အခန်း ၁၀၃
Vol. 7 Ch. 103
အပိုင်း (၁၀၃)
အမှန်ပင် မြို့တော်အုပ်ချုပ်ရေးမှူး ပြောခဲ့သည့် အကြောင်းပြချက်အတိုင်း ဖြစ်နေသည်။ အခြေအနေကို အလိုက်အသုံးချကာ လူသတ်မှု ကျူးလွန်ခဲ့ပြီး လူသတ်မှု သံသယကို စူးရှို့အပေါ် လွှဲချခဲ့ခြင်း ဖြစ်၏။
ချူဟွားလည်း အလွန်သိချင်နေမိသည်။ [အဲဒီအစေခံမက ဘာတွေများ ပြောလိုက်လို့ ရွှီထောင်က လူသတ်ချင်စိတ် ပေါက်သွားရတာလဲ]
စောင်း၊ ကျားကစားခြင်း၊ စာပေ၊ ပန်းချီနှင့် ကျက်သရေရှိမှုတို့ကိုသာ နားလည်သော အိမ်တွင်းပုန်း သခင်မလေးတစ်ယောက်ကို လူသတ်စေခြင်းသည် လူကောင်းတစ်ယောက်ကို မည်းမှောင်သွားအောင် လုပ်ရသည်ထက် ခက်ခဲမှုက မလျော့နည်းလှပေ။
မျက်နှာချင်းဆိုင်ပြီး "ငါ နင့်တစ်မိသားစုလုံးကို သတ်ပစ်မယ်" ဟူသကဲ့သို့သော စကားမျိုးဖြင့် ခြိမ်းခြောက်လျှင်ပင် အစေခံမတစ်ယောက်၏ အဆင့်အတန်းနှင့် စွမ်းရည်အရ ပါးစပ်ကသာ ပြောနိုင်မည်ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရန် ခက်ခဲလှသည်။ ရွှီထောင်အနေဖြင့် အစေခံမကို တခြားနေရာသို့ ပို့လိုက်ခြင်း သို့မဟုတ် ရောင်းထုတ်လိုက်ခြင်း ပြုလုပ်နိုင်ပြီး ထိုအကြောင်းကြောင့် လူသတ်သည်အထိတော့ မဖြစ်နိုင်ပေ။
လူတိုင်းသည် မည်သည့်စကားက ဤမျှအထိ စွမ်းအားကြီးမားနိုင်မည်ကို စဉ်းစား၍ မရနိုင်ကြသဖြင့် အမှန်တရားကို သိလိုစိတ် ပိုပြင်းပြလာကြတော့သည်။
System: [တကယ်တော့ သူပြောတဲ့စကားကိုပဲ ကြည့်ရင် လူသတ်ချင်လောက်တဲ့အထိ ဒေါသထွက်စရာ မကောင်းပါဘူး၊ အထဲမှာ တခြားအကြောင်းရင်းတွေ ရှိသေးတယ်၊ ငါ ဖြည်းဖြည်းချင်း ပြောပြမယ်]
[အစေခံမ ၉ နှစ်အရွယ်တုန်းက မိဘတွေက သူ့ကို ငွေ ၂ လျန်နဲ့ လူကုန်ကူးသူဆီ ရောင်းစားခဲ့တာ၊ လူကုန်ကူးသူက သူ ရုပ်ရည်မဆိုးတာ မြင်တော့ ဆောင်ကြာမြိုင်ပို့ပြီး ဈေးကောင်းကောင်းနဲ့ ရောင်းချင်ခဲ့တယ်လေ။ မြို့ငယ်လေးနဲ့ မြို့တော်က ဆောင်ကြာမြိုင် ပေးတဲ့ဈေးက မိုးနဲ့မြေလို ကွာခြားတော့ လူကုန်ကူးသူက အစေခံမကို မြို့တော်အထိ ခေါ်လာပြီး ၈ လျန်နဲ့ ရောင်းခဲ့တယ်]
[အစေခံမက ဆောင်ကြာမြိုင်ရောက်တာနဲ့ သူ့ဘဝ ပျက်စီးပြီဆိုတာ သိတော့ အပေါ်ယံမှာ လိမ္မာသလို ဟန်ဆောင်ပြီး မခုခံခဲ့ပေမဲ့ နောက်ကွယ်မှာတော့ ထွက်ပြေးဖို့ အခွင့်အရေးကို အမြဲရှာနေခဲ့တယ်။ သူက ညဖက်မှာ ထွက်ပြေးခဲ့ပြီး အပြင်မှာ တစ်ညလုံး ပြေးခဲ့ပေမဲ့ ဆောင်ကြာမြိုင်က လူတွေ ဖမ်းမိတာ ခံလိုက်ရတယ်၊ အဲဒီအချိန်မှာပဲ မြို့ပြင် ဘုရားကျောင်းကနေ ပြန်လာတဲ့ ရွှီထောင်နဲ့ တွေ့ခဲ့တာ]
[ရွှီထောင်က သူ သနားစရာကောင်းတာ မြင်တော့ ၁၀ လျန်နဲ့ ဝယ်လိုက်ပြီး သူ့ရဲ့အစေခံမ အဖြစ်ထားကာ မော့လီလို့ နာမည်ပေးခဲ့တယ်။ နာမည်အရ သခင်နဲ့ အစေခံဆိုပေမဲ့ တကယ်တမ်းတော့ ရွှီထောင်က မော့လီကို ညီမလေးလို သဘောထားပြီး အားတဲ့အချိန်တွေမှာ မော့လီကို စာသင်ပေးတယ်၊ စာရင်းတွက်နည်း သင်ပေးပြီး အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကို မော့လီကိုပဲ စီမံခိုင်းခဲ့တယ်]
စိတ်ခံစားချက်အရ ညီမလေးလို သဘောထားသည်ဆိုစေဦးတော့ မော့လီသည် ကျွန်သက်သေစာချုပ် ချုပ်ဆိုထားသော အစေခံတစ်ယောက်သာ ဖြစ်လေသည်။ အိမ်တော်သို့ အစေခံလုပ်ရန် ဝယ်ယူလာခြင်းဖြစ်ပြီး ပြုစုခံရမည့် သခင်မလေး မဟုတ်သဖြင့် အလုပ်လုပ်ရမည်သာ ဖြစ်လေသည်။
