အခန်း ၇၀၃
Vol. 47 Ch. 703
အခန်း (၇၀၃) - လနီသံလိုက်အိမ်မြှောင်၊ အမဲလိုက်ခြင်း စတင်ခြင်းနှင့် မင်းသမီးယွီကျူး၏ သတင်း
“လနီသံလိုက်အိမ်မြှောင် တစ်ခုတည်းနဲ့တော့ ဘယ်လိုမှ မလုံလောက်နိုင်ဘူး”
ယဲ့ဖုန်းသည် သူ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။ သူကိုယ်တိုင်ကတော့ သူ၏ စူးရှလှသော ဝိညာဉ်အာရုံကို အသုံးချပြီး နတ်ဘုရားမျိုးနွယ်စု ပညာရှင်များ၏ ဝိညာဉ်တည်နေရာကို သိနိုင်ပေမဲ့ ... အခြားသူများအတွက်မူ ဤလနီသံလိုက်အိမ်မြှောင်မှာ မရှိမဖြစ် လိုအပ်လှသည်။
အထူးသဖြင့် မြူခိုးဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများအတွက် နတ်ဘုရားမျိုးနွယ်စုဝင်များကို အလွယ်တကူ ရှာဖွေနှိမ်နင်းနိုင်ရန် ဤသံလိုက်အိမ်မြှောင်များ တပ်ဆင်ပေးထားရန် လိုအပ်သည် မဟုတ်ပါလော။
“နတ်ဘုရားမျိုးနွယ်စုဝင်တွေရဲ့ ဝိညာဉ်တွေကို ဆက်ပြီး စုဆောင်းရမယ်”
ယဲ့ဖုန်းသည် လက်နက်သွန်းဖိုကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် လနီသံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုအတိုင်း စတင် ရှာဖွေတော့၏။ တဆက်တည်း၌ပင် ဤဝိညာဉ်ရတနာ၏ တိကျမှုကိုလည်း သူ စမ်းသပ်နေခြင်းပင်။
“ဝူး”
မကြာမီမှာပင် လနီသံလိုက်အိမ်မြှောင်ဆီမှ စူးရှသော အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ဖုန်း ခေါင်းငုံ့ကြည့်လိုက်သောအခါ သံလိုက်အိမ်မြှောင်မျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ လှုပ်ရှားနေသော အလင်းစက် ငါးစက်ကို မြင်တွေ့လိုက်ရ၏။
'မိုင်ပေါင်း သန်းတစ်ရာအတွင်းမှာတင် မူလနတ်ဘုရားအဆင့်ရှိတဲ့ လနီနတ်ဆိုးတွေ ဒီလောက်တောင် များနေတာလား'
ယဲ့ဖုန်း၏ မျက်နှာမှာ အနည်းငယ် အုံ့မှိုင်းသွားရသည်။
ဤလနီခေတ်ကာလ စတင်သည်မှာ မကြာသေးသော်လည်း ပင်လယ်ပြင်အတွင်း၌ မူလနတ်ဘုရားအဆင့်ရှိသော လနီနတ်ဆိုးများ ဤမျှအထိ များပြားနေခြင်းက အခြေအနေမှာ ပိုမို ဆိုးရွားလာနိုင်ကြောင်း ပြသနေခြင်း ဖြစ်၏။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အရာအားလုံးမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်သွားပေလိမ့်မည်။
'နှမြောစရာ ကောင်းတာက ... ငါ ဒါကို တားဆီးချင်ပေမဲ့လည်း မရနိုင်တာပဲ'
'နတ်ဆိုးတွေ တစ်ကောင်နဲ့တစ်ကောင် ဝါးမြိုပြီး အဆင့်တက်တဲ့ နည်းလမ်းက နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ကိုယ်တိုင် ဖန်တီးထားတဲ့ စွမ်းရည်ပဲ ဖြစ်ရမယ်.. ဒါကို ဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး'
ယဲ့ဖုန်း၏ မျက်နှာတွင် စိုးရိမ်မှုများ အရိပ်အယောင် ပေါ်လာတော့သည်။
