အခန်း ၉၃
Vol. 7 Ch. 93
အပိုင်း (၉၃)
နန်ကုန်းလင်၏ စာရင်းထဲတွင် လူနည်းနည်း ကျန်နေသေးသော်လည်း ဤဖရဲသီး စားပြီးသည်နှင့် ချူအိမ်တော်သို့ ရောက်တော့မည် ဖြစ်သောကြောင့် ဒုတိယ ဖရဲသီးစားရန် အချိန်မလောက်တော့ပေ။ ချူဟွားနှင့် system တို့သည် လမ်းခုလတ်တွင် အနားယူလိုက်ကြပြီး လမ်းသွားလမ်းလာများလည်း ကိုယ့်အိမ်ကိုယ် ပြန်ကြရတော့သည်။
ထိုညတွင် သက်ဆိုင်ရာ သတင်းများကို နန်းတော်သို့ ပို့ဆောင်လိုက်ချိန်၌ ချူဟွားက ကျားယီကို လုပ်ခိုင်းလိုက်သည့် ဟူချောင်ယွင်ကို စုံစမ်းရန် ကိစ္စလည်း ပါဝင်လေသည်။
အရှင်မင်းကြီးသည် အစီရင်ခံစာ၏ အစကို မြင်လိုက်သည်နှင့် ချူဟွားက ဟူချောင်ယွင်ကို စုံစမ်းရသည့် ရည်ရွယ်ချက်အမှန်ကို သိရှိလိုက်၏။
မိန်းကလေး တော်တော်များများက ပုံစံသစ် တစ်မျိုး ကစားနေကြခြင်း ဖြစ်သည်။ အရည်အချင်းရှိသော အမျိုးသမီးများကို စုစည်းပြီး ကိုယ်တိုင်နှင့် အခြား အမျိုးသမီးများအတွက် လိုချင်သော အခွင့်အရေးနှင့် နေရာများကို တိုက်ယူကြခြင်း ဖြစ်၏။
ချူဟွားက ပထမဆုံးလူ ဖြစ်သလို စီမံကိန်းကို စတင်သူလည်း ဖြစ်ပြီး နျဲ့ရွှေနှင့် နန်ကုန်းလင်တို့သည် ချူဟွား၏ ကျေးဇူးကြောင့် ပါဝင်လာကြသည်။ ရက်အနည်းငယ် ကြာလျှင် ဟူချောင်ယွင်က တတိယမြောက်လူ ဖြစ်လာလိမ့်မည်။
မကြာမီတွင် ဒုတိယမင်းသမီးနှင့် သူ၏ ညီအစ်မ နှစ်ယောက်လည်း ပါဝင်လာကောင်း ပါဝင်လာလိမ့်မည်။
အရှင်မင်းကြီးသည် ဤစီမံကိန်း၏ ဆွဲဆောင်မှုကို သံသယ မဖြစ်ပေ။ အခွင့်အာဏာဆိုသည်မှာ ကောင်းမွန်သော အရာဖြစ်ရာ မည်သူက မလိုချင်ဘဲ နေပါမည်နည်း။
ဘုရင်မဆိုသည့်အရာက ရှေ့က ရှိနေခဲ့ပြီး ချူဟွားကလည်း လမ်းခင်းပေးထားရာ ရည်မှန်းချက်ကြီးပြီး မလိုလားသော အမျိုးသမီးများသည် ဤရှားပါးလှသော အခွင့်အရေးကို မြဲမြံစွာ ဆုပ်ကိုင်ကြပေလိမ့်မည်။
အင်း။ မဆုပ်ကိုင်နိုင်သူများလည်း ရှိပါသေးသည်။
ဒုတိယမင်းသား၏ အနောက်ဆောင်မှ အမျိုးသမီးများထဲတွင် ပါးစပ်နား ရောက်လာသော အခွင့်အရေးကိုပင် မလိုချင်သူများ ရှိနေကြ၏။
ချူဟွားကလည်း သည်လိုနေရာတွင် တော်သည်။
အရှင်မင်းကြီးသည် ရည်မှန်းချက်ကြီးပြီး ရည်မှန်းချက်နှင့် ထိုက်တန်သော အရည်အချင်းရှိသူများကို နှစ်သက်သဘောကျရာ ဤလိုလူမျိုးကို အကူအညီပေးရန် ဝန်မလေးပေ။
"လူတစ်ယောက်ကို စစ်ဆေးတာပဲလေ၊ ဘာများ အရေးကြီးလို့လဲ၊ ခွင့်ပြုလိုက်"
လင်ယိုက လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အမိန့်နာခံပါတယ်"
ငြိမ်ဝပ်ပိပြားရေးဌာနသည် ညလုံးပေါက် အလုပ်လုပ်ကြပြီး မိုးမလင်းခင် ကျားယီကို ဟူချောင်ယွင်၏ အချက်အလက်များအား ချူဟွားရှေ့သို့ ပို့ဆောင်ခိုင်းလိုက်လေသည်။
ထင်ထားသည့်အတိုင်း system စုံစမ်းထားသော အကြောင်းအရာများနှင့် မတိမ်းမယိမ်း ဖြစ်နေ၏။
အနည်းငယ် ကွာခြားသည်မှာ လူကြီးမင်းဟူက ဟူချောင်ယွင်အတွက် ရှာပေးထားသော ဆရာသည် သာမန်အဆင့်သာ ရှိကြောင်း system က ပြောထားသော်လည်း ထိုဆရာသည် နန်းစောင့်တပ်သားများ၏ စံသတ်မှတ်ချက်တွင် အလွန် သာမန်ဆန်နေသည် ဟူ၍ ဖြစ်လေသည်။
ချူဟွား: "..."
System: [...]
