အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
အခန်း (၃၀၃)
နိုဘယ်ဆုကြေးငွေက နှစ်စဉ် အနည်းငယ် အပြောင်းအလဲ ရှိတတ်ပေမဲ့ ဒီနှစ်မှာတော့ ဒေါ်လာ ၁ သန်းလောက် ရှိပါတယ်။
ပူးတွဲဆုရတဲ့သူတွေဆိုရင်တော့ ဆုကြေးငွေကို ရတဲ့သူ အရေအတွက်အလိုက် အညီအမျှ ခွဲဝေယူကြရတာပေါ့။ ပါမောက္ခ မိုဟန်နဲ့ ရိုနယ်တို့က သူတို့ရတဲ့ ဝေစုကို Big One ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမယ်လို့ ကြေညာခဲ့ပြီး ကျွန်တော်လည်း သူတို့နဲ့အတူ ဝမ်းမြောက်ဝမ်းသာ ပါဝင်လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီပိုက်ဆံနဲ့တင် ကျွန်တော်တို့က ချမ်းသာသွားမှာမှ မဟုတ်တာလေ။
ဆုပေးပွဲ အခမ်းအနားအပြီးမှာ ရိုနယ်က ဝန်ကြီးချုပ်အပြင် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ သွားခဲ့ပြီး ပါမောက္ခ မိုဟန်ကတော့ အော့စလို တက္ကသိုလ်ကို ထွက်သွားခဲ့တယ်။
ကျွန်တော်ကတော့ နော်ဝေဘုရင်နဲ့ မိဖုရားကြီးဆီကနေ ညစာစားပွဲ ဖိတ်ကြားချက် ရခဲ့တယ်။
တက်ဂယူက လန့်ဖျတ်သွားပြီး မေးတယ်။
"ဘာ။ အရှင်မင်းကြီးနဲ့ ညစာစားရမှာလား"
"အရှင်မင်းကြီးဆိုတာလည်း ဘုရင်တစ်ပါးပါပဲကွာ"
နော်ဝေက စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံပါ။ ပထမဆုံးအနေနဲ့ ဆွီဒင်နိုင်ငံဆီကနေ ခွဲထွက်ပြီး လွတ်လပ်ရေးယူကတည်းက သီးခြားဘုရင်တစ်ပါး တင်မြှောက်ရာကနေ စတင်ခဲ့တာပါ။
ဆွီဒင်နဲ့ ဒိန်းမတ်တို့မှာလည်း ဘုရင်တွေ ရှိကြတာကြောင့် ဥရောပမြောက်ပိုင်းမှာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ အတော်အတန် ရှိပါတယ်။ ဘုရင်တွေလို့ ဆိုရပေမဲ့ သူတို့က တကယ့်အာဏာမရှိဘဲ အထိမ်းအမှတ် ပုံရိပ်အနေနဲ့ပဲ ရှိကြတာပါ။ ဂုဏ်ထူးဆောင် ရာထူးတစ်ခုလို့ ပြောလို့ရမလားပဲ။ ဒီမိုကရေစီ ထွန်းကားတဲ့ ဥရောပမြောက်ပိုင်းမှာ ဘုရင်စနစ် ကျန်ရှိနေရတဲ့ အကြောင်းရင်းကတော့ ခေတ်မီအောင် ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ တော်ဝင်မိသားစုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့လို့ပါပဲ။
အခွင့်အရေး တောင်းဆိုတဲ့ ပြည်သူတွေကို ဓားတွေ၊ လှံတွေနဲ့ ထိုးသတ်ခဲ့တဲ့ တော်ဝင်မိသားစုတွေကတော့ အမျက်ထွက်နေတဲ့ လူထုရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရတယ်။ ကိုရီးယားနိုင်ငံရဲ့ အခြေအနေမှာတော့ ဂျပန်ကိုလိုနီ လက်အောက်ခံ ဘဝနဲ့ လွတ်လပ်ရေး ရရှိသွားတဲ့ ဖြစ်စဉ်တွေကြားထဲမှာ သဘာဝအတိုင်းပဲ ဘုရင်စနစ်က ပျောက်ကွယ်သွားခဲ့တာပေါ့။
"ဒါဆို ရုရှားနဲ့ တရုတ်မှာကော"
"အဲဒါတွေက အာဏာရှင်နိုင်ငံတွေလေ"
"မြောက်ကိုရီးယားကကော"
"အဲဒါကမှ တကယ့်ဘုရင်စနစ်အစစ်လို့ ပြောရမယ်"
စဉ်းစားကြည့်ရင် ရယ်စရာပါပဲ။ ဘုရင်ရှိပြီး ဘုရင်စနစ် မဟုတ်တဲ့ နိုင်ငံတွေ ရှိသလို ဘုရင်မရှိဘဲ ဘုရင်စနစ် ဖြစ်နေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
ဒီမိုကရေစီကို သဘာဝအတိုင်း လက်ခံထားကြတဲ့ ၂၁ ရာစုမှာတောင် ဘုရင်စနစ်တွေ အများကြီး ကျန်နေသေးတာပါ။ အထူးသဖြင့် ရေနံချမ်းသာတဲ့ နိုင်ငံတွေပေါ့။ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဘရူနိုင်း စတာတွေပေါ့။
အာရပ်စော်ဘွားများ ပြည်ထောင်စုက ဖက်ဒရယ် သမ္မတနိုင်ငံဖြစ်ပြီး အီရန်ကတော့ အမည်ခံ သမ္မတနိုင်ငံ ဖြစ်ပေမဲ့... Rahbar ရဲ့ ဘာသာရေးအခြေပြု အုပ်ချုပ်ရေးစနစ်လို့ပဲ မြင်ရမယ်ထင်တယ်။
တူရကီကလည်း သမ္မတစနစ် ဖြစ်ပေမဲ့ သမ္မတ ဆူလေမန်က ဘာသာရေးအခြေပြု အုပ်ချုပ်ရေးကို ဦးတည်နေပါတယ်။ သူက ကာလစ်(ဘုရင်) ရာထူးကို တက်ယူမယ်ဆိုရင်တောင် အံ့သြစရာ မရှိပါဘူး။
ဘာပဲဖြစ်ဖြစ် အခု လက်ရှိ နော်ဝေဘုရင်ကတော့ ကားလ် (၅) ဖြစ်ပါတယ်။ ဥရောပ မင်းစိုးရာဇာတွေ ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းစုကြီးတွေနဲ့ လက်ထပ်လေ့ရှိတဲ့ တော်ဝင်မိသားစု အများစုနဲ့မတူဘဲ ကားလ်က နာမည်မရှိတဲ့ နော်ဝေ မင်းသမီးချောလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာပါ။
အခုခေတ်မှာဆိုရင်တော့ ဘယ်လိုဖြစ်လောက်မလဲမသိပေမဲ့ အဲဒီတုန်းက တော်ဝင်မိသားစုနဲ့ သာမန်လူတန်းစား လက်ထပ်တာက အတော်လေး ဂယက်ရိုက်ခဲ့တဲ့ ကိစ္စပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ သားသမီးတွေ ထွန်းကားပြီး အခုထိ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြသလို ပြည်သူတွေရဲ့ လေးစားမှုကိုလည်း ခံရပါတယ်။
"ကန်ဂျင်ဟူတော့ နေရာရနေပြီပဲ။ ဘုရင်နဲ့တောင် ညစာ အတူတူစားရတယ်"
"မင်းက ဘာပြောနေတာလဲ။ မင်းလည်း လိုက်ခဲ့ရမှာ"
"ဟင်။ ငါက ဘာလို့လဲ"
"ငါတစ်ယောက်ထဲဆို ပျင်းစရာကြီး ဖြစ်နေမှာပေါ့ဟ။ ဒါက တရားဝင် ပွဲလည်း မဟုတ်တော့ မင်းလည်း အာရုံစိုက်ခံရမှာ မဟုတ်ပါဘူး"
ဒါက အတူတူ ထမင်းစားရုံ သက်သက်ပဲလေ။ ဒုတိယဥက္ကဌအနေနဲ့ လာမှာဆိုတော့ တက်ဂယူကို ငြင်းလို့ မရပါဘူး။ ကျွန်တော်က ကြိုတင်ပြီး ပြောဆို ခွင့်ပြုချက် ယူထားပြီးသားပါ။
တက်ဂယူက ကြောင်အမ်းအမ်းနဲ့ ပြောတယ်။
"မင်းက ငါ့သဘောတူညီချက်ကို ဘာလို့ ကြိုမယူတာလဲ။ ငါက တရားဝင် ပွဲလမ်းသဘင်တွေကို မုန်းတယ်ကွ"
"မင်းက ဘယ်တုန်းက စည်းကမ်းတွေကို ဂရုစိုက်လို့လဲ"
"အဲဒါကြောင့်ပြောနေရတာ။ ငါက ဂရုမစိုက်ပေမဲ့ သူတို့က ဂရုစိုက်ကြမှာ မဟုတ်ဘူးလား"
"မင်းစဉ်းစားကြည့်စမ်း။ မင်းဘဝမှာ ဘုရင်တစ်ပါးနဲ့ အတူတူ ထမင်းစားခွင့်ရဖို့ အခွင့်အရေးကို များများစားစား ကြုံရမယ်ထင်လား"
တကယ်တော့ အခွင့်အရေးက ခဏခဏ ကြုံရနိုင်ပါတယ်။ ဘယ်ဘုရင်မှ ချမ်းသာတဲ့သူတွေကို မမုန်းကြပါဘူး။ ဒါကြောင့်ပဲ အလယ်ခေတ်တုန်းကတောင် ချမ်းသာတဲ့သူတွေက ဘုရင်တွေနဲ့ စိတ်ကြိုက် တွေ့ဆုံနိုင်ခဲ့ကြပြီး တော်ဝင်မိသားစုဆီ ပိုက်ဆံတောင် ချေးပေးနိုင်ခဲ့ကြတာပါ။
အခုခေတ်မှာလည်း ဘယ်နိုင်ငံမှာမဆို ရင်းနှီးမြှုပ်နှံမယ်လို့ ပြောလိုက်တာနဲ့ ဘုရင်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါပဲ။
"အင်္ဂလန် ဘုရင်မကြီးနဲ့ဆိုရင်တော့ ထမင်းတူတူစားမယ်မလား"
"အင်္ဂလန်ဘုရင်မကြီးနဲ့ကတော့ ထမင်းတူတူစားရဖို့ မဖြစ်နိုင်သလောက်ပဲ။ ပြီးတော့ အင်္ဂလိပ်တွေက ထမင်းစားတာမဟုတ်ဘူးကွ..."
