← Chapters

အခန်း ၉၆

Vol. 7 Ch. 96

အခန်း ၉၆

Vol. 7 Ch. 96

အပိုင်း (၉၆)

System: [တရားရေးဝန်ကြီး ဇနီးမောင်နှံက သမီးဖြစ်သူကို ဒီရှုံးနိမ့်သွားတဲ့ အိမ်ထောင်ရေးကနေ ရုန်းထွက်စေချင်လို့ လူကောင်းတွေ အများကြီး မိတ်ဆက်ပေးပြီး သူ့ကိုပြောကြတယ်။ လူယုတ်မာနဲ့ တွေ့ဆုံခဲ့ရတာက တိုက်ဆိုင်မှုတစ်ခုပဲ။ လောကကြီးမှာ ကောင်းမွန်တဲ့ ယောက်ျားတွေ အများကြီး ရှိပါသေးတယ်တဲ့]

[လက်ထပ်ပြီးတဲ့နောက် ကျန်းရှီက ယွီအိမ်တော်မှာပဲ နေခဲ့ပြီး မိဘအိမ်ကို ပြန်လည်ကန်တော့ခဲတယ်။ ယွီကျားယန်ရဲ့ ကိစ္စ ပေါ်ပေါက်သွားပြီးတဲ့နောက်မှာတော့ တရားရေးဝန်ကြီး ဇနီးမောင်နှံက သူ့ဆီကို မကြာခဏ လာရောက်လည်ပတ်ပြီး နှစ်သိမ့်ပေးကြတယ်။ မောင်နှမတွေကလည်း အလှည့်ကျ လာရောက်ဖျောင်းဖျပြီး အဖော်ပြုပေးကြတော့ သူက သူ့ကို ဂရုစိုက်ချစ်ခင်တဲ့သူတွေ ရှိသေးတယ်ဆိုတာ ခံစားလိုက်ရတယ်လေ]

[ကျန်းရှီက မူလကတော့ အဲဒီလူယုတ်မာကို နှိပ်စက်ချင်နေသေးပေမဲ့ နောက်ပိုင်းကျတော့ အဲဒီလိုလူမျိုးပေါ်မှာ အချိန်ဖြုန်းရတာ မတန်ဘူးလို့ ခံစားလိုက်ရပြီး မိသားစုဝင်တွေကိုလည်း ထပ်ပြီး စိတ်မပူစေသင့်တော့ဘူးဆိုပြီး အမြန်ဆုံး ကွာရှင်းပြီး သမီးကိုခေါ်ပြီး မိဘအိမ် ပြန်သွားတော့တာပဲ]

[ယွီမိသားစုက သူ့ကို သမီးနဲ့ မင်္ဂလာလက်ဖွဲ့တွေကို ယူသွားခွင့် မပေးချင်ကြဘူး။ ဒါပေမဲ့ သူတို့မှာ တရားရေးဝန်ကြီးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရင်းအနှီးမှ မရှိတာ။ ပြီးတော့ ဒီကိစ္စက ယွီကျားယန်ရဲ့ အမှားဆိုတာ ထင်ရှားနေတာပဲ]

ချူဟွားက အံ့အားသင့်သွားလေသည်။ [ယွီမိသားစုက ကျန်းရှီကို သမီးဖြစ်သူ ခေါ်သွားခွင့်မပေးချင်တာကို ငါ နားလည်ပေးလို့ရတယ။ အမျိုးသမီးအများစု သူတို့ရဲ့ကလေးတွေကို မိဘအိမ် ပြန်မ‌‌ခေါ်သွားတတ်ကြဘူးလေ]

တစ်ချက်မှာ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဟောင်းအိမ်မှ သားသမီးများကို ခေါ်ဆောင်သွားပါက နောက်အိမ်ထောင်ပြုရန် ခက်ခဲတတ်ပြီး အခြားတစ်ချက်မှာမူ သားသမီးများသည် ခင်ပွန်းဟောင်း၏ မျိုးရိုးကို ယူထားကာ ခင်ပွန်းဟောင်းမိသားစု၏ ဆွေစဉ်မျိုးဆက်စာရင်းတွင် ဝင်ရောက်ပြီးဖြစ်၍ ယောက္ခမဘက်မှ ဆွေမျိုးများက သဘောတူကြမည် မဟုတ်ပေ။ အလွန်ခက်ခဲလှသည်။

ဇနီးသည်အပေါ် အပြစ်လုပ်ထားသည့် ယွီကျားယန်ကဲ့သို့ လူမျိုး မဟုတ်လျှင် သို့မဟုတ် မိသားစုအင်အားသည် ဇနီးသည်၏ မိဘအိမ်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိလျှင် အောင်မြင်နိုင်ခြေ မများလှပေ။

ချူဟွား: [ကျန်းရှီကို မင်္ဂလာလက်ဖွဲ့ ပြန်ယူသွားခွင့်မပေးတာက ဘယ်လိုကိစ္စမျိုးလဲ။ အဲဒါက ကျန်းရှီပိုင်တဲ့ ပစ္စည်းတွေလေ]

