အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
အခန်း (၃၀၇)
ပုံမှန်အားဖြင့်တော့ ငွေသားပိုင်ဆိုင်မှု ဒေါ်လာ ၁ သန်းရှိရင် ချမ်းသာတယ်လို့ သတ်မှတ်ကြပြီး ဒေါ်လာ သန်း ၃၀ ကျော်ရင်တော့ မဟာသူဌေးကြီးတွေလို့ သတ်မှတ်ကြတာပါ။ တရုတ်၊ ရုရှား နဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေမှာ ဒီလို မဟာသူဌေးကြီးတွေရဲ့ အရေအတွက်က ဆက်တိုက် တိုးပွားလာနေတာကြောင့် သူတို့က အဖိုးတန် ဇိမ်ခံပစ္စည်းစျေးကွက်ရဲ့ အဓိက စားသုံးသူတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့က ဒေါ်လာ သန်းချီတန်တဲ့ စူပါကားတွေ၊ ရွက်လှေတွေနဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်တွေကို ကြွားဝါတဲ့အနေနဲ့ အပြိုင်အဆိုင် ဝယ်ယူနေကြတာကြောင့် အဲဒီစျေးကွက်ကလည်း တရိပ်ရိပ် တိုးတက်လာနေတာပါ။
ဒီအထဲမှာမှ ကိုယ်ပိုင် ဂျက်လေယာဉ်ကတော့ ဂုဏ်ဒြပ်ရဲ့ အမြင့်ဆုံး ပြယုဂ်ပါပဲ။ ဒါက ဝယ်လိုက်ရုံတင်မကဘဲ လေယာဉ်ရုံခ၊ ပြုပြင်ထိန်းသိမ်းခအပြင် လေယာဉ်မှူးနဲ့ လေယာဉ်အဖွဲ့သားတွေ အတွက် လစာတွေလိုမျိုး ပုံမှန်ကုန်ကျစရိတ်တွေက အများကြီး ရှိနေတာပါ။ အဲဒါကြောင့် တကယ့်ကို မဟာသူဌေးကြီး မဟုတ်ရင် ဒီလို ကုန်ကျစရိတ်တွေကို ရေရှည် ထိန်းသိမ်းထားဖို့က မလွယ်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့အတွက်ကတော့ ပိုက်ဆံက အလုံအလောက် ရှိနေတာမလို့ ဒါတွေက စိုးရိမ်စရာ မဟုတ်ပါဘူး။
Boeing၊ Gulfstream၊ Embraer နဲ့ Dassault လိုမျိုး နာမည်ကြီး ကုမ္ပဏီတွေက အရောင်းကိုယ်စားလှယ်တွေက OTK ကုမ္ပဏီ ဌာနချုပ်ဆီကို ရောက်လာကြတယ်။ တချို့ကုမ္ပဏီတွေဆိုရင် စမ်းသပ်မောင်းနှင်လို့ရမယ့် လေယာဉ်မော်ဒယ်တွေကို ကိုရီးယားအထိပါ လွှတ်ပေးခဲ့ကြတာပါ။
OTK ကုမ္ပဏီ က ကိုယ်ပိုင် ဂျက်လေယာဉ် ဝယ်တော့မယ်ဆိုတဲ့ သတင်းတွေက အပြင်မှာ ပျံ့နေခဲ့တာ ကြာပါပြီ။ အဓိကကတော့ အကြီးတန်း မန်နေဂျာ စီနီယာ ပတ်ဆန်းယော့ က ဒီကိစ္စကို တက်တက်ကြွကြွ လိုက်စုံစမ်းနေခဲ့လို့ပါပဲ။ သူကိုယ်တိုင်လည်း စမ်းသပ်ပျံသန်းမှု အကြိမ်တော်တော်များများမှာ လိုက်ပါစီးနင်းခဲ့ သေးတာပါ။
"......ဟင်။ စီနီယာက ဘယ်တုန်းက စမ်းသပ်စီးနင်းလိုက်တာလဲ"
အကြီးတန်း မန်နေဂျာ စီနီယာ ပတ်ဆန်းယော့ က အမေနောက်ကွယ်မှာ အရုပ်ခိုးဝယ်ရင်း မိသွားတဲ့ ကလေးတစ်ယောက်လို မျက်နှာပျက်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။
"မဟုတ်ပါဘူး... ငါကိုယ်တိုင် စီးချင်လို့ မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ တစ်စီးလောက် ရှိထားရင် ကောင်းတာပဲလေ။ မဟုတ်ဘူးလား။ CarOS နဲ့ Faceit တို့အတွက်လည်း သုံးလို့ရတာပေါ့"
စဉ်းစားကြည့်တော့လည်း ဒါက အမှန်ပါပဲ။
ကုမ္ပဏီနှစ်ခုလုံးက အမေရိကန်စျေးကွက်တင်မကဘဲ တစ်ကမ္ဘာလုံး စျေးကွက်ကို ဦးတည်ထားတာဖြစ်လို့ ရုံးကိစ္စနဲ့ ခရီးခဏခဏ သွားရတတ်တာပါ။ အဲလိုသွားရတိုင်း လေယာဉ်လက်မှတ်တွေ လိုက်ကြိုတင်မှာနေရတာက တော်တော်လေး အလုပ်ရှုပ်စရာကြီးလေ။
"ဒါနဲ့... ငါတို့တွေ အခုထိ ဘာလို့ မဝယ်ဖြစ်ခဲ့ကြတာလဲ"
တက်ဂယူ က မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
"မင်းက တကယ်မသိလို့ မေးနေတာလား။ စီအီးအို ကိုယ်တိုင်က ကားသေးသေးလေးပဲ မောင်းပြီး အလုပ်ဆင်းနေတာကို အမှုဆောင်ဒါရိုက်တာက ဘယ်လိုလုပ် BMW စာချုပ်မှာ လက်မှတ်ထိုးရဲမှာလဲ"
"အာ……."
ကျွန်တော့်ကြောင့် ဖြစ်နေတာပေါ့လေ။
ကိုယ်ပိုင် ဂျက်လေယာဉ်က ရှိရင်တော့ အဆင်ပြေပေမဲ့ မရှိမဖြစ် လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့လည်း အခုထက်ထိ ဝယ်ဖို့ကိစ္စကို စကားမစရဲခဲ့ကြတာ ဖြစ်မှာပါ။ ပြီးတော့ သုတေသနနဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်ဖို့အတွက်လည်း အလုပ်ရှုပ်နေခဲ့ကြတာကြောင့်လည်းပါပါတယ်။
ကျွန်တော့်ဘက်က နည်းနည်းတော့ အားနာသလို ခံစားလိုက်ရတယ်။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။
"သူတို့လည်း လိုအပ်လားဆိုတာ မေးကြည့်လိုက်၊ ပြီးရင် တခြားကုမ္ပဏီတွေအတွက်ပါ တစ်ခါထဲ ဝယ်ပေးလိုက်ကြတာပေါ့"
ကျွန်တော်လည်း ပြောပြီးရော အားလုံးက ဝမ်းသာအားရ ကြိုဆိုကြတယ်။ အထူးသဖြင့် တိုဘီ နဲ့ ဂျရတ် တို့ကတော့ အရမ်းကို ပျော်သွားကြတာပါ။
"ကောင်းကင်ပေါ်က ကိုယ်ပိုင် ဂျက်လေယာဉ်ထဲမှာ မင်းသမီးတွေနဲ့ ပါတီပွဲလုပ်ဖို့က ငါ့ရဲ့ အိပ်မက်ပဲ။ မင်း Mile High Club အကြောင်း ကြားဖူးလား"
"……."
အဲဒီလိုမျိုး တကယ် ရှိတာလား။
"ငါ မင်းကို သေချာပေါက် ဖိတ်ပါ့မယ်။ စီအီးအို"
"……ရပါတယ်။ မဖိတ်ပါနဲ့။ ကျေးဇူးပါ"
နည်းနည်းတော့ စိတ်ဝင်စားပေမဲ့ လက်ရှောင်လိုက်တာက ပိုကောင်းပါလိမ့်မယ်။
တကယ်လို့ အယ်လီ သာ သိသွားရင် ပူညံပူညံလုပ်ရုံနဲ့တင် ပြီးမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် တစ်စီး၊ CarOS အတွက် နှစ်စီးနဲ့ Faceit အတွက် တစ်စီး ဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ကျွန်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ရှင်းလင်းတင်ပြချက်တွေကို နားထောင်ခဲ့တယ်။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အစိတ်အပိုင်းတွေကို စိတ်အားထက်သန်စွာနဲ့ ရှင်းပြရင်း အရောင်းမြှင့်တင်နေကြတာပါ။
တက်ဂယူ က လေသံတိုးတိုးလေးနဲ့ ပြောတယ်။
"ကြည့်ရတာ အားလုံးက အတူတူပဲ မဟုတ်ဘူးလား"
"လေယာဉ်တွေကတော့ အသွင်အပြင်ချင်း ဆင်ကြတာပဲလေ"
တကယ်လို့ တံဆိပ်တွေကိုသာ ဖယ်ထားရင် ဘယ်ကုမ္ပဏီက ထုတ်လဲဆိုတာ ခွဲခြားဖို့ တောင် ခက်မှာပါ။
အကြီးတန်း မန်နေဂျာ စီနီယာ ပတ်ဆန်းယော့ က ခေါင်းခါပြတယ်။
"ဘာတွေ ပြောနေတာလဲ။ ဒီမှာ ကြည့်လေ... တောင်ပံနဲ့ အင်ဂျင်ပုံသဏ္ဌာန်က နည်းနည်းစီ ကွာခြားတယ်ကွ။ ပြီးတော့ ပြတင်းပေါက် အရေအတွက်လည်း မတူဘူး။ ငါကတော့ ကြည့်လိုက်တာနဲ့တင် ချက်ချင်း ခွဲခြားနိုင်တယ်"
"……."
