အခန်း ၁၀၄
Vol. 7 Ch. 104
အပိုင်း (၁၀၄)
မြို့တော်အုပ်ချုပ်ရေးမှူး၊ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်မှာ အလွန်ဖြေရှင်းရခက်ခဲသော အမှုများသာ ဖြစ်ပေလိမ့်မည်။
ထိုအမှုများတွင် တူညီသော အချက်တစ်ချက် ရှိသည်။ သဲလွန်စနည်းပါးပြီး ရှာမရခြင်းပင်။
ပုံမှန်အားဖြင့် အစမှ အဆုံးတိုင် ပြန်လည်စိစစ်ရန်၊ ကွင်းဆင်းလေ့လာရန်၊ သက်သေများကို ရှာဖွေရန်နှင့် လွတ်သွားသော သက်သေအထောက်အထား ရှိမရှိ ကြည့်ရှုရန် လိုအပ်လေသည်။
သို့သော် မည်မျှပင် ခက်ခဲသော အမှုဖြစ်ပါစေ ချူဟွားရှေ့ ရောက်လာသည်နှင့် systemက ဖရဲသီးစွမ်းအင် အနည်းငယ်သုံးလိုက်ရုံဖြင့် အလွယ်တကူ စုံစမ်းနိုင်ပြီး လက်ဖက်ရည်တစ်ခွက် သောက်ချိန်အတွင်း အရာအားလုံး ရှင်းလင်းသွားတတ်၏။
ဖြေရှင်းရသည်မှာ အလွန် အဆင်ပြေသော်လည်း ပြဿနာများလည်း များပြားလာတော့သည်။
ချူဟွားသည် ယခင်က အမှုစစ်ဆေးသည့် အတွေ့အကြုံ မရှိသော်လည်း အမှုတွဲကို ကြည့်ရုံဖြင့် အဖြေရှာတွေ့နိုင်ရာ အခြားအရာရှိများက အဘယ်ကြောင့် မမြင်နိုင်ကြပါသနည်း။ အိမ်တွင်းပုန်း အမျိုးသမီးတစ်ယောက်ကိုပင် မယှဉ်နိုင်ပါက သူတို့၏ ရာထူးနေရာများ မြဲပါဦးမည်တဲ့လား။
အမှုများလေ ရန်သူများလေပင်။
မျှဝေသည့်ပုံစံအောက်တွင် အခြားသူများက ချူဟွားနှင့် system တို့၏ စကားပြောသံကို ကြားနိုင်သည့် အမှန်တရားကို စောစီးစွာ ပေါက်ကြားစေနိုင်သည်။
သို့သော် လူသတ်သမားကို လွတ်မြောက်ခွင့်ပေးထားလျှင် သေဆုံးသူများအတွက် တရားမျှတပါဦးမည်လား။ လူမဖမ်းမိဘဲ စောစောစီးစီး လွှတ်ထားလိုက်လျှင် ထိုကာလအတွင်း လူသတ်သမားက နောက်ထပ် လူသတ်ခဲ့လျှင် မည်သို့လုပ်မည်နည်း။
မသိလျှင် ပြဿနာမရှိသော်လည်း သိလိုက်ရသည့်အခါ ချူဟွားအနေဖြင့် လျစ်လျူရှုထားရန် ခက်ခဲလှလေသည်။
စောစောစီးစီး ဖော်ထုတ်ခံရရင်လဲ ဖြစ်ပါစေတော့။
သေဆုံးသူများအတွက် တရားမျှတမှု ပြန်ရှာပေးရင်း ပေါက်ကြားသွားခြင်းက မတော်တဆ ပေါက်ကြားသွားခြင်းထက် ပိုပြီး တန်ဖိုးရှိပေသည်။
ချူဟွားတွင် သင်ခန်းစာများ များပြားသဖြင့် အားလပ်မှသာ စစ်ဆေးနိုင်သည်။ ထို့ကြောင့် မြို့တော်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အမှုတွဲများကို ချန်ထားခဲ့ပြီး ချူဟွားအား ဖတ်ရှုရန်၊ သဲလွန်စရှာရန်နှင့် ဖရဲသီးစားပြီး အမှုစစ်ရန် အချိန်အလုံအလောက် ပေးထားလိုက်ကြ၏။
ချူဟွားက လူလွှတ်ပြီး သူတို့အား သိသာထင်ရှားသော သို့မဟုတ် သွယ်ဝိုက်သော သဲလွန်စများကို ပေးပို့လိုက်သည့်အခါ မြို့တော်အုပ်ချုပ်ရေးရုံးတော်၊ တရားရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်တို့က ထပ်မံစစ်ဆေးခြင်း၊ လူဖမ်းခြင်းနှင့် အမှုပိတ်ခြင်းတို့ကို ဆောင်ရွက်ကြရာ အမှုဖြေရှင်းနိုင်မှုနှုန်းသည် မျဉ်းဖြောင့်အတိုင်း ထိုးတက်သွားတော့သည်။
မြို့တော်သူ မြို့တော်သားများသည် မကြာသေးမီက ညီလာခံမှ ဆက်တိုက် လူသတ်မှုများ၊ နှစ်ဟောင်းအမှုများကို ဖော်ထုတ်နိုင်ခဲ့ပြီး ပုန်းအောင်းနေသော တရားခံများစွာကို ဖမ်းဆီးနိုင်ခဲ့သည်ကို အံ့ဩစွာ တွေ့ရှိခဲ့ကြသည်။ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ထိုအကြောင်းအရာများကို ပြောဆိုနေကြပြီး မြို့တော်သူ မြို့တော်သားများ၏ ပျော်ရွှင်မှု အညွှန်းကိန်းသည် တဖြည်းဖြည်း မြင့်တက်လာလေသည်။
အဖွဲ့အစည်းအသီးသီးက သုံးလကြာအောင် ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ချူဟွားကိုယ်တိုင်က ဘာမှ မပြောသော်လည်း ပဥ္စမမင်းသားနှင့် နန်ကုန်းလင်တို့ကတော့ ဒေါသထွက်လွန်း၍ သေလုနီးပါး ဖြစ်နေကြပြီ။
ပဥ္စမမင်းသား၏ စိတ်ထဲတွင် ဒေါသထွက်လွန်း၍ ဖောင်းပွနေသော်လည်း အပေါ်ယံတွင်တော့ အတော်လေး တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်၏။ "အဲဒီအမှုတွေ ပေါ်တာ နင့်ရဲ့ အကျိုးဆောင်မှုတွေလေ၊ အခုတော့ လူတိုင်းက မြို့တော်အုပ်ချုပ်ရေးမှူးရုံး၊ တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်တွေက အမှုစစ်တာ တော်တယ်လို့ပဲ သိကြတယ်၊ နင်ကတော့ နာမည်ရော အကျိုးဆောင်မှုရော ဘာမှ မရဘူး"