အဆတစ်ရာ ကြီးထွားနေသော လနီကြီး ဆင်းသက်လာပြီးနောက် ဤဖြစ်စဉ်မှာ တားဆီး၍ မရတော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့တော့၏။ မူလနတ်ဘုရားအဆင့်ရှိသော လနီနတ်ဆိုးများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာမည် ဖြစ်သလို၊ ရှန်ကျိုးတိုက်ကြီးဆီသို့ ဆင်းသက်လာမည့် နတ်ဘုရားမျိုးနွယ်စုဝင်များမှာလည်း ပိုမို တိုးပွားလာပေလိမ့်မည်။
၎င်းမှာ ရှန်ကျိုးတိုက်ကြီး၏ အုတ်မြစ်ကိုပင် လှုပ်ခါသွားစေနိုင်သည် မဟုတ်ပါလော။
“ဟူး ... ”
ယဲ့ဖုန်း ခေါင်းကို အသာအယာ ခါယမ်းလိုက်မိ၏။ သူသည် လနီခေတ်ကာလ၏ အနာဂတ်ကို ကြိုတင် မြင်ယောင်နေမိသည်။ ဤသည်မှာ လနီနတ်ဆိုးများနှင့် ရှန်ကျိုးတိုက်ကြီးမှ မူလသက်ရှိများ အတူယှဉ်တွဲနေထိုင်ကာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြမည့် အမှောင်ခေတ်ကြီး တစ်ခုပင် ဖြစ်ချေတော့မည်။
'ထားလိုက်ပါတော့ ... '
'ရန်သူ လာရင် ခုခံမယ်၊ ရေ လာရင် မြေဖို့မယ် ဆိုသလိုပဲပေါ့'
'အခုကစပြီး ငါ လနီသံလိုက်အိမ်မြှောင်တွေကို များနိုင်သမျှ များများ သွန်းလုပ်ရမယ်.. ငါတို့ မြူခိုးဂိုဏ်းအတွက်တင် မဟုတ်ဘဲ တခြား ဂိုဏ်းတွေကိုပါ ဝေပေးရမယ်.. အားလုံး စုပေါင်းပြီး တိုက်ခိုက်မှသာ နတ်ဘုရားမျိုးနွယ်စုကို ခုခံနိုင်မှာ'
ယဲ့ဖုန်းသည် လနီသံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါရင်း ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မိုင်ပေါင်း သန်းနှင့်ချီ ဝေးသော နေရာရှိ ကျွန်းငယ်လေးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် .. အစိမ်းရောင် အသားအရေနှင့် သွယ်လျလှပသော အမျိုးသမီး တစ်ဦးမှာ ကမ်းခြေပေါ်သို့ တွားတက်လာပြီး မြေပြင်ပေါ်တွင် လှဲလျောင်းရင်း အမောဖြေနေ၏။ သူမသည် ရေမှော်ပင်မှ ပြောင်းလဲလာသော လနီနတ်ဆိုးဧကရာဇ် တစ်ဦး ဖြစ်သည်။ သူမ၏ ဝိညာဉ်အာရုံမှာ နတ်ဘုရားမျိုးနွယ်စုဝင် တစ်ဦး၏ သိမ်းပိုက်ခြင်းကို ခံထားရခြင်းပင်။
ရေထဲမှ မိမိ၏ ရုပ်သွင်ကို ကြည့်ရင်း ထိုအမျိုးသမီးမှာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးလိုက်၏။ သူမက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမ၏ အသားအရေမှာ ကျောက်စိမ်းပမာ ဖြူစင်ဝင်းပသော အလှတရားများအဖြစ် ပြောင်းလဲသွားတော့၏။ မည်သည့် ယောက်ျားမဆို သူမကို မြင်လိုက်သည်နှင့် ရမ္မက်ဇောများ တောက်လောင်သွားပေလိမ့်မည်။
“ဟားဟားဟား ... ”
“ဒီလောက် လှပတဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ... ရှန်ကျိုးတိုက်ကြီးက ဘယ်ဂိုဏ်းကိုမဆို ဝင်ဖို့က အေးဆေးပါပဲ”
