အခန်း ၉၂
Vol. 7 Ch. 92
အပိုင်း (၉၂)
ဖရဲသီးကြီးက မျှော်လင့်မထားဘဲ ရောက်လာခဲ့ရာ ချူဟွားကို ထမင်းမစားနိုင်အောင် ဖြစ်စေခဲ့လေသည်။
မင်းသမီးအစစ်က ထွက်ပြေးသွားပြီး အတုအယောင်ကို ဘုရားကျောင်းမှာ ထားခဲ့ကာ သတ်သတ်လွတ် စားခိုင်းခဲ့သည်။ ဒါက ဘယ်လို အံ့ဖွယ်နည်းလမ်းမျိုးလဲ။
ချူဟွားသည် စိတ်ဝင်စားနေသော်လည်း ညစာစားချိန် ပြီးဆုံးခါနီးဖြစ်၍ ဖရဲသီးအလုံးလိုက်စားရန် အချိန်မရှိတော့ပေ။
ညဘက်တွင် ရှန်အိမ်တော်မှ စာသင်ပြီး ပြန်လာချိန် လမ်းတစ်လျှောက် မြင်းလှည်းစီးရသည်မှာ ပျင်းဖို့ကောင်းသဖြင့် ဖရဲသီးကို ဆက်စားလိုက်တော့သည်။
သည်တစ်ကြိမ်တွင် ချူဟွားနှင့် system တို့သည် အုပ်စုဖွဲ့စကားပြောသည့် ပုံစံကို အသုံးပြုလိုက်ကြ၏။
သူမသည် နန်ကုန်းလင် ပေးလိုက်သည့် စာရွက်ကို ရရှိထားသော်လည်း အပြင်တွင် စုံစမ်းစစ်ဆေးရန် ကိုယ်ပိုင်လူအင်အား မရှိသောကြောင့် အခြေခံအခြေအနေကို နားလည်ရန် system ကို အကူအညီ မတောင်းလျှင် ဖြစ်မည်မဟုတ်ပေ။
ချူဟွား: [ဟူချောင်ယွင်ကို ငါ သိတယ်၊ လူကြီးမင်းဟူရဲ့ သမီးလေ၊ တစ်ယောက်တည်းနဲ့ သုံးယောက်လောက်ကို ယှဉ်နိုင်တဲ့လူ၊ သေချာပေါက် အရမ်းထူးချွန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်မှာပဲ၊ ပေါင်းသင်းဆက်ဆံဖို့ တန်ပါတယ်]
[ဒုတိယမင်းသမီးက ဘာလို့ ဒီစာရင်းထဲ ပါနေတာလဲ။ သူက မြို့တော်အပြင်ဘက် ပိုင်ယွင်သီလရှင်ကျောင်းမှာ အမြဲနေပြီး တရားဓမ္မကိုပဲ အာရုံစိုက်နေတာ မဟုတ်ဘူးလား၊ လောကီရေးရာတွေကို မမေးမြန်းဘူးဆို]
System က ကြိုတင်ပြင်ဆင်ထားသော ဇာတ်ညွှန်းအတိုင်း ပြောလိုက်သည်။ [အဲဒါက ပိုင်ယွင်သီလရှင်ကျောင်းမှာ ကျန်ခဲ့တဲ့ ဒုတိယမင်းသမီးက လူတွေကို လှည့်စားဖို့ထားခဲ့တဲ့ အတုအယောင်ပဲ၊ ဒုတိယမင်းသမီးအစစ်က ထွက်ပြေးသွားတာ ကြာလှပြီ]
ကျားယီ၊ ချိုက်ကန်း: !!!
လမ်းသွားလမ်းလာများ: !!!
ဘာ။ ဒုတိယမင်းသမီးက အတုအယောင်ကို ထားခဲ့ပြီး ကိုယ်တိုင် ထွက်ပြေးသွားတာလား။
တော်ဝင်မိသားစုမှာ ဒီလို ဖုံးကွယ်ထားတဲ့ ဖရဲသီးကြီး ရှိနေသေးတာလား။
လမ်းသွားလမ်းလာများသည် ထိတ်လန့်တကြားနှင့် ဇဝေဇဝါဖြစ်သွားကြပြီး သူတို့ဘေးမှ ဖြတ်သွားသော မြင်းလှည်းကို ပြိုင်တူ ကြည့်လိုက်ကြလေသည်။ အသံက ဒီနေရာကနေ ထွက်လာတာလား။ အထဲမှာ ဘယ်သူ ထိုင်နေတာလဲ။
ကျားယီနှင့် ချိုက်ကန်းတို့၏ လက်ထဲမှ ရှို့ချွန်းဓားများ လှုပ်ရှားသွားသည်တွင် လမ်းသွားလမ်းလာများသည် သူတို့၏ ပိုလျှံနေသော စပ်စုချင်စိတ်များကို ချက်ချင်း ထိန်းချုပ်လိုက်ကြတော့၏။
နောက်စရာလား။ အဲဒါက ကြားလိုက်ရုံနဲ့ ကြောက်လန့်သွားစေတဲ့ နန်းစောင့်တပ်သားတွေလေ။
ဖရဲသီးကို ဘယ်အချိန်မဆို စားလို့ရတာပဲ။
ခေါင်းပြတ်ခံပြီး စားစရာ မလိုပါဘူး။
နှမြောစရာတော့ ကောင်းသား။ အဲဒါက တော်ဝင်မိသားစုရဲ့ ဖရဲသီးလေ။ တစ်သက်လုံးနေမှ တစ်ခါတောင် စားရပါ့မလား။
မြင်းလှည်းသွားရာလမ်းနှင့် ခရီးကြုံသော လမ်းသွားလမ်းလာတချို့လည်းရှိရာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ဖရဲသီးစားပွဲ၏ ရှေ့ဆုံးတန်းတွင် အချိန်မရွေး ရှိနေနိုင်ရန် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြလေသည်။
နန်းစောင့်တပ်သားတွေ ဖြစ်တော့ကော ဘာဖြစ်လဲ။ နန်းစောင့်တပ်သားတွေက သူတို့ကို အိမ်ပြန်ခွင့် မပေးဘဲ နေမှာမို့လို့လား။ လမ်းသွားလမ်းလာများသည် ယုံကြည်ချက်အပြည့်ဖြင့် လိုက်ပါကာ ဖရဲသီးစားကြတော့သည်။