ကိုယ်ချင်းစာစိတ်ဖြင့် တွေးကြည့်လျှင် တစ်စုံတစ်ယောက်ကသာ သူ၏အကျိုးဆောင်မှုကို လုယူသွားပါက ပဥ္စမမင်းသားသည် အရှင်မင်းကြီးရှေ့မှောက်သို့ သွားရောက် ဖြေရှင်းခြင်း မပြုလျှင်တောင်မှ သီးသန့် တွေ့ဆုံပြီး ထိုလူများကို ဒုက္ခရောက်အောင် လုပ်ဆောင်ပေလိမ့်မည်။ ထို့ကြောင့် ချူဟွားက အကျိုးဆောင်မှု အလုခံရပြီး ဘာမှ မရရှိတာတောင် ဘာမှ မဖြစ်သလို နေနိုင်သည်ကို သူ နားမလည်နိုင်ပေ။
"နင်က နည်းနည်းလေးမှ ဒေါသထွက်တဲ့ပုံ မပေါက်ပါလား"
သူ သုံးလလောက် စောင့်ကြည့်ခဲ့သော်လည်း တစ်စုံတစ်ယောက် ဒုက္ခရောက်သည်ကို မကြားခဲ့ရပေ။ ချူဟွားက အမှန်တကယ်ပင် နောက်ကျမှ စာရင်းရှင်းရန် အစီအစဉ် မရှိခြင်း ဖြစ်လေသည်။
"ဘာလို့ ဒေါသထွက်နေရမှာလဲ" ချူဟွားက ပြန်မေးလိုက်၏။ "ငါက သူတို့ကို သဲလွန်စနဲ့ ဖြစ်နိုင်ခြေရှိတဲ့ စုံစမ်းစစ်ဆေးရေး လမ်းကြောင်းလေး ပေးရုံပါ၊ ကွင်းဆင်းတာ၊ သဲလွန်စရှာတာ၊ လူဖမ်းတာနဲ့ စစ်ဆေးမေးမြန်းတာတွေကို သူတို့ လုပ်ရတာလေ၊ အမှုပေါ်တာက သူတို့ရဲ့ ကြိုးစားမှုကြောင့်ပါ"
ပဥ္စမမင်းသား: "..."
နန်ကုန်းလင်: "..."
မဟုတ်ဘူး၊ အဲဒါက systemရဲ့ အကျိုးဆောင်မှု၊ systemနဲ့ ချိတ်ဆက်ထားတဲ့ နင့်ရဲ့ အကျိုးဆောင်မှုပဲ။
သို့သော် ထိုစကားကို ပြော၍ မရပေ။ ထို့အပြင်... ချူဟွား ပြောသည်မှာလည်း အကျိုးအကြောင်း ဆီလျော်မှု ရှိလေသည်။
System က အမှုစစ်ရာတွင် ကူညီပေးခဲ့သော်လည်း မတိုင်ခင်က စုံစမ်းစစ်ဆေးမှုများနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို မြို့တော်အုပ်ချုပ်ရေးရုံးတော်၊ တရားရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အကျိုးဆောင်မှုနှင့် ပင်ပန်းမှု နှစ်ခုစလုံး သူတို့တွင် ရှိကြသည်။
အလွန်ဆုံးတော့ ချူဟွားက အားစိုက်ထုတ်ပေမဲ့ အကျိုးအမြတ် မရရှိခြင်းသာ ဖြစ်ပြီး ကာယကံရှင် ကိုယ်တိုင်က ဂရုမစိုက်သော်လည်း သူတို့နှစ်ဦးကတော့ မကျေမနပ် ဖြစ်နေကြသည်။
"ဒါဆို နင်က အဲဒီလိုပဲ အိပ်ချိန်တွေကို စွန့်လွှတ်ပြီး သူတို့ အမှုစစ်တာ ကူညီပေးနေတော့မှာလား"
နန်ကုန်းလင်၏ စိတ်ထဲတွင် အနည်းငယ် သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာသည်။ ချူဟွားအပေါ်ရော ညီလာခံအပေါ်မှာပါ မကျေနပ်ချက်များ ရှိနေသည်။
သူမက ချူဟွားသည် အလွန်အမင်း သည်းခံလွန်းပြီး ပြန်လည်တိုက်ခိုက်ရန် မသိကြောင်း၊ ညီလာခံသည်လည်း အတိုင်းအတာ မရှိလွန်းကြောင်း မုန်းတီးမိသည်။
ထိုသို့တော့ လုံးဝမဟုတ်ပေ။
ချူဟွား ဖြေမည့်အချိန်တွင် systemက ရုတ်တရက် ထွက်ပေါ်လာပြီး အကြီးအကျယ် ကန့်ကွက်လေတော့သည်။ [ဟုတ်တယ် ဟုတ်တယ်၊ နေ့တိုင်း လူသတ်တာတွေ၊ ခိုးမှုတွေကို စားနေရတာ၊ ငါ စားရတာ အီနေပြီ]
သူ့သခင်က အနာဂတ်မှာ ဘုရင်မ ဖြစ်လာမည့် ရက်စက်သူတစ်ဦး ဖြစ်လေသည်။ ရံဖန်ရံခါ လက်ဝင်သော အမှုများကို ကူညီစစ်ဆေးပေးခြင်းက ပြဿနာ မရှိသော်လည်း သူမကိုချည်း အမြဲတမ်း မှီခိုနေလို့ မဖြစ်ပေ။
လက်အောက်ငယ်သားတွေ အသုံးမကျရင် အသစ်လဲလိုက်ပေါ့၊ ခေါင်းဆောင်ကို နေ့တိုင်း ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခိုင်းပြီး အကျိုးဆောင်မှုကျတော့ လက်အောက်ငယ်သားတွေ ယူသွားတယ် ဆိုတာ ဘယ်လို စည်းမျဉ်းလဲ။
ချူဟွားကလည်း ဤသို့ မဖြစ်သင့်ကြောင်း ခံစားမိသည်။ မကြာသေးမီက ပေးပို့လာသော အမှုတွဲများ ပိုများလာပြီး အမှုအများစုသည် သေချာ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ပေးပို့လာခြင်း ဖြစ်သည်။ သူမက အမှုတွဲကို ကြည့်ရုံနှင့် မူမမှန်သည်ကို တွေ့ရှိနိုင်ရာ အတွေ့အကြုံရှိသော အမှုစစ်များက မတွေ့ရှိနိုင်စရာ အကြောင်း မရှိပေ။
ဤသို့ ဖြစ်လာရခြင်းမှာ ထိုလူများသည် system၏ အခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး မှီခိုအားထားမှု ရှိလာသောကြောင့် ဖြစ်ကြောင်း ထင်ရှားလှသည်။
သို့မဟုတ် သူမက သဘောကောင်းလွန်းသဖြင့် သူမကို အလေးမထားခြင်းလည်း ဖြစ်နိုင်သည်။
"မလုပ်တော့ဘူး" ချူဟွားသည် သူတို့၏ ပျင်းရိသော အကျင့်စရိုက်နှင့် အလုပ်ခိုသော အကျင့်ဆိုးကို ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။ "ဒီနေ့ကစပြီး ငါ လက်မခံတော့ဘူး"
ပဥ္စမမင်းသား: ? ? ?
