အခန်း ၉၇
Vol. 7 Ch. 97
အပိုင်း (၉၇)
၅လပိုင်းတွင် ချူချင်းသည် ဖုန်မှုန့်များ ပေကျံလျက် မြို့တော်သို့ အလျင်အမြန် ပြန်ရောက်လာခဲ့၏။
သူသည် အမိန့်တော်နှင့် တာဝန်များကို ယူဆောင်ပြီး မြို့တော်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အိမ်တွင် ရေချိုးသန့်စင်ပြီးသည်နှင့် ချက်ချင်းပင် အရာရှိဝတ်စုံကို လဲလှယ်ကာ နန်းတော်သို့ ဝင်ရောက်ပြီး အမိန့်ပြန်ပေးလေသည်။
မနှစ်က သူ တစ်ကြိမ် အမိန့်ပြန်ပေးဖူးပြီး ယခုနှစ်တွင် နောက်တစ်ကြိမ် ထပ်ရောက်လာပြန်သည်။ အလေ့အကျင့်ရသွားသဖြင့် ကျွမ်းကျင်လာပြီး အရှင်မင်းကြီးနှင့် မျက်နှာချင်းဆိုင် စကားပြောရာတွင် သိပ်ပြီး မကြောက်ရွံ့တော့ချေ။
အစီရင်ခံစာ တင်ပြပြီးနောက် ချူချင်းသည် စိတ်သက်သာရာ ရသွားတော့သည်။
အပြင်လောကတွင် နှစ်ဝက်ကျော်ခန့် ပြေးလွှားနေရပြီး နှစ်သစ်ကူး မိသားစု စုံညီပွဲတော်ရက်တွင်ပင် အိမ်မပြန်နိုင်ခဲ့ပေ။ သည်တစ်ကြိမ်တွင်တော့ အိမ်၌ ကောင်းကောင်း အနားယူနိုင်တော့မည် ဖြစ်ပြီး ညီမလေးအတွက် မွေးနေ့ပွဲ ကျင်းပပေးနိုင်တော့မည် ဖြစ်ရာ လမ်းတွင် အသည်းအသန် ပြန်လာရသည်မှာ အကျိုးနပ်ပါသည်လေ။
အမှန်တရားက သက်သေပြနေသည်မှာ သူ စိတ်သက်သာရာရသည်က စောလွန်းနေသေးကြောင်းပင်။
အရှင်မင်းကြီး၏ သဘောထားသည် အလွန် ဖော်ရွေရင်းနှီးနေပြီး ပါးစပ်ဖွင့်လိုက်သည်နှင့် ချီးကျူးစကား ပြောလာလေသည်။ "အိုက်ချင်း (ချစ်အမတ်)က တကယ့်ကို တိုင်းပြည်ရဲ့ ကျောရိုးပါပဲ"
စကားတစ်ခွန်း ပြောလိုက်ရုံရှိသေးသည် ချန်ကျို့က အမိန့်တော်ပြန်တမ်းကို ကမ်းပေးလိုက်ပြီး "လူကြီးမင်းချူ၊ အမိန့်တော် နာခံပါ"
ချူချင်း: ???
ဒီရင်းနှီးပြီး မကောင်းတဲ့ ခံစားချက်ကြီးက ဘာပါလိမ့်။
ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး ချူချင်းသည် ချန်ကျို့ကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အခုမှ ပြန်ရောက်တာလေ။
မြည်းကိုတောင် ဒီလို မခိုင်းပါဘူး။
ချန်ကျို့သည်လည်း အရှင်မင်းကြီး၏ သည်ဆုံးဖြတ်ချက်က အနည်းငယ် တွင်းတူးသလို ဖြစ်နေသည်ဟု ခံစားမိပုံရပြီး ချူချင်းကို ကြည့်သော အကြည့်များတွင် သနားကြင်နာမှုများ ပါဝင်လာတော့သည်။ လူကြီးမင်းချူ၊ ရုန်းကန်မနေပါနဲ့တော့။
ချူချင်း: "..."
