အခန်း ၁၀၁
Vol. 7 Ch. 101
အပိုင်း (၁၀၁)
ရွှီစန်း၏ ပြစ်မှုများကို ဖော်ထုတ်နိုင်ခဲ့သော်လည်း သက်သေအထောက်အထား ရှာဖွေပြီး သူ့ကို အမှုဖွင့် အရေးယူရန်မှာ အခက်အခဲ မရှိတော့ခြင်းတော့ မဟုတ်ပေ။
အမြန်ဆုံး နည်းလမ်းမှာ နန်မန်သို့ လူလွှတ်ပြီး ရွှီစန်း၏ စုန်းဆရာထံမှ အခြား တပည့်များကို ရှာဖွေခြင်း ဖြစ်၏။
လူသတ်မှုသည် နန်မန်တွင် ဖြစ်ပွားခဲ့ပြီး တရားခံနှင့် နစ်နာသူ နှစ်ဦးစလုံးမှာ နန်မန်လူမျိုးများ ဖြစ်သောကြောင့် ရွှီစန်းကို နန်မန်သို့ လွှဲပြောင်းပေးကာ စီရင်ဆုံးဖြတ်စေရပေမည်။
ရွှီစန်း ထွက်ခွာသွားပြီးနောက် သစ္စာရှိသော အစောင့် မရှိတော့ဘဲ မျက်လုံးလည်း မမြင်ရတော့သည့် ရွှီထောင်တွင် ကောင်းမွန်သော နားခိုရာ မရှိတော့သည်ကို တွေးမိကာ စိတ်ခံစားလွယ်သော အမျိုးသမီး အချို့သည် သနားကရုဏာ သက်မိကြလေသည်။
ချူဟွား: [System ရွှီထောင်ရဲ့ မျက်လုံးတွေက လုံးဝ မမြင်ရတော့ဘူးလား]
Systemက တိကျသေချာစွာ ဖြေလိုက်သည်။ [နီးပါးပါပဲ]
ချူဟွားတွင် ရွှီထောင်ကို ကယ်တင်ရန် နည်းလမ်း တစ်စုံတစ်ရာ ရှိနိုင်မည်ဟု လူတိုင်း ထင်မှတ်နေကြစဉ် သူမက ပြောလိုက်၏။ [သာ့ရှန်းနဲ့ နန်မန်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အမြန်ဆုံး စတင်နိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒါမှ သူ အလင်းရောင် ပြန်ရနိုင်မှာ]
သူမတွင်လည်း နည်းလမ်း မရှိကြောင်း သိလိုက်ရသဖြင့် လူတိုင်း နှမြောတသ ဖြစ်သွားကြသည်။
မကြာမီတွင် မွေးနေ့ပွဲ ပြီးဆုံးသွားလေသည်။
ဧည့်သည်များကို ပြန်လွှတ်ပြီးနောက် ချူဟွားသည် အခန်းသို့ ပြန်လာကာ စာရေးလိုက်၏။
ချင်းကျူသည် ဘေးနားတွင် မှင်သွေးပေးနေပြီး အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အသံမထွက်ရဲပေ။ systemကတော့ ထိုအရာများကို ဂရုမစိုက်ပေ။ [မမကြီးဟွား၊ နင် ဘယ်သူ့ဆီ စာရေးနေတာလဲ]
ချူဟွား: [မြို့တော်အုပ်ချုပ်ရေးမှူးရုံး]
ခေါင်းပြတ် အလောင်းများဖြင့် ကွင်းဆက်လူသတ်မှုသည် မြို့တော်ရှိ ပြည်သူများကို ထိတ်လန့်စေခဲ့သည်။ systemက အမှုတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးဖြစ်ရာ သူမအနေဖြင့် ဘာမှ မလုပ်ဘဲ နေလိုက်ခြင်းသည် ပထမအချက် သူမ၏ ကျင့်ဝတ်နှင့် မညီသလို ဒုတိယအချက် လက်ရှိ သူမနှင့် ညီလာခံကြား ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။
System: [နင်က မြို့တော်အုပ်ချုပ်ရေးမှူးရုံးနဲ့ အရင်က ရင်းနှီးတာမှ မဟုတ်တာ၊ သူတို့ သဲလွန်စ မရတဲ့ အမှုကို နင်က ဖြေရှင်းပေးလိုက်တယ်လို့ ရုတ်တရက် သွားပြောရင် သူတို့ မျက်နှာပျက်စရာ ဖြစ်မသွားဘူးလား]
လက်ရှိတွင် အဖွဲ့လိုက် စကားပြောခန်း ပုံစံ ဖြစ်နေသဖြင့် မြို့တော်ဝန်သည် အရင်က သူမအပေါ် သဘောကျခဲ့ပြီး မြို့တော်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် အမှုစစ်ဆေးစေချင်ခဲ့သော်လည်း ယခုကိစ္စကြောင့် တစ်ဖက်လူကို စိတ်ဆိုးသွားစေနိုင်သည့် အကြောင်းအရာကိုတော့ systemက ထည့်မပြောခဲ့ပေ။