နန်ကုန်းလင်: ? ? ?
သူတို့က ချူဟွားကို ပြန်လည် တိုက်ခိုက်စေလိုပြီး သူမ ရသင့်ရထိုက်သော အကျိုးဆောင်မှုနှင့် ဆုလာဘ်များကို ပြန်တောင်းစေလိုသော်လည်း လုံးဝ လက်လွှတ်လိုက်ခြင်းကတော့... ပြန်လည် တိုက်ခိုက်တာ ပြင်းထန်လွန်းမနေဘူးလား။
အတိုင်းအတာ တစ်ဖက်စွန်းမှ နောက်တစ်ဖက်စွန်းသို့ ချက်ချင်း ခုန်ကူးသွားသလို ဖြစ်ပြီး ကြားထဲတွင် အကူးအပြောင်း ကာလ မရှိသဖြင့် အလွန် အံ့အားသင့်စရာ ကောင်းလှသည်။
"အဲဒီလိုလုပ်တာ မကောင်းဘူးနော်" ပဥ္စမမင်းသားက ယပ်တောင်ကို ဖွင့်လိုက်ပြီး ကော့တက်နေသော နှုတ်ခမ်းထောင့်စွန်းကို ကာကွယ်လိုက်သော်လည်း မျက်လုံးထဲက အပြုံးကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။
ချူဟွား စိတ်ထဲတွင် ပြောလိုက်၏။ တကယ် မကောင်းဘူးဆိုရင် နင့်မျက်နှာပေါ်က အပြုံးကို အရင် သိမ်းလိုက်ပါဦး။
"ငါက ညီလာခံ အရာရှိ မဟုတ်ဘူးလေ၊ ဒီအမှုတွဲတွေကို ကြည့်ရှုဖို့ အခွင့်အာဏာ မရှိဘူး၊ အစကတော့ အခြေအနေ အရေးကြီးလို့ ယာယီ လုပ်ခဲ့တာ၊ စည်းကမ်းတွေကို အမြဲတမ်း ဖျက်ဆီးနေလို့ မဖြစ်ဘူး။ ဒီရက်ပိုင်း ပို့လာတဲ့ အမှုတွေက တော်တော်လေး လွယ်ကူလာတယ်၊ ပိုအရေးကြီးတဲ့ ကိစ္စတွေ မရှိတော့ဘူးလို့ ထင်ရတယ်"
"ဒါကြောင့် ငါ ဝင်မပါတာ ပိုကောင်းပါတယ်၊ အချိန်နဲ့ ခွန်အားတွေကို စာသင်တဲ့ဘက်မှာ ထားရမဲ့ အချိန် ရောက်ပြီ"
ပဥ္စမမင်းသားနှင့် နန်ကုန်းလင်တို့သည် အမှုတွဲများကို ကိုယ်တိုင် မမြင်ဖူးသလို အမှုစစ်ဆေးခြင်းကိုလည်း ကျွမ်းကျင်ခြင်း မရှိသဖြင့် အမှု၏ ခက်ခဲမှု အတိုင်းအတာကို မသိရှိကြပေ။ ချူဟွား ပြောပြမှသာ မြို့တော်အုပ်ချုပ်ရေးမှူး၊ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့ ဘာလုပ်ခဲ့ကြသလဲ ဆိုတာ သိလိုက်ရတော့သည်။
တစ်ယောက်ပြီး တစ်ယောက် အမှုကို သေချာ မစစ်ဆေးဘဲ ဘယ်လို အပျင်းခိုရမလဲ ဆိုတာချည်း တွေးနေကြသည်။
နန်ကုန်းလင်သည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်လေသည်။ "သူတို့က နင် ကောင်းကောင်း လုပ်နိုင်တာ မြင်ပြီး ပိုက်ဆံလည်း မယူဘူးဆိုတော့ နင့်ကို အလကား အမြဲတမ်း ခိုင်းစားဖို့ ကြံစည်နေကြတာပဲ၊ မျက်နှာရော ရှိကြသေးရဲ့လား"
ဒေါသထွက်လွန်း၍ မိန်းကလေးကပင် စတင် ဆဲဆိုနေပြီ ဖြစ်ရာ အပြစ်ကြီးလှပါပေသည်။
ပဥ္စမမင်းသားသည် တိတ်တိတ်လေး ခေါင်းခါလိုက်ပြီး ချူဟွားကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ဒီကိစ္စကို သူတို့ လုပ်တာ တကယ် မကောင်းပါဘူး၊ ငါ ခမည်းတော်ရှေ့မှာ နင့်အစား တိုင်ပေးရမလား"
နန်ကုန်းလင်သည် ချူဟွားကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ မျက်နှာထားဖြင့် ပြောလိုက်သည်။ မဖြစ်မနေ လုပ်ရမယ်။ နင် လုံးဝ စိတ်မပျော့လိုက်နဲ့နော်။
ချူဟွား: "..."