သူသည် မျက်နှာသေဖြင့် အမိန့်တော်ကို လက်ခံလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် မြောက်ဘက်သို့ သွားရောက်ရမည့် ကွပ်ကဲရေးမှူး ခရီးစဉ် ဖြစ်နေပြန်သည်။
မြောက်ဘက်တွင် ယခုနှစ် နှင်းမုန်တိုင်း အနည်းငယ် ကျရောက်နေသဖြင့် အရှင်မင်းကြီးက သူ့ကို သွားရောက် စစ်ဆေးစေလိုပြီး အကျင့်ပျက်ခြစားသူ ရှိလျှင် ဖမ်းဆီးကာ မတရားမှု ရှိလျှင် ဖြေရှင်းပေးစေလိုခြင်း ဖြစ်လေသည်။
တောင်ပိုင်းမှ မြောက်ဘက်သို့၊ ရေဘေးမှ နှင်းဘေးသို့၊ သူသည် လူသားကိရိယာ တစ်ခုလိုပင် လိုအပ်သည့်နေရာသို့ ရွှေ့ပြောင်းခံနေရလေသည်။
မဖြစ်ဘူး။ ဒီလို တွေးလို့ မဖြစ်ဘူး။
သူက အမတ်တစ်ယောက်လေ။ အရှင်မင်းကြီးက ဘယ်လိုလုပ်ခိုင်းခိုင်း သူက လုပ်ရမှာပဲ။
ချူချင်းသည် "သစ္စာစောင့်သိပြီး မျိုးချစ်စိတ်ရှိရမယ်" "အရှင်မင်းကြီးရဲ့ အာဏာက အမြင့်ဆုံးပဲ" ဟု ၁၀ ခေါက်တိတိ ရွတ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နားချလိုက်တော့၏။
တကယ် ပြောရမယ်ဆိုရင် ကွပ်ကဲရေးမှူး အလုပ်ဆိုတာ ဘယ်သူမဆို လုပ်နိုင်တာမှ မဟုတ်တာ။ အနည်းဆုံးတော့ အရှင်မင်းကြီး အယုံကြည်ရဆုံး အမတ် ဖြစ်ရမယ်လေ။
ဒီရှုထောင့်က ကြည့်ရင် သူက အရှင်မင်းကြီးရဲ့ လူယုံတော်လို့ သတ်မှတ်လို့ ရပါတယ်နော်။ ဒါပေမဲ့ ဒီလို ရင်းနှီးမှုမျိုးက အမတ်တွေကို နည်းနည်းတော့ ပြိုလဲစေတယ်လေ။
ထွက်ခွာသွားသော ချူချင်း၏ကျောပြင်သည် အိုစာသွားသလို ထင်ရလေသည်။
အရှင်မင်းကြီးမှာ ကြည့်ရင်း ကြည့်ရင်းဖြင့် စိတ်မလုံမခြုံ ဖြစ်လာပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်မိ၏။
"ကျန်း နည်းနည်း လွန်သွားသလား"
ချန်ကျို့သည် အရှင်မင်းကြီးကို ပြစ်မှားမိပြီး ခေါင်းပြတ်သွားမည်ကို မကြောက်လျှင် နေရာမှာတင် တုံ့ပြန်လိုက်မိပေလိမ့်မည်။ 'အရှင်မင်းကြီးလည်း သိသားပဲ' ဟူ၍ပင်။
သို့သော် သူသည် အသက်ကို နှမြောသဖြင့် မလုပ်ရဲဘဲ မလုံမလဲဖြင့်သာ ပြောလိုက်ရသည်။ "ဒါက အရှင်မင်းကြီး သူ့ကို အလေးထားလို့ပါ"
အရှင်မင်းကြီး၏ ယုံကြည်မှုက မူလကတည်းက သိပ်မများလှရာ တစ်ယောက်ယောက်က လှေကားထောင်ပေးသည်နှင့် သူသည် ချက်ချင်းပင် လှေကားအတိုင်း ဆင်းလိုက်တော့သည်။
"ဟုတ်တယ်။ ကျန်းက သူ့ကို ဒီလောက် အလေးထားတာ။ သူက ကျေးဇူးတင်ရှိသင့်တာပေါ့"
ပြောရင်း ပြောရင်းဖြင့် သူကိုယ်တိုင်ပင် ယုံကြည်သွားပြီး လေသံတွင် ဂုဏ်ယူမှု အနည်းငယ် ပါဝင်လာလေသည်။
ချန်ကျို့၏ မျက်ဝန်းထောင့်များ လှုပ်ရှားသွားတော့၏။ ကျေးဇူးတင်ရမယ်တဲ့လား။ သူ့ကို တစ်နှစ်နီးပါးလောက် အပြင်မှာ လေလွင့်ခိုင်းထားတာကို ကျေးဇူးတင်ရမှာလား။
ဒီလို ကျေးဇူးတင်စရာမျိုး အရှင်မင်းကြီးကို ပေးရင်ကော လိုချင်ပါ့မလား။
အရှင်မင်းကြီးသည် သူ့ အနီးကပ်အစေခံ ကုန်းကုန်း စိတ်ထဲတွင် ပြောနေသည့် အကြောင်းအရာကို မသိဘဲ ဒုက္ခတစ်ခုကို ဖြေရှင်းပြီးသည်နှင့် ဖြေရှင်းရ ခက်ခဲသော နောက်ထပ် ဒုက္ခတစ်ခုကို သတိရသွားလေသည်။ "မိဖုရားခေါင်က ဒီရက်ပိုင်း ဘာတွေ လုပ်နေလဲ"
