အခန်း ၇၀၁
Vol. 47 Ch. 701
အခန်း (၇၀၁) - ယဲ့ဖုန်း၏ ရှာဖွေတွေ့ရှိမှုနှင့် အသွင်ပြောင်းနတ်ဆိုးများ၏ ထိတ်လန့်ဖွယ်ရာ
“ဟူး ... အစ်ကိုကြီး ခေါင်းပြားကတော့ ကိုယ့်ကိုယ်ကိုယ် တကယ် အထင်ကြီးနေတာပဲ”
ယဲ့ဖုန်းသည် ခေါင်းကို အကူအညီမဲ့စွာ ခါယမ်းလိုက်၏။ သူသည် အဝေးရှိ နန်ယန်မြို့ တည်ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်သည်။
“ရေကြောင်းလမ်းလည်း ပွင့်ပြီဆိုတော့ ... ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ သွားပြီး စစ်ဆေးကြည့်သင့်တာပေါ့”
ယဲ့ဖုန်းသည် သူ၏ လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ခြေလှမ်းကျဲကြီးဖြင့် လှမ်းဝင်သွားတော့၏။
နန်ယန်မြို့၏ ကောင်းကင်ယံထက်တွင် ဖြစ်သည်။
ခန့်ညားထည်ဝါလှသော ပုံရိပ်တစ်ခုမှာ ဟာလာဟင်းလင်းမှနေ၍ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ ဦးစွာလုပ်ဆောင်သည်မှာ မြို့အတွင်းရှိ ခရမ်းရောင် ဝါးတောထံ အကြည့်ပို့လိုက်ခြင်းပင်။ ထိုနေရာတွင် မမြင်နိုင်သော အကာအကွယ် ဒိုင်းတစ်ခု ရှိနေသည်ကို သူ သတိပြုမိလိုက်၏။
'ဒီအကာအကွယ်က ပင်လယ်မျိုးနွယ်စုရဲ့ ကောင်းကင်ဧကရာဇ် တစ်ယောက်က တည်ဆောက်ထားတာပဲ။ နန်ယန်မြို့ကိုပါ ကာကွယ်ပေးထားတာဆိုတော့ ... ဒီလျှို့ဝှက်ပညာရှင်က လူသားတွေအပေါ် စေတနာ ရှိပုံရတယ်.. တော်သေးတာပေါ့'
ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်မိ၏။ သူ မသိသည်မှာ ... ဤဒိုင်းမှာ လင်ယွဲ့က သူမ၏ ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည် ကို အသုံးပြု၍ တည်ဆောက်ထားခဲ့ခြင်း ဖြစ်ကြောင်းပင်။ မြေခွေး တာ့ဟုန်နှင့် အခြားသူများမှာ ပင်လယ်နတ်ဘုရားမြို့တော်ကို တည်ဆောက်ရာတွင် အလုပ်ရှုပ်နေကြသဖြင့် ‘ဂုဏ်ထူးဆောင် အကြီးအကဲ’ လင်ယွဲ့နှင့် ဆုံတွေ့ခဲ့သည့်အကြောင်းကို ယဲ့ဖုန်းအား သတင်းပို့ရန် မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။
တိုက်ဆိုင်စွာပင် ... ယဲ့ဖုန်းသည်လည်း ဤပင်လယ်မျိုးနွယ်စု ကောင်းကင်ဧကရာဇ်အပေါ် စိတ်ဝင်စားမှု မရှိခဲ့ချေ။ သူသည် လေဝိညာဉ်ပုလဲကို အသုံးပြု၍ ကံကြမ္မာကို တွက်ချက်ခြင်း မပြုခဲ့သဖြင့် ထိုအနောက်ကွယ်မှလူမှာ လင်ယွဲ့ ဖြစ်နေသည်ကို မသိရှိခဲ့ရခြင်းပင်။
“ဝှစ်”