နင်တို့က ငါ့ကို တကယ်ပဲ သူတော်ကောင်းလို့ ထင်နေကြတာလား။ တစ်ဖက်လူက သေလောက်အောင် အမြတ်ထုတ်နေတာတောင် ဒေါသမထွက်ဘဲ နေမယ်များ ထင်နေသလား။
"ဒါဆို မင်းသားကိုပဲ ဒုက္ခပေးရတော့မယ်"
"ကိစ္စမရှိပါဘူး" ပဥ္စမမင်းသားသည် ထိုလူများကို မကျေနပ်သည်မှာ ကြာပြီဖြစ်သည်။
သူက ဒီနှစ်မှ ၁၀ နှစ်ပဲ ရှိသေးသည်။ ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ နားနားမှာ ဒီလူက အပိုင်းပိုင်း ခုတ်ထစ်ခံရတယ်၊ ဟိုလူက မီးရှို့သတ်ခံရတယ် ဆိုပြီး ရောဂါလက္ခဏာတွေ၊ လူသတ်နည်းလမ်းတွေကို အသေးစိတ် လာပြောနေတာ ဘယ်သူ ရှိလို့လဲ။
ဘုရားရှင်ပဲ သိမှာပါ။ ဒီကာလအတွင်း သူက အသားကင် တွေ့ရင် မီးရှို့သတ်ခံရတဲ့လူကို သွားသတိရတယ်။ အသားလွှာထားတဲ့ ဘဲကင်ကို တွေ့ရင် အပိုင်းပိုင်း ခုတ်ထစ်ခံရတဲ့လူကို သွားသတိရတယ်။ ညဘက် အိပ်ပျော်သွားရင်တောင် တစ်ယောက်ယောက် လာပြီး ဓားနဲ့ ထိုးမှာကို စိုးရိမ်နေရတယ်။ အစားမဝင် အိပ်မပျော်နဲ့ သိသိသာသာ ပိန်ကျသွားခဲ့တယ်။ လူတွေ မေးလာရင် နွေရာသီမို့လို့ပါလို့ ဖြေရသေးတယ်။
စိတ်ဒဏ်ရာတွေ ဒီလောက် အများကြီး ရထားတာတောင် သူတို့ကို ပြန်လက်စားချေခွင့် မပြုဘူးလား။ ပဥ္စမမင်းသားသည် ယပ်တောင်ကို ကျိုးလုမတတ် ဆုပ်ကိုင်ထားလိုက်သည်။
ချူဟွား: "..."
နန်ကုန်းလင်: "..."
ပဥ္စမမင်းသား၏ သဘောထားကို ကြည့်လိုက်သည်နှင့် ထိုလူများ ကံဆိုးတော့မည်ကို သိလိုက်ရသော်လည်း သူတို့နှစ်ဦးသည် ဝင်ရောက် ဖြေရှင်းပေးရန် ဆန္ဒ မရှိကြပေ။
ထိုလူများတွင် အကျိုးဆောင်မှုကုသိုလ်များ ရှိနေသဖြင့် အလွန်ဆုံး အရှင်မင်းကြီး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရရုံသာ ရှိမည်။ သူတို့၏ ပျင်းရိသော အကြောများကို ဆွဲဆန့်ပေးပြီး မှတ်ဉာဏ်ကောင်းစေရန် သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်သည်။ သို့မှသာ အကြောင်းကိစ္စ မရှိဘဲ သူတို့၏ တာဝန်များကို ချူဟွားထံ လွှဲမချတော့မည် ဖြစ်သည်။
ထိုနေ့ ညနေခင်း သင်တန်းပြီးဆုံးသည်နှင့် ပဥ္စမမင်းသားသည် နန်းတော်သို့ ဝင်ရောက်ကာ အရှင်မင်းကြီး ရှေ့မှောက်တွင် ဆီလိုအပေါက်ရှာ ပြောဆိုလေတော့သည်။
"ခမည်းတော်၊ သားတော်က သုံးလလုံးလုံး လူသတ်ပြီး အလောင်းဖျောက်တာ၊ ကလီစာထုတ်တာတွေကို သူ ပြောပြနေတာ နားထောင်ခဲ့ရပြီး မကြာခဏဆိုသလို ညဘက်တွေမှာ အိပ်မက်ဆိုးမက်ပြီး လန့်နိုးခဲ့ရပါတယ်၊ သားတော်ကို ကြည့်ပါဦး၊ ဘယ်လောက်တောင် ပိန်သွားလဲဆိုတာ"
အရှင်မင်းကြီးသည် သုံးလလုံးလုံး အမှုစစ်ဆေးသည့် ဖရဲသီးများကို စားသုံးခဲ့ပြီး မူလက ဘာမှ မဖြစ်ဟု ထင်ခဲ့သော်လည်း ပဥ္စမမင်းသား ပြောပြမှ သားတော်ကို သေချာ ကြည့်လိုက်ရာ တကယ် ပိန်သွားသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
"မင်းက ဘယ်လိုဖြစ်ပြီး မေးစေ့တွေ ချွန်လာရတာလဲ" အရှင်မင်းကြီးသည် သားတော်၏ ပခုံးကို လှမ်းကိုင်လိုက်သည်။ "ကိုယ်ပေါ်မှာ အသားမရှိတော့ပါလား"
ပဥ္စမမင်းသားက မျက်နှာကို မဲ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ "အဲဒါက သူ ပြောပြတာတွေက အရမ်း အသေးစိတ်ကျလွန်းတော့ သားတော်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက ကောင်းနေပြီး လှီးထားတဲ့ မုန်လာဥကို မြင်ရင်တောင် အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ထားတာ သွားသတိရနေတော့ ဘယ်လိုလုပ် စားဝင်တော့မှာလဲ"
အရှင်မင်းကြီး: "..." မင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက နည်းနည်းလေး များလွန်းနေတာ မဟုတ်ဘူးလား။
ပဥ္စမမင်းသားက ဆက်ပြောလေသည်။ "မြို့တော်အုပ်ချုပ်ရေးမှူးရုံး၊ တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်တွေမှာ အခက်အခဲတွေ ရှိနေပါတယ်၊ သားတော်က တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်ပေမဲ့ အသက်ငယ်သေးတော့ ခမည်းတော်ရဲ့ ဒုက္ခတွေကို မျှဝေမပေးနိုင်ပါဘူး၊ အနည်းဆုံးတော့ ညီလာခံ အရာရှိတွေ အမှုစစ်တာကို မနှောင့်ယှက်သင့်ဘူး ဆိုပြီး သည်းခံခဲ့တာပါ"