မင်္ဂလာလက်ဖွဲ့ဆိုသည်မှာ မိဘအိမ်မှ ပေးလိုက်ခြင်းဖြစ်ပြီး အိမ်ထောင်သည်အမျိုးသမီး၏ ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။ ကွာရှင်းသည့်အခါ လင်မယားနှစ်ဦး၏ ပစ္စည်းများကို တိကျစွာ ခွဲခြားသင့်သည်။ အိမ်ထောင်သည်အမျိုးသမီး ကွယ်လွန်သွားလျှင်ပင် သူမ၏ မင်္ဂလာလက်ဖွဲ့များကို သားသမီးများအတွက် ချန်ထားရမည်ဖြစ်ပြီး ခင်ပွန်းသည်အတွက် မဟုတ်ပေ။

ထို့ကြောင့်ပင် ချူဟွားနှင့် အခြားသူများသည် စဉ်းစား၍ မရနိုင်ကြခြင်း ဖြစ်လေသည်။

System၏ လေသံထဲတွင် အထင်သေးမှုများ ပါဝင်နေ၏။ [ယွီမိသားစုက တရားရေးဝန်ကြီးရဲ့သမီးကို လက်ထပ်ရတာကို အားကိုးပြီး သူတို့က ရွှေကိုင်းကို မှီခိုနိုင်ပြီဆိုတော့ ထပ်ကြိုးစားစရာ မလိုတော့ဘူးလို့ ထင်နေကြတာလေ။ ကျန်းရှီ ဝင်လာတုန်းကလည်း မင်္ဂလာလက်ဖွဲ့တွေ အများကြီး ပါလာတော့ နှစ်ပေါင်းများစွာ အလုပ်မလုပ်ဘဲ ထိုင်စားနေကြတာ]

[ဟင်၊ မဟုတ်သေးပါဘူး။ ယွီမိသားစုမှာ အဲဒီအရင်းအနှီးမှ မရှိတာ။ ယွီကျားယန်က ကျန်းရှီကို ချိတ်တာက သူ့အဖေရဲ့ ဂုဏ်ဒြပ်နဲ့ ပိုင်ဆိုင်မှုတွေကို မက်မောလို့လေ။ သူ့မိသားစုက တကယ်တော့ အခွံပဲ ရှိတာ။ စကားမစပ် ဒီအခြေအနေက နင့်အဖေ နင့်အမေကို လက်ထပ်တုန်းကနဲ့ နည်းနည်း တူနေတယ်]

ဝမ်သခင်မ: "..."

လူတိုင်း: "..."

အမှန်တကယ်ပင် အနည်းငယ် ဆင်တူသော်လည်း ကွဲပြားမှုများ ရှိနေသေး၏။

ထိုစဉ်က ချူအဘိုးသည် ချူဖျင်အား ဝမ်သခင်မကို လက်ထပ်ခိုင်းခဲ့ခြင်းမှာ ဝမ်မိသားစု၏ ပိုင်ဆိုင်မှုများကြောင့်ပင်။ မိသားစုနှစ်ဖက်စလုံးက သိရှိနားလည်ထားကြပြီး နှစ်ဦးသဘောတူ လိုအပ်ချက်များကို အပြန်အလှန် ဖြည့်ဆည်းပေးခဲ့ကြခြင်း ဖြစ်သည်။

ယွီကျားယန်မှာမူ သည်ရည်ရွယ်ချက်အပေါ်တွင် အချစ်ဟူသော ခေါင်းစဉ်ကို တပ်ကာ ချိုသာသော စကားများဖြင့် ကျန်းရှီကို လှည့်ဖြားခဲ့ပြီး အိမ်သို့ရောက်သည့်အခါ တန်ဖိုးမထားတော့ဘဲ ဇနီးသည်ကို နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့သော လူယုတ်မာစစ်စစ် ဖြစ်လေသည်။

ချူဟွား: [ငါ့အဖေက ယောက်ျားကောင်းတစ်ယောက်လို့ မသတ်မှတ်နိုင်ဘူး။ နင်က သူ အလုပ်တွေ များလွန်းလို့ အိမ်ကို လစ်ဟင်းသွားတာလို့ ပြောမလို့လား။ ဒါပေမဲ့ သူက ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး နှစ်ပေါင်းများစွာ သာမန်ပဲ နေခဲ့တာလေ။ အနောက်ဆောင်ကိုလည်း ဂရုမစိုက်ဘဲ အမေ စီမံတာကိုပဲ လွှတ်ထားပြီး သခင်မကြီး၊ လျိုယွဲ့တို့အိမ်နဲ့ ငြိမ်းချမ်းရေး ယူထားတာ]

[သူက လူနုံလူအ ဖြစ်နေလို့ ဘာမှ သတိမထားမိတာလို့ ပြောမလို့လား။ ပုံမှန်အချိန်တွေမှာ သတိထားပြီး နေတတ်တဲ့သူက ဒီလောက်နှစ်တွေအကြာကြီး တရားရေးဝန်ကြီးဌာနမှာ ဘာအမှားမှ မလုပ်ခဲ့တာဆိုတော့ တကယ် နုံအတာ မဟုတ်ဘူး]