ချန်ကျို့၏ မျက်နှာထား တောင့်တင်းသွားပြီး ဗလုံးဗထွေးဖြင့် မဖြေရဲ ဖြစ်နေ၏။
သည်ပုံစံကို မြင်လိုက်ရသောအခါ အရှင်မင်းကြီး နားမလည်စရာ အကြောင်း မရှိတော့ပေ။
"မိဖုရားခေါင်က ဝတ္ထု ရေးနေတုန်းလား"
မိဖုရားခေါင်သည် ချူဟွားဆီ ရောက်သွားပြီးကတည်းက သွေးကြောပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး ဈေးကွက်ထဲတွင် ရောင်းချနေသော ဝတ္ထုများကို ဝယ်ယူစေကာ ကိုယ်တိုင်လည်း ဝတ္ထု ရေးသားရန် စတင်ခဲ့သည်။
မိဖုရားခေါင်သည် အစတည်းက အရည်အချင်းရှိသော မိန်းကလေးတစ်ဦး ဖြစ်ပြီး စာစီကုံးခြင်း၊ ကဗျာရေးခြင်းတို့တွင် ကျွမ်းကျင်လှရာ အရှင်မင်းကြီးသည်ပင် လက်ရာအများအပြားကို စုဆောင်းထားခဲ့ဖူးသည်။
သည်တစ်ကြိမ် ဝတ္ထုရေးရာတွင်တော့ ဖုံးဖုံးဖိဖိ လုပ်နေပြီး လူများကို ပေးမကြည့်ပေ။
အရှင်မင်းကြီးသည် အမှန်တကယ် သိချင်သဖြင့် စုံစမ်းရန် လူလွှတ်ခဲ့သော်လည်း ခွန်းနဉ်နန်းဆောင်မှ လူများသည် သူခိုးကို ကာကွယ်သကဲ့သို့ နှုတ်လုံလွန်းလှပြီး သတင်းအနည်းငယ်မျှပင် မပေါက်ကြားစေခဲ့ပေ။
သူသည် မိဖုရားခေါင် ဝတ္ထုရေးရာတွင် သုံးထားသော စာရွက်အစုတ်များကို ကောက်ယူရန် လူလွှတ်ခဲ့သော်လည်း စာရွက်အစုတ်များ အားလုံးကို မီးရှို့ပစ်လိုက်ကြသဖြင့် သည်မျှကြာသည်အထိ မိဖုရားခေါင် ဘာဝတ္ထု ရေးနေမှန်း သူ မသိရသေးပေ။
သူသည် ချူဟွား ဖရဲသီးစားချိန်တွင် တစ်ခုခု ထုတ်ပြောလာမည်ကို မျှော်လင့်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ချူဟွားသည် စာလေ့လာရန်သာ စိတ်ရောက်နေပြီး သည်လအနည်းငယ်အတွင်း ဖရဲသီး အကြိမ်ရေအနည်းငယ်သာ စားခဲ့လေသည်။
ချူချင်း ပြန်ရောက်လာသောကြောင့် စိတ်ကြည်လင်နေသည် ဖြစ်ကောင်း ဖြစ်နိုင်ပြီး ချူဟွားသည် သည်နေ့ ဖရဲသီး စားခဲ့သလို မိဖုရားခေါင်၏ ဖရဲသီးကိုလည်း စားခဲ့လေသည်။
အရှင်မင်းကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် လင်ယို၏ ပြောရခက်နေသော မျက်နှာထားကို သတိမထားမိလိုက်ပေ။ "မြန်မြန် ဆက်သလိုက်"
အစီရင်ခံစာ၏ အစပိုင်းတွင် ချူဟွားနှင့် ဟုန်မေတို့၏ စကားပြောခန်း ပါဝင်သည်။
ချူဟွား: "ဒီရက်ပိုင်း ရောင်းကောင်းတဲ့ ဝတ္ထုတွေအကြောင်း ကြားမိတာ ရှိလား"
ချူဟွားသည် စာလေ့လာမှုဖြင့် အလုပ်ရှုပ်နေပြီး ဝတ္ထုဖတ်ရန် အချိန်မရှိသော်လည်း သူမ၏ခြံဝင်းထဲမှ အစေခံမလေးများက ဖတ်ရှုနိုင်ကြသည်။ ရံဖန်ရံခါ ချူဟွား၏ အားလပ်ချိန်တွင် သူမကို ပြောပြတတ်ကြပြီး မြို့တော်၏ ခေတ်ရေစီးကြောင်းကို နားလည်စေရန် ကူညီပေးကြသည်။
ဟုန်မေသည် သူတို့အထဲတွင် ထိပ်တန်းဖြစ်ပြီး သူမ၏ စာဖတ်ချင်စိတ် အားလုံးသည် ဝတ္ထုဖတ်ခြင်းမှ လာခြင်းဖြစ်သည်။
