အခန်း ၉၅
Vol. 7 Ch. 95
အပိုင်း (၉၅)
ယခုတစ်ကြိမ် အစီရင်ခံစာနှင့်အတူ တိကျသော တည်နေရာကိုလည်း ပူးတွဲ တင်ပြထားလေသည်။ ထိုလူနှစ်စုသည် အချိန်မည်မျှကြာအောင် တိုက်ခိုက်ခဲ့ကြသည်၊ ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး မြို့တော်နှင့် မည်မျှ ဝေးကွာသည်ကို ချူဟွားက စူးစမ်းလိုသောကြောင့် system က တစ်ခုချင်းစီ ဖြေကြားပေးလေ၏။ ချူဟွားအနေဖြင့် သာ့ရှန်း၏ မြေပုံနှင့် တည်နေရာများကို နားမလည်မည် စိုးရိမ်သောကြောင့် တိကျသော ကိုဩဒိနိတ်များနှင့် အညွှန်းအမှတ်အသားများကိုပါ အသေးစိတ် ဖော်ပြပေးထားသည်ပင်။
system က ချူဟွားအပေါ် ထားရှိသော ဂရုစိုက်မှုနှင့် အသေးစိတ် ကျနမှုများမှာ ယခုအခါ သူတို့အတွက် အကျိုးအမြတ် ဖြစ်စေလေသည်။ အရှင်မင်းကြီးနှင့် တရားရုံးတော်ရှိ လူကြီးမင်းများမှာလည်း ဝမ်းသာအားရဖြစ်ကာ ပြုံးမဆုံး ဖြစ်နေကြလေ၏။
သူတို့ဘက်မှ လူလွှတ်၍ လိုက်လံ ဖမ်းဆီးသည့် အချိန်တွင် ရှီးရုံနှင့် အန်းဝမ်၏ လူများမှာ ထိုနေရာတွင် ရှိတော့မည် မဟုတ်သော်လည်း ကိုးကားနိုင်သည့် ခန့်မှန်းခြေ တည်နေရာတစ်ခု ရှိနေခြင်းကြောင့် ခြေရာခံ လိုက်လံရန် ပိုပြီး လွယ်ကူသွားလေသည်။
"လူကို ရှာတွေ့ရင်တောင်မှ ရှီးရုံ သူလျှိုတွေက မယုံကြည်ဘဲ သက်သေတွေကို မပေးချင်ရင် ဘယ်လိုလုပ်မလဲ" လူကြီးမင်းတစ်ဦးက မေးမြန်းလိုက်၏။
"သူတို့က ကျိုးပြည်နယ်ကနေ တစ်လမ်းလုံး လာခဲ့တာလေ၊ လူတွေအများကြီး သေခဲ့တာဆိုတော့ ရုတ်တရက် ပေါ်လာတဲ့ နန်းစောင့်တပ်ကို အလွယ်တကူ ယုံမှာ မဟုတ်ဘူး"
အခြားလူကြီးမင်းတစ်ဦးကလည်း ဆိုလာသည်။
“တကယ်လို့ သူတို့ကို အန်းဝမ်ရဲ့လူတွေလို့ ထင်သွားရင် အဲဒီအခါ သုံးပွင့်ဆိုင် တိုက်ပွဲ ဖြစ်သွားလိမ့်မယ်”
“ဒါကြောင့် အဖက်ဖက်က စဉ်းစားထားတဲ့ နည်းလမ်းကောင်းတစ်ခု လိုအပ်တယ်”
အရာရှိများသည် အကြံအစည်များကို တစ်ဦးတစ်မျိုးစီ ထုတ်ဖော် ပြောဆိုကြပြီး စစ်သေနင်္ဂဗျူဟာ ၃၆ သွယ်ကို အသုံးပြုရန်သာ ကျန်တော့လေသည်။ ထိုစဉ် ဖူရွေ့ချင်းဝမ်က သူတို့ကို သတိပေးစကား တစ်ခွန်း ပြောလိုက်၏။
"ဖူကွေ့ လောင်းကစားရုံက ကျန်းဖူကွေ့ဟာ။ ရှီးရုံရဲ့ သူလျှိုတစ်ယောက်ပဲ"
ထိုစကားတစ်ခွန်းက လူတိုင်းကို နိုးကြားသွားစေလေသည်။
မှန်ပေသည်။ တစ်ဖက်လူမှာ ရှီးရုံ၏ သူလျှိုဖြစ်နေသောကြောင့် လောင်းကစားရုံကို ချက်ချင်း ဝင်ရောက်စီးနင်းပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် မလိုအပ်သေးပေ။ ထိုကိစ္စကို ခေတ္တ ဆိုင်းငံ့ထားနိုင်ပြီး သူ၏ အသုံးချနိုင်စွမ်းကို အကုန်အစင် ထုတ်ယူပြီးမှသာ ချေမှုန်းရမည်ပင်။
"ရှီးရုံဘက်က နန်းစောင့်တပ်ကို အမြဲတမ်း စောင့်ကြည့်နေတာ"
"ငါတို့က ဒါကို အသုံးချပြီး တခြား အကြောင်းပြချက်နဲ့ နန်းစောင့်တပ်ကို မြို့ပြင်လွှတ်လို့ ရတယ်"