Brexit တုန်းက ကျွန်တော်တို့ လုပ်ခဲ့တာတွေကို စဉ်းစားရင် သွားလည်ဖို့ တောင် နည်းနည်း အားနာစရာပါ။ ပြီးတော့ မကြာသေးခင်ကလည်း ရေနံကနေလည်း ကျွန်တော်တို့ ထပ်ပြီး အမြတ်ထွက်ထားသေးတယ်လေ။
ဒါပေမဲ့လည်း ဗြိတိန်ကို ကျွန်တော် အမြဲတမ်း ကျေးဇူးတင်ပါတယ်။ တကယ်လို့ Brexit မဲခွဲဆုံးဖြတ်မှုသာ မရှိခဲ့ရင် ကျွန်တော်တို့ အခုလို နေရာမျိုးကို ရောက်နေပါ့မလား။
"မင်း ဘုရင်မကြီးရဲ့ ပါးရိုက်မခံရရင်ပဲ ကံကောင်း"
တက်ဂယူက လက်ပိုက်ပြီး စဉ်းစားနေတယ်။
"ဟွန်း… တော်ဝင်မိသားစုဆိုတာ subculture (လူနည်းစုယဉ်ကျေးမှု) ထဲမှာ မရှိမဖြစ်ပဲလေ။ Lost Fantasy မှာလည်း နိုင်ငံအများကြီး ပါတာပဲ"
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ သွားကြစို့"
တော်ဝင်နန်းတော်က အော့စလိုမှာ တည်ရှိတာပါ။
နန်းတော်လို့သာ ခေါ်တာ၊ အဆောက်အဦးကတော့ အိမ်ကြီး အိမ်ကောင်းတစ်လုံးနဲ့ ပိုတူပါတယ်။ ဒါပေမဲ့လည်း 'တော်ဝင်နန်းတော်' ဆိုတဲ့ နာမည် ရှိနေရုံနဲ့တင် ခံစားချက်က ကွာခြားသွားစေတယ်။
ဘုရင်နဲ့ မိဖုရားကြီးက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်။
"ကြိုဆိုပါတယ်။ မင်းတို့နဲ့ တွေ့ချင်နေတာ ကြာပါပြီ"
"ဖိတ်ကြားခံရတာ ဂုဏ်ယူမိပါတယ်"
ကျွန်တော်က တက်ဂယူကို မိတ်ဆက်ပေးလိုက်တယ်။
"ဒါက ကျွန်တော် ပြောပြဖူးတဲ့ OTK Company ရဲ့ စီအိုအို ပါ"
တက်ဂယူက အလေးအနက် အရိုအသေပေးလိုက်ပြီး နှုတ်ဆက်တယ်။
"မင်္ဂလာပါ၊ ကျွန်တော် အိုတက်ဂယူ ပါ"
စကားပြောဆိုမှုကို အင်္ဂလိပ်လိုပဲ လုပ်ဆောင်ခဲ့ကြတယ်။
ကျွန်တော် စိတ်ပူခဲ့သလိုမျိုး အခြေအနေက သိပ်ပြီး တရားဝင်ဆန်လွန်းမနေပါဘူး။
တက်ဂယူက စူးစမ်းစိတ်နဲ့ ဘေးဘီကို ဝေ့ဝဲကြည့်နေတယ်။ သူက အပြင်ပန်းမှာ မသိသာအောင် ထိန်းထားပေမဲ့ ကျွန်တော်လည်း အလားတူပဲ အံ့သြမိပါတယ်။
ဘုရင်နဲ့ မိဖုရားကြီးတင်မကဘဲ အိမ်ရှေ့မင်းသားနဲ့ မင်းသမီးတို့ပါ ရှိနေကြတာကြောင့်ပါ။
သားအကြီးဆုံးဖြစ်ပြီး ထီးနန်းဆက်ခံဖို့ ပထမဆုံးလူဖြစ်တဲ့ ဟာမန်က ကောက်ကွေးတဲ့ ဆံပင်ညိုညို၊ အရပ်ရှည်ရှည်နဲ့ ပုခုံးကျယ်ကျယ် ရှိပြီး ရုပ်ရည်က ထင်ရှားပေါ်လွင်ပါတယ်။
အတိုချုပ်ပြောရရင် သူက ပုံပြင်ထဲက ထွက်လာတဲ့ မင်းသားလေးတစ်ပါးအတိုင်းပါပဲ။ အခုဆို အသက် လေးဆယ်နား နီးနေပြီဖြစ်ပေမဲ့ သူဟာ ငယ်စဉ်တုန်းကတော့ ကမ္ဘာပေါ်မှာ အချောဆုံး မင်းသားအဖြစ် လူသိများခဲ့တာပါ။
သူ့ဘေးမှာတော့ အသက် ၃၀ ကျော် အရွယ်၊ ဆံပင်ရွှေရောင် အရှည်ကြီးနဲ့ မျက်လုံးအပြာရောင်ရှိတဲ့ အလှပဂေးလေးတစ်ယောက် ရှိနေပါတယ်။
သူ့ကို မြင်လိုက်တဲ့ အခိုက်အတန့်မှာပဲ လွန်ခဲ့တဲ့ လအနည်းငယ်က ဂျေပီမော်ဂန်မှာ တွေ့ခဲ့တဲ့ ဂရေ့စ် ရော့ချိုင်းလ်ကို သတိရသွားမိတယ်။ အသက်အရွယ် ကွာခြားချက် ရှိပေမဲ့ မျက်နှာပေါက်ကတော့ တော်တော်လေး တူပါတယ်။ ဘာလို့လဲဆိုတော့ သူကလည်း ရော့ချိုင်းလ် မိသားစုဝင် တစ်ယောက်ဖြစ်လို့ပါပဲ။
နော်ဝေ တော်ဝင်မိသားစုနဲ့ သက်တမ်းရင့် ဂျူးငွေကြေး မိသားစုတို့ကြားက အိမ်ထောင်ရေးကလည်း အဲဒီတုန်းက အတော်လေး ဟိုးလေးဟိုးတကျော်ဖြစ်ခဲ့တဲ့ ကိစ္စပါ။
နောက်ဆုံးတစ်ယောက်ကတော့ မင်းသမီး အန်နီကဲ ပါ။ အခု အသက် ၂၀ ရှိပြီဖြစ်ပြီး မင်းသမီးတစ်ပါးနဲ့ လိုက်ဖက်တဲ့ ရုပ်ရည်မျိုး ရှိပါတယ်။ ကောက်ကွေးတဲ့ ဆံပင်ညိုညိုနဲ့ နက်မှောင်တဲ့ မျက်လုံးညိုညိုတွေ ရှိပြီး နှာတံပေါ်မှာ မှဲ့ခြောက်လေးတွေ ရှိနေတာပါ။ အရပ်ကတော့ ၁၆၀ စင်တီမီတာဝန်းကျင် ရှိပြီး လှပတာထက် ချစ်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းသလို မျက်လုံးတွေထဲမှာလည်း ယောကျာ်းလျာဆန်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။
လောလောဆယ် အင်ဂျင်နီယာ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ မင်းသမီးက အိုင်တီနဲ့ အဆင့်မြင့် နည်းပညာ လုပ်ငန်းတွေမှာ စိတ်ဝင်စားမှု အများကြီး ရှိတယ်လို့ လူသိများပါတယ်။
စားဖိုမှူးတွေ ပြင်ဆင်ပေးထားတဲ့ နော်ဝေ ရိုးရာ ဟင်းလျာတွေက ရှေးဟောင်း ထမင်းစားပွဲပေါ်မှာ အစီအရီ ရှိနေပါတယ်။ ကျွန်တော်တို့ ထိုင်လိုက်ကြပြီး ဝိုင်သောက်ရင်း ညစာ စားခဲ့ကြတယ်။
ဘုရင် ကားလ် (၅) က Big One မဟာငလျင်ကြီး ဖြစ်ပွားစဉ်က အခြေအနေတွေကို မေးမြန်းခဲ့ပြီး ကျွန်တော်ကလည်း ငလျင်လှုတ်ခတ်ရာနေရာမှာ ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့တယ်။ သူက အံ့သြချီးကျူးမှုကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။
"မင်းက တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ အလုပ်တွေကို လုပ်ခဲ့တာပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုကတောင် မလုံလောက်သလို ဖြစ်နေပြီ"
နိုဘယ်ငြိမ်းချမ်းရေးဆုရဲ့ စံနှုန်းတွေက ပုဂ္ဂလိက ဆန်တာကြောင့် ဆုပေးပွဲ အခမ်းအနားတိုင်းမှာ အမြဲတမ်း အငြင်းပွားစရာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြား အငြင်းပွားစရာ မရှိခဲ့ပါဘူး။
ကိုရီးယားက ကွန်ဆာဗေးတစ် အုပ်စုတချို့က ကန့်ကွက်ခဲ့ကြပေမဲ့ ဘယ်သူကမှ အာရုံမစိုက်ခဲ့ကြပါဘူး။
အဲဒီနောက် စကားဝိုင်းက ရင်းနှီးမြှုပ်နှံမှုဘက်ကို ကူးပြောင်းသွားတယ်။ ဘုရင် ကားလ် (၅) က နော်ဝေရဲ့ လျှပ်စစ်ကား သုံးစွဲမှုနှုန်းကို ကြွားလုံးထုတ်ခဲ့ပြီး ကျွန်တော်တို့ကိုလည်း နော်ဝေမှာ တက်ကြွစွာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ သွယ်ဝိုက်ပြီး တိုက်တွန်းခဲ့တယ်။
လျှပ်စစ်ကား တပ်ဆင်ရေး စက်ရုံတွေနဲ့ ဆက်စပ် အခြေခံ အဆောက်အဦးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ချက်ကို သူက ပြောတဲ့အခါ ကျွန်တော်ကလည်း အပြုသဘောနဲ့ စဉ်းစားပေးမယ့်အကြောင်း ပြန်ပြောခဲ့တယ်။
မင်းသမီး အန်နီကဲက ပြောတယ်။
"Lost Fantasy မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ"
မူလကတော့ ဂျပန် RPG ဂိမ်းတွေ၊ လို့ခေါ်တဲ့ JRPG တွေက အနောက်ကမ္ဘာမှာ အဆင်မပြေကြပါဘူး။ ဒါပေမဲ့ Lost Fantasy M ကတော့ ဥရောပ ဆာဗာ စတင်ပြီးနောက်ပိုင်း နာမည်ကြီး ဂိမ်းတွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ဆက်တိုက် ရပ်တည်နေခဲ့တာပါ။
