← Chapters

အခန်း ၉၉

Vol. 7 Ch. 99

အခန်း ၉၉

Vol. 7 Ch. 99

အပိုင်း (၉၉)

"မျက်လုံးလဲလှယ်ခြင်း" ဟူသော အဓိကအချက် ထွက်ပေါ်လာသည်နှင့် ယခု ကွင်းဆက်လူသတ်မှုများမှ နစ်နာသူများသည် ခေါင်းဖြတ်ခံထားရသည်ကို ပြန်လည် ဆက်စပ်ကြည့်လိုက်ပါက အရာရာသည် ရှင်းလင်းသွားတော့သည်။

ခေါင်းဖြတ်ခြင်းသည် နစ်နာသူများ၏ မျက်လုံးများ အထုတ်ခံထားရသည့် အမှန်တရားကို ဖုံးကွယ်ရန်ပင်။

System: [မျက်လုံးဆိုတာက အရမ်း သိမ်မွေ့ပြီး အရေးကြီးတဲ့ အစိတ်အပိုင်းလေ၊ ခေတ်သစ် ဆေးပညာ နည်းပညာနဲ့တောင် မျက်လုံးလဲလှယ်တဲ့ ခွဲစိတ်မှု လုပ်ဖို့က အရမ်း ခက်ခဲတာ၊ ဆေးဘက်ဆိုင်ရာ ပိုးသတ်တဲ့ အယူအဆတောင် မပြည့်စုံသေးတဲ့ ရှေးခေတ်ကိုတော့ ထည့်မပြောနဲ့တော့]

[ပုံမှန် ရိုးတွင်းခြင်ဆီ လဲတာတို့ အင်္ဂါအစိတ်အပိုင်း လဲတာတို့တောင် ကိုက်ညီမှု ရှိမရှိ စစ်ဆေးရတယ်၊ မဟုတ်ရင် ခွဲစိတ်ပြီးတဲ့အခါ ဆန့်ကျင်တဲ့တုံ့ပြန်မှုတွေ ဖြစ်လာလိမ့်မယ်၊ မျက်လုံး လဲတာလည်း လိုအပ်မှာပဲမလား]

ချူဟွားတွင် သည်ဘက်အပိုင်းနှင့် ပတ်သက်သည့် ဗဟုသုတ မရှိသဖြင့် သေချာရေရာသော အဖြေကို မပေးနိုင်ခဲ့ပေ။ [ဟုတ်လောက်တယ်]

[မျက်လုံး လဲတယ်ဆိုတာ အတိအကျ ဘယ်လို လုပ်တာလဲ၊ ထုတ်လိုက်၊ ပြန်ထည့်လိုက်နဲ့ အဲဒီလောက် ရိုးရှင်းပြီး အဖြစ်သဘောဆန်မယ်တော့ မထင်ဘူးနော်]

တကယ်လို့ ဒီလောက် ဖြစ်ကတတ်ဆန်းနိုင်နေရင် မျက်လုံး အထုတ်ခံရတဲ့သူရော မျက်လုံး လဲမဲ့သူရော အကုန် သေကုန်ကြမှာပေါ့။

System: [ငါ ရှာတွေ့ထားတဲ့ သတင်းတွေအရဆိုရင် သူတို့က အဲဒီအဆင့်ထိ မရောက်သေးပါဘူး၊ မျက်လုံးတစ်စုံကို ဘယ်လို အထိအခိုက်မရှိ ထုတ်ယူမလဲ ဆိုတဲ့ အဆင့်မှာပဲ ရပ်တန့်နေတုန်း]

ချူဟွား: ? ? ?

လူတိုင်း: ? ? ?

မဟုတ်သေးဘူးလေ။ နှစ်သစ်ကူးကနေ အခုဆို ၄ လ တောင် ရှိနေပြီ။ လက်ရှိ တွေ့ထားတဲ့ ခေါင်းပြတ်အလောင်းတွေကလည်း ၁၀ လောင်းလောက် ရှိနေပြီ။ ဘာလို့ အစပိုင်း အဆင့်မှာပဲ ရပ်တန့်နေရတာလဲ။

ချူဟွားသည် အမှန်တကယ် စဉ်းစား၍ မရနိုင်ပေ။ [ဘယ်လိုလုပ်ပြီး တိုးတက်မှု လုံးဝ မရှိရတာလဲ]

မျက်လုံးသည် အရေးကြီးပြီး ဦးနှောက်နှင့် အလွန် နီးကပ်ကြောင်း သူမ သိရှိသဖြင့် လူသတ်သမားသည် အလွန် သတိထား လုပ်ဆောင်ကောင်း လုပ်ဆောင်လိမ့်မည်။ သို့သော် ဤကဲ့သို့သော တိုးတက်မှု အခြေအနေသည် သူမကို နားမလည်နိုင် ဖြစ်စေသလို အနည်းငယ်လည်း ထိတ်လန့်စေ၏။

လူသတ်သမားက နောက်ကွယ်မှာ တစ်ခုခု လုပ်နေတာများလား၊ မဟုတ်ရင် ၄ လ ကြာတဲ့အထိ တစ်နေရာတည်းမှာပဲ ရပ်တန့်နေစရာ အကြောင်း မရှိဘူးလေ။

System: [မျက်လုံး လဲလှယ်တဲ့ ကိစ္စက ရွှီထောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို စိန်ခေါ်လွန်းအားကြီးတော့ ရွှီစန်း စပြောကတည်းက သူ ငြင်းခဲ့တယ်၊ သူ ပြောခဲ့တာက "လူတိုင်းမှာ မျက်လုံးတစ်စုံပဲ ရှိတာ၊ ငါ မြင်ရပြီ ဆိုရင် အဲဒီလူက မမြင်ရတော့ဘူးလေ" တဲ့]

