← Chapters

အခန်း ၉၄

Vol. 7 Ch. 94

အခန်း ၉၄

Vol. 7 Ch. 94

အပိုင်း (၉၄)

Systemမှာ လုံးဝ ထိတ်လန့်သွားလေသည်။

အချက်အလက်များနှင့် ကုတ်များသည် အချိန်အတော်ကြာ ကမောက်ကမ ဖြစ်သွားပြီး အကြိမ်ကြိမ် ပြန်လည်စစ်ဆေးပြီးမှ System က ပြောလာသည်။ [ကိုယ်ပိုင်စကားပြောခန်းနဲ့ အုပ်စုဖွဲ့ စကားပြောခန်းကို ပြောင်းလဲအသုံးပြုတိုင်း ငါ အမြဲတမ်း သတိထားတယ်လို့ အာမခံနိုင်တယ်၊ လိုင်းမပူးဖူးဘူး]

ချူဟွား: [ငါ ဒီလိုပြောတာက နင့်ရဲ့ လုပ်ဆောင်မှုအပေါ် သံသယဝင်လို့ မဟုတ်ဘူး၊ ဒီကိစ္စက အချိန်အကြာကြီး ဖုံးကွယ်ထားလို့ မရနိုင်တဲ့ ကိစ္စမို့လို့ပါ]

System: [ဘာလို့လဲ]

ချူဟွား: [နင်က ဖရဲသီးစားတဲ့ System ဆိုတော့ ကန့်သတ်ချက်တွေ အများကြီး ရှိပေမဲ့ အဓိကက ဖရဲသီးစွမ်းအင် မလုံလောက်တာကြောင့် လူသိပြီးသား ကိစ္စတွေအပေါ် အသုံးပြုတာ နည်းတယ်၊ ဒါပေမဲ့ သူတို့က ငါ့ရဲ့ ကိုယ်ပိုင်ဘဝထဲကို ဝင်ရောက်စွက်ဖက်တဲ့ ခြေရာလက်ရာတွေက အရမ်းများလွန်းတယ်]

[တကယ်လို့ နင်သာ စပ်စုချင်စိတ် နည်းနည်း ပိုပြီး ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ လာတဲ့သူတွေကို ဘယ်သူလွှတ်လိုက်တာလဲ၊ ဘာလို့ ငါ့ကို သတ်ချင်တာလဲ ဆိုတာကို စုံစမ်းကြည့်ရင်၊ ဒါမှမဟုတ် အိမ်ထဲက လူတစ်ယောက်ယောက်ရဲ့ သိုင်းပညာ ကောင်းနေတာကို တွေ့လို့ စုံစမ်းကြည့်ရင် အထဲက မသင်္ကာစရာတွေကို တွေ့ရှိပြီး အမှန်တရားကို သိရှိသွားလိမ့်မယ်]

[ပြီးတော့ ယဲ့မိသားစု၊ မင်မိသားစု၊ ရှီမန်ကျယ်တို့ရဲ့ ကိစ္စတွေက ငါတို့ ဖရဲသီးစားပြီး သိပ်မကြာခင်မှာပဲ ပေါက်ကြားသွားတာတွေချည်းပဲ၊ တစ်ကြိမ် နှစ်ကြိမ်ဆို တိုက်ဆိုင်မှု ဖြစ်နိုင်ပေမဲ့ အကြိမ်ရေ များလာရင် ငါက သံသယ မဝင်ဘဲ မစုံစမ်းရင်တောင် မြေခွေးအိုကြီးတွေက တစ်ခုခု မှားနေတာကို အနံ့ခံမိမှာ မဟုတ်ဘူးလား]

လက်ရှိအချိန်ထိ ဖုံးကွယ်ထားနိုင်တာက သူ့ရဲ့ သင်ကြားရေး အစီအစဉ်တွေက အရမ်း ကျပ်နေပြီး အားလပ်ချိန် သိပ်မရှိတာကြောင့်နဲ့ ဖရဲသီးစားချိန်တောင် အချိန်လုနေရပြီး တခြားအရာတွေကို အာရုံစိုက်ဖို့ အချိန်မရှိတာကြောင့်လေ။

System: [!!!]

ချူဟွားက သူ့ကို နှစ်သိမ့်လိုက်သည်။ [ဒါပေါ့၊ ဒါက ငါ့ရဲ့ ခန့်မှန်းချက် တစ်ခုပါ၊ မှန်ချင်မှ မှန်မှာပါ]

[ငါတို့ ပူးပေါင်းတာ ကောင်းမွန်ရင် သူတို့ သံသယ မဝင်လောက်သေးပါဘူး၊ ဘာပဲဖြစ်ဖြစ် နင်က သူတို့ စိတ်ထဲက မပြောထွက်တဲ့ အတွေးတွေကို ထောက်လှမ်းလို့မှ မရတာ]

ချူဟွားနှင့် system တို့သည် ကိုယ်ပိုင်စကားပြောခန်းနှင့် အုပ်စုဖွဲ့ စကားပြောခန်းကို အသုံးပြုပြီး သတင်းအချက်အလက် ဝင်ထွက်မှုကို ထိန်းချုပ်နိုင်သလို တခြားသူများလည်း system ၏ အားနည်းချက်ကို အခွင့်ကောင်း ယူနိုင်သည်။ စိတ်ထဲမှာပဲ ထားပြီး ထုတ်မပြောသရွေ့ system က ထောက်လှမ်းလို့ မရနိုင်ပေ။

Systemတစ်ယောက် တော်တော်လေး ဒေါသထွက်နေတော့သည်။ [ငါ ဒီလောက် ရိုးသားတာကို သိရင် မပြောပြခဲ့ပါဘူး၊ ဒါဆို သူတို့ သိမှာ မဟုတ်ဘူး]

ဒါပေမဲ့ system စည်းမျဉ်းမှာ သခင်အပေါ် ရိုးသားရမယ်လို့ ရေးထားတယ်လေ။ သူက ပထမဆုံးအကြိမ် သခင်ကို ခေါ်ဆောင်တာဆိုတော့ အတွေ့အကြုံ မရှိဘဲ စည်းမျဉ်းအတိုင်း လိုက်လုပ်မိတာပေါ့။

ချူဟွားက မတူညီသည့် အမြင်ရှိနေသည်။ [နင် မပြောရင်လည်း သူတို့က စမ်းသပ်မှာပါ]

[ကိုယ့်အသိပညာထက် ကျော်လွန်နေတဲ့ အရာတစ်ခုနဲ့ ကြုံတွေ့ရတဲ့အခါ လျှို့ဝှက်ချက် အားလုံးကို ရှာဖွေချင်ကြမှာပဲ၊ သေချာ မစုံစမ်းရရင် သူတို့ ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ]

System: [...]