သူ တကယ်ပဲ ဒါတွေကို အချိန်အကြာကြီး သေသေချာချာ လေ့လာနေခဲ့တာ သေချာပါတယ်။
ခရီးသည်တွေ အများကြီး တင်ဆောင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ လေယာဉ်ကြီးတွေနဲ့ မတူဘဲ ကိုယ်ပိုင် ဂျက်လေယာဉ်တွေရဲ့ အတွင်းပိုင်း အပြင်အဆင်တွေကတော့ တစ်စီးနဲ့တစ်စီး မတူဘဲ ထူးခြားကြပါတယ်။
အစည်းအဝေးခန်း၊ အိပ်ခန်းနဲ့ ရေချိုးခန်းတွေကတော့ အခြေခံအဆင့် ပါဝင်ပြီးသားဖြစ်ပြီး အသုံးပြုမယ့်လူရဲ့ စိတ်ကြိုက်ပုံစံအတိုင်း အော်ဒါမှာပြီး ပြုလုပ်လို့ရပါတယ်။ ဒီဇိုင်းကိုလည်း ဂန္ထဝင်ဆန်ဆန် ပုံစံမျိုး ဒါမှမဟုတ် အရမ်း ခမ်းနားထည်ဝါတဲ့ ပုံစံမျိုး စိတ်ကြိုက် ပြင်ဆင်လို့ရပါတယ်။
ရွေးချယ်စရာတွေက အရမ်းများလွန်းပါတယ်။
ကျွန်တော် ကိုင်ထားတဲ့ စာအုပ်ငယ်တွေကို ချလိုက်ပြီး အကြီးတန်း မန်နေဂျာ စီနီယာ ပတ်ဆန်းယော့ ကို ပြောလိုက်တယ်။
"အကြီးတန်း မန်နေဂျာကြီး စိတ်ကြိုက်ဖြစ်မယ့် တစ်စီးကိုပဲ ရွေးလိုက်ပါ။ စျေးနှုန်းကိုတော့ စိတ်ပူစရာ မလိုဘူး"
ကျွန်တော့်စကားကြောင့် အကြီးတန်း မန်နေဂျာ စီနီယာ ပတ်ဆန်းယော့ က စိတ်လှုပ်ရှားစွာနဲ့ ပြောလာတယ်။
"တကယ်လား။ နောက်မှ ပြောပြီးသားစကားကိုပြန်မရုတ်သိမ်းနဲ့နော်"
ပြီးတာနဲ့ သူက ကိုယ်စားလှယ်တွေကို တစ်နေရာထဲမှာ ချက်ချင်း စုလိုက်ပြီး မေးတော့တာပဲ။
"ဘယ်ကုမ္ပဏီက ဝယ်ပြီးတာနဲ့ လေယာဉ်ကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်မလဲ။ လက်ထောင်ပြကြပါ"
GM နဲ့ Ford တို့နဲ့ ညှိနှိုင်းမှုတွေက ကြီးမားတဲ့ ပြဿနာမရှိဘဲ ချောချောမွေ့မွေ့ ဆက်လက် ဆောင်ရွက်နိုင်ခဲ့တယ်။ သူတို့က မူဝါဒပိုင်းဆိုင်ရာမှာ သဘောတူညီမှု ရခဲ့ကြပေမဲ့ အသေးစိတ် အချက်အလက်တွေမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့တာပါ။
ထင်ထားတဲ့အတိုင်းပဲ ဥက္ကဌ ပေါ်တာ မက်ကယ်လန် နဲ့ ဥက္ကဌ ဟူးဘဲလ် ဘတ်တလာ တို့ကတော့ လွယ်လွယ်နဲ့ အလျှော့ပေးမယ့် ပြိုင်ဘက်တွေ မဟုတ်ကြပါဘူး။ သူတို့ နှစ်ယောက်လုံးက ကွင်းပြင်ထဲက Gladiator တိုက်ခိုက်ရေးသမားတွေလို ညှိနှိုင်းမှုကို ရင်ဆိုင်ခဲ့ကြတာပါ။
အထူးသဖြင့် ဥက္ကဌ ပေါ်တာ မက်ကယ်လန် ကတော့ တကယ့်ကို ထူးခြားတဲ့လူပါပဲ။ သူက အလုပ်ထုတ်ခံရလို့ ဒေါသထွက်နေတဲ့ အလုပ်သမားတွေ ဝိုင်းအုံပိတ်ဆို့ထားတဲ့ အခြေအနေမှာတောင် မျက်တောင်တစ်ချက် မခတ်ဘဲ တည်ငြိမ်နိုင်လောက်အောင် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးအဖွဲ့ကလည်း အထင်သေးလို့ မရပါဘူး။ အစ်မ အိုဟျွန်းဂျူး က အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် နဲ့အတူ ညှိနှိုင်းမှုကို ဦးဆောင်ခဲ့တယ်။ သူတို့က စာချုပ်ထဲက စာလုံးတစ်လုံးချင်းစီ ပြောင်းလဲဖို့အတွက်ကိုတောင် အချိန်အကြာကြီး ငြင်းခုံခဲ့ကြတယ်။
"ဘတ္ထရီ ချို့ယွင်းချက်ကြောင့် ပြန်လည်သိမ်းဆည်းရတဲ့ ကိစ္စတွေမှာ TS ကုမ္ပဏီ ဘက်ကပဲ အပြည့်အဝ တာဝန်ယူရမှာ မဟုတ်ဘူးလား"
"ထုတ်လုပ်မှု အဆင့်ဆင့်မှာ ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်တွေ အတွက်တော့ ကျွန်မတို့ တာဝန်ယူမှာပါ။ ဒါပေမဲ့ အဲဒီထက် ကျော်လွန်တဲ့ တာဝန်ယူမှုကိုတော့ ကျွန်မတို့ လက်မခံနိုင်ပါဘူး"
"အခုထိ GM ဆီကို ဘတ္ထရီတွေ ပံ့ပိုးပေးနေတဲ့ CL Chemical ကတော့ ဘတ္ထရီ ပြန်သိမ်းဆည်းရတဲ့ ကိစ္စတွေမှာ အမြဲတမ်း တာဝန်ယူခဲ့တာပဲလေ"
"အဲဒါက ရှင်တို့ဘက်က စာချုပ်ကို မမျှတအောင် ချုပ်ဆိုခဲ့လို့ ဖြစ်မှာပါ။ ပုံမှန်အတိုင်းအတာအတွင်းမှာပဲ တာဝန်ယူတာကသာ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်"
"ဒါဆိုရင် 'ပုံမှန်အတိုင်းအတာ' ဆိုတာက အတိအကျ ဘာကို ပြောတာလဲ"
တက်ဂယူ က လေသံတိုးတိုးလေးနဲ့ ပြောတယ်။
"ငါ့အစ်မရဲ့ စရိုက်ကတော့ အခုထိ လျော့မသွားသေးဘူးပဲ"
"ဟုတ်ပ"
တင်းမာမှုက အသက်ရှူရတာတောင် ကြပ်ညပ် နေစေပါပြီ။ ကိန်းဂဏန်းတစ်ခုချင်းစီနဲ့ ဒဿမတစ်ခုချင်းစီက ဒေါ်လာ သန်းပေါင်းများစွာရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးနေတာလေ။
နားချိန်ဆိုလို့ ထမင်းစားချိန်နဲ့ အိမ်သာ ခဏသွားချိန်ပဲ ရှိပါတယ်။ သုံးရက်လောက် အဲဒီလို ဆက်တိုက် လုပ်ပြီးတဲ့နောက်မှာတော့ လူတိုင်းရဲ့ မျက်ဝန်းတွေက ချိုင့်ဝင်ကုန်ကြပြီး အသံတွေလည်း ဝင်ကုန်ကြတော့တယ်။ ဒါပေမဲ့ ဘယ်သူမှတော့ သူတို့ရဲ့ အမူအရာနဲ့ အကြည့်တွေကို လျှော့ချမပစ်ခဲ့ကြဘူး။
အယ်လီ က ဘဏ်ခွဲမန်နေဂျာရဲ့ ဘေးကနေ ကူညီပေးရင်း ဥပဒေကြောင်းဆိုင်ရာ အပိုဒ်ခွဲ အမျိုးမျိုးကို ပြန်လည် စစ်ဆေးပေးခဲ့တယ်။ စာချုပ်ဆိုတာ လက်မှတ်ထိုးလိုက်ရုံနဲ့တင် ပြီးသွားတာမဟုတ်ဘဲ ဥပဒေ ချိုးဖောက်မှုတွေ မရှိစေဖို့ သေချာ စစ်ဆေးရတာပါ။ ဥပဒေအရ သတ်မှတ်ထားတဲ့ အမြင့်ဆုံး အတိုးနှုန်းထက် ကျော်လွန်တဲ့ အတိုးနှုန်းတွေ ဒါမှမဟုတ် ခန္ဓာကိုယ်အာမခံချက် စာချုပ်တွေက တရားမဝင်သလိုမျိုးပေါ့။
အစ်မအိုဟျွန်းဂျူး က ခေါင်းလေး တစ်ချက် ညိတ်ပြလိုက်ရုံနဲ့တင် အယ်လီ က လိုအပ်တဲ့ အချက်အလက်တွေကို ချက်ချင်း ရှာဖွေပြီး တင်ပြပေးနိုင်ခဲ့တယ်။ သူတို့တွေ အတူတူ အလုပ်လုပ်ခဲ့တာ ကြာပြီဖြစ်လို့ သူတို့ရဲ့ အတွဲညီမှုက တကယ့်ကို အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်လှပါတယ်။
အလုပ်လုပ်တဲ့အခါမှာတော့ သူတို့က တကယ့်ကို ပရော်ဖက်ရှင်နယ်တွေပါပဲ။