ယဲ့ဖုန်းသည် သတ်မှတ်ထားသော ရေကြောင်းလမ်းအတိုင်း ပျံသန်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူသည် လိပ်နတ်ဘုရားကျွန်းနှင့် ပင်လယ်လိပ်အိုကြီးကို မြင်တွေ့လိုက်ရသဖြင့် ကျွန်းပေါ်သို့ ဆင်းသက်လိုက်၏။
“မင်း ... မင်းက ဘယ်သူလဲ”
ပင်လယ်လိပ်အိုကြီးမှာ ဟာလာဟင်းလင်းမှ ရုတ်တရက် ပေါ်လာသော ယဲ့ဖုန်းကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူ မြင်တွေ့နေရသူမှာ သာမန်လူ တစ်ယောက်ပမာ အေးဆေးတည်ငြိမ်နေသော်လည်း ... မည်သို့မျှ ဖုံးကွယ်၍ မရနိုင်သော ထူးခြားလှသည့် တန်ခိုး အရှိန်အဝါများ ရှိနေသည် မဟုတ်ပါလော။
“ငါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ”
ထိုစကားကို ကြားလိုက်ရသည်နှင့် ပင်လယ်လိပ်အိုကြီးမှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရာ အဆုတ်ထဲသို့ ပင်လယ်သဲများပင် ပါဝင်သွားရှာတော့၏။
“အံ့ဩမနေပါနဲ့ဦး”
ယဲ့ဖုန်းက လိပ်အိုကြီးကို စူးစမ်းကြည့်လိုက်ရင်း…ကမ်းလှမ်းလိုက်သည်။
“မင်းရဲ့ သွေးမျိုးဆက်က သာမန်မဟုတ်တာကို ငါ မြင်နေရတယ်.. ငါ့ရဲ့ မြူခိုးဂိုဏ်းထဲကို ဝင်ပြီး တောင်စောင့်ဝိညာဉ်သားရဲ တစ်ကောင်အဖြစ် တာဝန်ယူပေးဖို့ ဆန္ဒရှိလား။ စိတ်မပူပါနဲ့ ... မင်းက ဒီကျွန်းကိုပဲ ဆက်ပြီး စောင့်ကြပ်ရမှာပါ.. ဒါပေမဲ့ ဝိညာဉ်သားရဲတွေအတွက် သီးသန့်ဖြစ်တဲ့ ‘နတ်ဆိုးဧကရာဇ်ကျင့်စဉ်’ ကိုတော့ မင်း ကျင့်ကြံခွင့် ရမှာပေါ့”
“နတ်ဆိုး ... နတ်ဆိုးဧကရာဇ်ကျင့်စဉ် တဲ့လား”
လိပ်အိုကြီး ထပ်မံ ပင့်သက်ရှိုက်မိသွားရပြန်သည်။
သူသည် မြေခွေး တာ့ဟုန်တို့ထံတွင် အညံခံစဉ်ကတည်းက မြူခိုးဂိုဏ်း၌ ဝိညာဉ်သားရဲများအတွက် အထူးကျင့်စဉ် တစ်ခု ရှိကြောင်း ကြားဖူးခဲ့သည် မဟုတ်ပါလား။
ထိုကျင့်စဉ်ကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပါက နတ်ဆိုးဧကရာဇ် တစ်ပါး ဖြစ်လာနိုင်သည်ဟု သိထားသဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားသွားတော့၏။
ဆယ်မိနစ်ခန့် ကြာသောအခါ..
ယဲ့ဖုန်းသည် လိပ်အိုကြီးကို ဝိညာဉ်သားရဲဆောင်တွင် အဖွဲ့ဝင်သစ်အဖြစ် ထည့်သွင်းပေးလိုက်ပြီး ‘နတ်ဆိုးဧကရာဇ်ကျင့်စဉ်’ ကို ကိုယ်တိုင် လမ်းညွှန် ပြသပေးခဲ့သည်။ ၎င်းနောက် သူသည် ခရီးကို ဆက်ခဲ့၏။
ယဲ့ဖုန်းသည် စခန်း တစ်ခုချင်းစီကို ဖြတ်သန်းသွားတိုင်း ထိုနေရာမှ အစောင့်အရှောက်များကို ဝိညာဉ်သားရဲဆောင်သို့ ထည့်သွင်းပေးကာ ကျင့်စဉ်များကို သင်ကြားပေးခဲ့သည်။
နေ့တစ်ဝက် ကြာသောအခါ..