ဦးဆောင်ပြီး လိုက်ပါသူများ ရှိလာပြီး မောင်းထုတ်ခြင်းလည်း မခံရသဖြင့် အိမ်ပြန်လမ်းက ထိုဘက်သို့ မဟုတ်သော အခြားသူများလည်း ထိုလမ်းအတိုင်း အိမ်ပြန်သယောင် ဟန်ဆောင်ကာ လိုက်ပါလာကြ၏။
မြက်ကိုရိုက်ပြီး မြွေကို လန့်သွားစေမည် စိုးသဖြင့် ကျားယီနှင့် ချိုက်ကန်းတို့သည် ပြည်သူများကို မမောင်းထုတ်ရဲဘဲ သူတို့ လိုက်ပါလာသည်ကို လွှတ်ထားပေးလိုက်ရတော့သည်။
ကံကောင်းစွာပင် အရှင်မင်းကြီးနှင့် မှူးမတ်များသည် ချူဟွားအနေဖြင့် အိမ်တွင်သာ ဖရဲသီးစားနေမည် မဟုတ်ကြောင်း ကြိုတင် တွက်ဆထားကြပြီးဖြစ်ရာ ဤကဲ့သို့ အခြေအနေမျိုး ကြုံလာရပါက ပြည်သူများ လှုပ်ရှားမှု သိပ်မကြီးသရွေ့ အနည်းငယ် ခြိမ်းခြောက်ရုံသာ ပြုလုပ်ရန် မှာကြားထားပြီး ဖြစ်လေသည်။
ပြီးခဲ့တဲ့အကြိမ်က ယဲ့ချုံဝမ်လိုမျိုး ဖရဲသီးစားရင်း လိုက်မေးတာမျိုးတော့ လုံးဝ ခွင့်မပြုနိုင်ပေ။
ထို့ကြောင့်ပင် လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်း ဖြစ်သည်။
ချူဟွား: [ဒုတိယမင်းသမီးက ဘာလို့ ဒီလို လုပ်ရတာလဲ]
System: [ဘာလို့လဲဆိုတော့ သူက ငယ်ငယ်ကတည်းက အိမ်တွင်းပုန်း မိန်းကလေးတွေ သင်ယူရတဲ့ စောင်း၊ စစ်တုရင်၊ စာပေ၊ ပန်းချီ တွေကို မကြိုက်ဘဲ ဓားရေးလှံရေး လေ့ကျင့်ရတာကိုပဲ ကြိုက်လို့လေ၊ ဒါပေမဲ့ ဘယ်မင်းသမီးက ဒါတွေ သင်ယူမှာလဲ]
လူတိုင်းက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ် ဟုတ်တယ်။
မိဖုရားခေါင်က တိုင်းပြည်ရဲ့ မိခင်၊ အိမ်ရှင်မအားလုံးရဲ့ စံပြဖြစ်တယ်ဆိုရင် မင်းသမီးတွေက တိုင်းပြည်က မိန်းကလေးအားလုံးရဲ့ စံပြပဲလေ၊ ဘယ်လိုလုပ်ပြီး နူးညံ့သိမ်မွေ့မှု မရှိဘဲ နေ့တိုင်း သတ်တာဖြတ်တာတွေ လုပ်နေလို့ ရမှာလဲ။
ချူဟွားကတော့ ပြန်လည်ချေပနိုင်မည့် သက်သေတစ်ခုကို ချက်ချင်း ရှာတွေ့သွားသည်။ [ပေတိက မင်းသမီးတွေကျတော့ သိုင်းပညာ သင်ကြတာပဲလေ။ ပေတိမှာက လူတိုင်း သိုင်းပညာ လေ့ကျင့်ကြတာ၊ ၃ နှစ်သားလောက်ကတည်းက သစ်သားဓား စကိုင်ကြတယ်လို့ ကြားတယ်]
လူအားလုံးမှာ တစ်စုံတစ်ယောက်က သွေးကြောများကို ပိတ်လိုက်သကဲ့သို့ ခေါင်းညိတ်နေသော လှုပ်ရှားမှုများ တောင့်တင်းသွားကြပြီး ရုပ်သေးရုပ်များကဲ့သို့ ဖြစ်သွားကြတော့သည်။
ဒီလူက ဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး ယဉ်ကျေးမှု ထွန်းကားတဲ့ သာ့ရှန်းက မင်းသမီးကို အဲဒီလို ခေါင်ခေါင်ပါးပါး လူရိုင်းတွေဆီက မင်းသမီးနဲ့ နှိုင်းယှဉ်ရတာလဲ။
စကားပြောတတ်ရဲ့လား။ နှိုင်းယှဉ်တတ်ရဲ့လား။
ဒေါသအရှိန်အဟုန်က တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ အပြင်ဘက်တွင် မြင်းလှည်းမောင်းနေသူများမှာ နန်းစောင့်တပ်သားများ ဖြစ်နေပြီး အတွင်းထဲကလူက သာမန်မဟုတ်သည်ကို ထည့်သွင်းစဉ်းစားလိုက်ရသဖြင့်သာ မဟုတ်လျှင် သူတို့သည် ဝင်ပြီး ရန်ဖြစ်မိကြတော့မည်။
ချူဟွားက ထပ်ပြောလိုက်၏။ [သာ့ရှန်းက စစ်ရေးကို အလေးထားတယ်လို့ ပြောကြတယ်၊ ၃ နှစ်တစ်ကြိမ် ဆောင်းဦးရာသီ အမဲလိုက်ပွဲမှာ ငွေအများကြီး သုံးတယ်၊ စစ်သည်ရိက္ခာကိုလည်း အကြွေးမကျန်စေဘူး၊ ဒါပေမဲ့ ဒီလောက်နှစ်တွေ အများကြီး ကြာတာတောင် ညီလာခံက စစ်သူကြီး ဘယ်နှယောက်များ မွေးထုတ်ပေးနိုင်လို့လဲ]
[သာ့ရှန်းနဲ့ ပေတိ နယ်စပ်ကို မင်းသားကြီးက စောင့်ကြပ်ရတယ်၊ သာ့ရှန်းနဲ့ ရှီးရုံ နယ်စပ်ကို ဖူရွေ့ချင်းဝမ်ရဲ့ သားတော်က စောင့်ကြပ်ရတယ်၊ အားလုံးက တော်ဝင်မိသားစုဝင်တွေချည်းပဲ၊ ပေတိကို ပြန်ကြည့်လိုက်ဦး၊ တော်ဝင်မင်းသားတွေ ဆက်ခံသူတွေ နယ်စပ်မှာ နှစ်ရှည်လများ စောင့်ကြပ်နေရတာမျိုး မရှိဘူး၊ ဒါက တကယ်ကို...]