ဆန့်ကျင်ဘက်အားဖြင့် ချူဖျင်သည် မိမိကိုယ်ကို သိမြင်မှု ရှိလေသည်။

သူသည် မိမိ၏ အရည်အချင်းမှာ အကန့်အသတ်ရှိကြောင်း သိသလို မရနိုင်သော အာဏာနှင့် ရာထူးများကိုလည်း မတောင့်တပေ။ လက်ရှိ မိမိပိုင်ဆိုင်ထားသော အရာများကိုသာ ဂရုစိုက်သည်။

ချူဟွား: [အနုံချင်ယောင်ဆောင်နေတာများလား။ ပျင်းတာလည်း ဖြစ်နိုင်တယ်။ အနောက်ဆောင်က ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို ဖြေရှင်းဖို့ ပျင်းနေတာ]

[တချို့ယောက်ျားတွေက ဇနီးသည်နဲ့ မိခင်ကြားက ပဋိပက္ခကို မမြင်တာ မဟုတ်ဘူး။ ယောက္ခမနဲ့ ချွေးမကြားက ပြဿနာကို မဖြေရှင်းတတ်တာ မဟုတ်ဘူး။ သူတို့က ပိုပြီး လွယ်ကူသက်သာတဲ့ နည်းလမ်းကို ရွေးချယ်လိုက်ကြတာ]

ချူဖျင်နှင့် ဝမ်သခင်မတို့သည် မိဘများဖြစ်ကြရာ ချူဟွားသည် ဝမ်သခင်မကို ကွယ်ရာတွင် အကြံဉာဏ်ပေးနိုင်သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်မှာ ဝမ်သခင်မ၏ လက်ထဲတွင်သာ ရှိလေသည်။ သူသည် သမီးတစ်ယောက်အနေဖြင့် မိဘများ၏ ဆက်ဆံရေးကို ဝင်ရောက်စွက်ဖက်ပါက ထိတ်လန့်စရာ ကောင်းလှပေလိမ့်မည်။

အမှန်တကယ်တွင် သူမသည် လွန်ခဲ့သောနှစ်များက လျိုယွဲ့အိမ်၏ လစဉ်ထောက်ပံ့ကြေးကို ဖြတ်တောက်ခဲ့ပြီး ဖအေတူမအေကွဲ မောင်နှမများအပေါ် တင်းမာစွာ ဆက်ဆံခဲ့သည့် သတင်းများ ပျံ့နှံ့ခဲ့ဖူးရာ မိသားစုအများအပြားက သိရှိထားကြသည်။ ထို့ကြောင့်ပင် သူမ၌ ရွယ်တူ သူငယ်ချင်းများ မရှိခဲ့ခြင်း ဖြစ်သည်။

သူတို့သည် သူမအား အိမ်ရှင်မကောင်းတစ်ဦး၏ စရိုက်လက္ခဏာ မရှိခြင်း၊ သဘောထားသေးသိမ်ခြင်း၊ တွက်ကပ်လွန်းခြင်း၊ မိသားစုတစ်ခု၏ သခင်မဖြစ်ရန် သည်းခံနိုင်စွမ်း မရှိခြင်းတို့ကြောင့် တရားဝင်ဇနီးသည် ဖြစ်ရန် မသင့်တော်ဟု ယူဆကြပြီး အိမ်မှ သမီးပျိုများကို သူမနှင့် အဆက်အဆံ မလုပ်စေဘဲ အကျင့်ပျက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။

ချူဟွားသည် ထိုအချက်ကြောင့်ပင် အေးဆေးသွားခဲ့ပြီး နှစ်ပေါင်းများစွာ ငွေရှာလိုက်၊ စာလေ့လာလိုက်၊ အားလပ်ချိန်တွင် ဝတ္ထုဖတ်လိုက် ရေးလိုက်နှင့် ဘဝကို အေးအေးလူလူ ဖြတ်သန်းခဲ့လေသည်။

ညီလာခံသို့ မရောက်ရှိဘဲ system နှင့် မချိတ်ဆက်မိပါက သူမ၏ အေးဆေးသော ဘဝသည် နောက်ထပ် ဆယ်စုနှစ်အနည်းငယ် ကြာရှည်ဦးမည် ဖြစ်သည်။

ချူဟွား: [လိုရင်းကို ပြန်သွားကြရအောင်]

System: [ယွီကျားယန်နဲ့ သူ့မိဘတွေက ကျန်းရှီကို နှစ်ပေါင်းများစွာ စိတ်ဓာတ်ရေးရာ တိုက်ခိုက်ခဲ့ပြီး ယွီမိသားစုအတွက် ပေးဆပ်ဖို့ ဦးနှောက်ဆေးခဲ့ကြတာလေ။ ဆဲဆိုရိုက်နှက်ပြီး ပါးစပ်လေး လှုပ်လိုက်ရုံနဲ့ ရနိုင်နေတာကို ဘာလို့ ပင်ပင်ပန်းပန်း ရှာဖွေနေရမှာလဲ]

[ယွီမိသားစုက ကျန်းရှီရဲ့ မင်္ဂလာလက်ဖွဲ့တွေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့တာ။ သူ ထွက်သွားတာနဲ့ ယွီမိသားစုက ပစ္စည်းတွေ ရောင်းစားပြီး နေရတော့မှာဆိုတော့ သူ ထွက်သွားမှာကို သေချာပေါက် မလိုလားကြဘူး။ မင်္ဂလာလက်ဖွဲ့တွေကို ယူသွားမှာကို ပိုလို့တောင် မလိုလားကြဘူး]

လူတိုင်း: "..."