[ရွှီစန်းက သူ သင့်တော်တဲ့လူကို ရှာပေးမယ်၊ တစ်ဖက်လူကိုလည်း ငွေတစ်ပေါင်းတစ်စည်း ပေးမယ်၊ တဖက်လူရဲ့ နောက်ဆုံးအချိန်အထိ ပူပန်စရာ မရှိအောင် ထားပေးမယ်လို့ ပြောတယ်၊ တကယ့် ဆင်းရဲတဲ့ မိသားစုတွေက အသက်ရှင်ဖို့တောင် ခက်ခဲကြတာ၊

သူတို့ကို မျက်လုံးတစ်စုံနဲ့ အလဲအလှယ်လုပ်ပြီး နောင်ရေး စိတ်အေးရတဲ့ ဘဝကို ပေးမယ်ဆိုရင် လိုလိုလားလား ရှိကြမဲ့လူတွေ အများကြီး ရှိတယ်တဲ့]

[ရွှီစန်း အဲဒီလို ပြောလိုက်တော့ ရွှီထောင်ရဲ့ စိတ်က ယိမ်းယိုင်သွားတယ်၊ သူက ရောင်စုံလွှမ်းတဲ့ ကမ္ဘာကြီးကို မြင်ချင်တယ်၊ နွေးထွေးတဲ့ ကမ္ဘာကြီးဆီ ပြန်လာချင်တယ်၊ သူ လဝက်လောက် တွေဝေနေခဲ့တယ်၊ နေ့တိုင်း ရုန်းကန်နေရပြီး အရမ်း နာကျင်ရလို့ တော်တော်လေး ပိန်လှီသွားခဲ့တယ်]

[ရွှီစန်းက ဒီအကြံပြုချက် ပေးမိတာကို နောင်တရပြီး ရွှီထောင်ကို ဆက်မတွေးဖို့ ပြောမဲ့အချိန်မှာပဲ ရွှီထောင်က သဘောတူလိုက်တယ်]

လူတိုင်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်ကြပြီး ရွှီထောင် အဘယ်ကြောင့် ဤရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ကို သူတို့ နားလည်ပေးနိုင်ကြလေသည်။ အလင်းရောင်ကို မြင်ဖူးသောသူသည် တစ်သက်လုံး အမှောင်ထုထဲတွင် နေထိုင်ရန် မည်သို့ ဆန္ဒရှိပါမည်နည်း။

ရွှီထောင်သည် ငယ်စဉ်ကတည်းက မျက်လုံးကြောင့် ဘက်လိုက်မှုများ၊ အထင်သေးမှုများကို များစွာ ခံစားခဲ့ရပြီး အတင်းအဖျင်း စကားများကိုလည်း များစွာ ကြားခဲ့ရသည်။ သူမသည် မျက်လုံးဖြစ်စေ၊ အိမ်ထောင်ရေးဖြစ်စေ ပြောင်းလဲမှုကို လိုလားတောင့်တသည်။ မျက်လုံး လဲလှယ်ခြင်းသည် အန္တရာယ် အလွန် များပြားသော်လည်း သူမသည် စွန့်စားပြီး တစ်ကြိမ်လောက် ကြိုးစားကြည့်ချင်ခဲ့သည်။

System: [မျက်လုံး လဲတယ်ဆိုတာ အစပိုင်းတုန်းက ရွှီစန်း ဖျတ်ခနဲ စဉ်းစားမိပြီး ထွက်လာတဲ့ အကြံဉာဏ်ပဲ၊ လူအများစုမှာ အတွေးရှိရင်တောင် လုပ်ရဲတဲ့ သတ္တိနဲ့ အခြေအနေ မရှိကြဘူး၊ ဒါပေမဲ့ သူက ‘စူးရှို့’ ဆိုတဲ့ လူတစ်ယောက်ကို သိတယ်၊ စူးရှို့က ဆေးပညာ နည်းနည်းပါးပါး တတ်တယ်၊ အတိတ်တုန်းက လူကုရင်း လူသေဖူးလို့ ရုံးတော်ကို တိုင်ကြားခံရဖူးတယ်၊ နောက်ပိုင်းတော့ သမားတော် ဆက်မလုပ်တော့ဘူး]

[အဲဒီတုန်းက သူ လူကုရင်း သေစေခဲ့တာက လက်ပြတ်နေတဲ့ လူတစ်ယောက်ကို လက်ပြန်ဆက်ပေးချင်လို့၊ တခြား သေခါစ လူတစ်ယောက်ရဲ့ လက်ကို ယူပြီး ဆက်ပေးတာ၊ ရလဒ်က လက်ပြတ်တဲ့လူပါ သေသွားရော၊ ဒီကိစ္စကို ဘယ်လို ပြောရမလဲ၊ သူ့မှာ အတွေးအခေါ် ရှိပေမဲ့ လုံလောက်တဲ့ ဆေးပညာ ဗဟုသုတ၊ ကိရိယာ တန်ဆာပလာနဲ့ အခြေအနေ မရှိတော့ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလေ]

သေခါစ လူတစ်ယောက်၏ လက်ကို ဖြတ်ပြီး အခြားလူတစ်ယောက်၏ လက်ပေါ်တွင် ဆက်မည်တဲ့လား။ လူတိုင်းသည် ယုတ္တိမရှိဟု ခံစားလိုက်ရပြီး စူးရှို့၏ စိတ်ကူးသည် အလွန်တရာ ယောင်ဝါးဝါး နိုင်လွန်းလှသည်ဟု ထင်မြင်ကြလေသည်။