တစ်ပတ်ကြာ ညှိနှိုင်းပြီးတဲ့နောက်မှာတော့ စာချုပ်ရဲ့ မူကြမ်းကို အချောသတ်နိုင်ခဲ့ပါပြီ။
ကျွန်တော်တို့တွေ ဆီလွန်ဟိုတယ် ရဲ့ Diamond Hall ခန်းမထဲမှာ ပြည်တွင်း ပြည်ပ မီဒီယာတွေရဲ့ ရှေ့မှောက်မှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။
ကျွန်တော်က ကိုယ်စားလှယ်အနေနဲ့ စကားပြောခဲ့တယ်။
"OTK ကုမ္ပဏီ က GM နဲ့ Ford တို့ကို ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအဖြစ် ဦးစားပေး သတ်မှတ်သွားမှာဖြစ်ပြီး လူမဲ့မောင်းနှင်ယာဉ်တွေနဲ့ လျှပ်စစ်ကား နယ်ပယ်တွေမှာ အတူတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
ဒါက မော်တော်ကားလုပ်ငန်းလောကကို လှုပ်ခတ်သွားစေတဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့တယ်။
မီဒီယာတွေကလည်း ဒီသတင်းကို အပြိုင်အဆိုင် ရေးသားခဲ့ကြပြီး ရိုနယ် ကလည်း ချက်ချင်းပဲ Twitterမှာ ရေးတင်ခဲ့တယ်။
[Big 3 မဟာမိတ်အဖွဲ့က အမေရိကန် အလုပ်သမားတွေအတွက် အရမ်း ကောင်းပါတယ်။ အခုဆိုရင် အမေရိကန်က အလုပ်သမားတွေကို ပိုပြီး ခန့်အပ်နိုင်တော့မှာဖြစ်သလို ကားတွေကိုလည်း ပိုထုတ်နိုင်တော့မှာပါ။ ဒါကို တားဆီးဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး]
ဒါကတော့ ကုန်သွယ်ရေး အတားအဆီးတွေ သုံးပြီး သွင်းကုန်တွေကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ တခြားနိုင်ငံတွေကို တရားဝင် သတိပေးလိုက်တာနဲ့ အတူတူပါပဲ။
- ဝိုး။ Big 3 မဟာမိတ်အဖွဲ့တဲ့။ မိုက်လိုက်တာ။
-ဒါက တကယ်တော့ GM နဲ့ Ford က CarOS ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေ ဖြစ်သွားတဲ့ သဘော မဟုတ်ဘူးလား။
-အဲဒီလောက်အထိတော့ မဟုတ်ပါဘူးကွာ။ ဆောင်း အီလက်ထရောနစ် က Andromeda စမတ်ဖုန်းတွေကို ထုတ်လုပ်နေတာနဲ့ တူတူပါပဲ။
-တကယ်ပဲ ဒီလိုမျိုး လုပ်ဖို့ လိုလို့လား။ ကိုယ်တိုင်ပဲ အားလုံးကို လုပ်လိုက်ရင် ပိုမကောင်းဘူးလား။
-တစ်ကမ္ဘာလုံးရဲ့ ကားစျေးကွက်က တစ်နှစ်ကို အစီးရေ သန်း ၉၀ လောက် ရောင်းရတာ။ ကုမ္ပဏီတစ်ခုထဲက ဒါတွေအားလုံးကို ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
-ဆော့ဖ်ဝဲလ်နဲ့ ဘတ္ထရီတွေကို ပံ့ပိုးပေးပြီး စျေးကွက်ကို ချဲ့ထွင်ဖို့က ပိုပြီး ဦးစားပေး လုပ်ရမယ့်အရာပဲ။
-ပိတ်ဆို့ထားတဲ့ platformတွေမှာ ကန့်သတ်ချက်တွေ ရှိတယ်။ အများသုံးပလက်ဖောင်းကို ရွေးချယ်လိုက်တာက အမှန်ကန်ဆုံးပဲ။ စမတ်ဖုန်းတွေကိုပဲ ကြည့်လေ၊ Andromeda ရဲ့ စျေးကွက်ဝေစုက NOS ထက် အပြတ်အသတ် မြင့်မားနေတာပဲ။
-အွန်ဆောင်း မော်တာ က စောစောစီးစီး ပူးပေါင်းခဲ့တာ တကယ့်ကို ကံကောင်းတာပဲ။
-ဒါနဲ့ AD စီးရီးတွေ ကိုရီးယားမှာ ဘယ်တော့ မိတ်ဆက်မှာလဲ။ ဝယ်ဖို့ စောင့်နေတာ ကြာပြီ။
-အဲဒီစျေးနှုန်းဆိုရင်တော့ Mercedes ဒါမှမဟုတ် BMW ကိုပဲ ဝယ်လိုက်မယ်။ ဂျာမနီကားတွေက အမြဲတမ်း ပိုကောင်းတာပဲလေ။
-အိုကေ... နောက်ထပ်တောသားတစ်ယောက်တွေ့ပြန်ပြီ။
Video Callကနေတစ်ဆင့် ဒါရီလ် ဆီဂန် က အခြေအနေကို နည်းနည်း ချဲ့ကားပြီး ပြောလာတယ်။
"အချောသတ် ကားစျေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတွေက ပိုပြီး ပြင်းထန်လာလိမ့်မယ်"
အလိုအလျောက်မောင်းနှင်မှု ဆော့ဖ်ဝဲလ်နဲ့ OTK ဘတ္ထရီတွေကို ပံ့ပိုးပေးလိုက်တာက ပြိုင်ဘက်ကုမ္ပဏီတွေကလည်း CarOS ပိုင်ဆိုင်ထားတဲ့ အားသာချက်တွေကို ရရှိသွားမှာကို ဆိုလိုတာပါ။
ဆော့ဖ်ဝဲလ် ရောင်းချမှုကနေ ဝင်ငွေရရှိပြီး နည်းပညာကို တိုးတက်အောင် လုပ်နိုင်တဲ့ အားသာချက် ရှိပေမဲ့ အချောသတ် ကားစျေးကွက်ထဲမှာတော့ အချင်းချင်း ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ကြရတော့မှာလေ။
ဒီအခြေအနေက ဆောင်း အီလက်ထရောနစ် နဲ့ တော်တော်လေး ဆင်တူပါတယ်။
ဆောင်း အီလက်ထရောနစ် က တီဗီတွေနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး ရောင်းချနေတဲ့အချိန်မှာပဲ ပြိုင်ဘက်ကုမ္ပဏီတွေ ဆီကိုလည်း စခရင်တွေ၊ Semiconductorတွေနဲ့ ဘတ္ထရီတွေကို ပံ့ပိုးပေးနေတာ ဖြစ်လို့ပါပဲ။
ကျွန်တော့်မှာ စိုးရိမ်စိတ် အနည်းငယ်တော့ ရှိနေခဲ့တယ်။
"ငါတို့တွေ အဆင်ပြေပါ့မလား"
ဒါရီလ် ဆီဂန် က ယုံကြည်မှုအပြည့်နဲ့ ခေါင်းငြိတ်ပြတယ်။
"CarOS က အနာဂတ်ကားတွေရဲ့ ပြယုဂ်တစ်ခုအနေနဲ့ နာမည်ကျော်ကြားပြီးသားပါ။ ငါတို့က GM နဲ့ Ford တို့ရဲ့ ကျော်တက်ခြင်းကို ခံရမှာ မဟုတ်ဘူး။ ပြီးတော့ ပြိုင်ဆိုင်မှုက ပိုပြီး တိုးတက်စေတယ်လေ"
"စိန်ခေါ်မှုနဲ့ တုံ့ပြန်မှု ဆိုတဲ့ သဘောပေါ့"
ကျွန်တော့်စကားကြောင့် သူ ပြုံးလိုက်တယ်။
"အာနိုး တွိုင်းဘီ ရဲ့ စကားပဲ"
စီးဆင်းမှုမရှိဘဲ ဝပ်နေတဲ့ရေက ပုပ်သိုးသွားတတ်သလိုမျိုး၊ ရန်သူမရှိရင် လူက သာယာသွားတတ်တယ်။ စိန်ခေါ်မှုတွေကို တုံ့ပြန်ခြင်းအားဖြင့် ကျွန်တော်တို့က ပိုပြီး တိုးတက်လာနိုင်တာပါ။
စမတ်ဖုန်းတွေလည်း Andromeda နဲ့ NOS၊ ဆောင်း အီလက်ထရောနစ် နဲ့ Npple တို့ အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြလို့သာ ဆက်တိုက် တိုးတက်လာခဲ့တာပဲလေ။
"ကားစျေးကွက်က တစ်ဦးထဲ လက်ဝါးကြီးအုပ်ဖို့အတွက် အရမ်း ကြီးမားလွန်းတယ်။ ပြီးတော့ ငါတို့ လုပ်ရမယ့် တခြားအရာတွေလည်း အများကြီး ရှိသေးတယ်"
