← Chapters

အခန်း ၁၀၅

Vol. 7 Ch. 105

အခန်း ၁၀၅

Vol. 7 Ch. 105

အပိုင်း (၁၀၅)

နောက်တစ်ကြိမ်ကျော်မှ ဖြေရမဲ့ နန်းတွင်းစာမေးပွဲလား။ ဒီလောက် ကြာကြာ စောင့်ရဦးမှာလား။

အပျော်အပါး ကြိုက်နှစ်သက်သော system သည် ပဥ္စမမင်းသား၏ တိုင်တောမှု နောက်ဆက်တွဲကို အမြဲစောင့်ကြည့်နေခဲ့သည်။ ဤအခြေအနေကို မြင်သောအခါ နားမလည်နိုင် ဖြစ်ရပြီး သူ့သခင်အား ရှင်းပြခိုင်းချင်နေလေသည်။

သို့သော် ထိုအချိန်တွင် ချူဟွားသည် ရှန်လုနောက်လိုက်ကာ စာသင်ကြားနေပြီး အာရုံစူးစိုက်ထားသဖြင့် အလှလေး၏ မျက်နှာကိုပင် ကြည့်ရှုခံစားရန် အချိန်မရှိရာ ဤကဲ့သို့သော သေးငယ်သည့် ကိစ္စရပ်များအပေါ် မည်သို့ အာရုံစိုက်နိုင်ပါမည်နည်း။

System မှာ သိလိုစိတ်နှင့် ပြောချင်စိတ်များကို အောင့်အီးသည်းခံထားရပြီး ထိုညနေ သင်တန်းပြီးဆုံး၍ ချူဟွား မြင်းလှည်းပေါ်တက်ကာ အိမ်ပြန်ချိန်ရောက်မှသာ တိုင်တောမှု ဖြစ်စဉ်၏ အစအဆုံးကို ပြောပြနိုင်တော့သည်။

System သည် သူ၏ သံသယများနှင့် နားမလည်နိုင်မှုများကို အစဉ်လိုက် ပြောပြသည်။

[မြို့တော်အုပ်ချုပ်ရေးမှူးတို့ သုံးယောက်က နင်နဲ့ ငါ့ရဲ့ သိုးမွေးကို ရိတ်ချင်နေတယ် (အမြတ်ထုတ်ချင်နေတယ်) လို့ ထင်ထားတာ၊ တခြားလူတွေ လုပ်တာ ဖြစ်နေမယ်လို့ မထင်ထားမိဘူး]

ချူဟွား: [သူတို့ သုံးယောက်က သက်ဆိုင်ရာ ဌာနတွေရဲ့ အကြီးဆုံး ခေါင်းဆောင်တွေလေ၊ သူတို့လက်ထဲ ရောက်လာတဲ့ အမှုတွေက အရမ်းခက်ခဲတာ ဒါမှမဟုတ် အရေးကြီးတဲ့ အမှုတွေပဲ ဖြစ်မှာပေါ့၊ ကိုယ်တိုင် မဖြေရှင်းနိုင်တော့မှ နင့်ကို လာရှာတာ၊ မဟုတ်ရင် သူတို့ မျက်နှာ ဘယ်ထားမလဲ]

[ပြီးတော့ သူတို့က ငါနဲ့ ဆက်ဆံရေးကောင်းအောင် ပေါင်းချင်နေကြတာ၊ အနာဂတ်မှာ သူတို့ဌာနကို လာလုပ်ဖို့ ဆွဲဆောင်ချင်နေကြတာ၊ လက်အောက်ငယ်သားတွေ ဖြေရှင်းနိုင်တဲ့ အမှုမျိုးကို ယူလာပြီး ငါ စိတ်မရှည်အောင် လုပ်ပါ့မလား]

ချူဟွားသည် ခေါင်းငုံ့ပြီး အလုပ်ကြိုးစားနေသဖြင့် ဘာမှမသိဟု system က ထင်မှတ်ထားခဲ့သော်လည်း ဤစကားကို ကြားရသောအခါ အတွင်းရေးကို ကောင်းကောင်း နားလည်နေပုံ ပေါက်နေသည်။

[ဒါဆို နင်က ဘာလို့ ရိုးရိုးသားသား ကူညီပေးနေသေးတာလဲ]