အကယ်၍ ဤကိစ္စသာ ဖြစ်နိုင်လျှင် သာ့ရှန်းတွင် နှစ်တိုင်း လက်ပြတ်ခြေပြတ်ဖြင့် စစ်မှုထမ်း အနားယူရသော စစ်သည်များ အဘယ်ကြောင့် ဤမျှ များပြားနေရပါသနည်း။

ချူဟွားသည် မျက်မှောင်ကြုတ်လိုက်၏။ [အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုကို တွေးမိတာကတော့ တကယ့်ကို ရှေ့ပြေးနေတဲ့ အတွေးအခေါ်ပဲ၊ ဒါပေမဲ့ လက်တွေ့ အခြေအနေက ခွင့်မပြုဘူးလေ]

[သွေးအမျိုးအစား မစစ်ဘူး၊ ကိုက်ညီမှု မစစ်ဘူး၊ လက်မောင်းကို တန်းဆက်တယ်၊ အာရုံကြောတွေ မဆက်ဘူး၊ ဒီခွဲစိတ်မှုက သိပ်ကို ရမ်းကားလွန်းတယ်၊ သူက တကယ်ပဲ လူကယ်ချင်တာလား၊ ဒါမှမဟုတ် လူသတ်ပြီး သုတေသန လုပ်ချင်တာလား]

Systemက ရှင်းပြလေသည်။ [စူးရှို့ရဲ့ မူလရည်ရွယ်ချက်က တကယ် လူကယ်ချင်တာပါ၊ ဒါပေမဲ့ သူက ဒီလောက် ညံ့ဖျင်းတဲ့ အခြေအနေအောက်မှာ လက်မောင်း ဆက်တဲ့အလုပ်ကို ပြီးမြောက်ချင်တာက လုံးဝ မဖြစ်နိုင်ဘူးလေ၊ သူများရဲ့ လက်မောင်း ဖြစ်နေတာကိုတော့ ထည့်မပြောနဲ့တော့]

[သူ့ရဲ့ သုတေသန လုပ်ချင်စိတ်က မသေသေးဘူး၊ သမားတော် မလုပ်တော့တဲ့နောက် ရွာတစ်ရွာမှာ ဝင်နေပြီး ယုန်မွေးတာကနေ စတယ်၊ ဖြတ်လိုက် ပြန်ဆက်လိုက်နဲ့ ထပ်ခါထပ်ခါ လုပ်တယ်၊ ဒီလိုနဲ့ ၁၀ နှစ်လောက် သုတေသန လုပ်ခဲ့ပြီးနောက်မှာ မတော်တဆ ဖြစ်ရပ်တစ်ခု တကယ် ပေါ်လာခဲ့တယ်]

[ယုန်တစ်ကောင်က ခွဲစိတ်ပြီးနောက် မတော်တဆ အသက်ရှင်ခဲ့တယ်၊ ခြေဆွံ့သွားတယ်၊ သိပ်မကောင်းပေမဲ့ အသက်ရှင်နေတာပဲလေ၊ စူးရှို့က အတိုင်းမသိ ဝမ်းသာသွားပြီး ဆက်ပြီး သုတေသန လုပ်ခဲ့တယ်၊ ဒါပေမဲ့ ဒါက တကယ့်ကို တိုက်ဆိုင်လွန်းတဲ့ ဖြစ်ရပ်တစ်ခုမို့ နောက်ပိုင်း ဘယ်တော့မှ ထပ်မဖြစ်တော့ဘူး]

ချူဟွားသည် လက်ဖက်ရည်ခွက် တစ်ဝက်ကျော်ကို အငမ်းမရ မော့သောက်လိုက်ပြီး ဤကွင်းဆက်လူသတ်မှု၏ နောက်ဆက်တွဲကို ခန့်မှန်းမိသွားပြီ ဖြစ်သည်။

[ရွှီစန်းက စူးရှို့ကို ရှာတွေ့ပြီး ရွှီထောင်အတွက် မျက်လုံး လဲပေးခိုင်းတာ၊ ဒါပေမဲ့ အဲဒီလူတွေက မျက်လုံး အထုတ်ခံရပြီးနောက် သေကုန်ကြတယ် မဟုတ်လား]

System: [ဟုတ်တယ်]

သို့သော် ဤသို့ဆိုလျှင် အဓိပ္ပာယ်မရှိသော ကိစ္စတစ်ခု ရှိနေပြန်သည်။

ချူဟွား: [အရင်ကတည်းက အပေးအယူ တည့်ထားပြီးသားဆိုရင် ကာယကံရှင် သေဆုံးသွားပြီးတဲ့နောက် လျော်ကြေးပေးပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးရမှာ မဟုတ်ဘူးလား၊ ဘာလို့ ခေါင်းဖြတ်ပြီး အလောင်းကို စွန့်ပစ်ရတာလဲ]

အခြားသူများလည်း လက်ဖက်ရည်နှင့် အချိုရည်များကို လိုက်လံ သောက်သုံးကြပြီး စိတ်ကူးယဉ်ဆန်သူ တချို့က အစားအစာများကို စတင် စားသောက်ကြသည်။

ဤအပြုအမူသည် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူတို့ သတိဝင်လာကြသည်။ ဆက်ပြီး တိတ်ဆိတ်နေရင် ချူဟွား သံသယဝင်သွားလိမ့်မယ်။