လ်ိပ်နတ်ဘုရားကျွန်းပေါ်ရှိ မြို့စားမင်း စံအိမ်တွင်..
ယဲ့ဖုန်းသည် အဓိကနေရာတွင် ထိုင်ကာ သူ၏ ရှေ့၌ ရိုသေစွာ ဒူးထောက်နေသော ဖျံကြီးကို ကြည့်ရင်း မေးမြန်းလိုက်၏။
“နတ်ဆိုးဧကရာဇ်ကျင့်စဉ်ကို ကျင့်ပြီးနောက်မှာ မင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
“သတင်းပို့ပါတယ် ဂိုဏ်းချုပ် ... ဒီလက်အောက်ငယ်သား ခွန်အားတွေ ပြည့်ဝနေသလို ခံစားရပါတယ်.. နတ်ဆိုးဧကရာဇ်အဆင့်ရဲ့ တံခါးခုံကိုလည်း နောက်ဆုံးတော့ ထိတွေ့နိုင်ခဲ့ပါပြီ”
ဖျံကြီးက ဖြီးဖတ်နေသော မျက်နှာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“အင်း ... ကောင်းတယ်”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ရင်း ...
“ဆက်ပြီးတော့ ကျင့်ကြံနေစမ်းပါ.. ဟင်းလင်းပြင်ဖြိုခွဲအဆင့် နတ်ဆိုးဧကရာဇ် တစ်ပါး ဖြစ်အောင် မြန်မြန် ကြိုးစားပါ.. အဲဒီအခါမှသာ လ်ိပ်နတ်ဘုရားကျွန်း..ကို ကာကွယ်ဖို့ ခွန်အားတွေ လုံလောက်မှာပေါ့”
“နားလည်ပါပြီ ခင်ဗျာ”
---
လ်ိပ်နတ်ဘုရားကျွန်း..မှ ထွက်ခွာပြီးနောက် ယဲ့ဖုန်းသည် ပင်လယ်ပြင်ထက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံ ရှာဖွေနေတော့၏။ ပင်လယ်ထဲရှိ လနီနတ်ဆိုးများသည် ကုန်းမြေပေါ်ရှိ နတ်ဆိုးများနှင့် မတူဘဲ ပိုမို လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေပြီး ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေသည်ဟု သူ ခံစားနေရခြင်းပင်။
'ဒါက တော်တော် ထူးဆန်းနေတာပဲ’
'ကုန်းမြေပေါ်မှာ နတ်ဆိုးဘုရင်အဆင့်ရှိတဲ့ လနီနတ်ဆိုးတွေက အရမ်း နည်းပေမဲ့ ... ပင်လယ်ထဲမှာကျတော့ ဘာလို့ အဆပေါင်း တစ်ထောင်လောက် ပိုများနေရတာလဲ.. မိုင် တစ်ထောင်တိုင်းမှာ တစ်ကောင်၊ နှစ်ကောင်လောက်နဲ့ တိုးနေတာပဲ'
'ဒီထူးခြားမှုက တစ်ခုခုတော့ ရှိရမယ်'
ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်မိ၏။ ထိုစဉ် သူ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသည်။
ပင်လယ်ရေမျက်နှာပြင်အောက် ပေတစ်ထောင်ခန့်…။
ထိုနေရာတွင် ရေမှော်ပင်များမှ ပြောင်းလဲလာသော နတ်ဆိုးစစ်သူကြီးအဆင့် အထွတ်အထိပ်ရှိ လနီနတ်ဆိုး ဒါဇင်ပေါင်းများစွာမှာ အချင်းချင်း စူးစမ်းကြည့်နေကြ၏။
“ဝုန်း”
ရုတ်တရက် သူတို့သည် အချင်းချင်း စတင် တိုက်ခိုက်ကြတော့၏။ တစ်နာရီခန့် ကြာသောအခါ