Linix Pentagon က ရွှေဥ ဥတဲ့ငန်းကို လက်လွတ်လိုက်ရတဲ့အတွက် နောက်ကျမှ နောင်တရနေခဲ့ပေမဲ့ အခြေအနေကတော့ လုံးဝ ပြီးဆုံးသွားခဲ့ပါပြီ။
အောင်မြင်ဖြစ်ထွန်းနေတဲ့ OTK Games နဲ့မတူဘဲ Linix Pentagonကတော့ ဆက်တိုက် ကျဆင်းနေခဲ့တယ်။ သူတို့ရဲ့ ဈေးကွက်တန်ဖိုးကလည်း သိသိသာသာ လျော့နည်းသွားခဲ့တာပါ။ စီအီးအို အိချီကာဝါ ရှီဂဲရုက ဂိမ်းလိုင်စင်တချို့ကို ဝယ်ယူဖို့ Linix Pentagonနဲ့ ညှိနှိုင်းနေပြီး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူဖို့ပါ စဉ်းစားနေပါတယ်။
"အဲဒါက ကျွန်တော့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒီသူငယ်ချင်းရဲ့ ဆုံးဖြတ်ချက်ပါ"
ကျွန်တော့်စကားကြောင့် မင်းသမီးက လန့်သွားတယ်။
"တကယ်လား"
"ဟုတ်ကဲ့။ ဂိမ်းလုပ်ငန်းက သူ့ရဲ့ တာဝန်ပါ"
"ဒီရက်ပိုင်း ဥရောပမှာ အတော်လေး ရေပန်းစားနေတာနော်။ ကျွန်မလည်း ဆော့တယ်"
တိတ်တဆိတ် ထမင်းစားနေတဲ့ တက်ဂယူက မေးလိုက်တယ်။
"ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ"
"လူစီ"
အဲဒီစကားကြောင့် တက်ဂယူက ခက်ရင်းကို ချလိုက်ပြီး ခေါင်းထောင်လာတယ်။ ပြီးတော့ မျက်မှန်ကို ပင့်တင်ရင်း အသံကို မလိုအပ်ဘဲ နှိမ့်ပြီး ပြောလိုက်တယ်။
"ခင်ဗျားက ဂိမ်းအကြောင်းသိသားပဲ"
"ဒါပေါ့။ သူက ၁၂ ရဲ့ အဓိက ဇာတ်ကောင်လေ။ Lost Fantasy Online ကလည်း M နဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်မှု ပေးဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ အဲဒါ အမှန်ပဲလား"
"အဲဒီ အပိုင်းနဲ့ ပတ်သက်လို့ကတော့..."
သူတို့နှစ်ယောက်က အပေးအယူတည့်သွားပြီး ဂိမ်းအကြောင်းကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်။
ဂိမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြပြီး ကျွန်တော့်ရဲ့ အကန့်အသတ်ရှိတဲ့ ဗဟုသုတနဲ့က သူတို့ စကားဝိုင်းမှာ လိုက်ပါဖို့ ခက်ခဲနေပါပြီ။
စဉ်းစားကြည့်မှ၊ ဆောင်းပါးတစ်ပုဒ်ထဲမှာ မြင်ဖူးသလိုပဲ။ ဒီမင်းသမီးက နော်ဝေ ဂိမ်းအသင်းရဲ့ ပရိုမိုးရှင်း မော်ဒယ်အဖြစ်လည်း လုပ်ခဲ့ပြီး ဥရောပ ဂိမ်းပြပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးတာပါ။
သူတို့ စကားပြောရင်းနဲ့ နှစ်ယောက်ကြားက ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးက သဘာဝအတိုင်း ကျဉ်းမြောင်းသွားခဲ့တယ်။
ခဏလောက်တော့ ကျွန်တော့်မျက်စိကို ကျွန်တော် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။
အိုတာကူတစ်ယောက်နဲ့ မင်းသမီးတစ်ပါး... မဟုတ်ပါဘူး၊ အိုတက်ဂယူနဲ့ မင်းသမီးတစ်ပါး။ စောင့်ကြည့်နေရင်းနဲ့တောင် ကျွန်တော့်မျက်စိကို ကျွန်တော် မယုံနိုင်ဘူး။
အလယ်တန်းတုန်းက တက်ဂယူနဲ့ ပထမဆုံး တွေ့ခဲ့စဉ်က သူက နော်ဝေ မင်းသမီးတစ်ပါးနဲ့ အခုလို ရင်းရင်းနှီးနှီး စကားပြောနေလိမ့်မယ်လို့ လုံးဝကိုမတွေးဖူးပါဘူး။
တက်ဂယူနဲ့ မင်းသမီး အန်နီကဲတို့က အဲဒီနေရာတင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ အီးမေးလ်တွေကိုပါ အပြန်အလှန် လဲလှယ်ခဲ့ကြတယ်။
"......"
ဒါက ဘာအခြေအနေကြီးလဲ။
ကျွန်တော် စီနီယာ ဆန်းယော့ဆီ ဖုန်းခေါ်လိုက်တယ်။
[ဆုပေးပွဲကို သေချာ စောင့်ကြည့်ခဲ့ပါတယ်။ ဘယ်တော့ ပြန်လာမှာလဲ]
"ကျွန်တော် အခု ပြန်လာရတော့မယ်"
[အဲဒီမှာ ရှိနေတုန်း ဥရောပ ခေါင်းဆောင်တချို့နဲ့ မတွေ့ချင်ဘူးလား။ မင်းကို လာဖို့ ဖိတ်ခေါ်နေတဲ့ နေရာတွေ အများကြီး ရှိမှာ သေချာတယ်]
"တော်ပါပြီဗျာ"
သူတို့နဲ့ တွေ့ရင် ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုတာကလွဲလို့ တခြား ဘာကြားရဦးမှာမလို့လဲ။
"ကုမ္ပဏီမှာ အဆင်ပြေရဲ့လား"
[ဒါပေါ့။ ဘာမှ မဖြစ်ပါဘူး]
အမြဲတမ်းလိုပါပဲ။ ကျွန်တော်မရှိရင်တောင် ကျွန်တော်တို့ ကုမ္ပဏီက အဆင်ပြေပြေ လည်ပတ်နေတာပါ။
ဖုန်းချပြီးနောက် ကော်ဖီသောက်ဖို့ လော်ဘီကို ဆင်းလာခဲ့တယ်။ ဒီဇင်ဘာလ ဖြစ်တာကြောင့် နော်ဝေက ခရစ္စမတ် အငွေ့အသက်တွေနဲ့ ပြည့်နှက်နေပါတယ်။
ဟိုတယ် လော်ဘီမှာ သစ်ပင်ကြီးတစ်ပင် ရှိနေပြီး အဲဒီအရှေ့မှာတော့ ဖွံ့ဖြိုးမှုအားနည်းတဲ့နိုင်ငံတွေက ကလေးငယ်တွေအတွက် ပရဟိတ အလှူခံသေတ္တာ ရှိနေပါတယ်။ ကျွန်တော် ပိုက်ဆံအိတ်ကို ထုတ်မလို့ လုပ်နေတုန်း နောက်ကနေ အမျိုးသမီး အသံတစ်သံကို ကြားလိုက်ရတယ်။
"ဘယ်လောက် လှူမှာလဲ"
ကျွန်တော် ခေါင်းလှည့်ကြည့်လိုက်တယ်။ သူက ကိုင်ထားတဲ့ အိတ်ထဲကနေ စတာလင်ပေါင် ၅၀ တန် တချို့ကို ထုတ်ပြီး အလှူခံသေတ္တာထဲ ထည့်လိုက်တယ်။
"ကျွန်မတို့ ပြန်ဆုံကြပြန်ပြီနော်"
သူက အသက် ၂၀ ကျော် အရွယ်လောက် ရှိပုံရပါတယ်။ ခါးအထိ ရှည်တဲ့ ဆံပင်ရွှေရောင်၊ မျက်လုံးအပြာ၊ ဒူးအထိ ရှည်တဲ့ သပ်ရပ်တဲ့ ဂါဝန်နဲ့ ဒေါက်ဖိနပ်၊ ပြီးတော့ လက်မှာ ပိုးလက်အိတ် စွပ်ထားပါတယ်။
သူ့ရဲ့ ရုပ်ရည်က ဘာအပြစ်မှ ရှာမရအောင် ပြီးပြည့်စုံလွန်းတယ်။ အကောင်းဘက်ကပြောရရင် အရုပ်လေးတစ်ရုပ်အတိုင်းပါပဲ။ အဆိုးဘက်ကပြောရရင်တော့ လူသားဆန်မှု ကင်းမဲ့နေသလိုမျိုးပါ။
အနောက်တိုင်းသားလို့ တွေးလိုက်ရင် ဆံပင်ရွှေရောင်နဲ့ မျက်လုံးအပြာရောင်ကို ပြေးမြင်ရလွယ်ပေမဲ့ လက်တွေ့မှာတော့ အဲဒီလို ပုံစံမျိုးနဲ့ လူကို ရှာဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ သိတဲ့ ဆံပင်ရွှေရောင် ဟောလိဝုဒ် မင်းသား မင်းသမီးတွေထဲမှာတောင် ဆံပင်ဆိုးထားတဲ့သူတွေ အများကြီးပါ။
သူ့ရဲ့ နာမည်ကို ကျွန်တော် ပြန်မှတ်မိသွားတယ်။
"ဂရေ့စ် ရော့ချိုင်းလ်"
သူက တောက်ပစွာ ပြုံးပြလိုက်တယ်။
"မှတ်မိနေလို့ ဝမ်းသာပါတယ်"
မမှတ်မိမှပဲ ထူးဆန်းနေမှာ မဟုတ်ဘူးလား။
ကျွန်တော် သူ့ကို မေးလိုက်တယ်။
"အခုလိုတွေ့တာက တိုက်ဆိုင်မှုလား"
"ဟက်… ရှင်ကော ဘယ်လို ထင်လဲ"
ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။ သူက ကျွန်တော့်ကို လာတွေ့တာလား။
"ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
"ကျွန်မ ဝမ်းကွဲညီမနဲ့ ချိန်းထားတာ ရှိလို့ပါ"
"ဝမ်းကွဲညီမ ဆိုတာက..."
