အခန်း ၇၀၀
Vol. 47 Ch. 700
အခန်း (၇၀၀) - မင်းသမီးယွီကျူး၏ စိုးရိမ်မှု၊ မြေခွေး တာ့ဟုန် ပြန်လည်ရောက်ရှိလာခြင်း
နှင့် ဆုလာဘ်
ရှောင်ချန်းထျန်းသည် ယဲ့ဖုန်းအပေါ် ချစ်ခြင်းနှင့် မုန်းခြင်းတို့ ရောပြွမ်းနေသည့် ခံစားချက်မျိုး ရှိနေ၏။
သူ၏ အမြင်တွင် ယဲ့ဖုန်းသည် သူ၏ ဘဝ၌ ဆုံတွေ့ခဲ့ဖူးသမျှ အားအကောင်းဆုံး ပြိုင်ဘက်ပါပင်။ ယဲ့ဖုန်း၏ လက်ချက်ဖြင့် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ရသော်လည်း ရှောင်ချန်းထျန်းသည် ထိုကိစ္စအပေါ် ရန်ငြိုးမထားခဲ့ပေ။ အထူးသဖြင့် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ရှောင်ချန်းထျန်းမှာ အမှန်တရားတစ်ခုကို သိမြင်သွားခဲ့သည်။
'လူတော်ထက် လူတော် အမြဲရှိသည်' ဆိုသည့်အတိုင်းပင်။
ရှောင်ချန်းထျန်းသည် တစ်ချိန်က ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း သူသည် အသန်မာဆုံးဟု မဆိုလိုနိုင်ပေ။ ယဲ့ဖုန်းကဲ့သို့ နတ်ဆိုးတစ်ကောင်ပမာ စွမ်းအားရှိသူမျိုးကို ရှုံးနိမ့်ခြင်းအပေါ် သူသည် မတရားသလို ခံစားရခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းများ မရှိတော့ချေ။
ဆန့်ကျင်ဘက်အားဖြင့် ...စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်၏ လမ်းညွှန်မှုကို ရရှိပြီးနောက် ရှောင်ချန်းထျန်းသည် ယဲ့ဖုန်းကို သူ လိုက်မီအောင် ကြိုးစားရမည့် ပန်းတိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်၏။
သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို ဆက်လက်၍ ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်သရွေ့ သူ၏ ကျင့်ကြံခြင်းမှာလည်း တစ်ဟုန်ထိုး တိုးတက်လာမည်မှာ သေချာလှသည်။ ထို့ကြောင့် သူသည် ယဲ့ဖုန်းကို ဘေးအန္တရာယ် မကျရောက်စေလိုတော့ပေ။
ဤကဲ့သို့သော ပြိုင်ဘက်ကောင်းမျိုးမှာ အနှစ်တစ်ထောင်မှ တစ်ခါသာ ပေါ်ပေါက်တတ်သည် မဟုတ်ပါလား။ ထိုသူကို လက်လွှတ်လိုက်ရခြင်းမှာ တစ်သက်လုံး နောင်တရစရာ ဖြစ်ပေလိမ့်မည်။
မင်းသမီးယွီကျူး၏ စိုးရိမ်မှုများကိုမူ ယဲ့ဖုန်းက လက်ကာပြရင်း တုံ့ပြန်လိုက်၏။
“လောလောဆယ်မှာ ရှန်ကျိုးတိုက်ကြီးကို ထိန်းချုပ်မယ့် သူတော်စင်အဆင့် ပညာရှင် မရှိပါဘူး.. ယင်ရူရုံက လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်ပေမဲ့ ... သူ.. တစ်ယောက်တည်းနဲ့တော့ ကောင်းကင်ကြီး တစ်ခုလုံးကို လက်ဝါးနဲ့ ဖုံးလို့ မရနိုင်ဘူး.. အဲဒီတော့ ဘာမှ စိုးရိမ်မနေပါနဲ့တော့”