ဆံပင်ဖြီးခြင်း၊ အဝတ်အစားဝတ်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့သည် မခက်ခဲလှဘဲ မည်သူမဆို လုပ်ဆောင်နိုင်ပြီး အစားထိုးရန် လွယ်ကူလှသဖြင့် ထူးချွန်ပြောင်မြောက်ရန် ခက်ခဲလှ၏။
အဝတ်အစားနှင့် လက်ဝတ်ရတနာများက တန်ဖိုးကြီးမားသဖြင့် မကြာခဏ ကိုင်တွယ်ရလျှင် ဗဟုသုတ တိုးပွားစေနိုင်သည်။ စာဖတ်ခြင်း၊ စာရေးခြင်းနှင့် စာရင်းကိုင်ခြင်းတို့ကိုပါ တတ်မြောက်ထားပါက အနာဂတ်တွင် မော့လီသည် ရွှီအိမ်တော်တွင် ဆက်နေသည်ဖြစ်စေ၊ ပြန်ရွေးငွေပေးပြီး ထွက်ခွာသွားသည်ဖြစ်စေ၊ စာရင်းကိုင်မ လုပ်သည်ဖြစ်စေ၊ အထည်ဆိုင် ဖွင့်သည်ဖြစ်စေ လစာကောင်းမွန်သော အလုပ်တစ်ခုကို ရှာဖွေနိုင်ပေလိမ့်မည်။
ရွှီထောင်သည် မော့လီအတွက် အတော်လေး အမြော်အမြင်ကြီးစွာ စီစဉ်ပေးခဲ့ကြောင်း လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး ဤသို့လုပ်ဆောင်ခြင်းက ကောင်းမွန်သည်ဟု ထင်မြင်မိကြသည်။ သူတစ်ပါးကို အားကိုးခြင်းက ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းလောက် မကောင်းပေ။
သို့သော် မော့လီကိုယ်တိုင်ကတော့ မကောင်းခဲ့ပေ။ သို့မဟုတ်ပါက လူသတ်ပြီး အလောင်းဖျောက်သည့် အဖြစ်အပျက်မျိုး ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။
System: [ငယ်ငယ်တုန်းကတော့ ရွှီထောင်က အမြင်အာရုံ အားနည်းရုံလောက်ပဲမို့ သာမန်လူတွေနဲ့ သိပ်မကွာခြားဘူး၊ နောက်ပိုင်းမှာ မမြင်ရတော့တဲ့အခါ စားဝတ်နေရေး အရာရာတိုင်းမှာ အထူးဂရုစိုက်ဖို့ လိုလာပြီး အရင်ကလောက် ပြုစုရတာ မလွယ်ကူတော့ဘူး၊ မော့လီက တဖြည်းဖြည်းနဲ့ စိတ်မရှည် ဖြစ်လာတယ်၊ နေရာတော်တော်များများကို ပြီးစလွယ် လုပ်လာတယ်၊ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကို သေချာ ဂရုမစိုက်တော့ဘဲ ရွှီထောင်ရဲ့ လက်ဝတ်ရတနာတွေကိုတောင် ခိုးဝတ်လာခဲ့တယ်]
[မိန်းကလေးဆိုတာ အသက်ကြီးလာရင် အတွေးတွေ များလာတတ်တယ်၊ ရွှီအိမ်တော်က အစေခံမတစ်ယောက်တောင် စားဝတ်နေရေး မပူရတဲ့အထိ နေသားကျနေပြီး လိုချင်တဲ့ လက်ဝတ်ရတနာ ရှိရင် ရွှီထောင်က ပေးတတ်တဲ့ ဘဝမျိုးမှာ နေနေရတာလေ၊ ဘယ်အချိန်များ ရွှီအိမ်တော်ကနေ ထွက်သွားရမလဲ၊ အရင်ကလို စားမဝ ဝတ်မလုံတဲ့ ဆင်းရဲတဲ့ဘဝကို ပြန်ရောက်သွားမလဲဆိုတာ တွေးပြီး စိုးရိမ်နေခဲ့တာ]
[သူက ရွှီထောင်ထက် ၂ နှစ် ပိုကြီးတော့ အချစ်စိတ် ဝင်တာလည်း စောတယ်၊ ရွှီထောင်က အိမ်ထောင်မပြုသေးတာ မြင်တော့ ပါသွားတဲ့ အစေခံမ မလုပ်နိုင်ဘူး၊ အနာဂတ်မှာ သတို့သားလောင်းရဲ့ မယားငယ် လုပ်လို့ မရဘူးလေ၊ ဒါကြောင့် သူက ရွှီအိမ်တော်က ဒုတိယသခင်လေးကို မျက်စိကျသွားတယ်၊ ပုံမှန်အချိန်တွေမှာ ရွှီထောင်ရဲ့နာမည်ကို အသုံးပြုပြီး ဒုတိယသခင်လေးဆီ ပစ္စည်းသွားပို့လေ့ရှိတယ်၊ ပြီးရင် မကြာခဏ မျက်စိကစားပြတယ်]
အစ်ကိုဖြစ်သူက ညီမဖြစ်သူ၏ ကိုယ်ရံတော်အစေခံမကို မယားငယ်အဖြစ် ယူသည်ဖြစ်စေ၊ ညီမဖြစ်သူ၏ ကိုယ်ရံတော်အစေခံမက အစ်ကိုဖြစ်သူကို မြှူဆွယ်သည်ဖြစ်စေ ဤကိစ္စ ပျံ့နှံ့သွားပါက ရွှီမိသားစုအတွက် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။
အကယ်၍ အတွင်းသိတချို့က ဆီလိုအပေါက်ရှာပြီး ချဲ့ကားပြောဆိုကြလျှင် မော့လီကို ရွှီထောင်က ညီမအရင်းလို မွေးစားထားတာ၊ ရွှီမိသားစုက မွေးစားသမီးအဖြစ် သတ်မှတ်ထားတာလို့ ပြောလာကြလျှင် ရွှီမိသားစု သခင်လေးနှင့် ညီမဖြစ်သူတို့ မတော်မတရား ဖြစ်ကြသည်ဟု ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ရွှီမိသားစု သခင်လေး၏ ဂုဏ်သိက္ခာ ပျက်စီးရပြီး ရွှီမိသားစု သခင်မလေး၏ ဂုဏ်သိက္ခာလည်း ညစ်နွမ်းရကာ ရွှီမိသားစုတစ်ခုလုံး ထိခိုက်ရလိမ့်မည်။