"ရောင်းကောင်းတဲ့ ဝတ္ထုတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သခင်မလေး ရေးတာလောက် မကောင်းဘူး။ ပျင်းစရာကြီး"
ချူဟွား: [System ရေ၊ ဘယ်လိုဖြစ်တာလဲ။ မိဖုရားခေါင်က ငါ့ဆီကနေ ပညာယူသွားတာ ၄၊ ၅ လလောက် ရှိနေပြီလေ။ အခုထိ ဝတ္ထု မထွက်လာသေးဘူးလား]
Systemက စစ်ဆေးကြည့်လိုက်သည်။ [ငါ ကြည့်လိုက်ဦးမယ် . . . အာ၊ တွေ့ပြီ]
[ပထမလမှာ မိဖုရားခေါင်က ဈေးကွက်ထဲမှာ ရောင်းကောင်းတဲ့ ဝတ္ထုတွေ အများကြီး ဖတ်ခဲ့တယ်။ အဲဒီ ဇာတ်ကွက်တွေကို ငြီးငွေ့သွားတဲ့အထိ အတွေ့အကြုံ ယူခဲ့တာ]
[ဒုတိယလမှာ မိဖုရားခေါင်က ဝတ္ထု စရေးတယ်။ ဒါပေမဲ့ အတွေ့အကြုံ မရှိတော့ ရေးရတာ ထစ်ငေါ့နေပြီး ခေါင်းနဲ့ကိုယ် မလိုက်ဖက်တာတွေ၊ ယုတ္တိမရှိတာတွေ ဖြစ်ကုန်ရော။ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ရွံရှာသွားလို့ သုံးပြီးသား စာရွက်အစုတ်တွေကို မီးရှို့ပစ်လိုက်တယ်။ တခြားသူတွေကိုလည်း ပေးမကြည့်ဘူး]
ချူဟွားလည်း ထိုအချိန်မျိုး ရှိခဲ့ဖူးသဖြင့် နားလည်ပေးနိုင်သည်။ [လူသစ်တွေက အဲဒီလိုပါပဲ။ ပထမဆုံး စာအုပ်က ခက်ခဲတတ်တယ်။ ရေးတုန်းကတော့ စိတ်အားထက်သန်ပြီး ညဘက်တွေပါ ထရေးချင်စိတ် ပေါက်နေတတ်တာ။ ကိုယ့်ဘာသာ ပါရမီရှင်လို့ ထင်ပြီး ဒီစာအုပ်က သေချာပေါက် ပေါက်မှာလို့ တွေးနေတတ်ကြတယ်]
[ရေးပြီးလို့ အချိန်တစ်ခု ကြာသွားတဲ့အခါ ပြန်ကြည့်လိုက်ရင် ဒီနေရာက မကောင်းဘူး၊ ဟိုနေရာက ပြင်ရဦးမယ် ဆိုပြီး တွေ့လာရော။ ကြည့်လို့မရတဲ့ သမိုင်းဆိုးတွေ ဖြစ်နေလို့ ဖျောက်ဖျက်ပစ်ချင်ကြတာ]
Systemသည် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဟီးဟီး ရယ်မောလိုက်လေသည်။ [ဟီး —— နင် ပြောတာ တကယ် မှန်တယ်ဟ။ မိဖုရားခေါင်က ရေးပြီးတော့ ပြင်သေးတယ်။ ဒါပေမဲ့ ဟာကွက်တွေ များလွန်းလို့ လဝက်လောက် ပြင်တာတောင် မကောင်းသေးတာနဲ့ ဒေါသထွက်ပြီး မီးရှို့ပစ်လိုက်တာ]
ချူဟွားကတော့ မိဖုရားခေါင်သည် သူမ၏ သမိုင်းဆိုးများကို ဖျောက်ဖျက်ချင်ရုံ သက်သက်သာ ဖြစ်မည်ဟု သံသယရှိပြီး သက်သေလည်း ရှိနေသည်။
မိဖုရားခေါင်၏ မျက်နှာကို ထောက်ထားပြီး လူတိုင်းသိအောင် မပြောတော့ပေ။
ချူဟွား: [ပြီးတော့ရော]
System: [မိဖုရားခေါင်က သင်ခန်းစာ ယူလိုက်တယ်။ သူက လူသစ်ဆိုတော့ ပထမဆုံးအကြိမ်မှာ ဝတ္ထုရှည် ရေးတာက မှားယွင်းတယ်လို့ ယူဆပြီး ဒုတိယအကြိမ်မှာ ဝတ္ထုတို တစ်ပုဒ် စမ်းရေးကြည့်တယ်]
[ရှေ့က တစ်အုပ်ကို မီးရှို့လိုက်ပေမဲ့ မိဖုရားခေါင်ရဲ့ မှတ်ဉာဏ်က မဆိုးဘူး။ ရေးပြီးသား ဇာတ်ကွက်တချို့က ခေါင်းထဲမှာ ရှိနေသေးတော့ သူ ကောင်းတယ်လို့ ထင်ရတဲ့ အပိုင်းတွေကို ထုတ်ရေးလိုက်တယ်။ အသည်းကွဲ ဇာတ်ကွက် အပိုင်းအစတွေ ဖြစ်သွားတာပေါ့]
[ပြီးတော့ ဒီနေရာဖြည့် ဟိုနေရာဖြည့်နဲ့ ဝတ္ထုတို တစ်ပုဒ် ဖြစ်လာတယ်။ ဝတ္ထုကတော့ ထွက်လာပြီ။ ယုတ္တိလည်း ရှိတယ်။ ဇာတ်အရှိန်ကတော့ သိပ်မကောင်းလှဘူး]