ကွာရှင်းထားသော အမျိုးသမီး၏ မင်္ဂလာလက်ဖွဲ့ကို ချန်ထားခဲ့စေသည်မှာ ဓားပြတိုက်ခြင်းနှင့် မည်သို့ ကွာခြားပါသနည်း။

ယွီမိသားစုကတော့ တကယ့်ကို မျက်နှာပြောင်တိုက်လွန်းလှသည်။

ယွီကျားယန်က ယုတ်မာသည်။ ဖခင်ဖြစ်သူက တစ်ကိုယ်ကောင်းဆန်ပြီး မိခင်ဖြစ်သူက လောဘကြီးသည်။ မိသားစု သုံးယောက်လုံး လိုက်ဖက်ညီလှပါပေ၏။

သူတို့သည် မင်္ဂလာလက်ဖွဲ့နှင့် ကလေးကို ခေါ်သွားခွင့် မပြုပါက ကျန်းရှီ ကွာရှင်းမည် မဟုတ်ဟု တွေးထင်ထားပုံရသည်။

ကွာရှင်းခြင်းမပြုလျှင် တရားရေးဝန်ကြီးအနေဖြင့် သမီးနှင့် မြေးမ၏ မျက်နှာကို ထောက်ထားရပေမည်။ ကွာရှင်းလိုက်ပါက တရားရေးဝန်ကြီးသည် ယွီမိသားစုနှင့် သေချာပေါက် စာရင်းရှင်းပေလိမ့်မည်။

တွက်ကိန်းကတော့ ကောင်းမွန်ပါ၏။ သို့သော် ကျန်းရှီက သန္နိဋ္ဌာန် ခိုင်မာနေခဲ့သည်။

ယွီမိသားစုက ကျန်းရှီအပေါ် လုပ်ဆောင်ခဲ့သမျှသည် အနှေးနှင့်အမြန် သူတို့ထံသို့ ပြန်လာပေလိမ့်မည်။

ချူဟွားသည် သူတို့၏ ဇာတ်သိမ်းကို ကြိုတင် ခန့်မှန်းမိပြီးဖြစ်ရာ သည်လိုလူစားမျိုးအပေါ် တံတွေး အကုန်မခံလိုတော့ပေ။ [မပြောတော့ပါဘူး။ စိတ်ပျက်စရာကြီး]

Systemသည် အလွန် နာခံတတ်သူဖြစ်ရာ ချက်ချင်းပင် ခေါင်းစဉ် လွှဲလိုက်လေ၏။ [ဟုတ်ပြီ။ ဒါဆိုရင် ငါတို့ ပျော်စရာကိစ္စလေးတွေ ပြောကြရအောင်]

[မုန့်ဟန်က ယန္တရားတွေကို ကျွမ်းကျင်ပေမဲ့ ရှီးရုံရဲ့ ပုံစံကို သိပ်နားမလည်ဘူး။ စဉ်းစားပြီးတဲ့နောက် သူ့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေကို ရှာဖွေခဲ့တယ်။ ပြီးတော့ တခြားမိတ်ဆွေတွေကိုလည်း ရှာဖွေပြီး အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ။ ရှီးရုံအရာရှိတွေရဲ့ ဂိုဒေါင်တော်တော်များများကို အောင်အောင်မြင်မြင် ခိုးယူနိုင်ခဲ့ပြီ]

[ရှီးရုံက သာ့ရှန်းရဲ့ ရန်သူလို့ ဆိုရပေမဲ့ သူတို့မှာလည်း စည်းမျဉ်းရှိတယ်။ နာမည်ပျက်ရှိတဲ့ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ကိုယ်ကျင့်တရား မကောင်းတဲ့ သူဌေးတွေကိုပဲ ရွေးပြီး ခိုးယူကြတာ။ သူဌေးကိုတိုက်ပြီး ဆင်းရဲသားကိုကူတဲ့ သူရဲကောင်းပုံစံမျိုးလေး ဖြစ်နေတယ်]

ချူဟွားသည် system ၏ လေးစားအားကျနေသော ပုံစံကို ကြားလိုက်ရသဖြင့် ဟားတိုက် ရယ်မောလိုက်လေသည်။ [ရှီးရုံရဲ့ သူဌေးတွေကို တိုက်ခိုက်ပြီး သာ့ရှန်းရဲ့ ဆင်းရဲသားတွေကို ထောက်ပံ့တာဆိုတော့ ဒီသူဌေးကိုတိုက် ဆင်းရဲသားကိုကူတာက နည်းနည်း ဝေးလွန်းမနေဘူးလား]