System စည်းမျဉ်းမှာ သခင်အပေါ် ရိုးသားရမယ်လို့ ပြောထားတာ အံ့ဩစရာ မရှိပါဘူး။ လူသားတွေရဲ့ ဉာဏ်နီဉာဏ်နက်တွေကို သူက တကယ် မယှဉ်နိုင်ဘူး။ တကယ် လိမ်ညာဖုံးကွယ်မိရင် သခင်နဲ့ system ကြားက ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထိခိုက်စေမှာလေ။

စာပေပညာရှင် လုပ်တဲ့သူတွေက တကယ်ပဲ စိတ်ထား ရှုပ်ထွေးကြတာပဲ။

ချူဟွား၏မျက်လုံးများက လေးနက်သွားပြီး ပြောလသည်။ [အခု နှစ်ဖက်စလုံးက ကြိုးတန်းပေါ် လမ်းလျှောက်နေကြတာပဲ၊ ဘယ်ဖက်က အားနည်းချက်ကို မတော်တဆ အရင် ထုတ်ပြမိပြီး တစ်ဖက်လူက လက်ဆုပ်လက်ကိုင် ဖမ်းမိမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့]

System က အလျင်အမြန် ပြောလိုက်၏။ [မမကြီးဟွား စိတ်ချပါ၊ ငါ သေချာပေါက် သတိထားပါ့မယ်၊ နင့်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး]

သူ့ရဲ့ သခင်က ဒုတိယမြောက် ဘုရင်မ ဖြစ်လာမဲ့ အမျိုးသမီးလေ။

အဲဒီအချိန်ကျရင် သူက သမိုင်းမှာ ပထမဆုံး ဘုရင်မ နန်းတက်အောင် ကူညီပေးတဲ့ ဖရဲသီးစား system ဖြစ်လာပြီး သမိုင်းတွင် ကျန်ရစ်မှာ သေချာတယ်။ သမိုင်းတစ်လျှောက် အမိုက်စားဆုံး system ဖြစ်လာမှာ။

သူမ၏ system အတုံးလေး ဘာလျှောက်တွေးနေသည်ကိုတော့ ချူဟွား မသိပေ။ သူမက ဘုရင်မ ဖြစ်ချင်တယ်လို့ တစ်ခါမှ မပြောဖူးပါဘူး။ ဒါက system ရဲ့ တစ်ဖက်သတ် ဆန္ဒပါပဲ။

[ငါတို့က အကျိုးစီးပွား တူညီတဲ့ မဟာမိတ်တွေပဲ၊ နင် ငါ့ဘက်ကနေ ကူညီပေးမယ်ဆိုတာ ငါ ယုံကြည်တာပေါ့]

System မှာသာ မျက်ရည်ဂလင်း ရှိရင် အခုချိန်လောက်ဆို မျက်ရည်တွေ ဝဲနေလောက်ပြီ။

မျက်ရည်ဂလင်း မရှိပေမဲ့ အတုံးလေး ငိုယိုနေတဲ့ ပုံရိပ်ကို ဒေတာနဲ့ ဖန်တီးလို့ ရတာပဲ၊ သခင် မမြင်ရပေမဲ့ အခမ်းအနားတော့ လုပ်ရမှာပေါ့။

[မမကြီးဟွား ဝူး ဝူး ဝူး...] System (System) က စိတ်လှုပ်ရှားစွာ ငိုချလိုက်ပြီး တကယ့်လူသား ကလေးငယ်တစ်ဦး၏ အသံဖြင့် ငိုသံပါ ပြုလုပ်လိုက်သောအခါ ချူဟွားမှာ စိတ်ပျော့သွားလေသည်။

ငယ်စဉ်ကတည်းက ချူချီနှင့် ချူရှူးတို့၏ နှောင့်ယှက်မှုကို ခံခဲ့ရဖူးသဖြင့် ချူဟွားသည် ကလေးများကို အမှန်တကယ် မနှစ်သက်လှသော်လည်း Systemကတော့ သူမ စီစဉ်သည့်အတိုင်း အမြဲလိုက်နာလုပ်ဆောင်ကာ လူများကို ဟန်ဆောင်လှည့်စားပေးခဲ့သည်။

ဤလများအတွင်း သူမသည် စာသင်ချိန် ပြည့်နေ၍ ဖရဲသီးစွမ်းအင်ကို ကောင်းစွာ မဖြည့်တင်းနိုင်ခဲ့သော်လည်း Systemကတော့ ကိုယ့်ဘာသာ ပုစ္ဆာများ ဖြေရှင်းပြီး ဖရဲသီးကို စားခဲ့ကာ ဘာမျှ ညည်းညူခြင်း မရှိပေ။ ထို့ကြောင့် Systemအပေါ် စိတ်မပျော့ဘဲ မနေနိုင်ခဲ့ချေ။

ချူဟွား: [ကဲပါ၊ မငိုပါနဲ့တော့၊ ဖရဲသီးစားပြီး စိတ်ဖြေဖျောက်လိုက်ရအောင်]

[ကောင်းပြီ]

ဖရဲသီးစားသည့် နယ်ပယ်သို့ ရောက်သည့်အခါ Systemသည် ကျွမ်းကျင်သူ ဖြစ်သွားပြီး ငိုသံများ ချက်ချင်း ပျောက်ကွယ်သွားကာ မေးမြန်းလိုက်သည်။ [နင် ဘယ်သူ့ရဲ့ ဖရဲသီးကို စားချင်လဲ]

ချူဟွားက System၏ အာရုံကို လွှဲပြောင်းလိုရုံ သက်သက်သာဖြစ်သဖြင့် အထူးတလည် စားသုံးလိုသူ မရှိချေ။

[နင့်မှာ စိတ်ဝင်စားတဲ့သူ ရှိလား]

System: [နန်ကုန်းလင် ပေးတဲ့ စာရင်းထဲမှာ လူနည်းနည်း ကျန်သေးတယ်၊ သူတို့ ဖရဲသီးကို မစားဘူးလား]

ချူဟွား: [သူတို့ ဖရဲသီးကို နောက်မှ စားလို့ ရတယ်၊ အခု ရည်ရွယ်ချက်က နင့်ကို ပျော်ရွှင်စေချင်တာ၊ ဒါကြောင့် နင် ကြိုက်တဲ့ ဖရဲသီးကို ရွေးရမှာပေါ့]