ချူဟွားကတော့ ဇာတ်အရှိန် ကောင်းမကောင်း ဂရုမစိုက်ပေ။ သူမ စိတ်အဝင်စားဆုံးက အရှင်မင်းကြီး ဝတ္ထုထဲမှာ အနှိပ်စက်ခံရသည့် ကိစ္စပင် ဖြစ်သည်။
အာဏာရှင်စနစ် ကျင့်သုံးတဲ့ ရှေးခေတ် လူ့ဘောင်မှာ ဘယ်သူကများ အရှင်မင်းကြီးကို ဝတ္ထုထဲထည့်ပြီး အသေအလဲ နှိပ်စက်ရဲမှာလဲ။ လောကကြီးမှာ မိဖုရားခေါင် တစ်ယောက်ပဲ ရှိတာ။ ဒီဖရဲသီးကို လွတ်သွားရင် နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။
ချူဟွားက တိုက်တွန်းလိုက်သည်။ [ဘယ်လို ဇာတ်ကွက်လဲ။ အကျယ်ချဲ့ပြီး ပြောပြစမ်းပါ]
သည်လေသံက ပွဲကြည့်ချင်နေမှန်း သိသာလှသည်။
ထိုအချိန်တွင် ချူမိသားစု တစ်ခုလုံးသည် လက်ရှိ လုပ်လက်စ အလုပ်များကို ချထားလိုက်ကြ၏။
အားလုံးက အသက်အောင့်ပြီး အရှင်မင်းကြီး ဘယ်လို အနှိပ်စက်ခံရမလဲ ဆိုတာကို သိချင်နေကြသည်။ ပဉ္စမမင်းသားနှင့် ချူချင်းတို့လည်း ခြွင်းချက် မဟုတ်ပေ။
မင်းဆရာကြီးဆိုလျှင် ထိုင်ခုံနှင့် ဖင် ကပ်သွားသလိုပင်။ ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စကို လွတ်သွားရင် တစ်သက်လုံး နောင်တရနေတော့မှာ။
ဒီနေ့ အရှင်မင်းကြီး ကိုယ်တိုင် ရောက်လာရင်တောင် သူ့ကို ထိုင်ခုံနဲ့ ခွဲလို့ရမှာ မဟုတ်ဘူး။
System: [လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း မိဖုရားခေါင်က အချစ်ရဲ့ ဒုက္ခတွေကို ခါးစည်းခံခဲ့ရတော့ လူတစ်ယောက်ကို နှိပ်စက်မယ်ဆိုရင် ကိုယ်ရောစိတ်ပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရမယ်ဆိုတာ သိနေတယ်လေ။ သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကိုပါ အကုန်လုံး ပေါင်းထည့်ထားတာ]
[ခေတ်သစ်က အသည်းကွဲ ဝတ္ထုတွေက ပုံမှန်အားဖြင့် အမျိုးသမီးဘက်ကို နှိပ်စက်တာများတယ်။ ကိုယ်ဝန်ပျက်တာ၊ ကားတိုက်ခံရတာ၊ ကျောက်ကပ်ထုတ်တာ၊ သားအိမ်ထုတ်တာမျိုးပေါ့။ အဲဒီနည်းလမ်းတွေက ရှေးခေတ် ယောက်ျားတွေအပေါ်မှာ အလုပ်မဖြစ်ဘူး။ ဒါကြောင့် မိဖုရားခေါင်က အရှင်မင်းကြီးကို ရောဂါသည် ပုံစံမျိုး သတ်မှတ်ပေးထားတယ်။ လေတိုက်ရင် ချောင်းဆိုးပြီး ရာသီဥတု အေးတာနဲ့ ဖျားတတ်တဲ့ ကြွေရုပ်လေးလို လူမျိုးပေါ့]
[စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု အနေနဲ့ကျတော့ သူ ချစ်ရတဲ့သူကို မရနိုင်အောင် လုပ်ထားတယ်။ သူ့ရဲ့ ကျန်းမာရေး မကောင်းတဲ့ ခန္ဓာကိုယ်ကြောင့် ချစ်သူကို လက်မထပ်နိုင်ဘဲ သူ့အစ်ကိုအရင်းနဲ့ လက်ထပ်လိုက်တာကို မျက်စိဖွင့်ပြီး ကြည့်နေရတာ။ နေ့တိုင်း အိမ်ခေါင်မိုး တစ်ခုတည်းအောက်မှာ အစ်ကိုနဲ့ မရီးတို့ ချစ်ချစ်ခင်ခင် နေနေတာကို ကြည့်ပြီး ဝမ်းနည်းပက်လက် ဖြစ်နေရတာပေါ့]
သည်အသည်းကွဲ ဇာတ်လမ်းပုံစံက မဆိုးလှပေ။ ကိုယ်ရောစိတ်ပါ နှိပ်စက်ထားသည်။ အသေးစိတ် ဇာတ်ကွက်အပိုင်းကတော့ မိဖုရားခေါင်၏ ရေးသားနိုင်စွမ်းအပေါ် မူတည်ပြီး စာဖတ်သူကို ဆွဲဆောင်နိုင်မလား၊ မျက်ရည်ကျအောင် လုပ်နိုင်မလား ဆိုတာ ကြည့်ရမည်။