"ရှီးရုံဘက်က သတင်းရတာနဲ့ နန်းစောင့်တပ်ဆီကို သူတို့ဘာသာ လာရှာတာမျိုး ဖြစ်နိုင်တယ်"
"ဒီလိုဆိုရင် ရုံးတော်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယကို လုံးဝ ဖယ်ထုတ်ထားနိုင်လိမ့်မယ်"
စာပေပညာရှင် အရာရှိကြီးများသည် ထိုအစီအစဉ်၏ အသေးစိတ် အချက်အလက်များကို စတင် ဖြည့်စွက်ကြလေသည်။ ယခုတစ်ကြိမ် စေလွှတ်လိုက်သော နန်းစောင့်တပ်သည် သက်သေများကို လက်ခံရယူမည့် ကိရိယာတစ်ခုမျှသာ ဖြစ်စေရန်နှင့် ရှီးရုံ သို့မဟုတ် အန်းဝမ်ဘက်မှ သံသယ မဝင်စေရန် သေချာအောင် ဆောင်ရွက်ကြလေ၏။
စစ်ဘက်ဆိုင်ရာ အရာရှိကြီးများမှာမူ စာပေပညာရှင်များ၏ အမျိုးမျိုးသော တွက်ကိန်းများကို နားထောင်ရင်း တစ်ကိုယ်လုံး ချမ်းစိမ့်လာရလေသည်။ စာပေပညာရှင်များ၏ စိတ်နှလုံးမှာ အမှန်တကယ်ပင် ကောက်ကျစ်လွန်းလှသည်မဟုတ်ပါလား။
သို့သော်လည်း ရင်တွင်း၌ ရေရွတ်နေမိသည်မှအပ သာ့ရှန်းနှင့် ရုံးတော်အဖွဲ့အပေါ် မကောင်းကြံစည်သူ မည်သူ့ကိုမဆို သူတို့အနေဖြင့် ဆင့်ကဲနှိပ်ကွပ်ရန်သာ ရှိပြီး မည်သည့်အခါမျှ ကူညီမည် မဟုတ်ပေ။
အစီအစဉ်များ ဆွေးနွေးပြီးနောက် စိတ်လှုပ်ရှားနေကြသော အရှင်မင်းကြီးနှင့် အမတ်များမှာ ပြန်လည် တိတ်ဆိတ်သွားကြလေသည်။ အကြောင်းအရင်းမှာ သူတို့သည် အရေးကြီးသော ပြဿနာတစ်ခုကို ထပ်မံ သတိရသွားသောကြောင့်ပင်။ ၎င်းမှာ ချူဟွား၏ အကျိုးဆောင်မှုပင် ဖြစ်လေသည်။
ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ဤနေရာရှိ မည်သူ့အပေါ်တွင်မဆို ပေးအပ်ခဲ့လျှင် ရာထူးတိုးမြှင့်ခံရသည်မှာ ကြာပြီဖြစ်သော်လည်း ချူဟွား၏ အသက်နှင့် ကျား၊ မ ခွဲခြားမှုကြောင့် သူမ၏ အကျိုးဆောင်မှုများမှာ ဆုလာဘ် မချီးမြှင့်နိုင်ဘဲ ပုံနေခဲ့လေသည်။
ဤကဲ့သို့ ပုံနေခြင်းမှာလည်း ရေရှည်အတွက် နည်းလမ်းကောင်း မဟုတ်ပေ။ အကယ်၍ တစ်နေ့တွင် အမှန်တရား ပေါ်ပေါက်သွားပါက ချူဟွားအနေဖြင့် သာ့ရှန်း ရုံးတော်အဖွဲ့အပေါ် စိတ်ပျက်သွားနိုင်လေသည်။
'ရုံးတော်က အကျိုးဆောင်မှုတွေကို စုပြီးမှ တစ်ခါတည်း ချီးမြှင့်မှာလား ဒါမှမဟုတ် လုံးဝ ချီးမြှင့်ဖို့ အစီအစဉ် မရှိတာလားဆိုတာ ကျွန်မက ဘယ်လိုလုပ် သိနိုင်မှာလဲ' ဟု ချူဟွားက စဉ်းစားမိနိုင်သည်ပင်။
အရှင်မင်းကြီးနှင့် မင်းဆရာကြီး၊ ဆရာကြီးတို့မှာ ချူဟွား၏ "လောကရှိ အမျိုးသမီးများအတွက် နေရာတစ်နေရာ ရရှိရန် ကြိုးပမ်းခြင်း" ဟူသော အတွေးအခေါ်ကို သိရှိပြီး ဖြစ်သောကြောင့် သူမသည် အစီအစဉ်များကို တစ်ဆင့်ချင်း အကောင်အထည် ဖော်နေသည်ကိုလည်း မြင်တွေ့နေရလေသည်။ အရှင်မင်းကြီး၏ ဒုတိယသမီးတော်မှာလည်း အလွန် အရည်အချင်းရှိသူ ဖြစ်သောကြောင့် အမျိုးသမီးများ အရာရှိလုပ်ခြင်းအပေါ် မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိသည့်အပြင် အောင်မြင်သည်ကို မြင်တွေ့လိုပြီး ကိစ္စရပ်များစွာတွင် ချူဟွားအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးလိုစိတ် ရှိလေသည်။