"အစ်မကြီး ချိုရည် သောက်ကြည့်မလား"

"ဒီအသားလုံးလေးက တော်တော် စားကောင်းတယ်"

"ညီမလေး ကိတ်မုန့် မစားဘူးလား"

"ကျွန်မကတော့ ပူတင်းက ပိုစားကောင်းတယ်လို့ ထင်တယ်"

အမျိုးသမီးတစ်သိုက်သည် အလျင်အမြန်ပင် ဟာကွက်များကို ဖာထေးလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် မျက်လုံးဖြင့် သတိပေးလိုက်ကြ၏။ ဆက်စား၊ ဆက်ပြော၊ မရပ်နဲ့။

ချူဟွားသည် သူတို့နှင့် ယဉ်ကျေးမှုစကား အနည်းငယ် ပြောဆိုပြီးနောက် လူတိုင်း သံသယမရှိသည်ကို မြင်သောအခါ system ကို တိုက်တွန်းလိုက်လေသည်။ [ထုံအာ၊ ဆက်ရအောင်]

[ကောင်းပါပြီ] Systemသည် လူတိုင်း၏ ကျေနပ်စရာမကောင်းသော တုံ့ပြန်မှုများကို အကုန်မြင်နေရသဖြင့် အနည်းငယ် စိုးရိမ်မိသွားသည်။

သူတို့တွေက ဖရဲသီးစားဖို့ အရမ်း အာရုံစိုက်လွန်းတော့ ဖုံးကွယ်ဖို့ မေ့နေကြတယ်။ တကယ်လို့ ဒီလိုအခြေအနေမျိုး အကြိမ်ကြိမ် ထပ်ဖြစ်ရင် ဖုံးကွယ်ထားနိုင်တော့မှာ မဟုတ်ဘူး။

[ရွှီစန်းက ရွှီထောင်ရဲ့ ကိုယ်ရံတော်၊ ရွှီထောင်ကို ကာကွယ်ဖို့ တာဝန်ယူထားတယ်၊ သူ့ခြံဝင်းထဲက အစေခံတွေက အမြဲ ဝင်လိုက်ထွက်လိုက်နဲ့ ဘယ်သူမှ ကြာကြာ မနေကြတော့ ရွှီစန်းက ရွှီထောင်ရဲ့ ကိစ္စ အများအပြားကို တာဝန်ယူပေးရပြီး သူ့ဘေးကနေ မခွာဘူး]

[ရွှီစန်းက စူးရှို့ကို ငွေအများကြီး ပေးပြီး ရွှီထောင်ကို အမြန်ဆုံး မျက်လုံး လဲပေးခိုင်းတယ်၊ စူးရှို့က အရင်တုန်းက အလွန်ဆုံး ယုန်တွေကို ခြေထောက် လဲပေးဖူးရုံပဲ ရှိတာ၊ အောင်မြင်မှုနှုန်းက မမြင့်ဘူး၊ ဘယ်လိုလုပ်ပြီး လူကို ခွဲစိတ်ရဲမှာလဲ၊ ပြီးတော့ အိမ်ကြီးရှင်ရဲ့ သခင်မလေးလေ၊ တကယ်လို့ တလွဲတချော် ဖြစ်သွားရင် သူ သေရလိမ့်မယ်လို့ ကြောက်နေတာ]

[စူးရှို့က ယုန်တွေအပေါ် အရင် စမ်းသပ်ဖို့ ရွေးချယ်ခဲ့တယ်၊ ခွဲစိတ်မှု မအောင်မြင်ဘူး၊ သူက ယုန်တွေ အရမ်း နုနယ်လို့လား ဆိုပြီး တွေးတယ်၊ ဝက်နဲ့ ပြောင်းလုပ်ကြည့်တော့လည်း မအောင်မြင်ဘူး၊ သူ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့တယ်၊ ရွှီစန်းကလည်း အမြဲတမ်း လာတွန်းအားပေးနေတယ်၊ စူးရှို့က ယုန်နဲ့ ဝက်ပေါ်မှာ စမ်းသပ်မှု အောင်မြင်ရင်တောင် လူအပေါ်မှာ ထပ်စမ်းသပ်ရဦးမှာပဲ၊ ဒါကြောင့် အဲဒီအဆင့်ကို ကျော်ပြီး လူအပေါ်မှာ တန်းလက်စမ်းလိုက်တာ]

ချူဟွား: "..."

လူတိုင်း: "..."

အချိန်အကြာကြီး နေပြီးမှ တကယ်တော့ ဒီ စူးရှို့က ဘာမှ သေချာမှု မရှိဘဲ လူမျက်လုံးကို တန်းထုတ်လိုက်တာလား။ တကယ့်ကို လူ့အသက်ကို မြက်ပင်လို သဘောထားတာပဲ။

မင်းသား ၅ သည် ဒေါသထွက်လွန်းသဖြင့် ခေါင်းမူးသွားတော့သည်။ လောကကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုး ရှိနေရတာလဲ။ ဒါက သားသတ်သမားက သူ ဝက်တွေ အများကြီး သတ်ဖူးတယ်၊ ဝက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကောင်းကောင်း သိတယ်ဆိုပြီး လူကို သွားကုပေးတာနဲ့ ဘာကွာခြားမှု ရှိလို့လဲ။

ချူဟွားသည် ရှေ့ပိုင်းကို နားထောင်ပြီး ဒီ စူးရှို့က တကယ် လူကယ်ဖို့ ရည်ရွယ်ထားတယ်ဟု ထင်ခဲ့သော်လည်း ဒီနေရာရောက်တော့ တချို့မေးခွန်းတွေက ရှင်းလင်းသွားပြီ။ [စူးရှို့က သမားတော်အစစ် မဟုတ်ဘူး မလား]