ချူဟွားတွင် အချိန်သိပ်မရှိပေ။ မဟုတ်လျှင် သည်ဝတ္ထုကို systemအား အစအဆုံး ဖတ်ခိုင်းပြီး အရှင်မင်းကြီး ကိုယ်စိတ်နှစ်ပါး အနှိပ်စက်ခံရသည့် လက်ရာကို ခံစားကြည့်မိမည် ဖြစ်သည်။
မတတ်နိုင်ဘူးလေ။ ဒီဝတ္ထုက ထုတ်ဝေဖို့ ခက်ခဲမှာဆိုတော့ သူ ပိုက်ဆံပေးဝယ်ချင်ရင်တောင် မရနိုင်ဘူးလေ။
နှမြောစရာပဲ။
ချူဟွား: [အဲဒီ မရီး ဇာတ်ကောင်က မိဖုရားခေါင်ကို ကိုးကားထားတာများလား]
System: [မဟုတ်ပါဘူး]
ချူဟွားက လျှာသပ်လိုက်ပြီး [နှမြောစရာပဲ။ တကယ်လို့ ကိုးကားထားတယ်ဆိုရင် အရှင်မင်းကြီးကို လက်ထပ်မိတာ နောင်တရပြီး အရှင်မင်းကြီးကို ဦးထုပ်စိမ်း ဆောင်းပေးတဲ့ မရီးနဲ့ မတ် အချစ်ဇာတ်လမ်း ဖြစ်သွားမှာ။ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလဲ]
လူတိုင်း: "..." ဟုတ်ပါရဲ့။ နှမြောစရာပဲ။ အဟွတ် အဟွတ်။
အဲဒါက . . . ဒီအတွေးက နည်းနည်းတော့ တော်လှန်ပုန်ကန်ရာ ကျလွန်းနေတယ်။
ကံကောင်းလို့ systemကတောင် သူတို့ရဲ့ အတွင်းစိတ်ကို မဖတ်နိုင်ဘူး။ ထုတ်မပြောသရွေ့တော့ ကိစ္စ မရှိပါဘူးလေ။
အရှင်မင်းကြီးမှာ သည်နေရာအထိ ဖတ်ပြီးသောအခါ မျက်နှာတော် ညိုမည်းသွားတော့၏။ ဘာကို နှမြောစရာလဲ။ ဒီကောင်မလေးက သူ့ကို ဘယ်နေရာမှာများ အငြိုးအတေး ရှိနေလဲ မသိဘူး။ သူ့ ဦးထုပ်စိမ်းကိုပဲ အမြဲတမ်း စိတ်ဝင်စားနေတာ။
ဒေါသထွက်သော်လည်း အစီရင်ခံစာကို ဆက်လက် ဖတ်ရှုရသည်။
System: [ရှေ့က တစ်အုပ်ရဲ့ အတွေ့အကြုံ ရလာတော့ ဒုတိယတစ်အုပ် ရေးတဲ့အခါ မိဖုရားခေါင်က ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတယ်]
[သူက ဈေးကွက်ထဲက ဝတ္ထုတွေ ပုံစံခွက်ထဲ ဝင်နေတာကို မကြိုက်ဘူး။ သူ့ဝတ္ထုကလည်း အဲဒီ သံသရာထဲ ဝင်သွားမှာကို ရွံရှာလို့ လမ်းသစ်ထွင်ပြီး အသစ်အဆန်း လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်]
[ဇာတ်လမ်းအသစ် စဉ်းစားနေတုန်း အမတ်တစ်ယောက်ရဲ့ ဇနီးသည် မွေးဖွားရခက်တဲ့အကြောင်း ကြားလိုက်ရတယ်။ မိဖုရားခေါင်က ရုတ်တရက် အကြံဉာဏ် ပေါ်လာတယ်။ ဘာလို့ ကလေးမွေးရင် မိန်းမတွေပဲ နာကျင်ရမှာလဲတဲ့။ ဒါကြောင့် သူက ယောက်ျားလေး မွေးဖွားခြင်း ဆိုတဲ့ ဇာတ်ကွက်ကို ထည့်သွင်းလိုက်တယ်]
ချူဟွား: ???
ချူဟွား: !!!
[ဝိုး —— ဒီသတ်မှတ်ချက်က ခေတ်မီလွန်းတယ်ဟ။ ခေတ်သစ်က စာရေးဆရာတွေ ယောက်ျားလေး မွေးဖွားခြင်း ဇာတ်ကွက် ရေးတာကို ငါ နည်းနည်းလေးမှ မအံ့ဩဘူး။ ဒါပေမဲ့ ဒါက ရှေးခေတ်လေ။ မိဖုရားခေါင်ရဲ့ အတွေးအခေါ်က ဒီလောက်အထိ ရှေ့ပြေးနေတာ။ သေချာပေါက် အားပေးရမယ်]
လူနှင့် system စကားပြောနေစဉ်အတွင်း ချူဟွား လက်ခုပ်မတီးနိုင်သဖြင့် System က သူမအစား ၃ စက္ကန့်ခန့် လက်ခုပ်တီးပေးလိုက်သည်။
ချူဟွား၏ စပ်စုစိတ်များက လျှံကျလာတော့၏။ [အရှင်မင်းကြီး တစ်ယောက်တည်း မွေးတာလား။ ဒါမှမဟုတ် ယောက်ျားတွေ အကုန်လုံး မွေးတာလား]