ချူဟွားက ပြုံးလိုက်သည်။ System တွင် အကူအညီ cheat ပါပြီး ဖရဲသီးစားနိုင်ကာ သတင်းအချက်အလက် ရှာဖွေနိုင်စွမ်း အလွန်ကောင်းမွန်သော်လည်း လူသားများကိုတော့ သိပ်နားမလည်ပေ။

[ထုံအာရေ၊ တစ်ခုက မှားနေတာ မြင်တာနဲ့ ချက်ချင်း မျက်နှာပျက်ပြီး ပြဿနာ အကြီးကြီး ဖြစ်အောင် လုပ်တာ၊ နောက်တစ်ခုက တစ်ခဏလောက် သည်းခံလုပ်ပေးပြီးမှ တကယ် စိတ်မရှည်တော့တဲ့အခါကျမှ ပစ်ချပြီး မလုပ်တော့ဘူးလို့ ပြောတာ၊ နင့်အမြင်အရဆိုရင် ဘယ်တစ်ခုက ပိုကောင်းမယ် ထင်လဲ]

System က တုံ့ဆိုင်းမနေဘဲ ဖြေသည်။ [ဒါပေါ့ နောက်တစ်ခုက ပိုကောင်းတာပေါ့]

သူ သဘောပေါက်သွားပြီ။ လုပ်ရပ်နှစ်ခုစလုံးက မလုပ်တော့တာခြင်း တူသော်လည်း ဖြစ်ပေါ်လာမည့် အကျိုးဆက်နှင့် ရိုက်ခတ်မှုများက မတူညီပေ။

[ပထမနည်းလမ်းက နင့်ကို စိတ်ဆတ်တယ်လို့ ထင်သွားစေနိုင်တယ်၊ ဘယ်သူက နင့်ကို နစ်နာအောင် လုပ်ရဲမှာလဲ၊ နင်က ကောင်းကင်ကြီး ပေါက်ထွက်သွားအောင် ပြဿနာရှာမဲ့လူပဲ၊ တစ်နေ့ကျရင် အရှင်မင်းကြီးက တာဝန်ပေးအပ်ချင်ရင်တောင် နင့်ရဲ့ စရိုက်ကြောင့် တာဝန်ပျက်ကွက်မှာ စိုးရိမ်နေရလိမ့်မယ်]

[ဒီကိစ္စက မြို့တော်အုပ်ချုပ်ရေးမှူးတို့ သုံးယောက် ကိုယ်တိုင်က စစ်ဆေးမှု ပေါ့လျော့ပြီး လက်အောက်ငယ်သားတွေကို လွယ်ကူတဲ့ အမှုတွေ ရောထည့်ခွင့် ပေးလိုက်မိတာ ဆိုပေမဲ့ နင်ကသာ ပြဿနာကို အကြီးကြီး ဖြစ်အောင် လုပ်လိုက်ရင် သူတို့ မျက်နှာပျက်စရာ ဖြစ်သွားပြီး မမြင်ရတဲ့ ရန်သူတွေ ဖြစ်သွားနိုင်တယ်၊ အနာဂတ်မှာ နင့်ကို ဖိနပ်ကျပ်ကျပ် စီးခိုင်းရင် (အကြပ်ရိုက်အောင်လုပ်ရင်) ဒုက္ခရောက်လိမ့်မယ်]

[ဒုတိယနည်းလမ်းကကျတော့ နင်က ကူညီချင်စိတ်ရော ဖုံးဖိပေးချင်စိတ်ရော ရှိတယ် ဆိုတာ ပေါ်လွင်စေတယ်၊ သူတို့ လုပ်ရပ်က လွန်လွန်းအားကြီးလို့သာ နင် သည်းမခံနိုင်တော့ဘဲ မလုပ်ချင်တော့တာ ဖြစ်သွားတာ]

[ဒါပေမဲ့...] System သည် စိုးရိမ်စိတ်ဖြင့် တုံ့ဆိုင်းစွာ ပြောလိုက်သည်။ [ဒီကိစ္စက ပဥ္စမမင်းသားက ကြည့်မနေနိုင်တော့လို့ နင့်အစား အရှင်မင်းကြီးဆီ သွားပြောပေးလိုက်တာလေ၊ တကယ်လို့ သူသာ မကူညီခဲ့ရင် နင် ဘယ်အချိန်လောက်မှ ပစ်ချဖို့ စဉ်းစားထားလဲ]