"ရှင်နဲ့ တွေ့ပြီးသားပါ"
သူက အိမ်ရှေ့မင်းသမီး ခရစ္စတင်းကို ပြောတာလား။
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"သဘောပေါက်ပြီ"
သူက သူ့ရဲ့ နာရီကို ကြည့်ပြီး ပြောတယ်။
"ကျွန်မမှာ အချိန်နည်းနည်း ကျန်သေးတယ်။ နေ့လယ်ခင်း လက်ဖက်ရည် အတူတူ သောက်ကြမလား"
ကျွန်တော်တို့ အဝေးကြီး သွားစရာ မလိုပါဘူး။ ဟိုတယ်ထဲမှာတင် နေ့လယ်ခင်း လက်ဖက်ရည် ရောင်းတဲ့ နေရာ ရှိပါတယ်။ ကျွန်တော်တို့ ထိုင်လိုက်ကြတယ်။
ရော့ချိုင်းလ် ဆိုတဲ့ နာမည်က အတွေ့မများပေမဲ့ အလွန်အမင်း ရှားပါးတာမျိုးလည်း မဟုတ်ပါဘူး။ ပြီးတော့ ရော့ချိုင်းလ် နာမည်ကို သုံးရုံနဲ့တင် ရော့ချိုင်းလ် မိသားစုနဲ့ တော်စပ်တယ်လို့ မဆိုနိုင်ပါဘူး။
ဒါပေမဲ့ သူကတော့ တကယ့် ရော့ချိုင်းလ် မိသားစုဝင် အစစ်အမှန်ပါပဲ။
လက်ရှိ ရော့ချိုင်းလ် မိသားစုရဲ့ အကြီးအကဲက အိုင်ဇက် ရော့ချိုင်းလ် ဖြစ်ပါတယ်။ ဂရေ့စ်ကတော့ သူ့ရဲ့ မြေးမဖြစ်ပြီး ဘေးထွက်မျိုးနွယ် မဟုတ်ဘဲ တိုက်ရိုက်ဆင်းသက်လာတဲ့သူပါ။
သူက တကယ့်ကို မြင့်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဗြိတိန်မှာတော့ အခုထိ ဘုရင်မ ရှိနေဆဲဖြစ်ပြီး အခါအားလျော်စွာ ဘွဲ့ထူးတွေ ပေးအပ်လေ့ ရှိပါတယ်။ ဘွဲ့ထူးရလို့ ကြီးမားတဲ့ အခွင့်ထူးတွေ မရပေမဲ့ ကိုယ့်နာမည်ရဲ့ အရှေ့မှာ တရားဝင် ဘွဲ့ထူးကို ထည့်သွင်းနိုင်ပါတယ်။
မှတ်ပုံတင်ကတ်ပြားပေါ်မှာ 'ဆာ ကန်ဂျင်ဟူ' လို့ ရေးလို့ရတာမျိုးပေါ့။ အင်း... ဒါကတင် တချို့သူတွေအတွက်တော့ ကြီးမားတဲ့ အခွင့်ထူး ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဝက်စ်မင်စတာ နန်းတော်က အထက်လွှတ်တော်ထဲကို ဝင်ရောက်ခွင့် အရည်အချင်းလည်း ရပါတယ်။ ဒါပေမဲ့လည်း ဒါကို တကယ့် အာဏာလို့ မြင်ဖို့တော့ ခက်ခဲပါတယ်။
အခုခေတ်မှာ တော်ဝင်မိသားစုနဲ့ အထက်တန်းစားတွေ ဆိုတာက တခြား ကမ္ဘာတစ်ခုက ပုံပြင်တစ်ပုဒ်လို ခံစားရစေတယ်။
ကျွန်တော့်မျက်စိရှေ့မှာ ထိုင်နေတဲ့ ဂရေ့စ် ရော့ချိုင်းလ်ကို ကျွန်တော် ကြည့်လိုက်တယ်။ သူ့ရဲ့ အသားအရေက ဖြူလျော်လွန်းပြီး နေရောင်ထဲကို သိပ်မထွက်ဖူးတဲ့ပုံစံမျိုးပါ။
ဖန်လုံအိမ်ထဲမှာ စိုက်ပျိုးထားတဲ့ ပန်းတစ်ပွင့်လိုပါပဲ။ ဒါပေမဲ့ တခြားနည်းနဲ့ ကြည့်ရင်တော့ သူက အခက်အခဲမျိုးစုံကို ဖြတ်သန်းခဲ့ရတဲ့ ပုံစံမျိုးလည်း ပေါက်နေပါတယ်။
သူက ကျွန်တော့်ထက် သုံး၊ လေးနှစ်လောက် ငယ်ပုံရပြီး ဒီအသက်အရွယ်မှာ ဒီလို လွှမ်းမိုးမှုရှိတဲ့ အငွေ့အသက်မျိုး ထုတ်လွှတ်နိုင်တာက အံ့သြစရာပါ။
"ကျွန်မ ရှင့်ကို မေးချင်တာ တစ်ခု ရှိတယ်"
"ဘာလဲဗျ"
မေးခွန်းမေးချင်တယ်ဆိုတဲ့ ဂရေ့စ်ရဲ့ မျက်လုံးအပြာတွေက အေးစက်စွာ တောက်ပနေပါတယ်။
"ရှင်က မြောက်ပင်လယ် ရေနံတွင်းတွေမှာ ပြဿနာရှိလာမယ်ဆိုတာကို ကြိုတင်သိနေပြီး ရေနံfuture စာချုပ်တွေကို ကြိုတင် ဝယ်ယူခဲ့တာလား"
အခန်း (၃၀၄)
ဂရေ့စ်က လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်ရင်း ပြောလိုက်တယ်။
"ဒီတစ်ခေါက် ကျွန်မတို့ အသေအလဲ အရှုံးပေါ်သွားတယ်။ futures စျေးကွက်မှာတင် မကဘူး၊ Royal Dutch Shell ရဲ့ ရှယ်ယာစျေးတွေပါ ထိုးကျသွားလို့ပဲ။ ကျွန်မတို့တင် မဟုတ်ဘူး၊ ဥရောပ ဘဏ္ဍာရေးလုပ်ငန်း အများစုလည်း အထိနာသွားကြတာပဲလေ"
Royal Dutch Shell က ဥရောပရဲ့ အကြီးမားဆုံး ရေနံကုမ္ပဏီ ဖြစ်ပါတယ်။ ရော့ချိုင်းလ် မိသားစုဟာလည်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအမျိုးမျိုးကတစ်ဆင့် အဲဒီကုမ္ပဏီရဲ့ ရှယ်ယာတွေကို သွယ်ဝိုက်ပြီး ပိုင်ဆိုင်ထားတယ်လို့ လူသိများပါတယ်။
ဟာရီကိန်း ရက်ကေဖြစ်ရပ်ကြောင့် လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားပြီး ရှယ်ယာစျေးတွေပါ ပြိုလဲသွားခဲ့ရတယ်။ ဒါတင်မကသေးဘဲ ရေနံယိုစိမ့်မှုအတွက် နစ်နာကြေးတွေပါ ပြင်ဆင်ပေးရဦးမှာပါ။ ဥရောပမှာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေ အရမ်းတင်းကြပ်တာကြောင့် လျော်ကြေးပမာဏက နည်းတဲ့အထဲမှာ မပါပါဘူး။
ကျွန်တော်က ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ်။
"သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းဖို့က ပညာရှင်တွေရဲ့ အလုပ်ပဲလေ"
အဲဒီပညာရှင် အများစုက မှားတတ်ကြပေမဲ့ပေါ့လေ။
"ရှင်က ဒီတစ်ခေါက်တင်မကဘူး။ Big One ငလျင်ကြီး တုန်းကလည်း ကြိုတင်ခန့်မှန်းခဲ့တာ မဟုတ်လား"
"အဲဒါက ပါမောက္ခ ကီရန်မိုဟန်ရဲ့ သုတေသနကြောင့်ပါ"
"ပါမောက္ခ ကီရန်မိုဟန်ရဲ့ စကားကို ယုံခဲ့တဲ့ တစ်ဦးထဲသောလူက ရှင်ပဲလေ"
"သမ္မတ ရိုနယ်လည်း ယုံခဲ့တာပဲလေ"
ဂရေ့စ်က ခေါင်းခါလိုက်တယ်။
"မဟုတ်ဘူး။ သမ္မတ ရိုနယ်က ပါမောက္ခ ကီရန်မိုဟန်ရဲ့ စကားကို ယုံတာမဟုတ်ဘဲ ရှင့်စကားကို ယုံခဲ့တာ။ ဘာလို့လဲဆိုတော့ ပိုက်ဆံအပုံလိုက်ကြီး ပုံပြီး လောင်းကြေးထပ်ထားတဲ့ လူတစ်ယောက်က ဘယ်တော့မှ လိမ်မပြောလို့ပဲ"
ဂရေ့စ်ရဲ့ လေသံက အပိုင်တွက်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
ကျွန်တော်က မယုံနိုင်သလိုမျိုး တဟားဟား ရယ်လိုက်မိတယ်။