ချူဟွား၏ စာရေးနေသော လက်သည် ရပ်တန့်သွား၏။ သူမတွင် စိုးရိမ်ပူပန်မှု မရှိသည်တော့ မဟုတ်ပေ။ သို့သော် ဖြစ်နိုင်ခြေ တစ်ခုထက် လက်ရှိ အခြေအနေက ပိုအရေးကြီးသည်။
[တစ်ရက် ပိုကြာသွားရင် နစ်နာသူတွေ ပိုများလာနိုင်တယ်၊ လူ့အသက်က အရေးကြီးဆုံးပဲ]
[မသိရင်တော့ ဘာမှ မတတ်နိုင်ဘူး၊ သိရက်နဲ့တော့ ကိုယ့်အတွက် အကောင်းဆုံး အချိန် ရောက်မှ ကူညီမယ်ဆိုပြီး အချိန်ဆွဲထားလို့ မဖြစ်ဘူး]
Systemသည် ဒေတာကုတ်များသာ ဖြစ်သဖြင့် 'လူ့အသက်က အရေးကြီးဆုံး' ဆိုသည်ကို နားလည်နိုင်သော်လည်း ကိုယ်ချင်းစာစိတ် မရှိပေ။
သူ့အတွက်ကတော့ တွဲဖက်ထားသော သခင်၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာသည် ပထမ ဖြစ်ပြီး သခင်၏ အကျိုးစီးပွားသည် အခြားသူများကြောင့် ထိခိုက်နစ်နာခြင်း မရှိစေရပေ။
သို့သော် သခင်သည် အနာဂတ်တွင် ဘုရင်မ ဖြစ်လာမည့်သူ ဖြစ်ရာ ကြိုတင်ပြီး တိုင်းသူပြည်သားများကို သားသမီးကဲ့သို့ ချစ်ခြင်း ဟူသော အသိတရား ရှိနေခြင်းသည် ကောင်းမွန်သော ကိစ္စ ဖြစ်သည်။
Systemက ဆက်ပြီး ဖျောင်းဖျမနေတော့ပေ။ [ငါက နင့်ရဲ့ system ပါ၊ နင် ဘာပြောပြော ငါ နားထောင်မှာပါ]
System ဘာတွေ တွေးနေမှန်း ချူဟွား မသိသော်လည်း system၏ လေသံသည် ထူးထူးခြားခြား တက်ကြွနေသည်ကို ကြားလိုက်ရသဖြင့် မမေးခြင်းက ပိုကောင်းမည်ဟု တွေးလိုက်သည်။
[နင် စိတ်မပူပါနဲ့၊ ငါက နင် စုံစမ်းထားတဲ့ သတင်းအချက်အလက်တွေကို အကုန် ထုတ်ပြောလောက်တဲ့အထိ မမိုက်မဲပါဘူး၊ လူသတ်သမားက အလောင်းရဲ့ ခေါင်းကို ဖြတ်သွားတာက သေစေနိုင်တဲ့ ဒဏ်ရာက ခေါင်းပေါ်မှာ ရှိနေလို့ သဲလွန်စ ဖျောက်ချင်တဲ့ သဘော ဖြစ်နိုင်တယ် ဆိုပြီး သွယ်ဝိုက် သတိပေးရုံပါပဲ]
System: [ဟုတ်တယ်၊ သွယ်ဝိုက် သတိပေးလို့ ရတယ်၊ ဒါပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်းက မျက်လုံး အဖောက်ခံရလို့ ဆိုတာကို ရှင်းပြလိုက်ရင်တော့ အရမ်း သိသာသွားလိမ့်မယ်]
[အဲဒီလိုသာ ပြောလိုက်ရင် မြို့တော်အုပ်ချုပ်ရေးမှူးရုံးက နင့်ကို လူသတ်သမားနဲ့ တစ်ဖွဲ့တည်းလားလို့တောင် ထင်သွားနိုင်တယ်၊ မဟုတ်ရင် အပြင်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလ နည်းနည်းလေးနဲ့ မျက်လုံးအထိ ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ၊ နတ်စုံထောက်တောင် အဲဒီလောက် မစွမ်းဘူး]
ဤသည်မှာ ချူဟွား သေချာ စဉ်းစားရသည့် အကြောင်းရင်း ဖြစ်သည်။ [ဟုတ်တယ်၊ ပြီးတော့ သူတို့ကို သင်္ချိုင်းကုန်းကို သွားကြည့်ဖို့ သတိပေးရမယ်]