နှစ်နိုင်ငံတောင် ခြားနေသည် မဟုတ်ပါလား။

လူတိုင်း၏ မျက်နှာထားများသည် သိပ်ပြီး သဘာဝမကျတော့ပေ။ တချို့ကိစ္စများသည် စည်းမျဉ်းများနှင့် ဆန့်ကျင်နေသော်လည်း ကြားရသည်မှာ တကယ်ကို အရသာရှိလှသည်။ ထပ်ပြီး လုပ်ကြပါဦးဟုပင် တိတ်တဆိတ် ဆန္ဒပြုမိကြသည်။

Systemသည် ချူဟွား စိတ်ကြည်လင်နေသည်ကို တွေ့သောအခါ ဟီးဟီးရယ်မောကာ ခေါင်းစဉ်ကို ဆက်ပြောလိုက်၏။ [ပိုပြီး ပျော်စရာကောင်းတာတွေ နောက်မှာ ရှိသေးတယ်]

ချူဟွား: ?

လူတိုင်း: ?

ရှိသေးတာလား။

System: [ရွှေ၊ ငွေ၊ ကြေးပြားလို အရာမျိုးတွေပေါ်မှာ နာမည်မပါတော့ သာ့ရှန်းကို သယ်လာပြီး သုံးလို့ရပေမဲ့ တချို့သော အထူးပြုလုပ်ထားတဲ့ ရတနာတွေ၊ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေကျတော့ မှတ်မိလွယ်တယ်။ သယ်ယူရတာလည်း လေးလံတာမို့ အဆင်မပြေဘူးလေ]

[ဒါကြောင့် သူတို့က အကျိုးတူပူးပေါင်းမဲ့သူတွေကို ရှာဖွေခဲ့ကြတယ်။ မှောင်ခိုဈေးကွက်ထဲက လူတွေနဲ့ တူတာပေါ့။ အဲဒီလူတွေက ပစ္စည်းကောင်းမကောင်းပဲ ကြည့်တာ၊ ဘယ်ကရလဲဆိုတာ မမေးကြဘူး။ ဈေးတော့ နည်းနည်း နှိမ်ပေမဲ့ ရှင်းထုတ်ရတာ လွယ်ကူတယ်။ ဒါကြောင့် မုန့်ဟန်တို့က ပစ္စည်းအများအပြားကို အဲဒီလူတွေဆီ ရောင်းချခဲ့ကြတယ်]

[လုံခြုံမှုရှိအောင် သူတို့က တိုင်းပြည်အတော်များများက လူတွေကို မျှမျှတတ ရှာဖွေပြီး ရောင်းချခဲ့တာ။ အခုဆိုရင် ရှီးရုံအရာရှိတွေနဲ့ သူဌေးတွေရဲ့ ရတနာတွေက တိုင်းပြည်အတော်များများကို မျှမျှတတ ရောက်ရှိသွားကြပြီ]

ဤသို့ဆိုလျှင် ခိုးယူမှု သံသယသည်လည်း တိုင်းပြည်အနည်းငယ်သို့ ညီတူညီမျှ ပြန့်နှံ့သွားတော့သည်။

မုန့်ဟန်တို့ ကိုယ်တိုင် စဉ်းစားမိတာလား၊ သို့မဟုတ် ညီလာခံက စာပေပညာရှင်တွေ အကြံပေးတာလားတော့ မသိပေ။

ကျွတ်ကျွတ်။ စိတ်ထား ယုတ်မာလိုက်ကြတာ။

ချူဟွားသည် တိတ်တဆိတ် ခေါင်းခါလိုက်ပြီး လေသံတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပါဝင်နေလေ၏။

[ရှိသေးလား]

သခင်ဖြစ်သူက ပွဲကြည့်ချင်သည့် ဆန္ဒ ပြင်းပြနေသည်ကို တွေ့ရသဖြင့် system ဘာလုပ်နိုင်ပါမည်နည်း။ အလိုလိုက်ရုံသာ ရှိတော့သည်။

[ခြေရာခံမိမှာ စိုးရိမ်လို့ သူတို့က တပ်ဖွဲ့ခွဲပြီး လှုပ်ရှားကြတယ်။ ပုံသေလမ်းကြောင်း မရှိပေမဲ့ နောက်ဆုံး ရည်မှန်းချက်ကတော့ ရှီးရုံရဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်ပဲ။ ဒါကြောင့် မြေပုံပေါ်မှာ ကြည့်မယ်ဆိုရင် ဘေးပတ်လည်ကနေ ဗဟိုကို ဝိုင်းလာတဲ့ပုံစံမျိုး ဖြစ်နေတယ်]

[အသေးစိတ် ပြောရရင် ရှီးရုံနဲ့ ပေတိ နယ်စပ်ကနေ စတင်ပြီး တဖြည်းဖြည်း ပြန့်ကားလာတာ။ ရှီးရုံကို ဝိုင်းထားလိုက်သလိုမျိုးပေါ့။ ပါးစပ်အကြီးကြီး ဟလိုက်ပြီး တစ်လုပ်တည်း ဝါးစားလိုက်သလိုမျိုးလေ]