ကားကုမ္ပဏီတွေက ကားတွေကိုပဲ ထုတ်ပြီး ရောင်းရတဲ့ ခေတ်က ကုန်ဆုံးသွားပါပြီ။ လျှပ်စစ် ထရပ်ကားတွေ၊ လျှပ်စစ် စကူတာတွေ၊ အငှားယာဉ် ဝန်ဆောင်မှုတွေနဲ့ ကားမျှဝေသုံးစွဲမှုစနစ် စတာတွေအပြင် ချဲ့ထွင်ရမယ့် နယ်ပယ်တွေက အဆုံးမရှိပါဘူး။
လူမဲ့မောင်းနှင် ထရပ်ကားတွေကတော့ လက်ရှိမှာ အတိုင်းအတာတစ်ခုအထိ စီးပွားဖြစ် အသုံးပြုနေပြီဖြစ်လို့ နောက်တစ်ဆင့်အနေနဲ့ AD စီးရီးတွေကို အသုံးပြုပြီး အငှားယာဉ် ဝန်ဆောင်မှုစျေးကွက်ထဲကို ဝင်ရောက်ဖို့ပဲ ရှိတော့တာပါ။
Iber ကို စျေးကွက်ထဲကနေ မောင်းထုတ်ရမယ့် အချိန်ရောက်လာပြီပေါ့။
Semiconductorလောက အဆမတန် တိုးတက်နေခဲ့တဲ့ ကာလတုန်းက ဆောင်း အီလက်ထရောနစ် ရဲ့ ကုမ္ပဏီတန်ဖိုးက ဝမ် သိန်းပေါင်း ၃၅၀ ကုဋေအထိ မြင့်တက်ခဲ့ဖူးတယ်။ အဲဒီတုန်းက တန်ဖိုး ဖြတ်တာ လွန်ကဲနေတယ်လို့ ပြောခဲ့ကြပေမဲ့ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ တန်ဖိုးက ဝမ် သိန်းပေါင်း ၇၀၀ ကုဋေအထိ ကျော်လွန်သွားခဲ့ပါပြီ။
ဒါက အနာဂတ် မော်တော်ကား အီလက်ထရောနစ် လုပ်ငန်းကနေ ရရှိမယ့် ဝင်ငွေတွေအပေါ် မျှော်လင့်ချက်တွေကြောင့် ဖြစ်သလို... ကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ CarOS ရဲ့ ရှယ်ယာ ၂၄.၅ ရာခိုင်နှုန်းရဲ့ အပိုဆောင်း တန်ဖိုးကြောင့်လည်း ပါပါတယ်။
ဒါက အာရှကုမ္ပဏီတွေထဲမှာ အကြီးမားဆုံး ဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၀ ခုထဲမှာလည်း ပါဝင်နေခဲ့တာပါ။ တန်ဖိုးဖြတ်တာ လွန်ကဲနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပေမဲ့ မကြာခင်မှာ Gooble နဲ့ Npple တို့ကို ကျော်တက်သွားလိမ့်မယ်ဆိုတဲ့ ခိုင်မာတဲ့ တန်ပြန် ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။
ဆောင်း အီလက်ထရောနစ် မှာ စောစောစီးစီး ရင်းနှီးမြှုပ်နှံခဲ့တဲ့ Berkshire Hathaway ကလည်း သူတို့ရဲ့ ဝင်ငွေကို နှစ်ဆအထိ တိုးမြှင့်နိုင်ခဲ့တာကြောင့် ဝါရင် ဘတ်ဖတ် ကတော့ ထင်ထားတဲ့အတိုင်းပဲ ချီးကျူးမှုတွေကို ရရှိနေခဲ့ပြန်တယ်။
ရှယ်ယာစျေးနှုန်းတွေ မြင့်တက်လာခဲ့တာကြောင့် ဥက္ကဌ လင်ဂျင်ယုံ ရဲ့ ပိုင်ဆိုင်မှုကလည်း အများကြီး တိုးပွားလာခဲ့တယ်။ ဒါပေမဲ့ သူက ကိုရီးယားမှာ အဆင့် ၄ ပဲ ရှိပါသေးတယ်။ အချက်အလက်အရ ပြောရရင်တော့ ၁ က ကျွန်တော်၊ ၂ က တက်ဂယူ နဲ့ ၃ ကတော့ အစ်မ အိုဟျွန်းဂျူး ပေါ့။
ဆောင်း အီလက်ထရောနစ် ကြောင့် KOSPI အညွှန်းကိန်းကလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ အတွင်းပိုင်းကို သေသေချာချာ ကြည့်ရင်တော့ အခြေအနေက ထင်သလောက် မကောင်းပါဘူး။
ရှယ်ယာတွေထဲမှာ ဆောင်း အီလက်ထရောနစ် နဲ့ ဆောင်း SB အပါအဝင် ဆောင်းအုပ်စု ရဲ့ ရှယ်ယာတွေပဲ မြင့်တက်နေခဲ့တာဖြစ်ပြီး တခြား ကော်ပိုရေးရှင်းကြီးတွေရဲ့ စျေးကွက်တန်ဖိုးကတော့ ကျဆင်းနေခဲ့တာပါ။ အဲဒါကြောင့် ဆောင်း အီလက်ထရောနစ် ရဲ့ ရှယ်ယာတွေ ပါဝင်တဲ့ ရန်ပုံငွေ တွေနဲ့ မပါဝင်တဲ့ ရန်ပုံငွေတွေရဲ့ အကျိုးအမြတ်က အပြတ်အသတ် ကွာခြားသွားခဲ့ရတယ်။
ပြည်တွင်းစီးပွားရေးကလည်း တကယ့်ကို အခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။ အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အထဲမှာ ဆောင်း အီလက်ထရောနစ် ကလည်း အကြောင်းရင်းတစ်ခု အနေနဲ့ ပါဝင်နေခဲ့တယ်။
တက်ဂယူ က နားမလည်နိုင်တဲ့ ပုံစံနဲ့ မေးတယ်။
"ဘာလို့ ဆောင်း အီလက်ထရောနစ် ကြောင့်လို့ ပြောရတာလဲ"
"ဒါက သဘာဝသယံဇာတ ကျိန်စာ နဲ့ ဆင်တူလို့ပဲ"
စီးပွားရေးရဲ့ အခြေခံက ငွေလဲလှယ်နှုန်း ဖြစ်ပါတယ်။
ရေနံထွက်တဲ့ နိုင်ငံတွေက မြေကြီးထဲက ရေနံတွေကို ထုတ်ပြီး ရောင်းရုံနဲ့တင် နိုင်ငံခြားငွေ အများကြီး ရရှိကြတာပါ။ အဲဒါကြောင့် သူတို့ရဲ့ ပြည်တွင်းစီးပွားရေး အခြေအနေနဲ့ မဆိုင်ဘဲ သူတို့နိုင်ငံရဲ့ ငွေကြေးတန်ဖိုးက ဆက်တိုက် မြင့်တက်နေတတ်ပြီး ဒါက ပို့ကုန်ကုမ္ပဏီတွေအတွက် နစ်နာမှု ရှိစေပါတယ်။
ကိုရီးယားရဲ့ ပြည်တွင်း ဝယ်လိုအားက လက်ရှိမှာ မကောင်းပါဘူး။ အလုပ်လက်မဲ့နှုန်းက ဆက်တိုက် မြင့်တက်နေပြီး အလုပ်အကိုင် ဖန်တီးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ပြန်လည် ကောင်းမွန်လာမယ့် အရိပ်အယောင် မရှိသေးဘူးလေ။
ဒီလို အခြေအနေမျိုးမှာ ဝမ်ငွေရဲ့ တန်ဖိုးက ကျဆင်းသွားတာက ပုံမှန်ပါပဲ။ တကယ်လို့ ငွေလဲလှယ်နှုန်း မြင့်တက်လာရင် (ဝမ်ငွေတန်ဖိုး ကျဆင်းရင်) ကုမ္ပဏီတွေက စျေးနှုန်းပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီး ပို့ကုန်တွေကို တိုးမြှင့်နိုင်မှာဖြစ်သလို အဲဒီကနေတစ်ဆင့် အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆောင်း အီလက်ထရောနစ် က အရမ်းကို အောင်မြင်လွန်းနေတာပါ။ သူတို့က Semiconductorတွေနဲ့ ဒေါ်လာတွေကို သိမ်းကြုံး ရှာဖွေနေရုံတင်မကဘဲ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကိုပါ ပြည်တွင်းထဲကို ဆွဲခေါ်နေခဲ့တာပါ။
နိုင်ငံခြား အရင်းအနှီးတွေ ပြည်တွင်းထဲ ဝင်လာတဲ့အခါ သူတို့က ဒေါ်လာတွေကို ရောင်းပြီး ဝမ်ငွေတွေကို ဝယ်ကြတာဖြစ်လို့ သဘာဝအတိုင်း ဝမ်ငွေတန်ဖိုးက မြင့်တက်လာရတော့တာပေါ့။
ပညာရှင်တွေရဲ့ တွက်ချက်မှုအရ တကယ်လို့ ဆောင်း အီလက်ထရောနစ် သာ မရှိရင် ငွေလဲလှယ်နှုန်းက လက်ရှိထက် ၂၀ ရာခိုင်နှုန်းလောက် ပိုမြင့်နေလိမ့်မယ်လို့ ဆိုကြတယ်။ တခြား ပို့ကုန်ကုမ္ပဏီတွေရဲ့ အမြင်မှာတော့ သူတို့က ဝမ်ငွေတန်ဖိုး မြင့်တက်မှုကြောင့် မရည်ရွယ်ဘဲ နစ်နာမှုတွေကို ခံရသလို ဖြစ်နေတာပါ။