[လူသတ်သမားက လူသတ်တယ်၊ ခေါင်းဖြတ်တယ်၊ အလောင်း စွန့်ပစ်တယ်၊ ဒီလောက် ရက်စက်ကြမ်းကြုတ်တာ လေးလအတွင်းမှာ နစ်နာသူ ဆယ်ယောက်ကျော်ပဲ ရှိတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ မြို့တော်အုပ်ချုပ်ရေးမှူးရုံးက မတွေ့သေးတဲ့ တခြား အလောင်းတွေ သေချာပေါက် ရှိဦးမှာပဲ၊ သင်္ချိုင်းကုန်းက အလောင်းဝှက်ဖို့ အကောင်းဆုံး နေရာပဲ]
System: [ဒါဆို သူတို့ရဲ့ အာရုံကို စူးရှို့၊ ဝမ်လင်းနဲ့ ရန်စစ်တို့ဆီ ရောက်သွားအောင် ဘယ်လို လုပ်မလဲ]
ချူဟွား: [သင်္ချိုင်းကုန်းမှာ မျက်လုံး အဖောက်ခံထားရတဲ့ အလောင်းတွေ အများကြီး ရှိနေတယ်၊ မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ရဲမက်တွေ စောင့်ကြည့်တာပဲ ဖြစ်ဖြစ်၊ စုံစမ်းတာပဲ ဖြစ်ဖြစ် လုပ်လိုက်ရင် ရန်စစ်ဆီ အမြန်ဆုံး ရောက်သွားမှာပဲ၊ ပြီးရင် ဝမ်လင်း၊ စူးရှို့နဲ့ ရွှီစန်းတို့ဆီ ဆက်စုံစမ်းဖို့ မခက်ခဲတော့ပါဘူး]
မည်သို့ပင်ဆိုစေ နန်းစောင့်တပ်မှူးက အစီရင်ခံစာ တင်သွင်းပြီးသည်နှင့် မြို့တော်ဝန်သည် မည်သူ့ကို ဖမ်းဆီးရမည်ကို သိရှိလိမ့်မည်။ ဤသည်မှာ လက်ခံနိုင်လောက်သော အပေါ်ယံ အကြောင်းပြချက် တစ်ခုသာ ဖြစ်ပြီး နှစ်ဖက်စလုံးက အဆင်ပြေအောင် ညှိနှိုင်းကြခြင်းပင်။
အမှန်တကယ်လည်း ထိုအတိုင်း ဖြစ်ပျက်ခဲ့သည်။
ချိုက်ကန်းသည် ချူဟွား၏ စာကို ယူဆောင်ပြီး မြို့တော်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိချိန်တွင် မြို့တော်ဝန်သည် နန်းတွင်းမှ ပေးပို့လိုက်သော အစီရင်ခံစာကို ဖတ်ရှုနေပြီး မျက်နှာပေါ်မှ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားလေသည်။
"ဒီလိုကိုး၊ ဒီလူကြီးမင်းက သူ့ကို မြို့တော်အုပ်ချုပ်ရေးမှူးရုံးကို လာခိုင်းသင့်တယ်လို့ အစကတည်းက ပြောသားပဲ၊ သူက ငါတို့ မြို့တော်အုပ်ချုပ်ရေးမှူးရုံးက လူ ဖြစ်သင့်တာ"
ချိုက်ကန်း: "..." ခင်ဗျား သတ္တိရှိရင် ဒီစကားကို တရားရေးဝန်ကြီး ရှေ့သွားပြောကြည့်လေ၊ သူ ခင်ဗျားကို ရိုက်မရိုက် ကြည့်ရသေးတာပေါ့။
လက်ထဲမှ စာအိတ်ကို တစ်ချက် ကြည့်လိုက်ပြီး စားပွဲပေါ် တိတ်တဆိတ် တင်လိုက်သည်။ "လူကြီးမင်း၊ ဒါက လူကြီးမင်းချူရဲ့ စာပါ"
"သိပြီ၊ ထားခဲ့လိုက်" မြို့တော်ဝန်သည် ကွင်းဆက်လူသတ်မှု၏ အသေးစိတ် အချက်အလက်များကို ဖတ်ရှုရန် အလုပ်ရှုပ်နေသဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ထွက်ခွာတော့မည့် ချိုက်ကန်းကို လှမ်းခေါ်လိုက်သည်။ "ချိုက်ကန်း၊ ခဏလေး နေပါဦး၊ ဒီလူကြီးမင်းဆီက စာတစ်စောင် ပြန်ယူသွားပေးပါ"
ချိုက်ကန်း: ?
မြို့တော်ဝန်သည် ချူဟွား၏ စာကို ဖောက်ပြီး လျင်မြန်စွာ ဖတ်ရှုလိုက်သည်။ စာပြန်ရေးနေရင်း မှာကြားလိုက်၏။ "ခဏနေကျရင် လူကြီးမင်းချူက မေးလာခဲ့ရင် ဒီလူကြီးမင်း အတွက် ကောင်းတာလေးတွေ ပြောပေးပါဦး၊ ညဉ့်နက်တဲ့အထိ အလုပ်လုပ်တာတို့၊ တာဝန်ကျေပွန်တာတို့ပေါ့၊ ချီးကျူးလို့ ရပါတယ်၊ ဒါပေမဲ့ အရမ်းကြီး မချီးကျူးနဲ့နော်၊ ဒီလူကြီးမင်းက မင်းကို လာဘ်ထိုးတယ်လို့ သူ ထင်သွားဦးမယ်"
ချိုက်ကန်း: "..."