System: [ကျွတ် ကျွတ် ကျွတ်၊ နှိုင်းယှဉ်လိုက်တော့ သနားစရာ ကောင်းလိုက်တာ]
လူတိုင်း: "..."
ဒီနှိုင်းယှဉ်ချက်တွေများ၊ ရွံရှာသံများက ပါးရိုက်ခံလိုက်ရသလို တဖြောင်းဖြောင်း မြည်နေတော့သည်။
ခင်ဗျားတို့က ပေတိရဲ့ ခေါင်ပါးပြီး လူရိုင်းဆန်တာကို အထင်သေးကြပေမဲ့ ခင်ဗျားတို့က ပေတိရဲ့ လူတိုင်း စစ်ရေးလေ့ကျင့်တဲ့ စိတ်ဓာတ်ကိုတောင် မယှဉ်နိုင်ကြဘူးလေ။
သာ့ရှန်းနှင့် ရှီးရုံ၊ ပေတိတို့၏ နယ်စပ်မျဉ်းသည် ရှည်လျားလှပြီး မင်းသားကြီးနှင့် ဖူရွေ့ချင်းဝမ်၏ သားတော်တို့ကသာ စောင့်ကြပ်နေရသည် မဟုတ်ဘဲ အနည်းငယ် ဘက်လိုက်ပြောဆိုရာ ရောက်နေသော်လည်း မြင်းလှည်းထဲမှလူက အဓိကအချက်ကို ပြောလိုက်ခြင်းပင်။ သာ့ရှန်းတွင် စစ်သူကြီး နည်းပါးသဖြင့် တော်ဝင်မိသားစုဝင်များကို စေလွှတ်ခဲ့ရပြီး ပေတိတွင်တော့ မဟုတ်ပေ။ ပေတိတွင် စစ်သူကြီးများမှာ မနာလိုလောက်အောင် ပေါများလှသည်။
ပြန်လည်ချေပလို့ မရနိုင်တော့ပေ။ ဒေါသထွက်လိုက်တာ။
ချူဟွား: [ဖရဲသီး ဆက်စားရအောင်]
System: [ဟုတ်ကဲ့]
လူတစ်ယောက်နှင့် system တစ်ခု၏ ပေါ့ပေါ့ပါးပါး ပြောဆိုနေပုံက လူတိုင်းကို လည်ချောင်းထဲ ဆူးစူးနေသလို ခံစားရစေတော့သည်။ "ငါတို့ ဘယ်လောက်ပြောပြော သာ့ရှန်းက ပြုပြင်မှာမှ မဟုတ်တာ၊ မပြောတော့ပါဘူးလေ" ဆိုသည့် သဘောမျိုး ဖြစ်နေသည်။
System: [သာ့ရှန်းရဲ့ အခြေအနေက ခွင့်မပြုတော့ ဒုတိယမင်းသမီးက သိုင်းပညာကို ခိုးပြီး သင်ယူရတာပေါ့၊ သူများတွေက အိမ်မှာ ဆင်းရဲလို့ နံရံကို ဖောက်ပြီး အလင်းရောင် ယူရတယ်၊ ဒုတိယမင်းသမီးက တော်ဝင်မိသားစုက မွေးဖွားလာတာ၊ ဘယ်လို ပညာရေး အရင်းအမြစ်မျိုး မရှိလို့လဲ၊ သိုင်းပညာ သင်ဖို့အတွက် ခိုးကြောင်ခိုးဝှက် လုပ်နေရတယ်၊ ကျွတ် ကျွတ်]
[မမကြီးဟွား၊ ဒုတိယမင်းသမီး ဘယ်လို သိုင်းသင်ခဲ့လဲဆိုတာ နင် သိလား]
ချူဟွား: [နန်းတော်ထဲက ခိုးထွက်ပြီး နာမည်ဝှက်နဲ့ တစ်ယောက်ယောက်ဆီမှာ သင်တာပေါ့]
System: [တစ်ဝက်မှန်ပြီး တစ်ဝက်မှားတယ်]
လူတိုင်း: ???
ပြောတာ မှန်နေတာပဲကို ဘယ်နေရာ မှားလို့လဲ။
System: [ဒုတိယမင်းသမီးက ငယ်ငယ်ကတည်းက သိုင်းသင်ချင်ခဲ့တာ၊ နန်းတော်ထဲမှာ သူ့ကို ဘယ်သူမှ မသင်ပေးကြဘူး၊ သူ ဘယ်လောက်ပဲ ကပ်ချွဲပြီး တောင်းဆိုပါစေ၊ အရှင်မင်းကြီးနဲ့ ဟွေ့ဖေးက သဘောမတူခဲ့ဘူး၊ ဒါကြောင့် သူက နန်းတော်ထဲက ခိုးထွက်ပြီး တွေ့သမျှလူကို သိုင်းသင်ပေးဖို့ လိုက်မေးခဲ့တာ]
[ကလေးဆိုတော့ ဖြူစင်ရိုးသားပြီး သိပ်မတွေးတတ်ဘူးလေ၊ ဖြစ်နိုင်တာကလည်း တခြားနည်းလမ်း မရှိလို့ နေမှာပေါ့၊ သူက အရပ်ရှည်ပြီး သန်မာတဲ့လူကို တွေ့ရင် ပြေးသွားပြီး သိုင်းတတ်လား၊ သူ့ကို သင်ပေးနိုင်မလား၊ ပိုက်ဆံပေးမယ်လို့ မေးတာလေ]
[လူအများစုက ကလေးရဲ့ စကားကို အရေးမလုပ်ကြဘူး၊ စိတ်ထားကောင်းတဲ့သူက အိမ်က ခိုးထွက်လာတာလား မေးပြီး ပြန်ပို့ပေးဖို့ လုပ်ကြတယ်၊ တချို့ကျတော့ ဒုတိယမင်းသမီးရဲ့ ရုပ်ရည်က ချောမောနေတော့ လူကုန်ကူးချင်ကြတယ်]
ချူဟွားလည်း နည်းနည်းတော့ စိတ်ပူသွားသည်။ [မအောင်မြင်ခဲ့ဘူး မလား]
လူတိုင်းက အသက်အောင့်ထားလိုက်ကြ၏။ စကားတစ်လုံးလေး လွတ်သွားမည်ကို စိုးရိမ်နေကြ၏။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကလေးသူငယ် လူကုန်ကူးသူတွေက အမုန်းခံရဆုံးပဲ။
ဒုတိယမင်းသမီး ငယ်စဉ်က လူကုန်ကူးသူများနှင့် တွေ့ကြုံခဲ့ရသည်ကို သူတို့ မကြားဖူးခဲ့ကြသော်လည်း ၎င်းသည် တော်ဝင်လျှို့ဝှက်ချက် ဖြစ်သဖြင့် သတင်းပိတ်ပင်ထားသည်မှာ ပုံမှန်ပင် ဖြစ်သည်။
System: [အောင်မြင်သွားတယ်]
ချူဟွား: !!!