ကျွန်တော် အရင်က ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးထဲက အကြောင်းအရာလိုပဲ Nphone က မိုဘိုင်းဖုန်းစျေးကွက်ကိုတင် ပြောင်းလဲခဲ့တာမဟုတ်ဘဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲ ပစ်ခဲ့တာပါ။
ကျွန်တော် ပင်ကိုသိစိတ်နဲ့ ခံစားမိလိုက်တယ်။ အပြောင်းအလဲက လူတိုင်း မျှော်လင့်ထားတာထက် ပိုပြီး မြန်ဆန်ပြီး ပိုပြီး ကြီးမားလိမ့်မယ်ဆိုတာကိုပေါ့။
စျေးကွက်က အချိုးအကွေ့တစ်ခုကို ကျော်လွန်သွားခဲ့ပါပြီ။
ဒါက တချို့လူတွေအတွက် အခွင့်အလမ်းကောင်း ဖြစ်လာနိုင်ပေမဲ့ တချို့လူတွေအတွက်တော့ အကြပ်အတည်း ဖြစ်လာမှာပါ။ စိန်ခေါ်မှုနဲ့ တုံ့ပြန်မှုက တိုးတက်မှုကို ဆောင်ကြဉ်းပေးတာ မှန်ပေမဲ့ စိန်ခေါ်သူက အရမ်း သန်မာနေရင် ဒါမှမဟုတ် တုံ့ပြန်မှု မှားယွင်းသွားရင်တော့ ဒေဝါလီခံရမှာပါပဲ။
တိုးတက်ဖို့ဖြစ်ဖြစ် ဘာလုပ်ဖို့ဖြစ်ဖြစ် အရင်ဆုံး အသက်ရှင်ကျန်ရစ်ဖို့က လိုအပ်တယ်လေ။ လက်ရှိ ကော်ပိုရေးရှင်းကြီးတွေထဲက ဘယ်နှစ်ခုလောက်က နောင် ၁၀ နှစ် ကြာတဲ့အထိ အောင်မြင်စွာ ကျန်ရစ်မလဲဆိုတာ စဉ်းစားစရာပါပဲ။
ကျွန်တော် ဥက္ကဌ လင်ဂျင်ယုံ ကို ပြောလိုက်တယ်။
"ကျွန်တော်တို့တွေ CL အုပ်စု နဲ့ SSK အုပ်စု တို့နဲ့ တွေ့ဆုံဖို့ လိုလိမ့်မယ်"
အခန်း (၃၀၈)
ဌာနချုပ်ရဲ့ အစည်းအဝေးခန်းထဲမှာ သတင်းတွေထဲမှာပဲ ခဏခဏ မြင်တွေ့ရတတ်တဲ့ မျက်နှာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
SSK အုပ်စု ရဲ့ ဥက္ကဌ ချဲဝမ်ထယ် နဲ့ CL အုပ်စု ရဲ့ ဥက္ကဌ ယန်ဂျွန်မို တို့တင်မကဘဲ SSK Nix ရဲ့ ဥက္ကဌ ပတ်ဒေါင်ဝု၊ SSK Innovation ရဲ့ ဥက္ကဌ ချဲမြောင်ဟို၊ CL Chemical ရဲ့ ဥက္ကဌ ယန်ဟိုယောင်း နဲ့ CL Electronics ရဲ့ ဥက္ကဌ ယန်ဟိုကျောင်း တို့အပြင် တခြားသူတွေလည်း အားလုံး ရောက်နေကြတာပါ။
သူတို့နဲ့ကတော့ အိမ်ပြာတော်မှာနဲ့ ဟိုတယ်တွေမှာပါ အရင်ကလည်း ဆုံဖူးပါတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်"
တက်ဂယူ က ပရိယာယ်ပါတဲ့ အပြုံးမျိုးနဲ့ ပြုံးပြရင်း CL Chemical ရဲ့ ဥက္ကဌကို လှမ်းမေးလိုက်တယ်။
"ခင်ဗျားရဲ့ သမီးလေးကော နေကောင်းရဲ့လား"
ဥက္ကဌ ယန်ဟိုယောင်း က အဲဒီစကားကြောင့် အနေရခက်တဲ့ အပြုံးမျိုး ပြုံးလိုက်ရရှာတယ်။
"အဲဒီတုန်းက ကိစ္စအတွက် ကျွန်တော့်ဘက်ကပဲ ထပ်ပြီး တောင်းပန်ပါတယ်ဗျာ"
ဥက္ကဌ ယန်ဟိုယောင်း ရဲ့ သမီးကတော့ ယန်ဟန်နာ ပါ။ သူနဲ့ တက်ဂယူ နဲ့က အရင်တုန်းက ပါတီပွဲတစ်ခုမှာ ပြဿနာ နည်းနည်း တက်ဖူးကြတာလေ။
ကျွန်တော်လည်း တက်ဂယူ ရဲ့ နံဘေးကို တံတောင်နဲ့ ခပ်ဆတ်ဆတ် တွတ်လိုက်ရင်း တားလိုက်ပြီးမှ ပြုံးပြီး ပြောလိုက်တယ်။
"သူက နောက်နေတာပါဗျာ၊ အရင်က ကိစ္စတွေကို စိတ်ထဲ ထည့်မနေပါနဲ့တော့"
နှုတ်ဆက်စကားတွေ ပြောပြီးတဲ့နောက်မှာတော့ အားလုံး နေရာယူလိုက်ကြတယ်။
ကျွန်တော် ဥက္ကဌ ယန်ဟိုယောင်း နဲ့ ဥက္ကဌ ချဲမြောင်ဟို တို့ကို ကြည့်ပြီး စကားစလိုက်တယ်။
"ကြားမိသလောက်တော့ မကြာသေးခင်က CL Chemical နဲ့ SSK Innovation တို့ရဲ့ ရှယ်ယာစျေးနှုန်းတွေ တော်တော်လေး ကျဆင်းသွားတယ်ဆို"
ကျွန်တော့်စကားကြောင့် သူတို့ရဲ့ အမူအရာတွေက သိသိသာသာ တင်းမာသွားကြတယ်။
ကိုရီးယားမှာ အဓိက ဘတ္ထရီထုတ်လုပ်တဲ့ ကုမ္ပဏီကြီး သုံးခု ရှိတာပါ။ အဲဒါတွေကတော့ ဆိုဆောင်း အီလက်ထရောနစ်၊ CL Chemical နဲ့ SSK Innovation တို့ပါပဲ။ ဒါပေမဲ့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ရှယ်ယာတွေက အဆမတန် မြင့်တက်နေချိန်မှာ တခြား ဘတ္ထရီရှယ်ယာတွေကတော့ ဆက်တိုက် ထိုးကျနေခဲ့တယ်။
လောင်စာဆီသုံး ကားတွေမှာ အဖိုးတန်ဆုံး အစိတ်အပိုင်းက အင်ဂျင်ဖြစ်ပြီး လျှပ်စစ်ကားတွေမှာတော့ အဖိုးတန်ဆုံးက ဘတ္ထရီ ဖြစ်ပါတယ်။ ဘတ္ထရီက လျှပ်စစ်ကားတွေရဲ့ အသက်သွေးကြော ဖြစ်တာကြောင့် ကုမ္ပဏီတွေက ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေခဲ့ကြတာပါ။
CL Chemical နဲ့ SSK Innovation နှစ်ခုလုံးက ထူးချွန်တဲ့ နည်းပညာတွေ ရှိကြတာကြောင့် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဆီကနေ ပံ့ပိုးပေးဖို့ စာချုပ်တွေ အများကြီး ရရှိထားခဲ့ကြတယ်။ သူတို့က အနာဂတ်စျေးကွက်အတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) ပိုင်းမှာလည်း အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံခဲ့ကြလို့ NCM ဘတ္ထရီတွေရဲ့ စွမ်းဆောင်ရည်က အရင်ကထက် အပြတ်အသတ်ကို ကောင်းမွန်လာခဲ့တယ်။
ဒါပေမဲ့လည်း……
OTK ဘတ္ထရီတွေ ပေါ်လာပြီးတဲ့နောက်မှာတော့ အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့ရတော့တာပဲ။ ပထမတုန်းကတော့ အမြောက်အမြား ထုတ်လုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့ကြပေမဲ့ လူတိုင်း ထင်ထားတာကို မှားကြောင်း သက်သေပြပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့တာလေ။
ဒီတော့ ကုမ္ပဏီနှစ်ခုလုံးက ငွေအမြောက်အမြား အကုန်အကျခံပြီး လုပ်နေခဲ့တဲ့ R&D လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းလိုက်ကြရတယ်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားပြီး ပြင်ပြင် NCM ဘတ္ထရီကတော့ NCM ဘတ္ထရီထက် မပိုနိုင်ဘူးလေ။