System သည် ဝမ်းနည်းသွားပြီး ပြောစရာ စကားများ ရှိလာတော့သည်။ [လူတိုင်းရဲ့ စံသတ်မှတ်ချက်က မတူဘူးလေ၊ system အမှားမပါဘူးလို့ ငါ အာမခံရဲတယ်]
System ၏ အသံသည် ဒေါသထွက်နေသဖြင့် system အတုံးလေး မကျေမနပ် ဖြစ်နေမှန်း ချူဟွား သိလိုက်ရပြီး အလျင်အမြန် နှစ်သိမ့်လိုက်ရ၏။ [နင် မှားတယ်လို့ ငါ မပြောပါဘူး]
[စံသတ်မှတ်ချက် အချက်အလက်တွေကို အတိအကျ သတ်မှတ်ပြီး လူတိုင်းကို ပုံသေ စံနှုန်းအတိုင်း လုပ်ခိုင်းတာ မဟုတ်ရင် "သာမန်" ဆိုတာ တကယ်တော့ ကိုယ်ပိုင်အမြင်၊ ပုဂ္ဂိုလ်ရေး စံနှုန်းမို့လို့ အမှားအမှန် ခွဲခြားလို့ မရပါဘူး]
System သည် အလွန် ချော့ရလွယ်ကူသဖြင့် ချက်ချင်းပင် စိတ်မဆိုးတော့ဘဲ ပြုံးရွှင်စွာဖြင့် ပြောလာသည်။ [ဒါဆို ငါ စလိုက်တော့မယ်နော်]
ချူဟွား: [ကောင်းပြီ]
မနေ့ညကတည်းက ချူဟွားသည် နန်းစောင့်တပ်သားများ၏ စွမ်းဆောင်ရည်ကို ခန့်မှန်းထားပြီး ဒီမနက် အဖြေရမည်ဟု ယူဆကာ system နှင့် တိုင်ပင်ပြီး ဖြစ်နိုင်ခြေရှိသော လှုပ်ရှားမှုများနှင့် တုံ့ပြန်မည့် အစီအစဉ်တစ်ခုကို ရေးဆွဲထားခဲ့လေသည်။
အရာအားလုံးသည် သူမ၏ ခန့်မှန်းချက်ထဲတွင် ရှိနေကြောင်း လက်တွေ့က သက်သေပြနေပြီ ဖြစ်သဖြင့် ယခု အသုံးပြုလို့ ရပေပြီ။
Systemက အလွန် ဂုဏ်ယူနေတော့သည်။
ကူးပြောင်းလာစဥ်က အသင့်တော်ဆုံး သခင်ကို ရှာဖွေရန် ဖရဲသီး အများအပြား သုံးစွဲခဲ့ရသည်မှာ အလကား မဖြစ်ခဲ့ပေ။ ချူဟွားက အမှန်တကယ် အတော်ဆုံး ဖြစ်လေသည်။
ထူးချွန်သော သခင်နှင့် အတူနေရသည်မှာ ကြာလာသဖြင့် ၁၈၈ သည်လည်း အလွန် တော်လာပြီး အနည်းဆုံးတော့ ဟန်ဆောင်ပန်ဆောင် သရုပ်ဆောင်သည့်အပိုင်းတွင် ကျွမ်းကျင်နေပြီ ဖြစ်၏။
System: [မမကြီးဟွား၊ ဟူချောင်ယွင်က ဒီလောက် တော်တာကို အရမ်း သာမန်ကျတဲ့ ဆရာနဲ့ ပေးထားတာ၊ နှမြောစရာ မကောင်းဘူးလား]
ချူဟွား၏ လေသံသည် အနည်းငယ် တုံ့ဆိုင်းနေ၏။ [ဟုတ်သားပဲ]
ကျားယီနှင့် ချိုက်ကန်း: "..."
မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့တော့ အန္တရာယ် ရှိနေပြီ။
ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံးသည် အသက် ၇၀ ရှိနေပြီဖြစ်ရာ နောက်ထပ် ကျောင်းသားတစ်ယောက် လက်ခံရန် မည်သည့် ခွန်အား ရှိပါဦးမည်နည်း။ သူတို့ကို လွှတ်ပေးလိုက်ကြပါတော့။
ချူဟွားကတော့ ထိုမျှလောက်ထိ ရက်စက်ကြမ်းကြုတ်ခြင်း မရှိပေ။
ခေတ်သစ်က ဆရာများသည် ကျောင်းသား အများအပြားကို သင်ကြားနိုင်ခြင်းမှာ သူတို့၏ အဓိက အလုပ်ဖြစ်ပြီး ဘာသာရပ် တစ်ခုတည်းကိုသာ သင်ကြားရသောကြောင့် ဖြစ်သည်။ မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့ကတော့ ညီလာခံ၊ နိုင်ငံရေး ကိစ္စများကို ကိုင်တွယ်ပြီးမှ အချိန်ဖဲ့ပြီး ကျောင်းသားများကို သင်ကြားပေးရခြင်း ဖြစ်လေသည်။
ထို့အပြင် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့၏ အသက်အရွယ်နှင့် ဆိုလျှင် ခေတ်သစ်၌ အငြိမ်းစား ယူပြီးပြီ ဖြစ်သည်။
သူမသည် အလွန် စိတ်ဝင်စားသော်လည်း အသက်အရွယ် ကြီးရင့်နေသော လူကြီးများကို ကျောင်းသား အများအပြား လက်ခံရန် အားနာနေမိသည်။
ချူဟွား: [system ရေ၊ နင် ကူညီပြီး ပညာအရည်အချင်း မြင့်မားပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ဆရာတစ်ယောက် ရှာပေးပါဦး]
[ဘက်စုံ ကောင်းမွန်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ သင့်တော်တဲ့သူ မရှိရင်လည်း တစ်ဖက်ဖက်မှာ ထူးချွန်တဲ့သူကို ရွေးလို့ ရပါတယ်၊ အလွန်ဆုံး ဆရာ များများ ရှာပေးလိုက်ရုံပေါ့]
System: [ဒုတိယမင်းသမီးလိုမျိုး ဒါပြီးရင် ဟိုဟာသင်၊ ဆရာတွေရဲ့ ပညာအကုန်လုံးကို ညှစ်ယူမှာလား]
ချူဟွားက ရယ်မောလိုက်၏။ [ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]
[ဒုတိယမင်းသမီးက စတာ စောတော့ တစ်ခုပြီး တစ်ခု သင်ဖို့ အချိန်ရှိတယ်လေ၊ သူက စတာ နောက်ကျတော့ လမ်းကြောင်းမျိုးစုံကို တစ်ပြိုင်နက်တည်း သင်ယူရမှာပေါ့]
လူတိုင်း: "..."