ချူဟွားက စိတ်ထဲမှ စုပ်သပ်မိလိုက်၏။ [ဒီလို ကယ်တင်တာက ရန်သူကို ကယ်တင်လိုက်သလို ဘယ်လိုလုပ်ပြီး ဖြစ်သွားရတာလဲ]
[သူတို့က အချစ်ဇာတ်လမ်း ခင်းနေကြတာလား။ တစ်မိသားစုလုံး သေရတဲ့ ပုံစံမျိုးလေ]
[သူက လူကယ်တာလား။ တစ်မိသားစုလုံး ပျက်စီးအောင် လုပ်တာမျိုးလေ]
လူတိုင်းသည် မျက်လုံးအိမ်များ လှုပ်ခတ်သွားကြသည်။ ဘာကြီးလဲ။
ရည်းစားထားတာနဲ့ပဲ တစ်မိသားစုလုံး သေရလောက်တဲ့အထိ ပြင်းထန်နေရတာလား။
သူတို့က ဒီအကြောင်းအရာကို နားမလည်သော်လည်း systemကတော့ နားလည်လေသည်။ [အဲဒါက ခွေးသွေး အသည်းကွဲဝတ္ထုတွေရဲ့ စံပဲလေ၊ အစကနေ အဆုံးအထိ စာလုံးရေ သုံးသန်းလောက် နှိပ်စက်နိုင်တယ်၊ သူတို့က မှုခင်းစုံထောက်ဝတ္ထုထဲက ဇာတ်လမ်းတိုလေးတစ်ခုပဲ၊ အများဆုံး စာလုံးရေ တစ်သိန်းလောက်ပဲ ရှိမှာ]
ချူဟွားက ခွေးသွေး ဇာတ်လမ်းကို ဝေဖန်ရန် ပျင်းရိနေ၏။ [ဆက်ပြောပါ]
System: [ရွှီမိသားစုက ဒုတိယသခင်လေး စာကို အာရုံစိုက်နိုင်ဖို့နဲ့ အနာဂတ်ကောင်းတစ်ခု ရှိဖို့အတွက် သူ့ဘေးနားမှာ ပြုစုတဲ့သူ အားလုံးက ကောင်လေးတွေချည်းပဲ၊ အစေခံမ တစ်ယောက်မှ မထားဘူး၊ မော့လီရဲ့ မြှူဆွယ်မှုကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ]
[ရွှီထောင်က မော့လီရဲ့သခင်မ ဖြစ်ပြီး အစေခံကို သေချာ မဆုံးမတဲ့အတွက် မိဘအရင်းတွေရဲ့ ပြောဆိုတာကို ခံခဲ့ရတယ်၊ အနာဂတ်နဲ့ ရွှီမိသားစုရဲ့ အရှေ့ရေးနဲ့ သက်ဆိုင်နေတာကြောင့် ရွှီအဖေနဲ့ ရွှီအမေက ဒေါသထွက်ပြီး ပြောဆိုတာကလည်း တော်တော်လေး မျက်နှာသာ မပေးခဲ့ဘူး]
ချူဟွားက သဘောပေါက်သွားသည်။ [ဒါက မော့လီက ရွှီထောင်ကို မုန်းတီးပြီး ကျိန်ဆဲရတဲ့ အစပျိုး ဖြစ်မှာပဲ]
Systemက သူမ၏ ထင်မြင်ချက်ကို အတည်ပြုလိုက်သည်။ [ဟုတ်တယ်၊ ရွှီအဖေနဲ့ ရွှီအမေက မော့လီကို "အသက်ငယ်ငယ်လေးနဲ့ အရှက်မရှိဘူး" လို့ ဆဲတယ်၊ ရွှီထောင်ကို "နင် အပင်ပန်းခံ သင်ပေးထားတဲ့ ကောင်မကို ကြည့်စမ်း၊ ဒီလို အဆင့်အတန်းမျိုး ဖြစ်နေပြီ"၊ "ဒီလိုမှန်းသိရင် သူ့ကို ဆောင်ကြာမြိုင်မှာ ပုပ်သိုးသွားအောင် ထားလိုက်ရမှာ" ဆိုပြီး ဆဲကြတာ]
[မော့လီကလည်း ရွှီထောင်ရဲ့ ကာကွယ်မှုအောက်မှာ ကြီးပြင်းလာတာဆိုတော့ ဒီလိုကိစ္စမျိုး ဘယ်ကြုံဖူးပါ့မလဲ။ လူတွေရှေ့မှာ ဒီလို အဆဲခံရတော့ မျက်ရည်တွေ နှပ်တွေနဲ့ တော်တော်လေး သနားစရာကောင်းအောင် ငိုတာပေါ့။ ရွှီအမေက "ရွှီမိသားစုက ဒီလောက်ရည်မှန်းချက်ကြီးတဲ့ ကောင်မကို မထားနိုင်ဘူး၊ မနက်ဖြန် ရောင်းစားလိုက်" လို့ ပြောတာ ကြားရော မော့လီက ခေါင်းနဲ့ကြမ်းပြင် တိုက်မိတဲ့အထိ ဦးညွှတ်ပြီး "ကျွန်မ မလုပ်ရဲတော့ပါဘူး၊ သခင်မလေး ကယ်ပါဦး" လို့ အော်ဟို ငိုယိုပြီး တောင်းပန်တော့တာပဲ]
[တစ်ဖက်က မိဘ မောင်နှမတွေနဲ့ ရွှီမိသားစု၊ တစ်ဖက်က နှစ်ပေါင်းများစွာ ကာကွယ်ပေးလာတဲ့ ညီမလေး၊ ရွှီထောင်က ဘယ်ဘက်လိုက်ရမှန်း မသိတော့ဘူး၊ သူက နှစ်ဖက်စလုံးကို ကာကွယ်ချင်ပေမဲ့ ဘယ်ဖက်ကိုမှ မကာကွယ်နိုင်ခဲ့ဘူး၊ နောက်ဆုံးတော့ မော့လီကို သူ့ခြံဝင်းထဲကနေ ရွှေ့ပြီး သာမန် တံမြက်လှည်းတဲ့ အစေခံမ အဖြစ် ပြောင်းလိုက်တယ်]
လူတိုင်း: ? ? ?