Systemမှာ စိတ်လှုပ်ရှားသွားလေသည်။

ဘယ် သခင်ကမှ system အတွက် ဒီလောက် စဉ်းစားပေးတယ်လို့ မကြားဖူးဘူး၊ ဒါက system ဘဝရဲ့ အထွတ်အထိပ်ပဲ ဖြစ်မယ် ထင်တယ်။

System: [ငါက ကုတ်တွေနဲ့ ဖွဲ့စည်းထားတာ၊ အထူးတလည် စိတ်ခံစားမှု မရှိပါဘူး၊ တကယ်လို့ တစ်ခုခုကို ဦးစားပေးရမယ် ဆိုရင် အဲဒါက သေချာပေါက် မမကြီးဟွားပဲ ဖြစ်မှာပါ]

အိုးဟိုး၊ system အတုံးလေးက ရိုမန်းတစ် စကားတွေ ပြောတတ်နေပြီ။

Systemအတွင်း၌ သင်ယူလေ့လာမှုနှင့် လူသားဆန်မှု ကုတ်များ ပါဝင်နေမည်ဟု ချူဟွား ထင်မြင်မိသည်။ မဟုတ်ပါက သခင်ကို ဤမျှအထိ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ချူဟွား: [ကိစ္စ မရှိပါဘူး၊ နင် ကြိုက်တာ စားလိုက်ပါ၊ ဒါမှမဟုတ် အန်စာတုံး ခေါက်ပြီး ဆုံးဖြတ်မလား]

System၏ လေသံက ရုတ်တရက် တက်ကြွလာသည်။ [အန်စာတုံးကို ငါ သိတယ်၊ လူသားတွေက မာကျောက်ကစားတာ၊ အကြီးအသေး လောင်းတာတွေ ကြိုက်ကြတယ်၊ ရွေးချယ်ရ ခက်ခဲတဲ့သူတွေက အန်စာတုံး ခေါက်ပြီး ဆုံးဖြတ်ရတာ ကြိုက်ကြတယ်]

ခဏအကြာကမှ အထူးတလည် စိတ်ခံစားမှု မရှိကြောင်း ပြောဆိုခဲ့ပြီး ယခု အန်စာတုံးအကြောင်း ကြားသောအခါ တက်ကြွလာသည်။

ချူဟွား တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ဤSystemအတုံးလေးသည် မည်သို့ဖြစ်နေသည်ကို မသိတော့ချေ။

ချူဟွား: [ဒါဆို နင် အန်စာတုံးနဲ့ ပတ်သက်တဲ့ ဖရဲသီး ရှာလိုက်ပေါ့]

System: [ရပြီ]

[ဟင်၊ ဒီ အန်စာတုံးနဲ့ ပတ်သက်တဲ့ ဖရဲသီးက နည်းနည်း ကြီးနေတယ်]

ချူဟွား: [ဘယ်လောက် ကြီးတာလဲ]

System: [ဒီကိစ္စက ရှီးရုံနဲ့ ပတ်သက်နေတယ်၊ အန်းဝမ်လည်း ပါဝင်ပတ်သက်နေတယ်]

သာ့ရှန်းနှင့် ရှီးရုံတို့ကြားတွင် စစ်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အရိုးစုများ ပုံနေကာ ရန်ငြိုးများ ကြီးမားလှသည်။ အန်းဝမ်ကလည်း တော်ဝင်မိသားစုဝင် ဖြစ်ပြီး အဆင့်အတန်းက အကဲဆတ်သည်။ ရှီးရုံနှင့် ပတ်သက်နေပါက မတော်တဆ နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်သွားနိုင်သည်။

အန်းဝမ်၏ အဆင့်အတန်းနှင့် နေရာအရ သာ့ရှန်းတွင် တစ်ဘက်ကမ်းခပ် နေထိုင်နိုင်နေပြီ ဖြစ်ရာ မည်သည့်လိုအပ်ချက် ရှိ၍ ရှီးရုံနှင့် ပတ်သက်ရပါသနည်း။

အမှန်တကယ်ပင် အန်းဝမ်က ပုန်ကန်လိုနေခြင်းလား။

ချူဟွား ခေါင်းကိုက်သွားသည်။ ထားလိုက်ပါတော့။ ထိုမြေခွေးအိုကြီးများကိုသာ ခေါင်းစားခိုင်းလိုက်တော့မည်။

[system ရေ၊ ခဏနေရင် မျှဝေသုံးစွဲမှု ဖွင့်လိုက်]

လူတစ်ယောက်နဲ့ system တစ်ခု တိုင်ပင်လိုက်ကြပြီး အရင် ပြောဆိုခဲ့သည့်အကြောင်းအရာကို အနည်းငယ် ပြင်ဆင်လိုက်ကာ အရာရာ ပိုပြီး သဘာဝကျအောင် လုပ်ဆောင်လိုက်သည်။ ပြီးတော့ မျှဝေသုံးစွဲမှု ဖွင့်ပြီး အုပ်စုဖွဲ့ စကားပြောခန်းကနေ ဖရဲသီးကြီးကို မျှဝေလိုက်တော့သည်။

System က ဖရဲသီး အသေးလေးမှ စတင် ပြောပြသည်။ [အန်စာတုံးကို များသောအားဖြင့် လောင်းကစားမှာ သုံးကြတယ်၊ ဒီဖရဲသီးက ဖူကွေ့ လောင်းကစားရုံက အန်စာတုံးကို သုံးပြီး ဘယ်လို လိမ်လည်သလဲ ဆိုတဲ့ အကြောင်းပါ]

ပြောရင်းနဲ့ မနေနိုင်ဘဲ ဝေဖန်လိုက်သည်။ [ဆယ်ခါကစား ကိုးခါရှုံး၊ လောင်းကစားရုံ ဆိုတာ လူတွေကို မွဲပြာကျအောင် လုပ်တဲ့ နေရာ ဖြစ်လျက်နဲ့ ဖူကွေ့ (ချမ်းသာကြွယ်ဝခြင်း) လောင်းကစားရုံလို့ နာမည် ပေးထားတယ်၊ လူကိုသတ်ပြီး နှလုံးသားကိုပါ ဖျက်ဆီးတာပဲ]

[ကျွတ် ကျွတ်၊ တကယ်ပဲ ဒီနာမည်ကို ကြည့်ပြီး သွားတဲ့သူတွေ ရှိသေးတယ်၊ မဟုတ်သေးပါဘူး၊ ဒီလူတွေရဲ့ ဦးနှောက်က ပျက်စီးနေတာလား၊ လောင်းကစား ဆိုတာ တစ်ခါ စွဲလမ်းသွားရင် ဖြတ်ဖို့ ခက်ခဲတယ်လေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူက နည်းနည်းလေးပဲ ရှိတာ]