System၏ ဖော်ပြချက်သည် အလွန် ကွင်းကွင်းကွက်ကွက် ရှိလွန်းလှသဖြင့် သုံးနိုင်ငံမြေပုံကို မသိလျှင်ပင် မုန့်ဟန်တို့ မည်သို့ ဝိုင်းရံထားသည်ကို လူတိုင်း မြင်ယောင်နိုင်သည်။

လူအများအပြားက စိတ်ထဲတွင် တိတ်တဆိတ် အားပေးနေကြသည်။ တိုက်။ ရှီးရုံဘဏ္ဍာတိုက်ကို ကုန်အောင် ခိုးလိုက်။ နယ်စပ်က ပြည်သူတွေကို အမြဲတမ်း နှောင့်ယှက်ပြီး သာ့ရှန်းနယ်စပ်ကို ကျူးကျော်နေတာကိုး။

ချူဟွားသည် သည်လုပ်ရပ်၏ ရည်ရွယ်ချက်ကို သိမြင်လိုက်ရာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အတော်ကြာမှ ပြန်ထုတ်လိုက်ကာ သက်ပြင်းချလိုက်လေသည်။ [စာပေပညာရှင်တွေရဲ့ စိတ်က တကယ် ယုတ်မာတာပဲ]

[ဒီအကြံဉာဏ်က မုန့်ဟန်တို့ ကိုယ်တိုင် စဉ်းစားထားတာ လုံးဝ မဖြစ်နိုင်ဘူး]

System: [မမကြီးဟွား နင် တော်တော် ဉာဏ်ကောင်းတာပဲ။ ဒါကိုတောင် ခန့်မှန်းမိတယ်။ မင်းဆရာကြီးတို့ စဉ်းစားထားတာလေ]

ချူဟွားမှာ နဖူးကို စမ်းလိုက်မိတော့သည်။ ဒါက ဉာဏ်ကောင်းတာ မကောင်းတာနဲ့ မဆိုင်ပေ။

[အံ့ဖွယ်ခုံးခုံးလို ခိုးယူတာတောင် ပေါ်ပေါ်ထင်ထင် လုပ်ရဲပြီး သူခိုးက သူပါလို့ လူသိအောင် လုပ်တတ်တဲ့သူက ဒီလောက် လျှို့ဝှက်ပြီး ကွေ့ကောက်တဲ့ အစီအစဉ်ကို ဆွဲနိုင်ပါ့မလား။ ဒါက ပေတိကို အပုပ်ချချင်လို့ပဲလေ]

[ရှီးရုံနဲ့ ပေတိသာ ထိပ်တိုက်တွေ့ပြီး စစ်ဖြစ်ကြ၊ ပြဿနာတက်ကြပြီး နှစ်ဖက်စလုံး အထိနာသွားရင် သာ့ရှန်းက ကြားထဲကနေ အကျိုးအမြတ် ရနိုင်မှာ မဟုတ်လား]

Systemကတော့ နားမလည်ပေ။ [ဒါပေမဲ့ နင် စဉ်းစားလို့ရတယ်ဆိုရင် ရှီးရုံနဲ့ ပေတိဘက်က လူတွေလည်း စဉ်းစားလို့ ရမှာပဲလေ။ ဒါဆို ဒီအကြံက အလကား ဖြစ်မသွားဘူးလား]

ချူဟွား အရာရှိလောကနှင့် ထိတွေ့မှု အတွေ့အကြုံ နည်းပါးသေးသောကြောင့် မင်းဆရာကြီးကဲ့သို့ မြေခွေးအိုကြီးများ၏ အဆင့်ကို မမီနိုင်သေးပေ။ ထိုနည်းတူစွာ ရှီးရုံနှင့် ပေတိဘက်တွင်လည်း မြေခွေးအိုကြီးများ ရှိနေနိုင်သည်။

ချူဟွားလည်း ထိုအတိုင်း တွေးမိသောကြောင့် သည်ကိစ္စ၏ နောက်ကွယ်တွင် ရှာဖွေမတွေ့ရှိသေးသော အသေးစိတ် အချက်အလက်များ ရှိနေဦးမည်ဟု ခန့်မှန်းမိလိုက်သည်။

မင်းဆရာကြီးတို့က လူကို တွက်ချက်သည်ဆိုလျှင် တစ်ချက်ကြည့်ရုံဖြင့် သိသာနိုင်သော အစီအစဉ်မျိုးကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။

ချူဟွားတွင် သံသယဖြစ်ရန် အကြောင်းပြချက် ရှိနေသေးသည်။ [နင် ငါ့ကို မုန့်ဟန်တို့လူစုရဲ့ လှုပ်ရှားမှုလမ်းကြောင်းကို အသေးစိတ် ပြောပြ။ ငါ မြေပုံဆွဲကြည့်လိုက်မယ်]

System: [ဟုတ်ပြီ]

Systemက တာဝန်ကျေပွန်စွာပင် မုန့်ဟန်တို့၏ ထွက်ခွာချိန်၊ လမ်းကြောင်းနှင့် လမ်းတစ်လျှောက် လုပ်ဆောင်ခဲ့သော ထူးဆန်းသည့် ကိစ္စရပ်များကို ဖော်ပြပေးသည်။

