အခန်း ၇၀၄
Vol. 47 Ch. 704
အခန်း (၇၀၄) - နတ်ဘုရားဝင်စားသူများ၏ ထိုးဖောက်ဝင်ရောက်မှုနှင့် ရူးသွပ်လုမတတ် အခြေအနေ
ကျောင်းယန် နယ်မြေမှ တပိုင်း အဆင့် သူတော်စင်များ၏ မျက်နှာများမှာ အလွန်ပင် လေးနက်နေကြသည်။ သူတို့သည် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြ၏။ မြင်ကွင်းများကို ကြည့်လိုက်ရုံဖြင့် နတ်ဘုရားမျိုးနွယ်စုသည် ဤကဲ့သို့ အသည်းထိတ်ဖွယ် နည်းလမ်းကို အသုံးပြုကာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးရှိ အင်အားစု အသီးသီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း သူတို့ သဘောပေါက်သွားကြသည်။
ဤကိစ္စမှာ တားဆီး၍ မရနိုင်သော အရာတစ်ခု ဖြစ်နေတော့၏။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်အတွင်းရှိ သက်ရှိများမှာ ကုန်းမြေပေါ်ရှိ သက်ရှိများထက် များစွာ ပိုမို များပြားနေသောကြောင့်ပင်။
ထိုသက်ရှိများက ပင်လယ်ပြင်မှ ထွက်ခွာကာ ကျယ်ပြန့်လှသော ရှန်ကျိုးတိုက်ကြီးဆီသို့ အဆက်မပြတ် ဦးတည်လာကြမည်ဆိုပါက ... သူတို့သည် သေချာပေါက် ထိုးဖောက်ဝင်ရောက်နိုင်ကြမည် ဖြစ်ပြီး၊ မိမိတို့ကိုယ်ကို အဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ကာ ဂိုဏ်းအသီးသီးကို ဝါးမြိုပြီး ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားကြပေလိမ့်မည်။
အချိန်တန်သောအခါ နတ်ဘုရားဝင်စားသူများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကြမည်မှာ သေချာလှသည်။ ထိုအချိန်ကျလျှင်မူ ... ရှန်ကျိုးတိုက်ကြီးအတွက် ကမ္ဘာပျက်ကပ်ကြီးပင် ဖြစ်တော့မည်။
“လောလောဆယ် ငါတို့ လုပ်နိုင်တာက ... ထိပ်တန်း အင်အားစု အားလုံးဆီကို သတင်းပေးပို့ပြီး ဒီ ‘နတ်ဘုရားဝင်စားသူ’ တွေကို သတိထားဖို့ သတိပေးရမယ်.. တစ်ယောက် တွေ့တာနဲ့ အဲဒီနေရာမှာတင် ချက်ချင်း သတ်ပစ်ရမယ်”
ကျောင်းယန် ရှေးဟောင်းသူတော်စင်က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်၏။
“နားလည်ပါပြီ”
မင်းသမီးယွီကျူးနှင့် တပိုင်း အဆင့် သူတော်စင် အများအပြားက ခေါင်းညိတ်၍ လက်ခံလိုက်ကြသည်။ အမိန့်ရပြီးနောက် သူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အလုပ်ရှုပ်သွားကြတော့၏။
လူတိုင်း ထွက်ခွာသွားပြီးနောက် ကျောင်းယန် ရှေးဟောင်းသူတော်စင်သည် ခမ်းနားလှသော ကျောင်းတော်၏ အဓိကနေရာတွင် ထိုင်ကာ၊ ကျောင်းယန် နယ်မြေ၏ ကောင်းကင်ယံကို စိုးရိမ်တကြီး မော့ကြည့်နေမိ၏။
“ဟူး ... ”
“ဒါက တကယ်ကို ခက်ခဲတဲ့ ပြဿနာပဲ”
သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။
အချိန်အတော်ကြာပြီးနောက် ...