လူတိုင်း: ! ! !
ချူဟွားသည် ဒီလို ဖြေရှင်းနည်းကြောင့် အံ့ဩသွားလေသည်။ [ဒါ ဘယ်သူ့ ဆုံးဖြတ်ချက်လဲ]
System: [ရွှီထောင် ဝင်ပြီး တောင်းပန်ပေးခဲ့တာ၊ "သမီးနဲ့ မော့လီက ညီအစ်မလို နေလာတာ ကြာပြီ၊ သူ တခြားအိမ်ရောက်ပြီး ဒုက္ခခံရမှာကို မကြည့်ရက်ပါဘူး၊ အဖေနဲ့အမေ မေတ္တာထားပြီး သူ့ကို ဒီမှာပဲ ဆက်နေခွင့် ပေးလိုက်ပါ" ဆိုတာ သူ့ရဲ့ မူရင်းစကားပဲ၊ ငါ ပုဒ်ဖြတ် ပုဒ်ရပ်တောင် မပြင်ထားဘူး]
ချူဟွား: "..."
ရှန်လု: "..."
မြို့တော်အုပ်ချုပ်ရေးမှူးသည် သူ့နားသူ အပြစ်ရှိသည်ဟု သံသယဖြစ်မိတော့သည်။ သို့မဟုတ်လျှင် မည်သို့လုပ်ပြီး ဤမျှ လွန်ကဲသော စကားကို ကြားရပါမည်နည်း။
ညီအစ်မလို နေလာတာ ကြာပြီတဲ့၊ နင့်မှာ ညီအစ်မအရင်း မရှိလို့လား။ ပိုက်ဆံပေးဝယ်ပြီး အလုပ်ခိုင်းတဲ့ အစေခံမတစ်ယောက်ကို ညီအစ်မအဖြစ် သဘောထားတယ်တဲ့လေ။
တခြားအိမ်မှာ ဒုက္ခရောက်မှာ မကြည့်ရက်ဘူးတဲ့၊ တခြားအိမ်တွေက နဂါးအိုင် ကျားတွင်းတွေ ဖြစ်နေပြီး နင့်အိမ်မှာနေမှ စံစားရမှာမို့လား။
မိဘတွေကို မေတ္တာထားခိုင်းတာတဲ့၊ သခင်လေးကို မြှူဆွယ်တဲ့ အစေခံမကို ရောင်းစားတာက ရက်စက်တာလား။ အရည်အချင်းတွေ အများကြီး သင်ပေးထားတာက အလကား ဖြစ်သွားပြီလား။ ရွှီမိသားစုကနေ ထွက်သွားရင် သူ အသက်မရှင်နိုင်တော့ဘူးလား။ ဒါက သိသိသာသာကြီး ကိုယ်ကျင့်တရားနဲ့ ဖိအားပေးနေတာ မဟုတ်ဘူးလား။
စကားတိုတိုလေးတစ်ခွန်းမှာ ဝေဖန်စရာ အချက်တွေ ဒီလောက်များနေလိမ့်မယ်လို့ လူတိုင်း မထင်မှတ်ထားခဲ့ကြပေ။
ချူဟွားသည် ယခင်က ရွှီထောင်သည် ကြင်နာတတ်သူဖြစ်ပြီး ဒုက္ခရောက်နေသော မော့လီနှင့် ရွှီစန်းတို့ကို ကူညီပေးခဲ့သည်ဟု ထင်မြင်ခဲ့သည်။
ယခု ပြန်ကြည့်လိုက်သောအခါ ယခင်က ဘဝသည် ဖြောင့်ဖြူးနေပြီး ကြီးမားသော ကိစ္စရပ်များနှင့် မကြုံတွေ့ခဲ့ရသောကြောင့်သာ ဖြစ်သည်။ ကိစ္စတစ်ခု ကြုံလာရသည်နှင့် ရွှီထောင်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်မပြတ်သားခြင်း၊ နှောင့်နှေးကြန့်ကြာခြင်းနှင့် အလေးအပေါ့ မခွဲခြားတတ်ခြင်း ဟူသော အားနည်းချက်များ ပေါ်လာတော့သည်။
ချူဟွား: [ငါ ထင်ခဲ့တာက သူက လောကရဲ့ ဆင်းရဲဒုက္ခတွေကို ကိုယ်တိုင် ခံစားခဲ့ရလို့ ပိုပြီး ကိုယ်ချင်းစာစိတ် ရှိတယ်၊ ဒါကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို မျက်ကွယ်မပြုနိုင်ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီစကားကို ကြားလိုက်ရတော့... ဘာလို့ ချုံယောင် ဝတ္ထုအငွေ့အသက်တွေ ရနေတာလဲ]