နန်းစောင့်တပ်သည် အရှင်မင်းကြီး၏ လူယုံတော် ဖြစ်သည်ကို မည်သူကများ ဗြောင်ကျကျ လာဘ်ထိုးရဲပါမည်နည်း။ ကိုယ့်အသက် ရှည်နေတယ်လို့ ထင်နေတာလား။
မြို့တော်ဝန်၏ အာရုံအားလုံးသည် လက်အောက်မှ စာပေါ်တွင် ရောက်နေသဖြင့် ချိုက်ကန်း၏ ပြောရခက်နေသော မျက်နှာထားကို မမြင်လိုက်ပေ။ "မင်းသာ သနားစရာ ကောင်းအောင် ပြောပြပြီး မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ဘယ်လောက် ခက်ခဲလဲ ဆိုတာ သူ သိသွားအောင်၊ သူ့ရဲ့ ကိုယ်ချင်းစာစိတ် ဖြစ်လာပြီး မြို့တော်အုပ်ချုပ်ရေးမှူးရုံးကို လာကူညီပြီး အမှုစစ်ပေးအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ"
"ဪ ဟုတ်သားပဲ၊ မင်း မြို့တော်အုပ်ချုပ်ရေးမှူးရုံးကို ချီးကျူးတဲ့အခါ တရားရေးဝန်ကြီးဌာနကို ထည့်မပြောမိစေနဲ့နော်၊ လူကြီးမင်းချူသာ တရားရေးဝန်ကြီးဌာနကို ရောက်သွားပြီး အချိန်အကြာကြီး ကြိုးစားထားတာကို တရားရေးဝန်ကြီးဌာနက ဦးအောင် ယူသွားရင် ဒီလူကြီးမင်း ရင်ထုမနာ ဖြစ်ရလိမ့်မယ်"
"ပြီးတော့..."
ချိုက်ကန်းသည် နားညည်းလွန်းသဖြင့် မျက်နှာ သေသွားပြီး မျက်လုံးများ အရောင်လွင့်သွားတော့သည်။ သူသည် ချန်ဟွားကျွီသို့ ပြန်ရောက်သောအခါ ချူဟွားထံသို့ အကြောင်းပြန်စာကို မစောင့်နိုင်တော့ဘဲ ပေးလိုက်ရသည်။
ချူဟွားက စိုးရိမ်တကြီး မေးလိုက်သည်။ "လမ်းမှာ တစ်ခုခု ဖြစ်ခဲ့လို့လား၊ ရှင် ကြည့်ရတာ စိတ်မကြည်မလင် ဖြစ်နေသလိုပဲ"
Systemက ဖြည်းဖြည်းချင်း ခေါင်းပြူလာသည်။ [?] ဘာလဲ၊ အလကား စားရမဲ့ ဖရဲသီး ရှိလို့လား။
ကျားယီ၊ ချင်းကျူနှင့် အခြားသူများက စပ်စုလိုသော အကြည့်များ ပေးပို့လာကြသည်။
ချိုက်ကန်းသည် ချူဟွား၏ ဂရုစိုက်မှုအတွက် ဝမ်းသာနေသော်လည်း ကျားယီနှင့် အခြားသူများ၏ စပ်စုလိုမှုအတွက် ပြောမပြချင်ပေ။ သို့သော် systemက စပ်စုချင်ပြီး သွားစုံစမ်းကာ မြို့တော်ဝန်သည် ချူဟွား၏ စာ မရောက်မီ ဘာလုပ်နေသည်ကို သိသွားမည် စိုးသဖြင့် သူ မပြောဘဲ မနေနိုင်တော့ပေ။
"မြို့တော်ဝန်က လူကြီးမင်းချူ တရားရေးဝန်ကြီးဌာနကို မရွေးချယ်ဘဲ မြို့တော်အုပ်ချုပ်ရေးမှူးရုံးကို လာရောက် ကူညီပြီး အမှုစစ်ပေးဖို့ ရွေးချယ်အောင် လူကြီးမင်း ရှေ့မှာ ကောင်းတာတွေ ပြောပေးဖို့ ကျွန်တော့်ကို အကူအညီ တောင်းလိုက်ပါတယ်"
ချူဟွားက ခေါင်းညိတ်ပြီး သိရှိကြောင်း ပြလိုက်သည်။ "ပြီးတော့ရော"
ချိုက်ကန်းက မျက်လုံးကို မှိတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။ "မြို့တော်ဝန်က ကျွန်တော့်အဖွားထက်တောင် ပိုပွစိပွစိပြောနိုင်သေးတယ်"
System: [ခွီး ——]
System၏ ရယ်သံသည် ခလုတ်တစ်ခု ဖွင့်လိုက်သကဲ့သို့ ပတ်ဝန်းကျင်မှ ထိန်းချုပ်ထားသော ရယ်သံများနှင့် သိသာသော ရယ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"အဟမ်း" ချူဟွားသည် နှုတ်ခမ်းကို လက်တစ်ဖက်ဖြင့် အုပ်လိုက်ပြီး နှုတ်ခမ်းထောင့်မှ အပြုံးကို ဖုံးကွယ်လိုက်သည်။ "ပင်ပန်းသွားပြီ၊ နောက်တစ်ခါကျရင် ကျားယီကို သွားခိုင်းလိုက်မယ်"