သူသည် လက်ကို မြှောက်ကာ လက်ဝါးပေါ်ရှိ လနီသံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။ ၎င်း၏ ဖန်တီးမှု လက်ရာမှာ အလွန် သေသပ်လှပြီး အပြစ်အနာအဆာ တစ်စုံတစ်ရာမျှ မရှိချေ။
“ဂိုဏ်းချုပ်ယဲ့ သွန်းလုပ်ထားတဲ့ ဝိညာဉ်ရတနာဆိုတော့လည်း ... အရည်အသွေးက တကယ်ကို မြင့်မားတာပဲ။ မိုင်ပေါင်း သန်းတစ်ရာအတွင်းက နတ်ဘုရားဝင်စားသူတွေကို ရှာဖွေနိုင်စွမ်း ရှိတယ်ဆိုပါလား”
“ဒါပေမဲ့ နှမြောစရာ ကောင်းတာက ... ”
“ဒီလို ရတနာမျိုး အရေအတွက်က နည်းလွန်းနေသေးတာပဲ”
ကျောင်းယန် ရှေးဟောင်းသူတော်စင် ခေါင်းခါလိုက်မိသည်။ သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ သူ၏ နဖူးကို ထိလိုက်ပြီး ဝိညာဉ်အာရုံ အားလှိုင်းများကို အဝေးသို့ ပို့လွှတ်လိုက်၏။
ကျောင်းယန် ရှေးဟောင်းသူတော်စင်က အခြားသော မြင့်မြတ်သောနယ်မြေများ၊ နတ်ဘုရား တောင်တန်းကြီး ကိုးခု၊ တားမြစ်နယ်မြေများနှင့် အခြားသော နေရာများရှိ သူတော်စင်အဆင့် ကိုယ်ပွားများနှင့် ဆက်သွယ်ကာ နတ်ဘုရားဝင်စားသူများ၏ အကြောင်းကို သတင်းပေးပို့လိုက်ခြင်းပင်။
သိပ်မကြာမီမှာပင် ...
ဤသတင်းမှာ ထိပ်တန်း အင်အားစုကြီးများ အားလုံးအတွင်းသို့ ပျံ့နှံ့သွားပြီး ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေတော့၏။
---
မြူခိုးတောင်ထိပ်။
ယဲ့ဖုန်းသည် ထိုသတင်းကြောင့် ထိပ်တန်း အင်အားစုကြီးများအတွင်း မည်မျှအထိ လှုပ်ခတ်သွားသည်ကို မသိရှိရှာပေ။ သူသည် ဂိုဏ်းချုပ်၏ ပလ္လင်ပေါ်တွင် ထိုင်ကာ မေးစေ့ကို လက်ဖြင့် ထောက်ရင်း အဝေးရှိ ကောင်းကင်ယံကို ငေးကြည့်ကာ အတွေးထဲ နစ်ဝင်နေသည်။
မင်းသမီးယွီကျူးကို ပေးလိုက်သော လနီသံလိုက်အိမ်မြှောင်မှာ သူ မကြာမီကမှ အသစ် ဖန်တီးထားခြင်း ဖြစ်သည်။ အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေးနှင့် အခြား အထွတ်အထိပ် အကြီးအကဲများမှာလည်း ကမ်းရိုးတန်း ဒေသများသို့ ထွက်ခွာသွားကြပြီး နတ်ဘုရားဝင်စားသူ ရာပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ကြတော့၏။ သူတို့၏ ဝိညာဉ်များမှာ ယဲ့ဖုန်းအတွက် အဆက်မပြတ် ရရှိနေသော ကုန်ကြမ်းများ ဖြစ်လာခဲ့၏။
ယနေ့အထိ ... ယဲ့ဖုန်းသည် လနီသံလိုက်အိမ်မြှောင် ရာပေါင်းများစွာကို သွန်းလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့တော့မည့် ဤပူးပေါင်းကြံစည်မှုကြီး၏ ရှေ့တွင်မူ ... ထိုအရေအတွက်မှာ သမုဒ္ဒရာထဲမှ ရေတစ်စက်ပမာ သေးငယ်လွန်းလှသည်။
'ငါက မြူခိုးဂိုဏ်း ပတ်ဝန်းကျင်ကိုလောက်ပဲ ထိန်းချုပ်နိုင်တာ’
'ဒါပေမဲ့ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးက အရမ်း ကျယ်ပြန့်လွန်းတယ်’
'ငါက အကုန်လုံးကို လွှမ်းခြုံနိုင်စွမ်း မရှိဘူး'