System ၏ စိုးရိမ်မှုကို ချူဟွားက သိနေသည်။ System အ,လေးက သူမ ပဥ္စမမင်းသားကို တွက်ချက် ကြံစည်သည်ဟု ထင်နေသော်လည်း ဤကိစ္စသည် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။

[ဒီရက်ပိုင်းပါပဲ၊ သူ မကူညီရင်လည်း ငါတို့က ဖရဲသီးစားတဲ့ နည်းလမ်းနဲ့ ထုတ်ပြောလို့ ရတာပဲ]

System: [ဘာလို့ ဒီရက်ပိုင်းကို ရွေးရတာလဲ]

ချူဟွားက သတိပေးလိုက်သည်။ [မနှစ်က နင် ရောက်လာတုန်းကလည်း ဒီလိုအချိန်မျိုးပဲလေ၊ အဲဒီတုန်းက ဘာဖြစ်ခဲ့သလဲ]

System ပြန်လည် စဉ်းစားကြည့်လိုက်သည်။ သူ ရောက်လာချိန်တွင် ချူဟွားသည် ယောကျ်ားလေးအသွင် ဝတ်ဆင်၍ ချူချင်းအစား ညီလာခံ တက်ရောက်နေပြီး ချူချင်းကတော့ ကျန်းနန်သို့ သွားရောက်ကာ ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေ အစားခံရမှု (အဂတိလိုက်စားမှု) ကို စုံစမ်းစစ်ဆေးနေချိန် ဖြစ်သည်။

[ဪ... ငါ သိပြီ! ဒီနှစ် မိုးရွာသွန်းမှုက သိပ်မများပေမဲ့ ဒေသအသီးသီးကနေ ရေကြီးတာတို့၊ တာတမံ ကျိုးပျက်တာတို့ သတင်းတွေ ဆက်တိုက် ကြားနေရတယ်၊ နိုင်ငံတော် ဘဏ္ဍာတိုက်က ငွေတွေ အများကြီး ချပေးလိုက်ပြီ၊ ဒီအချိန်မှာ တစ်ယောက်ယောက်က အဂတိလိုက်စားမယ် ဆိုရင်...]

System သည် ဟီးဟီး ဟု ရယ်မောလိုက်ပြီး မကြာမီ အဂတိလိုက်စားမှု ဖရဲသီး စားရတော့မည်ဟု တွေးလိုက်သည်။ သူသည် လူသတ်မှု၊ ခိုးမှု ဖရဲသီးများကို စားရတာ ငြီးငွေ့နေပြီဖြစ်၍ အရသာ ပြောင်းချင်နေပြီ ဖြစ်သည်။

သို့သော် မကြာမီ သူ့တွင် နောက်ထပ် မေးခွန်းတစ်ခု ထွက်ပေါ်လာပြန်သည်။ [ညီလာခံ အရာရှိတွေက ငါ ရှိနေတာ သိကြတာပဲ၊ အိမ်ရာမြေသိမ်းဖို့ အကောင်းဆုံး လက်နက်ကြီး ရှိနေရက်နဲ့ သူတို့က အဂတိလိုက်စားရဲပါ့မလား]

ပုံမှန်အားဖြင့် အဂတိလိုက်စားခြင်းသည် မမိလောက်ပါဘူးဟူသော ကံကိုယုံသည့် စိတ်ထား သို့မဟုတ် အထက်လူကြီးက ကာကွယ်ပေးထားသဖြင့် မိသွားလည်း ကိစ္စမရှိပါဘူးဟူသော အတွေးဖြင့် ကျူးလွန်ကြခြင်း ဖြစ်သည်။

ဖရဲသီးစား system 188 ရှိနေသမျှ ကာလပတ်လုံး အကျင့်ပျက် အရာရှိများကို စစ်ဆေးတိုင်း မိနေမည်ဖြစ်ရာ ထိုလူများသည် ခေါင်းဖြတ်ခံရမည့် အန္တရာယ်နှင့် အိမ်ရာမြေသိမ်းခံရမည့် အန္တရာယ်ကို စွန့်စားပြီး လာဘ်စားကြပါဦးမည်လော။