သူမ မပြောလျှင် systemက ခံစားမိမည် မဟုတ်ပေ။ ချုံယောင် ဆိုသည်နှင့် ထိုမြင်ကွင်းက ပြင်းထန်လွန်းသဖြင့် system၏ ကိုယ်လုံးလေး တုန်ခါသွားပြီး လွန်ခဲ့တဲ့ တစ်မိနစ်လောက်က အချိန်ကို ပြန်သွားပြီး ချူဟွားကို ထိုကြောက်စရာကောင်းသော စကားများ မပြောဖို့ တားချင်စိတ် ပေါက်သွားလေသည်။
ဖရဲသီးစားသည့် system တွင် အချိန်ပြန်လှည့်သည့် လုပ်ဆောင်ချက် မရှိသဖြင့် မျက်ရည်များ ဝဲကာ ဆက်ပြောရတော့သည်။
[မော့လီက ရွှီမိသားစုမှာ ဆက်နေခွင့် ရခဲ့ပေမဲ့ သခင်မလေးရဲ့ ကိုယ်ရံတော်အစေခံမ ဘဝကနေ ဘယ်သူမဆို ခိုင်းလို့ရတဲ့ တံမြက်လှည်း အစေခံမ ဖြစ်သွားတော့ အဆင့်အတန်း ကွာခြားမှုက အရမ်းကြီးလွန်းလို့ ရက်ပိုင်းအတွင်းမှာပဲ သူက ရွှီထောင်ရှေ့ကို ရောက်လာပြီး ငိုယိုတောင်းပန်တော့တာပဲ]
[ရွှီထောင်က "ငါလည်း မတတ်နိုင်ဘူး" လို့ သက်ပြင်းချပြီး ပြောတော့ မော့လီက "နင် ငါ့ကို မကူညီချင်တာလား" လို့ မေးတယ်၊ ရွှီထောင်က အဲဒီအချိန်မှာ မမြင်ရတော့လို့ မော့လီမျက်နှာပေါ်က မနာလိုမုန်းတီးမှုတွေကို မမြင်ခဲ့ဘူး၊ "ဒါက ငါ နင့်အတွက် တောင်းဆိုပေးနိုင်တဲ့ အကောင်းဆုံး ရလဒ်ပဲ" လို့ ပြောလိုက်တော့ မော့လီက "ငါ နင့်ကို အားမကိုးသင့်ဘူး!" ဆိုတဲ့ စကားတစ်ခွန်း ထားခဲ့ပြီး ထွက်သွားတယ်]
[ညီအစ်မ နှစ်ယောက်၊ ဟုတ်ပါပြီလေ၊ သခင်နဲ့ အစေခံ နှစ်ယောက်က အဲဒီကတည်းက မျက်နှာပျက်ခဲ့ကြတာ၊ မော့လီက ရွှီမိသားစုမှာ ဆိုးရွားစွာ နေထိုင်ခဲ့ရပေမဲ့ ရွှီထောင်ကို သွားမရှာခဲ့ဘူး၊ တစ်နေ့ကျတော့ ရွှီအဖေက မော့လီကို အိမ်တော်ထိန်းရဲ့သားနဲ့ ပေးစားဖို့ စီစဉ်တော့ မော့လီက လုံးဝ သဘောမတူဘဲ ရွှီထောင်ဆီ သွားပြီး ထပ်တောင်းပန်ပြန်တယ်]
တစ်ကြိမ်တောင်းပန်၊ နှစ်ကြိမ်တောင်းပန်၊ သုံးကြိမ်တောင်းပန် ဆိုတာကို ကြားရတော့ ချူဟွား တစ်ကိုယ်လုံး ထုံကျင်သွားတော့သည်။
ချူဟွား: [သူ ရွှီမိသားစု သခင်လေးကို မြှူဆွယ်ကတည်းက သူ့ကိစ္စကို ရွှီထောင် ဆုံးဖြတ်လို့ မရတော့ဘူးလေ၊ မော့လီက ဘာလို့ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်တာလဲ]
System: [ရှင်းရှင်းလင်းလင်း မမြင်တာတော့ မဟုတ်ပါဘူး၊ ရွှီမိသားစု တစ်ခုလုံးမှာ ရွှီထောင်ကပဲ သူ့ကို ကူညီနိုင်မယ်လို့ ထင်နေတာ၊ ဒါပေမဲ့ မော့လီရဲ့ ကျွန်သက်သေစာချုပ်ကို ရွှီအမေက ယူထားပြီးပြီဆိုတော့ ရွှီထောင်လည်း ကူညီလို့ မရတော့ဘူး]
[မော့လီက ဘယ်လိုတောင်းပန်ပန် အလကားပဲဆိုတာ သိသွားတော့ ရွှီထောင်ကို မျက်နှာချင်းဆိုင်ပြီး ဆဲတော့တာပဲ "နင်က ငါ့ကို ညီမလေးလို့ တကယ် သဘောထားခဲ့တာ မဟုတ်ဘူး၊ နင်က ငါ့ကို ခွေးတစ်ကောင်လိုပဲ သဘောထားတာ၊ ငါ့ကို အပြင်ထုတ်ပြရင် လူတိုင်းက နင့်ရဲ့ ကြင်နာမှုကို မြင်ရမယ်လေ။ ငါက နင့်ရဲ့ ကြင်နာမှုကို ပြသဖို့ ကိရိယာတစ်ခုပဲ!"]
ချူဟွား: "..."