[လောင်းကစားရုံ ဖွင့်တာက စီးပွားရေး လုပ်ဖို့ပဲ၊ ဝင်လာတဲ့သူတိုင်း ချမ်းသာသွားရင် လောင်းကစားရုံ ပိုင်ရှင်က သူတော်ကောင်းကြီး ဖြစ်နေလို့လား၊ ကိုယ့်စည်းစိမ်ကို ဖြန့်ဝေပြီး သူများကို ချမ်းသာအောင် လုပ်ပေးမလို့လား၊ နည်းနည်း စဉ်းစားကြည့်တာနဲ့ အထဲမှာ မသင်္ကာစရာ ရှိမှန်း သိနိုင်လျက်နဲ့ ခြေတစ်လှမ်း ကျွံဝင်သွားတာ၊ တကယ်ကို မိုက်မဲလွန်းတယ်]

System က ဒီလောက်ထိ ပြတ်ပြတ်သားသား ဆဲဆိုနေသည်ကို ကြားတော့ ချူဟွားက system အတွက် အလုပ်သစ် တစ်ခု ရှာပေးချင်လာသည်။ ကိုယ်စားလှယ် ပြောခွင့်ရ ပုဂ္ဂိုလ်။

တစ်နှစ်နေရင် လက်ဖက်ရည်ဖိုး တော်တော်များများ သက်သာသွားလိမ့်မယ်။

ချူဟွား: [နင် ပြောသလိုပဲ၊ လောင်းကစားရုံက စီးပွားရေး လုပ်ဖို့ပဲ၊ ဝင်ငွေ ကောင်းကောင်း ရဖို့အတွက် နည်းနည်းတော့ လိမ်လည်ကြမှာပဲ]

[အရင်က တီဗီစီးရီးတွေ၊ ရုပ်ရှင်တွေမှာ မကြာခဏ ပါတတ်တယ် မဟုတ်လား၊ ဇာတ်လိုက်က နိုင်တာ များလွန်းလို့ လောင်းကစားရုံက လူတွေ စောင့်ကြည့်ခံရတယ်၊ လောင်းကစားရုံက ထွက်သွားတာနဲ့ လူမိုက်တွေ လွှတ်ပြီး နိုင်သွားတဲ့ ပိုက်ဆံတွေကို ပြန်လုခိုင်းတဲ့ ဇာတ်ကွက်မျိုးလေ]

လူတိုင်း: ???

တီဗီစီးရီးတွေ၊ ရုပ်ရှင်တွေ ဟုတ်လား။ အဲဒါ ဘာကြီးလဲ။

System: [အရင်က ငါ ထင်ခဲ့တာ၊ အဲဒါ ဇာတ်ညွှန်းဆရာက ဇာတ်လမ်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် ကိုယ့်ဘာသာ ထည့်ရေးထားတဲ့ ဇာတ်ကွက်တွေ၊ သမိုင်း အထောက်အထား မရှိဘူးလို့၊ ဘယ်သူ ထင်မှာလဲ၊ ဒီ ဖူကွေ့ လောင်းကစားရုံက တကယ်ပဲ အဲဒီလို လုပ်နေတာ]

[ပိုက်ဆံ နည်းနည်းလောက် နိုင်သွားရင် ကိစ္စ မရှိဘူး၊ နိုင်သွားတဲ့ လူတွေက ဂုဏ်သတင်း ဖြန့်ပေးဖို့ လိုသေးတယ်၊ အဲဒါမှ နောက်ထပ် သားကောင်ဝဖြိုးဖြိုးတွေကို ဆွဲဆောင်နိုင်မှာ၊ ရင်းနှီးမြှုပ်နှံမှုလို့ သဘောထားလိုက်တာပေါ့]

[နည်းလမ်း ကောင်းလွန်းလို့ ပိုက်ဆံ အများကြီး နိုင်သွားရင် လောင်းကစားရုံက လူတွေက သူ့ကို ခေါ်ပြီး အလုပ်ခန့်ဖို့ ကြိုးစားကြတယ်၊ လက်ခံရင် လစာကောင်းကောင်း ပေးမယ်၊ လက်မခံရင်တော့ အနည်းဆုံး လက်တွေ ခြေတွေ ချိုးပြီး နိုင်ထားတဲ့ ပိုက်ဆံတွေ ပြန်လုယူခံရမယ်၊ အဆိုးဆုံးကတော့ အသက်ပါ ပေးလိုက်ရမယ်]

ဤရလဒ်ကတော့ ချူဟွား မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွာခြားနေသည်။

လောင်းကစားရုံ ဖွင့်တာ ပိုက်ဆံ လိုချင်လို့လေ၊ ပိုက်ဆံ လုတာနဲ့ အလုပ်ခန့်တာက ဖြစ်နိုင်ပေမဲ့ ဒဏ်ရာအပြင်းအထန် ရစေတာနဲ့ လူသတ်တာက နည်းနည်း လွန်မနေဘူးလား။

ဒီလောက် ရက်စက်တာ၊ ဘာမှ ဂရုမစိုက်တဲ့ ပုံစံ ပေါက်နေတယ်၊ နောက်ကွယ်မှာ အကြီးစား ကျောထောက်နောက်ခံ ရှိနေလို့များလား။

အခြားသူများလည်း ထိုသို့ပင် တွေးနေကြသည်။

ချူမိသားစုက မြို့တော်ထဲမှာ ဘယ်သူတွေက မောက်မာပြီး ရမ်းကားသလဲ ဆိုတာ စဉ်းစားလိုက်ကြတယ်။ ဘယ်သူ ပိုပြီး မသင်္ကာစရာ ကောင်းလဲ ဆိုတာပေါ့၊ နန်းစောင့်တပ်သားတွေနဲ့ မင်းသား ၅ ကတော့ ပထမအဆင့် အမတ်ကြီးတွေနဲ့ တော်ဝင် ဆွေမျိုးတွေကို သံသယ ဝင်နေကြတယ်။

သူတို့ ကိုယ်တိုင် ခိုင်းတာ မဟုတ်ရင်တောင် သူတို့ရဲ့ အဆင့်အတန်းနဲ့ နေရာကြောင့် လောင်းကစားရုံ နောက်ကွယ်က လူရဲ့ ကျောထောက်နောက်ခံ ဖြစ်နိုင်တယ်၊ မဟုတ်ရင် လူ့အသက်ကို ဒီလောက်ထိ တန်ဖိုးမထားဘဲ နေပါ့မလား။