'အချိန်ကြာလာတာနဲ့အမျှ ... အင်အားစုကြီးတွေ အားလုံးဟာ နတ်ဘုရားဝင်စားသူတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ခံရတော့မှာ သေချာတယ်.. အဲဒီအချိန်ကျရင် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး အန္တရာယ် ရှိသွားပြီ’
'လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ... ကောင်းကင်တာအိုပဲ'
ယဲ့ဖုန်း၏ စိတ်ထဲတွင် ရူးသွပ်လုမတတ် အတွေးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ကောင်းကင်ဘုံကို ပြန်လည် ဖန်တီးရန်ပင် ဖြစ်၏ ကောင်းကင်ဘုံသည် အထက်စီးမှနေ၍ ကမ္ဘာကြီး တစ်ခုလုံးကို ငုံ့ကြည့်နိုင်ပြီး၊ မည်သူက နတ်ဘုရားဝင်စားသူ ဖြစ်ကာ မည်သူက ရှန်ကျိုးတိုက်ကြီး၏ မူလသက်ရှိ ဖြစ်ကြောင်းကို ချက်ချင်း သိရှိနိုင်စွမ်း ရှိသည်။
ကောင်းကင်ဘုံကသာ ကမ္ဘာပျက်ကပ် ကပ်ဘေးကြီး တစ်ခုကို ဖန်တီးလိုက်မည်ဆိုပါက ... နတ်ဘုရားဝင်စားသူ အားလုံး ချက်ချင်း အမြစ်ပြတ်သွားပေလိမ့်မည်။
သို့သော် ...
ကောင်းကင်ဘုံမှာ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်၏ လက်ချက်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်၏ ကမ္ဘာကြီး တစ်ခုလုံး၏ ကောင်းကင်ဘုံကို ပြန်လည် ဖန်တီးရန် ဆိုသည်မှာ ကောင်းကင်ပေါ် တက်ရသလို ခဲယဉ်းလှပြီး ... လုံးဝ မဖြစ်နိုင်လုနီးပါးပင်။
'ဒါက အရမ်း ဝေးကွာလွန်းတဲ့ ကိစ္စပဲ။ နောက်မှပဲ စဉ်းစားတော့မယ်’
'အခုလောလောဆယ် ငါ လုပ်နိုင်တာက ... ဂိုဏ်းကို ဆက်ပြီး တိုးတက်အောင် လုပ်မယ်၊ ငါ့ရဲ့ ခွန်အားတွေကို မြှင့်တင်မယ်၊ ပြီးတော့ လနီသံလိုက်အိမ်မြှောင်တွေ အများကြီး ထပ်လုပ်ဖို့ ကြိုးစားရမယ်'
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်မိသည်။
---
အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
မကြာမီမှာပင် ...
လနီခေတ်ကာလ စတင်ခဲ့သည်မှာ တစ်လခွဲခန့် ရှိသွားခဲ့ပြီပင်။ ပင်လယ်ပြင်ကြီးမှာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို ဝန်းရံထားပြီး ၎င်းအတွင်း၌ သက်ရှိများမှာ အလွန်အမင်း များပြားလှသည်။ ယခုအခါ နတ်ဘုရားဝင်စားသူ တစ်သိန်းကျော်ခန့်မှာ ရှန်ကျိုးတိုက်ကြီးအတွင်းသို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ကြတော့၏။
အချို့က သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားကြပြီး၊ အချို့ကမူ ကျင့်ကြံခြင်းကို ဖျက်ဆီးကာ ပြန်လည် မွေးဖွားလာသကဲ့သို့ ဟန်ဆောင်နေကြ၏။ နည်းလမ်း ပေါင်းစုံကို အသုံးပြုကာ ရှန်ကျိုးတိုက်ကြီးအတွင်းသို့ တိုးဝင်နေကြခြင်း ဖြစ်သည်။
လနီတံခါးတွင် ဖြစ်သည်။
ဟူဖေးဖေးမှာမူ တံခါးကို အသည်းအသန် ထုရိုက်နေဆဲပင်။
"ဝီး..ဝီး..ဝီး.."