မင်းဆရာကြီးနှင့် ဆရာကြီးတို့က ချူဟွား၏ အကျိုးဆောင်မှုများ များပြားလာပါက အခြားသူများလည်း တဖြည်းဖြည်း လက်ခံလာလိမ့်မည်ဟု တွေးထားကြသော်လည်း ယခုအခါ ချူဟွား အကျိုးဆောင်မှုရရှိသည့် နှုန်းမှာ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသဖြင့် သူတို့၏ စိုးရိမ်မှုများမှာလည်း တိုးပွားလာလေသည်။ အကယ်၍ မမျှတသော ဆက်ဆံမှုကိုသာ ဆက်တိုက် ရရှိနေပါက ချူဟွား စိတ်ပျက်သွားမည်လား။ သို့မဟုတ် မျှော်လင့်ချက် ကုန်ဆုံးသွားမည်လား။ ထို့ကြောင့် ရှီးရုံ သို့မဟုတ် ပေတိဘက်သို့ ကူးပြောင်းသွားလိမ့်မည်ဟု မဆိုလိုသော်လည်း...
ချူဟွားသည် ယခုအခါ ရှန်လု၏ တပည့် ဖြစ်နေလေသည်။ အကယ်၍ သူမသည် သူနှင့်အတူ လောကီရေးရာများကို စွန့်ခွာပြီး တောတောင်ထဲသို့ လူသူမနီးသည့်နေရာတွင် အတူတူ သွားရောက် နေထိုင်သွားပါက အားလုံး ပြီးသွားလိမ့်မည်ပင်။
မင်းဆရာကြီးက အကြံပြုလိုက်၏။ "လောလောဆယ် ချူဟွားကို ဆုလာဘ်တွေ အများကြီး မပေးနိုင်သေးတဲ့အတွက် ရုံးတော်ရဲ့ စေတနာကို ပြသတဲ့အနေနဲ့ ကိစ္စသေးသေးလေးတွေမှာ သူမ အလိုရှိသလို လုပ်ပေးတာ ပိုကောင်းပါလိမ့်မည်"
ချူဟွားတစ်ယောက် ရုံးတော်အဖွဲ့မှာ ကယ်တင်လို့ မရတော့ဘူးဟု ထင်ကာ ရှန်လုနှင့်အတူ တောထွက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။ ထိုနောက်ဆုံးစကားကို မင်းဆရာကြီးက ထုတ်မပြောသော်လည်း အရှင်မင်းကြီးနှင့် အမတ်များအားလုံးမှာ မိမိဘာသာ တွေးမိကြလေသည်။ ချူဟွားက ရှန်လုအပေါ် ထားရှိသည့် အထင်ကြီးလေးစားမှုမှာ အလွန် မြင့်မားနေသောကြောင့် ဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိသော်လည်း သူတို့ မစွန့်စားဝံ့ကြပေ။
ယခုတစ်ကြိမ်တွင် မည်သူမျှ ကန့်ကွက်ခြင်း မပြုကြတော့ပေ။
အမျိုးသမီး အနည်းငယ်အတွက် ဆရာ ရှာပေးရုံမျှဖြင့် ရုံးတော်ကို မထိခိုက်နိုင်သလို သူတို့ကိုလည်း မထိခိုက်နိုင်သောကြောင့်ပင်။ မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် မသက်ဆိုင်သော အခြေအနေတွင် သူတို့သည် ဝမ်းမြောက်ဝမ်းသာ ကူညီပေးကြသဖြင့် ဟူချောင်ယွမ်နှင့် စာရင်းပါ အမျိုးသမီး အနည်းငယ်မှာ ဆရာများနှင့် အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့လေသည်။
သူတို့သည် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိရန်မှာ လုံးဝ မလွယ်ကူကြောင်းနှင့် ချူဟွား၏ ကျေးဇူးကြောင့် ဖြစ်ကြောင်းကို ကောင်းစွာ နားလည်ကြသဖြင့် အခွင့်အရေးကို အလွန် တန်ဖိုးထားကာ ဆရာများ သင်ကြားပေးသမျှကို အစွမ်းကုန် ကြိုးစား သင်ယူကြလေသည်။