ချူဟွား: [ဖူကွေ့ လောင်းကစားရုံက ဘယ်သူ့ဟာလဲ]

System: [အပေါ်ယံမှာတော့ ကျန်းဖူကွေ့ ဆိုတဲ့ လူပိုင်တာ၊ တကယ်တမ်း ဖူကွေ့ လောင်းကစားရုံ နောက်ကွယ်က လူအစစ်က အန်းဝမ်ပဲ]

အန်းဝမ် ဆိုသည့် နာမည် ကြားလိုက်သည်နှင့် လူတိုင်း သတိထားမိလိုက်ကြသည်။

ပြီးခဲ့တဲ့ တစ်ခါ အန်းဝမ်ရဲ့ ဖရဲသီးကို ကြားရတုန်းက သူက ကျိုးပြည်နယ်မှာ အရမ်း မောက်မာနေတဲ့ အကြောင်းလေ။ နိုင်ငံတော် အခွန်ငွေတွေကို ကြားဖြတ်ယူတယ်၊ အရှင်မင်းကြီး လွှတ်လိုက်တဲ့ နန်းစောင့်တပ်သားတွေကို လုပ်ကြံတယ်၊ မိန်းမတွေကို အတင်းအဓမ္မ ခေါ်ယူတယ်။ ကျောင်းတော်သားကို ရိုက်သတ်ပြီး အလောင်းဖျောက်တယ် ဆိုတာတွေပေါ့။

ခြောက်လလောက် ကြာသွားပြီ၊ အရှင်မင်းကြီးက အန်းဝမ်ကို အရေးယူတဲ့ သတင်း မကြားရသေးဘူး။ ယခင်မင်းကြီး ထားခဲ့တဲ့ အမိန့်တော်နဲ့ လျှို့ဝှက်အစောင့်တွေကြောင့် အရှင်မင်းကြီး လက်တွန့်နေတာ ဖြစ်မယ်။

အန်းဝမ်က လောင်းကစားရုံကို မြို့တော်အထိ လာဖွင့်ပြီး သာမန် ပြည်သူ နည်းနည်းလောက် သတ်လိုက်တာကို သူတို့ သိပ်ပြီး မျှော်လင့်ချက် မထားတော့ဘူး။

အရှင်မင်းကြီးရဲ့ လဲလှယ်ခံခဲ့ရတဲ့ မင်းသမီးအစစ်ကို အန်းဝမ်က သတ်ပြီး အလောင်းဖျောက်လိုက်တာတောင် အရှင်မင်းကြီးက အန်းဝမ်ကို ဘာမှ မလုပ်နိုင်တာ။ အသတ်ခံလိုက်ရတဲ့ သာမန် ပြည်သူ နည်းနည်းအတွက် ရန်ဖြစ်လိမ့်မယ်လို့ မျှော်လင့်လို့ ရပါ့မလား။

ချူဟွားလည်း ဒီကိစ္စကို သိပ်မျှော်လင့်မထားချေ။ လောင်းကစားရုံ နောက်ကွယ်မှာ ပိုနက်ရှိုင်းတဲ့ လျှို့ဝှက်ချက် ရှိနေရင်တော့ တစ်မျိုးပေါ့။ ဥပမာ... ရှီးရုံ။

System: [ကျန်းဖူကွေ့က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မြို့တော်ကို ရောက်လာတာ၊ နေရာတိုင်း သွားပြီး မိတ်ဆက်တယ်၊ လက်ဆောင်ပေးပြီး လမ်းကြောင်း ရှင်းတယ်၊ ပိုက်ဆံ တော်တော် သုံးတယ်၊ ကြည့်တာနဲ့ ပိုက်ဆံရှိပြီး နောက်ခံရှိမှန်း သိသာတယ်၊ မဟုတ်ရင် အချိန်တိုအတွင်း မြို့တော်က ဆက်ဆံရေးတွေကို ဘယ်လို လုပ်ပြီး သိနိုင်မှာလဲ]

[ဘယ်စီးပွားရေးမဆို ယှဉ်ပြိုင်မှု ရှိတယ်၊ လောင်းကစားရုံဆိုတာ သာမန်လူတွေ ဝင်လုပ်ရဲတဲ့ အလုပ် ပိုပြီးတော့တောင် မဟုတ်ဘူး၊ ဆက်ဆံရေးနဲ့ ကျောထောက်နောက်ခံ မရှိရင် လိမ်လည်တတ်တဲ့သူတွေ ဝိုင်းလာပြီး ပိတ်သိမ်းရတဲ့အထိ ကစားသွားကြမှာ]

[ကျန်းဖူကွေ့က အပေါ်ယံ ကြည့်ရင် ကျန်နန်မှာ ပိုးထည်လုပ်ငန်း လုပ်တဲ့ သာမန် ကုန်သည် တစ်ယောက်လိုပဲ၊ ဒါကြောင့် နေရာတိုင်း လမ်းကြောင်းရှင်းဖို့ ပိုက်ဆံ အများကြီး ရှိတာ၊ ဒါပေမဲ့ တကယ်တမ်း သူက အန်းဝမ်ရဲ့ လူပဲ]

ဤစကားကို Systemက အရင်က ပြောဖူးသဖြင့် လူတိုင်းက မှတ်မိကြသည်။

မမျှော်လင့်ဘဲ Systemက ရုတ်တရက် အလှည့်အပြောင်းတစ်ခု လုပ်လိုက်သည်။ [ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်လိုက်တော့ ကျန်းဖူကွေ့က တကယ်တော့ ရှီးရုံရဲ့ လူဖြစ်နေတယ်]

လူတိုင်း တစ်ကိုယ်လုံး တုန်လှုပ်သွားကြပြီး ခေါင်းထဲတွင် တုတ်ဖြင့် အရိုက်ခံလိုက်ရသလို ဝီခနဲ ဖြစ်သွားကာ စကားတောင် သေချာ မကြားရတော့ပေ။

အန်းဝမ်က အရှင်မင်းကြီးရဲ့ ညီတော်လေ။ ကျန်းနန်မှာ အချမ်းသာဆုံး နယ်မြေကို ပိုင်ဆိုင်ထားတာ၊ ကျိုးပြည်နယ်မှာ နယ်စားမင်း လုပ်နေတာ၊ ဘာများ မရှိလို့လဲ။