ဤစကားကို ကြားရသည်မှာ "ငါ ဒုက္ခရောက်နေရင် နင်တို့လည်း သက်သောင့်သက်သာ မနေရဘူး" ဆိုသည့် ခံစားချက်မျိုး ဖြစ်နေသည်မှာ သူတို့၏ ထင်ယောင်ထင်မှား ဖြစ်ပါလေစ။
System သည် မနေ့ညကတည်းက ဆရာကို ရွေးချယ်ပြီး ဖြစ်သော်လည်း ဟန်ဆောင်ပန်ဆောင် တိတ်ဆိတ်နေလိုက်ပြီး အချိန်ကိုက်မှ ပြောလိုက်လေသည်။ [တွေ့ပြီ]
[ချိုဟုန်ရှန်းက မင်းဆရာအိုကြီးရဲ့ တပည့်ရင်းပဲ၊ ၁၈ နှစ်နဲ့ ပထမဆု ရခဲ့တယ်၊ နောက်ပိုင်း အရာရှိလောကရဲ့ ပတ်ဝန်းကျင်ကို မကြိုက်လို့ အလုပ်ထွက်ပြီး ဆရာ လုပ်နေတာ၊ ထူးချွန်တဲ့ ကျောင်းသား အများအပြားကို မွေးထုတ်ပေးခဲ့တယ်]
[ဒါပေမဲ့ သူ့ရဲ့ သတ်မှတ်ချက်က တော်တော် မြင့်တယ်၊ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရား မကိုက်ညီရင် မိသားစု ဂုဏ်ဒြပ် ဘယ်လောက်မြင့်မြင့်၊ ငွေ ဘယ်လောက်ပေးပေး သူက လက်မခံဘူး၊ လူကိုတောင် ရိုက်နှက် မောင်းထုတ်ပြီး 'ဘယ်သူက မင်းရဲ့ ပုပ်စော်နံနေတဲ့ ပိုက်ဆံကို မက်မောလို့လဲ' လို့ ဆဲဆိုဖူးတယ်]
ရိုက်နှက် မောင်းထုတ်ခံရသူ မည်မျှ ရှက်ရွံ့မည်ကို ချူဟွား တွေးပင် မတွေးရဲပေ။ နေရာမှာတင် တားမြစ်နန်းတော် တစ်ခုလောက် တူးဆွမိတော့မလို ဖြစ်သွားပေလိမ့်မည်။
[ဒီလို ခေါင်းမာတဲ့ စိတ်ဓာတ်နဲ့ သူက အိတ်စွပ်ပြီး အရိုက်မခံရဘူးလား]
System က ဟားတိုက် ရယ်မောလိုက်၏။ [ကွယ်ရာမှာ သူ့ကို အိတ်စွပ် ရိုက်ချင်တဲ့သူတွေ အများကြီးပဲ၊ အရုပ်လုပ်ပြီး ကျိန်စာတိုက်တဲ့သူတွေလည်း အများကြီး၊ ဒါပေမဲ့ သူက မင်းဆရာအိုကြီးရဲ့ တပည့်ရင်း ဖြစ်နေတော့ အားလုံးက မင်းဆရာအိုကြီးရဲ့ မျက်နှာကို ထောက်ပြီး သူ့ကို လွယ်လွယ်ကူကူ မထိရဲကြဘူး]
[ပြီးတော့ လူတော်တော်များများမှာ ထူးဆန်းတဲ့ အသိတစ်ခု ရှိကြတယ်၊ ပိုတော်တဲ့သူတွေက စိတ်နေသဘောထား ပိုထူးဆန်းတတ်တယ် တဲ့၊ ဘဝင်မြင့်ပြီး ကျောင်းသား လက်ခံတဲ့ စံနှုန်း မြင့်တာလေးပဲ မဟုတ်လား၊ အားလုံးက နားလည်ပေးနိုင်ကြတယ်၊ နားမလည်နိုင်တဲ့သူတွေလည်း နားလည်အောင် အပြောခံလိုက်ရတာပဲ]
[သူ့ရဲ့ သတ်မှတ်ချက်က တင်းကျပ်တာကြောင့် သူ့တပည့် ဖြစ်ခွင့်ရတာနဲ့ တစ်ဝက်လောက် အောင်မြင်ပြီလို့ သတ်မှတ်လို့ ရတယ်၊ ဒါကြောင့် သူ့စိတ်ဓာတ်က ဆိုးရွားပြီး ပါးစပ်ကြမ်းပေမဲ့ မိဘအများစုက ကလေးတွေကို သူ့တပည့်ဖြစ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြတုန်းပဲ]
ဤသည်မှာ ခေတ်သစ်တွင် မိဘအများစုက သူတို့၏ ဆိုးသွမ်းသော ကလေးများအတွက် တင်းကျပ်သော ဆရာနှင့် တွေ့ဆုံစေချင်သည့် သဘောတရားနှင့် အတူတူပင်။