"အစပိုင်းတုန်းက အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးခဲ့တယ်၊ စိတ်ငြိမ်ဆေးရည် သောက်တာ လဝက်လောက် ရှိပြီ၊ မသက်သာဘူး၊ နောက်ပိုင်းကျတော့ နိုးလာတာနဲ့ စာထဖတ်တော့တာပဲ၊ ဆရာကတောင် သားတော် စာကြိုးစားတယ်ဆိုပြီး ချီးကျူးသေးတယ်"
ဤစကားများသည် နားထောင်လို့ ကောင်းလှ၏။ သားတော်က ဆရာ၏ ချီးကျူးခြင်းကို ခံရသည်ဟု ကြားရသောအခါ အရှင်မင်းကြီး ဝမ်းသာသွားသည်။
"စိတ်ငြိမ်ဆေးရည် သောက်နေတာ ဒီလောက်ကြာပြီကို ဘာလို့ ခမည်းတော်ကို မပြောတာလဲ"
ပဥ္စမမင်းသား: "ခမည်းတော်က နေ့စဉ် တိုင်းပြည်အရေးနဲ့ အလုပ်ရှုပ်နေတာ၊ သားတော်က ဒီလောက် သေးငယ်တဲ့ ကိစ္စလေးနဲ့ ခမည်းတော်ကို ဘယ်လိုလုပ် အနှောင့်အယှက် ပေးရဲမှာလဲ"
သားတော်က ဒီလောက်ထိ ရိုသေကိုင်းရှိုင်းပြီး အလိုက်သိသည်ကို တွေ့ရသောအခါ အရှင်မင်းကြီး၏ စိတ်နှလုံးသည် နွေးထွေးသွားပြီး ပဥ္စမမင်းသားကို ပို၍ သနားသွားတော့သည်။ "ဒီရက်ပိုင်း အိပ်မက်ဆိုးတွေ မက်သေးလား"
ပဥ္စမမင်းသားက ခေါင်းခါလိုက်သည်။ "သုံးလဆက်တိုက် ဖြစ်နေတာဆိုတော့ နေသားကျသွားပြီ ထင်ပါတယ်၊ ဒီရက်ပိုင်း အိပ်မက်ဆိုး မမက်တော့ပါဘူး"
အရှင်မင်းကြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သားတော် ငယ်သေးသော်လည်း ဒီလိုကိစ္စမျိုး ကြားရုံနဲ့ အိပ်မက်ဆိုးမက်လောက်အောင် ကြောက်ရွံ့ခြင်းသည် တော်ဝင်ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ ကံကောင်းစွာပင် မကြာမီ နေသားကျသွားပြီး မကြောက်တော့ပေ။
သို့သော် နောက်တစ်ခဏတွင် ပဥ္စမမင်းသား ပြောသည်ကို ကြားလိုက်ရပြန်သည်။ "ဒီရက်ပိုင်း ဖရဲသီးတွေက ခိုးမှုလောက်ပဲ ရှိပြီး ရောဂါလက္ခဏာတွေက အများကြီး ပေါ့ပါးသွားလို့လည်း ဖြစ်နိုင်ပါတယ်"
ခိုးမှုလား။ အရှင်မင်းကြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီအမှုက systemကို စစ်ဆေးခိုင်းလောက်တဲ့အထိ တန်ဖိုးရှိလို့လား။
လူသတ်မှု ဖရဲသီးကို တစ်ခါတလေ စားသုံးခြင်းက အဆင်ပြေသော်လည်း သုံးလဆက်တိုက် စားသုံးရခြင်းကို အရှင်မင်းကြီး အမှန်တကယ် ငြီးငွေ့နေပြီ ဖြစ်သည်။ ထို့ကြောင့် မကြာသေးမီက ဆက်မကြည့်တော့ဘဲ လင်ယို လာရောက် တင်ပြသည့် အခါတိုင်း အမှုစစ်ဆေးခြင်းနှင့် ပတ်သက်လျှင် မကြည့်ဘဲ ညီလာခံ မှူးမတ်များထံ တန်းပို့လိုက်သည်။
ထို့ကြောင့် မကြာသေးမီက system ဖြေရှင်းနေသည်မှာ ခိုးမှုများ ဖြစ်ကြောင်း သူ အမှန်တကယ် မသိခဲ့ပေ။
"အားလုံးက ခိုးမှုတွေချည်းပဲလား"
"မဟုတ်ပါဘူး၊ လူသတ်မှုတွေ၊ မတော်တဆမှုတွေလည်း ပါပါတယ်၊ ခိုးမှုက တစ်စိတ်တစ်ပိုင်းပါပဲ၊ အဲဒီ အမှုတော်တော်များများက ချူဟွား တစ်ချက်ကြည့်လိုက်ရုံနဲ့ ဖြေရှင်းနိုင်တဲ့ လွယ်ကူတဲ့ အမှုတွေပါ၊ သားတော်ကတော့ ဘာမှ မကြောက်ပါဘူး" ပဥ္စမမင်းသားက ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
အရှင်မင်းကြီး စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားပြီး သားတော်၏ ဂုဏ်ယူနေသော အမူအရာလေးကြောင့် ရယ်မောလိုက်မိသည်။ "မင်းကတော့လေ"
သားအဖ နှစ်ယောက် ခဏလောက် စကားပြောပြီးနောက် ပဥ္စမမင်းသားက ရှူးဖေးထံ သွားရောက် စကားပြောရန် ထွက်ခွာသွားသည်တွင် အရှင်မင်းကြီး၏ အပြုံးသည် ပျောက်ကွယ်သွားလေသည်။
သူ၏ သားတော်သည် စိတ်သဘောထား အနည်းငယ် ကျဉ်းမြောင်းပြီး သရုပ်ဆောင်ရတာ နှစ်သက်ကာ လူခြောက်ရတာကိုလည်း ဝါသနာပါသည်။ ထူးဆန်းသော အကျင့်စရိုက်ကြောင့် ပုံမှန်အားဖြင့် သူငယ်ချင်း သိပ်မရှိဘဲ တစ်စုံတစ်ယောက်ကို စိတ်ထဲထားသည်ကို တွေ့ရခဲသည်။
ဒီတစ်ခါ ချူဟွားအတွက် သီးသန့် နန်းတော်ထဲဝင်ပြီး လာတိုင်ပြောခြင်းကို ကြည့်လျှင် အမှန်တကယ် သည်းမခံနိုင်တော့ခြင်း ဖြစ်ပေလိမ့်မည်။
အရှင်မင်းကြီးသည် လင်ယိုကို ဆင့်ခေါ်ပြီး ညွှန်ကြားလိုက်ကာ လွန်ခဲ့သော ရက်အနည်းငယ်က အစီရင်ခံစာများကို ယူဆောင်လာပြီး တစ်ခေါက် ပြန်ဖတ်လိုက်သည်။ ထို့နောက် လူလွှတ်ပြီး ချူဟွားထံတွင် ပုံနေသော အမှုတွဲများကို ယူဆောင်လာကာ လှန်လှောကြည့်ရှုလိုက်သည်။ "..."