"မြောက်ပင်လယ် ရေနံတွင်းတွေက အဲဒီလို ဖြစ်သွားမယ်ဆိုတာ ကျွန်တော်က ဘယ်လိုလုပ်ပြီး ကြိုသိနိုင်မှာလဲ"
"ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူတွေမှာ ကျိုးကြောင်းဆင်ခြင်မှုထက် ကျော်လွန်တဲ့ အရာတစ်ခု အမြဲရှိတတ်စမြဲပဲ"
"အဲဒါက ဘာလဲဟင်"
"အင်း... အနုပညာဆန်တဲ့ ခံစားမှုလား။ တိရစ္ဆာန်ဗီဇက ပါလာတဲ့ ပင်ကိုယ်ဗီဇလား။ ဘယ်လိုဖော်ပြရမလဲတော့ ကျွန်မ သေချာမသိဘူး။ ဒါပေမဲ့ ရှင်လည်း အဲဒါကို သိနေတာပဲ မဟုတ်ဘူးလား"
ဂရေ့စ် ဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်။
ကျွန်တော် ကြုံခဲ့ဖူးတဲ့ ရင်းနှီးမြှုပ်နှံသူတွေမှာလည်း ကျိုးကြောင်းဆင်ခြင်မှုထက် ကျော်လွန်တဲ့ အရာတစ်ခုခု တကယ်ပဲ ရှိခဲ့ကြတာပါပဲ။
တကယ်လို့ ကျိုးကြောင်းဆင်ခြင်ပြီး ဆုံးဖြတ်မယ်ဆိုရင် dot-com bubble အချိန်တုန်းက အိုင်တီရှယ်ယာတွေကို မဝယ်သင့်သလို၊ အိမ်ခြံမြေပူဖောင်း ဖြစ်နေချိန်မှာလည်း အိမ်ခြံမြေတွေကို မဝယ်သင့်ပါဘူး။
အဲဒီလိုသာ လုပ်ခဲ့ရင်တော့ အရှုံးပေါ်မှာ မဟုတ်ပေမဲ့ တခြားတစ်ဖက်မှာလည်း ပိုက်ဆံအများကြီး ရှာနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ပူဖောင်းစီးပွားရေးရဲ့ အရသာကို ခံစားပြီး အဲဒါမပေါက်ကွဲခင်လေးတင် အကြပ်အတည်းကို ကြိုသိပြီး ရုန်းထွက်နိုင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ပိုက်ဆံ အမြောက်အမြားကို ရှာဖွေနိုင်ခဲ့ကြတယ်။
ဒါပေမဲ့ ဒီပူဖောင်းက ဘယ်အချိန်၊ ဘယ်လို ပေါက်ကွဲမလဲဆိုတာ ကမ္ဘာပေါ်မှာ ဘယ်သူက ကြိုသိနိုင်မှာလဲ။
ကျွန်တော် လက်ဖက်ရည်ကြမ်းကို သောက်လိုက်တယ်။ ကော်ဖီကပဲ ကျွန်တော့်အကြိုက်နဲ့ ပိုကိုက်ညီပါတယ်။
"အဲဒီလိုပင်ကိုယ်ဗီဇလိုအရာတွေက သင်္ချာနည်းအရ ခွဲခြမ်းစိတ်ဖြာတာ ဒါမှမဟုတ် စာရင်းအင်းတွေထက် ပိုအရေးကြီးတယ်လို့ ပြောချင်တာလား"
"သင်္ချာနဲ့ စာရင်းအင်းဆိုတာ နောက်မှ ကိုက်ညီအောင် လိုက်ညှိရတဲ့ အရာတွေပဲလေ။ တကယ်လို့ သင်္ချာမှာ တော်ပြီး ကျိုးကြောင်းဆင်ခြင်တတ်တဲ့လူတွေက ရင်းနှီးမြှုပ်နှံမှုမှာ တော်ကြေးဆိုရင် စီးပွားရေးပညာရှင်တွေက ကမ္ဘာ့အချမ်းသာဆုံး လူတွေ ဖြစ်မနေသင့်ဘူးလား"
ဒါပေမဲ့ လက်တွေ့က အဲဒီလို မဟုတ်ပါဘူး။ ဘဏ္ဍာရေး အကြပ်အတည်းတွေကို ကြိုတင်ခန့်မှန်းခဲ့တဲ့ စီးပွားရေးပညာရှင် တွေတောင် ကိုယ်တိုင် ပိုက်ဆံမရှာနိုင်ခဲ့ကြတာက အများစုပါပဲ။
ဆန်းတော့ ဆန်းလိမ့်မယ်၊ ဒါပေမဲ့ အနာဂတ်ဖြစ်ရပ်တွေကို ကြိုတင်ခန့်မှန်းတာနဲ့ အဲဒီကနေ ပိုက်ဆံရှာတာက လုံးဝကို ကွဲပြားခြားနားတဲ့ အရာတွေပါ။
ဂရေ့စ်က ကျွန်တော့်ကို စိုက်ကြည့်ရင်း ပြောလာတယ်။
"ကျွန်မ တကယ် သိချင်တာက ဒါပဲ။ ရှင် အဲဒီအကြောင်းကို ကြိုသိနေရဲ့သားနဲ့ ဘာလို့ ဘာမှမပြောခဲ့တာလဲ။ တကယ်လို့ ရှင်သာ ပြောခဲ့ရင် အခုလို ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ခဲ့မှာပဲလေ"
ဂရေ့စ်ရဲ့ စကားက ကွက်တိပဲ။ ကျွန်တော်လည်း ရေနံယိုစိမ့်တဲ့ မတော်တဆမှုကို မြင်ရတုန်းက နောင်တ အနည်းငယ် ရမိခဲ့တာပါ။
မြောက်ပင်လယ် ရေနံတွင်းတွေ ပျက်စီးလိမ့်မယ်ဆိုတာကို ကျွန်တော် အနာဂတ်မြင်ကွင်းကတစ်ဆင့် ကြိုသိခဲ့တယ်။ တကယ်လို့ ကြိုတင် သတိပေးခဲ့ရင် ဘယ်သူကမှ ပေါ့ပေါ့တန်တန် တွေးမှာ မဟုတ်ပါဘူး။ ဝင်ရောက်လာမယ့် ဟာရီကိန်းမုန်တိုင်းရဲ့ လမ်းကြောင်းကို ကျွန်တော် မပြောင်းလဲနိုင်ရင်တောင် လုံလောက်တဲ့ အစီအမံတွေကို ပြင်ဆင်ထားနိုင်ခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ နှုတ်ဆိတ်နေပြီး crude oil futures တွေကို တိတ်တဆိတ် ဝယ်ယူခဲ့တယ်။
ဂရေ့စ်က ကျွန်တော့်မျက်နှာကို ကြည့်ပြီး သဘောကျတဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
"အဲဒါက အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတစ်ခုမှန်း သိပါတယ်။ ဘာလို့လဲဆိုတော့ ရှင်သာ အဲဒီလို လုပ်ခဲ့ရင် ပိုက်ဆံရမှာ မဟုတ်ဘူးလေ"
"……"
ဂရေ့စ်က ကျွန်တော့်ကို ဒီလိုပြောရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဘယ်လိုပဲ စဉ်းစားစဉ်းစား ဂရေ့စ် ဘာတွေးနေလဲဆိုတာ ကျွန်တော် ခန့်မှန်းလို့ မရဘူး ဖြစ်နေတယ်။
ဂရေ့စ်က ခွက်ကိုချပြီး နာရီကို ကြည့်လိုက်တယ်။
"ကျွန်မ အခု သွားရတော့မယ်"
ပြီးတော့ ပိုက်ဆံအိတ်ထဲကနေ လိပ်စာကတ်တစ်ခု ထုတ်ပြီး စားပွဲပေါ်တင်ကာ ထရပ်လိုက်တယ်။
"အချိန်မရွေး ဆက်သွယ်လိုက်ပါ"
"ကျွန်တော့်မှာ ရည်းစားရှိတယ်"
ကျွန်တော့်စကားကြောင့် ဂရေ့စ်က ပြုံးလိုက်တယ်။
"သိပါတယ်"
ကျွန်တော်တို့စီးလာတဲ့ လေယာဉ်က မြောက်ပင်လယ်ပေါ်ကနေ ပျံသန်းသွားတယ်။
အောက်ကို ငုံ့ကြည့်လိုက်ရုံနဲ့တင် အေးစက်ပြီး ခြောက်ကပ်နေတဲ့ ခံစားချက်ကို ပေးစွမ်းနေပါတယ်။ ပြီးတော့ မည်းမှောင်နေတဲ့ ရေနံအိုင်တွေက ပင်လယ်ပြင်ကို ဖုံးလွှမ်းနေခဲ့ပါပြီ။
မြောက်ပင်လယ် ရေနံတွင်းတွေ ပျက်စီးမယ်ဆိုတာ ကျွန်တော် သိခဲ့ပေမဲ့ ရေနံယိုစိမ့်မှု မတော်တဆမှုအထိ ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။