ထူးချွန်သော ဆရာနှင့် တင်းကျပ်သော ဆရာတို့အနက် တစ်မျိုးမျိုးနှင့် ပြည့်စုံလျှင်ပင် ရှန်ပိန် တစ်ပုလင်း ဖောက်သင့်နေပြီ ဖြစ်သည်။
အကယ်၍ နှစ်မျိုးစလုံး ပြည့်စုံသော ဆရာနှင့် တွေ့ဆုံခဲ့ပါက ဂုဏ်ပြုပွဲ ကျင်းပရပေမည်။ ကောင်းလေစွ။ ဥပဒေမဲ့ နေထိုင်သော ကလေးဆိုးကို ထိန်းချုပ်နိုင်မည့်သူ ပေါ်လာခဲ့ပြီ။
ချူဟွားသည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန် ခံစားသွားရပြီး အတင်းအဖျင်း တစ်ခု ဝင်ပြောလိုက်မိတော့သည်။ [ငါ့အစ်ကို သွားခဲ့တဲ့ စုန့်ရှန်းကျောင်းတော်ကို တကယ်တော့ ငါ ရွေးပေးခဲ့တာ၊ အဲဒီက ဆရာတွေက စိတ်ဓာတ် ဆိုးရွားတယ်လို့ ကြားဖူးလို့လေ]
System သည် သူတို့ မောင်နှမ နှစ်ယောက်၏ ဖရဲသီးကို စားဖူးပြီးဖြစ်ရာ ဤအချက်ကိုလည်း သိရှိထားပြီး ဖြစ်၏။
[ဒါကို ငါ သိပါတယ်၊ ဒါပေမဲ့ အဲဒီတုန်းက နင့်အစ်ကိုကို ဒီလူကြီးမင်းချိုရဲ့ တပည့်အဖြစ် ဘာလို့ မပို့ခဲ့တာလဲ]
ချူဟွား၏ လေသံသည် အနည်းငယ် နာကြည်းနေ၏။ [ငါက မပို့ချင်ခဲ့ဘူးလို့ နင် ထင်နေတာလား]
ရှင်းရှင်းလင်းလင်း ပြောရလျှင် သူ့အစ်ကိုက အသုံးမကျခဲ့ခြင်းပင်။
Systemခမျာ နားမလည် ဖြစ်သွားသည်။ [နင့်အစ်ကိုရဲ့ ကိုယ်ကျင့်တရားက ပြဿနာ မရှိပါဘူး]
ချူချင်းကို မင်းဆရာကြီး၊ မင်းဆရာအိုကြီးနှင့် နှစ်ပေါင်းရာချီ သက်တမ်းရှိသော မျိုးရိုးမြင့် အိမ်တော်များမှ သခင်လေးများနှင့် နှိုင်းယှဉ်၍ မရသော်လည်း သာမန် အိမ်တော်များမှ သခင်လေးများနှင့် ယှဉ်လျှင် အများကြီး သာလွန်နေပြီ ဖြစ်သည်။
ငွေမက်ခြင်း၊ မိန်းမမက်ခြင်း၊ မောက်မာခြင်း၊ ပျင်းရိခြင်း စသည့် မျိုးရိုးမြင့် သားသမီးများ ရှိတတ်သော အကျင့်ဆိုးများ သူ့တွင် မရှိပေ။
ရောင့်ရဲခြင်း၊ ကြိုးစားခြင်း စသည့် မျိုးရိုးမြင့် သားသမီးများ မရှိတတ်သော အရည်အချင်းများ သူ့တွင် ရှိလေသည်။
ချူဟွား: [တကယ်တော့ ငါ့အစ်ကိုရဲ့ ဉာဏ်ရည်နဲ့ ကျင့်ရှီ စာမေးပွဲ အောင်ဖို့က နည်းနည်း ခက်ခဲတယ်၊ သူက ဆောင်းပါးနဲ့ ကဗျာ ရေးတာ မကျွမ်းကျင်ဘူး၊ ငါက စာမေးပွဲ ဖြေဆိုနည်းတွေကို သင်ပေးလိုက်တော့ ဆောင်းပါးနဲ့ ကဗျာ ရေးတတ်သွားပေမဲ့ ရှီးမန်ကျဲလို ပြဿနာမျိုး ရှိသွားတယ်]
[လူကြီးမင်းချိုက ပုံစံခွက်ထဲ ဝင်နေတဲ့ ဆောင်းပါးတွေကို မကြိုက်တော့ သူ အရွေးမခံရဘူး၊ တခြား ဆရာတွေဆီမှာလည်း ပြဿနာ အမျိုးမျိုး ရှိနေတော့ ငါက သူ့ကို စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ပေးဖို့ စိတ်ဓာတ် ဆိုးရွားတဲ့ ဆရာတချို့ကို ရှာပေးလိုက်ရတာ]