ပြောပြပြီးနောက်တွင် ချူဟွား မြေပုံဆွဲနေသည်ကို ကြည့်ပြီး ရုတ်တရက် အကြံတစ်ခု ရသွားသည်။

System: [မမကြီးဟွား။ တကယ်တော့ ငါတို့က မင်းဆရာကြီး သူတို့ကို အကြံပေးတဲ့ ဖရဲသီးကို တိုက်ရိုက် စားလိုက်လို့ ရတာပဲလေ။ ဒါဆိုရင် ဒီလောက် ပင်ပန်းနေစရာ မလိုတော့ဘူး]

ပြောတာတော့ ဟုတ်သည်။ သို့သော် ချူဟွားက ဖြတ်လမ်းနည်း မသုံးလိုပေ။ ပိုအရေးကြီးသော အကြောင်းပြချက်မှာ...

[ငါက သူတို့ရဲ့ အတွေးအခေါ်တွေကို လိုက်ပြီး စဉ်းစားကြည့်ချင်လို့ပါ။ သူတို့ ဘာလို့ ဒီလိုလုပ်လဲဆိုတာကို ခန့်မှန်းပြီး လေ့လာချင်လို့လေ]

သူမသည် သင်္ချာပုစ္ဆာ ဖြေရှင်းနေသကဲ့သို့ပင်။ ပုံသေနည်းနှင့် တွက်ချက်မှု အဆင့်ဆင့်ကို ရေးသားနိုင်မှသာ ရမှတ်အပြည့် ရရှိနိုင်မည်။ သို့မဟုတ်ပါက အဖြေတစ်ခုတည်းဖြင့် အမှတ်တစ်မှတ်သာ ရရှိပေလိမ့်မည်။

Systemသည် သခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့် ဘေးတွင် တိတ်ဆိတ်စွာ အားပေးနေလိုက်သည်။

မကြာမီတွင် ချူဟွားသည် ပုစ္ဆာကို ဖြေရှင်းနိုင်လိုက်ပြီး ကောင်းကင်မှ ကျလာသော ရွှေတုံးကို ကောက်ရလိုက်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

[မူရင်းက ဒီလိုကိုး]

System: [?]

System: [မမကြီးဟွား။ နင် ဘာတွေ ပြောနေတာလဲ]

ပုံမှန်ဆိုလျှင် ချူဟွားသည် systemကို မေးသမျှ ဖြေလေ့ရှိသော်လည်း သည်တစ်ကြိမ်တွင်တော့ လျှို့ဝှက်ထားလိုက်၏။ [ဘာမှ မဟုတ်ပါဘူး]

System: ?

လူတိုင်း: ?

ဒီလောက် ပျော်ရွှင်နေတဲ့ လေသံကြီးနဲ့ ဘာမှ မဟုတ်ပါဘူးဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချူဟွား: [တခြား သတင်းကောင်း ဘာရှိသေးလဲ]

Systemလည်း ဇွတ်မမေးတော့ပေ။ သိချင်လျှင် ဖရဲသီးစွမ်းအင် သုံးပြီး အဖြေကို တိုက်ရိုက် ဝယ်ယူလိုက်ရုံပင်။

ဖရဲသီးစွမ်းအင်ကို ချွေတာချင်လျှင် သီးသန့်စကားပြောချိန်ကျမှ မေးလည်း ရသည်။

[အရှင်မင်းကြီး နင့်အစ်ကိုကို မှာကြားလိုက်တဲ့ကိစ္စ ပြီးသွားပြီ။ သူက ပြန်လာပြီး အမိန့်ပြန်ပေးဖို့ လမ်းပေါ် ရောက်နေပြီ။ ကျန်တဲ့ ခရီးလမ်းနဲ့ အမြန်နှုန်းကို တွက်ချက်ကြည့်မယ်ဆိုရင် နင့်မွေးနေ့ကို အမီ ပြန်ရောက်နိုင်လောက်တယ်]

ချူချင်းအကြောင်း ပြောလိုက်သည်နှင့် ချူဟွားသည် ချူချင်း၏ နှစ်သစ်ကူးည အချစ်ဇာတ်လမ်းကို သတိရသွားသည်။

[ကြေးပြားတွေ တိတ်တဆိတ် သွန်းလုပ်တဲ့ကိစ္စ ဖြေရှင်းပြီးပြီ မဟုတ်လား]

ကျားယီ အစရှိသော နန်းစောင့်တပ်သားများမှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြ၏။ Systemက ညီလာခံမှ ဝင်ရောက်စွက်ဖက်ခဲ့သည်ကို သိရှိသွားမည်လား မသိနိုင်ပေ။

သူတို့ လုပ်ဆောင်ရမည့် ကိစ္စများ များပြားလာသည်နှင့်အမျှ ကျန်ရစ်ခဲ့သော သဲလွန်စများနှင့် အားနည်းချက်များ ပိုများလာပြီး စိုးရိမ်သောက ရောက်ရချိန်များလည်း ပိုများလာသည်။