ဆရာများ၏ အခြားသော တပည့်များသည် အစပိုင်းတွင် ထိုအမျိုးသမီးငယ်များကို အထင်သေးခဲ့ကြသော်လည်း ထိုသူတို့၏ စိတ်ထဲတွင် "ယနေ့ ရှိသော်လည်း နက်ဖြန် မရှိနိုင်" ဟူသော ပြင်းပြသည့် စိတ်ဆန္ဒဖြင့် ရူးသွပ်မတတ် ကြိုးစားနေသည်ကို မြင်သောအခါ ရက်အနည်းငယ်အကြာတွင် တပည့်များ၏ အမြင်မှာ ပြောင်းလဲသွားလေသည်။
ဤကဲ့သို့သော သင်ယူလိုစိတ် ပြင်းပြပြီး ဇွဲနပဲ ရှိသူများကို အမျိုးသမီးများ ဖြစ်နေလင့်ကစား သူတို့အနေဖြင့် လေးစားထိုက်ပေသည်။
တစ်လခွဲခန့် ကြာသောအခါ တပည့်များမှာ ငြိမ်မနေနိုင်တော့ပေ။ ထိုအမျိုးသမီးများသည် စတင် ရောက်ရှိလာစဉ်က သင်ခန်းစာများကို မလိုက်နိုင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော တိုးတက်မှုများ ရှိလာခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားပါက သူတို့ နောက်ကျကျန်ရစ်လိမ့်မည် မဟုတ်ပါလား။
တစ်လကျော် ကြာသောအခါ တပည့်များမှာလည်း သူတို့နှင့်အတူ အပြိုင်အဆိုင် ကြိုးစားလာကြလေသည်။ မကြိုးစားလို့ မရတော့ပေ။ ဤကဲ့သို့သော ထူးချွန်သူများနှင့် နှိုင်းယှဉ်ခံရသောအခါ ဆရာများက သူတို့ကို ကြည့်မရ ဖြစ်နေသောကြောင့်ပင်။
အမျိုးသမီးများ စာဖတ်သည့် အလေ့အထသည် မြို့တော်အတွင်း၌ မည်သည့်အချိန်က စတင်ခဲ့မှန်း မသိသော်လည်း စာအုပ်ဆိုင်များရှိ အခြေခံ စာအုပ်များနှင့် ကျမ်းစာကြီးများမှာ ပိုပြီး အရောင်းသွက်လာလေသည်။
ချူဟွားသည် နေ့စဉ် အိမ်မှာပင် စာဖတ်နေပြီး အပြင်ထွက်လျှင်လည်း ရှန်အိမ်တော်သို့သာ စာသွားဖတ်ကာ နေရာနှစ်ခုကိုသာ ကူးချည်သန်းချည် လုပ်နေသောကြောင့် ပြင်ပမှ သတင်းများနှင့် အခြေအနေများကို သိပ်ပြီး သတိမထားမိပေ။
သူမ သိထားသည်မှာ ချူအိမ်တော်မှ အစေခံများစွာမှာ [ကျမ်း၃တွဲ] ဖြစ်စေ [မိသားစုမျိုးနွယ်တစ်ရာ] ဖြစ်စေ စာဖတ်နေကြသည်ကိုသာ ဖြစ်ပြီး ဤအလေ့အထမှာ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့နေလိမ့်မည်ဟု မထင်မှတ်ထားပေ။ ဤအကြောင်းကို ဟုန်မေ ပြောပြမှသာ သိရလေသည်။
system ၏ ဖရဲသီးစားသည့် အလေ့အထကြောင့်လား မသိသော်လည်း ဟုန်မေသည် မြို့တော်ရှိ သတင်းထူးများကို စုံစမ်းရသည်ကို အလွန် နှစ်သက်ပြီး အသစ်အဆန်း တစ်ခုခု ကြားသည်နှင့် သူတို့ဆီသို့ ပြေးလာကာ ဝေမျှလေ့ ရှိလေသည်။
"သခင်မလေး၊ မြို့တော်မှာ အခု ဆရာမတွေ အများကြီး ရှိနေပြီနော်" ဟုန်မေက မျက်နှာလေး နီမြန်းလျက် ပြောလိုက်၏။
"ဒီလောက် ပညာတတ်တဲ့ ဆရာမတွေ အများကြီး ရှိနေလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး၊ မြို့တော်က တကယ်ကို အရည်အချင်းရှိသူတွေ ပုန်းအောင်းနေတဲ့ နေရာပဲ"