[ငါ့အစ်ကို အကြောင်း ထားလိုက်ပါတော့၊ အခု ပိုအရေးကြီးတာက ဟူချောင်ယွင်ပဲ၊ မင်းဆရာအိုကြီးက အမျိုးသမီး ကျောင်းသား မလက်ခံလို့ နန်ကုန်းလင်ကို စွန့်လွှတ်ခဲ့ဖူးတယ်၊ သူ မွေးထုတ်ပေးလိုက်တဲ့ တပည့်ကလည်း ထူးမခြားနား ဖြစ်နေလောက်တယ်]
ဤသည်မှာ လက်ရှိ ခေတ်ကာလ၏ ရောဂါဆိုး ဖြစ်သည်။
မူလကပင် ပညာရေး အရင်းအမြစ် မလုံလောက်သည့်အပြင် လူတွေ၏ အသိထဲတွင် အမျိုးသမီး ဆိုသည်မှာ 'အမျိုးသမီး ကျင့်ဝတ်များ'၊ 'အမျိုးသမီး လေ့ကျင့်ရေး' ကိုသာ သင်ယူရမည် ဖြစ်ပြီး ခင်ပွန်းကို ထောက်ပံ့ခြင်း၊ ကလေးများကို ပြုစုပျိုးထောင်ခြင်းသာ ရှိရာ ရှားပါးလှသော ပညာရေး အရင်းအမြစ်များကို အမျိုးသမီးများဘက်သို့ ဦးလှည့်ပေးမည် မဟုတ်ပေ။
System သည်လည်း မဖြစ်နိုင်မှန်း သိသော်လည်း မျှော်လင့်ချက် အနည်းငယ် ထားရှိသေးသည်။
[မင်းဆရာအိုကြီးက အခု နင်နဲ့ နန်ကုန်းလင်ကို လက်ခံထားပြီ မဟုတ်လား၊ သူ့တပည့်ကလည်း လိုက်လုပ်မှာပါ]
ချူဟွားက အကောင်းမြင်လွန်းသော သဘောထားကို လက်မခံရဲပေ။ [ပြောရခက်တယ်]
[မင်းဆရာကြီးသာ မရှိရင် မင်းဆရာအိုကြီးက ငါ့ကို လက်ခံချင်မှာ မဟုတ်ဘူး၊ နန်ကုန်းလင်ကို လက်ခံတာကလည်း အတင်းအကျပ် လုပ်ခိုင်းလို့ပဲ၊ အရှင်မင်းကြီးက နန်ကုန်းလင်ကို အဖော်အဖြစ် ထားခိုင်းတာလေ၊ မင်းဆရာအိုကြီးက ငြင်းလို့မှ မရတာ]
ဖြစ်နိုင်ခြေ ရှိသည်ပင်။
ကျားယီနှင့် ချိုက်ကန်းတို့သည် ကွယ်ရာတွင် လောင်းကြေးထပ်ခဲ့ဖူးသည်။ အကယ်၍ နန်ကုန်းလင်သည် မင်းဆရာအိုကြီး ငယ်စဉ်က လက်ခံချင်ခဲ့သော ကျောင်းသားသာ မဟုတ်ခဲ့လျှင် သူ တကယ် လက်မခံဘဲ နေကောင်း နေလိမ့်မည်။
အကြောင်းရင်းမှာ မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် "အသက်ကြီးပြီ၊ အားမရှိတော့ဘူး" ဟူသော အကြောင်းပြချက်ဖြင့် မင်းသား ၅ ကို တပည့်အဖြစ် လက်ခံရန် ငြင်းဆိုခဲ့ဖူးသောကြောင့် ဖြစ်သည်။
အင်း။ စဉ်းစားကြည့်လိုက်တော့ မင်းသား ၅ က ပိုသနားစရာ ကောင်းနေတာပဲ။
ဘေးနား ခြံဝင်းမှ မင်းသား ၅ သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိ၏။ ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးသည် အသက်ကြီးပြီး ဝါရင့်သည်ကို အားကိုးကာ မည်သည့်အချိန်တွင် သေဆုံးမည် မသိသော်လည်း ပြောသင့်သည်နှင့် မပြောသင့်သည်ကို လုံးဝ မရှောင်ကြဉ်ကြပေ။
သူတို့ ကိုယ်တိုင် ဆန္ဒရှိလို့သာ၊ ချစ်ခင်နှစ်သက်မှု ပါဝင်နေလို့သာမဟုတ်လျှင် မလိုချင်သော ကျောင်းသားကို လက်ခံအောင် ဘယ်သူက အတင်းအကျပ် ခိုင်းစေနိုင်မည်နည်း။
ငြင်းဆိုခံခဲ့ရသော မင်းသား ၅: "..."