လူတိုင်း: !!!
မဟုတ်သေးပါဘူး။ အဲဒါက တော်ဝင်မင်းသမီးလေ။ လူကုန်ကူးသူတွေက အောင်မြင်သွားတယ် ဟုတ်လား။
နန်းတော်ထဲမှာ မင်းသားနဲ့ မင်းသမီးဆိုလို့ အနည်းငယ်ပဲ ရှိတာ၊ သနားစရာ ကောင်းလိုက်တာ၊ ဒုတိယမင်းသမီးရဲ့ ဘေးနားမှာ အကာအကွယ်ပေးမဲ့ ကိုယ်ရံတော်တွေ မရှိဘူးလား။
လူကုန်ကူးသူတွေက ကိုယ်ရံတော်တွေရဲ့ လက်အောက်ကနေ ဒုတိယမင်းသမီးကို ခိုးထုတ်သွားနိုင်လောက်အောင် စွမ်းအားကြီးနေတာလား။ ဒါမှမဟုတ် နန်းတော်ထဲမှာ သစ္စာဖောက် ရှိပြီး ပူးပေါင်းကြံစည်ကြတာလား။
ဒါပေမဲ့ ဒုတိယမင်းသမီးက မိန်းကလေးလေ။ ထီးနန်းဆက်ခံခွင့်လည်း မရှိ၊ အရှင်မင်းကြီးရဲ့ အချစ်တော်လည်း မဟုတ်တော့ သူ့ကို ဖမ်းပြီး ဘာလုပ်မှာလဲ။
ခေါင်းတွေ ယားလာပြီ။ ဦးနှောက် သုံးရတော့မယ်။
ချူဟွားက လူတိုင်း သိချင်နေသော မေးခွန်းကို မေးလိုက်၏။ [ဒါက ဘယ်လိုလုပ်ပြီး အောင်မြင်သွားတာလဲ]
System ၏ လေသံက ထစ်ငေါ့နေပြီး သည်ဖြစ်စဉ်ကို ဝေဖန်ရန် ခက်ခဲနေပုံရသည်။ [လူကုန်ကူးသူက ဒုတိယမင်းသမီးကို သိုင်းပညာ သင်ပေးမယ်၊ ဒါပေမဲ့ လမ်းမပေါ်မှာ သင်ပေးဖို့ မသင့်တော်ဘူး၊ နောက်ဖေးခြံဝင်းထဲ သွားပြီး သိုင်းတတ်တဲ့ ဆရာကို ရှာပြီး သင်ခိုင်းမယ်လို့ ပြောလိုက်တာ]
ချူဟွားမှာ မယုံကြည်နိုင် ဖြစ်သွားတော့သည်။ [ပြီးတော့ သူက လူကုန်ကူးသူနောက် လိုက်သွားတာလား]
[ဒါက လူစိမ်းတစ်ယောက်က မုန့်ကျွေးရင် ကောက်စားပြီး လိုက်သွားတာနဲ့ ဘာကွာလို့လဲ။ ဒါက အနိမ့်ဆုံးအဆင့် လှည့်စားမှုပဲ။ ဒါကိုတောင် ခံလိုက်ရတယ်လား။ ဒုတိယမင်းသမီးက သိုင်းပညာကို ဘယ်လောက်တောင် သင်ချင်နေတာလဲ]
ဟုတ်တယ်။ ဟုတ်တယ်။ လူတိုင်း ခေါင်းမူးသွားသည်အထိ ခေါင်းညိတ်လိုက်ကြသည်။ တော်ဝင်မင်းသမီးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အလိမ်ခံရ လွယ်တာလဲ။
System က သံကို သံမဏိမဖြစ်ရကောင်းလား လေသံဖြင့် စိတ်ပျက်စွာ ပြောလိုက်၏။ [ဟွေ့ဖေးက သူ့သမီးကို အရမ်း အလိုလိုက်လွန်းတာကိုး၊ ငယ်ငယ်ကတည်းက လကို လိုချင်ရင် လကိုပေး၊ ကြယ်ကို လိုချင်ရင် ကြယ်ကိုပေးဆိုတော့ ကောင်းကင်ဘုံက ဘယ်လောက်မြင့်မှန်း မသိတော့ဘူးလေ၊ မဟုတ်ရင် ဒုတိယမင်းသမီးက အရှင်မင်းကြီးနဲ့ ဟွေ့ဖေး သိုင်းသင်ခွင့် မပေးတာနဲ့ နန်းတော်ထဲက ခိုးထွက်ပါ့မလား]
ချူဟွား: [ဒါက ငယ်ငယ်ကတည်းက ပြည့်စုံကြွယ်ဝတဲ့ မိသားစုကနေ ကြီးပြင်းလာပြီး အခက်အခဲနဲ့ အတားအဆီးတွေကို မကြုံတွေ့ခဲ့ရတော့ ဒီလောက် ဖြူစင်ရိုးသားတဲ့ စိတ်နေစိတ်ထား ရှိလာတာပေါ့]
[နန်းတော်ထဲမှာသာ အနိုင်ကျင့်ခံရဖူးရင်၊ စိတ်ဒုက္ခ ရောက်ဖူးရင် ဒီလို လွယ်လွယ်ကူကူ အလိမ်ခံရမှာ မဟုတ်ဘူး]
ဒုတိယမင်းသမီးလို စိတ်ထားမျိုးနဲ့ဆိုရင် ကြီးပြင်းလာတဲ့အခါ ဘဝက ချောမွေ့ပါစေ၊ ယောက်ျားဆိုးတွေနဲ့ မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်၊ မဟုတ်ရင် အလိမ်ခံရဖို့ အရမ်းလွယ်ကူတယ်။
System: [ဟူး၊ မဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။ မိဖုရားခေါင်က သဘောထားကြီးတယ်၊ အနောက်ဆောင်မှာ ကလေးကလည်း နည်းပါးတယ်၊ ကိုယ်လုပ်တော်တွေ ကြားထဲမှာလည်း အကောက်ကြံတာတွေ သိပ်မရှိတော့ ဒီလို စိတ်ထားမျိုး ဖြစ်လာတာပေါ့]