“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် လုံလောက်လာတဲ့ အခါကျရင်တော့ ... ငါ့ရဲ့ မျိုးနွယ်စုဝင်တွေနဲ့ ပေါင်းပြီး ဒီရှန်ကျိုးတိုက်ကြီးကို ဝါးမြိုပစ်မယ်”
“ဟားဟားဟားဟား ... ”
သူမ၏ ရယ်သံမှာ ပိုမို ယုတ်မာ ရူးသွပ်လာသည်။ သူမက အသက်ကို တစ်ချက် မှုတ်ထုတ်လိုက်ရာ သူမ၏ ပတ်ဝန်းကျင်တွင် မြူခိုးများ စုစည်းသွားပြီး ပါးလွှာလှသော ဝတ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။ သူမ လှုပ်ရှားလိုက်တိုင်း ထိုပါးလွှာသော အဝတ်အစားများအောက်မှ ဖြူစင်လှသော အသားအရေမှာ စွဲမက်ဖွယ်ရာ ပေါ်လွင်နေသည်။
“တကယ့်ကို လှပတဲ့ မိန်းမလှ တစ်ဦးပါလား”
ယဲ့ဖုန်းက သူမ၏ အနောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
“ဘယ်သူလဲ”
ထိုအမျိုးသမီးမှာ ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ ... ရွှေရောင်မြူခိုးများ ဖုံးလွှမ်းနေပြီး ခန့်ညားထည်ဝါလှသော အမျိုးသား တစ်ဦးကို တွေ့လိုက်ရသည်။
“ဪ ... ခန့်ညားတဲ့ လူငယ်လေး ပါလား။ ဒီလို လူသူကင်းမဲ့တဲ့ ကျွန်းပေါ်မှာတော့ ... ကျွန်မကို မနှိပ်စက်ပါနဲ့နော်”
သူမက ချွဲနွဲ့လှသော အသံဖြင့် ပြောဆိုလိုက်၏။ ယဲ့ဖုန်းသည် သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့၏။ သူ၏ လက်မှာ သူမ၏ မေးစေ့လေးကို ကိုင်တော့မည့်အလား နီးကပ်လာခဲ့တော့သည်။
“သခင်လေး ... မလုပ်ပါနဲ့ ... ”
ထိုအမျိုးသမီးမှာ ရှက်သွေးဖြာသယောင် ဟန်ဆောင်ကာ ခေါင်းလေးငုံ့လိုက်၏။ ယဲ့ဖုန်းမှာ သူမ၏ အလှတွင် နစ်မောသွားပြီဟု သူမ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။ အပြင်ပန်းတွင်မူ ငြင်းဆန်နေသော်လည်း ရင်ထဲတွင်မူ အလွန်ပင် ပျော်ရွှင်နေမိ၏။
သူမ၏ ရှေ့မှ အမျိုးသားမှာ အလွန် အစွမ်းထက်ကြောင်း သူမ သိမြင်နိုင်သည် မဟုတ်ပါလော။
'ငါ ဒီလူ့ကို အညံခံသယောင် ဟန်ဆောင်ပြီး သူနဲ့အတူ ဂိုဏ်းကို လိုက်သွားမယ်.. အဲဒီအခါကျရင် ရှန်ကျိုးတိုက်ကြီးအတွင်းမှာ အခြေချဖို့က ပိုပြီး လွယ်သွားမှာပေါ့'
'ငါ့ရဲ့ ခွန်အားတွေ ပြည့်စုံလာတဲ့နေ့ကျရင်တော့ ... သူ့ကို အရင်ဆုံး သတ်ပစ်မယ်'
သူမ စိတ်ထဲမှ ကြံစည်လိုက်၏။ ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ လက်မှာ သူမ၏ မေးစေ့နှင့် တစ်လက်မပင် မဝေးတော့ချေ။
သို့သော် နောက်တစ်စက္ကန့်တွင် …
“ဂျွတ်”
ယဲ့ဖုန်း၏ လက်မှာ ထိုအမျိုးသမီး၏ လည်ပင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် တစ်ချက်တည်းနှင့် ချိုးပစ်လိုက်၏။ ထိုအခါမှသာ သူမ၏ ကိုယ်ထဲရှိ နတ်ဘုရားမျိုးနွယ်စုဝင်၏ ဝိညာဉ်မှာ ယဲ့ဖုန်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရတော့၏။
“အား”
“မင်း ... မင်းပါလား”
“ယဲ့ဖုန်း”
သူမ၏ ကိုယ်ထဲမှ စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