သူက ဘာလို့များ စိတ်ကူးပေါက်ပြီး ရှီးရုံနဲ့ သွားပတ်သက်ရတာလဲ။

နန်းစောင့်တပ်သားများ၏ စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။ ရှီးရုံက သာ့ရှန်းကို သူလျှိုတွေ မကြာခဏ လွှတ်တတ်တယ်၊ ဒီ ကျန်းဖူကွေ့ကလည်း သူလျှို ဖြစ်နိုင်တယ်၊ အန်းဝမ်က အလိမ်ခံထားရတာ ဖြစ်နိုင်တယ်။

ချူဟွားက ကြိုတင် သိထားပြီးဖြစ်၍ ခဏလောက် တိတ်ဆိတ်နေလိုက်သည်။ ထိတ်လန့်လွန်းသဖြင့် စကားမပြောနိုင် ဖြစ်သွားသလို ဟန်ဆောင်နေလိုက်တော့သည်။

အတော်ကြာမှ သူမက ခက်ခက်ခဲခဲ ပြောလိုက်သည်။ [ဆက်ပြော]

System: [အစတုန်းက အန်းဝမ်က ကျန်းဖူကွေ့ကို မြို့တော် ပို့လိုက်တာ၊ တကယ်တော့ မြို့တော်မှာ သူလျှို တစ်ယောက် ထားချင်လို့၊ သတင်း ရတာနဲ့ ကျိုးပြည်နယ်ကို ပို့ပေးဖို့လေ]

[ဒီနှစ်တွေအတွင်း မြို့တော်ကနေ ကျိုးပြည်နယ်ကို နန်းစောင့်တပ်သားတွေ အကြိမ်ကြိမ် လွှတ်ခဲ့တယ်၊ ကျန်းဖူကွေ့က တိတ်တဆိတ် သတင်းပို့တယ်၊ ပြီးတော့ အမှောင်ထဲမှာ ပုန်းနေတဲ့ သိုင်းပညာ ကောင်းတဲ့ လျှို့ဝှက်အစောင့်တွေ ရှိနေလို့ အန်းဝမ်က နန်းစောင့်တပ်သားတွေကို အချိန်မီ လုပ်ကြံနိုင်ခဲ့တာ]

နန်းစောင့်တပ်သားများ: !!!

တကယ်တော့ ဒီနှစ်တွေအတွင်း သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီလို သေဆုံးခဲ့ကြတာကိုး။

ယခင်မင်းကြီး ထားခဲ့တဲ့ လျှို့ဝှက်အစောင့်တွေ တော်လွန်းလို့ ထင်ခဲ့တာ။ တကယ်တော့ အန်းဝမ်က မြို့တော်မှာ သူလျှိုထားပြီး နန်းစောင့်တပ်သားတွေရဲ့ လှုပ်ရှားမှုကို သိနေလို့ပဲ။

ဒါပေမဲ့ နန်းစောင့်တပ်သားတွေက တာဝန်ထမ်းဆောင်တဲ့အခါ သိုသိုသိပ်သိပ် နေကြတာပဲ။ တစ်ဖက်လူက ဘယ်လို လုပ်ပြီး သိသွားတာလဲ။

ချူဟွားလည်း သိချင်နေမိ၏။ [နန်းစောင့်တပ်သားတွေက ကျိုးပြည်နယ်ကို ဝင်ဖို့အတွက် ရုပ်ဖျက်ရမယ်၊ လမ်းတစ်လျှောက် ဟန်ဆောင်ရမယ်၊ ခြေရာလက်ရာ ဖျောက်ရမယ်၊ ဘယ်လိုလုပ်ပြီး မြို့တော်က မထွက်ခင် ကျန်းဖူကွေ့က သိသွားတာလဲ]

System: [ဘာလို့လဲဆိုတော့ သစ္စာဖောက် ရှိလို့ပေါ့]

[ငြိမ်ဝပ်ပိပြားရေးဌာနက နန်းစောင့်တပ်သားတွေရဲ့ ရုံးခန်း ဆိုပေမဲ့ လူတိုင်းက နန်းစောင့်တပ်သား မဟုတ်ဘူးလေ၊ တခြားအလုပ် လုပ်တဲ့သူတွေ ရှိသေးတာပဲ၊ မြင်းထိန်းနဲ့ တံခါးစောင့်က သာမန်လို့ ထင်ရပေမဲ့ မြင်းထိန်းက မြင်းတွေရဲ့ လှုပ်ရှားမှုကို သိတယ်၊ ခရီးတိုနဲ့ ခရီးရှည် သွားမဲ့ မြင်းတွေကို ကျွေးရတဲ့ အစာ မတူဘူး]

[တံခါးစောင့်ကတော့ နန်းစောင့်တပ်သားတွေ ဘယ်အချိန် ထွက်သွားတယ်၊ ဘယ်အချိန် ပြန်လာတယ်၊ လူဘယ်နှယောက် အသွားအပြန် လုပ်တယ်၊ ဘယ်သူတွေက အသွားပဲရှိပြီး အပြန်မရှိဘူး ဆိုတာ သိတယ်၊ သတင်း အချက်အလက် တော်တော်များများကို စုစည်းလိုက်ရင် ဒီလူတွေရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းလို့ ရတာပေါ့]

လူတိုင်း သဘောပေါက်သွားကြသည်။ ဒီလို လုပ်လို့ ရတာကိုး။

နန်းစောင့်တပ်သားများ မျက်နှာ မည်းမှောင်သွားသည်။ သူတို့၏ လုပ်ဖော်ကိုင်ဖက်များက မြင်းထိန်းနှင့် တံခါးစောင့် ပို့လိုက်သည့် သတင်းကြောင့် သေဆုံးခဲ့ရသည်ကို လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။

ချူဟွား နားထောင်ရသည်မှာ မှုခင်းစီးရီး ကြည့်နေရသကဲ့သို့ပင်။ [မှုခင်းစီးရီး ဆန်သွားပြီ]

System: [လောင်းကစားရုံ ဖွင့်တာက လောင်းကစားကို အသက်ထက် မက်တဲ့သူတွေကို ရှာလို့ ရတယ်၊ သူတို့ကို ကိုယ့်အတွက် အလုပ်လုပ်ခိုင်းလို့ ရတယ်၊ ဒီလိုလူတွေက လောင်းကစားဖို့အတွက် မယားနဲ့ သားသမီးကို ရောင်းစားရဲတယ်၊ ဘာမဆို လုပ်ရဲတယ်၊ ပြီးတော့ လောင်းကစားရုံက ရတဲ့ ပိုက်ဆံ အများကြီးနဲ့ သတင်းနဲ့ လူတွေကို ဝယ်လို့ ရတယ်]