ချိုက်ကန်းသည် ချက်ချင်း ပျော်ရွှင်သွားတော့သည်။ "ကျေးဇူးတင်ပါတယ် လူကြီးမင်း"
ကျားယီ၏ အပြုံးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ နောက်တစ်ခါ ရှိလာခဲ့ရင် သူ စာပေးပြီးတာနဲ့ ချက်ချင်း ပြေးတော့မယ်။ မြို့တော်ဝန်ကို ပွစိပွစိပြောဖို့ အခွင့်အရေး လုံးဝ ပေးမှာ မဟုတ်ဘူး။
မြို့တော်ဝန်၏ အကြောင်းပြန်စာတွင် ချူဟွား သဲလွန်စ ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ သူမ၏ အမှုစစ်ဆေးနိုင်စွမ်း ထူးချွန်ကြောင်း ချီးကျူးထားပြီး သူမ အားလပ်သည့်အခါ မြို့တော်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည့် အကြောင်းအရာများ ပါဝင်သည်။
ချူဟွားသည် စာကိုဖတ်ပြီးနောက် ဘေးဖယ်ထားလိုက်တော့၏။ သူမ ယခု ခေါင်းကိုက်နေသည်မှာ သာ့ရှန်းနှင့် နန်မန် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် မည်သည့် အကြောင်းပြချက် ပေးရမည် ဆိုခြင်းပင်။
ဤသည်မှာ အရှင်မင်းကြီးနှင့် မှူးမတ်များ စိတ်ညစ်နေရသည့် ကိစ္စလည်း ဖြစ်သည်။
"နန်မန်က မျက်လုံး လဲလှယ်နိုင်ရင် လက်နဲ့ ခြေထောက်လည်း လဲလှယ်နိုင်မှာပဲ၊ ဒီနည်းပညာကို စစ်တပ်ထဲမှာ မဖြစ်မနေ ဖြန့်ဝေရမယ်" စစ်ဘက်အရာရှိများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများ နီရဲနေကြသည်။
သူတို့အားလုံးသည် စစ်မြေပြင်တွင် ဓားတစ်ချောင်းဖြင့် တိုက်ခိုက်ပြီး ရာထူးတက်လာကြသူများ ဖြစ်သည်။ စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို သူတို့ထက် မည်သူမျှ ပိုမသိနိုင်ပေ။ တိုက်ပွဲတစ်ခုစီတိုင်း၏ နောက်ကွယ်တွင် လက်ပြတ်ခြေပြတ် ဖြစ်သွားသောကြောင့် စစ်တပ်မှ ထွက်ခွာသွားရသူ မည်မျှရှိသည်ကို သူတို့ သိကြသည်။
လက်နှင့် ခြေထောက် လဲလှယ်ပြီးနောက် မူလအတိုင်း အသုံးမပြုနိုင်တော့ဘဲ စစ်မြေပြင်တွင် ဆက်လက် မနေနိုင်လျှင်ပင် ဇာတိသို့ ပြန်ပြီး လယ်လုပ်နိုင်သည်။ နေ့စဉ်ဘဝကို ထိခိုက်မှု မရှိဘဲ နေထိုင်နိုင်သည်။ မသန်စွမ်း ဖြစ်သွားသောကြောင့် မိသားစုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ယူဆပြီး ဘဝတစ်လျှောက်လုံး စိတ်ဓာတ်ကျနေရခြင်းမျိုး မဟုတ်တော့ပေ။
အရပ်ဘက်မှူးမတ်များသည် ဤနည်းပညာ၏ အရေးပါမှုကို နားလည်သဖြင့် စစ်ဘက်အရာရှိများ၏ အမြင်ကို မငြင်းဆန်ကြပေ။
"သူ ပြောပြချက်အရ ဒီနည်းပညာမှာ ကန့်သတ်ချက်တွေ အများကြီး ရှိသေးတယ်၊ ဖြန့်ဝေနိုင်တဲ့ အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်"
"ကန့်သတ်ချက် ဘယ်လောက်ကြီးကြီး အကြိမ်ကြိမ် လုပ်ကြည့်မှ ဘယ်နေရာ မှားနေလဲ ဆိုတာ သိပြီး တိုးတက်လာမှာပေါ့"
"ဟုတ်တယ်၊ ကန့်သတ်ချက် ကြီးမားလို့ ဆိုပြီး လုံးဝ လက်လျှော့လို့ မဖြစ်ဘူး"
"တော်ဝင်ဆေးဌာနက အရင် စမ်းသပ်ကြည့်လို့ ရမလား"
မှူးမတ်များသည် လူအုပ်ကြားထဲတွင် ပုန်းနေသော တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးကို တိတ်တဆိတ် ကြည့်လိုက်ကြလေသည်။ ထောင့်မှာ ပုန်းနေရုံနဲ့ ငါတို့ မမြင်ဘူးလို့ မထင်နဲ့နော်။