“ငါ မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ.. ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ ပညာရှင် တစ်ယောက်က မင်းကို သဘောကျပြီး အမြှောင်မယားအဖြစ် ခေါ်သွားလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ပြီးတော့ မင်းက ရှန်ကျိုးတိုက်ကြီးထဲကို အသာလေး ခိုးဝင်နိုင်မယ်ပေါ့ ... ဟုတ်လား”
ယဲ့ဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်၏။
“မင်း .. ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့ အစီအစဉ်ကို သိနေတာလား” ထိုဝိညာဉ်မှာ တုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်မိ၏။
“မှန်တာပေါ့”
ယဲ့ဖုန်းသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုလှပသော ကိုယ်ခန္ဓာမှာ ပြာအဖြစ် ပြောင်းလဲသွား၏။ နတ်ဘုရားမျိုးနွယ်စုဝင်၏ ဝိညာဉ်ကိုမူ ဖမ်းဆီးလိုက်တော့၏။
ယဲ့ဖုန်းသည် လနီသံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်ရင်း ...
“မဆိုးပါဘူး ... တိကျမှုကတော့ တော်တော်လေး ကောင်းတယ်”
ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်ပြီးနောက် ဆက်လက်..ခရီး ဆက်ခဲ့သည်။
နောက်ပိုင်း ရက်များတွင် ယဲ့ဖုန်းသည် ပင်လယ်ပြင်အတွင်းရှိ နတ်ဘုရားမျိုးနွယ်စုဝင်များ၏ ဝိညာဉ်ကို ဆက်လက် အမဲလိုက်ခဲ့ပြီး၊ ၎င်းတို့ကို အသုံးပြုကာ လနီသံလိုက်အိမ်မြှောင် အခု နှစ်ဆယ်ကို သွန်းလုပ်ခဲ့သည်။
“ ရွှစ် “
ယဲ့ဖုန်းသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မြူခိုးဂိုဏ်းသို့ ပြန်လာခဲ့တော့၏။
---
ဂိုဏ်းချုပ်နန်းဆောင်တွင် ဖြစ်သည်။ အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး၊ အထွတ်အထိပ် အကြီးအကဲ (၁၈) ဦး၊ အဆင့်တက်ပြီးနောက် ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ရောက်ရှိသွားသော အော့ချွမ်း နှင့် အခြားသော အကြီးအကဲများ အားလုံး စုဝေးနေကြ၏။
“ဒါက ‘လနီသံလိုက်အိမ်မြှောင်’ ပဲ။ မိုင်ပေါင်း သန်းတစ်ရာအတွင်းမှာရှိတဲ့ နတ်ဘုရားမျိုးနွယ်စုဝင်တွေရဲ့ ဝိညာဉ်ကို တိတိကျကျ ရှာဖွေနိုင်တယ်.. ဒါဟာ သူတို့ကို အမဲလိုက်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”
“အထွတ်အထိပ် အကြီးအကဲ တစ်ယောက်ကို တစ်ခုစီ ယူကြပါ.. အကြီးအကဲ အော့ချွမ်း နဲ့ အကြီးအကဲ ကုန်းချင်းချိုး တို့ကိုလည်း တစ်ခုစီ ပေးမယ်”
ယဲ့ဖုန်းက လနီသံလိုက်အိမ်မြှောင်များကို ဝေငှပေးလိုက်၏။
“ဂိုဏ်းချုပ် စိတ်ချပါ ... ဒီလက်အောက်ငယ်သားတို့ ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်”
အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေးနှင့် အခြားသူများသည် လနီသံလိုက်အိမ်မြှောင်များကို ယူဆောင်ကာ ယဲ့ဖုန်း၏ အမိန့်အတိုင်း ကမ်းရိုးတန်းတစ်လျှောက်သို့ ထွက်ခွာသွားကြတော့၏။ သူတို့၏ ရည်ရွယ်ချက်မှာ ကျူးကျော်လာသော ‘နတ်ဘုရားဝင်စားသူ’ များကို အမြစ်ပြတ် သုတ်သင်ရန် ဖြစ်သည်။
‘နတ်ဘုရားဝင်စားသူ’ဆိုသည်မှာ မူလနတ်ဘုရားအဆင့်ရှိသော လနီနတ်ဆိုးများ၏ ကိုယ်ခန္ဓာကို သိမ်းပိုက်ထားသော နတ်ဘုရားမျိုးနွယ်စုဝင်များကို ယဲ့ဖုန်း ပေးထားသော အမည်ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြူခိုးဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေးသမား အားလုံးမှာ ထိုနတ်ဘုရားဝင်စားသူများကို အမဲလိုက်ရန် စတင် လှုပ်ရှားကြတော့၏။ ဤအမည်မှာလည်း နေရာအနှံ့သို့ တဖြည်းဖြည်း လှုပ်ခတ်သွားတော့သည်။
---
ကျောင်းယန် နယ်မြေအတွင်း၌.. မင်းသမီးယွီကျူးသည် နောက်ဆုံးရ သတင်းများနှင့်အတူ ကျောင်းတော်သို့ ပြန်ရောက်လာခဲ့၏။
“ဒါ ... အမှန်ပဲလား”
ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားမှာ အဓိကနေရာတွင် ထိုင်နေရင်း မျက်နှာထား လေးနက်နေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း တပိုင်း အဆင့် သူတော်စင်များစွာ စုဝေးနေကြ၏။ ဤသူတို့မှာ ကျောင်းယန် မြင့်မြတ်သောနယ်မြေ၏ အစစ်အမှန် အင်အားစုများ ဖြစ်ကြသည်။
ကျောင်းယန် ရှေးဟောင်းသူတော်စင်သည် အခြေအနေ၏ စိုးရိမ်ရမှုကို သိရှိသွားသဖြင့် တပိုင်း အဆင့် သူတော်စင် အားလုံးကို အစည်းအဝေး ခေါ်ယူလိုက်ခြင်းပင်။
“ဒါက ဂိုဏ်းချုပ်ယဲ့ ပေးလိုက်တဲ့ ဝိညာဉ်အာရုံ ပုံရိပ်တွေပါ ... ဆရာနဲ့ စီနီယာတို့ ကြည့်လိုက်ကြပါဦး”
မင်းသမီးယွီကျူးက လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် မြင်ကွင်းပေါင်းများစွာ ထင်ဟပ်လာတော့၏။
လနီနတ်ဆိုးများ အချင်းချင်း ဝါးမြိုနေကြသည့် မြင်ကွင်း၊ နတ်ဘုရားမျိုးနွယ်စုဝင်များက ထိုနတ်ဆိုးများကို သိမ်းပိုက်နေကြသည့် မြင်ကွင်းများမှာ အထင်အရှား ပေါ်လွင်နေသည်။ ၎င်းအပြင် ထိုနတ်ဆိုးများမှာ လူသားအသွင်သို့ ပြောင်းလဲသွားကြပြီး သာမန် ကျင့်ကြံသူများနှင့် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြရသည်။
“တော်သေးတာပေါ့ ... ဂိုဏ်းချုပ်ယဲ့က ဒါကို သတိထားမိလို့”
“မဟုတ်ရင်တော့ ငါတို့အားလုံးဟာ ဘာမှ မသိဘဲ ကျန်နေရစ်တော့မှာပဲ”
“ဒီအတိုင်းသာ ဆက်သွားရင် ... ငါတို့ ဂိုဏ်းတွေအားလုံးဟာ ဒီ ‘နတ်ဘုရားဝင်စားသူ’ တွေရဲ့ ကျူးကျော်မှုကို ခံရပြီး အပေါက်အပြဲတွေနဲ့ ပြည့်နှက်သွားတော့မှာပဲ”
ကျောင်းယန် ရှေးဟောင်းသူတော်စင်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
-