ချူဟွား: [မြို့တော်မှာတောင် ကိုးဆင့်အရာရှိအထက် လူတွေပဲ နင့်အကြောင်း သိကြတာ၊ ကိုးဆင့်အောက် အရာရှိငယ်လေးတွေ တချို့က မသိကြဘူး၊ မြို့တော် အတွင်းရော အပြင်မှာပါ မသိတဲ့သူတွေက ကြောက်ရွံ့ခြင်း မရှိကြဘူး]

[အကြောင်းပြချက် အမျိုးမျိုးကြောင့် စွန့်စားမဲ့လူတွေ အမြဲ ရှိနေမှာပဲ၊ မိသားစုဝင်တွေ ပြင်းထန်စွာ ဖျားနာလို့ ပိုက်ဆံလိုတာ ဖြစ်နိုင်တယ်၊ လောဘတက်တာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တစ်ခါတည်း အများကြီး ယူပြီး ထွက်ပြေးမယ်လို့ ကြံစည်တဲ့လူတွေလည်း ရှိနိုင်တယ်၊ ဘယ်တော့မှ ပိတ်ပင်လို့ ရမှာ မဟုတ်ဘူး]

System သည် ကုတ်ဒေတာ အစုအဝေး တစ်ခုသာဖြစ်ပြီး လူသားများ၏ ခံစားချက် မရှိသလို အပျော်အပါး၊ စည်းစိမ်ဥစ္စာ စသည့် ဆန္ဒများလည်း မရှိပေ။

သူ့အမြင်တွင် အသက်ထက် အရေးကြီးတာ ဘာမှ မရှိသော်လည်း လူသားများစွာ၏ မျက်လုံးထဲတွင်တော့ စည်းစိမ်ဥစ္စာသည် အသက်နှင့် ရင်းပြီး ယူရလောက်အောင် တန်ဖိုးရှိနေပုံ ရသည်။

System နားမလည်နိုင်သဖြင့် လွှတ်ထားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သာရာ ပေးလိုက်သည်။

[အရာရှိတွေ အဂတိလိုက်စားတယ်ဆိုတဲ့ သတင်းတွေ တက်လာရင် သူတို့ အလုပ်ရှုပ်သွားကြပြီး နင့်ကို ဂရုမစိုက်နိုင်တော့ဘူးလို့ နင် ထင်လို့လား]

ချူဟွား: [အဲဒီအကြောင်းရင်းလည်း တစ်စိတ်တစ်ပိုင်း ပါတယ်၊ ဒါပေမဲ့ ပိုအရေးကြီးတာက သူတို့က အဂတိလိုက်စားမှုကို စစ်ဆေးဖို့ နင့်ကို အားကိုးရမှာမို့လို့ ငါနဲ့နင့်ရဲ့ အချိန်တွေ၊ ဖရဲသီး စွမ်းအင်တွေကို တခြားလူတွေ ဖြေရှင်းနိုင်တဲ့ အမှုသေးသေးမွှားမွှားလေးတွေအပေါ်ဖြုန်းတီးခိုင်းတော့မှာ မဟုတ်ဘူး ဆိုတာလေ]

Systemက သဘောပေါက်သွားသည်။ [ဟုတ်သားပဲ! ငါ ဘာလို့ အဲဒါကို မေ့နေရတာလဲ]

System ၏ မှတ်ဉာဏ်က မကောင်း၍ မဟုတ်ဘဲ သုံးလလုံးလုံး လူသတ်မှု၊ ခိုးမှု၊ မတော်တဆမှုများကိုသာ စစ်ဆေးနေရသဖြင့် ကိုယ့်ကိုယ်ကိုယ် ရာဇဝတ်မှု စစ်ဆေးရေး system ဟု ထင်မှတ်မှားကာ အဂတိလိုက်စားမှုကို စစ်ဆေးနိုင်သေးသည်ကို မေ့လုနီးပါး ဖြစ်သွားခြင်း ဖြစ်သည်။

Systemu စိတ်ထဲ ပြောလိုက်သည်။ အဂတိလိုက်စားမှု စစ်ဆေးတာကလည်း ငါ့ရဲ့ ပင်မအလုပ် မဟုတ်ပါဘူး။

ဤသံသယ ဖြေရှင်းပြီးသည်နှင့် သူက ဒုတိယ မေးခွန်းကို ထုတ်လိုက်သည်။ [ပဥ္စမမင်းသား ကြည့်ရတာ ကျောင်းသားကောင်းလေး တစ်ယောက်လိုပဲ၊ သူ့အဖေရှေ့မှာ ဒီလောက်တောင် သရုပ်ဆောင် တော်မယ်လို့ မထင်ထားဘူး]