ထိုရေမှော်ပင် ဒါဇင်ပေါင်းများစွာအနက် တစ်ပင်တည်းသာ ကျန်ရစ်တော့သည်။ ၎င်းသည် မိမိ၏ မျိုးနွယ်တူများကို ဝါးမြိုပစ်လိုက်ပြီးနောက် နတ်ဆိုးစစ်သူကြီးအဆင့်မှနေ၍ အဆင့်နိမ့် နတ်ဆိုးဘုရင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့တော့၏။
'ဪ ... ဒီလိုကိုး’
'သူတို့က အချင်းချင်း ဝါးမြိုပြီး အရှိန်အဟုန်နဲ့ ကြီးထွားနိုင်တာလား'
ဤအမှန်တရားကို သိရှိသွားသောအခါ ယဲ့ဖုန်း၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်။ အကယ်၍ လနီနတ်ဆိုးများသည် လနီစွမ်းအားကိုသာ ပုံမှန်အတိုင်း စုပ်ယူ၍ ကျင့်ကြံမည်ဆိုပါက ... သူတို့၏ အဆင့်တက်နှုန်းမှာ များစွာ မြန်ဆန်မည် မဟုတ်ပေ။ လနီတံခါးကိုသာ ပိတ်ဆို့ထားနိုင်ပါက ထိုနတ်ဆိုးများသည် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာမည် မဟုတ်ချေ။
သို့သော်လည်း လနီနတ်ဆိုးများသည် မိမိမျိုးနွယ်တူများကို ပြန်လည် ဝါးမြိုခြင်းဖြင့် ခွန်အားများကို မြှင့်တင်နိုင်ကြောင်း သိလိုက်ရသဖြင့် ယဲ့ဖုန်းမှာ ထိတ်လန့်သွားရလေ၏။
ဤနည်းလမ်းမှာ အလွန် အစွမ်းထက်သော နတ်ဆိုးများကို အချိန်တိုအတွင်း ဖန်တီးပေးနိုင်သည် မဟုတ်ပါလော။
နတ်ဆိုးစစ်သူကြီး ဒါဇင်ပေါင်းများစွာက နတ်ဆိုးဘုရင် တစ်ကောင်ကို ဖန်တီးပေးနိုင်လျှင် ... နတ်ဆိုးဘုရင် ဒါဇင်ပေါင်းများစွာကလည်း နတ်ဆိုးဧကရာဇ် တစ်ပါးကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ... မကြာမီအတွင်းမှာပင် ပင်လယ်နက်ပိုင်း၌ အသည်းထိတ်ဖွယ် နတ်ဆိုးဧကရာဇ်အဆင့်ရှိ လနီနတ်ဆိုးများ ပေါ်ထွက်လာတော့မည်မှာ သေချာလှ၏။
ယဲ့ဖုန်းအနေဖြင့်မူ ဟင်းလင်းပြင်ဖြိုခွဲအဆင့် နတ်ဆိုးများကို လက်ဝှေ့ယမ်းရုံဖြင့် ချေမှုန်းနိုင်သော်လည်း ... ၎င်းမှာ သူသည် တပိုင်း အဆင့် သူတော်စင်အဆင့် ခွန်အား ရှိနေသောကြောင့် ဖြစ်သည်။
ကျယ်ပြန့်လှသော ရှန်ကျိုးတိုက်ကြီးနှင့် ပင်လယ်ပြင်ကြီးတွင် ယဲ့ဖုန်းကဲ့သို့သော တပိုင်း အဆင့် သူတော်စင်များမှာ အလွန်ပင် ရှားပါးလှသည်။
ပျမ်းမျှအားဖြင့် သက်ရှိပေါင်း သန်းတစ်သန်းတွင် တပိုင်း အဆင့် သူတော်စင် တစ်ယောက်ပင် ပေါ်ပေါက်ရန် ခဲယဉ်းသည် မဟုတ်ပါလား။
ထို့ကြောင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဆိုသည်မှာပင် အလွန် အစွမ်းထက်နေခဲ့တော့၏။
“ဒီကိစ္စကိုတော့ ငါ အလေးအနက် ထားမှ ဖြစ်တော့မယ်” ယဲ့ဖုန်းက ပြောလိုက်သည်။