[ငြိမ်ဝပ်ပိပြားရေးဌာန ပတ်လည်မှာ စောင့်ကြည့်နေတဲ့သူတွေ အများကြီးပဲ၊ ဥပမာ နန်းစောင့်တပ်သားတွေ စားလေ့ရှိတဲ့ ဖက်ထုပ်ဆိုင်က ဆိုင်ရှင်ရဲ့ အဖေက လောင်းကစားရုံမှာ အကြွေး အများကြီး တင်နေတယ်၊ မုန့်ရောင်းတဲ့ အဘွားအိုမှာ လောင်းကစား စွဲနေတဲ့ သားတစ်ယောက် ရှိတယ်]

[ဒီလူတွေက ရှီးရုံရဲ့ သူလျှိုတွေ မဟုတ်ကြဘူး၊ ဒီသတင်းက ဘာလုပ်ဖို့လဲ ဆိုတာတောင် မသိကြဘူး၊ ဒါပေမဲ့ သူတို့က တကယ်ပဲ နန်းစောင့်တပ်သားတွေကို သစ္စာဖောက်ခဲ့တယ်၊ နန်းစောင့်တပ်သား အများအပြားကို သေစေခဲ့တယ်]

လောင်းကစားသမားတိုင်းရဲ့ နောက်ကွယ်မှာ ဒုက္ခရောက်နေတဲ့ မိသားစုဝင်တွေ ရှိတယ်၊ မိသားစုဝင်တွေက စိတ်မချလို့ ဖြစ်စေ၊ ရုန်းမထွက်နိုင်လို့ ဖြစ်စေ၊ ဒီနာကျင်မှုတွေကို တခြားသူတွေဆီ လွှဲပြောင်းပေးလိုက်ကြတယ်၊ အပြစ်မဲ့တဲ့သူတွေ သေဆုံးစေတယ်၊ ပိုများတဲ့ မိသားစုတွေ နာကျင်ရတယ်။

ချူဟွားက ဤလူများ၏ လုပ်ရပ်ကို ဝေဖန်ရန် ခက်ခဲနေ၏။ သူမမှာ ဖြေရှင်းပေးနိုင်သည့် အနေအထားတွင်လည်း မရှိ၍ ကျော်သွားလိုက်တော့သည်။ [အန်းဝမ်က ဘယ်လိုလုပ်ပြီး ရှီးရုံနဲ့ ပတ်သက်သွားတာလဲ]

System: [အစတုန်းက အန်းဝမ်က ကျန်းဖူကွေ့ဟာ ရှီးရုံလူမှန်း မသိဘူး၊ မြို့တော်က ပို့လိုက်တဲ့ ပိုက်ဆံတွေကို လက်ခံရုံပဲ၊ ပိုက်ဆံ များလာတော့လည်း မမေးတော့ဘူး၊ သူ့အမြင်မှာ လောင်းကစားရုံက ပိုက်ဆံ အရမ်း ရှာနိုင်တယ်လေ]

[အဲဒီအထဲက တချို့က ရှီးရုံ ဖွင့်ထားတဲ့ လောင်းကစားရုံက ပေးတဲ့ ပိုက်ဆံ ဆိုတာ သူ မသိဘူး၊ အဲဒါက မနှစ်က အသိမ်းခံလိုက်ရတဲ့ ရှီးရုံ သူလျှို ဖွင့်ထားတဲ့ လောင်းကစားရုံပဲ၊ လာဘ်ထိုးတာ တစ်မျိုးပေါ့]

[နောက်ပိုင်းမှာ ကျန်းဖူကွေ့က ကျိုးပြည်နယ်ကို သတင်း ပို့လိုက်တယ်၊ အန်းဝမ်က နန်းစောင့်တပ်သားတွေကို အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့တယ်၊ အကြိမ်ကြိမ် လုပ်ပြီးနောက်မှာ ရှီးရုံက လူတွေက အန်းဝမ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိုယ်တိုင် ထွက်လာကြတယ်]

ချူဟွားတစ်ယောက် ကြိတ်ပြီး ပင့်သက်ရှိုက်လိုက်မိသည်။ [ဟူး—— ဒီနည်းလမ်းက တော်တော် ယုတ်မာတာပဲ]

[ပိုက်ဆံ ယူပြီးပြီ၊ သတင်း ယူပြီးပြီ၊ နန်းစောင့်တပ်သားတွေ သတ်ပြီးပြီ၊ ရှီးရုံက လူတွေက သေချာပေါက် သက်သေအထောက်အထားတွေ သိမ်းထားမှာပဲ၊ အန်းဝမ်မှာ ပါးစပ် ဆယ်ပေါက် ရှိရင်တောင် ရှင်းပြလို့ မရတော့ဘူး၊ ဒီပင်လယ်ဓားပြ သင်္ဘောပေါ် တက်လိုက်ရုံပဲ ရှိတော့တာပေါ့]

System: ဟင်???

ချူဟွား ခန့်မှန်းတာ လွဲသွားသည်မှာ ရှားရှားပါးပါး တွေ့ရ၍ Systemက တခစ်ခစ် ရယ်မောလိုက်လေသည်။ [မမကြီးဟွား နင်က အန်းဝမ်ကို တကယ် လျှော့တွက်တာပဲ]

[သူက ယခင်မင်းကြီးရဲ့ အလိုလိုက်မှုကြောင့် နည်းနည်း ဆိုးသွမ်းပေမဲ့ ဦးနှောက်ကတော့ ရှင်းနေတုန်းပဲ၊ သူ အခုလို အခြေအနေမျိုး ရနေတာက အရှင်မင်းကြီးရဲ့ ညီတော် ဖြစ်လို့ ဆိုတာ ကောင်းကောင်း သိတယ်၊ ဒါပေမဲ့ ရှီးရုံနဲ့ ပတ်သက်လိုက်ရင်...]

စကားပြောတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် system က စိတ်လှုပ်ရှားတဲ့ လေသံ ပြောင်းလိုက်တယ်:

[ဒါက ကိုယ့်ခေါင်းကို အရှင်မင်းကြီး လက်ထဲ ထိုးထည့်ပေးလိုက်တာ မဟုတ်ဘူးလား၊ အရှင်မင်းကြီးက သူ့ကို ရှင်းပစ်ဖို့ အကြောင်းပြချက် ရှာနေတာ၊ ဒီကိစ္စသာ ပတ်သက်မိရင် အသက် ချက်ချင်း ပျောက်သွားမှာ]

ချူဟွား: "..."

လူတိုင်း: "..."