Systemက အံ့ဩသံ ပြုလိုက်၏။ [ဟင်၊ မမကြီးဟွား နင် ဘယ်လိုလုပ် သိတာလဲ၊ ငါက ဒီအချက်ကို နောက်ပိုင်းမှ ပြောမလို့ လုပ်ထားတာ]

ချူဟွား: [သမားတော်အစစ်က လောကကြီးကို ကယ်တင်တယ်၊ လူနာကို ရင်ထဲမှာ ထားတယ်၊ ကရုဏာစိတ် ရှိတယ်၊ နင် ကြည့်လေ။ ဒီ စူးရှို့က ဘာကောင်လဲ၊ အသက်ကို လုံးဝ မျက်လုံးထဲ မထည့်ဘူး]

ဟုတ်တယ် ဟုတ်တယ်။ လူတိုင်းကလည်း ထိုထက်ပိုပြီး သဘောမတူနိုင်တော့ပေ။ ဘယ်သမားတော်အစစ်က လူ့မျက်လုံးကို တွေ့ကရာ ထုတ်ပစ်မှာလဲ။ မျက်လုံး ဒဏ်ရာရပြီး ပိုးဝင် ပုပ်သွားလို့ မထုတ်ပစ်ရင် လူနာ သေမဲ့ အခြေအနေကလွဲလို့ပေါ့။

System: [နင် အကုန် ခန့်မှန်းမိနေပြီဆိုတော့ ငါ စူးရှို့ရဲ့ ဒီအပိုင်း ဖရဲသီးကို ရှေ့ထုတ်ပြီး ပြောပြလိုက်မယ်]

[သူက အစတုန်းက သမားတော်အိုကြီးဘေးမှာ လိုက်သင်နေတဲ့ တပည့်တစ်ယောက်ပဲ၊ ဆေးပညာ စသင်တာက နင် သိုင်းပညာ စသင်တာနဲ့ တူတူပဲ၊ အခြေခံ အရင်ပိုင်အောင် လုပ်ပြီးမှ ဖြည်းဖြည်းချင်း သွားရတာ၊ တကယ်တော့ ဒီသဘောတရားက ဘာပဲသင်သင် အတူတူပဲ]

[စူးရှို့က လူက ပါးနပ်တယ်၊ ဒါကြောင့်လည်း အစတုန်းက သမားတော်အိုကြီးက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ၊ ဒါပေမဲ့ ကြာလာတော့ သမားတော်အိုကြီးက စူးရှို့မှာ သည်းခံစိတ် မရှိဘူး၊ မျက်လုံးမြင့်ပြီး လက်နိမ့်တယ်ဆိုတာ တွေ့လာရတယ်၊ သူ့ကို ဆေးပင်တွေ မှတ်ခိုင်းရင် တစ်ချက်ကြည့်ပြီး မှတ်မိပြီလို့ ပြောတယ်၊ တစ်နေ့ကုန် သမားတော်အိုကြီးကို ပူဆာပြီး သွေးခုန်နှုန်း စမ်းတာနဲ့ အပ်စိုက်ကုတာတွေ သင်ပေးဖို့ပဲ ပြောနေတာ]

[စူးရှို့ရဲ့ ဒီလို သင်ယူမှု စိတ်ဓာတ်နဲ့ ဆေးပင်တောင် အကုန် မမှတ်မိဘဲ ရောဂါ ကုချင်နေတာ၊ သမားတော်အိုကြီးက သွေးခုန်နှုန်း စမ်းတာနဲ့ အပ်စိုက်တာ ဘယ်လိုလုပ်ပြီး သင်ပေးရဲမှာလဲ၊ သူက ကလေး အသက်ငယ်သေးလို့ မတည်ငြိမ်သေးတာ နေမှာပါ၊ ဖြည်းဖြည်းချင်း သင်ပေးရင် ကောင်းသွားမှာပါလို့ တွေးခဲ့တာ]

[သမားတော်အိုကြီးက လုံးဝ မသင်ပေးတော့ စူးရှို့က သင်ရတာ စိတ်ပျက်လာတယ်၊ အဘိုးကြီးကို ပြုစုရခက်တယ်ဆိုပြီး အပြစ်တင်တယ်၊ သမားတော်အိုကြီးရဲ့ မှတ်စုကို ခိုးပြီး ထွက်ပြေးသွားရော]

အားလုံး: "..."

ပြောရမယ်ဆိုရင် ဒီ စူးရှို့က သမားတော် တပည့်တောင် မဟုတ်ဘဲ သမားတော် ခေါင်းစဉ်တပ်ပြီး ဆေးကု လိမ်လည်နေတာပေါ့၊ ကျွတ်... ဒီကောင် သတ္တိ တော်တော် ကောင်းတာပဲ။

လူတိုင်းသည် စူးရှို့ ကုသပေးဖူးသော လူနာများအတွက် ရင်တမမ ဖြစ်သွားကြလေသည်။ ကံကောင်းလို့ အသက်ကြီးတာပဲ။

ချူဟွားက အဓိကအချက်ကို ဖမ်းမိလိုက်၏။ [သမားတော်အိုကြီးရဲ့ မှတ်စု ဟုတ်လား]