ဒီကိစ္စကြောင့်သာ မဟုတ်လျှင် ပဥ္စမမင်းသားသည် system က တံဆိပ်တုံး ထုပေးထားသည့် ဝမ်းတွင်းမည်းလေးဖြစ်ကြောင်း သူ မေ့လုနီးပါး ဖြစ်သွားပြီ။

ချူဟွား: [သူက ငါ့အတွက် နန်းတော်ထဲဝင်ပြီး တိုင်တောပေးတယ်ဆိုတာ နင် သိတယ်၊ ဒါကြောင့် သူ ပြောသမျှ လုပ်သမျှ အရာအားလုံးက တိုင်တောတဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့လို့ နင် ထင်နေတာ၊ ဒါပေမဲ့ သူက တစ်ချိန်တည်းမှာပဲ အရှင်မင်းကြီးရှေ့မှာ မျက်နှာရအောင် ယူလိုက်တာ]

System က သူ အကုန်လုံး မြင်ပြီးပြီဟု ထင်ထားသော်လည်း ချူဟွားက ဤသို့ ပြောလာသောအခါ မသေချာတော့ပေ။ [ဖခင်ကို ဂရုစိုက်တာ၊ အလိုက်သိတာ၊ နင့်အတွက် တိုင်ပေးတာ အပြင် ငါ မမြင်လိုက်မိတဲ့ မျက်နှာလိုချင်တဲ့ နည်းလမ်း ရှိသေးလို့လား]

ချူဟွားက ရှင်းပြရသည်။ [သူက အိပ်မက်ဆိုး မက်ပြီး လန့်နိုးတယ်၊ ထပြီး စာဖတ်တယ် ဆိုတာကို ပြောခြင်းအားဖြင့် အခွင့်အရေးကို အသုံးချပြီး ကြိုးစားလေ့လာတယ် ဆိုတာ ပြလိုက်တာ၊ ပြီးတော့ ဆရာက ချီးကျူးတယ် ဆိုတာ ပြောခြင်းအားဖြင့် သူ့ရဲ့ ကြိုးစားမှုက ထိရောက်တယ် ဆိုတာ သက်သေပြလိုက်တာ။ မင်းဆရာအိုကြီးက အရှင်မင်းကြီးရဲ့ ဆရာလေ၊ သားတော်က မင်းဆရာအိုကြီးရဲ့ အသိအမှတ်ပြုခြင်း ခံရတယ်ဆိုတော့ အရှင်မင်းကြီး မပျော်ဘဲ နေမလား]

[ပဥ္စမမင်းသားက အစပိုင်းမှာ အိပ်မက်ဆိုးတွေ ဆက်တိုက် မက်ရာကနေ နောက်ပိုင်းမှာ နေသားကျသွားတယ်လို့ ပြောခြင်းအားဖြင့် သူ့ရဲ့ တိုးတက်မှုနဲ့ ပြောင်းလဲမှုကို ပြလိုက်တာ။ သူက အခုမှ ၁၀ နှစ်ပဲ ရှိသေးတယ်၊ ကြောက်တာ ပုံမှန်ပဲ၊ မကြောက်တော့ဘူး ဆိုမှ အရှင်မင်းကြီး အံ့ဩသွားတာ]

[သူ ငါ့အတွက် တိုင်ပေးတယ် ဆိုတာက အပေါ်ယံ ကြည့်ရင် ငါ့အတွက် ကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ အရှင်မင်းကြီး ရှေ့မှာ သူနဲ့ ငါ့ရဲ့ ဆက်ဆံရေးက တော်တော်လေး ရင်းနှီးပါတယ်လို့ ပြလိုက်တာ မဟုတ်ဘူးလား]

System တစ်ခုလုံး ထုံကျင်သွားတော့သည်။

သူက ပဥ္စမမင်းသားသည် ဝမ်းတွင်းမည်းခြင်းက အနည်းငယ်ဖြစ်မည်ဟုသာ ထင်ထားပြီး ချူဟွားနှင့် ဤမျှလောက် အချိန်ကြာမြင့်စွာ အတူနေလာခဲ့သည်ဖြစ်ရာ သူငယ်ချင်း ဖြစ်နေလောက်ပြီဟု ယူဆထားခဲ့သည်။

အခုလို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်တော့ ဘာလို့ အထဲမှာ တွက်ချက်မှုတွေချည်း ပါနေရတာလဲ။

[ပဥ္စမမင်းသားက ၁၀ နှစ်ပဲ ရှိသေးတာ၊ တိုင်တောတာ တစ်ခုတည်းနဲ့ ဒီလောက် အများကြီး ပါတယ်ဆိုတော့ တော်ဝင်မိသားစုဝင်တွေက ကြောက်စရာ ကောင်းလိုက်တာ!]