ကျွန်တော်က ကိုယ့်ကိုကိုယ် ပြောသလိုမျိုး ရေရွတ်လိုက်မိတယ်။
"ဒါကိုလည်း ငါ တားဆီးနိုင်ခဲ့ရင် ကောင်းမှာပဲ"
"ဒါပေမဲ့ မင်းလည်း ဒီအထိ ဖြစ်မယ်ဆိုတာ ကြိုမသိခဲ့ဘူးပဲလေ"
"ငါ အနည်းဆုံးတော့ ကြိုတင်တွေးဆထားနိုင်ခဲ့သင့်တာ"
မလုပ်သင့်တဲ့အရာကို လုပ်မိတာက မှားတယ်ဆိုရင်၊ လုပ်သင့်တဲ့အရာကို မလုပ်ဘဲ နေခဲ့တာကကော မှားတာပဲလား။
ကျွန်တော် အိတ်ကပ်ထဲက လိပ်စာကတ်ကို လက်နဲ့ စမ်းလိုက်မိတယ်။ အဲဒီကတ်ပြားပေါ်မှာ ရော့ချိုင်းလ် မိသားစုရဲ့ အမှတ်တံဆိပ်ကို ဖောင်းကြွရိုက်နှိပ်ထားပါတယ်။
တက်ဂယူက ကျွန်တော့်ပုခုံးပေါ် လက်တင်ပြီး ပြောလာတယ်။
"အယ်လီက မင်းကို လှတဲ့မိန်းကလေးတွေကြောင့် စိတ်မလေစေနဲ့လို့ မှာထားတယ်နော်"
ကျွန်တော် ဘာအကြောင်းမှမရှိဘဲ ရင်ထဲမှာ အပြစ်မကင်းသလို ခံစားလိုက်ရတယ်။
"ဘာ... ဘာလို့ အဲဒါကို ဒီနေရာမှာ လာပြောနေရတာလဲ"
"စဉ်းစားကြည့်လေ။ အဲဒီမိန်းကလေးသာ မလှဘူးဆိုရင် မင်းကော သူ့ကို ဒီလောက် စိတ်ဝင်စားပါ့မလား"
"……"
ဒီကောင် ကျွန်တော့်ကို ဘယ်လိုလူအောက်မေ့နေလဲ မသိဘူး။
...ဒါပေမဲ့ သူ့စကားကို နားထောင်ကြည့်တော့လည်း ဟုတ်နေပြန်တာပါပဲ။
ဒီကမ္ဘာမှာ အရာအားလုံးက ငွေကြေးတန်ဖိုး ဖြတ်လို့ရပါတယ်။ လူတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်တဲ့ အလှအပဆိုတာလည်း ဂရေ့စ် ပိုင်ဆိုင်ထားတဲ့ ရပိုင်ခွင့် ပိုင်ဆိုင်မှုတစ်ခုပဲလေ။ တက်ဂယူ ပြောသလိုပဲ၊ ဂရေ့စ်သာ မလှခဲ့ရင် ကျွန်တော် စိတ်ဝင်စားမိမှာ မဟုတ်ဘူး။
ပြောစရာ စကားမရှိတော့တာနဲ့ ကျွန်တော် ပြန်ပြီး တိုက်စစ်ဆင်လိုက်တယ်။
"မင်းပဲ စဉ်းစားကြည့်လေကွာ။ ရော့ချိုင်းလ် ဆိုတဲ့ နာမည်က စိတ်ဝင်စားစရာမကောင်းဘူးလား။ မင်းက conspiracy theories (ပူးပေါင်းကြံစည်မှု သီအိုရီ) တွေကို ကြိုက်တာ မဟုတ်ဘူးလား"
ကျွန်တော့်စကားကြောင့် တက်ဂယူက တွန့်ခနဲ ဖြစ်သွားတယ်။
"ဟင်း... conspiracy theories တွေထဲမှာ ရော့ချိုင်းလ် မိသားစုကို ချန်ထားခဲ့လို့ မရဘူးဆိုတာတော့ အမှန်ပဲလေ"
ကျွန်တော်တို့ ကိုရီးယားကို ပြန်ရောက်လာခဲ့ကြတယ်။
လူတွေရဲ့ အာရုံစိုက်မှုက ကျွန်တော့်ဆီမှာထက် ပါမောက္ခ ကင်ဟိုမင် ဆီမှာပဲ ပိုပြီး စုပြုံနေခဲ့တယ်။ ဓာတုဗေဒဆုက ငြိမ်းချမ်းရေးဆုထက် ပိုပြီး ဂုဏ်သိက္ခာရှိသလို၊ ပူးတွဲဆုထက်စာရင် တစ်ဦးထဲ ရရှိတဲ့ဆုက ပိုပြီး အဆင့်အတန်း မြင့်မားတာကြောင့်ပါ။
မီဒီယာတွေက နိုဘယ်ဆုအကြောင်းကို တော်တော်ကြာကြာ ဆူဆူညံညံ လုပ်နေခဲ့ကြသေးတယ်။ ဒါပေမဲ့ အဲဒါက ရက်ပိုင်းလောက်ပဲ ခံပါတယ်။ ဘူဆန်က ကုန်တိုက်တစ်ခုမှာ မီးအကြီးအကျယ်လောင်ပြီး လူတစ်ဆယ်ကျော် သေဆုံးသွားတဲ့ အခါမှာတော့ အများပြည်သူရဲ့ အာရုံစိုက်မှုက အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံ၊ နိုင်ငံရေး အငြင်းပွားမှုတွေ၊ ဆောင်းရာသီ မီးဘေးကာကွယ်ရေးနဲ့ မီးသတ်သမားတွေရဲ့ နစ်နာမှုတွေဆီကို ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
အများပြည်သူရဲ့ စိတ်ဝင်စားမှုဆိုတာ မူလကတည်းက လွယ်လွယ်နဲ့ ပျောက်ကွယ်သွားတတ်တဲ့ သဘောရှိတာပါပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ သိပ္ပံလောကကို ဆက်ပြီး ပံ့ပိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မျိုးစေ့မချဘဲနဲ့ အညှောက်ထွက်လာဖို့ မျှော်လင့်နေတာက အတ္တကြီးလွန်းရာ ကျပါလိမ့်မယ်။ နောက်နောင် ကိုရီးယားကနေ နိုဘယ်ဆုရှင်တွေ ပိုထွက်လာစေချင်ရင် ကြိုတင်ပြီး ရင်းနှီးမြှုပ်နှံထားဖို့ လိုအပ်ပါတယ်။
မကြာခင်မှာပဲ အစ်မ ဟျွန်းဂျူးက မီးဖွားခွင့် ပြီးဆုံးလို့ ကုမ္ပဏီကို ပြန်ရောက်လာခဲ့တယ်။
Golden Gate ကိုရီးယား ရုံးခွဲက ဝန်ထမ်းတွေကတော့ ရုံးခွဲမန်နေဂျာ ပြန်ရောက်လာတာကို ကြိုဆိုဖို့ ဧည့်ခန်းမဆောင်မှာ စုဝေးခဲ့ကြတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အားလုံး နောင်တရသွားကြတယ်။ ဘာလို့လဲဆိုတော့ ရုံးခွဲမန်နေဂျာက မီးဖွားခွင့်ယူထားတုန်းက အလုပ်မလုပ်ခဲ့ရတဲ့ အာသီသတွေကို ဖြေဖျောက်ချင်လို့လားမသိ၊ အလုပ်တွေကို မုန်တိုင်းဆန်ဆန်ကြီး စပြီး ခိုင်းတော့တာပဲ။
ဝန်ထမ်းတွေခမျာ အရေးပေါ် အခြေအနေ ကြေညာထားရသလိုမျိုး အိမ်ပြန်ချိန်တောင် မပြန်ရဘဲ အလုပ်ထဲမှာပဲ နစ်မွန်းနေခဲ့ရတယ်။ အယ်လီလည်း ခြွင်းချက်မဟုတ်ဘဲ ည ၁၀ နာရီကျော်မှ ရုံးက ဆင်းရတာ ခဏခဏပဲ။
ရုံးခွဲမန်နေဂျာ မရှိတုန်းကမှ ပိုကောင်းဦးမယ်။
ဟင်နရီကတော့ ဇနီးဖြစ်သူ အလုပ်သွားနေတဲ့အချိန်မှာ အိမ်မှာ ကလေးထိန်းပေးနေပြီး နောက်နှစ်အစောပိုင်းမှာ Golden Gate မှာ အလုပ်ဝင်ဖို့ စီစဉ်ထားပါတယ်။
ဟင်နရီက အစ်မ ဟျွန်းဂျူး အလုပ်ဆင်းချိန်မှာ လာကြိုရင်း ကုမ္ပဏီကို ခဏခဏ ရောက်လာတတ်တယ်။ ဟင်နရီ ကလေးတွန်းလှည်း တွန်းနေတာကို မြင်ရတဲ့ အမျိုးသမီး ဝန်ထမ်းတွေကတော့ အနောက်တိုင်း အမျိုးသားတွေက တကယ်ပဲ မိသားစုကို ဦးစားပေးတာပဲဆိုပြီး သဘောကျနေကြပါတယ်။
တကယ်တော့ ရုပ်ချောရင် ဘာလုပ်လုပ် ကြည့်ကောင်းတာပါပဲ။ ကလေးကျောပိုးနဲ့ ကလေးချီထားရင်တောင် ကြည့်ကောင်းနေတာပဲလေ။
ပြီးတော့...