မင်းသမီးယွီကျူးက ခေါင်းညိတ်ရင်း ပြန်လည် မှာကြားလိုက်သည်။
“တကယ်တော့ ဒီကိစ္စက အဲဒီလောက် မကြီးမားပါဘူး”
“ဂိုဏ်းချုပ်ယဲ့က ယင်ရူရုံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်လိုက်တာဆိုတော့ ... သူက နင့်အပေါ် မကျေမနပ် ဖြစ်ရုံလောက်ပဲ ရှိမှာပါ.. နင့်ကို လူကိုယ်တိုင် လာပြီး တိုက်ခိုက်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ သူ့ကို ရန်စလိုက်တာဟာ ထျန်းမြောင် မြင့်မြတ်သော နယ်မြေကို ရန်စလိုက်သလို ဖြစ်နေလို့ မြူခိုးဂိုဏ်းအတွက်တော့ နစ်နာမှုတွေ ရှိနိုင်တယ်လေ”
“အကြောင်းကတော့ ... မြူခိုးဂိုဏ်းက မြင့်မြတ်သောနယ်မြေအဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် ... တခြား မြင့်မြတ်သောနယ်မြေတွေရဲ့ စုပေါင်း အသိအမှတ်ပြုမှုကို ရယူဖို့ လိုအပ်လို့ပဲ”
“အဲဒီအချိန်ကျရင် ယင်ရူရုံက ဝင်ပြီး နှောင့်ယှက်မှာကို ဘယ်သူမှ အာမမခံနိုင်ဘူး”
ဤနေရာတွင် မင်းသမီးယွီကျူး၏ မျက်နှာမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေတော့၏။
“အဲဒီလိုလား ... ” ယဲ့ဖုန်း ခေတ္တမျှ မှင်တက်သွားရသည်။
“ဟုတ်ပါတယ် ... ကြယ်ငါးပွင့် အင်အားစု တစ်ခုကနေ မြင့်မြတ်သောနယ်မြေအဖြစ် တက်လှမ်းဖို့ဆိုရင် အနည်းဆုံး မြင့်မြတ်သောနယ်မြေ ငါးခုရဲ့ ထောက်ခံမှုကို ရရမှာ ဖြစ်သလို၊ တခြား မြင့်မြတ်သောနယ်မြေတွေဆီက ကန့်ကွက်မဲ သုံးမဲထက် ပိုမရမှ ဖြစ်မှာပါ.. အကယ်၍ ယင်ရူရုံက တခြား မြင့်မြတ်သောနယ်မြေတွေကို ဝင်ပြီး စည်းရုံးမယ်ဆိုရင် ... မြူခိုးဂိုဏ်းအတွက် သတင်းဆိုးပဲ ဖြစ်လာလိမ့်မယ်” ဟု မင်းသမီးယွီကျူးက ရှင်းပြလိုက်၏။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းသည် သူ၏ နဖူးကို လက်ဖြင့် ပုတ်လိုက်မိသည်။
မင်းသမီးယွီကျူး ပြောပြမှသာ ဤအချက်ကို သူ သတိထားမိတော့၏။ သို့သော် သူ လုပ်ခဲ့သည်မှာ မြူခိုးဂိုဏ်းကို လနီတံခါး စောင့်ကြပ်ရန် အကြံပြုခဲ့ခြင်းသာလေ။ ဒါက မှားယွင်းနေပါသလား။
ဘယ်လိုပင် ဖြစ်စေ ယဲ့ဖုန်းအနေဖြင့်မူ သူ မှားသည်ဟု မထင်ချေ။ အကယ်၍ ယင်ရူရုံက ဤကိစ္စအပေါ် မကျေမနပ် ဖြစ်မည်ဆိုပါကလည်း ... ဖြစ်ချင်ရာဖြစ်ဟုသာ ယဲ့ဖုန်း ဆုံးဖြတ်လိုက်သည်။
“မြင့်မြတ်သောနယ်မြေ ဖြစ်တာက ဘာများ အသုံးဝင်လို့လဲ.. ငါတို့ စိမ်းပြာရောင် တားမြစ်နယ်မြေက မြင့်မြတ်သောနယ်မြေ မဟုတ်ပေမဲ့ ... ငါတို့ရဲ့ ရှေ့မှာတော့ မြင့်မြတ်သောနယ်မြေတွေ ဆိုတာ ဘာမှ မဟုတ်ပါဘူး” ဟု ရှောင်ချန်းထျန်းက လှောင်ပြောင်သလို ဝင်ပြောလိုက်၏။