ကောင်းပြီ။ ပိုပြီး ဒေါသထွက်သွားပြီ။
ချူဟွား၏ အသံထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ပါဝင်နေ၏။ [မင်းဆရာအိုကြီး ကျောင်းသား လက်ခံရတဲ့ အကြောင်းရင်းမှန်ကို သိသွားရင် လူကြီးမင်းချိုက ဟူချောင်ယွင်ကို လက်ခံဖို့ ပိုပြီး မလိုလားတော့မှာ စိုးရိမ်ရတယ်]
သူမက ဘာတွေ တွေးလိုက်မိမှန်း မသိသော်လည်း စိုးရိမ်ပူပန်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ [လောလောဆယ် ဒီအတိုင်း ပြင်ဆင်ထားလိုက်မယ်၊ သူ လက်မခံရင် တခြားနည်းလမ်း စဉ်းစားကြတာပေါ့]
System က နှိမ့်ချစွာ မေးမြန်းလိုက်၏။ [ဥပမာ]
ချူဟွား: [မင်းဆရာအိုကြီးမှာ တပည့်ရင်း ရှိသလို မင်းဆရာကြီးမှာလည်း မရှိဘူးလား၊ သစ်ပင် တစ်ပင်တည်းမှာ ကြိုးဆွဲချ သေစရာ မလိုပါဘူး]
[ဆရာ ဘယ်လောက်ကောင်းကောင်း သင်ပေးမှ ကောင်းမှာလေ၊ မဟုတ်ရင် သူများဆရာ ဖြစ်နေမှာပဲ၊ အလွန်ဆုံး မက်မောရုံပဲ ရှိမှာ]
[မင်းဆရာကြီးက ငါ့ကို သဘောကျပြီး အလေးထားတယ်၊ သူ့တပည့်ကလည်း အဲဒီအတွက်ကြောင့် တခြား အမျိုးသမီးတွေကို အထင်ကြီးကောင်း ကြီးနိုင်တယ်၊ ငါတို့ သူ့ကို ကျော်ပြီး မင်းဆရာကြီးရဲ့ တပည့်ကို တိုက်ရိုက် သွားရှာရင် ကောင်းမလား၊ မင်းဆရာအိုကြီးနဲ့ သူ့တပည့်တွေက အမျိုးသမီးတွေအပေါ် အစွဲရှိတယ်လို့ ခံစားရတယ်]
စကားက ဤအထိ ရောက်လာသောအခါ ကြိုတင် တူးဆွထားသော တွင်းက ပြည့်စုံသွားလေပြီ။
System က အဆုံးသတ် စကားကို အလိုက်သင့် ပြောလိုက်လေသည်။ [ဒါပေမဲ့ ဆရာ ဘယ်လောက်ကောင်းကောင်း ကျောင်းသား ကိုယ်တိုင်က ကြိုက်မှ ဖြစ်မှာလေ]
[ဟူချောင်ယွင်အတွက် ရှာပေးတဲ့ ဆရာဆိုတော့ သူကိုယ်တိုင် သဘောကျမှ ကောင်းမယ်၊ ငါတို့ သူ့ဆန္ဒကို အရင် မေးကြည့်ရအောင်]
ချူဟွား: [ဟုတ်သားပဲ]
ထိုသို့ ပြောလိုက်သော်လည်း လေသံက အနည်းငယ် မလိုလားသလို ဖြစ်နေပြီး မင်းဆရာကြီး၏ တပည့်ကို ရွေးချယ်ရန် ပိုမို လိုလားနေပုံ ရသည်။
ထိုခံစားချက်များကို နန်းစောင့်တပ်သားများက အမှန်အတိုင်း မှတ်တမ်းတင်ကာ နန်းတော်သို့ ပို့ဆောင်လိုက်လေသည်။
လူတစ်ယောက်နှင့် system တစ်ခု၏ စကားပြောဆိုမှုကို မှတ်တမ်းတင်ရမည် ဖြစ်သော်လည်း စကားလုံးများအပြင် လေသံကလည်း သခင်၏ စိတ်ခံစားချက်နှင့် အဓိပ္ပာယ်ကို ဖော်ပြနိုင်ပြီး လေသံကိုတော့ နေရာမှာ ရှိနေသူများသာ ကြားနိုင်လေသည်။
အမှားအယွင်း မရှိစေရန် မှတ်တမ်းတင်သော နန်းစောင့်တပ်သားများထဲမှ တစ်ဦးက ခံစားချက် မတူညီလျှင် ထိုခံစားချက် အနည်းငယ်ကို အမှုတွဲတွင် မှတ်တမ်းတင်လေ့ ရှိသော်လည်း ယနေ့တွင် နန်းစောင့်တပ်သား အားလုံး၏ သဘောထားမှာ တညီတညွတ်တည်း ဖြစ်နေကြသည်။
ထို့ကြောင့်ပင် အရှင်မင်းကြီးသည် သံသယ မဝင်ခဲ့ပေ။
အစအဆုံး ဖြစ်စဉ်က ချောမွေ့နေပြီး အကြောင်းနှင့်အကျိုး ခိုင်လုံနေသည်။ ထို့အပြင် ချူဟွားက အမျိုးသမီးများအတွက် ဘာလုပ်ပေးချင်မှန်း အရှင်မင်းကြီး သိထားပြီးဖြစ်ရာ အမျိုးသမီး ကျောင်းသား လက်ခံရန် ဖြစ်နိုင်ခြေ ပိုများသော မင်းဆရာကြီး၏ တပည့်ကို ရွေးချယ်ခြင်းမှာ သိသာထင်ရှားသော ရွေးချယ်မှု မဟုတ်ပါလား။
မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည်လည်း အစီရင်ခံစာကို မြင်ပြီးနောက် သံသယ မဖြစ်ခဲ့ကြပေ။ အလွန်ဆုံး system က ဤကာလအတွင်း ပိုပြီး လူသားဆန်လာသည်ဟုသာ တွေးလိုက်ကြသည်။ လူတွေအတွက် ထည့်သွင်း စဉ်းစားပေးတတ်လာပြီလေ။
သို့သော် သူတို့နှစ်ဦးစလုံးက မပျော်ရွှင်ကြပေ။
မင်းဆရာကြီးက သူ့တပည့်သည် မင်းဆရာအိုကြီး၏ တပည့်ထက် သာလွန်ကြောင်း၊ system က အကဲခတ် မတတ်ဘဲ သူ့တပည့်ကို ပထမ ဦးစားပေး မရွေးချယ်ခဲ့ကြောင်းကို ခံစားနေရသည်။
မင်းဆရာအိုကြီးက သူ့တပည့်သည် မင်းဆရာကြီး၏ တပည့်ထက် သာလွန်ကြောင်း၊ ချူဟွားက မင်းဆရာကြီး၏ တပည့်ကို ရွေးချယ်ခြင်းသည် သူ့ကို မယုံကြည်ခြင်း သို့မဟုတ် ယုံကြည်မှု မလုံလောက်ခြင်း ဖြစ်ကြောင်း ခံစားနေရသည်။
သူသည် အစပိုင်းတွင် ချူဟွားကို စိတ်မဝင်စားခဲ့သော်လည်း နောက်ပိုင်းတွင် ဂရုတစိုက် သင်ကြားပေးခဲ့ပြီး နန်ကုန်းလင်ကိုလည်း အဖော်အဖြစ် လက်ခံခဲ့သည်။ ပါးစပ်က မပြောသော်လည်း တကယ်တမ်းတွင် ကျားမ ခွဲခြားဆက်ဆံမှု မရှိတော့ရာ ချူဟွား ထိုသို့ ပြောသည်ကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းနေမိလေသည်။
နှစ်ယောက်လုံး မပျော်ရွှင်သော အချက်က မတူညီသော်လည်း တစ်ဖက်လူကို ကြည့်မရ ဖြစ်နေခြင်းကိုတော့ မတားဆီးနိုင်ပေ။
ရန်ဖြစ်ရန် ပြင်ဆင်နေစဉ် အရှင်မင်းကြီး၏ စိတ်ဝင်စားနေသော မျက်လုံးများနှင့် မတော်တဆ ဆုံတွေ့သွားလေသည်။ 'ကျန်းကို ဂရုမစိုက်နဲ့၊ ခင်ဗျားတို့ မြန်မြန် ရန်ဖြစ်ကြ၊ တိုက်ခိုက်ကြ၊ ကျန်းက ဒါမျိုး ကြည့်ရတာ ကြိုက်တယ်' ဟု ပြောနေသကဲ့သို့ပင်။
မင်းဆရာကြီး: "..."