စူးရှလှသော အသံကြီးများမှာ ဟင်းလင်းပြင်ကို ပြိုကွဲသွားစေသည်အထိ ဖြာထွက်သွားသော်လည်း ... နတ်ဘုရားမျိုးနွယ်စု ပညာရှင် တစ်ဦးတစ်ယောက်မျှ ဆင်းသက်မလာသေးပေ။
အလင်းတန်း အလွှာ၏ အနောက်ဘက်တွင် ဖြစ်သည်။ ထိုနေရာတွင် ရှေးဟောင်း ယဇ်ပလ္လင်ကြီး တစ်ခု ရှိနေ၏။ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော နတ်ဘုရားမျိုးနွယ်စု ပညာရှင် ဒါဇင်ပေါင်းများစွာမှာ အလင်းတန်း မျက်နှာပြင်ကို စိုက်ကြည့်နေကြပြီး ဟူဖေးဖေး လနီတံခါးကို အဆက်မပြတ် ထုရိုက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
“ငါတို့ မျိုးနွယ်စုဝင်တွေ ... ဒီမိန်းမကို ဒီလောက်အထိ ရိုင်းစိုင်းခွင့် ပေးထားရတော့မှာလား”
“ဟုတ်တယ် ... တကယ်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ”
“သုံးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်ရှိတဲ့ အကြီးအကဲ တစ်ယောက်လောက်ကို ခေါ်ပြီး သူ့ကို အမှုန့်ခြေခိုင်းလိုက်ရင် မကောင်းဘူးလား။ မဟုတ်ရင် သူက နေ့တိုင်း လနီတံခါးကို လာလာ ထုနေတော့ အသံက အရမ်း ဆူညံပြီး ငါတို့ရဲ့ ငြိမ်းချမ်းမှုကို အနှောင့်အယှက် ဖြစ်စေတယ်”
နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ အချင်းချင်း အသည်းအသန် ဆွေးနွေးနေကြတော့၏။
ရှန်ကျိုးတိုက်ကြီးဘက်မှနေ၍ ဤအလင်းတန်း မျက်နှာပြင်ကို ထိုးဖောက် မမြင်နိုင်သော်လည်း ... လွင့်မျော တောင်တန်းဘက်မှနေ၍မူ အလင်းတန်းကို ထိုးဖောက်ကာ ဟူဖေးဖေး၏ လှုပ်ရှားမှုတိုင်းနှင့် လနီတံခါး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသည်။
“ဒီမိန်းမက အခု တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်ကို ရောက်သွားပြီဆိုတော့ သူ့ရဲ့ ခွန်အားကလည်း မသေးဘူး.. ငါတို့ မျိုးနွယ်စုက ပညာရှင်တွေကလည်း ဝင်စားခြင်း လုပ်ငန်းစဉ်နဲ့ ထိုးဖောက်ဝင်ရောက်တဲ့ ကိစ္စတွေမှာ အလုပ်ရှုပ်နေကြတော့ ... တကယ်ကို လူပို မရှိဘူး ဖြစ်နေတာ”
“ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ”
ထိုနေရာရှိ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
“သူ့ကို လွှတ်ထားလိုက်ပါ”
“ဘယ်လိုပဲ ဖြစ်ဖြစ် ... ဒီမိန်းမက တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်အဆင့်ပဲ ရှိတာလေ.. သူ ဘယ်လိုမှ လနီတံခါးကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး.. ငါတို့ သူရဲကောင်း တစ်ယောက်လောက်ကို လွှတ်ပြီး သတ်ခိုင်းလိုက်လို့ ရပါတယ်”
“အကြံကောင်းပဲ”
ထိုသို့ ပြောဆိုပြီးနောက် နတ်ဘုရားမျိုးနွယ်စု ပညာရှင်များသည် ယဇ်ပလ္လင်ဘေးမှ ရွှံ့ရုပ်ပေါင်းများစွာကို ချက်ချင်း ယူဆောင်လာပြီး သူတို့၏ ဝိညာဉ်အစိတ်အပိုင်းများကို အတွင်းသို့ ထည့်သွင်းလိုက်ကြ၏။ ၎င်းနောက် ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ချထားလိုက်သည်။