ချူဟွား: [အဲလိုလည်း မဟုတ်သေးပါဘူး၊ ဒါက ငါ့ရဲ့ ကိုယ်ပိုင် သုံးသပ်ချက်ပါ၊ ငါကပဲ မကောင်းမြင်လွန်းနေတာ ဖြစ်ချင်ဖြစ်မှာ၊ သူက ရည်ရွယ်ချက် မရှိဘဲ လုပ်တာလည်း ဖြစ်နိုင်တာပဲ]

[တချို့လူတွေက မွေးရာပါ ချွဲတတ်တဲ့လူ၊ တိုင်တတ်တဲ့လူ ဖြစ်နေတာကိုတော့ နင် ငြင်းလို့ မရဘူး၊ စကားတော်တော်များများက ရည်ရွယ်ချက် ရှိရှိ ပြောတာ မဟုတ်ပေမဲ့ တိုက်ဆိုင်သွားပြီး ရလဒ်တချို့ ဖြစ်ပေါ်လာတတ်တယ်၊ ကောင်းတာလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်၊ လူတွေ အထင်လွဲစရာလည်း ဖြစ်နိုင်တယ်]

System စစ်ဆေးကြည့်လိုက်တော့ ဟော... တကယ်ပါပဲလား။

သူ ပေါ်သွားပြီ ဖြစ်သဖြင့် အခြားသူများ၏ အတွင်းစိတ်ကို ထောက်လှမ်း၍ မရတော့သည့် အခြေအနေတွင် သာ့ရှန်းမင်းဆက်မှ တော်ဝင်မိသားစုဝင်များနှင့် အရာရှိများသည် လျှို့ဝှက်ချက် ထိန်းသိမ်းရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပြီး သူ သိရှိသွားမည် စိုးသဖြင့် မည်သူကမျှ သူတို့၏ တွက်ချက်မှုများနှင့် အစီအစဉ်များကို လွယ်လွယ်ကူကူ ထုတ်ဖော် ပြောဆိုခြင်း မရှိကြတော့ပေ။

ပဥ္စမမင်းသား၏ စစ်မှန်သော အတွေးက ဘာလဲ ဆိုတာ ကာယကံရှင်က ပါးစပ်ပိတ်ထားသရွေ့ သူ ဘာမှ မသိနိုင်ပေ။

System သည် ဝမ်းတွင်းမည်းလေးကို ကြိတ်ပြီး ဆဲဆိုလိုက်ပြီး ပြတ်သားစွာ လက်လျှော့လိုက်ကာ တတိယ မေးခွန်းကို စတင် ဖြေရှင်းလိုက်သည်။ [မင်းဆရာကြီးက ဘာလို့ နင့်ကို နောက်တစ်ကြိမ်ကျော်မှ ကျင်းပမဲ့ နန်းတွင်းစာမေးပွဲကို ဝင်ဖြေခိုင်းတာလဲ၊ ၅ နှစ်တောင် စောင့်ရဦးမှာ၊ ကြာလိုက်တာ]

ချူဟွား: [မကြာပါဘူး၊ ၅ နှစ်နေရင် ငါ ၁၉ နှစ်ပဲ ရှိဦးမှာ၊ ငါ့အစ်ကိုက အသက် ၂၀ မှာ တတိယရခဲ့တာလေ၊ ငါက ငါ့အစ်ကိုထက်တောင် ၁ နှစ် ငယ်နေဦးမှာ]