ချူဟွားနှင့် ချင်းကျူးတို့လည်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သောကြောင့် အံ့အားသင့်သွားကြလေသည်။
ချူဟွား ငယ်စဉ်က စာစတင် သင်ယူသည့် အချိန်တွင် ချူအိမ်တော်က သူမအတွက် ဆရာ ရှာပေးခဲ့ဖူးလေသည်။ အခြေခံ ဆရာ ရှာရသည်မှာ လွယ်ကူသော်လည်း အမျိုးသမီးကို ကျမ်းစာကြီးများ သင်ပေးနိုင်သည့် ဆရာမှာမူ အလွန် ရှားပါးလှ၏။
ထိုစဉ်က ချူအိမ်တော်သည် လူပေါင်းများစွာကို အကူအညီ တောင်းပြီးမှသာ သင့်တော်သော ဆရာမတစ်ဦးကို ရှာတွေ့ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ မိုးအကုန် မှိုပေါက်သကဲ့သို့ တဖွဲဖွဲ ပေါ်ထွက်လာကြလေသည်။
ချူဟွား : [ system ၊ ဒီလို ပေါ်လာတဲ့ ဆရာမတွေက နယ်ကနေ လာကြတာလား ]
system က သွားရောက် စစ်ဆေးကြည့်ပြီးနောက် : [ တချို့က မြို့တော်မှာ အမျိုးသမီးတွေ စာဖတ်တာ များလာတယ်လို့ ကြားလို့ နယ်ကနေ အလုပ်လာရှာကြတာ ]
[ တချို့ကတော့ အစကတည်းက ပညာရှိပေမဲ့ လူအများရဲ့ ကဲ့ရဲ့မှုကို ကြောက်တာ ဒါမှမဟုတ် ယောကျ်ားဖြစ်သူဘက်က သဘောမတူတာ စတဲ့ အကြောင်းရင်းတွေကြောင့် ပညာကို ဖုံးကွယ်ထားရာကနေ အခု ဒီလှိုင်းနဲ့အတူ ပေါ်လာကြတာ ]
ထိုသူများသည်လည်း မိမိတို့၏ ပညာများ မြေမြှုပ်ခံထားရသည်ကို မကျေနပ်ကြသဖြင့် အခွင့်အရေး ရသည်နှင့် တပြိုင်နက် မဆိုင်းမတွ ပေါ်ထွက်လာကြခြင်းပင်။
ချူဟွား : [ အရည်အချင်းကရော ဘယ်လိုလဲ ]
system : [ အကောင်းအဆိုး ရောနှောနေတာပဲ၊ အခြေအနေ ပေးတဲ့သူတွေက ပိုသင်ယူကြပြီး ပိုနက်နဲအောင် လေ့လာကြတယ်၊ အခြေအနေ မပေးတဲ့သူတွေကတော့ စာလုံးအနည်းငယ် ပိုသိရတာတောင် ကောင်းတာပဲ ]
အမျိုးသားများ စာဖတ်ခြင်းသည်လည်း ထိုနည်းအတိုင်းပင် မဟုတ်ပါလား။ ပါရမီ ရှိသူက စာမေးပွဲ ဖြေပြီး အရာရှိ လုပ်ကြသလို ပါရမီ မရှိသူများမှာလည်း စာလုံးအနည်းငယ် သိရုံဖြင့် စာရင်းကိုင် လုပ်နိုင်သည်ပင်။
ချူဟွား : [ ဒီအလေ့အထက ဘယ်တုန်းက စခဲ့တာလဲ၊ ငါတောင် သတိမထားမိလိုက်ဘူး ]
system က ပြန်ပြောလိုက်၏။ [ နင်က အိမ်တွင်းအောင်းလွန်းလို့လေ ]
[ အတိအကျ ပြောရရင် ဟူချောင်ယွမ်တို့ ဆရာဆီမှာ ပညာသင်ခွင့် ရကတည်းက စတာဆိုတော့ နှစ်လနီးပါး ရှိပြီ ]
ချူဟွားသည် သူမတို့ ရာထူးရရှိပြီး လောကရှိ အမျိုးသမီးများက စာဖတ်ခြင်းသည် အမျိုးသမီးများအတွက် လမ်းစတစ်ခု ဖြစ်ကြောင်း သိရှိသွားမှသာ အခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ မြို့တော်သည် သာ့ရှန်း တစ်ခုလုံးတွင် နိုင်ငံရေး အာရုံခံနိုင်စွမ်း အကောင်းဆုံး နေရာဖြစ်ကြောင်း ဝန်ခံရမည်ပင်။