သူသည် ဤစိုးရိမ်မှုကို ဖုံးကွယ်မထားလိုပေ။
ယဲ့ဖုန်းသည် လက်ညှိုးဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ မြင်တွေ့ခဲ့ရသော မြင်ကွင်းမှာ ဝိညာဉ်အာရုံ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး ကျောင်းယန် မြင့်မြတ်သောမြို့တော်ဆီသို့ ပျံ့နှံ့သွားတော့၏။
*
တိတ်ဆိတ်လှသော စံအိမ်တစ်ခုအတွင်း၌.. မင်းသမီးယွီကျူးသည် ကျင့်ကြံနေသည်။
ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ အကူအညီဖြင့် သူမသည် ဟင်းလင်းပြင်ဖြိုခွဲအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်လာခဲ့တော့၏။ သူမသည် ရှေ့ဆက်ရမည့် လမ်းစဉ်ကိုပါ သေချာစွာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
'နတ်ဘုရားမျိုးနွယ်စုတွေ ရောက်လာပြီဆိုတော့ ... ထိပ်တန်း ကောင်းကင်ဧကရာဇ်အဆင့် ခွန်အားက မလုံလောက်တော့ဘူး.. ငါ မူလစွမ်းအား နှစ်မျိုးကို ပေါင်းစပ်ပြီး တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာအောင် မြန်မြန် ကြိုးစားမှ ဖြစ်မယ်' ဟု မင်းသမီးယွီကျူးက တီးတိုး ရေရွတ်လိုက်မိသည်။
ထိုစဉ် သူမ၏ ရှေ့၌ ဝိညာဉ်အာရုံ အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းနောက် မြင်ကွင်းအချို့ လေထဲတွင် ပေါ်လာတော့၏။
ပင်လယ်ပြင်အတွင်း၌ ရေမှော်ပင်နတ်ဆိုးများသည် အချင်းချင်း ရက်စက်စွာ တိုက်ခိုက်နေကြပြီး ဝါးမြိုနေကြသည်။ နောက်ဆုံးတွင် နတ်ဆိုးဘုရင်အဆင့်ရှိသော ရေမှော်ပင်နတ်ဆိုး တစ်ကောင် မွေးဖွားလာသည်ကို သူမ မြင်တွေ့လိုက်ရ၏။
“ဒါ ... မကောင်းတော့ဘူး” မင်းသမီးယွီကျူးက တစ်ခုခုကို ရိပ်မိသွားသဖြင့် သူမ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူမသည် လက်ဟန်တစ်ခုကို အလျင်အမြန် ရေးဆွဲလိုက်ရာ သူမ၏ ရှေ့တွင် ယဲ့ဖုန်း၏ မျက်နှာမှာ ဝေဝါးစွာ ပေါ်လာတော့၏။
ကျွန်တော် ပို့တဲ့ ဝိညာဉ်အာရုံ ပုံရိပ်ကို မင်း.. ရခဲ့တယ် မဟုတ်လား” ယဲ့ဖုန်းက တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
“ဂိုဏ်းချုပ်ယဲ့ ... ဒီဖြစ်ရပ်ကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ” မင်းသမီးယွီကျူးက လေးနက်သော အသံဖြင့် မေးလိုက်သည်။
“တောင်ပိုင်း ပင်လယ်ပြင် မှာပဲ”
“ငါ့ဆီကို တည်နေရာ ပို့ပေးပါဦး”
ခေတ္တအကြာတွင် ...