ဒါက သူ့အလှည့်သာဆိုရင် သူလည်း သည်းခံနိုင်မှာ မဟုတ်ဘူး။
ချူဟွား ဒီနေ့အထိ သည်းခံနိုင်ခဲ့တာက သူ့ကို အံ့အားသင့်စေသည်။ အဲဒီကောင်မလေးက စိတ်သဘောထား သေးသိမ်ပြီး အငြိုးအတေး ကြီးတတ်တာလေ။
ချက်ချင်းပင် မင်းဆရာအိုကြီး၊ မင်းဆရာကြီး၊ မြို့တော်အုပ်ချုပ်ရေးမှူး၊ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့ကို တော်ဝင်စာကြည့်ဆောင်၌ ဆွေးနွေးရန် ဆင့်ခေါ်လိုက်သည်။
လူစုံသည်နှင့် အရှင်မင်းကြီးသည် အစီရင်ခံစာများနှင့် အမှုတွဲများကို သူတို့ထံ ပစ်ပေးလိုက်သည်။
"မြို့တော်အုပ်ချုပ်ရေးမှူးရုံး၊ တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်တွေက အခု ဒီလို အမှုစစ်နေကြမှန်း ငါကိုယ်တော် မသိခဲ့ဘူး"
"လူသတ်မှုတစ်ခု ဖြစ်ပွားတယ်၊ မနက်ပိုင်းမှာ အလောင်းတွေ့တယ်၊ နေ့လယ်ပိုင်းမှာ ရင်ခွဲစစ်ဆေးပြီးပြီ၊ ဘယ်သူဘယ်ဝါမှန်း မခွဲခြားရသေးဘူး၊ လူသတ်လက်နက် မတွေ့သေးဘူး၊ သက်သေလူ သက်သေပစ္စည်း ဘာမှ မစစ်ဆေးရသေးဘူး၊ ဒီအမှုက ချူဟွားရှေ့ကို ရောက်သွားပြီ"
"ညမင်းသား ပုလဲတွေ ပျောက်တာ၊ ကုန်ပစ္စည်းတွေ ပျောက်တာကိုလည်း ချူဟွားကို စစ်ခိုင်းတယ်လား၊ ငါကိုယ်တော်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်က ပုလဲတွေ အများကြီး ပျောက်သွားတုန်းက သူ့ကို စစ်ခိုင်းခဲ့လို့လား"
"ဘာဖြစ်လို့လဲ၊ ချူဟွားက အခု မြို့တော်အုပ်ချုပ်ရေးမှူး ဖြစ်နေပြီလား၊ ဒါမှမဟုတ် တရားရေးဝန်ကြီးလား၊ ဒါမှမဟုတ် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်လား၊ အမှုကြီး အမှုငယ် အကုန်လုံး သူပဲ စစ်ဆေးရမှာလား"
ပြောရင်းနှင့် အရှိန်ရလာကာ "ခင်ဗျားတို့ရဲ့ ဦးထုပ်မည်းတွေကိုရော သူပဲ ဆောင်းရတော့မှာလား" ဟူသော စကားကို ပါးစပ်ဖျားမှ ထွက်လုနီးပါး ဖြစ်သွားသည်။
အရှင်မင်းကြီးသည် လျှာဖျားကို ကိုက်လိုက်ပြီး ချူဟွားအတွက် ရန်သူအလွယ်တကူ ဖြစ်လာစေနိုင်သော ထိုစကားကို မျိုချလိုက်ရသည်။
တစ်နေ့တွင် ချူဟွား ညီလာခံတက်ရောက်ပြီး system နှင့်အတူ သူ့ကို ကူညီပံ့ပိုးပေးရန် မျှော်လင့်ထားသေးရာ ယခုကတည်းက သူမအတွက် ရန်သူများ ဖန်တီးပေးလို့ မဖြစ်သေးပေ။ အထူးသဖြင့် တတိယအဆင့် အရာရှိကြီး သုံးဦးကို ဖြစ်သည်။
အရှင်မင်းကြီး ဒေါသထွက်သည်နှင့် လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားပြီး ခေါင်းငုံ့ကာ အဆူခံလိုက်ကြသည်။
အရှင်မင်းကြီး ဆူပူပြီးသောအခါ မြို့တော်အုပ်ချုပ်ရေးမှူး၊ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့သည် အမှုတွဲများနှင့် အစီရင်ခံစာများကို ကောက်ယူ ကြည့်ရှုလိုက်ရာ လွန်လွန်းသည်ဟု ခံစားလိုက်ရသည်။
သူတို့ ချူဟွားထံ ပေးပို့သော အမှုများသည် စစ်ဆေးရန် ခက်ခဲသော သို့မဟုတ် အလွန် အရေးကြီးသော အမှုများ ဖြစ်စေရန် သေချာ ရွေးချယ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရာရာ လမ်းကြောင်းမှန်ပေါ် ရောက်သွားသည်ဟု ထင်မြင်ကာ ကိစ္စများစွာကို လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးလိုက်ပြီး အကြိမ်တိုင်း စစ်ဆေးခြင်း မပြုတော့သဖြင့် ဤကဲ့သို့ ပေါ့လျော့မှုများ ဖြစ်ပေါ်လာခြင်းပင်။