အရှင်မင်းကြီး ကိုယ်တိုင်တွင် ဤလိုအပ်ချက် မရှိသော်လည်း ဤခွဲစိတ်မှု နောက်ကွယ်မှ ကြီးမားသော အကျိုးအမြတ်ကို မြင်တွေ့ရသဖြင့် စိတ်ဝင်စားသွားလေသည်။
"တော်ဝင်ဆေးဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး သုတေသန လုပ်ဖူးလား"
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် ရှေ့ထွက်မလာဘဲ မနေနိုင်တော့ပေ။ "အရှင်မင်းကြီး၊ မလုပ်ဖူးပါဘူး"
မူအရ တော်ဝင်သမားတော်များသည် တော်ဝင်မိသားစုဝင်များကိုသာ ကုသပေးရပြီး တစ်ခါတစ်ရံ အရှင်မင်းကြီး စေလွှတ်သဖြင့် မှူးမတ်များကို သွားရောက် ကုသပေးရသည်။
လူနာများ၏ ဂုဏ်ဒြပ်နှင့် ရာထူးကြောင့် တော်ဝင်သမားတော်များသည် ရောဂါကုသရာတွင် တည်ငြိမ်မှုကို ဦးစားပေးလေ့ရှိသည်။ ကိုးဆယ်ရာခိုင်နှုန်း သေချာလျှင် ခုနစ်ဆယ်ရာခိုင်နှုန်းသာ ပြောဆိုပြီး မိမိတို့အတွက် လွတ်ပေါက် ချန်ထားလေ့ရှိသည်။
ဒီလောက်အထိ တည်ငြိမ်နေမှတော့ လူသေလွယ်တဲ့ သုတေသနမျိုး ဘယ်လုပ်ပါ့မလဲ။ တော်ကြာ ကိုယ့်ကို ကြည့်မရတဲ့ လုပ်ဖော်ကိုင်ဖက်တွေက တိုင်ကြားလိုက်ရင် ရာထူးရော ခေါင်းပါ ပြုတ်သွားနိုင်တယ်လေ။
နားလည်သော်လည်း အရှင်မင်းကြီးနှင့် မှူးမတ်များသည် အနည်းငယ် စိတ်ပျက်သွားကြသည်။ နန်မန်က လုပ်နိုင်ပြီး သာ့ရှန်းက ဘာလို့ မလုပ်နိုင်ရမှာလဲ။
လူတိုင်းသည် စစ်ရေး လေ့ကျင့်မှုမှာ ပေတိကို မယှဉ်နိုင်၊ ကောက်ကျစ်စဉ်းလဲတာမှာ ရှီးရုံကို မယှဉ်နိုင်၊ ရောဂါကုသတာမှာ နန်မန်ကို မယှဉ်နိုင်၊ သာ့ရှန်းက ဒီလောက်တောင် ညံ့ဖျင်းနေတာလား။
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် ချူဟွားက တော်ဝင်ဆေးဌာနအပေါ်ထားရှိသော ကျေးဇူးကို မှတ်မိနေပြီး အခွင့်အရေး ရသည်နှင့် အကြံပြုလိုက်လေသည်။ "မျက်လုံး လဲလှယ်တဲ့ ကိစ္စက ကျွန်တော်မျိုးတို့ အမြင်မှာ ယုံတမ်းစကားလို ဖြစ်နေပေမဲ့ လူကြီးမင်းချူက အကြောင်းအကျိုး ခိုင်ခိုင်လုံလုံ ပြောပြနိုင်တာဆိုတော့ လူကြီးမင်းချူကို လုပ်ခိုင်းကြည့်ရင် မကောင်းဘူးလား"
မှူးမတ်များမှာ တွေဝေသွားကြသည်။
စစ်ဘက်အရာရှိများသည် အမျိုးသမီး ညီလာခံတက်ခြင်းထက် ဒီကိစ္စက ပိုအရေးကြီးသည်ဟု ထင်မြင်ကြသည်။ ထို့အပြင် ညီလာခံတွင် အမျိုးသမီး စစ်သူကြီးနှင့် အမျိုးသမီး စစ်ဘက်အရာရှိများ ရှိနေပြီးပြီ ဖြစ်ရာ အမျိုးသမီး အရပ်ဘက်အရာရှိ တစ်ယောက် ပိုလာခြင်းက... ဘာမှ မဖြစ်ပါဘူးလေ။ ဒါက အရပ်ဘက်အရာရှိတွေ ခေါင်းစားရမဲ့ ကိစ္စပဲ။
အရပ်ဘက်မှူးမတ်များက ငြင်းဆန်ချင်သော်လည်း စစ်ဘက်အရာရှိများက ဘေးတွင် စိုက်ကြည့်နေကြပြီး ဤနည်းပညာကို မရရအောင် လုပ်ဆောင်မည့်ပုံ ပေါက်နေသဖြင့် အများ၏ ဒေါသကို မဆွရဲကြပေ။ ဒီသိုင်းသမားတွေက ရိုက်ရင် အရမ်း နာတယ်၊ ပြီးတော့ ကိုယ်ကျင့်တရားလည်း မရှိကြဘူး။
အရှင်မင်းကြီးက သဘောကျသွားသည်။ ချူဟွား ပိုမို လေ့လာသင်ယူရန် နှစ်အနည်းငယ် စောင့်ရဦးမည်ဟု ထင်ထားသော်လည်း တိုးတက်မှုနှုန်းက တော်တော် မြန်ဆန်နေသည်။