solid-state ဘတ္ထရီတွေလိုမျိုး နောက်မျိုးဆက်သစ် ဘတ္ထရီတွေကို ဆက်ပြီး တီထွင်နေကြပေမဲ့လည်း အောင်မြင်ဖို့ သေချာပေါက် အာမမခံနိုင်သလို အောင်မြင်ခဲ့ရင်တောင် OTK ဘတ္ထရီရဲ့ စွမ်းဆောင်ရည်ကို ကျော်လွန်ဖို့က မလွယ်ပါဘူး။
သူတို့လည်း OTK ဘတ္ထရီတွေကို ဝယ်ယူပြီး နည်းပညာကို ခိုးယူဆန်းစစ်ခဲ့ကြမှာ သေချာပါတယ်။ ဒါပေမဲ့ အဓိက နည်းပညာကိုတော့ သူတို့ ဘယ်လိုမှ ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ ရှာဖွေနိုင်ခဲ့ရင်တောင် မူပိုင်ခွင့် သက်တမ်း မကုန်မချင်းကတော့ ထုတ်လုပ်ခွင့် မရှိဘူးလေ။
အခုဆိုရင် လမ်းကြောင်းက ရှင်းသွားပြီဖြစ်လို့ သူတို့က မူပိုင်ခွင့်ကို ရှောင်ကွင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ ကြိုးစားကြမှာ ဖြစ်ပေမဲ့ ဒါကလည်း လွယ်မှာတော့ မဟုတ်ပါဘူး။
ကံကောင်းတာတစ်ခုကတော့ OTK ဘတ္ထရီတွေရဲ့ ထုတ်လုပ်မှု ပမာဏက ကန့်သတ်ချက် ရှိနေတာပါပဲ။ ပြီးတော့ TS ကုမ္ပဏီ ကလည်း သူတို့ ကားတွေအတွက် သုံးမယ့် ဘတ္ထရီတွေကို တခြားကုမ္ပဏီတွေဆီကို ခွဲပြီး မရောင်းပေးပါဘူး။ အဲဒါကြောင့် တခြား ကားထုတ်လုပ်သူတွေက လက်ရှိ NCM ဘတ္ထရီတွေကိုပဲ ဆက်သုံးနေကြရတာပါ။ ဒါပေမဲ့ NCM ဘတ္ထရီတွေရဲ့ စျေးနှုန်းက တဖြည်းဖြည်း ကျဆင်းလာနေသလို အရောင်းပမာဏကလည်း ပုံမှန်အတိုင်းပဲ ရှိနေခဲ့တယ်။
ဥက္ကဌ လင်ဂျင်ယုံ ရဲ့ ပြောပြချက်အရဆိုရင် Volkswagen အုပ်စု နဲ့ Fiat အုပ်စု တို့က ရှိပြီးသား စာချုပ်တွေရဲ့ ပမာဏနဲ့ စျေးနှုန်းတွေကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုလာကြတယ်တဲ့။
အွန်ဆောင်း မော်တာ ကလည်း အရင်က CL အုပ်စု နဲ့ လျှပ်စစ်ကားပိုင်းမှာ ပူးပေါင်းနေခဲ့ရာကနေ ကျွန်တော်တို့ဘက်ကို လှည့်လာခဲ့ပြီး၊ GM နဲ့ ပူးပေါင်းမှုကလည်း ရှိပြီးသား စာချုပ်ပမာဏ ပြည့်သွားရင် လုံးဝကို ပြတ်တောက်သွားတော့မှာပါ။
"ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ လူမဲ့မောင်းနှင် လျှပ်စစ်ကားတွေက နယ်ပယ်အားလုံးနဲ့ ဆက်စပ်နေတာပါ။ ဘတ္ထရီ၊ ဆက်သွယ်ရေး၊ အီလက်ထရောနစ် စတာတွေပေါ့။ ခင်ဗျားတို့ အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီတွေထဲမှာဆိုရင် SSK Innovation၊ CL Chemical၊ SSK Telecom၊ CL Telecom၊ SSK Nix နဲ့ CL Electronics တို့က တိုက်ရိုက် သက်ဆိုင်နေတာလေ။ အဲဒါကြောင့် ပထမဆုံးအနေနဲ့ CL Chemical နဲ့ SSK Innovation တို့ကို OTK ဘတ္ထရီတွေရဲ့ အပ်ထည် ထုတ်လုပ်မှုကို လုပ်ဆောင်ဖို့ အဆိုပြုချင်ပါတယ်"
သူတို့ရဲ့ အမူအရာတွေက ထိုးကျနေတဲ့ ရှယ်ယာစျေးနှုန်းတွေလိုပဲ ပျက်ယွင်းနေခဲ့ကြတယ်။ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်ထားတဲ့ ဘတ္ထရီတွေအစား OTK ဘတ္ထရီတွေကို အပ်ထည်အဖြစ်ပဲ ထုတ်ပေးရမယ်ဆိုတော့ သူတို့ရဲ့ သိက္ခာကို ထိခိုက်စေတာ အမှန်ပါပဲ။
ဒါပေမဲ့လည်း အဆင့်မြင့် NCM ဘတ္ထရီ နည်းပညာက OTK ဘတ္ထရီတွေ ပေါ်လာတာနဲ့တင် ချက်ချင်း ခေတ်နောက်ကျသွားခဲ့ပြီလေ။ လောလောဆယ်တော့ ဝယ်လိုအား အနည်းငယ် ရှိနေဦးမှာ ဖြစ်ပေမဲ့ မြင်းလှည်းကို ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် မြင်းလှည်းက မြင်းလှည်းပဲ မဟုတ်ဘူးလား။
"ကျွန်တော်တို့မှာ ဘတ္ထရီတွေ ပိုလိုနေပါတယ်။ ပြီးတော့ ခင်ဗျားတို့ အုပ်စုနှစ်ခုလုံးရဲ့ စက်ရုံတွေ လည်ပတ်မှုနှုန်းက ၆၀ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိနေတာပါ။ ကြားပြီးသား ဖြစ်မှာပါ၊ ဆိုဆောင်း အီလက်ထရောနစ် ကလည်း သူတို့ရဲ့ ထုတ်လုပ်မှု ပမာဏ မလောက်ငှလို့ ထိုင်ဝမ်က TMSC နဲ့ SK Nix တို့ဆီကို အပ်ထည်စနစ် နဲ့ ထုတ်ဖို့ ပြင်နေကြပါပြီ။ အနာဂတ်မှာ အတူတူ ပူးပေါင်းရမယ့်အရာတွေ အများကြီး ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့ကော ဘယ်လို ထင်ကြလဲ"
ဥက္ကဌ ချဲဝမ်ထယ် နဲ့ ဥက္ကဌ ယန်ဂျွန်မို တို့ နှစ်ယောက်လုံး စဉ်းစားခန်း ဝင်သွားကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် လူငယ်လေးတစ်ယောက်ဆီကနေ ဒီလို စကားမျိုး ကြားရလိမ့်မယ်လို့ သူတို့ ဘယ်လိုမှ တွေးမိခဲ့ကြမှာ မဟုတ်ပါဘူး။
အဖြေကတော့ ကြိုပြီး သတ်မှတ်ထားသလိုပါပဲ။
ကုမ္ပဏီတွေက အကျိုးအမြတ်ကိုပဲ ဦးစားပေးကြတာလေ။ သိက္ခာက ဝမ်းမဝစေဘူး မဟုတ်လား။
တော်တော်လေး ကြာမှ ပါမောက္ခ ကင်မြောင်ဂျွန် ဆီကနေ ဖုန်းဝင်လာခဲ့တယ်။
"CarOS ရဲ့ ကြိုတင်အော်ဒါတွေ အများကြီး ရထားတဲ့အတွက် ဂုဏ်ယူပါတယ်"
"ကျေးဇူးတင်ပါတယ်"
"ငါတို့ ဌာနတင်မကဘဲ ဓာတုဗေဒနဲ့ မော်တော်ကား အင်ဂျင်နီယာဌာနတွေကပါ မျှော်လင့်ချက်တွေ အရမ်း ကြီးနေကြတာ။ မင်းကြောင့်မလို့ လူတိုင်းက အလုပ်အကိုင် ရဖို့အတွက် စိုးရိမ်စရာ မလိုတော့ဘူးဆိုပြီး ပျော်နေကြတာလေ"
"တကယ်လား"
"မင်း အခု SSK အုပ်စု၊ CL အုပ်စုတို့နဲ့ပါ ပူးပေါင်းနေတယ်လို့ ကြားတယ်။ အခု အခြေအနေအရ ဆိုရင်တော့ OTK ကုမ္ပဏီ က ကိုရီးယား စီးပွားရေးတစ်ခုလုံးကို ကျွေးမွေးနေတာနဲ့ တူတူပါပဲ"
သူက ချီးကျူးစကားတွေပဲ ဆက်တိုက် ပြောနေတာကြောင့် တစ်ခုခု အကူအညီ တောင်းချင်လို့ဆိုတာ ကျွန်တော် ရိပ်မိလိုက်တယ်။
"ပြောစရာ ရှိတာကိုပဲ တိုက်ရိုက် ပြောလိုက်ပါတော့။ ပါမောက္ခရယ်"
"တကယ်လား။ ဒါဆိုရင် အကူအညီ... မဟုတ်သေးဘူး။ အရေးကြီး တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ"
"……."