[ပြီးတော့ နန်းတွင်းစာမေးပွဲ အစဉ်လိုက်က ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ မြို့တော်အဆင့်၊ တော်ဝင်အဆင့် ဆိုပြီး ရှိတာ၊ ခရိုင်အဆင့်က ပြောလို့ရပေမဲ့ ပြည်နယ်အဆင့်က ၃ နှစ်မှ တစ်ကြိမ် ကျင်းပတာ၊ အဲဒါတွေကို အချိန်ကိုက် သွားဖြေရမှာ၊ နောက်တစ်ကြိမ် စာမေးပွဲကိုတော့ သေချာပေါက် မမီတော့ဘူး]

နောက်တစ်ကြိမ်ကျော် စာမေးပွဲ ဝင်ဖြေဖို့တောင် နည်းနည်း လိုနေသေးသည်။

သူမ သင်ယူစရာတွေ များပြားပြီး လုပ်စရာတွေလည်း များပြားသဖြင့် စာမေးပွဲအတွက် ပြင်ဆင်ခြင်း တစ်ခုတည်းအပေါ် အာရုံအပြည့်အဝ စိုက်ထား၍ မရနိုင်ပေ။

System မှတ်တမ်းများကို လှန်လှောကြည့်လိုက်ရာ တကယ်ပင် ထိုအတိုင်း ဖြစ်နေသည်။

ချူဟွားက ပညာစုံအောင် မသင်ရသေးဘဲ ကမန်းကတန်း ဝင်ဖြေခိုင်းလျှင် ကောင်းမွန်သော ရလဒ် ရရှိနိုင်မည် မဟုတ်ပေ။ ထို့အပြင် သာ့ရှန်းက လက်ရှိတွင် အမျိုးသမီးများကို စာမေးပွဲ ဖြေဆိုခွင့် မပြုသေးရာ အတွင်းရော အပြင်ပါ အခြေအနေများ မပြည့်စုံသေးသဖြင့် စောင့်ဆိုင်းရုံသာ ရှိတော့သည်။

သို့သော် အခြားရှုထောင့်မှ ကြည့်လျှင် ပြင်ဆင်ချိန် ၅ နှစ်ဆိုသည်မှာ လုံလောက်မှုရှိပြီး ဆယ်နှစ်ကျော် ပြင်ဆင်ခဲ့ကြသော သူများနှင့် ယှဉ်ပြိုင်နိုင်ကောင်း ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

System: [မမဟွား ကြိုးစားထား၊ အဲဒီကျရင် ကမ္ဘာ့နံပါတ်တစ် အမျိုးသမီး ကျွမ့်ယွမ် (ပထမဆုရှင်) ဘွဲ့ကို အရယူခဲ့!]

ချူဟွားမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ သူမကို အထင်ကြီးလွန်းနေပြီ။

သူမက စာတစ်ခေါက် ဖတ်ရုံနဲ့ မှတ်မိတယ် ဆိုဦးတော့၊ ဆယ်နှစ်ကျော် အနှစ်နှစ်ဆယ်ကျော် ပြင်ဆင်ခဲ့ကြတဲ့ သူတွေကို ၅ နှစ်တည်းနဲ့ အမီလိုက်ပြီး ပထမဆု ရယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

သို့သော် System က သူမကို မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိပြီး မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့ကလည်း အစွမ်းကုန် သင်ကြားပေးနေသဖြင့် ဆရာနှစ်ဦး၏ ဂုဏ်သတင်းကို အထိခိုက်မခံနိုင်ပေ။

ဒါဆိုရင် စွန့်စားပြီး ကြိုးစားကြည့်ကြတာပေါ့။

ဆုံးဖြတ်ချက် ချပြီးနောက် ချူဟွားသည် ယခင်ကထက် ပိုပြီး ကြိုးစားလာသည်။

ပဥ္စမမင်းသားနှင့် နန်ကုန်းလင်တို့သည် ချူဟွား ဘာကြောင့်မှန်းမသိ ရုတ်တရက်ကြီး ထကြွ လုံ့လရှိလာသည်ကို တွေ့လိုက်ရသည်။ ဆရာပေးသော အိမ်စာများကို သတ်မှတ်ထားသည်ထက် ပိုမို မြန်ဆန်စွာ ပြီးစီးအောင် လုပ်ဆောင်ပြီး အားလပ်ချိန်တွင် သူမ ကိုယ်တိုင် ချူချင်းအတွက် ပြင်ဆင်ပေးခဲ့ဖူးသော "၃ နှစ် စာမေးပွဲ၊ ၅ နှစ် လေ့ကျင့်ခန်း" စသည့် စာအုပ်များကို ဖတ်ရှုလေသည်။