[ဒုတိယမင်းသမီးက ဉာဏ်ကောင်းပါတယ်၊ တစ်ခုခု မှားနေမှန်း သိလိုက်တာနဲ့ "ကယ်ကြပါဦး" လို့ အော်လိုက်တာ၊ ပုန်းနေတဲ့ ကိုယ်ရံတော်တွေက ချက်ချင်း ထွက်လာပြီး လူကုန်ကူးသူကို ဖမ်းချုပ်လိုက်တယ်၊ အဲဒီအတွက်ကြောင့် ပြန်ပေးဆွဲခံရတဲ့ ကလေးတော်တော်များများကိုပါ ကယ်တင်နိုင်ခဲ့တယ်]
[ဒါပေမဲ့ အဲဒီကိစ္စကြောင့်ပဲ ဒုတိယမင်းသမီးက သိုင်းပညာ သင်ယူဖို့ ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့တယ်၊ မဟုတ်ရင် လူကုန်ကူးသူတွေ လူဆိုးတွေနဲ့ တွေ့တဲ့အခါ သူက သူများလာကယ်မှာကိုပဲ စောင့်နေရမှာလေ]
ဒီအချက်ကိုတော့ ချူဟွားက သဘောတူသည်။ [ဟုတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် ထွက်ပြေးလွတ်မြောက်ဖို့ အကောင်းဆုံး အခွင့်အရေးကို လက်လွတ်သွားနိုင်တယ်]
[အဲဒီနောက်ရော။ ဒုတိယမင်းသမီး ပြောင်းလဲသွားလား]
System သည် နဖူးကို ရိုက်ချင်စိတ် ပေါက်သွားလေသည်။ [မပြောင်းလဲဘူး၊ ဒုတိယမင်းသမီးက သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ ကိုယ်ရံတော်တွေ ရှိမှန်း သိသွားတော့ သတ္တိ ပိုရှိလာတယ်၊ သိုင်းတတ်ပုံရတဲ့ လူတစ်ယောက်ကို တွေ့တာနဲ့ ပြေးမေးတော့တာပဲ။ ကံတရားက ဒီလို ကလေးဆိုးကို မျက်နှာသာ ပေးတယ် ထင်ပါရဲ့၊ တကယ်ပဲ သိုင်းတတ်တဲ့ ဓားကိုယ်ရံတော် တစ်ယောက်နဲ့ တွေ့ဆုံပေးခဲ့တယ်]
[ကိုယ်ရံတော်ရဲ့ အိမ်မှာလည်း နေ့တိုင်း သိုင်းသင်ချင်တယ်လို့ အော်နေတဲ့ သမီးတစ်ယောက် ရှိတယ်လေ၊ ဒုတိယမင်းသမီးကို မြင်တော့ သူ့သမီးကို မြင်ယောင်မိပြီး စိတ်ပျော့သွားလို့ သင်ပေးဖို့ သဘောတူလိုက်တယ်၊ ဒုတိယမင်းသမီးအတွက်လည်း သူငယ်ချင်းတစ်ယောက် ရသွားပြီး သိုင်းသင်ရတာ မပျင်းတော့ဘူးပေါ့]
ချူဟွားမှာ ဘာပြောရမှန်း မသိတော့ပေ။ [ဒါက တကယ်ကို...]
လူအ,မှာ ကံကောင်းခြင်း ရှိတာပဲဟု လူတိုင်းက စိတ်ထဲတွင် တိတ်တိတ်လေး ပြောလိုက်ကြလေသည်။
System: [နန်းတော်ထဲမှာ အလိုလိုက်ခံထားရပြီး ကြီးပြင်းလာတာ၊ အရမ်း တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ သူ၊ ငယ်ငယ်ကတည်းက ဆင်းရဲဒုက္ခ မခံစားဖူးပေမဲ့ သိုင်းသင်ရတာ ပင်ပန်းတယ်၊ အခြေခံ လေ့ကျင့်ရတာ ပျင်းစရာကောင်းတယ် ဆိုတာတွေကို သူ သည်းခံနိုင်ခဲ့တယ်]
[ဒုတိယမင်းသမီးက တကယ်ပဲ သိုင်းပညာ ပါရမီ ပါလာတာ၊ ကိုယ်ရံတော်က မကြာခင် သူ့ကို မသင်ပေးနိုင်တော့ဘူး၊ သူက တခြားဆရာ တစ်ယောက် ထပ်ပြောင်းတယ်၊ ဆရာကိုလည်း မရွေးချယ်ဘူး၊ တော်တဲ့သူ ဆိုရင် သွားသင်တာပဲ၊ အဲဒါကြောင့် ပညာစုံ ရသွားတာပေါ့]
[သူ အသက် နည်းနည်း ကြီးလာတော့ အရှင်မင်းကြီးနဲ့ ဟွေ့ဖေးက သူ့ရဲ့ ဇွဲလုံ့လနဲ့ ဝါသနာကို တွေ့သွားပြီး မကန့်ကွက်ကြတော့ဘူး၊ ဒါပေမဲ့ အများသိအောင်တော့ မလုပ်ဘူးပေါ့။ သူက ကိုယ့်ဟာကို ဆရာရှာပြီး အားတဲ့အချိန် နန်းတော်ထဲက ခိုးထွက်ပြီး ဆရာဆီသွားပြီး သင်ယူတယ်]
နန်းတော်ထဲက ခိုးထွက်တာနဲ့ နာမည်ဝှက်တာက တစ်ဝက်မှန်ပြီး တစ်ဝက်မှားတယ် ဆိုတာ ဒီလိုကိုး။
ချူဟွားလည်း ဒုတိယမင်းသမီးရဲ့ သိုင်းပညာအပေါ် ထားရှိတဲ့ ဇွဲလုံ့လကို မြင်တွေ့လိုက်ရပြီး လူအများစု နန်းတွင်းစာမေးပွဲအပေါ် ထားရှိတဲ့ ဇွဲလုံ့လနဲ့ မတိမ်းမယိမ်း ဖြစ်နေကြောင်း သိလိုက်ရသည်။