တဆက်တည်း၌ ရှေးဟောင်း မန္တန်ရွတ်ဆိုသံများ ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့၏။ ထိုအခိုက်..ထိုရွှံ့ရုပ်များမှာ လျင်မြန်စွာ ကြီးထွားလာပြီး ပေါင်းစပ်သွားကြ၏။ ခေတ္တအတွင်းမှာပင် ၎င်းတို့သည် လွင့်မျော တောင်တန်း ပတ်ဝန်းကျင်ရှိ ခန့်ညားလှသော စွမ်းအင်များကို စုပ်ယူကာ ... တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် ကျင့်ကြံခြင်းရှိသော ဧရာမ နတ်ဘုရားသူရဲကောင်း တစ်ဦးအဖြစ် ပြောင်းလဲသွားတော့၏။
“ဝှစ်”
ဧရာမ နတ်ဘုရားသူရဲကောင်းက အလင်းတန်း မျက်နှာပြင်ကို ထိုးဖောက်ကာ ဟူဖေးဖေးဆီသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။
“ဝါး ... နောက်ဆုံးတော့ တစ်ယောက် ထွက်လာပြီပဲ”
ဟူဖေးဖေးမှာ လနီတံခါးကို အဆက်မပြတ် ထုရိုက်နေသဖြင့် စွမ်းအင် အမြောက်အမြား စုဆောင်းနိုင်ခဲ့သော်လည်း အဆင့်တက်ရန် အနည်းငယ် လိုအပ်နေသေး၏။
ယခု နတ်ဘုရားသူရဲကောင်း တစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူမ အလွန် စိတ်လှုပ်ရှားသွားတော့သည်။
“စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟူဖေးဖေးသည် ဒုတိယ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်သွားပြီး သူမ၏ ခွန်အားမှာ လေးဆခန့် တစ်ဟုန်ထိုး မြင့်တက်သွားသည်။ ၎င်းနောက် သူမသည် ထိုအစွမ်းထက်လှသော နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်၏။
“ဝုန်း”
ပေပေါင်း ရာချီ ရှည်လျားသော တုတ်ကြီးမှာ ပြင်းထန်စွာ ရိုက်ချလိုက်၏။ နတ်ဘုရားသူရဲကောင်း၏ လက်သီးမှာ အမှုန့်ဖြစ်သွားပြီးနောက် သူ၏ ကိုယ်ခန္ဓာမှာလည်း အသည်းထိတ်ဖွယ် လေလှိုင်းများအတွင်း နစ်မြုပ်သွားတော့သည်။ ခေတ္တအတွင်းမှာပင် သူသည် လုံးဝ ပေါက်ကွဲသွားပြီး ပြန်လည် ခုခံနိုင်စွမ်းပင် မရှိတော့ချေ။
“ဘာ ... ”
အလင်းတန်း မျက်နှာပြင် အနောက်ရှိ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ ဆွံ့အသွားကြရသည်။
'ဘာပဲဖြစ်ဖြစ် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် ရှိနေတာပဲ မဟုတ်လား။
ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားနည်းနေရတာလဲ.. ဟူဖေးဖေးရဲ့ တုတ်တစ်ချက်ကိုတောင် မခံနိုင်ဘူး ဆိုပါလား’
“ဆက်ပြီး တိုက်ခိုက်စမ်း”
ထိုနေရာရှိ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ အလျှော့မပေးလိုကြသဖြင့် ရွှံ့ရုပ်များကို အလျင်အမြန် ထပ်မံ ယူဆောင်လာကြပြီး၊ သူတို့၏ ဝိညာဉ်များကို ခွဲထုတ်ကာ ယဇ်ပလ္လင်ကို အသုံးပြု၍ ပေါင်းစပ်လိုက်ကြပြန်သည်။ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် နတ်ဘုရားသူရဲကောင်းများကို အဆက်မပြတ် ဖန်တီးနေကြ၏။