“ဝူး”
ယဲ့ဖုန်း၏ ဘေးရှိ ဟင်းလင်းပြင်ကြီး ပြဲဟသွားပြီး သွယ်လျလှပသော ပုံရိပ် ပိုင်ရှင် မင်းသမီးယွီကျူးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့၏။
“ဒီနေရာလား”
မင်းသမီးယွီကျူးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း ...မေးလိုက်သည်။
“နတ်ဘုရား ပင်လယ်နဂါး ဧကရီ က ဒီပင်လယ်ပြင်က လာတာလို့ ငါ ကြားဖူးတယ်.. သူက ပင်လယ်ရှစ်စင်း နတ်ဆိုးမျိုးနွယ်စု ထဲမှာ ရှိနေဝာာ..
ငါ.. သူနဲ့ အတော်လေး ရင်းနှီးပါတယ်.. ဒီသတင်းကို သူ့ဆီ သွားပြောလိုက်ရမလား”
“နတ်ဘုရား ပင်လယ်နဂါး ဧကရီ ဟုတ်လား ... ” ယဲ့ဖုန်း ခေတ္တမျှ တွေးတောသွားမိ၏။
ထိုကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်ကို သူ မှတ်မိသော်လည်း အရင်းအနှီးကြီးတော့ မဟုတ်ပေ။
“ထားလိုက်ပါတော့ ... ”
“ကျွန်တော်ကတော့ ဒီပင်လယ်ပြင်မှာ ဆက်ပြီး ရှာဖွေချင်သေးတယ်.. ဘာကြောင့် လနီနတ်ဆိုးတွေက အချင်းချင်း ဝါးမြိုပြီး အဆင့်တက်နိုင်ရတာလဲဆိုတဲ့ အရင်းအမြစ်ကို ကျွန်တော် ရှာရမယ်.. အမြစ်ကို မဖြတ်နိုင်ရင်တော့ ...ကျွန်တော်တို့ ဘာလုပ်လုပ် အပိုပဲ ဖြစ်နေလိမ့်မယ်” ဟု ယဲ့ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ ...ငါ.. ပင်လယ်ရှစ်စင်း နတ်ဆိုးမျိုးနွယ်စုဆီ သွားပြီး နတ်ဘုရား ပင်လယ်နဂါး ဧကရီ ကို တွေ့မယ်.. ပင်လယ်ပြင်ရဲ့ အခြေအနေကိုလည်း စုံစမ်းကြည့်လိုက်ဦးမယ်”
“ဒါက ပိုကောင်းတာပေါ့” ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
ဤသို့ဖြင့် ယဲ့ဖုန်းတို့ နှစ်ဦးမှာ လူစုခွဲလိုက်ကြတော့၏။
ယဲ့ဖုန်းကတော့ အကြောင်းရင်းကို ဆက်လက် ရှာဖွေရန် ကျန်ရစ်ခဲ့ပြီး၊ မင်းသမီးယွီကျူးမှာမူ ပင်လယ်ရှစ်စင်း နတ်ဆိုးမျိုးနွယ်စုဆီသို့ ပျံသန်း ထွက်ခွာသွားတော့သည်။
---
မိုင်ပေါင်း သန်းနှင့်ချီ ဝေးသော နေရာတွင် ဖြစ်သည်။
ပျမ်းမျှ ရေအနက် ပေအနည်းငယ်သာ ရှိပြီး ရေမှော်ပင်များ ပေါများလှသော ကမ်းခြေအနီးရှိ ပင်လယ်ပြင်တွင် ...
“ရွှစ်”
ဧရာမ ရေမှော်ပင်ကြီး တစ်ပင်မှာ အသည်းထိတ်ဖွယ် အရှိန်အဝါများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည်။
၎င်းသည် ပတ်ဝန်းကျင်ရှိ ရေမှော်ပင်နတ်ဆိုး ဒါဇင်ပေါင်းများစွာကို ဝါးမြိုပစ်လိုက်ပြီးနောက် မူလနတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့တော့သည်။
၎င်း၏ မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အသိဉာဏ် အရိပ်အယောင်များ ဝင်းလက်လာတော့၏။
-