[အဲဒီနောက်ရော။ ဘာလို့ အစားထိုးမဲ့သူ ရှာရတာလဲ]
System: [ဒုတိယမင်းသမီးက သိုင်းပညာ တတ်မြောက်သွားတော့ လူတွေနဲ့ ယှဉ်ပြိုင်ချင်လာတယ်၊ ကိုယ့်အရည်အချင်း ဘယ်လောက်ရှိလဲ သိချင်တာပေါ့၊ ဒါပေမဲ့ တခြားသူတွေက သူ့သရုပ်မှန်ကို သိနေတော့ တကယ် တိုက်ခိုက်တဲ့အခါ အလျှော့ပေးကြတယ်၊ ဒုတိယမင်းသမီးက စိတ်ဆိုးလို့ လူခေါ်ပြီး ထွက်ပြေးသွားတော့တာပဲ]
[သူက တွေးတယ်၊ မင်းသားကြီးက နယ်စပ်မှာ စစ်တိုက်နေတာ၊ သေချာပေါက် လူလိုမှာပဲ၊ သူ သွားရင် စစ်တပ်ကို ဦးဆောင်တဲ့ တပ်မှူး မဖြစ်ရင်တောင် သာမန် စစ်သားလေး လုပ်လို့ရတာပဲ၊ သူ့ရဲ့ သိုင်းပညာကို အသုံးချလို့ ရတာပေါ့]
[အရှင်မင်းကြီးနဲ့ ဟွေ့ဖေးက ဘယ်လိုလုပ်ပြီး သမီးပျိုလေးကို နယ်စပ်ထွက်ပြီး စစ်တိုက်ခိုင်းမှာလဲ။ မြို့တော်က ထွက်တာ သိပ်မကြာခင်မှာပဲ နန်းစောင့်တပ်သားတွေ တားဆီးတာ ခံလိုက်ရတယ်လေ။ ဒုတိယမင်းသမီးကလည်း ခေါင်းမာတယ်၊ တစ်ခါပြီး တစ်ခါ ထပ်ပြေးတယ်၊ အရှင်မင်းကြီးတောင် စိတ်ပျက်လာရော]
ချူဟွားက မေးလိုက်သည်။ [နောက်တော့ သဘောတူလိုက်တာလား]
System: [အများရှေ့မှာတော့ အရှင်မင်းကြီးက သဘောတူလို့ မဖြစ်ဘူးလေ၊ မဟုတ်ရင် တစ်ယောက်ပြီး တစ်ယောက် လိုက်ရှုပ်ကုန်ရင် ခေါင်းဆောင်မှု ဘယ်ရှိတော့မှာလဲ]
[အရှင်မင်းကြီးက လူတစ်စု လွှတ်ပြီး ဒုတိယမင်းသမီး ထွက်ခွာတာကို လိုက်ပို့ခိုင်းတယ်၊ ဒါပေမဲ့ ကြိုပြီး ပြောထားတယ်၊ လမ်းခရီးမှာ ဒုတိယမင်းသမီးက ခရီးပန်းလို့၊ စစ်တိုက်ရတာ ကြောက်လို့ ငိုယိုပြီး ပြန်လာချင်ရင် ချက်ချင်း မြို့တော်ကို ပြန်လာရမယ်၊ ပြီးရင် ဒီတစ်သက် သိုင်းသင်တာ၊ စစ်တိုက်တာကို ဘယ်တော့မှ ထပ်မပြောရဘူး]
စကားက ဒီအထိ ရောက်လာတော့ ဒီကိစ္စရဲ့ ရလဒ်က ဘာလဲဆိုတာ လူတိုင်း သိနေကြပြီ။
ဒုတိယမင်းသမီးက သေချာပေါက် သဘောတူလိုက်ပြီး နယ်စပ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်၊ မဟုတ်ရင် အစားထိုးသူကို မြို့တော်မှာ ထားခဲ့မှာ မဟုတ်ဘူး။
နန်ကုန်းလင်က ဒုတိယမင်းသမီး၏ နာမည်ကို စာရင်းထဲ ထည့်ထားသည့်အကြောင်းအရင်းကို ချူဟွားလည်း နားလည်သွားတော့သည်။
ဒါက နျဲ့ရွှေထက် ပိုကြမ်းတမ်းတဲ့ အမျိုးသမီး စစ်သူကြီးပဲ။ ဂုဏ်ဒြပ်၊ နေရာ၊ အရည်အချင်းနဲ့ အတွေ့အကြုံ ဘက်ပေါင်းစုံမှာ နျဲ့ရွှေထက် သာလွန်တယ်။
System: [အရှင်မင်းကြီးက အစတုန်းက တွေးထားတာ၊ သူ့သမီးက အလိုလိုက်ခံထားရတာ၊ သိုင်းသင်တဲ့ ဒုက္ခကို ခံနိုင်ရင်တောင် ခရီးသွားရတဲ့ ဒုက္ခကို ခံနိုင်မှာ မဟုတ်ဘူး၊ မြို့တော်က ထွက်တာ မကြာခင်မှာပဲ ငိုယိုပြီး ပြန်လာမှာလို့လေ]
[အရှင်မင်းကြီးက အရမ်း ယုံကြည်မှု ရှိနေတာ၊ အဲဒီ အကြောင်းပြချက်နဲ့ ဟွေ့ဖေးကို နှစ်သိမ့်တယ်၊ ပြီးတော့ ဟွေ့ဖေးနဲ့ လောင်းကြေး ထပ်လိုက်သေးတယ်၊ ဒုတိယမင်းသမီး ဘယ်အချိန် ပြန်ရောက်မလဲ ဆိုပြီးတော့လေ]
အရှင်မင်းကြီးက အစပိုင်းမှာ အေးဆေးတည်ငြိမ်နေရာကနေ ကြားထဲမှာ နည်းနည်း ထိတ်လန့်လာပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြန်လုပ်ရတယ်။ အချိန်ပြည့်ခါနီးတော့ မျှော်လင့်တကြီး ရက်တွေ ရေတွက်နေပြီး နောက်ပိုင်း သမီးဖြစ်သူက ဘယ်လိုမှ ပြန်မလာတော့ ထုံထိုင်းသွားတဲ့အထိ ခံစားခဲ့ရမှာကို တွေးမိလိုက်တော့...