အမှန်အတိုင်း ပြောရလျှင် ရွှီမိသားစုက ဘာကြောင့် ဒီလို ဖြေရှင်းခဲ့သလဲ ဆိုတာကို သူမ တကယ် နားမလည်ပေ။
ရွှီထောင်ရဲ့ မျက်နှာကို ထောက်ထားပြီး မော့လီကို မရောင်းစားဘူး ဆိုရင်တောင် မော့လီကို ခြံဝင်းဆီ ပို့လိုက်သင့်တယ် မဟုတ်လား။ သူ့ကို အိမ်မှာ ဆက်ထားတာက တစ်ယောက်ယောက်နဲ့ ပြဿနာ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
ရွှီမိသားစုက ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ။ လူကို မျက်စိအောက်မှာ ထားပြီး ကြည့်နေရင် အဆင်ပြေပြီလို့ ထင်နေတာလား။
မြို့တော်အုပ်ချုပ်ရေးမှူးသည်လည်း အဖြေရှာမရ ဖြစ်နေသည်။
အစေခံမက သခင်လေးကို မြှူဆွယ်တာ တွေ့ရင် ဘယ်အိမ်က အပြစ်မပေးဘဲ၊ မရောင်းစားဘဲ နေမှာလဲ။
ရလဒ်ကတော့ ရောင်းစားခံရခါနီးရင် သခင်မလေးကို တောင်းပန်၊ အလုပ်လုပ်ရတာ ပင်ပန်းရင် သခင်မလေးကို တောင်းပန်၊ အိမ်ထောင်ဦးစီးက ယောက်ျားပေးစားလို့ မကျေနပ်ရင် သခင်မလေးကို တောင်းပန်၊ သခင်မလေးက နင့်အမေအရင်းမို့လို့ အရာအားလုံး ကူညီရမှာလား၊ မကူညီရင် စိတ်တိုင်းမကျရင် နင့်အဆဲ ခံရမှာလား။
အစေခံမတစ်ယောက်၏ ဈေးနှုန်းက ၂ လျန်ကနေ ၃ လျန် ရှိသည်။ ရွှီထောင်က မော့လီကို ဝယ်စဉ်က ၁၀ လျန် ပေးခဲ့ရပြီး အစေခံမ ၄ ယောက် ဝယ်လို့ရသည်။
သူ့ကို မီးထဲကနေ ကယ်တင်ခဲ့ပြီး နောက်ပိုင်းမှာ စာသင်ပေး၊ စာရင်းကြည့်၊ လက်ဝတ်ရတနာကြည့်တာ သင်ပေးခဲ့တယ်၊ အဲဒါတွေက အပြင်မှာ လူခေါ်သင်ရင် ပိုက်ဆံမလိုလို့လား။
ဒါက ကျေးဇူးကန်းတဲ့ ခွေးဝဲစားတစ်ကောင်ကို ကယ်တင်ခဲ့မိတာပဲ။
သူတို့ကို ပိုပြီး အံ့ဩစေတဲ့ ကိစ္စတွေ ရှိနေပါသေးတယ်။
System: [မော့လီ ကြိုက်တာက ရွှီမိသားစု သခင်လေးလေ၊ အိမ်တော်ထိန်းရဲ့သားကို ဘယ်လိုလုပ် လိုချင်မှာလဲ။ အိမ်တော်ထိန်းသားကလည်း မော့လီ အရင်က ဘာပြဿနာတွေ လုပ်ခဲ့လဲဆိုတာ သိနေတော့ လက်ထပ်ပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ ဘဝက ကြက်ပျံမကျ ဆူညံနေခဲ့တယ်၊ မော့လီက ရွှီထောင်ကို ပိုမုန်းလာတော့တာပဲ]
["ကန်းနေတဲ့သူကို ပြုစုရတာ အနာဂတ် မရှိဘူး"၊ "ကန်းနေတာတောင် သခင်မလေး လုပ်နိုင်တယ်"၊ "ဘဝအစ ကောင်းပေမဲ့ ကန်းသွားတော့ ယောက်ျားမရဘူး" ဆိုတဲ့ ကောလာဟလတွေ အများကြီးကို မော့လီ ဖြန့်ခဲ့တာ၊ ရွှီထောင်ဘေးနားက အစေခံတွေ အကြာကြီး မနေနိုင်ဘဲ ထွက်သွားကြတာကလည်း ဒီကိစ္စရဲ့ သက်ရောက်မှုပဲ]
[သူစိမ်းက ကန်းနေတဲ့သူကို ဆဲတာနဲ့ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာတဲ့သူက ဆဲတာ၊ ပုံမှန် ပြောဆိုတာနဲ့ မလိုတမာ ကျိန်ဆဲတာက သက်ရောက်မှုချင်း လုံးဝ မတူဘူးလေ၊ ရွှီထောင်က ကြားရတော့ စိတ်နှလုံး နာကျင်ပေမဲ့ အတူကြီးပြင်းလာတဲ့ သံယောဇဉ်ကြောင့် မကြားချင်ယောင် ဆောင်နေခဲ့တယ်]
ချူဟွားက ဒုတိယအကြိမ် မေးလိုက်သည်။ [မော့လီက ဘာပြောလိုက်လို့ ရွှီထောင်က သူ့ကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာလဲ]
System: [သူ အများကြီး ပြောခဲ့ပါတယ်၊ "ကန်းနေတဲ့သူကို ဘယ်သူမှ မလိုချင်ဘူး၊ ယောက်ျားမရဘူး၊ ကိုယ်ရံတော်တွေ အစေခံကောင်လေးတွေနဲ့ ရှုပ်နေတာ"၊ "သူနဲ့ ရွှီစန်း ပွေ့ဖက်နေတာ ငါ ကိုယ်တိုင် မြင်ခဲ့တယ်"၊ "ရွှီစန်းက ညသန်းခေါင်ကြီး သူ့အခန်းထဲက ထွက်လာတာ"၊ "ညသန်းခေါင်ကြီး သူ့ကို ရေနွေးကျိုပြီး ရေချိုးပေးတာ" ဆိုပြီး ပြောတာတွေ ပါတယ်]
["ကန်းနေတဲ့သူတစ်ယောက်အတွက်နဲ့ လူပေါင်းများစွာ သေခဲ့ရတယ်"၊ "နင်က ငွေနည်းနည်းလေးနဲ့ သူများမျက်လုံးကို ဖောက်ထုတ်မှာလား"၊ "သူ နောက်ကွယ်မှာ ဘာတွေ ပေးခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ"၊ "တကယ်တော့ သူက ကန်းနေတဲ့ သခင်မလေးကို ကြိုက်နေတာ ဖြစ်မှာပေါ့" ဆိုတာမျိုးတွေလည်း ပါတယ်]