သူတို့သည်လည်း အရှင်မင်းကြီး ကဲ့သို့ပင် အမှုစစ်ဆေးသည့် ဖရဲသီးများကို စားသုံးရသည်မှာ ငြီးငွေ့နေပြီဖြစ်ရာ မအားလပ်သည့်အခါ အစီရင်ခံစာကို တစ်ချက်ကြည့်ရုံဖြင့် ကျော်သွားခဲ့ပြီး အတွင်းမှ မသမာမှုများကို သတိမပြုမိခဲ့ကြသလို အလားတူ ဖြစ်ရပ်မျိုး ဘယ်နှကြိမ် ဖြစ်ပွားခဲ့သည်ကိုလည်း မသိရှိကြပေ။
ကိစ္စရပ်များ ဖြစ်ပျက်ပြီးဖြစ်သလို အရှင်မင်းကြီး ရှေ့မှောက်သို့လည်း ရောက်ရှိနေပြီဖြစ်ရာ မသိပါဘူးဟု ငြင်းဆိုရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ စစ်ဆေးမှု ပေါ့လျော့ခြင်း အပြစ်က ထင်ရှားနေပြီ ဖြစ်၏။
ထိုလူသုံးဦးသည် ချက်ချင်းပင် အပြစ်ကို ဝန်ခံလိုက်ကြ၏။ "ကျွန်တော်မျိုးတို့ရဲ့ ပေါ့လျော့မှုပါ"
သူတို့၏ လျင်မြန်စွာ အပြစ်ဝန်ခံသော သဘောထားကြောင့် အရှင်မင်းကြီး၏ မျက်နှာထား အနည်းငယ် ကောင်းမွန်သွားပြီး နှလုံးသားကို နာကျင်စေမည့် စကားများ ပြောဆိုရန် မလိုအပ်တော့ပေ။
"အရင်က ခင်ဗျားတို့ သူ့ကို ဘယ်နေရာသွားမလဲ ဆိုပြီး ငါကိုယ်တော်ရှေ့မှာ လုနေကြတော့ ခင်ဗျားတို့ သူ့ကို အလေးထားတယ် ထင်နေတာ၊ ဒီကိစ္စ ပြီးသွားရင်တော့ သူ ခင်ဗျားတို့အပေါ် ထားတဲ့ အမြင်က သိပ်ကောင်းတော့မှာ မဟုတ်ဘူး"
မြို့တော်အုပ်ချုပ်ရေးမှူး၊ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့၏ မျက်နှာသည် တစ်ဝက်လောက် မည်းမှောင်သွားတော့သည်။
ချူဟွားက သူတို့ ဌာနသုံးခုအပေါ် အမြင်မကြည်သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနအပေါ် အမြင်ကြည်လေသည်။ ဘဏ္ဍာရေးဝန်ကြီးက ချူဟွားကို ကိုယ့်သားသမီးလို ကာကွယ်ပြီး ချူဟွားက ဘဏ္ဍာရေးဝန်ကြီးဌာနက လူဖြစ်သင့်တယ်လို့ နေ့တိုင်း အော်နေတာ။
ဒီကိစ္စ ဖြစ်လာရင် နောက်ပိုင်း ချူဟွား ဘဏ္ဍာရေးဝန်ကြီးဌာနကို ရောက်သွားမှာလား။
မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး။
မြို့တော်အုပ်ချုပ်ရေးမှူးက ကိုယ့်ကိုယ်ကိုယ် ဝေဖန်လိုက်သည်။ "ဒီကိစ္စက ကျွန်တော်မျိုး ကြီးကြပ်မှု ညံ့ဖျင်းလို့ပါ၊ သခင်မလေးချူကို လူကိုယ်တိုင် သွားရောက် တောင်းပန်ပါ့မယ်"
တရားရေးဝန်ကြီးက ထပ်လောင်းပြောသည်။ "နောင် သခင်မလေးချူဆီ ပေးပို့မဲ့ အမှုတွဲတိုင်းကို ကျွန်တော်မျိုး ကိုယ်တိုင် စစ်ဆေးပါ့မယ်"
တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်က ခြေတစ်လှမ်း နောက်ကျသွားပြီး သူတို့နှစ်ယောက်လို ပြောလို့ မဖြစ်တော့သဖြင့် ခြားနားသော လမ်းကြောင်းကို ရွေးချယ်လိုက်သည်။
"ကျွန်တော်မျိုးက သခင်မလေးချူဆီ အကူအညီတောင်းတဲ့ အကြိမ်အရေအတွက်ကို လျှော့ချပါ့မယ်"
တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်၏ စကားကို ကြားသောအခါ မြို့တော်အုပ်ချုပ်ရေးမှူးနှင့် တရားရေးဝန်ကြီးတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ခင်ဗျား ရက်စက်လိုက်တာ!