"ငါတို့ OTK ဆုကို ဖန်တီးဖို့ လိုအပ်တယ်"
"ဟင်... မင်း တကယ်ကြီး လုပ်မလို့လား"
"ဟဲဟဲ၊ ငါက အိုတက်ဂယူလေ။ လုပ်မယ်ဆို လုပ်တဲ့လူပဲ"
"……"
ဘယ်လိုပဲ စဉ်းစားစဉ်းစား သူကတော့ အဓိပ္ပာယ်မရှိတဲ့ အလုပ်တစ်ခုကို စလုပ်နေပြန်ပြီလို့ ထင်ရပေမဲ့ ဒုတိယဥက္ကဌက လုပ်ချင်တယ်ဆိုမှတော့ ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲ။
ကမ္ဘာပေါ်မှာ ဆုတွေက ရေတွက်လို့မရအောင် အများကြီး ရှိပါတယ်။ အစိုးရက တရားဝင် ပေးအပ်တဲ့ ဆုတွေ ရှိသလို၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ အကယ်ဒမီတွေက ဖြစ်ကတတ်ဆန်း ဖန်တီးထားတဲ့ ဆုတွေလည်း ရှိပါတယ်။
အဓိက အရေးကြီးတာက လူတိုင်းက အဲဒီဆုကို အသိအမှတ်ပြုသလား၊ မပြုဘူးလား ဆိုတာပါပဲ။
ဥပမာအားဖြင့် နိုဘယ် စီးပွားရေးသိပ္ပံဆု ဆိုရင် တကယ်တမ်းတော့ နိုဘယ်ဆု မဟုတ်ဘဲ ဆွီဒင်ဗဟိုဘဏ်က ပေးတဲ့ဆု ဖြစ်ပေမဲ့ စီးပွားရေး ပညာရှင်တွေအတွက်တော့ နိုဘယ်ဆုနဲ့ ထပ်တူထပ်မျှ ဩဇာအာဏာ ရှိတာပါပဲ။
တခြားတစ်ဖက်မှာတော့ တရုတ်အစိုးရကို အတိုက်အခံလုပ်တဲ့ လျိုရှောင်ပို ကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တုန်းက တရုတ်မှာရှိတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက မကျေနပ်လို့ ကွန်ဖြူးရှပ် ငြိမ်းချမ်းရေးဆု ဆိုပြီး လျှောက်လုပ်ခဲ့လို့ တစ်ကမ္ဘာလုံးက လှောင်စရာ ဖြစ်ခဲ့ဖူးတယ်။ ဆုပေးတဲ့လူကော၊ ဆုယူတဲ့လူပါ သိက္ခာကျရတဲ့ ဆုမျိုးကတော့ ရှားပါတယ်။
"ဂုဏ်သိက္ခာရှိတဲ့ ဆုတစ်ခု ဖြစ်လာဖို့ ငါတို့ ဘာလုပ်ရမလဲ"
ဆုပေးအပ်မယ့် အဖွဲ့အစည်း၊ ဆုဖန်တီးရတဲ့ နောက်ခံအကြောင်းရင်း၊ ဆုပေးရတဲ့ ရည်ရွယ်ချက်၊ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးချယ်မှု စတာတွေ လိုအပ်တာပေါ့။ ဒါပေမဲ့ အားလုံးထက် ပိုပြီး အရေးကြီးဆုံးကတော့...
"ဆုကြေးငွေ မဟုတ်လား"
ကမ္ဘာပေါ်မှာ ပိုက်ဆံမကြိုက်တဲ့လူ မရှိပါဘူး။ ဒါကြောင့်မလို့ ဆုကြေးငွေ ပမာဏနဲ့ ဆုရဲ့ ဩဇာအာဏာက တိုက်ရိုက် ဆက်စပ်နေတာပါပဲ။
"ငါတို့ အနည်းဆုံးတော့ ဒေါ်လာ ၁ သန်းစီ ပေးရမယ် မဟုတ်လား။ ကဏ္ဍ ၅ ခုဖြစ်တဲ့ - ဝတ္ထု၊ မန်ဂါ ၊ အန်နီမေး၊ ဂိမ်းနဲ့ ရုပ်ရှင် (Subculture နဲ့ ဆက်စပ်တဲ့ ရုပ်ရှင်တွေပဲ) ဆိုပြီး ပေးမယ်"
ဒေါ်လာ ၁ သန်းလို့ ပြောလိုက်တာက နားထောင်လို့ ကောင်းပေမဲ့ ကမ္ဘာပေါ်မှာ ဒီလောက်အထိ ဆုကြေးငွေ အများကြီး ပေးတဲ့ဆုက တော်တော်ရှားပါတယ်။ Subculture လောကမှာဆိုရင်တော့ ပိုတောင် ရှားသေးတာပေါ့။
"ပထမဆုံးအနေနဲ့ ကော်မတီတစ်ခု ဖွဲ့စည်းဖို့ လိုမယ်။ တရားမျှတမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ မရှိအောင် နယ်ပယ်အသီးသီးက ပညာရှင်တွေကို သေသေချာချာ ရွေးချယ်ရမယ်"
သူကတော့ ထုံးစံအတိုင်း စိတ်အားထက်သန်မှုတွေ လွန်ကဲနေပြန်ပါပြီ။ အဲဒီကျေးဇူးကြောင့် ဒုတိယဥက္ကဌရဲ့ လက်ရုံးလို့ ပြောလို့ရတဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ ခေါင်းဆောင် ဂျောင်ကီဟုမ် တစ်ယောက်ပဲ ပိုပြီး အလုပ်ရှုပ်သွားရတော့တာပေါ့။
ဒုတိယဥက္ကဌ မရှိတုန်းကမှ ပိုကောင်းဦးမယ်ထင်တယ်။
OTK ကုမ္ပဏီ အတွင်းမှာ အန်နီမေးနဲ့ ဂိမ်းလုပ်ငန်းတွေကို ကိုင်တွယ်ဖို့ သီးခြားဌာနတစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပြီး တစ်ပြိုင်ထဲမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လုပ်ဖို့ သဘောတူခဲ့ကြတယ်။ တာဝန်ခံကတော့ အိုတက်ဂယူ ပေါ့။
ဟုတ်ပါတယ်လေ။ ပိုက်ဆံတွေ ရှာပြီး ကိုယ့်ရဲ့ ဝါသနာထဲမှာ မသုံးရင် ဘာထဲသွားသုံးမှာလဲ။
တရားဝင် ကြေညာချက် ထွက်လာတဲ့အခါမှာတော့ အန်နီမေးနဲ့ ဂိမ်းဝက်ဘ်ဆိုက်တွေ အားလုံး ဆူညံသွားခဲ့ကြတယ်။
– ဒါက ဘာလဲဟ။ သူတို့က OTK ဆုကို ဖန်တီးတော့မလို့လား။
– ဟားဟားဟား။ မဆန်းပါဘူး၊ သူတို့က အိုတာကူ ကုမ္ပဏီပဲလေ။
– ကြားတာတော့ ကန်ဂျင်ဟူ မဟုတ်ဘဲ ဒုတိယဥက္ကဌက ဇွတ်တွန်းအားပေးပြီး လုပ်နေတာဆို။
– ဆုကြေးငွေက ဒေါ်လာ ၁ သန်းတောင်နော်။ ကဏ္ဍ ၅ ခုဆိုတော့ စုစုပေါင်း ဒေါ်လာ ၅ သန်းပေါ့။ ဒါက သမိုင်းမှာ အများဆုံး မဟုတ်ဘူးလား။
– ဝိုး။ ဝါသနာအတွက် ဒေါ်လာ ၅ သန်းတောင် သုံးပစ်တာ အဆင့်အတန်းချင်းကတော့ ကွာခြားလွန်းတယ်။
– သူတို့တွေ ဒါကို ဘယ်နှစ်နှစ်လောက် လုပ်မှာလဲ။ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ လုပ်ပြီး ချက်ချင်း ပြန်ပျောက်သွားမှာ မဟုတ်ဘူးလား။
– OTK ကုမ္ပဏီရဲ့ ဘတ်ဂျက်နဲ့ဆိုရင်တော့ သူတို့ အနှစ်တစ်ထောင်လောက်တောင် လုပ်နိုင်လောက်တယ်။
– သူတို့မှာ ပိုက်ဆံတွေ အလကားဖြုန်းဖို့ များနေတာလား။ ရူးကြောင်ကြောင်တွေ လျှောက်လုပ်နေကြတာပဲ။
– အဲဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေရင် ကျွန်တော့်ကိုလည်း နည်းနည်းလောက် ပေးပါဦးဗျာ။
– ဒီနေ့ကစပြီး ငါ အွန်လိုင်းမှာ light novel တစ်ပုဒ် စရေးတော့မယ်။ ဘယ်သူမှ လာမတားနဲ့။ ခေါင်းစဉ်ကတော့ 'လူတောမတိုးတဲ့ ကျွန်တော်က အရှိန်အဟုန်နှစ်ဆနဲ့ Level အမြန်တက်ပြီး SSS-Class မှော်ဆရာကြီး ဖြစ်လာခြင်း' လို့ ပေးမယ်။
– …… တစ်ယောက်ယောက် သူ့ကို သွားတားပေးကြပါဦး။
ဒီဇင်ဘာလကတော့ ဘဏ္ဍာရေး လောကမှာ ဖြစ်ရပ်တွေ အများကြီး ထပ်တူကျတတ်တဲ့ လတစ်လပါ။ နှစ်ချုပ် အမြတ်အစွန်းနဲ့ အရှုံးစာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အပြီးသတ်ရတာကြောင့် ဘဏ္ဍာရေး ကုမ္ပဏီတွေကတော့ အလုပ်ရှုပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြတာပေါ့။
နိုင်ငံအသီးသီးရဲ့ အစိုးရတွေကလည်း နိုင်ငံခြားငွေလဲလှယ်နှုန်း စျေးကွက်ကို အချိန်မရွေး ဝင်ရောက်စွက်ဖက်ဖို့ အနီးကပ် စောင့်ကြည့်နေကြတယ်။
ဒီဇင်ဘာလက ကျွန်တော်တို့အတွက်လည်း အရေးကြီးတဲ့ လတစ်လ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ CarOS ရဲ့ လျှပ်စစ်ကားတွေက နောက်ဆုံးမှာ စျေးကွက်ထဲကို ထွက်ရှိလာတော့မှာမလို့ပါပဲ။
ကျွန်တော် နေ့တိုင်း လက်ရှိတိုးတက်မှု အခြေအနေ အစီရင်ခံစာတွေကို အချိန်နဲ့တစ်ပြေးညီ ရရှိနေခဲ့တယ်။
အစုလိုက်အပြုံလိုက် အခု ထုတ်လုပ်လိုက်တဲ့ ကားပုံစံက အရင်တုန်းက မြောက်အမေရိက အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ ပြသခဲ့တဲ့ Concept ကားနဲ့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။ လေဒဏ်ခံနိုင်ရည်ကို လျှော့ချဖို့အတွက် ဘေးကြည့်မှန်တွေအစား ကင်မရာတွေ တပ်ဆင်ထားတာကိုလည်း ဒီအတိုင်းပဲ ဆက်ထားထားပါတယ်။