ထိုအခါ..မင်းသမီးယွီကျူးက ပြန်လည် ရှင်းပြလိုက်သည်။
“မြင့်မြတ်သောနယ်မြေ ဖြစ်သွားရင် ဂိုဏ်းရဲ့ အဆင့်အတန်းက ပြောင်းလဲသွားသလို၊ သူတို့ရဲ့ စကားသံကလည်း ပိုပြီး အလေးသာလာတာပေါ့။ ပြီးတော့ ဂိုဏ်းရဲ့ တပည့်တွေအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်လေ”
ရှောင်ချန်းထျန်းကမူ ပုခုံးသာ တွန့်ပြလိုက်၏။
“ဒီကိစ္စကို ဒီမှာတင် ခဏ ထားလိုက်ကြရအောင်။ ကျွန်တော်တို့ မြူခိုးဂိုဏ်းက အခုမှ ကြယ်သုံးပွင့်အဆင့်ပဲ ရှိသေးတာလေ.. အခု ကြယ်လေးပွင့်အဆင့်ကို တက်ဖို့ ပြင်နေတာဆိုတော့ ... မြင့်မြတ်သောနယ်မြေ ဖြစ်ဖို့က အဝေးကြီး လိုပါသေးတယ်” ဟု ယဲ့ဖုန်းက လက်ဝှေ့ယမ်းရင်း ပြောလိုက်၏။
သူသည် ထိုသူနှစ်ဦးကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
“ငါလည်း သွားပြီဟေ့” ရှောင်ချန်းထျန်းသည် ယဲ့ဖုန်းကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ စိမ်းပြာရောင် ရှေးဟောင်းမြို့သို့ ပြန်သွားတော့၏။
“ကျွန်မတို့လည်း သွားကြရအောင်” မင်းသမီးယွီကျူးသည်လည်း ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ပြီး ယဲ့ဖုန်းနှင့်အတူ ကျောင်းယန် မြင့်မြတ်သောမြို့တော်သို့ ပြန်ခဲ့ကြသည်။ ၎င်းနောက် ယဲ့ဖုန်းသည် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ကာ မြူခိုးဂိုဏ်းဆီသို့ ပြန်သွားတော့၏။
ဤသို့ဖြင့် ထိပ်တန်း အင်အားစုပေါင်း တစ်ရာ၏ အစည်းအဝေးကြီးမှာ တရားဝင် ပြီးဆုံးသွားခဲ့တော့၏။
---
ပင်လယ်နက်ပိုင်းတွင် ဖြစ်သည်။
ရေမှော်ပင်နတ်ဆိုး နှစ်ကောင်မှာ ငါးမန်းတစ်ကောင်ကို ထိုးဖောက်ကာ ငါးမန်း၏ အသက်ဓာတ်နှင့် သွေးများကို ဝါးမြိုနေကြ၏။
ရေမှော်ပင်နတ်ဆိုး နှစ်ကောင်မှာ ပိုမို သန်မာလာကြတော့သည်။
ရုတ်တရက်
ရေမှော်ပင်နတ်ဆိုး တစ်ကောင်သည် သူ၏ သွေးအိုင်များ ပြည့်နှက်နေသော ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး သူ၏ အဖော်ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲကာ ဝါးမြိုပစ်လိုက်၏။ သူ၏ အရှိန်အဝါများမှာ ချက်ချင်းပင် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမို ပြင်းထန်လာသည်။
ရေမှော်ပင်နတ်ဆိုးသည် သူ၏ လျှာကို တထုတ်ထုတ် လုပ်ရင်း ပင်လယ်ပြင်အတွင်း လှည့်လည် နေသည်။ မိမိ၏ မျိုးနွယ်တူ တစ်ဦးဦးနှင့် တွေ့လေတိုင်း သူသည် လျင်မြန်စွာပင် သတ်ဖြတ် ဝါးမြိုကာ သူ၏ ခွန်အားများကို မြှင့်တင်နေခြင်း ဖြစ်၏။ မိမိမျိုးနွယ်တူကို ပြန်လည် ဝါးမြိုကာ အဆင့်တက်သည့် ဤနည်းလမ်းကို ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ အခုထိ သတိမထားမိကြသေးပေ။
ဤကဲ့သို့သော မျိုးနွယ်တူချင်း ပြန်လည် သတ်ဖြတ်သည့် အဖြစ်အပျက်များမှာ ပင်လယ်ပြင် တစ်ခုလုံးတွင် ဖြစ်ပွားနေပြီး လနီနတ်ဆိုး အမြောက်အမြားမှာ မိမိတို့၏ အကန့်အသတ်များကို ကျော်ဖြတ်ကာ နတ်ဆိုးဘုရင်အဆင့်သို့ တက်လှမ်းနေကြသည်။
လနီနတ်ဆိုးတို့သည် ဆက်လက်၍ ဝါးမြိုနေကြဆဲ ဖြစ်ရာ ခွန်အားများမှာလည်း အံ့ဩဖွယ်ရာ မြန်ဆန်စွာ တိုးတက်နေတော့၏။ ပင်လယ်ပြင် တစ်ခုလုံးမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေတော့သည်။
---
ပင်လယ် နတ်ဘုရားကျွန်း..။
မြေခွေး တာ့ဟုန်သည် အသစ် တည်ဆောက် ပြီးစီးသွားသော ပင်လယ်နတ်ဘုရားမြို့တော်ကို ကြည့်ကာ ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။
“ဟားဟား ... နောက်ဆုံးတော့ တည်ဆောက်လို့ ပြီးသွားပြီ။ ငါတို့ရဲ့ ပင်လယ်ရေကြောင်း လမ်းဖွင့်တဲ့ တာဝန်လည်း လုံးဝ အောင်မြင်သွားပြီလို့ ပြောလို့ ရတာပေါ့”
ခွေး အားဟာမှာလည်း အလွန် စိတ်လှုပ်ရှားနေ၏။
“အစ်မကြီး ... ကျွန်တော်တို့ အခု ဂိုဏ်းကို ပြန်လို့ ရပြီလား”
“ရပြီပေါ့”
မြေခွေး တာ့ဟုန် ခေါင်းညိတ်လိုက်သည်။
သူမသည် အမိန့်သစ်များကို ထုတ်ပြန်လိုက်၏။ ဥပမာအားဖြင့် - ပင်လယ်နတ်ဘုရားကျွန်းပေါ်တွင် ခိုင်မာသော ကာကွယ်ရေးစနစ်ကို တည်ဆောက်ရန်၊ လနီနတ်ဆိုးများ ကျွန်းပေါ်သို့ ကျူးကျော်လာခြင်းကို တားဆီးရန် ဟူ၍ပင်။
ထို့ပြင် ပြင်ပလောကတွင် လေလွင့်နေသော လူသားများကို လ
ပင်လယ်နတ်ဘုရားကျွန်းပေါ်တွင် လာရောက် နေထိုင်စေရန်လည်း စီစဉ်လိုက်၏။
ဤနည်းဖြင့် ပြင်ပထက် ပိုမို ဘေးကင်းသော နေရာကို ဖန်တီးပေးနိုင်သလို၊ ပင်လယ်နတ်ဘုရားမြို့တော်ကိုလည်း သက်ဝင်လှုပ်ရှားလာစေမည် မဟုတ်ပါလား။
ဤသို့ဆိုလျှင် မြူခိုးဂိုဏ်းမှ တပည့်များ မြို့တော်သို့ ရောက်ရှိလာသောအခါ လိုအပ်သော လူသုံးကုန် ပစ္စည်းများကိုလည်း ထိုနေရာမှာတင် ဝယ်ယူနိုင်ပေမည်။
တစ်ရက် ကြာသောအခါ..
မြေခွေး တာ့ဟုန်သည် ပင်လယ်နတ်ဘုရားမြို့တော်ကို စောင့်ကြပ်ရန် ဖျံကြီးကို တာဝန်ပေးခဲ့သည်။
၎င်းနောက် ခွေး အားဟာ၊ အစ်ကိုကြီး ခေါင်းပြား နှင့် အခြား ဝိညာဉ်သားရဲများကို ခေါ်ဆောင်ကာ နေရာရွှေ့ပြောင်းဝင်္ကပါအတွင်းသို့ ပျော်ရွှင်စွာ ဝင်ရောက်လိုက်ကြပြီး တောက်ပသော အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားကြတော့၏။
*
ရေပေါ်ဖြူမြို့တော်ဝယ်..
ဝိညာဉ်သားရဲ အားလုံး နေရာရွှေ့ပြောင်းဝင်္ကပါအတွင်းမှ ထွက်လာကြသည်။
“နတ်ဆိုး ... နတ်ဆိုးဧကရာဇ် ပါလား”
မြေခွေး တာ့ဟုန် ပေါ်လာသည်နှင့် သူမ၏ ပြင်းထန်လှသော အရှိန်အဝါများမှာ မြို့တစ်ခုလုံးကို လွှမ်းခြုံသွားရာ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြရ၏။
သို့သော် မကြာမီမှာပင် အစ်ကိုကြီး ခေါင်းပြား၊ သံလက်သည်း နဂါးလင်းယုန် နှင့် အခြား ရင်းနှီးပြီးသား ဝိညာဉ်သားရဲများကို မြင်လိုက်ရသဖြင့် ဤသူတို့မှာ မြူခိုးဂိုဏ်း၏ ဝိညာဉ်သားရဲအဖွဲ့ ဖြစ်ကြောင်း သိရှိသွားကြသည်။
“သွားကြစို့ ... ဂိုဏ်းကို ပြန်ကြမယ်”
မြေခွေး တာ့ဟုန်က သူမ၏ လက်ကလေးကို ဝှေ့ယမ်းလိုက်ရင်း ဝိညာဉ်သားရဲများကို ဦးဆောင်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ပြီး မြူခိုးတောင်ထိပ်သို့ ပြန်ခဲ့ကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် မြို့စားမင်း စံအိမ်အနီးရှိ ကျင့်ကြံသူများမှာ ဆွေးနွေးကုန်ကြတော့၏။
“မြူခိုးဂိုဏ်းမှာ နောက်ထပ် နတ်ဆိုးဧကရာဇ် တစ်ပါး ရှိနေပြန်ပြီလား။ အဲဒါ ဘယ်သူ ဖြစ်မလဲ”
“ငါလည်း မသိဘူး”
“ဆံပင်က အနီရောင်နဲ့၊ ဘဲတူဦးထုပ် ဆောင်းထားတယ်၊ ဘဲပေါင်စားရတာ ကြိုက်တယ်ဆိုတော့ ... ဒါ ... ဒါ မြေခွေး တာ့ဟုန် ဖြစ်ရမယ်”
“မဖြစ်နိုင်တာ မြေခွေး တာ့ဟုန်က နတ်ဆိုးဘုရင်အဆင့်ပဲ ရှိတာလေ.. နတ်ဆိုးဧကရာဇ် မဟုတ်ပါဘူး.. သူမက ဘယ်လိုလုပ် နတ်ဆိုးဧကရာဇ် ဖြစ်နိုင်မှာလဲ”
“အဲဒါတော့ ငါလည်း နားမလည်တော့ဘူး”
လူအများ၏ ပြောဆိုချက်များကို မြေခွေး တာ့ဟုန်မှာမူ မသိရှာပေ။
ထိုအခိုက်အတန့်၌ ဂိုဏ်းချုပ်နန်းဆောင်၏ ရှေ့တွင် .. ယဲ့ဖုန်းသည် သူ၏ ရှေ့တွင် တန်းစီရပ်နေသော ဝိညာဉ်သားရဲများကို ကြည့်နေစဉ် သူ၏ နားထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
“တီ.. မြေခွေး တာ့ဟုန်နဲ့ အခြား ဝိညာဉ်သားရဲများ ပင်လယ်ရေကြောင်း လမ်းဖွင့်ခြင်း တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သူတို့ရဲ့ သွေးမျိုးဆက် စွမ်းအားများကို မြှင့်တင်ပေးလိုက်ပါပြီ”
စကားအဆုံးတွင် ...
ဝိညာဉ်သားရဲများ၏ ကိုယ်ခန္ဓာမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူတို့၏ ကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ ရစ်သိုင်းသွားတော့၏။
သူတို့၏ ကိုယ်တွင်းရှိ သွေးမျိုးဆက်များမှာ အသွင်ပြောင်းသွားပြီး ပိုမို မြင့်မားသော အဆင့်သို့ လျင်မြန်စွာ တက်လှမ်းသွားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း တိုးတက်လာတော့၏။
မူလက အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ် ဖြစ်သော အစ်ကိုကြီး ခေါင်းပြားမှာ ယခုအခါ အဆင့်မြင့် နတ်ဆိုးဧကရာဇ် နယ်ပယ်အတွင်းသို့ ခြေစုံပစ် ဝင်ရောက်နိုင်ခဲ့တော့သည်။ သူသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရန် ပိုမို နီးစပ်သွားခဲ့ပြီပင်။
မြေခွေး တာ့ဟုန်၊ မြေခွေးဖြူလေး နှင့် အခြား ဝိညာဉ်သားရဲများမှာလည်း နတ်ဆိုးဘုရင် အထွတ်အထိပ် အဆင့်သို့ တစ်ပြိုင်နက်တည်း တက်လှမ်းနိုင်ခဲ့ကြ၏။
နတ်ဆိုးဧကရာဇ်အဆင့်ကို စိန်ခေါ်ရန် ခြေတစ်လှမ်းသာ လိုတော့သည် မဟုတ်ပါလော။
“မင်းတို့ တကယ် တော်ကြပါတယ်”
“နောက်ပိုင်းကျရင် ငါတို့ မြူခိုးဂိုဏ်းက ပင်လယ်ပြင်ကိုပါ ထိန်းချုပ်နိုင်တော့မှာပါ.. အခုတော့ သွားပြီး သေချာ ကျင့်ကြံကြဦး။ နတ်ဆိုးဧကရာဇ်အဆင့်ကို မြန်မြန် ရောက်အောင် ကြိုးစားကြ” ဟု ယဲ့ဖုန်းက မှာကြားလိုက်သည်။
သူသည် နတ်ဆိုးဧကရာဇ်၏ အလင်းကွင်းကို ပြန်ယူရန် လက်လှမ်းလိုက်သော်လည်း ... အနီရောင် ဝတ်စုံ၊ အနီရောင် ဆံပင်များနှင့် လှပသော မိန်းကလေးအသွင် ပြောင်းထားသည့် မြေခွေး တာ့ဟုန်ကို ကြည့်ကာ စိတ်ပြောင်းသွားခဲ့သည်။
ထို့ကြောင့် သူ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။
“မြေခွေး တာ့ဟုန်”
“ရှိပါတယ်”
“နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်းကို မင်းဆီမှာ ခေတ္တ ထားပေးမယ်.. မင်း နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ပြီး လူသားအသွင် တရားဝင် ပြောင်းနိုင်တဲ့ အခါကျမှ ... ငါ..ဂိုဏ်းချုပ်က ပြန်ယူမယ်”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” မြေခွေး တာ့ဟုန်က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
“ဂါး ... ”
အစ်ကိုကြီး ခေါင်းပြားမှာမူ ထိုစကားကို ကြားသောအခါ အလွန် မကျေမနပ် ဖြစ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်မိသည်။
'ငါက ဘာလို့ အလင်းကွင်းကို မဝတ်ရတာလဲ'
အစ်ကိုကြီး ခေါင်းပြား..ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိ၏။
“မင်းက အရမ်း သန်မာနေလို့ အလင်းကွင်း မလိုတော့တာလေ” ဟု ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြားထံ အကြည့်ပို့ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ဝု ... ..”
အစ်ကိုကြီး ခေါင်းပြား မျက်ခုံးပင့်လိုက်မိ၏။
'မှန်တာပေါ့ ... ငါက အရမ်း သန်မာနေတာပဲ။ အလင်းကွင်း ဆိုတာ ငါနဲ့ မတန်ပါဘူး'
ထိုသို့ တွေးတောကာ အစ်ကိုကြီး ခေါင်းပြားမှာ ရှေးဟောင်း သူရဲကောင်း တစ်ဦးပမာ လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ရင်ကို ကော့လျက် ဝိညာဉ်သားရဲဆောင်ဆီသို့ ခန့်ညားစွာ လျှောက်လှမ်းသွားတော့၏။
ဤသည်ကို မြင်သောအခါ ယဲ့ဖုန်းမှာ အားရပါးရ ရယ်ချင်စိတ် ပေါက်သွားသော်လည်း အသည်းအသန် အောင့်ထားလိုက်ရရှာသည်။
“ခွီး.. ခွီး.. ခွီး”
ဝိညာဉ်သားရဲအုပ်စုကြီး အဝေးသို့ ရောက်သွားမှသာ ယဲ့ဖုန်းသည် ဗိုက်ကို နှိပ်ကာ အသံထွက်အောင် ရယ်လိုက်မိတော့၏။
-