System: [ဖြေရှင်းပြီးပြီ။ ဘယ်လို ဖြေရှင်းလိုက်လဲဆိုတာ နင် သိချင်လား။ ဖရဲသီးစွမ်းအင်က နည်းနည်း ဈေးကြီးတယ်နော်]

ချူဟွား: [ဒါဆိုရင် ထားလိုက်ပါတော့။ ဖရဲသီးစွမ်းအင် ရှာရတာ မလွယ်ဘူး။ ချွေတာနိုင်သလောက် ချွေတာရမယ်။ ငါ့အစ်ကို ပြန်လာမှပဲ မေးတော့မယ်]

လူတိုင်းသည် သက်ပြင်း အကြီးကြီး ချလိုက်ကြလေသည်။ သည်နေ့သည်လည်း အမှန်တရား ပေါ်ပေါက်မလာသော နေ့တစ်နေ့ ဖြစ်ပေ၏။

System: [မမကြီးဟွား။ ဒီနှစ် မွေးနေ့ကို နင် ဘယ်လို ဖြတ်သန်းချင်လဲ]

ချူဟွားသည် ခေတ်သစ်တွင် ရှိစဉ်က မွေးနေ့ပွဲ ကျင်းပလေ့ မရှိခဲ့ပေ။ ရှေးခေတ်သို့ ရောက်လာသည့်အခါတွင်တော့ ဝမ်သခင်မနှင့် ချူချင်းတို့က နှစ်တိုင်း မွေးနေ့လက်ဆောင်များ ပေးလေ့ရှိပြီး မွေးနေ့ဆုတောင်း စကားများ ပြောကြသည်။

ထိုနည်းတူစွာ ဝမ်သခင်မနှင့် ချူချင်းတို့၏ မွေးနေ့တွင်လည်း သူမက လက်ဆောင်ပေးပြီး ဂုဏ်ပြုလေ့ရှိသည်။

ချူဖျင်ကတော့... ပေးတော့ ပေးသည်။ သို့သော် သိပ်ပြီး စိတ်ပါလက်ပါ မရှိဘဲ နှစ်တိုင်း လက်ဝတ်ရတနာများသာ ပေးလေ့ရှိသည်။

သို့သော် ချူဖျင်က နှစ်တိုင်း ဝမ်သခင်မကို ပေးသော မွေးနေ့လက်ဆောင်သည်လည်း လက်ဝတ်ရတနာများသာ ဖြစ်သောကြောင့် ချူဟွားက 'ရှိရင် ပြီးတာပါပဲ၊ အနည်းဆုံးတော့ ငွေတုံး ဒါမှမဟုတ် ပန်းတစ်ပွင့်တည်း ပေးတာမဟုတ်ရင် တော်ပါပြီ' ဟု တွေးလိုက်သည်။

မွေးနေ့ပွဲကို နှစ်တိုင်း ကျင်းပခဲ့ပြီး ထုံးစံအတိုင်းသာ ဖြစ်သောကြောင့် ထူးဆန်းမှု မရှိတော့ပေ။

ချူဟွားသည် မွေးနေ့ဖြတ်သန်းရန် မျှော်လင့်ချက် မရှိသဖြင့် လေသံသည် စိတ်ဝင်စားမှုမရှိ ဖြစ်နေလေသည်။ [ဘာစိတ်ကူးမှ မရှိပါဘူး]

System အံ့ဩသွားပြီး စကားထစ်သွားတော့သည်။ [ဘာလို့လဲ။ နင် အထူးတလည် လိုချင်တဲ့ မွေးနေ့လက်ဆောင် မရှိဘူးလား]

တကယ် မရှိတာပါ။

အမှန်တိုင်း ပြောပြလိုက်ရင် system ငိုသွားမလား မသိဘူး။

ချူဟွား စဉ်းစားလိုက်သည်။ [အရာရှိ လုပ်ရတာကော ပါလား]

System: [...]

လူတိုင်း: "..."

ပါတာပေါ့။ ဘာလို့ မပါရမှာလဲ။

သည်မွေးနေ့လက်ဆောင်မျိုးကို သာမန်လူများက ပေးနိုင်မည် မဟုတ်ခြင်းသာ ရှိသည်။

သတင်းသည် အရှင်မင်းကြီး၏ လက်ထဲသို့ ရောက်ရှိပြီးနောက် သူသည် အကြာကြီး တွေဝေနေခဲ့လေသည်။

မူလက ချူချင်းကို ထွက်သွားခိုင်းခြင်းမှာ ချူဟွားအား ချူချင်း၏ အမည်ခံယူပြီး ညီလာခံတက်စေရန် ဖြစ်သည်။ ယခု ညီလာခံ တစ်ရက်မှ မတက်ရသေးခင် ချူချင်းက ပြန်လာတော့မည်ဖြစ်ရာ မည်သို့ လုပ်ဆောင်ရပါမည်နည်း။

ချူချင်းကို ထွက်သွားခိုင်းရန် အကြောင်းပြချက် ထပ်ရှာလို့ မဖြစ်နိုင်တော့ဘူး မဟုတ်ပါလား။

...

All Chapters