System: [သမားတော်အိုကြီးက တသက်လုံး လူနာကုပြီး အသက်ကယ်လာတာ၊ သူ့ဘဝတလျှောက် ကုသခဲ့တဲ့ အတွေ့အကြုံတွေကို ချရေးထားတယ်၊ သူ ကုသဖို့ ခက်ခဲတဲ့ ရောဂါဆန်းတွေကိုလည်း မှတ်သားထားတယ်၊ သူက ကွယ်လွန်ပြီးတဲ့အခါ မှတ်စုကို တပည့်တွေဆီ ထားခဲ့ဖို့ ပြင်ဆင်ထားတာ၊ ပြီးတော့ တပည့်တွေကို ဘယ်အချိန်မဆို ရောဂါဆန်းတွေကို ဖြေရှင်းနိုင်ရင် သူ့ဆီ မီးရှို့ပို့ပေးဖို့၊ ဒါမှ သူ မြေအောက်မှာ စိတ်အေးရအောင်လို့ မှာထားတာ]

[သမားတော်အိုကြီးက အသက်ကြီးလာပြီဆိုတော့ တနေ့နေ့ မျက်လုံးမှိတ်ပြီး ပြန်မနိုးလာမှာ စိုးရိမ်တာနဲ့ မှတ်စုအကြောင်း တပည့်တွေကို ပြောပြခဲ့တာ၊ မှတ်စု ရေးလို့ ပြီးခါနီးမှာ မသမာတဲ့စိတ်ရှိတဲ့ စူးရှို့ ခိုးသွားမယ်လို့ ဘယ်သူ ထင်မှာလဲ]

[မှတ်စုနဲ့အတူ ဆေးကုသမှု မှတ်တမ်းလည်း အခိုးခံလိုက်ရတယ်၊ အဲဒါက လူနာမှတ်တမ်းနဲ့ နေ့စဉ်မှတ်တမ်း ပေါင်းစပ်ထားတာ၊ ဘယ်နှစ် ဘယ်လ ဘယ်ရက်မှာ ဘယ်သူက ဘာရောဂါလက္ခဏာ ရှိတယ်၊ ဘာသွေးခုန်နှုန်း ရှိတယ်၊ ဘာဆေး ပေးလိုက်တယ် ဆိုတာ ရေးထားတာ]

[သမားတော်အိုကြီးရဲ့ မှတ်စုနဲ့ ဆေးကုသမှု မှတ်တမ်းကို အားကိုးပြီး စူးရှို့က တောက်လျှောက် လှည့်စားလာနိုင်ခဲ့တာ၊ သူ့ရဲ့ သမားတော်အတု ဆိုတဲ့ အဖြစ်မှန်ကို ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့ကြဘူး]

သမားတော်အတုက သမားတော်အစစ်ရဲ့ မှတ်စုကို ကိုင်ပြီး လူအများကြီးကို ကယ်တင်ခဲ့သလို လူအများကြီးကိုလည်း ဒုက္ခပေးခဲ့တယ်၊ ကုသိုလ်နဲ့ အကုသိုလ် ယှဉ်တွဲနေတာပဲ။

ချူဟွားက ဘာပြောရမှန်း မသိတော့ဘဲ သက်ပြင်းချလိုက်တော့၏။ [သမားတော်အိုကြီး သိရင် ဒေါသထွက်ပြီး သေမှာပဲ]

System၏ လေသံသည် နိမ့်ကျသွားသည်။ [ဟုတ်တယ်၊ သမားတော်အိုကြီးက သိလိုက်ရတဲ့အခါ ဒေါသထွက်ပြီး စိတ်ဆိုးခဲ့တယ်၊ တစ်နေ့ကုန် ကိုယ်တိုင် လူကဲမခတ်တတ်တာကို နောင်တရနေခဲ့တယ်၊ စူးရှို့ကို စောစောစီးစီး အိမ်ကနေ မောင်းမထုတ်မိတာကိုလေ၊ စိတ်ဓာတ်ကျပြီး မကြာခင်မှာပဲ ဆုံးပါးသွားတယ်]

ချူဟွား: "..."

သူမက ဒေါသထွက်ပြီး သေမယ်လို့ ပြောတာက ဥပမာ ပေးရုံ၊ တင်စားရုံ သက်သက်ပါ။ သမားတော်အိုကြီး တကယ် ဒေါသထွက်ပြီး သေသွားမယ်လို့ မထင်ထားခဲ့ဘူး။

Systemက ပြင်ပအကြောင်းအရာ ပြောပြီးနောက် ရှေ့ပိုင်း အကြောင်းအရာကို ဆက်ပြောလေသည်။

[ရွှီစန်းက ရွှီထောင်ဘေးမှာ အမြဲကပ်ပြီး ပြုစုနေရတော့ စူးရှို့က စမ်းသပ်မှု လုပ်ဖို့ အလုပ်ရှုပ်နေတာနဲ့ လူရွေးဖို့ မအားဘူး၊ ဒါနဲ့ ရပ်ကွက်လူမိုက် ဝမ်လင်ကို ငွေအများကြီး ပေးပြီး သူ ခွဲစိတ်မှု လုပ်ဖို့ လူနည်းနည်း လိုတယ်လို့ ပြောခိုင်းလိုက်တယ်]

[ဝမ်လင်ရဲ့ ဘဝမှာ တခြား ဝါသနာ မရှိဘူး၊ လောင်းကစားပဲ ကြိုက်တာ၊ ငွေရတော့ ပျော်မဆုံး ဖြစ်နေတာ၊ ဘယ်လိုလုပ်ပြီး အများကြီး ဂရုစိုက်နေမှာလဲ၊ မြို့ထဲနဲ့ မြို့ပြင်မှာ သူတောင်းစားတွေ အများကြီး ရှိတာပဲ၊ ပေါက်စီ နည်းနည်း ပေးလိုက်ရင် လူအများကြီး လိမ်ခေါ်လို့ ရနေတာ၊ ဘာလို့ အားစိုက်ထုတ်နေဖို့ လိုမှာလဲ]

[စူးရှို့က လူကို မြင်တာနဲ့ မဟုတ်မှန်း သိလိုက်တယ်၊ ဒါပေမဲ့ သူက စမ်းသပ်ဖို့ လူလိုနေတာနဲ့ တန်းလက်ခံလိုက်တယ်၊ မျက်လုံး ထုတ်ပြီး သေသွားတဲ့ လူကို ဝမ်လင်ဆီ ပေးပြီး သုသာန်မှာ သွားမြှုပ်ခိုင်းလိုက်တယ်]

သုသာန်နှင့် လမ်းကြားဆိုသည်မှာ ကွာခြားချက် ကြီးမားလှသည်။ ပထမတစ်ခုက ဖုံးကွယ်ထားသေးသည်။ ဒုတိယတစ်ခုကတော့ လူတိုင်း တွေ့စေချင်သည့်ပုံစံပင်။ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ချူဟွားသည် လောင်းကစားသမား ဝမ်လင်က ဘာကိုများ ကြုံတွေ့ခဲ့ရသဖြင့် စိတ်နေသဘောထား ဒီလောက် ပြောင်းလဲသွားပြီး အလောင်းကို လမ်းကြားထဲ ပစ်ထားရဲသည်အထိ သတ္တိရှိသွားရသည့် အကြောင်းကို စဉ်းစားမရပေ။ အရမ်း ထူးဆန်းနေသည်။

System: [စူးရှို့ရဲ့ စမ်းသပ်မှုက တောက်လျှောက် ကျရှုံးနေတယ်၊ သူက သူတောင်းစားတွေ စားမဝင် အိပ်မပျော်ပြီး ကျန်းမာရေး မကောင်းလို့ ဖြစ်မယ်လို့ သံသယဝင်ပြီး ဝမ်လင်ကို တခြားလူတွေ ခေါ်လာခိုင်းတယ်၊ ဝမ်လင်က အကြွေးတွေ ပတ်လည်ဝိုင်းနေတော့ စူးရှို့က မျက်လုံးထုတ်ပြီး လူသတ်နေတာ၊ ပြီးတော့ လူအများကြီး သတ်ပြီးနေပြီဆိုတာ သိသိရက်နဲ့ သူ့ကို ကူညီရုံပဲ ရှိတော့တာပေါ့]

[ဒါကြောင့် လမ်းကြားထဲက တစ်ကောင်ကြွက်တွေ၊ ညဉ့်နက်တဲ့အထိ အိမ်မပြန်တဲ့သူတွေက ဝမ်လင်ရဲ့ ပစ်မှတ် ဖြစ်လာပြီး ဒီလူသတ်မှုတွဲရဲ့ နစ်နာသူတွေ ဖြစ်လာကြတော့တာပဲ]

ချူဟွား: [ဝမ်လင်က လူတွေကို သုသာန်မှာ သွားမြှုပ်တာ မဟုတ်ဘူးလား]

အလောင်းတွေ များလွန်းလို့ ကိုင်တွယ်ရတာ စိတ်ပျက်ပြီး ဖြစ်သလို ပစ်လိုက်တာတော့ မဖြစ်နိုင်ဘူးမလား။ အဲဒါဆိုလည်း ခေါင်းဖြတ်စရာ မလိုဘူးလေ။ ဒါကြောင့် ဒီကိစ္စရဲ့ နောက်ကွယ်မှာ လှည့်ကွက် ရှိဦးမယ်။

System: [ဟုတ်တယ်၊ ဝမ်လင်က တစ်လလောက် လုပ်ပြီးတဲ့အခါ နေ့တိုင်း တွင်းတူး အလောင်းမြှုပ်ရတဲ့ အလုပ်ကို တကယ် စိတ်ပျက်လာပြီး အဲဒီအလုပ်လုပ်ဖို့ အ,နေတဲ့လူတစ်ယောက်ကို ငွေပေးပြီး ရှာလိုက်တယ်၊ အ,နေတဲ့ ရန်စစ်က ရုပ်ဆိုးပြီး စကားမပြောတတ်တော့ တခြားအလုပ် ရှာမရဘဲ အမြဲ ဗိုက်ဆာနေတာ၊ ဒါနဲ့ တွင်းတူး အလောင်းမြှုပ်တဲ့ အလုပ်ကို လက်ခံလိုက်တာ]

[ရန်စစ်က လဝက်လောက် လုပ်ပြီးတဲ့အခါ တနေ့မှာ မြှုပ်ရမဲ့ အလောင်းတွေထဲက မိန်းကလေးတစ်ယောက်ကို တွေ့လိုက်တယ်၊ အဲဒါက ရန်စစ် ငတ်သေခါနီးတုန်းက သူ့ကို ပေါက်စီတစ်လုံး ပေးဖူးတဲ့ ကျေးဇူးရှင်ပဲ၊ ရန်စစ်က အပြင်းအထန် ငိုကြွေးတော့တာပဲ၊ သူက ကျေးဇူးရှင် နာမည် ဘယ်သူလဲ မသိသလို ကျေးဇူးရှင်အတွက် ဘယ်လို လက်စားချေရမလဲ ဆိုတာလည်း မသိဘူး]

[ရန်စစ်က ကျေးဇူးရှင်ရဲ့ လက်ဝတ်ရတနာတွေကို ယူပြီး ရုံးတော်ကို အမှုသွားတိုင်တယ်၊ လမ်းမှာ ဝမ်လင်နဲ့ တွေ့ပြီး အဖမ်းခံရတော့မလို ဖြစ်သွားတယ်၊ နောက်ပိုင်းမှာ ရန်စစ်က အလောင်းရဲ့ ခေါင်းကို ဖြတ်ပြီး လူခြေတိတ်တဲ့ ညဉ့်နက်အချိန်ကို အခွင့်ကောင်းယူ၊ ခေါင်းပြတ်အလောင်းကို လမ်းကြားထဲ ပစ်ထားလိုက်တယ်]

[သူက စကားမပြောတတ်ဘူး၊ ဒါကြောင့် အတိအကျ ဘာလို့ ဒီလိုလုပ်တာလဲ၊ ဘယ်လို တွေးတာလဲ ဆိုတာ ငါ မသိဘူး]

ချူဟွားသည် ဇာတ်လမ်း သဘောသဘာဝအတိုင်း ခန့်မှန်းကြည့်လိုက်သည်။ [ရန်စစ်က ကျေးဇူးရှင်အတွက် လက်စားချေချင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခမရောက်စေချင်တာ ဖြစ်နိုင်တယ်၊ ဒါကြောင့် အလောင်းက သူ ပိုက်ဆံယူပြီး မြှုပ်မဲ့ အလောင်းတွေ ဖြစ်နေတာကို မပေါ်စေချင်ဘဲ ခေါင်းဖြတ်၊ အဝတ်ချွတ်ပြီး တချို့ သဲလွန်စတွေကို ဖျောက်ဖျက်ပစ်ရုံပဲ ရှိတော့တာ၊ မြို့တော် လမ်းကြားထဲမှာ ခေါင်းပြတ်အလောင်း တွေ့ရင် ရုံးတော်က သေချာပေါက် စုံစမ်းစစ်ဆေးမှု စလုပ်မှာပဲ]

[ရန်စစ်က သဲလွန်စတွေ အများကြီး ဖုံးကွယ်လိုက်တော့ ရုံးတော်က အမှုစစ်ရတာ အဆင်မပြေဖြစ်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါကြောင့် ထပ်ခါထပ်ခါ အလောင်းတွေ စွန့်ပစ်ရုံပဲ ရှိတော့တာ၊ ဒါပေမဲ့ သူ မထင်ထားတာက စွန့်ပစ်လိုက်တဲ့ အလောင်းတွေ များလေလေ ရုံးတော်ရဲ့ အလုပ်တာဝန်က ပိုကြီးလေလေ ဖြစ်ပြီး သဲလွန်စ ရှာမတွေ့လေလေ ဖြစ်နေတာပဲ]

အားလုံးက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ ဒီလိုပဲ ဖြစ်လောက်တယ်။ ရန်စစ်ကသာ အလောင်းကို တန်းပစ်လိုက်ရင် ဒါမှမဟုတ် ရုံးတော်ကို ပို့လိုက်ရင် မျက်လုံး ထုတ်ထားတဲ့ လက္ခဏာက အရမ်း ထင်ရှားနေတော့ ရွှီစန်းနဲ့ စူးရှို့က မကြာခင် ကြားသွားမှာပဲ၊ အဲဒီအချိန်ကျရင် ဝမ်လင်က ရန်စစ်ကို ပထမဆုံး နှုတ်ပိတ် သတ်ပစ်မှာပဲ။

ချူဟွားကတော့ ပြင်းပြင်းထန်ထန် စဉ်းစားနေဆဲပင်။ [သူတောင်းစား ပျောက်ဆုံးတာက ရုံးတော်ရဲ့ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ရင်တောင် မြို့တော်က ပြည်သူတွေ အများကြီး ပျောက်ဆုံးတာကို ဘာလို့ ဘယ်သူမှ မတွေ့ကြတာလဲ။ ပြီးတော့ စွန့်ပစ်ထားတဲ့ အလောင်းတွေနဲ့လည်း ဘာလို့ မကိုက်ညီရတာလဲ]

မီးရှို့သတ်တာ၊ ရေနစ်သတ်တာ၊ ပုပ်ပွတာတွေက သေဆုံးသူရဲ့ ရုပ်ရည်ကို မှတ်မိဖို့ မလွယ်ကူစေဘူးလေ။ ဒါကြောင့် မျက်နှာနဲ့ ခေါင်းကနေတဆင့် သေဆုံးသူ ဘယ်သူလဲ ဆိုတာ ခွဲခြားတာက ပိုမြန်တယ်။ ဒါပေမဲ့ ဒါက ခွဲခြားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ဘူး။

သေဆုံးသူရဲ့ ကိုယ်ပေါ်က အဝတ်အစား၊ လက်ဝတ်ရတနာတွေ ယူဆောင်ခံလိုက်ရရင်တောင် အတွင်းခံ အဝတ်အစားတွေ၊ ကိုယ်ပေါ်က မှဲ့တွေ၊ ပြုတ်ကျပြီး အရိုးကျိုးဖူးတာ ရှိမရှိ ဆိုတာတွေကလည်း သေဆုံးသူ ဘယ်သူလဲ ဆိုတာ ခွဲခြားနိုင်တဲ့ နည်းလမ်းတွေပဲ။ ရုံးတော်က ဘယ်လိုလုပ်ပြီး ဘာသဲလွန်စမှ ရှာမတွေ့ဘဲ နေနိုင်မှာလဲ။

…

All Chapters