ချူဟွား၏ မျက်ခုံးများ တွန့်ချိုးသွားလေသည်။ [ဒါက တမင်သက်သက် ရွှီထောင်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာပဲ]
ရွှီထောင်က မျက်လုံးမမြင်ရလို့ အိမ်ထောင်ရေး ပြောဆိုဖို့ ခက်ခဲနေပါတယ်ဆိုမှ အိမ်တော်က အစေခံတွေရဲ့ လုပ်ကြံဖန်တီးပြောဆိုတာကို ခံရရင် တစ်နေ့ ကောလာဟလတွေ အပြင်ရောက်သွားတဲ့အခါ သူ ဘယ်လို လူတောတိုးရတော့မလဲ။
Systemက ခဏလောက် ရပ်တန့်သွားသည်။ [မော့လီက တမင် ဝါးတားတား ပြောခဲ့ပေမဲ့ ကိစ္စတချို့က တကယ် အမှန်တွေပဲ]
[ရွှီစန်းနဲ့ ပွေ့ဖက်တယ် ဆိုတာက ရွှီထောင် မတော်တဆ ချော်လဲလို့ ရွှီစန်းက လှမ်းဖမ်းလိုက်တာ၊ ရွှီစန်း ညသန်းခေါင်ကြီး အခန်းထဲက ထွက်လာတယ် ဆိုတာက ရွှီထောင် မှာစရာရှိလို့ မှာလိုက်တာ၊ ညသန်းခေါင်ကြီး ရေနွေးကျိုပြီး ရေချိုးတယ် ဆိုတာက ရွှီထောင် ဖျားပြီး ချွေးထွက်လို့ ရေချိုးတာ၊ အမှန်နဲ့ အမှား ရောထွေးပြောလိုက်တော့ ခွဲခြားဖို့ ခက်သွားတာပေါ့]
[ရွှီထောင်က အိမ်ထောင်မပြုသေးဘူး၊ သိတဲ့သူက အိမ်ထောင်ရေး ပြောရခက်လို့ဆိုတာ သိပေမဲ့ မသိတဲ့သူက ကိုယ်ရံတော်နဲ့ မရှင်းမရှင်း ဖြစ်နေတယ်လို့ ယုံကြည်ဖို့ လွယ်တယ်လေ။ ဒါ့အပြင် ရွှီစန်းက ရွှီထောင်ကို တကယ် ကြိုက်နေတာ၊ နေ့ရောညပါ စောင့်ရှောက်ပေးပြီး သူ့ရဲ့ အကြိုက်နဲ့ အကြောက် အားလုံးကို သိနေတယ်၊ ရွှီထောင်က သိပေမဲ့ မငြင်းခဲ့ဘူး၊ သူတို့နှစ်ယောက်ကြားမှာ တကယ်ပဲ သံယောဇဉ် ရှိနေတာ]
ရွှီထောင်သည် နာကျင်စရာ အချက်ကို ထိမှန်သွားသလို မော့လီ ဆက်ပြီး လျှောက်ပြောမည်ကို စိုးရိမ်သောကြောင့် ဒေါသတကြီးဖြင့် လူသတ်နှုတ်ပိတ်လိုက်ခြင်း ဖြစ်သည်။
ချူဟွားက အလွယ်တကူ သုံးသပ်လိုက်သည်။ [ဒါက ကျေးဇူးကို ရန်ငြိုးနဲ့ တုံ့ပြန်တာပဲ]
System: [ရွှီထောင်က ပေးတာ များလွန်းတယ်၊ မော့လီက ရွှီထောင်ရဲ့ ပေးဆပ်မှု အားလုံးကို ပုံမှန်ပဲလို့ ထင်နေပြီး စိတ်တိုင်းမကျတာနဲ့ မုန်းတီးစိတ် ဝင်လာပြီး ရွှီထောင် ဘာလို့ ဆက်မကူညီတာလဲဆိုပြီး ပြန်အပြစ်တင်တော့တာပဲ]
[ဒါပေမဲ့ ဒါက လူအပေါ် မူတည်ပါတယ်၊ မမကြီးဟွား ဘေးနားက ချင်းကျူ၊ ဟုန်မေ၊ ပိုင်ထောင်တို့ဆိုရင် အရမ်းကောင်းကြတာပဲ မဟုတ်လား]
ချူဟွား: [ငါ သူတို့ကို ဘေးနားမှာ ထားတာက သူတို့ ယုံကြည်ရလို့လေ၊ အကျင့်စာရိတ္တ မကောင်းတဲ့သူတွေကိုတော့ စောစောစီးစီး မောင်းထုတ်လိုက်ပြီ]
ဒီဖရဲသီးကို စားဖို့အတွက် တိတ်ဆိတ်နေတာ ကြာသွားပြီ။ တော်သေးတာက စဉ်းစားနေသယောင် ဟန်ဆောင်လို့ ရနေသေးတယ်။
ချူဟွားက အခုမှ သဘောပေါက်သွားသလို ဟန်ဆောင်လိုက်ပြီး မြို့တော်အုပ်ချုပ်ရေးမှူးကို ပြောလိုက်သည်။ "မြို့တော်အုပ်ချုပ်ရေးမှူး ၊ ကျွန်မ အစက ထင်ခဲ့တာက လူသတ်သမားက သေဆုံးသူ အရှင်လတ်လတ် မျက်လုံးအဖောက်ခံရမှာ မကြည့်ရက်လို့ သတ်လိုက်တာလို့ ထင်ခဲ့တာ၊ အခု ပြန်စဉ်းစားကြည့်တော့ လူသတ်နှုတ်ပိတ်ပြီးမှ ဟန်ဆောင် ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်"
"တကယ်လို့ နောက်တစ်ချက်သာဆိုရင် သေဆုံးသူရဲ့ အမည်နာမကို စုံစမ်းပြီး သေဆုံးသူက ဘယ်သူနဲ့ ရန်ငြိုးရန်စ ရှိခဲ့လဲဆိုတာ စုံစမ်းလိုက်တာနဲ့ ဒီအမှုက ရှင်းလင်းသွားမှာပါ"
မြို့တော်အုပ်ချုပ်ရေးမှူးသည် အမှုတစ်ခုလုံး၏ အကြောင်းရင်း၊ ဖြစ်စဉ်နှင့် ရလဒ်တို့ကို နားထောင်ပြီးဖြစ်ရာ ချူဟွားနှင့် ပူးပေါင်း၍ ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာကို ပြသလိုက်သည်။ ထို့နောက် ဤယုတ္တိဗေဒ ကွင်းဆက်ကို တွေးတောရန် မခက်ခဲကြောင်း သတိပြုမိသွားပြီး သူ၏အမူအရာက အနည်းငယ် လွန်ကဲနေသည်ကို သိလိုက်ရသည်။