သွားပြီလေ။ ချူဟွားမှာ ကိုယ့်စိတ်ကူးနှင့်ကိုယ် ရယ်လွန်းလို့ သေတော့မည်။
ချူဟွား: [ဟားဟားဟား အရှင်မင်းကြီး ဒီတစ်ခါတော့ ရှုံးပြီ။ သူ ဘယ်လောက် ကြာမယ်လို့ လောင်းထားတာလဲ]
System: [နှစ်လ၊ အသွားအပြန် လမ်းခရီး ကြာချိန်ပါ ထည့်တွက်ထားတာ]
[ဟွေ့ဖေးက သူ့သမီးအကြောင်း ပိုနားလည်တယ်။ သမီးက ခေါင်းမာတယ်။ အပြင်မှာ အနည်းဆုံး ခြောက်လလောက်တော့ နေနိုင်မယ်လို့ ထင်ခဲ့တာ]
ချူဟွားက ရယ်လိုက်တော့သည်။ [ဒါဆို နှစ်ယောက်လုံး ရှုံးသွားတာပေါ့]
System: [ဟုတ်တယ်၊ တစ်လ ကြာသွားတယ်၊ ဒုတိယမင်းသမီးက လမ်းခရီးမှာ မြင်းဒုန်းစိုင်းစီးနေတယ်၊ နှစ်လ ကြာသွားတယ်၊ ဒုတိယမင်းသမီးက နယ်စပ်မှာ တိုက်ခိုက်နေပြီ၊ ခြောက်လ ကြာသွားတယ်၊ ဒုတိယမင်းသမီးက တပ်မှူးလေး ဖြစ်နေပြီ]
[အရှင်မင်းကြီးနဲ့ ဟွေ့ဖေးတို့ ပါးရိုက်ခံလိုက်ရပေမဲ့ နည်းနည်းတော့ ဂုဏ်ယူမိကြတယ်၊ ကြည့်ပါဦး၊ ဘယ်တိုင်းပြည်က မင်းသမီးက သူတို့သမီးလို တော်လို့လဲ၊ ဟုတ်တယ်မလား။ ဒါပေမဲ့ ဂုဏ်ယူတာက ဂုဏ်ယူတာပဲ၊ ဒီလိုကိစ္စကို အားပေးလို့ မဖြစ်ဘူး၊ မဟုတ်ရင် တခြား မင်းသားမင်းသမီးတွေ လိုက်လုပ်ကုန်ရင် ဘယ်လိုလုပ်မလဲ]
[ဒါကြောင့် ဒုတိယမင်းသမီးနဲ့ ရုပ်ချင်းဆင်တူတဲ့သူကို ရှာပြီး အယောင်ဆောင် ခိုင်းထားရတာ၊ ဒါပေမဲ့ ဒုတိယမင်းသမီးက ပြန်မလာတော့ ဒီအယောင်ဆောင်မှုက ပေါ်သွားမှာ စိုးလို့ အစားထိုးသူကို ပိုင်ယွင်သီလရှင်ကျောင်းကို ပို့လိုက်ရတယ်၊ သူက တရားဓမ္မကို အာရုံစိုက်ပြီး သာ့ရှန်းနဲ့ ပြည်သူတွေအတွက် ဆုတောင်းပေးဖို့ သွားတယ် ဆိုပြီးတော့လေ]
အရေးကြီး ကိစ္စ မရှိရင် ဘယ်သူကမှ သီလရှင် ဝတ်နေတဲ့သူကို သွားမနှောင့်ယှက်ကြဘူးပေါ့။ မင်းသမီးက တိုင်းပြည်နဲ့ ပြည်သူအတွက် ဆုတောင်းပေးနေတာကို နှောင့်ယှက်ရဲတဲ့ သတ္တိ ဘယ်သူ့မှာ ရှိမှာလဲ။
ဒီအကြောင်းပြချက်က တော်တော်လေး ပြည့်စုံတယ်လို့ ပြောလို့ရတယ်။
ချူဟွား: [ဒီလောက်နှစ်တွေ အများကြီး ကြာတာတောင် မပေါ်ဘူးလား]
System: [ဘယ်ကလာ မပေါ်ဘဲ နေမှာလဲ။ ဒီနည်းလမ်းက အပြင်လူတွေကို လိမ်လို့ ရတာပဲ ရှိတာ]
[ဒုတိယမင်းသမီးက ပုံမှန်ဆို မပေါ်လာရင် ကိစ္စ မရှိဘူး၊ နှစ်သစ်ကူး နန်းတွင်းပွဲတော်တွေမှာ မတက်ရောက်ရင် မဖြစ်ဘူးလေ၊ တက်ရောက်ပြန်တော့လည်း မျက်နှာဖုံး တပ်ထားတယ်၊ မျက်နှာမှာ အနီကွက်တွေ ထွက်နေလို့၊ အဆိပ်ရှိတဲ့ အကောင် ကိုက်ခံရလို့ ဆိုပြီး ပြောတယ်၊ တစ်ခါ နှစ်ခါဆို ဟုတ်သေးတယ်၊ အကြိမ်များလာတော့ ပြဿနာ ရှိမှန်း သိသာနေတာပေါ့]
[မှူးမတ်တွေက ကွယ်ရာမှာ ဘယ်လောက်တောင် ထင်ကြေးပေးနေကြမလဲ၊ ဒါပေမဲ့ တော်ဝင်မိသားစုရဲ့ မျက်နှာကို ထောက်ပြီး မပြောရဲကြဘူး၊ ပြီးတော့ ဒုတိယမင်းသမီးက ခင်ပွန်း မရွေးချယ်တော့ ကောင်းကျိုး ဆိုးကျိုးက သူတို့နဲ့ မဆိုင်ဘူးလေ၊ လူတိုင်းက အရှင်မင်းကြီးနဲ့ ပူးပေါင်းပြီး ဟန်ဆောင်နေကြတာ]
ချူဟွားက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။ [မင်းသမီးရဲ့ အစားထိုးသူက သဘောထား ကွဲလွဲတာ မရှိဘူးလား]
System: [မရှိပါဘူး၊ သူက ဒုတိယမင်းသမီး နန်းတော်ထဲက ခိုးထွက်တုန်း လူကုန်ကူးခံရမလို ဖြစ်ရာကနေ ကယ်တင်ခံခဲ့ရတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ပဲ]