အရှင်မင်းကြီး ပြုံးလိုက်ပြီး ပြောလိုက်သည်။ "နန်းစောင့်တပ်က ပြန်တင်ပြတယ်၊ ချူဟွားက ခင်ဗျားတို့ရဲ့ အမှုတွဲတွေကို လက်ခံတော့မှာ မဟုတ်ဘူးတဲ့"
ထိုလူသုံးဦးသည် ကြက်သေသေသွားကြတော့သည်။ ဘယ်လို ဖြစ်ရတာလဲ။
အမှုတွဲများကို သေချာ မစစ်ဆေးဘဲ ချူဟွားထံ ပေးပို့လိုက်ခြင်းက သူတို့အမှား ဖြစ်သော်လည်း ဒီကိစ္စလေးနဲ့ လူကို လုံးဝ အပြစ်လုပ်မိသွားပြီလား။ ဘာလို့ လက်မခံတော့တာလဲ။
သူတို့သည် ချူဟွားနှင့် system တို့၏ ခေါ်ဆောင်သွားခြင်းကို ခံရသည့် အရသာကို ခံစားဖူးပြီးဖြစ်ရာ အမှုတစ်ခုစစ်ဆေးရန် ခေါင်းပြောင်လုနီးပါး ဖြစ်ရသည့် အတိတ်ကာလသို့ ပြန်မသွားလိုကြတော့ပေ။ လူကို ဘယ်လို ပြန်ချော့ရမလဲ မသိသဖြင့် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် အရှင်မင်းကြီးကို နားလည်သဖြင့် အရှင်မင်းကြီးက တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေကြောင်း သိလိုက်ရသောကြောင့် စကားအများကြီး မပြောကြပေ။
သူတို့နှစ်ဦးသည် ချူဟွား အထင်သေးခံရခြင်း၊ အသုံးချခံရခြင်းတို့ကို စောစီးစွာ တွေ့ရှိခဲ့သော်လည်း အနာဂတ်တွင် အရာရှိလောကသို့ ဝင်ရောက်သည့်အခါ ဤကဲ့သို့သော နေ့ရက်များ များပြားလာမည် ဖြစ်သောကြောင့် ချူဟွား ကိုယ်တိုင် သတိပြုမိပြီး ပြန်လည် တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။ ၎င်းသည်လည်း ရှားပါးသော အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။
သူတို့သည် ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့ကြသည်။ ဥပမာ၊ ချူဟွားက အမှုတွဲများကို ပြန်ပို့ခြင်း၊ မြို့တော်အုပ်ချုပ်ရေးမှူးတို့နှင့် သေချာ ညှိနှိုင်းခြင်း အစရှိသည်တို့ ဖြစ်သည်။ သို့သော် ချူဟွားက ဒီကိစ္စကို အရှင်မင်းကြီး ရှေ့မှောက်သို့ ပို့ပြီး အမြစ်ဖြတ် ရှင်းလင်းလိုက်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
မဆိုးဘူးပဲ။
မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရန်သူတော်၏ မျက်လုံးထဲတွင် တူညီသော ကျေနပ်မှုကို တွေ့လိုက်ရသည်။ ကလေးက ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ ရှိသည်ကို နားလည်ပေးနိုင်သလို နည်းလမ်းက နည်းနည်း ရက်စက်တာက ပျော့ညံ့တာထက် ပိုကောင်းပေသည်။
အရှင်မင်းကြီးသည် ပြဇာတ်ကို ကြည့်ပြီးနောက် ထိုလူသုံးဦးကို ပြန်လွှတ်လိုက်ပြီး မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးကို သင်ကြားရေး တိုးတက်မှု အခြေအနေကို မေးမြန်းလိုက်သည်။
မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့က တစ်ခုချင်းစီ ဖြေကြားခဲ့ကြသည်။ ယေဘုယျအားဖြင့် ချူဟွား၏ တိုးတက်မှုက အမြန်ဆုံး ဖြစ်ပြီး နန်ကုန်းလင်က ဒုတိယ၊ ပဥ္စမမင်းသားက အနှေးဆုံး ဖြစ်သည်။
သင်ယူမှုနှုန်းသည် အသက်အရွယ်နှင့် သက်ဆိုင်သလို နန်ကုန်းလင် ကျောင်းဝင်တာ နောက်ကျသည်နှင့်လည်း သက်ဆိုင်သည်။
အရှင်မင်းကြီး စိတ်ထဲတွင် သိရှိပြီးဖြစ်ရာ ဤအကြောင်းကို မေးမြန်းခြင်းသည် အနည်းငယ် နားလည်ရန် သက်သက်သာ ဖြစ်ပြီး သူ အမှန်တကယ် မေးမြန်းချင်သော မေးခွန်းကို မေးလိုက်တော့သည်။
"မင်းဆရာကြီးနဲ့ ဆရာသမားတို့ရဲ့ အမြင်အရ ချူဟွား ညီလာခံ ဝင်ဖို့ ဘယ်အချိန်က အသင့်တော်ဆုံးလဲ"
စောစောကတည်းက အရှင်မင်းကြီးသည် နေရာအနှံ့အပြားတွင် ချူဟွားအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့သဖြင့် ညီလာခံမှ အရာရှိ အများအပြားသည် သူ၏ သဘောထားကို ရိပ်မိနေကြပြီ ဖြစ်သည်။
ဒီနေ့က အရှင်မင်းကြီး ပထမဆုံးအကြိမ် ထုတ်ပြောခြင်း ဖြစ်သည်။ သူ စိတ်လောနေပြီ။
ဟုတ်ပါသည်။
အချိန်ကို တွက်ကြည့်လျှင် ဖရဲသီးစား system ပေါ်လာသည်မှာ တစ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်။
ကျောက်ရောဂါ ကာကွယ်ဆေး၊ ပိုးသတ်ဆေး ပင်နီစလင်၊ အကျင့်ပျက် အရာရှိများကို ဖမ်းဆီးခြင်း၊ ရှီးရုံ သူလျှိုများကို ဖမ်းဆီးခြင်း... သာ့ရှန်းသည် ချူဟွားနှင့် system ထံမှ ကောင်းမွန်သော အရာများစွာကို ဆက်တိုက် ရရှိခဲ့သည်။
ဒီနှစ်မှာ ငှက်ဖျားရောဂါ ကုသဆေးရရှိပြီး အထွက်နှုန်းကောင်းသော ကန်စွန်းဥများကို ရရှိပြီးနောက် အရှင်မင်းကြီး လိုချင်သော အရာများ ပိုများလာသည်။
ကံမကောင်းစွာဖြင့် စိတ်ပျက်ရတော့မည်။
မင်းဆရာအိုကြီး ခေါင်းခါလိုက်သည်။ "အချိန် မတန်သေးပါဘူး"
အရှင်မင်းကြီး: "..." သေချာတဲ့ အချိန်တစ်ခုတောင် မပေးဘူး၊ တကယ့် ဆရာသမားပါပဲ။
မင်းဆရာကြီးက ပိုဆိုးသည်။ "ကျွန်တော်မျိုး ထင်မြင်တာကတော့ နောက်နှစ်ကြိမ် ထပ်ကျင်းပမဲ့ နန်းတွင်းစာမေးပွဲကျမှ ဝင်ရောက် ဖြေဆိုကြည့်သင့်ပါတယ်"
အရှင်မင်းကြီး: "..."
နန်းတွင်းစာမေးပွဲက သုံးနှစ်တစ်ကြိမ် ကျင်းပတာဆိုတော့ နောက်ထပ် ၅ နှစ်လောက် စောင့်ရဦးမှာပေါ့။
ပြီးတော့ အဲဒီမတိုင်ခင် သူက ချူဟွားအတွက် အမျိုးသမီးများ နန်းတွင်းစာမေးပွဲ ဖြေဆိုခွင့် လမ်းကြောင်းကို ခင်းပေးရဦးမှာလား။
အား အား အား ရှုံးပြီ၊ ရှုံးပြီ!
...