ပြောဆိုတော့လည်း တိုက်ရိုက်ကြီးကိုပြောချလိုက်တာပါလား။
"ဘာကိစ္စမျိုးမလို့လဲဗျာ"
" Korea Philharmonic Orchestra အကြောင်း သိတယ်မလား"
"ဟုတ်ကဲ့၊ သိပါတယ်။ Korea Philharmonic Orchestra က ကိုရီးယားတက္ကသိုလ်ကို လာပြီး တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် လာဖျော်ဖြေကြတယ်လေ"
ကျွန်တော်က ဂန္ထဝင်တေးဂီတတွေကို ပုံမှန် နားထောင်လေ့မရှိတာကြောင့် သူတို့ရဲ့ ဖျော်ဖြေပွဲတွေကိုတော့ မသွားဖူးပါဘူး။
"ဟုတ်တယ်။ Korea Philharmonic Orchestra က ၁၉၅၅ ခုနှစ်တုန်းက ကိုရီးယားတက္ကသိုလ်က ဂီတကျောင်းသားတွေ အဓိက စုပေါင်းပြီး ဖွဲ့စည်းခဲ့တဲ့ သမိုင်းကြောင်း ရင့်ကျက်တဲ့ Orchestraအဖွဲ့ကြီးပဲ။ ကိုရီးယားမှာ ထိပ်တန်း သုံးခုထဲမှာ ပါဝင်ပြီး ကမ္ဘာကပါ အသိအမှတ်ပြုထားတာ"
"ပြီးတော့ကော"
"သမိုင်းကြောင်း ရင့်ကျက်သလိုပဲ Korea Philharmonic Orchestratအဖွဲ့ လေ့ကျင့်ခန်း လုပ်ဖို့နဲ့ ဖျော်ဖြေဖို့ သုံးတဲ့ ကိုရီးယား ဂီတခန်းမကြီးကလည်း အိုဟောင်းနေပြီလေ။ မကြာသေးခင်က ဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေးချက်အရ ပြန်လည် ပြုပြင်မွမ်းမံဖို့က အရေးတကြီး လိုအပ်နေတယ်။ အဆောက်အဦးပိုင်း တိုးတက်အောင် လုပ်ဖို့လည်း လိုနေတာ။ အဲဒါကြောင့် သူတို့က လက်ရှိမှာ ကုမ္ပဏီတွေဆီကနေ အလှူငွေတွေ လိုက်ရှာနေကြတာလေ……"
"OTK ကုမ္ပဏီ ကို အလှူငွေ ထည့်ခိုင်းချင်တာလား"
"ငါက ပုံမှန်ဆိုရင် ဒီလိုမျိုး ကြားခံ တောင်းဆိုပေးတတ်တဲ့လူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုရီးယားတက္ကသိုလ်ရဲ့ တူရိယာဂီတဌာနမှူးက ငါ့ကို ခဏခဏ လာပြီး ပူဆာနေလို့ပါ"
"တူရိယာဂီတဌာနမှူး ဟုတ်လား"
ဂီတအဆောက်အဦးက စီးပွားရေးတက္ကသိုလ် အဆောက်အဦးနဲ့ တော်တော်လေး ဝေးတာကြောင့် အချင်းချင်း ဆုံခဲပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးစီမံခန့်ခွဲမှုဌာနမှာ တူရိယာဂီတဌာနမှူးက ဘယ်သူလဲဆိုတာ မသိတဲ့လူတော့ မရှိဘူး။
ဘာလို့လဲဆိုတော့……
"အဲဒါ ပါမောက္ခရဲ့ ဇနီး မဟုတ်ဘူးလား"
"……ဟုတ်ပါတယ်"
ပါမောက္ခ ကင်မြောင်ဂျွန် က သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး ပြောရှာတယ်။
"တခြား ပါမောက္ခတစ်ယောက်ကသာ လာတောင်းဆိုရင် ငါ ချက်ချင်း ငြင်းလွှတ်လိုက်မှာ၊ ဒါပေမဲ့ ငါ့မိန်းမ ဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲ။ နေ့တိုင်း လာပြီး ပူဆာနေတာကို ငါ မခံနိုင်တော့ဘူး။ သူ့ရဲ့ တပည့်ဟောင်း အများကြီးက အဲဒီ Orchestraထဲမှာ ရှိနေတော့ သူလည်း စိုးရိမ်နေပုံရတယ်။ အများကြီး လှူစရာ မလိုပါဘူး၊ နည်းနည်းလောက်ပဲ ကူညီပေးတဲ့ သဘောမျိုး လုပ်ပေးလိုက်ပါ။ တကယ်လို့ OTK ကုမ္ပဏီ ကသာ လှူလိုက်ရင် တခြားကုမ္ပဏီတွေလည်း လိုက်ပြီး လှူကြလိမ့်မယ်လေ။ ဟုတ်တယ်မလား"
ဒါက အထူးတလည် ဖြည့်ဆည်းပေးဖို့ခက်ခဲတဲ့ တောင်းဆိုမှုမျိုးတော့ မဟုတ်ပါဘူး။
ပိုက်ဆံ ရှာနိုင်လာပြီဆိုရင် အနုပညာ လုပ်ငန်းတွေကို ကူညီ ပံ့ပိုးပေးတာကလည်း အရင်းရှင်တစ်ယောက်ရဲ့ တာဝန်ပဲလေ။
Medici မိသားစုက Botticelli နဲ့ Michelangelo တို့လို အနုပညာရှင်တွေကို ပံ့ပိုးပေးခဲ့လို့ ကမ္ဘာပေါ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေ ကျန်ရစ်ခဲ့တာ ဖြစ်သလို၊ Andrew Carnegie ကလည်း Carnegie Hall ကို တည်ဆောက်ခဲ့ပြီး Rockefeller မိသားစုကလည်း Lincoln Center ကို တည်ဆောက်ခဲ့တာပါ။ ဆိုဆောင်းအုပ်စု နဲ့ CL အုပ်စု တို့ကလည်း အနုပညာခန်းမတွေကို လည်ပတ်နေကြတာပဲလေ။
ကျွန်တော်တို့တွေ အဲဒီလောက်အထိ မလုပ်နိုင်ရင်တောင် အလှူငွေ ပမာဏတစ်ခုကိုတော့ သေချာပေါက် လှူဒါန်းပေးလို့ ရပါတယ်။
"ဘာအကျိုးအမြတ်မှ မရဘဲနဲ့လှူရမှာလား"
ကျွန်တော့်စကားကြောင့် ပါမောက္ခ ကင်မြောင်ဂျွန် က လန့်သွားတယ်။
"ဟင်။ ဆင်းရဲတဲ့ ပါမောက္ခတစ်ယောက်ဆီကနေ မင်းက ဘာတွေ မျှော်လင့်နေတာလဲ"
ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။
"လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးလေဗျာ"
"ချီးပဲ... ငါ မင်းကို ပညာတွေ အရမ်း သင်ပေးမိသွားတာ ထင်တယ်။ ဒါဆို သူတို့ကို မင်းဆီ ဖုန်းဆက်ခိုင်းလိုက်ရမလား"
"ဟုတ်ကဲ့၊ ဆက်ခိုင်းလိုက်ပါ"
"အာ... ပြီးတော့ နောက်ထပ် တစ်ခုကျန်သေးတယ်။ ဘယ်တော့မှ အိမ်ထောင်မပြုနဲ့။ ဒါက ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို ပေးနိုင်တဲ့ အကြီးမားဆုံးသော သွန်သင်ဆုံးမမှုပဲ"
"……."
နောက်ပြောင်ပြီး ပြောလိုက်တာ ဖြစ်ပေမဲ့ စကားထဲမှာ တကယ့်ကို ပြင်းထန်တဲ့ ရင်တွင်းဖြစ် စစ်စစ်ကြီး ပါဝင်နေတာကို ခံစားလိုက်ရပါတယ်။
မျက်မှန်တပ်ထားတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ကုမ္ပဏီဆီကို ရောက်လာခဲ့တယ်။
"မင်္ဂလာပါရှင်။ ကျွန်မက ကိုရီးယား Philharmonic Orchestra ရဲ့ ကိုယ်စားလှယ် ပတ်ဟဲဂျင် ပါ"
"ကြိုဆိုပါတယ်ခင်ဗျာ။ တွေ့ရတာ ဝမ်းသာပါတယ်"
Orchestraအဖွဲ့ကို ဦးဆောင်တာက conductor ဖြစ်ပေမဲ့ ကိုယ်စားလှယ်မှာလည်း လုပ်စရာ အလုပ်တွေ အများကြီး ရှိပါတယ်။ အဖွဲ့ဝင်တွေကို စီမံခန့်ခွဲရသလို ဖျော်ဖြေပွဲ အချိန်ဇယားတွေနဲ့ ခန်းမငှားရမ်းခတွေ စတာတွေကို တာဝန်ယူရတာပါ။ ဒါပေမဲ့ အရေးကြီးဆုံး အလုပ်ကတော့ ဘတ်ဂျက် ရှာဖွေဖို့ပါပဲ။
ဖျော်ဖြေပွဲ လုပ်တိုင်း ဝင်ငွေ ရပေမဲ့ အဲဒါနဲ့တင် အဖွဲ့ကြီးတစ်ခုလုံးကို ရေရှည် ထိန်းသိမ်းထားဖို့က မလောက်ပါဘူး။ အရမ်း ကြီးမားပြီး အောင်မြင်တဲ့ Orchestraမျိုး မဟုတ်ရင် ဒေသန္တရအစိုးရရဲ့ ပံ့ပိုးမှုနဲ့ ကုမ္ပဏီတွေရဲ့ အလှူငွေတွေက မရှိမဖြစ် လိုအပ်ပါတယ်။
အထူးသဖြင့် အခုလိုမျိုး ဘတ်ဂျက် အများကြီး လိုအပ်တဲ့ အဆောက်အဦး ပြုပြင်မွမ်းမံမှု ကိစ္စတွေမှာတော့ ဆိုးလ်မြို့တော်အစိုးရ ကလည်း အခက်အခဲ ရှိကြောင်း ပြောထားတာကြောင့် ကိုယ်စားလှယ်ကိုယ်တိုင် ရန်ပုံငွေ ရှာဖို့ လိုက်လံ လုပ်ဆောင်နေရတာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ကော်ပိုရေးရှင်းကြီးတွေကိုယ်တိုင် အခြေအနေ မကောင်းကြ တာကြောင့် အလှူငွေ ရဖို့က ခက်ခဲနေပုံရပါတယ်။