မင်းဆရာအိုကြီး: "..."
ထို့ကြောင့် အကြိမ်များစွာတွင် သူတို့က အရှင်မင်းကြီးကို မလေးစားခြင်းအတွက် အပြစ်တင်၍ မရပေ။ ဤအရှင်မင်းကြီးက အတော်လေး အချိုးမပြေ ဖြစ်နေသောကြောင့်ပင်။
လက်ရုံးရည် နှလုံးရည် ပြည့်ဝသော အမတ်များကို ရန်ဖြစ်ခိုင်းပြီး ပွဲကြည့်ချင်သော အရှင်မင်းကြီး ရှိပါသတဲ့လား။
သူတို့လို ပထမအဆင့် အမတ်ကြီး နှစ်ယောက်ကို မျောက်တွေလို့ သဘောထားနေတာလား။
အရှင်မင်းကြီး ကြည့်ဖို့အတွက် မျောက်ကပြမလား၊ ရန်သူကြီးနှင့် လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေး ယူမလား ဆိုသည့် ရွေးချယ်မှုကြားတွင် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် နောက်တစ်မျိုးကို ရွေးချယ်လိုက်ကြသည်။
အရှင်မင်းကြီး၏ တားဆီးချင်သော မျက်လုံးများကို ကျောခိုင်းပြီး တော်ဝင်စာကြည့်ဆောင်နှင့် ဝေးရာသို့ ရောက်သောအခါမှ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မရ ဖြစ်နေသော အခြေအနေသို့ ပြန်ရောက်သွားကြလေသည်။
မင်းဆရာကြီးက ဦးစွာ စကားစလိုက်သည်။ "ဒီကျောင်းသားကို ငါ ယူမယ်" ဘာပဲဖြစ်ဖြစ် သူ့မှာ တပည့်ရင်းတွေ အများကြီး ရှိတာပဲ။
မင်းဆရာအိုကြီးက မျက်ဖြူလှန်ပြလိုက်ကာ "သူ့ရဲ့ ပထမ ဦးစားပေး ရွေးချယ်မှုက ငါ့တပည့်ပါကွ"
ချိုဟုန်ရှန်းက ဟူချောင်ယွင်ကို လက်မခံရင်တောင် သူ့မှာ တခြား တပည့်ရင်းတွေ မရှိတော့လို့လား။
ဆယ်စုနှစ်များစွာ ကျောင်းသား လက်ခံလာခဲ့တာ၊ ဘယ်သူ့မှာများ ကျောင်းတော်သား ပထမဆုရတဲ့ တပည့် မရှိလို့လဲ။ စာမေးပွဲ သုံးခုစလုံး ပထမရတဲ့သူတောင် ရှိသေးတယ်။
နှစ်ယောက်သား ကြည့်နေကြရင်း မျက်လုံးချင်း တိုက်ခိုက်နေကြသည်။ နောက်တစ်ချီ ထပ်စမ်းချင်ကြသော်လည်း ထောင့်တစ်နေရာမှ နဂါးဝတ်ရုံစနှင့် တိတ်တဆိတ် ချောင်းမြောင်းနေသော အရှင်မင်းကြီး၏ ပုံရိပ်ကို မျက်လုံးထောင့်မှ တွေ့လိုက်ရ၏။
မင်းဆရာကြီး: "..."
မင်းဆရာအိုကြီး: "..."