အမှန်တရားမှာလည်း ထိုသို့ပင် ဖြစ်လေသည်။ အရာရှိကြီးများသည် ချူဟွား ရာထူးရရှိမည့်အရေးမှာ မလွဲဧကန် ဖြစ်ကြောင်း သိရှိနေကြပြီး ချူဟွား၏ အခြား အမျိုးသမီးများအပေါ် ကူညီထောက်ပံ့မှုများအရ အနာဂတ်တွင် တရားရုံးတော်၌ အမျိုးသမီး အရာရှိ တစ်ဦးနှစ်ဦးတည်း ရှိမည် မဟုတ်ကြောင်း သိထားကြလေသည်။ အမျိုးသမီးများ အရာရှိ လုပ်ကြမည်ဆိုလျှင် မိမိတို့ အိမ်တော်မှ အမျိုးသမီးများက အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။
အရာရှိများစွာ လှုပ်လှုပ်ရှားရှား ဖြစ်လာသောအခါ ချမ်းသာသော ကုန်သည်များလည်း လိုက်ပါလာကြလေသည်။ သူတို့ထဲမှ လူအများစုမှာ ထိုလုပ်ရပ်၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်ကြသော်လည်း ရေပန်းစားနေသည့်အတိုင်း လိုက်လုပ်ကြသည်ပင်။ လိုအပ်ချက် ရှိလာမှသာ ဈေးကွက် ရှိလာမည် မဟုတ်ပါလား။
system : [ မြို့တော်မှာ စာဖတ်ချင်တဲ့ အမျိုးသမီးတွေ အရမ်းများလာတော့ ဆရာမတွေက မလောက်မငှ ဖြစ်နေတာ၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အင်အားက ကန့်သတ်ချက် ရှိနေတော့ တပည့်တွေ အများကြီးကို တစ်ပြိုင်တည်း မသင်ပေးနိုင်ဘူး၊ ဒါကြောင့် အလိုအလျောက် အပြိုင်အဆိုင်တွေ ဖြစ်လာတာပေါ့ ]
[ တချို့လူတွေက ရွှေငွေ ရတနာတွေ ကိုင်ပြီး ဆရာလာကန်တော့ကြသလို တချို့ကလည်း စည်းကမ်းချက်တွေ သတ်မှတ်ပြီး ရွေးချယ်ကြတယ်၊ ဒါပေမဲ့ တပည့်အရေအတွက်က တကယ်ကို များလွန်းတော့ ပါရမီကောင်းပြီး မိသားစု နောက်ခံကောင်းတဲ့ တပည့်တွေကို လက်ခံပြီးရင်တောင် အောက်မှာ ကျန်နေတဲ့သူတွေ အများကြီးပဲ ]
[ အဲဒါနဲ့ ဆရာမတွေက သူတို့ရဲ့ သူငယ်ချင်းတွေဆီ စာရေးပြီး ဖိတ်ခေါ်ကြတော့ နယ်ကနေ ဆရာမတွေ မြို့တော်ကို တဖွဲဖွဲ ရောက်လာကြတာ၊ သတင်းတွေ ပျံ့သွားတော့ လမ်းခုလတ်မှာ ရောက်နေတဲ့သူတွေရော နယ်ကနေ သတင်းကြားပြီး လာနေတဲ့ တပည့်တွေပါ အများကြီးပဲ ]
ဒါက ကောင်းမွန်သော သံသရာတစ်ခု ဖြစ်လေသည်။ သင်ယူလိုသော တပည့်များနှင့် သင်ကြားပေးလိုသော ဆရာများ ပိုပြီး များပြားလာသောအခါ အမျိုးသမီးများအတွက် သီးသန့် အမျိုးသမီးကျောင်းများလည်း ပေါ်ပေါက်လာလိမ့်မည်ဟု ချူဟွား ကြိုတင် ခန့်မှန်းနိုင်လေသည်။ တစ်နေ့တွင် ယောကျ်ား မိန်းမ ရောနှော သင်ယူသည့် ကျောင်းများပင်... ဤအတွေးမှာမူ အနည်းငယ် ခေတ်ရှေ့ပြေးလွန်းသည်ဟု ထင်သောကြောင့် ချူဟွားက ခေါင်းယမ်းလိုက်လေ၏။
system : [ အမျိုးသား ဆရာ အများစုကလည်း အရင်က အမျိုးသမီး တပည့် မယူဘူးလို့ အတင်း ငြင်းဆန်ခဲ့ကြတာ၊ "အမျိုးသမီးက အနှေးနဲ့အမြန် အိမ်ထောင်ကျမှာပဲ၊ စာဖတ်တာ အလကားပဲ" ၊ "အမျိုးသမီးဆိုတာ [အမျိုးသမီးကျင့်ဝတ်] [အမျိုးသမီးစည်းကမ်း] ကိုပဲ ဖတ်သင့်တာ" လို့ ပြောခဲ့ကြပေမဲ့ အခုတော့ တပည့်လက်ခံတဲ့ စည်းကမ်းတွေကို လျှော့ပေါ့ပေးနေကြပြီ ]
ချူဟွားက အချက်ကျကျ ပြောလိုက်၏။ [ ကြီးမားတဲ့ အကျိုးအမြတ် ရှေ့မှာ ကျား၊ မ ခွဲခြားတဲ့ အစွဲအလမ်းတွေက ဘာမှ မဟုတ်တော့ဘူး ]