ကုမ္ပဏီတွေက ယဉ်ကျေးမှုနဲ့ အနုပညာလုပ်ငန်းတွေကို လှူဒါန်းကြတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။ ပထမဆုံးအနေနဲ့ အခွန်လျှော့ပေါ့ခွင့် အကျိုးကျေးဇူးတွေ ရရှိနိုင်သလို (ဒါပေမဲ့ ကျွန်တော်တို့ ကော်ပိုရေးရှင်းက အခွန်ကင်းလွတ်ခွင့်နေရာမှာ တည်ထောင်ခဲ့တာမလို့ အခွန်ကင်းလွတ်ခွင့်ရဖို့မလိုပါဘူး)၊ ကုမ္ပဏီကိုလည်း ကြော်ငြာပြီးသား ဖြစ်စေပါတယ်။ ပြီးတော့ ဖျော်ဖြေပွဲတွေကို တက်ရောက်တဲ့အခါ အမျိုးမျိုးသော အကျိုးကျေးဇူးတွေ ရတာကလည်း အပိုဆောင်း အချက်တစ်ခုပါ။ အထူးဖိတ်ကြားချက်တွေ၊ သီးသန့်နေရာတွေ၊ VIP ဆက်ဆံမှုတွေ စတာတွေပေါ့။
တက်ဂယူ က မေးလိုက်တယ်။
"ဘယ်လောက်လောက် လိုလို့လဲဗျာ"
အဲဒီအခါ ကိုယ်စားလှယ် ပတ်ဟဲဂျင် က အားနာဟန်နဲ့ ပြောလာတယ်။
"ဝမ် သန်း ၂၇၀၀ ပါရှင်"
ပမာဏကို ကြားတော့ ကျွန်တော်တို့ အချင်းချင်း ကြည့်လိုက်ကြတယ်။
ပတ်ဟဲဂျင် က ပျာပျာသလဲနဲ့ ထပ်ပြောရှာတယ်။
"အာ... ပမာဏတစ်ခုလုံးကို လှူခိုင်းတာ မဟုတ်ပါဘူးရှင်။ အစိတ်အပိုင်းတစ်ခုလောက်ပဲ ကူညီပေးရင်တောင် လုံလောက်ပါတယ်"
တက်ဂယူ က လေသံတိုးတိုးလေးနဲ့ ပြောတယ်။
"ငါက ဝမ် သန်းပေါင်းသောင်းချီပြီး လိုမယ် ထင်နေတာ၊ ထင်ထားတာထက် စျေးသက်သာသားပဲ"
"ဟုတ်ပ"
ကျွန်တော်လည်း ဝမ် သန်းပေါင်း ၁သောင်းဝန်းကျင်လောက် ထင်ထားတာပါ။ ဘယ်လောက်လောက် လှူပေးရမလဲ။
ကျွန်တော် စဉ်းစားလို့ မပြီးသေးခင်မှာတင် တက်ဂယူ က ဝင်ပြောလိုက်တယ်။
"တခြားနေရာတွေမှာ လိုက်ရှာမနေပါနဲ့တော့၊ ကျွန်တော်တို့ဘက်ကပဲ လိုအပ်တဲ့ ပမာဏတစ်ခုလုံးကို လှူဒါန်းပေးပါ့မယ်"
အဲဒီစကားကြောင့် ကိုယ်စားလှယ် ပတ်ဟဲဂျင် က နေရာကနေ ထပြီး အရိုအသေပေးကာ အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောတော့တာပဲ။
"တ... တကယ်လားရှင်။ အရမ်းပဲ ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ တောင်းဆိုချက်တစ်ခုတော့ ရှိတယ်ဗျ"
"တောင်းဆိုချက် ဟုတ်လား"
"အဲဒါက သိပ်တော့ မခက်ပါဘူး၊ စိတ်မပူပါနဲ့။ ဘာလဲဆိုတော့……"
တက်ဂယူ ရဲ့ တောင်းဆိုချက်ကို ကြားပြီးနောက် ပတ်ဟဲဂျင် က အံ့ဩသွားသလို ကျွန်တော်လည်း အံ့ဩသွားရတယ်။ သူ ဘာတွေ လျှောက်ပြောနေတာလဲ။
ခဏနေတော့မှ ကိုယ်စားလှယ် ပတ်ဟဲဂျင် က စိတ်ကို ပြန်ထိန်းလိုက်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ မေးတယ်။
"ဒါ... ဒါဆိုရင် Lost Fantasy ဂိမ်းရဲ့ သီချင်းတွေကို Orchestraအဖွဲ့နဲ့ ဖျော်ဖြေပေးစေချင်တာပေါ့ ဟုတ်လားရှင်"
"အဲဒီဂိမ်းထဲမှာ ကောင်းတဲ့ သီချင်းတွေ အများကြီး ရှိတာဗျ။ အထူးသဖြင့် အပိုင်း ၇ ရဲ့ အဆုံးသတ်သီချင်းနဲ့ အပိုင်း ၁၂ ရဲ့ အဖွင့်သီချင်းတွေက တကယ့်ကို ရင်ထဲထိစေတာ။ နားထောင်ဖူးလား"
"မ... မနားထောင်ဖူးပါဘူးရှင်"
"ဒီလို လက်ရာမြောက် သီချင်းတွေကို မနားထောင်ဖူးတာက တကယ့်ကို နှမြောစရာပဲ။ A-tube မှာ ရှိတယ်၊ အားတဲ့အခါ နားထောင်ကြည့်လိုက်ပါ။ အံ့ဩသွားပါလိမ့်မယ်"
ကျွန်တော် အနေရခက်စွာနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
"ဘာလို့ ရုတ်တရက်ကြီး Lost Fantasy Orchestra ဖြစ်သွားရတာလဲ"
"ငါ ဒါကို စဉ်းစားနေတာ ကြာပြီ။ အားလုံး သိကြတဲ့အတိုင်း နောက်နှစ်က Lost Fantasy ထွက်ရှိခြင်း နှစ် ၃၀ ပြည့်လေ"
"……."
အားလုံး သိကြတယ်ဆိုတာကြီးက ဘာလို့ ငါတစ်ယောက်ထဲ မသိရတာလဲ။
"တကယ်လို့ နှစ် ၃၀ ပြည့် ဖျော်ဖြေပွဲကို လုပ်လိုက်ရင် Lost Fantasy ရဲ့ ပရိသတ်တွေအတွက် တကယ့်ကို အမှတ်တရကောင်းတစ်ခု ဖြစ်မလာလောက်ဘူးလား"
"အဲဒါကို Orchestraနဲ့ ဖျော်ဖြေရင် ဘယ်သူက လာနားထောင်မှာလဲ"
"ပရိသတ်တွေက နားထောင်မှာပေါ့"
"ဖျော်ဖြေပွဲ လာကြည့်တဲ့ ပရိသတ်နဲ့ ဂိမ်းဆော့တဲ့ ပရိသတ်က လုံးဝ မတူဘူး မဟုတ်လား"
"ဘာလို့ မတူရမှာလဲ။ ဂိမ်းဆော့တဲ့သူတွေက အသံပိုင်းဆိုင်ရာမှာ ပိုက်ဆံ အများကြီး သုံးကြတာ။ ငါတို့မှာ gaming headset တွေတောင် သီးသန့် ရှိတာပဲလေ။ ဂိမ်းသမားတွေက ဂိမ်းဆော့ရင်းနဲ့ သီချင်းတွေကို အမြဲ နားထောင်နေကြတာကွ"
"……."
ဘာလဲဟ။ ကြည့်ရတာ အကျိုးအကြောင်း ခိုင်လုံနေတော့ ပြန်ပြီး ငြင်းဖို့တောင် ခက်သွားတယ်။
တက်ဂယူ က စိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အော်ပြောတယ်။
"ငါတို့တွေ Mozart နဲ့ Beethoven သီချင်းတွေကိုပဲ ဘယ်လောက်အထိ ဆက်ပြီး တီးမှုတ်နေကြဦးမှာလဲ။ Orchestraတွေလည်း အသစ်အသစ်သော ဂီတတွေကို ဖျော်ဖြေရမယ့် အချိန်ရောက်ပြီ"
"အဲဒါက မင်းသိတဲ့ ဂီတပညာရှင်ဆိုလို့ Mozart နဲ့ Beethoven ပဲ ရှိလို့ပါ။ Johann Strauss II နဲ့ Johannes Brahms တို့လည်း ရှိသေးတယ်"
"ပြီးတော့ ကွန်ဒို ဟာယာရှီ လည်း ရှိတာပဲလေ"
"အဲဒါ ဘယ်သူကြီးလဲ"
"အားလုံး သိကြတဲ့ Lost Fantasy ရဲ့ ဂီတဒါရိုက်တာလေ။ မင်း တကယ် မသိဘူးလား"
"……."
ငါက ဘာလို့ အမြဲတမ်း အဲဒီ "အားလုံး" ထဲကနေ ဖယ်ထုတ်ခံနေရတာလဲ။
တက်ဂယူ က ကိုယ်စားလှယ် ပတ်ဟဲဂျင် ကို ကြည့်ပြီး မေးလိုက်တယ်။
"ခက်ခဲမလားခင်ဗျာ"
"မ... မခက်ခဲပါဘူး၊ ဒါပေမဲ့……"
"စဉ်းစားကြည့်စမ်းပါဗျာ။ ဒါက ကိုရီးယား Philharmonic Orchestra ရဲ့ နာမည်ကို တစ်ကမ္ဘာလုံး သိအောင် လုပ်နိုင်မယ့် အခွင့်အရေးပဲ။ ကျွန်တော်တို့ဘက်ကနေ ကြော်ငြာပိုင်းကို အင်တိုက်အားတိုက် ကူညီပေးမှာဖြစ်ပြီး တကယ်လို့ မအောင်... မဟုတ်သေးဘူး၊ အရှုံးပေါ်ခဲ့ရင်လည်း ကုန်ကျစရိတ် အားလုံးကို ကျွန်တော် တာဝန်ယူပေးပါ့မယ်။ ဒါပေမဲ့ သေချာပေါက် အောင်မြင်ပြီး အကျိုးအမြတ် ရမှာပါ"
ကိုယ်စားလှယ် ပတ်ဟဲဂျင် ရဲ့ မျက်နှာကတော့ တကယ့်ကို ဝေခွဲမရတဲ့ အမူအရာ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဝမ် သန်းပေါင်း ၂၇၀၀ ရဲ့ အလှူငွေက မက်လောက်စရာအဖြစ် ပါဝင်နေတာလေ။
ဒါက ငြင်းပယ်ဖို့အတွက် အရမ်း ကြီးမားလွန်းတဲ့ ပမာဏပါ။
အနုပညာဆိုတာ အရမ်း မွန်မြတ်တဲ့အရာ ဖြစ်ပေမဲ့ အဲဒါကို အနုပညာကိုလုပ်ဖို့အတွက် ပိုက်ဆံ လိုအပ်ပါတယ်။
ပတ်ဟဲဂျင် က ဆုံးဖြတ်ချက် ပြတ်သားသွားတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"လုပ်ပါ့မယ်ရှင်"