[တခြားသူတွေက အဖမ်းခံရတာ၊ ဒီတစ်ယောက်ကတော့ မိသားစုက ရောင်းစားတာ၊ ဒုတိယမင်းသမီးက သနားလို့ သူ့ကို ခေါ်ထားချင်ပေမဲ့ နန်းတော်ဆိုတာ ဘယ်လိုနေရာမျိုးလဲ။ ဘယ်လိုလုပ်ပြီး ကြုံရာလူကို ခေါ်သွားလို့ ရမှာလဲ။ ပြီးတော့ နန်းတော်ထဲ ဝင်ရင် အစေခံ လုပ်ရမှာ၊ မိန်းကလေးက အဆင်ပြေချင်မှ ပြေမှာ၊ ရွေးချယ်မှု ကောင်းလည်း မဟုတ်ဘူး]
[ဒုတိယမင်းသမီးက လူကို နန်းတော်ပြင်ပမှာ ထားဖို့ ဆုံးဖြတ်လိုက်တယ်၊ မိသားစု အများကြီးကို လိုက်ကြည့်ပေမဲ့ မကြိုက်ဘူး၊ စဉ်းစားရင်းနဲ့ သူ့ကို သိုင်းသင်ပေးတဲ့ ဓားကိုယ်ရံတော် မိသားစုကို သွားမေးကြည့်တယ်၊ နှစ်ဖက်စလုံး အဆင်ပြေတယ် ဆိုမှ အဲဒီမိသားစုကို မိန်းကလေးကို မွေးစားခွင့် ပေးလိုက်တာ]
[ဒုတိယမင်းသမီးက မိန်းကလေးအပေါ်မှာ အသက်ကယ်တဲ့ ကျေးဇူး ရှိတယ်၊ ပြီးတော့ သင့်တော်တဲ့ မိသားစုကို ရှာဖွေပေးထားသေးတယ်၊ သူက ဒုတိယမင်းသမီး နောက်ကို အမြဲလိုက်နေတော့ အရမ်း ရင်းနှီးနေပြီး အတုလုပ်လို့ ရတယ်၊ ဒုတိယမင်းသမီးကို ကူညီဖို့ ဆန္ဒရှိလို့ သူ့ကို အစားထိုးခိုင်းတာ]
[ပြီးတော့ ဒုတိယမင်းသမီး နယ်စပ်ကို သွားတုန်းက ကိုယ်ရံတော်ရဲ့ သမီးအရင်းလည်း လိုက်သွားတာ၊ ခရီးဝေးတော့ ဆက်သွယ်ဖို့ ခက်ခဲတယ်၊ လနဲ့ချီပြီး သတင်း မရတာမျိုး ဖြစ်နိုင်တယ်၊ သူက အစားထိုးသူ လုပ်လိုက်ရင် စစ်တပ်နဲ့ တော်ဝင်မိသားစုရဲ့ လမ်းကြောင်းကနေ ညီအစ်မ နှစ်ယောက်ဆီက သတင်းကို တစ်ပြိုင်နက် ရနိုင်တယ်၊ စာပြန်လို့လည်း ရတယ်၊ သူက အရမ်း ကျေနပ်နေတာ]
ချူဟွားသည် အမျိုးသမီးချင်း ရိုင်းပင်းကူညီမှုကြောင့် ထပ်မံ စိတ်လှုပ်ရှားသွားရပြန်သည်။ [နောက်ထပ် အမျိုးသမီးက အမျိုးသမီးကို ကူညီတာပဲ]
System လည်း နည်းနည်း စိတ်လှုပ်ရှားနေသည်။ [ဒါတင် ဘယ်ကမလဲ။ မိန်းကလေးက ညီအစ်မ နှစ်ယောက် နယ်စပ်မှာ စစ်တိုက်နေတာ အရမ်း အန္တရာယ်များတယ် ဆိုပြီး စိုးရိမ်နေတာ၊ သူတို့ကို ဘယ်လို ကူညီရမလဲ စဉ်းစားရင်း အိပ်မပျော်ဘူး]
[သူက သိုင်းပညာ ပါရမီ မပါဘူး၊ အဲဒါကြောင့်လည်း ဒုတိယမင်းသမီးက သူ့ကို မခေါ်သွားတာ၊ နောက်ပိုင်းမှာ မိန်းကလေးက ပိုင်ယွင်သီလရှင်ကျောင်းမှာ ဆရာကြီးနဲ့ ဆေးပညာ သင်ယူရင်း ဆေးပညာနဲ့ ဆေးဖော်စပ်ရာမှာ ပါရမီ ပါမှန်း သိသွားတယ်၊ ကိုယ့်ဟာကို ဆေးစမ်းသပ် ဖော်စပ်ပြီး ညီအစ်မ နှစ်ယောက်ဆီ တော်ဝင်လမ်းကြောင်းကနေ ဆေးတွေ အများကြီး ပို့ပေးခဲ့တယ်]
[မေ့ဆေး၊ ထုံဆေး၊ သွေးတိတ်ဆေး... သူပို့လိုက်တဲ့ ဆေးတွေက အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်၊ ညီအစ်မ နှစ်ယောက်က စာပြန်ပြီး သူ့ကို ချီးကျူးအားပေးကြတယ်၊ မိန်းကလေးက အားတွေ တက်လာပြီး ယောက်ျားလေးလို ဝတ်ဆင်ရင်း ပြည်သူတွေကို အခမဲ့ ဆေးကုပေးတယ်၊ လူအများကြီးကို ကယ်တင်ခဲ့တယ်၊ ဆေးပညာလည်း ပိုတော်လာတယ်၊ တကယ်ကို ကောင်းမွန်တဲ့ မိန်းကလေးပါ]
ချူဟွား၏ မျက်လုံးနှင့် မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ [ဟုတ်တယ်၊ အားလုံးက မိန်းကလေးကောင်းတွေပဲ၊ အရမ်းကို တော်တဲ့ မိန်းကလေးတွေပဲ]
ဒါကြောင့် ဒီလို တော်တဲ့ မိန်းကလေးတွေအတွက် သူ သေချာပေါက် ဆက်ပြီး ကြိုးစားရမယ်။ သူတို့ကို ကာကွယ်ပေးရမယ်။
...