လူတိုင်း : "..." အမှန်တကယ်ပင် ထိုသို့သော အကြောင်းပြချက်ကြောင့်ပင်။
system က ချူဟွား အိမ်ထဲမှာပဲ အောင်းနေပြီး နေမကောင်း ဖြစ်မှာ စိုးရိမ်သောကြောင့် အကြံပြုလိုက်လေသည်။ [စာဖတ်တဲ့ အမျိုးသမီးတွေ များလာတော့ မြို့တော်မှာ အမျိုးသမီး လက်ဖက်ရည်ဝိုင်းတွေ၊ ကဗျာဝိုင်းတွေ အများကြီး ဖြစ်လာတယ်၊ နင် သွားကြည့်ချင်လား ]
အမည်ကို ကြည့်ရုံဖြင့်ပင် အမျိုးသမီးများက လက်ဖက်ရည်နှင့် ကဗျာကို အကြောင်းပြကာ ပွဲလမ်းသဘင်များ ကျင်းပပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်အောင် လုပ်သည့် နေရာများမှန်း သိသာလှသည်။ ချူဟွား စိတ်ဝင်စားမိသော်လည်း သင်ခန်းစာများက ပြည့်နှက်နေသဖြင့် အချိန်မပေးနိုင်ပေ။ ကံကောင်းသည်မှာ သူမတွင် system ရှိနေသောကြောင့် ထိုအချိန်ကျမှ အတင်းအဖျင်း နားထောင်ပြီး မည်သူက အတော်ဆုံးလဲဆိုသည်ကို သိရရုံမျှဖြင့် ဖြစ်နိုင်လေသည်။
ထိုသို့ တွေးမိသော်လည်း အနည်းငယ်တော့ စူးစမ်းလိုစိတ် ရှိနေသေးသည်။
ချူဟွား : [ နန်ကုန်းလင် မသွားဘူးလား ]
system : [ သူက အရင်က ယောကျ်ားလေးလို ဟန်ဆောင်ပြီး အကြိမ်ကြိမ် သွားဖူးတယ်၊ နာမည်ကျော် ပညာရှိ အမျိုးသားတွေနဲ့တောင် ပြိုင်ဖူးတာ၊ အခုမှ စတင်ကျင်းပတဲ့ အခြေခံပွဲတွေကို သူက စိတ်မဝင်စားဘူး ]
[ သူက "ဒီလို အချိန်ဖြုန်းနေမဲ့အစား ငါ နောက်ထပ် ပုစ္ဆာတွေ အများကြီး တွက်လိုက်တာကမှ တန်ဦးမယ်" လို့ ပြောတယ် ]
ချူဟွားသည် ထိုစကားထဲတွင် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။ နန်ကုန်းလင်သည် သူမနှင့် တစ်လှေတည်း စီးလာသူ ဖြစ်ပြီး ဟူချောင်ယွမ်တို့ကိုလည်း ခေါ်ဆောင်လာခဲ့သူ ဖြစ်ရာ သူမနှင့် ရည်မှန်းချက် တူညီသူ ဖြစ်လေသည်။ အမှန်ဆိုလျှင် ဤကဲ့သို့သော ပွဲများကို အားပေးသင့်သည် မဟုတ်ပါလား။
ချူဟွား : [ အဲဒီ လက်ဖက်ရည်ဝိုင်း၊ ကဗျာဝိုင်းတွေမှာ ဘာပြဿနာ ရှိလို့လဲ ]
system က တွန့်ဆုတ်သွား၏။ [ ငါ ဒါကို ဘယ်လို ဝေဖန်ရမလဲ မသိဘူး ]
[ လက်ဖက်ရည်ဝိုင်း၊ ကဗျာဝိုင်းတွေက များသောအားဖြင့် အမြင်တူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနှီးနှောဖို့ ဖြစ်ပေမဲ့ အခုနောက်ပိုင်း ကျင်းပတဲ့ အဲဒီပွဲ အများစုက ပုံမှန်ပါပဲ၊ ဒါပေမဲ့ တချို့က ဘယ်လိုပြောရမလဲ... ]
[ တစ်မျိုးပြောင်းထားတဲ့ အောင်သွယ်ပွဲတွေနဲ့ တူနေတယ်။ ကျား၊ မ မရွေး လက်ဖက်ရည်သောက်၊ ပန်းကြည့်၊ ကဗျာရွတ်ရင်း ကိုယ့်ကိုယ်ကိုယ် ထုတ်ပြကြပြီး အပြန်အလှန် သဘောကျရင် စုလျားရစ်ပတ်လိုက်ကြတာပဲ ]
ချူဟွား စိတ်သက်သာရာ ရသွားပြီး ဘာများလဲဟု ထင်လိုက်မိသည်။