ပြန်လည် ကုစားသည့်အနေဖြင့် သူက ချူဟွားကို ပြုံးပြီး ပြောလိုက်သည်။ "သခင်မလေးချူရဲ့ အမှုစစ်ဆေးနိုင်စွမ်းက အရမ်းမြင့်မားတာပဲ၊ မွေးကတည်းက ကျွန်တော်တို့ မြို့တော်အုပ်ချုပ်ရေးရုံးတော်က လူဖြစ်ရမဲ့သူပဲ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ ရုံးတော်ကို လာဖို့ စဉ်းစားပေးပါဦး"
ချက်ချင်းပင် သံသယကို ချူဟွားအား ချီးကျူးမြှောက်စားခြင်းအဖြစ် ပြောင်းလဲလိုက်ပြီး မြို့တော်အုပ်ချုပ်ရေးရုံးတော်သို့ လာရောက်စေလိုသည့် ခိုင်လုံသော အကြောင်းပြချက် ဖြစ်သွားစေသည်။
ဒီတုံ့ပြန်မှု နှုန်းကလည်း တော်တော်လေး မြန်ဆန်လှသည်။
ချူဟွား ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ "ကျွန်မက ပညာနည်းပါးသူပါ၊ မြို့တော်အုပ်ချုပ်ရေးမှူး မြှောက်ပြောလွန်းပါပြီ"
System ဟူသော အကူအညီကြောင့် မြို့တော်အုပ်ချုပ်ရေးမှူးသည် ရုံးတော်အမှုထမ်းများကို ရွှီအိမ်တော်သို့ စေလွှတ်လိုက်ပြီး အလောင်းလာကြည့်ခိုင်းလိုက်သည်။ ထို့နောက် ရွှီအိမ်တော်ကို စစ်ဆေးခြင်းအားဖြင့် မော့လီနှင့် ရွှီထောင်အကြား ရန်ငြိုးများကို ဖော်ထုတ်နိုင်ခဲ့ပြီး ရွှီထောင်နှင့် ရွှီစန်းတို့ကလည်း ဝန်ခံခဲ့ကြသည်။
အလောင်းတွေ့ရှိချိန်မှ အမှုပိတ်သည်အထိ တစ်ရက်နဲ့ တစ်ညတောင် မကြာလိုက်ဘဲ အလွန် လျင်မြန်လှသည်။
ဒီတိုက်ပွဲအပြီးမှာတော့ မြို့တော်အုပ်ချုပ်ရေးမှူးသည် ချူဟွားနှင့် system တို့၏ ခေါ်ဆောင်သွားခြင်းကို ခံရသည့် အရသာကို အပြည့်အဝ ခံစားလိုက်ရသည်။
အရင်တုန်းက အမှုစစ်ရင် သဲလွန်စတွေကို ပင်ပင်ပန်းပန်း ရှာဖွေရတယ်၊ အသုံးဝင်တာ တွေ့ရင် ကိစ္စမရှိပေမဲ့ အသုံးမဝင်တာ တွေ့ရင် ပင်ပန်းတာပဲ အဖတ်တင်တယ်၊ ဒါပေမဲ့ system ဆီ ရောက်တော့ အရာအားလုံးက ရှင်းလင်းနေတာပဲ။
လူသက်သေ၊ ပစ္စည်းသက်သေ ရှာပြီး အမှုပိတ်မည် ဆိုလျှင်ပင် သေချာသော ရလဒ်ကို ကိုင်ပြီး လုပ်ဆောင်ရခြင်းဖြစ်သဖြင့် သက်သာလွန်းလှသည်။
အမှုစစ်ရတာ ဒီလောက် လွယ်ကူနေမှတော့ ဘယ်သူက ပင်ပင်ပန်းပန်း လုပ်ချင်တော့မှာလဲ။
မြို့တော်အုပ်ချုပ်ရေးမှူး: တောင်းပန်ပါတယ်၊ ကျွန်တော် မကြိုးစားချင်တော့ဘူး။
သူသည် လက်ဆောင်ပစ္စည်းများကို ပြုံးရွှင်စွာ သယ်ဆောင်လာပြီး "အမှုကူညီစစ်ဆေးပေးတဲ့ သခင်မလေးချူကို ကျေးဇူးတင်ပါတယ်" ဟူသော အကြောင်းပြချက်ဖြင့် ချူဟွားကို လာရှာလေသည်။ ထို့နောက် သူ့ကို ရက်ပေါင်းများစွာ ဒုက္ခပေးနေသော အခြားအမှုတွဲတစ်ခုကို ချူဟွားရှေ့သို့ ပို့လိုက်သည်။
ချူဟွား: "..."
System: [……]
မြို့တော်အုပ်ချုပ်ရေးမှူးက သည်လိုလုပ်နေသည်ကို တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့က ချက်ချင်း သိရှိသွားကြသည်။
ဟာ... သောက်ကျိုးနည်း။
အစကတော့ အခြေအနေ အရေးကြီးလို့ ချူဟွားနဲ့ system ကို ခဏတာ အကူအညီတောင်းတယ် ထင်နေတာ၊ တကယ်တမ်းကျတော့ သူတို့ကို မြို့တော်အုပ်ချုပ်ရေးရုံးတော်ရဲ့ ပြင်ပဝန်ထမ်းတွေအဖြစ် သတ်မှတ်ပြီး လက်ဝင်တဲ့ အမှုတွေကို အမြဲတမ်း ကူညီဖြေရှင်းခိုင်းဖို့ ကြံစည်နေတာကိုး။
မြို့တော်အုပ်ချုပ်ရေးရုံးတော်မှာ လက်ဝင်တဲ့ အမှုတွေ ရှိတယ်ဆိုရင် တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်မှာရော မရှိလို့လား။
သို့နှင့် မကြာခင် နှစ်ရက်အကြာမှာ တရားရေးဝန်ကြီးနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့လည်း လက်ဆောင်များနှင့် အမှုတွဲများကို သယ်ဆောင်ပြီး အကူအညီ လာတောင်းကြတော့သည်။
တရားရေးဝန်ကြီး၊ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်: တောင်းပန်ပါတယ်၊ ငါတို့လည်း မကြိုးစားချင်ကြတော့ဘူး။
ချူဟွား: "..."
System: [……]
ဒါဆိုရင် ၁၈၈ က ဖရဲသီးစားတဲ့ system ဖြစ်ပြီး ရာဇဝတ်မှု system မဟုတ်ဘူးဆိုတာ ဘယ်သူများ မှတ်မိကြသေးလဲ။
...