အတွင်းပိုင်းမှာတော့ လက်ဟန်ခြေဟန် နဲ့ခိုင်းတာ၊ အသံနဲ့ ထိတွေ့မှုတွေနဲ့ ထိန်းချုပ်နိုင်တဲ့ screenကြီးတစ်ခု တပ်ဆင်ထားပြီး၊ မျက်နှာမှတ်မိခြင်း စနစ် (facial recognition sensor) က မောင်းနှင်သူဟာ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ အပြုအမူတွေကို မှတ်မိပေးနိုင်ပါတယ်။ ဒါတွေက ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ နည်းပညာတွေကို မော်တော်ကားတွေထဲမှာ အစားထိုး တပ်ဆင်ထားတာပါ။ ပြီးတော့ လူမပါဘဲ မောင်းနှင်နိုင်တဲ့ Level 5 အလိုအလျောက်မောင်းနှင်မှု နည်းပညာနဲ့ တစ်ခါအားသွင်းရုံနဲ့ ကီလိုမီတာ ၁,၀၀၀ အထိ မောင်းနှင်နိုင်တဲ့ 150kWh နဲ့ 175kWh ရှိတဲ့ OTK ဘတ္ထရီတွေကို တပ်ဆင်ထားပါတယ်။
အတွင်းခန်း နေရာလွတ်နဲ့ အလေးချိန် ပြဿနာတွေကြောင့် 80kWh ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ ဘတ္ထရီတွေကိုပဲ တပ်ဆင်ကြတဲ့ တခြားလျှပ်စစ်ကားတွေနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်တော်တို့ရဲ့ ဘတ္ထရီ ပမာဏက နှစ်ဆလောက် ပိုကြီးမားတာပါ။
တစ်ခုထဲသော ပြဿနာကတော့ ထုံးစံအတိုင်း စျေးနှုန်းပဲပေါ့။
လျှပ်စစ်ကား မော်ဒယ်တွေဖြစ်တဲ့ AD3 နဲ့ AD4 က အရင်က ထွက်ရှိထားတဲ့ ကားတွေထက် ဒေါ်လာ ၂၀,၀၀၀ လောက် ပိုစျေးကြီးပါတယ်။ ဒါတောင် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်တဲ့ စနစ်ကို တည်ဆောက်ထားနိုင်လို့ ဒီလောက်ပဲ စျေးရှိတာပါ။ အလိုအလျောက်မောင်းနှင်မှု စနစ် တွေတင်မကဘဲ စွမ်းဆောင်ရည်မြင့် ဘတ္ထရီတွေကိုပါ တပ်ဆင်ထားတာကြောင့် ဒါက သဘာဝကျတဲ့ စျေးနှုန်းတစ်ခုပါပဲ။
CarOS က ကားကို မိတ်ဆက်ပြီးတာနဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် ကြိုတင်မှာယူမှုတွေကို စတင်လက်ခံခဲ့တယ်။ အပျော်သဘော စာရင်းသွင်းတာတွေကို တားဆီးဖို့အတွက် ခရက်ဒစ်ကတ်နဲ့ စပေါ်ငွေ ဒေါ်လာ ၃,၀၀၀ ကို ကြိုတင်ပေးချေရမှာပါ။
ငွေပေးချေတဲ့ အစီအစဉ်အတိုင်း ကားတွေကို ပို့ဆောင်ပေးမှာဖြစ်ပြီး၊ မှာယူမှုကို ဖျက်သိမ်းရင်လည်း ငွေပြန်အမ်းပေးမှာ ဖြစ်ပါတယ်။ ဒါက Nikola အသုံးပြုခဲ့တဲ့ နည်းလမ်းနဲ့ အတူတူပါပဲ။
မှာယူမှုတွေကို CarOS ရုံးချုပ်ရှိရာ ဒီထရိုက် ရဲ့ သန်းခေါင်ယံအချိန်မှာ စတင်ခဲ့တာကြောင့် ကျွန်တော်တို့တွေလည်း ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေခဲ့ကြတယ်။
"တကယ်လို့ ဒါကြီးက အဆင်မပြေဘဲ ကျဆုံးသွားရင် ဘယ်လိုလုပ်မလဲ"
မော်တော်ကား ကျွမ်းကျင်သူတွေကြားမှာလည်း အရောင်း ခန့်မှန်းချက်တွေက အနည်းငယ် ကွဲပြားနေကြတာပါ။ အများစုကတော့ အောင်မြင်လိမ့်မယ်လို့ ပြောကြပေမဲ့ တချို့ကတော့ စျေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်လိုအားက မျှော်လင့်ထားသလောက် မြင့်မားချင်မှ မြင့်မားလိမ့်မယ်လို့ သုံးသပ်ကြတယ်။
လျှပ်စစ်ကားတွေရဲ့ ဖြစ်ရပ်မှာဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ကားတွေ ခေတ်စားလာဖို့ နိုင်ငံအသီးသီးက ထောက်ပံ့ကြေးတွေ ပေးကြပေမဲ့ စုစုပေါင်း ပမာဏကတော့ ကန့်သတ်ချက် ရှိတာပါ။ အဓိက သော့ချက်က အဲဒီထောက်ပံ့ကြေး ကန့်သတ်ချက်ထက် ကျော်လွန်တဲ့အထိ ဝယ်လိုအားကို ဆွဲဆောင်နိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။
တကယ်လို့ AD3 နဲ့ AD4 က မျှော်လင့်ထားသလောက် မရောင်းရဘူးဆိုရင် အနာဂတ် မဟာဗျူဟာတွေလည်း ထိခိုက်ပျက်ပြားသွားမှာပါ။
"အဲဒီလိုဆိုရင်တော့ ငါတို့လည်း အကုန်ပြန်အစီအစဉ်ရတော့မှာပေါ့"
အဲဒီလိုဖြစ်လာရင် အရင်ဆုံး OTK ဆုကို ဖျက်သိမ်းလိုက်ရင်ကောင်းမလားပဲ။
ဥက္ကဌ လင်ဂျင်ယုံ လည်းပဲ အလားတူ ရင်တလှပ်လှပ် ဖြစ်နေမှာ သေချာပါတယ်။ ဖက်စပ်ကုမ္ပဏီ ဖြစ်တဲ့ TS ကုမ္ပဏီ က ထုတ်လုပ်တဲ့ ဘတ္ထရီတွေတင်မကဘဲ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ components တွေဖြစ်တဲ့ AP၊ RAM နဲ့ sensor တွေလည်း အပြည့်အဝ တပ်ဆင်ထားတာကြောင့်ပါ။
ဆိုဆောင်း အုပ်စုရဲ့ အမြင်ကကြည့်ရင်လည်း သူတို့ရဲ့ အင်အားအားလုံးကို ဒီထဲမှာ ပုံအောပြီး ထည့်ထားခဲ့တာပါ။
ကျွန်တော်တို့က administratorအဖြစ် Log inဝင်ပြီး အချိန်နဲ့တစ်ပြေးညီ ကြိုတင်မှာယူမှု အခြေအနေတွေကို စောင့်ကြည့်နေခဲ့ကြတယ်။
ရလဒ်ကတော့……
[CarOS လျှပ်စစ်ကားများ တစ်ရက်မပြည့်မီမှာတင် ကြိုတင်မှာယူမှု အစီးရေ ၅ သိန်းကျော်သွားပြီ]
[သုံးရက်အတွင်းမှာတင် မှာယူမှု အစီးရေ ၁ သန်း ကျော်လွန်သွားခဲ့]
[ကြိုတင်မှာယူမှု စပေါ်ငွေသက်သက်ကတင် ဝင်ငွေ ဒေါ်လာ သန်း ၃သောင်း ရရှိ]
[အခုအချိန်မှာတော့ အဓိက သော့ချက်က ထုတ်လုပ်မှု စွမ်းအားနဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်]
[ဆိုဆောင်း အီလက်ထရောနစ်၊ မော်တော်ကား အီလက်ထရောနစ် လုပ်ငန်းနဲ့အတူ ဒုတိယအကြိမ်မြောက် ခုန်ပျံကျော်လွှားနိုင်ခဲ့ပြီ]
[လူမဲ့မောင်းနှင် လျှပ်စစ်ကားများကြောင့် စတင်လာတဲ့ အပြောင်းအလဲရဲ့ နိဒါန်း……]
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာတော့ အဝေးပြေးလမ်းမကြီးတွေ အပါအဝင် တချို့သော လမ်းတွေပေါ်မှာ လူမဲ့မောင်းနှင်မှုကို ခွင့်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။ အလိုအလျောက်မောင်းနှင်မှု နည်းပညာ အမှားအယွင်းကြောင့် မတော်တဆမှု ဖြစ်ပွားပါက မောင်းနှင်သူက ကားပေါ်မှာ ရှိနေရမည့်အပြင် ကားကို ရပ်တန့်နိုင်ရမယ် စတဲ့ အခြေအနေ ကန့်သတ်ချက်တွေ ရှိနေသေးပေမဲ့ ဒါက လူမဲ့မောင်းနှင်တဲ့ ကားတွေဆီကို ဦးတည်သွားတဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။
သမ္မတ ရိုနယ် က ဒီထရိုက် ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး သူ သမ္မတအဖြစ် အရွေးခံရစဉ်တုန်းက မဲဆွယ်စည်းရုံးခဲ့တဲ့ ဘောလုံးကွင်းထဲမှာ မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ အဲဒီနေရာမှာတင် ကြွေးကြော်သလိုမျိုး အခုလို ကြေညာလိုက်တော့တယ်။
"အခုဆိုရင် အမေရိကဟာ ကမ္ဘာ့မော်တော်ကားလောကရဲ့ ဗဟိုချက်မအဖြစ် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ"