← Chapters

အခန်း ၁၀၀

Vol. 7 Ch. 100

အခန်း ၁၀၀

Vol. 7 Ch. 100

အပိုင်း (၁၀၀)

Systemက ချူဟွားကို အကြံပေးလိုက်၏။ [ဘယ်လိုလူမျိုး ပျောက်ဆုံးသွားရင် အာရုံစိုက်ခံရတာ အနည်းဆုံး ဖြစ်မလဲ]

ချူဟွားက ခဏတာ စဉ်းစားပြီးနောက် အတွေးပေါင်းများစွာ ထွက်လာလေသည်။ [တစ်ကိုယ်တည်း နေတဲ့သူ၊ လူသူမနီးတဲ့နေရာမှာ နေတဲ့သူ၊ ဆွေမျိုးသားချင်းမရှိတဲ့သူ၊ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးမကောင်းတဲ့သူ၊ စိတ်ဓာတ်နဲ့ အပြုအမူ ဆိုးတဲ့သူ၊ ပျောက်ဆုံးသွားရင် ဒါမှမဟုတ် သေဆုံးသွားရင်တောင် လူတွေက ပိုပြီး ပျော်ရွှင်ကြတဲ့သူပေါ့]

[ဒါပေမဲ့ ဝမ်လင်က တစ်ယောက်တည်း ထွက်သွားတဲ့သူတွေနဲ့ ညဘက် နောက်ကျမှ ပြန်လာတဲ့သူတွေကို ပစ်မှတ်ထားတယ်လို့ နင် ပြောထားတာ မဟုတ်လား။ ဒါက ကျပန်းဖြစ်ရမှာ မဟုတ်ဘူးလား]

System: [ဝမ်လင်က လောင်းကစားသမားပဲ။ လောင်းကစားငွေအတွက် အန္တရာယ်ကို ရင်ဆိုင်ရဲပေမဲ့ ဖြစ်နိုင်ရင်တော့ သူ ကိုယ့်ဟာကိုယ် ရုန်းထွက်နိုင်အောင် ကြိုးစားနေရမှာပဲ။ ဒါကြောင့် သူက လူတွေကို ကြိုတင် ရွေးချယ်ပြီးပြီ၊ ပြီးတော့ အဲ့ဒီလူတွေ တစ်ယောက်တည်း ပြန်လာတဲ့အချိန်၊ ဒါမှမဟုတ် နောက်ကျမှ ပြန်လာတာကို ဘယ်သူမှ မမြင်ရတဲ့ အချိန်ကို စောင့်ပြီးမှ လက်စဖျောက်တာပဲ]

ချူဟွား: “…”

သူမသည် system က ယခင်က ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ လမ်းညွှန်ခဲ့သည်ဟု သံသယရှိပြီး သက်သေလည်း ရှိလေသည်။

သို့သော် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စများမှာ အရေးမကြီးသောကြောင့် လိုက်လံ စုံစမ်းရန် မလိုတော့ပေ။ [ဒီလိုဆိုရင် ဒီတစ်ကြိမ် ကွင်းဆက်လူသတ်မှုမှာ ရာဇဝတ်သားက တစ်ယောက် နှစ်ယောက်ထက် မကပါလား]

[ဝမ်လင်က မျက်လုံးတွေ ထုတ်ယူပြီး စမ်းသပ်တာ၊ လူအများအပြားကို သေဆုံးစေတာ၊ ဝမ်လင်က ပြည်သူတွေကို လိမ်လည်လှည့်ဖြားတာ၊ တွင်းတူးပြီး အလောင်းတွေ မြှုပ်နှံတာ၊ ရာဇဝတ်မှု သက်သေတွေကို ဖျောက်ဖျက်တာ၊ ရန်စစ်က တွင်းတူးပြီး အလောင်းတွေ မြှုပ်နှံတာ၊ သေဆုံးသူရဲ့ ခေါင်းကို ဖြတ်ပြီး လမ်းပေါ် ပစ်ချတာ၊ ထိတ်လန့်မှု ဖြစ်စေတာ၊ ဒီလူသုံးယောက်ရဲ့ ရာဇဝတ်မှု အချက်အလက်တွေက ငြင်းစရာ မရှိပါဘူး]

[ရွှီစန်းက… သူ ရွှီထောင်ကို မျက်လုံးလဲပေးချင်လို့ မဟုတ်ရင် နောက်ဆက်တွဲ ကွင်းဆက်လူသတ်မှုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဒီအဖြစ်အပျက်မှာ အကြောင်းအကျိုးရဲ့ အကြောင်းရင်း တစ်ခုအနေနဲ့သာ ပါဝင်ခဲ့တာ၊ သူ လူမသတ်ခဲ့ဘူး၊ သာ့ရှန်းရဲ့ ဥပဒေအရ သူ့ကို အပြစ်ပေးလို့ မရဘူး]

ဝမ်လင်ကလည်း အလားတူပင်။ သူက သမားတော်ကြီးရဲ့ မှတ်စုစာအုပ်နဲ့ ဆေးမှတ်တမ်းတွေကို ခိုးယူသွားခဲ့ပြီး သမားတော်ကြီးကို ဒေါသထွက်ပြီး သေဆုံးစေခဲ့တာ။ ဒါပေမဲ့ သက်သေမရှိဘူး။ အများဆုံးတော့ ကိုယ်ကျင့်တရားအရသာ အပြစ်တင်နိုင်ပေလိမ့်မည်။

system ရဲ့ ဖရဲသီးကို နန်းစောင့်တပ်နဲ့ ငြိမ်ဝပ်ပိပြားရေးရုံးက လူတွေ ဖမ်းဆီးဖို့ အခြေခံအဖြစ် အသုံးပြုလို့မရဘူး။ လုံလောက်တဲ့ လူ သက်သေနဲ့ ပစ္စည်း သက်သေမရှိရင် လူတွေကို ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါ တရားရုံးမှာ ငြင်းဆန်ခံရပြီး ဥပဒေအရ အရေးယူလို့ရမှာ မဟုတ်ဘူး။

လူတိုင်းက သည်ကိစ္စအတွက် စိတ်မကောင်းဖြစ်ကြပေမဲ့ ဘာမှ မတတ်နိုင်ကြပေ။

ပြောရရင် ရွှီစန်းက ရွှီထောင်ကို အလင်းပြန်ပေးချင်ရုံသက်သက်ပဲ။ ဒါက အစောင့်တစ်ဦးရဲ့ သစ္စာရှိမှုပဲ။ ဒါပေမဲ့ ဒီကွင်းဆက်လူသတ်မှုရဲ့ အစက ရွှီစန်းဆီကနေ စခဲ့တာ။

လေးလကျော်အတွင်းမှာ သေဆုံးခဲ့ရတဲ့သူတွေ၊ ရန်စစ် ပစ်ချသွားတဲ့ ခေါင်းပြတ် အလောင်းနဲ့ မြှုပ်နှံခံရတဲ့ သူတောင်းစားတွေ အပါအဝင် အနည်းဆုံး ဒါဇင်နဲ့ချီတဲ့ လူတွေ ရှိခဲ့တယ်။ ရာဇဝတ်မှုက အရမ်းကို ဆိုးရွားပြီး စိတ်ခံစားမှုအရ ခွင့်လွှတ်ဖို့ တကယ်ကို ခက်ခဲတယ်။

ပဉ္စမမင်းသားသည် ကိတ်မုန့်ကို ဒေါသတကြီး နှစ်ကိုက် ကိုက်လိုက်၏။ သူသည် အခွင့်အရေးရလျှင် တရားရေးဝန်ကြီး သို့မဟုတ် မြို့တော်ဝန်ကို မေးမြန်းရမည်။ လောကကြီးမှာ မတော်တဆ ရာဇဝတ်မှု ကျူးလွန်သူတွေ ဒါမှမဟုတ် ကောက်ကျစ်တဲ့ ရာဇဝတ်သားတွေသာ ရှိနေရင် ပြည်သူတွေ သနားစရာ ကောင်းပြီး သာ့ရှန်းလည်း ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး။

လူတိုင်း အကြောင်းအကျိုး လက်တွေ့တွေ့ကျဖြင့် စိတ်ခံစားမှုအကြား တိုင်ပတ်နေကြချိန်တွင် ချူဟွားက ရုတ်တရက် မေးလိုက်၏။ [ရွှီစန်းမှာ တခြား ကိစ္စတွေ ရှိသေးလား]

system: [ဟင်]

လူတိုင်းက မော့ကြည့်လိုက်ကြပြီး: “ဟမ်”

ချူဟွား: [သူ့မှာ တခြား ရာဇဝတ်မှု အချက်အလက်တွေ ရှိရင် သင့်တော်တဲ့ အကြောင်းပြချက်နဲ့ သူ့ကို ဖမ်းဆီးပြီး ဥပဒေရဲ့ စစ်ဆေးမှုကို ခံယူခိုင်းလို့ရတယ်]

မျက်ကွယ်ဆိုတာ ဘာခေါ်လဲ။ တခြားအကြောင်းအရာကနေ စပြီး ကြည့်လိုက်ရင် အရင်အရာကို မြင်နေရတော့ တခြားအရာကို မမြင်တော့ဘူး။ ဒါပဲလေ။

မဖြစ်နိုင်တဲ့ ရာဇဝတ်မှု စွဲချက်နဲ့ ရွှီစန်းကို အပြစ်ပေးဖို့ မလိုဘူးလေ။

လူတော်တော်များများ၏ စိတ်ထဲတွင် ချက်ချင်း လှုပ်ရှားသွားကြသည်။ မှန်တယ်။ လူတွေကို အဲဒီလောက် ခေါင်းမာစရာ မလိုဘူး။ နည်းနည်းလေး လိုက်လျောညီထွေ လုပ်ရုံမဟုတ်လား။

system သည် ချက်ချင်း အားတက်သရော ဖြစ်လာခဲ့သည်။ [ခဏစောင့်၊ ငါ ချက်ချင်း ကြည့်လိုက်မယ်]

သည်အတောအတွင်း ချူဟွားသည် အိမ်သာသို့ ခေတ္တ သွားရောက်ခဲ့သည်။ ဖရဲသီး စားရမည်။ ကိုယ်ခန္ဓာ လိုအပ်ချက်များကိုလည်း ဖြေရှင်းရမည်။ ဤညတွင် ဖရဲသီးများ မည်မျှ ထပ်ရှိဦးမည်ကို မသိသေး။ ထို့ကြောင့် သူတို့ မထွက်ဘဲ မနေနိုင်ကြချေ။

သူမ လှုပ်ရှားသည်နှင့် တပြိုင်နက် အခြားသူများသည်လည်း အစာစားခြင်း၊ သောက်ခြင်းနှင့် အိမ်သာတက်ခြင်းများ ပြုလုပ်ကြသည်။ ညဘက် ဖရဲသီးတွေ ဘယ်လောက်ရှိဦးမလဲ မသိဘူး၊ သူတို့က ဝင်တာပဲရှိပြီး ထွက်တာမရှိရင် ခံနိုင်မှာ မဟုတ်ဘူးလေ။

system ရှာဖွေပြီး ပြန်လာသောအခါ ခြံဝင်းထဲက လူတွေ အသွားအပြန် ရှုပ်ယှက်ခတ်နေသည်ကို မြင်လိုက်ရ၏။ တန်းမစီချင်သဖြင့် ဘေးနားက ပဉ္စမမင်းသား၏ ခြံဝင်းထဲတွင် အိမ်သာ သွားတက်သူတွေလည်း ရှိသည်။

အနည်းငယ် ဝေးရာတွင် ချူဖျင်နှင့် နန်းစောင့်တပ်တို့လည်း သည်နည်းအတိုင်း အလုပ်ရှုပ်နေကြ၏။

system: [… ]

ဖရဲသီး စားဖို့အတွက် သူတို့ တကယ်ကို စိတ်အားထက်သန်ကြတာပဲ။ systemသည် သူတို့၏ စိတ်ဓာတ်ကို လေးစားမိပြီး ကိုယ့်ကိုယ်ကို အားမရ ဖြစ်မိလေသည်။

ဒီလို အခြေအနေမှာတော့ သူက လွယ်လွယ်ကူကူ စတင်ဖို့ ခက်ခဲလှသည်။ သူ ကြိုးစားခဲ့သမျှကို အချည်းနှီး မဖြစ်စေလိုပေ။

system သည် သီးသန့်စကားပြော မုဒ်သို့ ပြောင်းလိုက်သည်။ [မမကြီးဟွား၊ နင်တို့ လူသားတွေက ဖရဲသီး စားရတာကို တကယ်ကို နှစ်သက်ကြတာပဲနော်]

ချူဟွား: ?

နင်က ဒါကို ပြောတော့ ငါ လက်မခံနိုင်ဘူး။

[နင်က ဖရဲသီးစနစ်လို့ အမည်ပေးထားတာပဲ။ ဖရဲသီးစားရတာကို အနှစ်သက်ဆုံးက နင်ပဲ မဟုတ်လား]

system: [……]

ချူဟွားက ဒုတိယအကြိမ် ပြန်ပြောလိုက်သည်။ [ငါတို့ ဖရဲသီးစားရတာကို မကြိုက်ဘူး၊ ဖရဲသီးလည်း မထုတ်လုပ်ဘူးဆိုရင် နင့်ရဲ့ ဖရဲသီးတွေ ဘယ်က လာမလဲ။ သာ့ရှန်းကို ရောက်တာနဲ့ ချက်ချင်း ပိတ်သွားရမှာပဲ]

system: [!!!]

သူသည် ချူဟွားဘေးတွင် ဖရဲသီး စားရင်း စာမေးပွဲ မေးခွန်းတွေ ဖြေရင်း လူတွေကို အကွက်ချ စဉ်းစားရင်း နေရသည်ကို သဘောကျလှသည်။ ဖရဲသီးစွမ်းအင် မလုံလောက်လို့ ပိတ်သွားပြီး အိပ်ပျော်နေရတာကိုတော့ မလိုချင်ပါဘူး။ အဲဒါဆို ပျော်စရာတွေ ဘယ်လောက် လျော့နည်းသွားမလဲ။

system သည် နောက်တစ်လှမ်း ဆုတ်ပေးလိုက်၏။ [ဟုတ်ပါတယ်လေ။ ငါက ဖရဲသီးတွေကို သယ်ယူပို့ဆောင်ပေးတဲ့သူ တစ်ယောက်ပါပဲ။ ဒီလောက် စိတ်အားထက်သန်စွာနဲ့ ဖရဲသီး ထုတ်လုပ်ပေးကြတဲ့ လူသားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့က ငါ့ရဲ့ အားလပ်ချိန် ဘဝထဲကို ပျော်ရွှင်မှု အများကြီး ယူဆောင်လာပေးတယ်]

ဒီကောင်လေး၏ရုန်းကန်မှုက တော်တော်လေး အားကောင်းလှသည်။

ချူဟွားသည် တိတ်တဆိတ် ရယ်မောလိုက်ပြီး အချိန်လည်း သင့်တော်ပြီဟု ယူဆကာ ပြောလိုက်၏။

[စလိုက်ပါတော့]

Systemကလည်း ချက်ချင်း အဖွဲ့လိုက် စကားပြော မုဒ်သို့ ပြောင်းလိုက်သည်။ [မမကြီးဟွား၊ ငါ ပြန်လာပြီနော်]

လူတိုင်းသည် သူတို့၏ အဝတ်အစားများကို နေရာတကျ ပြုပြင်လိုက်ကြပြီး လက်ဖက်ရည်ခွက်များကို ကိုင်ဆောင်လိုက်ကြသည်။ သူတို့၏ အသွင်အပြင်မှာ အပန်းဖြေနေသည့် ပုံစံမျိုးပင်။ သူတို့သည် လှပသော အဝတ်အစားများအောက်တွင် ဖုံးကွယ်ထားသော သူတို့၏ စစ်မှန်သော အထောက်အထားကို မမြင်ရအောင် ဖုံးကွယ်ထားသည်။ သူတို့သည် ဖရဲသီးခင်းမှ တိရစ္ဆာန်လေးများ ဖြစ်ကြသည်ပင်။

ချူဟွား: [ဖရဲသီး ရှိတယ် ထင်တာပဲ]

system: [ဟုတ်တယ်။ နင် လုံးဝ တွေးလို့မရနိုင်တဲ့ ဖရဲသီးကြီးပဲ]

[အစတုန်းက မျက်လုံးလဲဖို့ စိတ်ကူးကို ရွှီစန်းက ရုတ်တရက် ပေါ်လာတယ်လို့ ငါ ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ systemက တခြားသူတွေရဲ့ အတွေးတွေကို မစုံစမ်းနိုင်ဘူးလေ။ အရင် ဖရဲသီးထဲမှာတော့ အကြောင်းအရာကို ဆက်စပ်ပြီး ပြောခဲ့တာ။ ဒါပေမဲ့ ရွှီစန်းကို တကယ် စုံစမ်းကြည့်လိုက်တော့ သူက တကယ်တော့ နန်မန်က လာတာကိုး]

လူတိုင်း: ???

လူတိုင်း: !!!

ဒါကို ဘာခေါ်လဲ။ သရဲကလေးတစ်ကောင်ကို ဖမ်းလိုက်တယ် ထင်ခဲ့တာ၊ နောက်ကွယ်မှာ တွယ်ကပ်နေတဲ့ သရဲဘုရင်ကြီးကို ကြိုးတစ်ချောင်းတည်းနဲ့ ဆွဲထုတ်နိုင်လိုက်တာပေါ့။

system ကဒေါသတကြီး အပြစ်တင်လိုက်၏။ [အောင်မလေး၊ ပင်မ systemက တကယ်ကို လိမ်လည်လှည့်ဖြားတာပဲ။ ဖရဲသီးကို ၂ ပိုင်း ပိုင်းပြီး ၂ ခါ ရောင်းချင်တာ။ အကုန် ရောထည့်လိုက်ရင် ငါ ဘယ်လိုလုပ် မှားပြီး နားလည်နိုင်မှာလဲ။ ဒီလိမ်လည်သူက ငါ့ရဲ့ ဖရဲသီးစွမ်းအင်တွေကို ဘယ်လိုနည်းနဲ့မဆို ဖြတ်တောက်ဖို့ စဉ်းစားနေတာ]

လူတိုင်းသည် အနည်းငယ် ရှက်ရွံ့သွားကြသည်။ system၏ ဖရဲသီးစွမ်းအင်များက ဒီလောက် မြန်မြန်ကုန်သွားရသည့် အကြောင်းအရင်းကို သူတို့က အရမ်း ကောင်းကောင်းသိသည်။ ဖရဲသီးကို တစ်ယောက်တည်းနဲ့ အဖွဲ့လိုက် မျှဝေတဲ့အခါ ဖရဲသီးစွမ်းအင် ကုန်ကျမှုနှုန်း မတူဘူးလေ။

ပင်မsystem က သူတို့အတွက် ဆိတ်ကွယ်ရာကနေ အပြစ်ခံပေးလိုက်တာကိုး။

System၏ဒေါသက မြန်မြန်လာပြီး မြန်မြန် ပျောက်သွားလေသည်။ အကြောင်းအရင်းမှာ ပင်မsystem က ဘယ်လောက်ပဲ လိမ်လည်လှည့်ဖြားပါစေ၊ သူ ဘာမှ လုပ်လို့မရနိုင်သောကြောင့်ပင်။ အလွန်ဆုံး နည်းနည်းလေး စကားများပြီး စိတ်ထွက်ပေါက် ရှာလိုက်ရုံပင်။

[ရွှီစန်းက ဘာလို့ မျက်လုံးလဲဖို့ စဉ်းစားရတာလဲ။ အကြောင်းအရင်းက နန်မန်ဘက်မှာ စုန်းသမားတော်တစ်ယောက်က လူတွေကို မျက်လုံးလဲပေးခဲ့ဖူးပြီး အောင်မြင်ခဲ့လို့ပဲ]

ချူဟွားလည်း အံ့အားသင့်သွားပြီး တုန်တုန်ယင်ယင်ဖြစ်ကာ မေးလိုက်လေသည်။ [ဒါ၊ ဒါက အဆင်ပြေလား]

အံ့အားသင့်လွန်းလို့ အသံတောင် ကွဲသွားတော့မတတ်ပဲ။

အကယ်၍ သူမသည် ချက်ချင်း လျှာကို မကိုက်ထားလျှင် “ဒီစုန်းသမားတော်က ခေတ်သစ်က ဆရာဝန်တစ်ယောက်က ဆေးရုံတစ်ခုလုံး ဒါမှမဟုတ် ဘယ်လို ရွှေလက်ချောင်းမျိုးနဲ့ပဲဖြစ်ဖြစ် ကူးပြောင်းလာတာများလား” ဟူသော စကားလုံးများ ပါးစပ်မှ ထွက်ကျသွားတော့မှာဖြစ်သည်။

ရှေးခေတ်မှာ မျက်လုံးလဲတဲ့ ခွဲစိတ်မှု လုပ်တာ၊ အောင်မြင်တာ၊ သူမရဲ့ ပုံမှန် အသိဉာဏ်ကို လုံးလုံး ဖောက်ထွက်သွားတာပင်။

ဒါက မိုးရွာတဲ့ ည၊ ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုမှာ တစ်ယောက်ယောက်က ဓားမြှောင်နဲ့ အပ်ချည်ကို အသုံးပြုပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဗိုက်ခွဲ မွေးပေးတာ၊ နောက်ဆုံးမှာ မိခင်နဲ့ ကလေး ဘေးကင်းပြီး ပျော်ရွှင်စွာ ပြေးလွှားနိုင်တာနဲ့ ဘာကွာလို့လဲ။ လုံးဝ အဓိပ္ပာယ်မရှိတာပဲ။

တခြားသူများသည် သူတို့၏ မျက်နှာပေါ်က အမူအရာကို မထိန်းချုပ်နိုင်တော့ဘဲ အံ့အားသင့်ပြီး လုံးဝ ရှုပ်ထွေးသွားကြသည်။ တကယ်ပဲ အောင်မြင်ခဲ့တာလား။ ဒါက ဒဏ္ဍာရီ မဟုတ်ဘူးလား။

ဒီနည်းပညာသာ စစ်တပ်မှာ အသုံးချနိုင်ရင် ဘယ်လောက် ဆုံးရှုံးမှုတွေ လျှော့ချနိုင်မလဲ။ ပဉ္စမမင်းသားက စိတ်လှုပ်ရှားလာသည်။

system: [ရွှီစန်း သိတဲ့ သတင်းက တစ်ဖက်သတ်ပဲ။ သူက လူတွေကို မျက်လုံးလဲပေးပြီး အောင်မြင်ခဲ့တယ်ဆိုတာကိုပဲ ကြားခဲ့ရတာ။ ဒီခွဲစိတ်မှုမှာ အကန့်အသတ်တွေ အများကြီး ရှိတယ်ဆိုတာကို သူ မသိခဲ့ဘူး]

[ပထမဆုံးအနေနဲ့ကတော့ ယုံကြည်စိတ်ချရတဲ့ သမားတော်ကို ရှာရမှာပဲ။ အနည်းဆုံး ဒီနယ်ပယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့တဲ့ သမားတော်ဖြစ်ရမယ်။ ဝမ်လင်လိုမျိုး စာအုပ်တွေနဲ့ ဆေးမှတ်တမ်းတွေကို ယူပြီး ဇွတ်လုပ်ချင်တဲ့သူကို ရှာလို့ မဖြစ်ဘူးလေ]

ဤ ရှေ့ပြေး အခြေအနေ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ထို နန်မန်မှ စုန်းသမားတော်သည် အမှန်တကယ်ပင် အရည်အချင်းရှိပြီး အထူး ခေါင်းမာသူ ဖြစ်ကြောင်း သိလိုက်ကြသည်။

လူ့ဘဝက တိုတောင်းလှသည်။ အများအားဖြင့် လူတစ်ယောက်သည် မျက်စိဖြင့် မြင်နိုင်သော အဆုံးအထိ စူးစမ်းနိုင်သည့် အရာတစ်ခုတွင် ဆယ်စုနှစ်ပေါင်းများစွာ စိုက်ထုတ်ဖို့ စိတ်မပါကြပေ။ သေဆုံးတဲ့အထိတောင် ရလဒ် ထွက်လာမှာ မဟုတ်ဘူးလို့ မကြောက်ကြဘူးလား။

system: [အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်က အလုပ်တွေ အများကြီး သက်သာစေတယ်။ ရွှီထောင်က ဝမ်လင်နဲ့ တွေ့တာ ခြောက်လ ရှိပြီ၊ အခုထိ ဘာမှ တိုးတက်မှု မရှိသေးဘူး။ ကုသမှုတောင် မစရသေးဘူးလေ]

[အဲ့ဒီလူက စုန်းသမားတော်နဲ့ တွေ့တဲ့အခါ ကုသမှု လုပ်ငန်းစဉ်က နည်းနည်း ကြောက်စရာကောင်းပေမဲ့ နန်မန်ရဲ့ များစွာသော ကူတွေကို သုံးခဲ့တာကြောင့် ကုသပြီးတဲ့နောက် မျက်လုံးတွေ အဆင်ပြေသွားတယ်။ ဒါပေမဲ့ ပိုးကောင် ကြောက်ရောဂါနဲ့ အစုလိုက် အပြုံလိုက် အပေါက်တွေကို ကြောက်တဲ့ရောဂါတွေလည်း ဖြစ်သွားခဲ့တယ်]

ချူဟွား “…”

လူတိုင်း “…”

ခဏတာတော့ ဘယ်သူက ပိုဆိုးလဲဆိုတာ မသိနိုင်တော့ပေ။

ချူဟွားက ရှေးခေတ်က မျက်လုံးလဲသည့် ခွဲစိတ်မှုကို လုပ်ပုံလုပ်နည်းအား ပိုစိတ်ဝင်စားသည်။ [ကူနဲ့ မျက်လုံးကုတာကို ငါ ပုံဖော်လို့ မရဘူး။ system၊ ငါ့ကို ပြောပြစမ်းပါ]

system: [မျက်လုံးက ဦးနှောက်နားမှာ ရှိတယ်၊ အာရုံကြောတွေ အများကြီး ရှိတယ်။ ခွဲစိတ်မှု လုပ်တဲ့အခါ အရမ်း သတိထားရမယ်။ ရှေးခေတ်မှာ တိကျတဲ့ ကိရိယာတွေ မရှိဘူး။ နန်မန်ဘက်ကတော့ အရမ်းသေးငယ်တဲ့ ကူတွေကို အစားထိုး အသုံးပြုခဲ့တယ်]

[ကူတွေက အရမ်း နာခံတတ်တယ်။ သူတို့ကို ဘာလုပ်ခိုင်းလဲဆိုတာကို လုပ်ကြတယ်။ သူတို့က သေးငယ်တယ်၊ အရမ်း သေးငယ်တဲ့ အာရုံကြောထဲကို ဝင်ရောက်နိုင်တယ်။ လူ့မျက်စိနဲ့ လူ့လက်တွေရဲ့ မစွမ်းဆောင်နိုင်တဲ့ အားသာချက်တွေ ရှိတယ်]

[နန်မန်ဘက်မှာ ကူတွေ မွေးမြူရာမှာ အရမ်း တော်တယ်။ ရှားပါးတဲ့ ရည်ရွယ်ချက်တွေအတွက် မွေးမြူထားတဲ့ ကူမျိုးစုံ ရှိတယ်။ ဒီဟာတွေက စုန်းသမားတော်က အထူး မွေးမြူထားတဲ့ ကူတွေပဲ။ ရောဂါကုသဖို့ အသုံးပြုပြီး သေးငယ်တဲ့ အာရုံကြောတွေထဲမှာ သွားလာ ဆက်သွယ်နိုင်တယ်]

ချူဟွား: !!!

သူမ၏ အရင် အသိပညာအရ ကူ၏ အနှစ်သာရမှာ ပိုးကောင်များဖြစ်ပြီး အဆိပ်အတောက် သို့မဟုတ် ဆေးဘက်ဝင် တန်ဖိုးအချို့ ရှိသည်။

ပိုးကောင်များက ထိပ်တန်း သမားတော်များသာ လုပ်ဆောင်နိုင်သော အရာများကို လုပ်ဆောင်နိုင်သည်ဟု ပထမဆုံးအကြိမ် ကြားလိုက်ရတော့ သူမ၏ အမြင်အာရုံမှာ လုံးလုံး တုန်လှုပ်သွားတော့သည်။

ချူဟွား: [… အရာအားလုံးမှာ ကောင်းကျိုး ဆိုးကျိုး နှစ်ခုစလုံး ရှိတယ်ဆိုတာ ငါ သိပါတယ်၊ ကူမှာ ကောင်းတာရော ဆိုးတာရော ရှိတယ်။ ဒါပေမဲ့ ဒီလို အကျိုးသက်ရောက်မှု ရှိတဲ့ ကူကိုတော့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ]

အကယ်၍ ၎င်းကို အစုလိုက်အပြုံလိုက် မွေးမြူနိုင်ပြီး စနစ်တကျ အသုံးပြုနိုင်ပါက သာ့ရှန်းနှင့် ခေတ်သစ် ကမ္ဘာကြားရှိ ဆေးပညာ ကွာခြားချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး လက်ရှိ အခြေအနေတွင် ကုသ၍မရနိုင်သော ရောဂါများစွာကို ကုသနိုင်လိမ့်မည်။

ဟုတ်ပါတယ်။ သင့်တော်တဲ့ အသုံးပြုမှုပုံစံနဲ့ အလွဲသုံးစား မလုပ်မိဖို့တော့ လိုအပ်တာပေါ့။

ချူဟွား: [system၊ ဒီကူတွေက ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုမှာ အသုံးပြုတဲ့ နာနိုစက်ရုပ်တွေနဲ့ မတူဘူးလား]

သူမ သတိပေးလိုက်သောအခါ system သည် ကူနှင့် နာနိုစက်ရုပ်ကို ချိတ်ဆက်လိုက်ပြီး စိတ်လှုပ်ရှားမှုမှာ မျက်နှာပေါ်ကနေ ထွက်ပေါ်လာလေသည်။

system: [နာနိုစက်ရုပ်တွေက စိတ်ကူးနဲ့ စမ်းသပ်မှု အဆင့်မှာပဲ ရှိသေးတယ်။ တကယ် အသုံးပြုတာ မရှိသေးဘူး။ ခေတ်သစ်လူတွေတောင် မသုံးရသေးဘူး။ ရှေးခေတ်မှာ ကူဗားရှင်း နာနိုစက်ရုပ်တွေ ရှိနေပြီလို့ မထင်ထားဘူး]

လူတိုင်း၏ ဦးနှောက်ထဲတွင် မေးခွန်းများသာ ပြည့်နေတော့သည်။

ဆေးပညာ၊ ခွဲစိတ်မှု၊ စက်ရုပ်၊ စိတ်ကူး၊ စမ်းသပ်မှု… ဤအရာများသည် သူတို့အတွက် အလွန် ထူးဆန်းပြီး နားလည်ရ ခက်ခဲသော စကားလုံးများ ဖြစ်ကြသော်လည်း ချူဟွားနှင့် system တို့သည် ပြောဆို ဆက်သွယ်ရာတွင် မည်သည့် အတားအဆီးမှ မရှိကြပေ။

ဖရဲသီး ပိုကောင်းကောင်း စားနိုင်ရန်ဖြစ်စေ၊ သာ့ရှန်းသို့ အကောင်းဆုံး အရာများ ယူဆောင်လာပေးရန်ဖြစ်စေ သူတို့လည်း ထိုစကားလုံးများကို နားလည်ချင်ကြသည်။

ပဉ္စမမင်းသားသည် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ ချူဟွားနဲ့ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောသင့်ပြီလား။

ချူဟွားသည် ဤရှာဖွေတွေ့ရှိမှုက လူများကို ဆောင်ကြဉ်းပေးမည့် ကောင်းကျိုးများကြောင့် စိတ်လှုပ်ရှားနေဆဲပင်။ [နာနိုစက်ရုပ်တွေကို သုတေသန လုပ်ပြီး တီထွင်ဖို့ မဖြစ်နိုင်ပေမဲ့ နန်မန်မှာ ကူ မွေးမြူခြင်းနဲ့ မျက်လုံးလဲတဲ့ အတွေ့အကြုံ ရှိတယ်။ တကယ်လို့ နှစ်ဖက်စလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရင် လူတွေ အများကြီးကို ကယ်တင်နိုင်လိမ့်မယ်]

ပူးပေါင်း ဆောင်ရွက်မှုက သာ့ရှန်းနဲ့ နန်မန်ဘက်က ပြည်သူတွေအတွက် အကျိုးရှိတယ်။ နန်မန်က သာ့ရှန်းရဲ့ လက်အောက်ခံ နိုင်ငံငယ်လေးလည်း ဖြစ်တယ်။ ငြင်းဆိုဖို့ ဖြစ်နိုင်ခြေ မရှိပါဘူး။

ချူဟွားသည် ဤအတွေးကြောင့် စိတ်လှုပ်ရှားခဲ့သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် system က ရေအေး တစ်ပုံး လောင်းချလိုက်လေသည်။ [အစတုန်းက စုန်းသမားတော်က မျက်လုံးလဲပေးခဲ့တဲ့ အမြွှာမောင်နှမက ခွဲစိတ်မှု အောင်မြင်တာဟာ ညီအစ်ကို နှစ်ယောက်ရဲ့ သွေးအမျိုးအစား၊ ကိုက်ညီမှုနဲ့ အခြား ကဏ္ဍအားလုံး အဆင်ပြေလို့ ဖြစ်နိုင်ပါတယ်]

[စုန်းသမားတော်က တခြားသူတွေကို လက်နဲ့ ခြေထောက် လဲပေးဖူးတယ်။ အောင်မြင်မှု ရှိသလို မအောင်မြင်မှုလည်း ရှိတယ်။ အမြွှာမောင်နှမရဲ့ အောင်မြင်မှုက အရမ်းကို မတော်တဆ ဖြစ်ခဲ့တာ]

[ဒီလို ပြောရတာ မကောင်းပေမဲ့ ဝမ်လင်ကလည်း ယုန်ရဲ့ ခြေထောက်ကို မတော်တဆ အောင်မြင်စွာ လဲပေးခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒါကြောင့် မျှော်လင့်ချက်တွေ အများကြီး မထားဖို့ ငါ ထင်တယ်။ စိတ်ပျက်ရမှာ စိုးလို့ပါ]

မျှော်လင့်ချက် ကြီးလေလေ၊ စိတ်ပျက်စရာ ကြီးလေလေပင်။

ချူဟွားကတော့ စိတ်ပျက်ခြင်း မရှိပေ။ [ဒီလောက် ရိုးရှင်းတဲ့ အခြေအနေနဲ့ မျက်လုံးလဲတဲ့ ခွဲစိတ်မှု အောင်မြင်တာက တကယ်ကို အံ့ဩစရာပဲ။ ကျရှုံးတာက ပုံမှန် အခြေအနေပဲ။ သူက အမြဲတမ်း အောင်မြင်နေရင် ငါက သူ့ကို…]

… ခေတ်သစ်ဆရာဝန်တစ်ယောက်က ဆေးရုံတစ်ခုလုံးကို နန်မန်ကို ယူလာတာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ system အကူအညီနဲ့ ချိတ်ဆက်ထားတဲ့သူပဲလို့ ထင်နေမိမှာပဲ။

ကျန် စကားလုံးများကိုတော့ ချူဟွားက မပြောဘဲ ချန်ထားခဲ့သည်။ system သည် အလိုအလျောက် ဖြည့်စွက်လိုက်သည်။ တခြားသူများ: သူက ကြောက်စရာကောင်းတယ်ဟု ဖြည့်စွက်လိုက်ကြသည်။

သည်လိုနှင့် ပတ်သက်သော စကားစစ်ထိုးပွဲ ပြီးဆုံးသွားလေပြီ။

ချူဟွားသည် နောက်နှစ်ရက်တွင် တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးနှင့် ဆွေးနွေးရမည့်အကြောင်းအရာကို စဉ်းစားထားပြီးဖြစ်သည်။ သူမသည် စိတ်ထဲကနေ ပျော်ရွှင်နေလေ၏။ [ရွှီစန်းရဲ့ ဖရဲသီးကို ဆက်ပြောပါဦး]

[အိုး အိုး] system က ဆက်ပြောလာသည်။ [ရွှီစန်းက နန်မန်က မွေးဖွားလာတာ။ သူ့မိသားစုက ဆင်းရဲလို့ သူ့ကို ရောင်းစားခဲ့တယ်။ သူက အစေခံအနေနဲ့ မဟုတ်ဘဲ ကူ ကလေး အနေနဲ့ ရောင်းစားခံခဲ့ရတယ်]

ကူ ကလေး ဟူသည့် စကားလုံး နှစ်လုံးကို အားလုံးက ကြားလိုက်သောအခါ ကြောက်လန့်တကြား ထသွားကြပြီး ရွှီစန်းကို ကူကျွေးဖို့ ဝယ်ခဲ့တာလားဟု အလိုအလျောက် တွေးလိုက်ကြ၏။

...

system သည် သူတို့၏ အတွေးများ မှားယွင်းမည်ကို သိသောကြောင့် အလျင်အမြန် ပြောလိုက်ရသည်။

[ထင်ရာ မစွတ်တွေးကြနဲ့၊ ဆေးဖော်စပ်တဲ့ ကလေးက ဘာလဲ၊ ကူ ကလေးက အဲဒါပဲ]

ချူဟွားသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ [အဲဒါဆို တော်သေးတာပေါ့]

သည်စကားကို ကြားလိုက်ရတော့ တခြားသူများသည်လည်း အနည်းငယ် ငြိမ်သက်သွားကြသည်။ ဒါလောက် ရူးသွပ်လွန်းတဲ့ ကိစ္စမျိုး မဖြစ်သေးတာ ကံကောင်းသည်လေ။

system: [ရွှီစန်းကို ကူ မွေးမြူတဲ့ အသိပညာအများကြီး သင်ပေးခဲ့တယ်။ ဒါပေမဲ့ သူ အဲဒါတွေကို မကြိုက်ဘူး။ သူက ကြောက်စိတ်ကို အတင်းအကျပ် သည်းခံပြီး ကူတွေကို အစာကျွေးရတယ်။ မျက်လုံးလဲတဲ့ သတင်းကိုလည်း အဲ့ဒီအချိန်တုန်းက ဆရာဆီကနေ ကြားခဲ့ရတာ]

[သူ့ဆရာက စုန်းသမားတော်ရဲ့ ရန်သူတော်ပဲ။ သူ့ရန်သူတော်က မွေးမြူထားတဲ့ ကူတွေနဲ့ လူတွေကို အောင်အောင်မြင်မြင်နဲ့ မျက်လုံးလဲပေးနိုင်ခဲ့တယ်ဆိုတာကို သိလိုက်ရတော့ ရွှီစန်းကို မကြာခဏ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။ ပြီးတော့ ရွှီစန်းကို သွေးနဲ့ ကူ မွေးမြူခိုင်းတယ်။ ရွှီစန်းက ဆက်လုပ်ရင် တစ်နေ့ သူ့မျက်လုံးတွေ ထုတ်ယူခံရမယ်လို့ စိုးရိမ်ခဲ့ပြီး ဆရာ အရက်မူးနေတုန်း အခွင့်ကောင်းယူပြီး သူ့ကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ ပိုက်ဆံ အကုန်ယူပြီး ထွက်ပြေးခဲ့တယ်]

[သူက ဆယ်ကျော်သက် ကောင်လေးတစ်ယောက်၊ ပိုက်ဆံတွေနဲ့ နေရာအနှံ့ လျှောက်သွားခဲ့ပြီး အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ခိုးယူတာ၊ လူသတ်တာ၊ သူတောင်းစား လုပ်တာတွေ အကုန် လုပ်ခဲ့ပြီး သူ့မှာ လူသေ အလောင်းအများကြီး ရှိခဲ့တယ်]

[တစ်ကြိမ် ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့တုန်းက ရွှီထောင်နဲ့ ဆုံခဲ့တယ်။ ရွှီထောင်က သူ ဒဏ်ရာ ပြင်းထန်နေတာကို မြင်တော့ သူ့ကို စေတနာနဲ့ သမားတော် ပြပေးဖို့ ပို့ပေးတယ်။ ဆေးဖိုးလည်း ပေးခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ရွှီစန်းက ရွှီထောင်ကို သဘောကျသွားတယ်။ ဒဏ်ရာ သက်သာလာတဲ့နောက် ရှီမိသားစုရဲ့ အစောင့်အဖြစ် အလုပ်လျှောက်ပြီး သူ့ကို အမြဲတမ်း ကာကွယ် စောင့်ရှောက်ခဲ့တယ်]

ရွှီစန်းနဲ့ ရွှီထောင်ကြားက အရှုပ်အထွေးကို ခဏတာ နားထောင်ပြီးနောက် အမျိုးသမီးများမှာ မျက်ရည် ဝဲလာကြတော့သည်။ သူတို့က အသက်ကယ်တဲ့ ကျေးဇူး၊ ကယ်တင်ခြင်း စသည့် အချက်များ ပါဝင်သော ဇာတ်လမ်းကို တကယ်ကို ခံနိုင်ရည်မရှိကြပေ။

ချူဟွားကတော့ မည်သို့မျှ မလှုပ်ရှားပေ။ ရင်ထဲ ထိသွားလား။ မထိပါဘူး။

[ရွှီထောင်က ရွှီစန်းကို အသက်ကယ်တဲ့ ကျေးဇူး ရှိတာ မှန်တယ်။ သူ ကျေးဇူးဆပ်ဖို့ ရွေးချယ်တာလည်း မှန်တယ်။ ဒါဆို သူ့ကို သင်ကြား ပြုစုပေးခဲ့တဲ့ ဆရာက သေသင့်တာလား။ ဆရာက သူ့ကို သင်ကြား ပြုစုပေးတဲ့ ကျေးဇူး ရှိတာ မဟုတ်ဘူးလား]

[ကူတွေက ကြောက်စရာ ကောင်းတယ်၊ ရွှီစန်းက အဲဒါတွေကို မကြိုက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာကို သတ်ပစ်တာလား။ အဲဒါဆို ရွှီထောင်က လှပတယ်၊ မျက်လုံးလည်း ကောင်းကောင်း မမြင်ရဘူး၊ ခြိမ်းခြောက်မှုလည်း မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ကာကွယ်ဖို့ ရွေးချယ်တာလား။ ဒါက တကယ်ကို အရမ်း ကွာခြားလွန်းတယ်]

အမျိုးသမီး အများစု၏ မျက်ရည်များမှာ ရပ်တန့်သွားကြ၏။

ချူဟွား မဆန်းစစ်ခင်က ရွှီစန်းနှင့် ရွှီထောင်ကြားက အပြန်အလှန် ကယ်တင်ခြင်းကို တော်တော်လေး စိတ်ဝင်စားကြသည်။ သည်လို ဆန်းစစ်လိုက်သောအခါ ရွှီစန်း၏ အပြုအမူက အမှန်ပင် မသင့်တော်လှချေ။

နန်ကုန်းလင်က နှာခေါင်းရှုံ့လိုက်သည်။ ကျေးဇူးကန်းတဲ့ ခွေးတစ်ကောင်ပဲ။

ချူဟွားက ထပ်မေးလိုက်၏။ [ကူ မွေးမြူတဲ့ ဆရာက တကယ်ပဲ ရွှီစန်းရဲ့ မျက်လုံးကို တူးဖို့ စဉ်းစားခဲ့တာလား]

system က သက်ပြင်းချလိုက်၏။ [မဟုတ်ဘူး။ သူက မွေးရာပါ လူဆိုး မျက်နှာ ရှိတယ်၊ ဘယ်သူမှ သူ့ကို အဖော်မလုပ်ချင်ဘူး၊ စကားနည်းတယ်။ ကူတွေနဲ့ပဲ အမြဲ နေတယ်။ ကြောက်စရာ ကောင်းပုံရတယ်။ သူ ရွှီစန်းကို စိုက်ကြည့်နေတာက ရွှီစန်း ကူတွေကို မုန်းတယ်ဆိုတာ သိလို့ သူ့ရဲ့ ခန့်မှန်းချက်ကို စစ်ဆေးနေတာ]

[အချိန်အကြာကြီး စောင့်ကြည့်ပြီးနောက် ရွှီစန်း ကူတွေကို တကယ် မုန်းတယ်ဆိုတာကို သိလိုက်တယ်။ သူက ရွှီစန်းကို ထွက်သွားခွင့် ပေးချင်ပေမဲ့ နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ တပည့်ကို စွန့်လွှတ်ရမှာလည်း နှမြောတယ်။ ဘာလုပ်ရမှန်း မသိဘဲ အရက်သောက်ပြီး စိတ်သက်သာရာ ရှာခဲ့တယ်]

လူတိုင်းက တိတ်တဆိတ် ဆက်ပြောလိုက်တာ့သည်။ အမလေး၊ နှမြောလွန်းလို့ မစွန့်လွှတ်နိုင်တဲ့ တပည့်ရဲ့ သတ်ဖြတ်ခြင်းကို အရက်မူးနေတုန်း ခံလိုက်ရတာပေါ့။

....

All Chapters