ဒီနှုန်းအတိုင်းဆိုရင် သူ့ရဲ့ ဒုတိယသမီးတော်က မကြာခင် စစ်ဝတ်တန်ဆာ ဝတ်ဆင်ပြီး ဂုဏ်ရောင်ပြောင်တဲ့ အမျိုးသမီး စစ်သူကြီး အနေနဲ့ မြို့တော်ကို ပြန်လာနိုင်တော့မယ်။
မင်းဆရာကြီးက ရှေ့ထွက်ပြီး လျှောက်တင်လေသည်။ "အရှင်မင်းကြီး၊ ချူဟွားက ပညာဗဟုသုတ နည်းပါးသေးလို့ နိုင်ငံနှစ်ခုရဲ့ သံတမန်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တာဝန်တွေကို မထမ်းဆောင်နိုင်သေးပါဘူး"
မင်းဆရာအိုကြီးကလည်း လက်ရှိ အချိန်အခါ မကောင်းကြောင်း ယူဆသည်။ "အရှင်မင်းကြီး၊ ချူဟွားက အသက် ငယ်ရွယ်လွန်းပါသေးတယ်၊ ပညာလည်း မစုံသေးပါဘူး၊ နန်းတွင်းစာမေးပွဲနဲ့ ထောက်ခံချက် နှစ်ခုစလုံး မသင့်တော်ပါဘူး၊ ညီလာခံ ဝင်ခွင့် မပေးသင့်ပါဘူး"
တကယ် ရာထူး ခန့်လိုက်ရင် ယဉ်ကျေးမှူဌာနလား၊ တော်ဝင်ဆေးဌာနလား။
ရာထူးငယ်လေး ယူပြီး အပြေးအလွှား လုပ်နေရတာထက် နောက်ကွယ်ကနေ အကြံဉာဏ် ပေးပြီး တခြားသူတွေကို လုပ်ခိုင်းတာက ပိုမကောင်းဘူးလား၊ အနည်းဆုံးတော့ အချိန်ကောင်းတွေကို လမ်းခရီးမှာ ဖြုန်းတီးပစ်ရတာမျိုး မဖြစ်တော့ဘူးပေါ့။
စစ်သူကြီးရွှမ်ဝေသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ဖူရွေ့ချင်းဝမ်၏ မျက်ရိပ်ကို မြင်လိုက်ရသဖြင့် ပြန်ဆုတ်လိုက်ရသည်။
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့၏ သဘောထား တူညီနေသည်ကို မြင်လိုက်ရသဖြင့် အချိန်အခါ မဟုတ်မှန်း သိလိုက်ပြီး အလျင်အမြန် ပြန်ပြင်ပြောလိုက်ရသည်။ "ကျွန်တော်မျိုး စဉ်းစားမှု အားနည်းသွားပါတယ်၊ လူကြီးမင်းချူက ကျန်းမာရေး ချူချာလို့ နန်မန်ရဲ့ အခိုးအငွေ့နဲ့ ပိုးမွှားတွေကို ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး"
စစ်သူကြီးရွှမ်ဝေ: "..."
သိုင်းပညာ သင်ပေးသော ဆရာဖြစ်သည့် သူ့ထက် ချူဟွား၏ ခန္ဓာကိုယ် အားနည်းမနည်း မည်သူမျှ ပိုမသိနိုင်ပေ။ သို့သော် သည်အချိန်တွင် သူ ဘာမှ မပြောနိုင်သလို ပြောလည်း ပြောမည် မဟုတ်ပေ။
အရှင်မင်းကြီးသည် အလိုက်သင့် လိုက်ပြောလိုက်သည်။
"မောင်မင်းက ငါ့ကို သတိပေးလိုက်တာပဲ၊ သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးဘူး၊ ဒါဆို ဒီကိစ္စကို ဒုတိယမင်းသားနဲ့ တော်ဝင်ဆေးဌာန တာဝန်ယူလိုက်ပါ"
ဒုတိယမင်းသား: "သားတော် အမိန့် နာခံပါတယ်"
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူး: "ကျွန်တော်မျိုး အမိန့် နာခံပါတယ်"
ငါးရက်ကြာပြီးနောက် မြို့တော်အုပ်ချုပ်ရေးမှူးရုံးသည် ခေါင်းမဲ့အလောင်းအမှုကို ပိတ်သိမ်းကြောင်း ကြေညာလိုက်ပြီး စူးရှို့၊ ဝမ်လင်းနှင့် ရန်စစ်တို့၏ ပြစ်မှုများကို အသေးစိတ် ရေးသားကာ အများသိအောင် ကြေညာလိုက်သည်။
နောက်တစ်နေ့တွင် တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် မနက်စောစော ချူအိမ်တော်သို့ ရောက်လာပြီး ချူမိသားစု တစ်ခုလုံးက ချူချင်းကို မြို့တော်မှ ထွက်ခွာရန် လိုက်ပို့နေချိန်နှင့် ကြုံကြိုက်သွားသည်။