[ မင်းမျိုးမင်းနွယ်တွေကလည်း လက်ဖက်ရည်ဝိုင်း၊ ကဗျာဝိုင်း၊ ပန်းကြည့်ပွဲတွေကို လမ်းကြောင်းတစ်ခုအနေနဲ့ သုံးပြီး အောင်သွယ်ကြတာပဲ၊ မိဖုရားခေါင်ကြီးနဲ့ မယ်တော်ကြီးတွေတောင် အောင်သွယ်ပွဲတွေ ကျင်းပကြတာပဲ၊ အရပ်ထဲမှာ ကိုယ့်ဘာသာ ကျင်းပတဲ့ ပွဲတွေဆိုရင်တော့ ပြောစရာ မလိုတော့ဘူးပေါ့ ]
သို့သော် နန်ကုန်းလင်၏ စကားမှာ ထိုကဲ့သို့သော အောင်သွယ်ပွဲများကို ငြင်းဆန်သည့် သဘောမျိုး ဖြစ်နေသည်များလား။
ချူဟွား : [ နန်ကုန်းလင် ဘာဖြစ်လို့လဲ ]
system က ခိုးပြီး အတင်းအဖျင်း နားထောင်ထားပြီး ဖြစ်ရာ ချူဟွား မေးသည်နှင့် ချက်ချင်း ရှင်းပြလေတော့သည်။ [ နန်ကုန်းလင်က အရင်က အမျိုးသားလို ဟန်ဆောင်ထားရတာကို ဖုံးကွယ်ဖို့ ပွဲလမ်းသဘင်တွေကို သိပ်မသွားဘူး၊ သူငယ်ချင်းလည်း သိပ်မရှိဘူး၊ သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ပဲ ရှိတာ ]
[ သူက နင့်ရဲ့ အကူအညီကြောင့် ပြောင်းလဲသွားပြီး တခြား အမျိုးသမီးတွေ အခက်အခဲ တွေ့နေတာ မြင်ရင်လည်း ကူညီဖို့ လက်မနှေးဘူး၊ ကိုယ့်သူငယ်ချင်း အရင်းကိုဆိုရင်တော့ ပြောစရာတောင် မလိုဘူးပေါ့ ]
[ နန်ကုန်းလင်က သူ့သူငယ်ချင်းကို စာဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့၊ လမ်းစအသစ် ရှာဖို့ တိုက်တွန်းပေမဲ့ သူ့သူငယ်ချင်းက ဒါကို သဘောမတူဘူး၊ ပါးစပ်ကသာ လက်ခံပေမဲ့ လှည့်ထွက်သွားတာနဲ့ လက်ဖက်ရည်ဝိုင်း၊ ကဗျာဝိုင်း အမျိုးမျိုးကို သွားနေတာမို့ သူ နည်းနည်း စိတ်တိုနေတာ ]
ချူဟွားတစ်ယောက် ခဏလောက် ကြောင်အသွားပြီး မျက်နှာလေးမှာ ငေးငိုင်သွားလေသည်။ system က သူမ စိတ်ပျက်သွားသည်ဟု ထင်ကာ အလျင်အမြန် နှစ်သိမ့်ရှာ၏။ [ လူတစ်ယောက်စီမှာ ကိုယ်ပိုင် ရည်မှန်းချက် ရှိကြတာပဲ၊ မမကြီးဟွား စိတ်မကောင်း မဖြစ်ပါနဲ့ ]
[ငါ စိတ်မကောင်း မဖြစ်ပါဘူး] ချူဟွားက အမှန်အတိုင်း ပြောလိုက်သည်။ [လူတိုင်းမှာ ကိုယ်လိုချင်တဲ့ ဘဝကို ရွေးချယ်ပိုင်ခွင့် ရှိတယ်၊ ငါက သူတို့အတွက် ရွေးချယ်စရာ တစ်ခု ပိုပေးလိုက်တာပဲ၊ အဲဒီ လမ်းကိုပဲ ရွေးရမယ်လို့ အတင်းအကျပ် မခိုင်းပါဘူး]
ရွေးချယ်စရာ ပိုများလေလေ၊ နောက်ဆုတ်မည့် လမ်းကြောင်း ပိုများလေလေဖြစ်ပြီး အမျိုးသမီးများမှာလည်း ပိုကောင်းသော ဘဝကို ရရှိနိုင်လိမ့်မည်ပင်။
ထိုသို့ ပြောသော်လည်း system က ချူဟွား စိတ်မချမ်းသာ ဖြစ်မည်ကို စိုးရိမ်သောကြောင့် သတင်းကောင်းတစ်ခု ပေးရန် ဆုံးဖြတ်လိုက်လေသည်။
system : [ မမကြီးဟွား၊ သိလား။ ကျန်းသခင်မက ယွီကျားယန်နဲ့ ကွာရှင်းလိုက်ပြီ ]
ချူဟွားက တကယ်ပင် စိတ်ဝင်စားသွား၏။ [ အသေးစိတ် ပြောပြဦး ]
ကျန်းသခင်မက အရင်က ယွီကျားယန်ကို အပြင်းအထန် နှိပ်စက်ပြီး ကလဲ့စားချေမယ်လို့ အခိုင်အမာ ပြောခဲ့တာ မဟုတ်ပါလား။ အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသနည်း။
...