ကောင်းရော။ အရှင်မင်းကြီးက ဖရဲသီးစားဖို့အတွက် အပြင်ထွက်ပြီး သူတို့ ရန်ဖြစ်တာကို လာချောင်းကြည့်နေတာပဲ။
အဲဒီ မျက်နှာပြောင်တိုက်မှုကို မိဖုရားခေါင်ကို ချော့မော့ရာမှာ သုံးလိုက်ရင် အနှစ် ၂၀ လောက် ခွန်းနဉ်နန်းဆောင်ထဲ ဝင်ခွင့်မရဘဲ နေမှာ မဟုတ်ဘူး။
တကယ် အသုံးမကျဘူး။
ရန်ဖြစ်ချင်စိတ် လျော့နည်းသွားပြီး နှစ်ယောက်သား အင်္ကျီလက်ကိုခါကာ တစ်ဖက်စီ လှည့်ထွက်သွားကြပြီး နားလည်မှု ရှိစွာဖြင့် စကားတစ်ခွန်း ချန်ထားခဲ့ကြသည်။ "ဒါဆို ကိုယ့်အရည်အချင်းနဲ့ကိုယ် ယှဉ်ကြတာပေါ့"
အရှင်မင်းကြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဒီလို နားလည်မှုမျိုးနဲ့ ဆိုရင် သေဖော်ရှင်ဖက်လို့ ပြောရင်တောင် ယုံကြည်မဲ့သူ ရှိမှာပဲ။
ထိုနေ့တွင် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် တပည့်အများအပြားကို ခေါ်ယူပြီး ငြိမ်ဝပ်ပိပြားရေးဌာနမှ ရရှိထားသော ဟူချောင်ယွင်၏ အချက်အလက်များကို တပည့်များထံ ပေးလိုက်ကြသည်။
အဓိကအချက်က နှစ်ချက်သာ ရှိသည်။
၁။ ဟူချောင်ယွင်ကို လက်ခံရမည်။
၂။ ရန်သူကြီး ရှုံးကို ရှုံးရမည်။
တပည့်များ: "..." ဒီပုဂ္ဂိုလ်ကြီး နှစ်ယောက်က ဆယ်စုနှစ်များစွာ ပြိုင်ဆိုင်လာတာ၊ မမောကြသေးဘူးလား။
System သည် လူအများကို ဟန်ဆောင် လှည့်စားခြင်း၏ ရလဒ်ကို စိတ်ဝင်စားနေပြီး အမြဲတမ်း စောင့်ကြည့်နေကာ နောက်ဆုံးရလဒ်ကို မြင်တွေ့လိုက်ရသည်။
ရလဒ်ကို ချူဟွားအား ပြောပြပြီးနောက် system တစ်ခုလုံး ပျော်ရွှင်စွာ ရယ်မောနေတော့သည်။
[ဟားဟားဟား သူတို့က တကယ်ပဲ ကလေးတွေ ကျနေတာပဲ]
[မမကြီးဟွား၊ အရာအားလုံးက နင် တွက်ထားတဲ့အတိုင်းပဲ၊ မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီးရဲ့ ပဋိပက္ခကို ထုတ်ပြလိုက်တာနဲ့ သူတို့က ဟူချောင်ယွင်အတွက် အသင့်တော်ဆုံး ဆရာကို အလိုလို ရှာပေးကြတော့တာပဲ]
နောက်ဆုံးရလဒ် မထွက်ခင်အထိ ချူဟွား သတိလက်လွတ် မနေဘဲ ကိစ္စရပ်များ ချောမွေ့နေသည်ကို မြင်မှ စိတ်ပျော်ရွှင်သွားသည်။
System: [ဒီလိုဆိုရင် နန်ကုန်းလင် ပေးထားတဲ့ စာရင်းထဲက ကျန်တဲ့လူတွေကိုလည်း ဒီနည်းလမ်းအတိုင်း လုပ်လို့ ရတာပေါ့]
ချူဟွားက သဘောမတူပေ။ [အဲဒါ မဖြစ်ဘူး၊ ဒီနည်းလမ်း အလုပ်ဖြစ်တာက သူတို့က တကယ့် ရန်သူတွေ ဖြစ်နေလို့၊ ပြီးတော့ ငါတို့က သတင်းအချက်အလက် မျှဝေတဲ့ စနစ်ကို သုံးပြီး သတင်းအချက်အလက်တွေကို ထိန်းချုပ်နေမှန်း သူတို့ မသိကြလို့ပဲ]
[နည်းလမ်းတစ်ခုထဲကို ခဏခဏ သုံးရင် သူတို့ နှောင့်ယှက်ခံရတိုင်း ငါတို့ဘက်က အမြဲ အကျိုးအမြတ် ရနေရင် အနှေးနဲ့အမြန် သံသယ ဝင်လာလိမ့်မယ်]
[အားလုံးက နှစ်တစ်ထောင် မြေခွေးအိုကြီးတွေ၊ ငါ့ရဲ့ ဝါက သူတို့လောက် မရင့်သေးဘူး၊ သူတို့ အခု လုပ်နေတာတွေက ငါတို့ကို ပြန်ပြီး ဟန်ဆောင် ပြနေတာလည်း ဖြစ်နိုင်တယ်]
System: [???]
System: [!!!]
System သည် ထိတ်လန့်လွန်းသဖြင့် အတု ဖန်တီးထားသော အချက်အလက် နေကြာစေ့များပင် ပြုတ်ကျကုန်တော့သည်။ [မဖြစ်နိုင်တာ၊ သူတို့မှ မသိတာ]
ချူဟွား၏ မျက်ဝန်းအရောင်ကတော့ ရင့်သွားလေသည်။ [သိတာ မသိတာက သူတို့ သရုပ်ဆောင်တာကို သက်ရောက်မှု မရှိဘူး]
[သာမန်အချိန်မှာ တစ်ခုခု မလုပ်ရင် ဆယ်စုနှစ်များစွာ လူတွေ စိတ်ထဲ စွဲနေတဲ့ ရန်သူကြီး ဆိုတဲ့ ပုံစံက ဘယ်လိုလုပ်ပြီး ဖြစ်လာမှာလဲ]
Systemက နည်းနည်း ကြောက်သွားသည်။ [ဒါဆို သူတို့ အခု ဘာလုပ်နေတာလဲ]
ချူဟွား: [ငါ သံသယ ရှိတာက သူတို့ စမ်းသပ်နေတာ ဖြစ်နိုင်တယ်]
Systemက ပိုကြောက်သွားလေသည်။ [ဘာကို စမ်းသပ်တာလဲ]
ချူဟွား: [ငါတို့က သူတို့ ကွယ်ရာမှာ ပူးပေါင်းကြံစည်နေသလား ဆိုတာကို စမ်းသပ်တာပေါ့]
System: [!!!]
…