ချူဟွားသည် ချူချင်းကို လိုက်ပို့ပြီးနောက် ချန်ဟွားကျွီသို့ ပြန်ရောက်သောအခါ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးက အလျင်အမြန် မေးလေသည်။ "လူကြီးမင်းချူ၊ နန်မန်ရဲ့ ကူကောင်ပညာကို သိပါသလား"
လာပြီ။
ချူဟွားသည် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသော်လည်း မျက်နှာတွင် မည်သည့် အရိပ်အယောင်မျှ မပြပေ။ "သိပ်မသိပါဘူး"
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် ကွင်းဆက်လူသတ်မှုမှ ရွှီစန်း ပါဝင်ပတ်သက်နေကြောင်း အကျဉ်းချုံး ပြောပြလိုက်သည်။ "ရွှီစန်း ပြောပြချက်အရ အရင်တုန်းက ဆေးဖော်တဲ့ ကလေး လုပ်တုန်းက ထူးဆန်းတဲ့ ကူကောင်တွေ အများကြီး မွေးဖူးတယ်တဲ့၊ အဲဒီအထဲက ကူကောင် အများစုက လူကို ကယ်တင်နိုင်တယ်၊ ဝမ်းချုပ်တာ၊ အဆိပ်သင့်တာတွေ အပါအဝင်ပေါ့"
"လူကြီးမင်းချူက ကျောက်ရောဂါ ကာကွယ်ဆေး၊ ပင်နီစလင်၊ ငှက်ဖျားရောဂါတွေနဲ့ ပတ်သက်ပြီး အတိုင်းအတာ တစ်ခုအထိ နားလည်ထားတော့ မျက်လုံး လဲလှယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း အမြင်တချို့ ရှိမယ်လို့ ထင်ပါတယ်"
ချူဟွားက အမှန်အတိုင်း ပြောလိုက်၏။ "ဒီကိစ္စမှာ ကျွန်မ တကယ်ပဲ လူကြီးမင်းကို မကူညီနိုင်ပါဘူး၊ မျက်လုံး ဒါမှမဟုတ် တခြား အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် သွေးအမျိုးအစား စစ်ဆေးရမယ်၊ ကိုက်ညီမှု ရှိမရှိ စစ်ဆေးရမယ်၊ အာရုံကြောတွေ ဆက်ရမယ်၊ ပြန်လည် တိုက်ခိုက်တာကို ကာကွယ်ရမယ် ဆိုတာလောက်ပဲ သိတာပါ၊ တကယ်တမ်း ဘယ်လို လုပ်ရမယ် ဆိုတာတော့ ကျွန်မ မသိပါဘူး"
သိသလောက်လေး ပြောပြခြင်း ဖြစ်ပြီး သူတို့နှစ်ဦးသည် ချူဟွား သိထားသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် မှတ်တမ်းများနှင့်အတူ ကျေနပ်စွာ ပြန်သွားလေသည်။
လဝက်ခန့် ကြာပြီးနောက် ဒုတိယမင်းသားသည် ယဉ်ကျေးမှုဌာနနှင့် တော်ဝင်ဆေးဌာနမှ အရာရှိ အချို့ကို ဦးဆောင်ကာ နိုင်ငံနှစ်ခု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် နန်မန်သို့ ထွက်ခွာသွားကြသည်။
ထိုညတွင် မြို့တော်ဝန်သည် ချွေးများ သံများဖြင့် ရှန်အိမ်တော်သို့ ရောက်လာပြီး ချူဟွား အိမ်ပြန်ရန် မြင်းလှည်းပေါ် တက်ခါနီးတွင် တားဆီးလိုက်သည်။ "သခင်မလေးချူ၊ သခင်မလေး ဒီလူကြီးမင်းကို ကူညီမှ ဖြစ်မယ်"
ချူဟွားသည် ခြေတစ်ဖက်က မြေကြီးပေါ်တွင် နောက်တစ်ဖက်က ခြေနင်းခုံပေါ်တွင် ရှိနေပြီး ကြားလိုက်ရသည်နှင့် ခြေထောက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။
"လူကြီးမင်း ဘာကို ဆိုလိုတာပါလဲ"
မြို့တော်ဝန်သည် ငိုတော့မလို ဖြစ်နေသည်။ "မျက်လုံးဖောက်တဲ့ အရူးက ပြန်ပေါ်လာပြီ"
ချူဟွား: ? ? ?
ချူဟွား: ! ! !
System လည်း အံ့ဩသွားလေသည်။ [ဘာဖြစ်တာလဲ၊ နင်တို့ လူသားတွေ တစ်ယောက်ပြီး တစ်ယောက် သူများ မျက်လုံး ဖောက်ရတာ ဒီလောက်တောင် ကြိုက်ကြတာလား]
လူတိုင်း: "..." ဒီအပြစ်ကို လူသားတွေအပေါ် မပုံချသင့်တော့ပါဘူး။
...