System: [အကုန် မွေးတာ]
ချူဟွား: [ယောက်ျားတွေက ဘယ်လို မွေးမှာလဲ]
System: [မိဖုရားခေါင်က အသေးစိတ် မရေးပြထားဘူး။ ဒါပေမဲ့ သွယ်ဝိုက်ပြီး ဖော်ပြချက်တွေအရ ဆိုရင်တော့ စအိုကနေ ထွက်လာတာ]
ချူဟွား သည်းခံပြီးရင်း သည်းခံသော်လည်း မနေနိုင်တော့ပေ။ [ဟား ဟား ဟား ဟား ဟား။ မိဖုရားခေါင်က အရမ်း တော်တာပဲ။ ဟား ဟား ဟား ဟား]
သူမသည် မိဖုရားခေါင်၏ စိတ်ကူး တွေးခေါ်ပုံကို နားလည်နိုင်ပေသည်။ ယောက်ျားနဲ့ မိန်းမ ခန္ဓာကိုယ် တည်ဆောက်ပုံ မတူညီတော့ ဗိုက်ခွဲမွေးတာ မရှိရင် စအိုကလွဲပြီး ဒုတိယနေရာ စဉ်းစားလို့ မရနိုင်ဘူးလေ။
ဒါပေမဲ့ စအိုကနေ ကလေးမွေးတာတဲ့ . . . ဟား ဟား ဟား ဟား ဟား။
ချူဟွား ရယ်မောခြင်းကို မရပ်တန့်နိုင်သလို System ကလည်း လိုက်ရယ်လေသည်။ တစ်ခဏချင်းတွင် လူတိုင်း၏ နားထဲ၌ နတ်ဝင်သည်သကဲ့သို့ ဟားဟားဟားဟား ရယ်မောသံများ ပြည့်နှက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ချူမိသားစုဝင် ယောက်ျားအားလုံးသည် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်နေရာမှ တဆစ်ဆစ် နာကျင်လာသလို ခံစားလိုက်ရလေသည်။
အရှင်မင်းကြီးလည်း ခေါင်းတစ်ခုလုံး မေးခွန်းထုတ်စရာများ ပြည့်နှက်နေတော့သည်။ ယောက်ျားက ကလေးမွေးတယ် ဟုတ်လား။ စအိုကနေ မွေးတာ။ ဒါက သူ့ မိဖုရားခေါင် စဉ်းစားနိုင်တဲ့ ထူးဆန်းတဲ့ ဇာတ်ကွက်တဲ့လား။
ချူဟွားက ရယ်လို့ဝသွားပြီးနောက် မူရင်းခေါင်းစဉ်ကို ပြန်သွားလိုက်သည်။ [ပြောရမယ်ဆိုရင် ယောက်ျားလေး မွေးဖွားခြင်းက အမျိုးသမီးဝါဒီ ဝတ္ထုတွေရဲ့ ဇာတ်ကွက် မဟုတ်ဘူးလား။ မိဖုရားခေါင်ရဲ့ ဒီဝတ္ထုက သာ့ရှန်းရဲ့ ပထမဆုံး အမျိုးသမီးဝါဒီ ဝတ္ထု ဖြစ်လာမလား]
System: [နည်းနည်းတော့ ကွဲပြားသေးတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးဝါဒီ ဝတ္ထုတွေရဲ့ ဇာတ်ကွက်က ယောက်ျားနဲ့ မိန်းမ နေရာလဲလိုက်တာ။ အာဏာရှိပြီး ဦးဆောင်တာက မိန်းမ ဖြစ်သွားပြီး အိမ်မှုကိစ္စလုပ် ကလေးထိန်းတာက ယောက်ျား ဖြစ်သွားတာ။ မိဖုရားခေါင်ရဲ့ ဝတ္ထုထဲမှာတော့ ယောက်ျားတွေက အုပ်ချုပ်သူတွေ ဖြစ်နေတုန်းပဲ။ ကလေးမွေးတဲ့ ဇာတ်ကွက် ပိုလာတာပဲ ရှိတာ]
ချူဟွားက အနှစ်ချုပ်လိုက်သည်။ [ဆိုလိုတာက ယောက်ျားတွေက ပိုက်ဆံရှာပြီး မိသားစုကိုလည်း ကျွေးမွေးရမယ်၊ ၁၀ လ လွယ်ပြီး ကလေးလည်း မွေးရမယ်ပေါ့။ ဒီလောက် ကောင်းတဲ့ကိစ္စ ရှိသေးတာလား]
Systemက လေးလေးနက်နက် သဘောတူလေသည်။ [ငါလည်း ဒီဇာတ်ကွက်က မဆိုးဘူးလို့ ထင်တယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ဝင်ချင်တဲ့ စိတ်ပြင်းပြတဲ့ အမျိုးသမီးတွေအတွက်တော့ သိပ်အဆင်မပြေဘူးပေါ့]
ချူဟွားကတော့ ကိစ္စမရှိဟု ထင်မြင်သည်။ [တကယ်တော့ သာ့ရှန်းရဲ့ လက်ရှိ အခြေအနေ အပေါ်မှာ မူတည်ပြီး ကိုယ်ဝန်ဆောင်တာနဲ့ မွေးဖွားတာရဲ့ ခက်ခဲမှု နာကျင်မှုတွေကို ယောက်ျားတွေဆီ လွှဲပြောင်းပေးလိုက်တာပဲ။ အပြောင်းအလဲ အများကြီး မရှိပါဘူး။ စိတ်ကူးယဉ်နဲ့ လက်တွေ့ကို ပေါင်းစပ်ထားတာပါ]