နားလည်ပေးလို့ မရတာတော့ မဟုတ်ဘူး။

ယခင်မင်းကြီး လက်ထက်က နောက်ဆောင်က အခုလို မငြိမ်းချမ်းဘူး။ အန်းဝမ်က ငယ်ငယ်တုန်းက အချစ်ခံရပေမဲ့ တိတ်တဆိတ် ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေ မနည်းလောက်ဘူး။ ငယ်ငယ်က ဒုတိယမင်းသမီးလိုမျိုး ရိုးအပြီး ကြီးပြင်းလာမှာ မဟုတ်ဘူး။

System: [ဒီလူက ဦးနှောက်ရှင်းပေမဲ့ စည်းစိမ်ခံစားရတာကို အရမ်း မက်မောတယ်၊ ရှီးရုံ ပို့လိုက်တဲ့ ပိုက်ဆံ၊ မိန်းမလှ၊ သတင်း အကုန် ယူတယ်၊ ရှီးရုံက သူ့ကို အလုပ်ခိုင်းရင် သူက အပျင်းထူတော့တာပဲ]

[ရှီးရုံက အန်းဝမ်နဲ့ အရှင်မင်းကြီး ကြားမှာ တိုက်ပွဲ ဖြစ်စေချင်တာ၊ သာ့ရှန်းကို ပြည်တွင်းစစ် ဖြစ်ပြီး အလုပ်ရှုပ်နေစေချင်တာ၊ နယ်စပ်ကို ဂရုမစိုက်နိုင်မှ နယ်စပ်မှာ စုထားတဲ့ စစ်တပ်က အခွင့်ကောင်း ယူပြီး ဝင်တိုက်လို့ ရမှာလေ၊ အဲဒီအတွက် ရှီးရုံက အန်းဝမ်ရဲ့ ပြစ်မှု သက်သေတွေကို ကိုင်ထားပြီး အန်းဝမ်ကို ပုန်ကန်ဖို့ ခြိမ်းခြောက်တယ်]

[အကြံပေးတွေက အန်းဝမ် အကွက်ထဲ ဝင်သွားမှာ စိုးရိမ်ပြီး ဝိုင်းပြောကြတယ်၊ အန်းဝမ်က အကြံပေးတွေကို ပြန်ပြောတယ်: "ငါက ကျိုးပြည်နယ်မှာ ဘာမှ မလုပ်ဘဲ အရှင်မင်းကြီးလို စည်းစိမ်ခံစားနေရတာ၊ ဘာကိစ္စ ပင်ပင်ပန်းပန်း ပုန်ကန်ရမှာလဲ၊ ငါ ရူးနေလို့လား"]

ချူဟွား: "..."

လူတိုင်း: "..."

ဒီကောင်က တကယ်ပဲ လူ့လောကထဲမှာ စိတ်ရှင်းလင်းတဲ့ လူတစ်ယောက်ပဲ။

ရှီးရုံ သူလျှိုတွေက နှစ်အတော်ကြာ အပင်ပန်းခံ စီစဉ်ခဲ့ရတာ၊ ပိုက်ဆံပေး၊ လူပေး၊ သတင်း စုဆောင်းပေးပြီးကာမှ အရေးကြီးတဲ့ အချိန်ကျမှ အန်းဝမ်ရဲ့ လှည့်စားတာ ခံလိုက်ရရင် ဘယ်လောက်တောင် ရင်ကွဲမလဲ ဆိုတာ စဉ်းစားကြည့်လို့ ရတယ်။

ချူဟွား: [ဒါဆို ရှီးရုံဘက်က စိတ်မဆိုးဘူးလား]

System: [စိတ်ဆိုးတာပေါ့၊ ပြီးတော့ ရှီးရုံ သူလျှိုရဲ့ လောင်းကစားရုံ အသိမ်းခံလိုက်ရတာ မဟုတ်လား၊ ရှီးရုံဘက်က အန်းဝမ် လက်ချက်လို့ သံသယ ဝင်နေတယ်]

[သူတို့က အန်းဝမ်ဆီ လူလွှတ်ပြီး စမ်းသပ်ကြည့်တယ်၊ အန်းဝမ်က ဘာမှ မသိတော့ ငြင်းတာပေါ့၊ ရှီးရုံမှာ သက်သေ မရှိဘူး၊ အန်းဝမ်ကို ပုန်ကန်ဖို့ ပြောတာ အကြိမ်ကြိမ် မအောင်မြင်တော့ ပူးပေါင်းမှု ပျက်ပြားပြီ၊ ဒီလမ်းကြောင်းက လျှောက်လို့ မရတော့ဘူးလို့ ထင်သွားတယ်]

[နောက်ပိုင်း သူတို့ တွေးမိတယ်၊ အန်းဝမ်ဘက်က မလှုပ်ရှားရင် အရှင်မင်းကြီးကို လှုပ်ရှားခိုင်းလို့ ရတာပဲ၊ စုဆောင်းထားတဲ့ သက်သေတွေကို မြို့တော် ပို့လိုက်ဖို့ စီစဉ်တယ်၊ ပစ္စည်းတွေ လမ်းပေါ် ရောက်နေပြီ၊ ဒါပေမဲ့ အန်းဝမ်ဘက်က အကြံပေး တစ်ယောက်က မသင်္ကာတာ တွေ့သွားပြီး နှစ်ဖက် တိုက်ခိုက်နေကြတယ်]

ချူဟွား: ?!!

လူတိုင်း: ?!!

ဒီလို ကောင်းတဲ့ ကိစ္စမျိုး ရှိသေးတာလား။

သတင်းက နန်းတော်ထဲ ရောက်သွားသောအခါ အရှင်မင်းကြီးနှင့် အမတ်များ ထိတ်လန့်သွားကြတော့သည်။

ရှီးရုံက ကိုယ့်စရိတ်နဲ့ကိုယ် ခရီးဝေးကြီး သက်သေတွေ လာပို့တယ်။ လမ်းတစ်လျှောက် အန်းဝမ်ရဲ့ အင်အား တချို့ကို ချေမှုန်းပေးတယ်။ တစ်ချိန်တည်းမှာ ရှီးရုံ သူလျှိုတွေလည်း အင်အားလျော့သွားတယ်။

သက်သေ ရောက်လာရင် အရှင်မင်းကြီးက အန်းဝမ်ကို သတ်ဖို့ အကြောင်းပြချက် ရပြီ၊ သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို သိမ်းယူလို့ ရပြီ၊ သက်သေကို ကိုင်ပြီး ရှီးရုံဆီ သွားပြီး လျော်ကြေး တောင်းလို့ ရသေးတယ်။

ဒီတစ်ခါတော့ ညီလာခံက အမြတ်ကြီး စားလိုက်ရတာပဲ။

...

All Chapters