လနီတံခါး အနီးတွင် ဖြစ်သည်။
ဟူဖေးဖေးသည် အသက်ကို ပြင်းပြင်းရှူသွင်းရင်း သူမ အနိုင်ယူလိုက်သော နတ်ဘုရားသူရဲကောင်း၏ ပေါက်ကွဲသွားသော ကိုယ်ခန္ဓာမှ ထူးခြားသည့် စွမ်းအင်များကို ဝါးမြိုလိုက်၏။
'ဒါ တော်တော် ထူးဆန်းတာပဲ'
'ဒီနတ်ဆိုးတွေဆီမှာ ဘာလို့ စွမ်းအင် ဒီလောက် နည်းနေရတာလဲ'
ဟူဖေးဖေး နားမလည်နိုင်အောင် ဖြစ်နေရ၏။
သူမက မျက်လုံးများကို မှိတ်ကာ စစ်ဆေးကြည့်လိုက်သည်။
(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၇၈ %)
“တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ကို သတ်တာတောင် စွမ်းအင် ၈ ရာခိုင်နှုန်းပဲ တိုးတာလား။ ဒါ နည်းလွန်းတာ မဟုတ်ဘူးလား”
ဟူဖေးဖေးမှာ ဇဝေဇဝါ ဖြစ်နေရသည်။ ယခင်က သူမ၏ စွမ်းအင်မှာ ၇၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ ယခု ၇၈ ရာခိုင်နှုန်းသို့သာ တိုးလာခဲ့၏။ ကြယ်နှစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာအဖြစ် တက်လှမ်းရန် နောက်ထပ် ၂၂ ရာခိုင်နှုန်း လိုအပ်နေသေးသည် မဟုတ်ပါလော။
“ဝုန်း”
နာရီဝက်ခန့် ကြာသောအခါ ဒုတိယမြောက် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် နတ်ဘုရားသူရဲကောင်း တစ်ဦး ထွက်ပေါ်လာသည်။ သူ့ကို မြင်လိုက်ရသောအခါ ဟူဖေးဖေး၏ မျက်လုံးများ တောက်ပသွားတော့၏။
“ဟားဟား ... နောက်တစ်ကောင် လာပြန်ပြီ”
သူမသည် ဒုတိယ တိုက်ခိုက်ရေးပုံစံဖြင့် ‘စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း’ ကို ထပ်မံ အသုံးပြုကာ ထိုသူရဲကောင်းကို အမှုန့်ခြေလိုက်ပြန်သည်။
(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - 85%)
ဤတစ်ကြိမ်တွင်မူ စွမ်းအင် ၇ ရာခိုင်နှုန်းသာ တိုးလာခဲ့သည်။ သို့သော်လည်း ဟူဖေးဖေးမှာ ထိုပမာဏ နည်းပါးမှုကြောင့် စိတ်ပျက်သွားခြင်း မရှိပေ။ သူမသည် ဟွမ်ယွမ်တုတ်ကို ကိုင်ကာ၊ ယဲ့ဖုန်း ပေးထားသော ပန်းရောင် ဘဲတူဦးထုပ်လေးကို ဆောင်းထားရင်း ... တောက်ပသော မျက်ဝန်းများဖြင့် လနီတံခါးကို မျှော်လင့်တကြီး စိုက်ကြည့်နေတော့၏။
အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင်မူ..
“ဟူဖေးဖေးက တကယ်ကို သန်မာတာပဲ”
“ပညာရှင်တွေကို ထပ်ခေါ်.. အားလုံးရဲ့ စွမ်းအားတွေကို ပေါင်းပြီး နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် သူရဲကောင်း တစ်ယောက်ကို ဖန်တီးမယ်.. ဒီတစ်ခါတော့ သူ့ကို သေချာပေါက် ချေမှုန်းနိုင်လိမ့်မယ်”
“ကောင်းပြီ”
သတင်းများ လေအလျင် ရိုတ်ခတ်သွားသည်နှင့်အမျှ လွင့်မျော တောင်တန်းရှိ ယဇ်ပလ္လင်အနီးသို့ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များ ပိုမို စုဝေးလာကြတော့၏။
-