ဒီဇာတ်ကွက်သာ တကယ်ဖြစ်လာရင် မိန်းကလေးတွေ လွတ်မြောက်သွားပြီ။ အဲဒီယောက်ျားတွေလည်း "ကလေးမွေးတာလောက်များ" ဆိုပြီး ပေါ့ပေါ့တန်တန် ဘယ်တော့မှ ပြောနိုင်တော့မှာ မဟုတ်ဘူး။
System: [နှမြောစရာပဲ။ ဝတ္ထုထဲက ဇာတ်လမ်း ဖြစ်နေလို့လေ]
ချူဟွား: [ဟုတ်တယ်။ နှမြောစရာပဲ]
ယောက်ျားများအားလုံး ခေါင်းကို တဗြင်းဗြင်း ခါလိုက်ကြတော့သည်။ မဟုတ်ဘူး။ မနှမြောပါဘူး။ သူတို့ ကလေး မမွေးချင်ကြပါဘူး။
အရှင်မင်းကြီးကတော့ နှမြောစရာလို့ မခံစားရဘဲ ဖြစ်နိုင်စရာ မရှိဘူးဟုသာ ခံစားရသည်။
ယခင်က မိဖုရားခေါင်သည် ဆောင်းပါးကောင်း ကဗျာကောင်းများ ရေးစပ်ပြီးသည့်အခါ ဖုံးကွယ်ထားလေ့ မရှိကြောင်း သူ ပြောဖူးသည်။ ဝတ္ထုရေးမှ ဘာလို့ ဖုံးဖုံးဖိဖိ လုပ်နေရသလဲ ဆိုတော့ သူ့ကို ဝတ္ထုထဲ ထည့်ရေးထားပြီး အဲဒီလို နည်းလမ်းနဲ့ ဖြစ်နေလို့ကိုး။
သူက ဝတ္ထုထဲတွင် စအိုဖြင့် ကလေးမွေးသည်ကို တွေးမိလိုက်သည်နှင့် အရှင်မင်းကြီး၏ မျက်နှာ ပျက်ယွင်းသွားတော့သည်။
သူသည် ထို ယုတ္တိမရှိသော ဝတ္ထုကို ဖျောက်ဖျက်ပစ်ချင်သော်လည်း မိဖုရားခေါင်တွင် စိတ်ထွက်ပေါက် တစ်ခု ရှိနေခြင်းက ထိုမကောင်းသော စိတ်ခံစားချက်များကို ရင်ထဲမှာ မျိုသိပ်ထားသည်ထက် ပိုကောင်းသည်ဟု တွေးမိပြီး လိုက်လျောလိုက်ရသည်။
တကယ်တော့ သူက မိဖုရားခေါင်အပေါ် အပြစ်ရှိတာကိုး။
ထားလိုက်ပါတော့လေ။ မိဖုရားခေါင်က ဝတ္ထု ရေးပေမဲ့ တခြားသူတွေကို ပေးမကြည့်ပါဘူး။
သူကသာ တကယ်ကြီး သွားဖျက်ဆီးမယ် ဆိုရင် နှစ်ယောက်သား သေချာပေါက် ရန်ဖြစ်ကြတော့မှာ။ နောက်ဆက်တွဲက ပိုဆိုးသွားလိမ့်မယ်။
ပြီးတော့ ဒီကိစ္စက လုံးဝ ဆိုးကျိုးချည်းပဲတော့ မဟုတ်ဘူး။
နည်းနည်း ဖြစ်နိုင်စရာ မရှိပေမဲ့ ဒါက ခွန်းနဉ်နန်းဆောင်မှာ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ပြီးကတည်းက ရလာတဲ့ ရှားပါး အခွင့်အရေး တစ်ခုပဲ။
အရှင်မင်းကြီးသည် အစီရင်ခံစာကို ယူပြီး ခွန်းနဉ်နန်းဆောင်မှ မိဖုရားခေါင်ကို သွားရှာတော့သည်။
အရှင်မင်းကြီး၏ အဓိက ရည်ရွယ်ချက်မှာ သနားအောင် လုပ်ပြပြီး မိဖုရားခေါင်၏ အာရုံစိုက်မှုကို ရယူရန်ပင်။
ကံမကောင်းစွာဖြင့် မိဖုရားခေါင်၏ အာရုံစိုက်မှုက ချူဟွားနှင့် System တို့၏ ဝေဖန်ချက်အပေါ်တွင်သာ ရှိနေလေသည်။
သူမရဲ့ အတွေးအခေါ်က လုံလောက်အောင် ရဲရင့်တယ်လို့ ထင်ထားပေမဲ့ မမျှော်လင့်ဘဲ ခေတ်ရှေ့ သိပ်မပြေးသေးဘူး ဖြစ်နေတာပဲ။
ဟုတ်သားပဲ။ သမိုင်းမှာ ဘုရင်မတောင် နန်းတက်ဖူးသေးတာပဲ။ ဘာလို့ သူ့ဝတ္ထုထဲမှာ ယောက်ျားကပဲ အရှင်မင်းကြီး လုပ်နေရမှာလဲ။
သူမ အတွေးတိမ်သွားတာပဲ။
မိဖုရားခေါင်က တိတ်တိတ်လေး လက်သီး ဆုပ်ထားလိုက်၏။ သူမ ထပ်ပြီး ကြိုးစားရဦးမယ်။
...