ထဲမှာ ပေါ်နေတာပဲ။ ခင်ဗျားက ဝင်ပြီး လက်ညှိုးထိုးနေစရာ မလိုဘူး”

ထိုအခိုက်အတန့်၌ ရှောင်ချန်းထျန်း မတ်တတ်ရပ်လိုက်သည်။

သူသည် မကျေမနပ်ဖြစ်စွာ နှာခေါင်းမှုတ်လိုက်ပြီး ဆက်ပြောလိုက်၏။

“လနီတံခါးရဲ့ ကာကွယ်ရေးအတွက် မြူခိုးဂိုဏ်းနဲ့ ငါတို့ စိမ်းပြာရောင် ရှေးဟောင်းမြို့ကပဲ တာဝန်ယူပေးမယ်.. အကယ်၍ ငါတို့ မနိုင်တော့ဘူးဆိုရင် ... တခြား အင်အားစုတွေက အချိန်မရွေး လာပြီး ကူညီပေးလို့ ရတာပဲ မဟုတ်လား”

“ကျုပ်လည်း သဘောတူတယ်” ကောင်းကင်အထွတ်အထိပ် တားမြစ်နယ်မြေမှ ဝူရွှမ်ကလည်း ကြေညာလိုက်၏။

“ဒီအဘိုးကြီးလည်း သဘောတူပါတယ်”

“အကယ်၍ အကူအညီ လိုအပ်ရင် သတင်းသာ ပို့လိုက်ပါ”

အင်အားစု အသီးသီးမှ လူများက တစ်ဦးပြီး တစ်ဦး ထောက်ခံလိုက်ကြတော့သည်။

ဤနေရာရှိ လူများမှာ နလပိန်းတုံးများ မဟုတ်ကြချေ။

အချို့မှာ ယင်ရူရုံ၏ တွက်ချက်ထားသော အစီအစဉ်ကို ရိပ်မိနေကြသဖြင့် သူမ အလိုကျ ဖြစ်ခွင့် ပေးမည် မဟုတ်ပေ။

ယခင်ကမူ သူမကို မကန့်ကွက်ရဲခဲ့ကြသော်လည်း၊ ယခု ယဲ့ဖုန်းက ဦးဆောင်လိုက်ပြီးနောက် ရှောင်ချန်းထျန်းနှင့် ဝူရွှမ်တို့ကပါ ထောက်ခံလိုက်သဖြင့် ယင်ရူရုံအနေဖြင့် မည်မျှပင် အစွမ်းထက်စေကာမူ အတင်းအကြပ် လုပ်၍ မရတော့ချေ။

ထျန်းမြောင် မြင့်မြတ်သောနယ်မြေမှာ သန်မာသော်လည်း ရှောင်ချန်းထျန်း၏ အနောက်တွင်ရှိသော စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်မှာလည်း လျှော့တွက်၍ မရပေ။

ထိုစီနီယာကြီးမှာ သူတော်စင်ထင်ရှားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးတွင် သူမ၏ ခွန်အားမှာ ထိပ်သီး (၁၀) ဦးစာရင်းဝင် ဖြစ်သဖြင့် ထျန်းမြောင်နယ်မြေ၏ ရှေးဟောင်းသူတော်စင်အရှင် ပင်လျှင် သူမကို လေးလေးစားစား ဆက်ဆံရသည်။

အဓိက နေရာတွင်မူ ယင်ရူရုံ၏ မျက်နှာမှာ အမှောင်ဖုံးနေသည်။ သူမ၏ စိတ်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်နေရ၏။ သူမ သေချာ ကြံစည်ထားသော အစီအစဉ်များကို ယဲ့ဖုန်းက ဖျက်ဆီးပစ်လိုက်သည် မဟုတ်ပါလော။

'ယဲ့ဖုန်း ... နင်.. လနီတံခါးကို မကာကွယ်နိုင်ဘဲ အမြီးကုပ်ပြီး ထွက်ပြေးလာရတဲ့ အချိန်ကျမှ ... ငါ အရှင်သခင်မ လှုပ်ရှားတာကို အပြစ်မတင်နဲ့တော့’

သူမ.. စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ...

“ဒါဆိုရင်လည်း ... စိမ်းပြာရောင် တားမြစ်နယ်မြေနဲ့ မြူခိုးဂိုဏ်းကပဲ လနီတံခါးကို လောလောဆယ် စောင့်ကြပ်ကြပေါ့။ တစ်ခုခု ပြဿနာ တက်လာရင်တော့ ခင်ဗျားတို့မှာ တာဝန်ရှိတယ်”

“အခု အစည်းအဝေးကို ရပ်နားလိုက်ပြီ”

ယင်ရူရုံသည် သူမ၏ ဝတ်ရုံစကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ ထျန်းမြောင်နယ်မြေသို့ ပြန်သွားတော့၏။

သူမသည် အေးစက်လှသော မျက်နှာထားဖြင့် အရှင်သခင်၏ ပလ္လင်ပေါ်တွင် ထိုင်နေတော့သည်။

---

ကောင်းကင်မူလပင်လယ်၏ အလယ်ဗဟို၊ လွင့်မျောကျွန်းထက်တွင် ဖြစ်၏။

“ဂိုဏ်းချုပ်ယဲ့ ... ဂရုစိုက်ပါဦး”

“ဂိုဏ်းချုပ်ယဲ့က တကယ့်ကို သူရဲကောင်းပါပဲ။ ခင်ဗျားကို တကယ့် ယောက်ျားကောင်း တစ်ယောက်အဖြစ် ကျွန်တော် လေးစားပါတယ်.. ဒါကတော့ ကျွန်တော့်ရဲ့ လက်ဆောင် အနည်းငယ်ပါ ... လက်ခံပေးပါဦး ခင်ဗျာ”

“ဂိုဏ်းချုပ်ယဲ့ ... ကျွန်တော့်မှာ မြေးမလေး တစ်ယောက် ရှိတယ်ဗျ ... ”

အင်အားစု အသီးသီးမှ လူများသည် ယဲ့ဖုန်းကို ဦးညွှတ်ကာ လက်ဆောင်ပစ္စည်းများ လာရောက် ပေးအပ်ကြသည်။ အချို့သော မြင့်မြတ်သောနယ်မြေများမှ လူများမှာမူ ယဲ့ဖုန်းကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန်ပင် ကြိုးစားနေကြ၏။

“အားလုံးပဲ ... အားနာစရာကြီးပါ”

ယဲ့ဖုန်းသည် လက်ဆောင်များကို လက်ခံလိုက်၏။ သူ ယင်ရူရုံကို ရန်စမိသွားကြောင်း သူ သိသော်လည်း၊ သူမကို မရန်စလျှင် ဟူဖေးဖေးအနေဖြင့် အဟန့်အတားမရှိ အဆင့်တက်နိုင်မည့် အခွင့်အရေးကို လက်လွတ် ဆုံးရှုံးရပေလိမ့်မည်။

၎င်းပြင် ယင်ရူရုံမှာ လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် မျှသာ ဖြစ်သဖြင့် သူ လုံးဝ မစိုးရိမ်ပေ။ ဂိုဏ်း၏ ဂုဏ်သတင်းရမှတ်များ တစ်ဟုန်ထိုး တိုးတက်လာသည်နှင့်အမျှ သူ၏ မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ စွမ်းအားမှာ ပိုမို ကြောက်စရာကောင်းလာပြီး သုံးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ မကြာမီတွင် လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် အဆင့်သို့ နီးကပ်လာပေလိမ့်မည်။ ၎င်းပြင် ဟူဖေးဖေးသာ မြန်မြန် အဆင့်တက်နိုင်မည်ဆိုပါက သူမသည်လည်း လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် အဆင့်သို့ ရောက်ရှိရန် မဝေးတော့ချေ။

သူတော်စင်အဆင့် ပညာရှင် မရှိသော ဤရှန်ကျိုးတိုက်ကြီးပေါ်တွင် ယဲ့ဖုန်းအနေဖြင့် စိုးရိမ်စရာ တစ်ခုမှ မရှိတော့ပေ။

မကြာမီ ကျွန်းပေါ်တွင် လူသုံးဦးသာ ကျန်ရစ်တော့၏။ မင်းသမီးယွီကျူး၊ ယဲ့ဖုန်း နှင့် ရှောင်ချန်းထျန်း တို့ ဖြစ်သည်။

“ယဲ့ဖုန်း ... ယင်ရူရုံကို ရန်စလိုက်တာက တော်တော်လေး ပြဿနာ တက်နိုင်တယ်နော်” ဟု မင်းသမီးယွီကျူးက စိုးရိမ်တကြီး ပြောလိုက်၏။

ရှောင်ချန်းထျန်းကမူ ယဲ့ဖုန်းကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ယဲ့ဖုန်း ... ယင်ရူရုံရဲ့ ဂုဏ်သိက္ခာကို ဒီလောက်အထိ ထိခိုက်အောင် လုပ်နိုင်တာကတော့ မင်းပဲ ရှိမယ်.. ငါ ရှောင်ချန်းထျန်းက နံရံကိုတောင် အားမကိုးဘူး၊ ဒါပေမဲ့ မင်းကိုတော့ ငါ ထောက်ခံတယ်”

သူ၏ စကားများမှာ ယဲ့ဖုန်းအပေါ် လေးစားမှု အပြည့် ပါဝင်နေတော့၏။

-

All Chapters