ထိုစာအုပ်များသည် စာမေးပွဲ ဖြေဆိုမည့် သူများသာ ဖတ်ရှုသော စာအုပ်များ ဖြစ်ပြီး တော်ဝင်မိသားစုမှ မွေးဖွားလာသော ပဥ္စမမင်းသားနှင့် စာမေးပွဲ ဖြေဆိုခွင့် မရှိသော နန်ကုန်းလင်တို့အတွက် လုံးဝ အသုံးမဝင်သလို အချိန်ဖြုန်းစရာလည်း မလိုအပ်ပေ။

သို့သော် ဘေးနားတွင် ထိုသို့သော အလုပ်ကြိုးစားသူ တစ်ယောက် ရှိနေပြီး အချိန်တိုင်း စာလုပ်နေသဖြင့် သူတို့၏ နှိုင်းယှဉ်ချက်အရ ပျင်းရိမှုကို အချိန်တိုင်း သတိပေးနေသလို ဖြစ်နေသောကြောင့် သူတို့လည်း မနေသာတော့ဘဲ လိုက်လံ ကြိုးစားရတော့သည်။

ချူဟွားနှင့် နန်ကုန်းလင်တို့သည် မူလက စာမေးပွဲ ဖြေဆိုရန် အစီအစဉ် မရှိခဲ့ဘဲ ဤစာများကို ဖတ်ရှု လေ့လာရသည်မှာ အလွန် ပင်ပန်းသော်လည်း "ယောကျ်ားလေးတွေ လုပ်နိုင်ရင် ငါတို့ ဘာလို့ မလုပ်နိုင်ရမှာလဲ" ဟူသော အရှုံးမပေးလိုသည့် စိတ်ဓာတ်ဖြင့် များများဖတ်၊ များများလေ့လာ၊ များများခွဲခြမ်းစိတ်ဖြာပြီး ခေါင်းမာမာဖြင့် ရှေ့ဆက်တိုးကြသည်။

ပဥ္စမမင်းသားမှာ အသက်ငယ်သေးပြီး တိုးတက်မှု နှေးကွေးကာ အရာများစွာကို မသင်ယူရသေးသဖြင့် စာမေးပွဲ တစ်စောင်တွင် ပုစ္ဆာတစ်ပုဒ်လောက် ဖြေဆိုနိုင်လျှင်ပင် မဆိုးလှပေ။ သို့သော် သူ၏ အဖော် မိန်းကလေးနှစ်ဦးကို မရှုံးလိုသဖြင့် အံကြိတ်ကာ အမီလိုက်ရတော့သည်။

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့မှာ ဝမ်းသာအားရ ဖြစ်နေကြတော့၏။

ချူဟွားနှင့် နန်ကုန်းလင်တို့တွင် အခြေခံ အနည်းငယ် ရှိပြီးသား ဖြစ်သည်။ ယခု သင်ယူခြင်းသည် စောလွန်းနေသော်လည်း မသင်ယူတာထက်တော့ ပိုကောင်းသည်။ သူတို့ အဖိုးကြီးနှစ်ယောက် ၅ နှစ်အထိ အသက်ရှင်ပါ့မလား မသိသော်လည်း ယခု ကျန်းမာရေး ကောင်းမွန်နေစဉ် တတ်နိုင်သမျှ သင်ပေးထားရမည်။

ပဥ္စမမင်းသားအတွက်တော့... သူက စာမေးပွဲ ဖြေစရာ မလိုသော်လည်း စာမေးပွဲ မေးခွန်းများသည် ပြည်သူ့ဘဝနှင့် နီးစပ်ပြီး လက်ရှိအခြေအနေကို ထင်ဟပ်စေသဖြင့် များများလေ့လာခြင်းက အကျိုးရှိသည်။

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် တပည့်သုံးယောက်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြိုင်ဆိုင်နေကြရင်း သူတပါးနှင့် ပြိုင်ဆိုင်နေကြကာ မသေမချင်း ပြိုင်ဆိုင်နေကြသည်ကို ကြည့်ပြီး ပျော်ရွှင်နေကြလေသည်။

ပြိုင်ကြပါစေ။

ဆရာနှစ်ယောက်တောင် တစ်သက်လုံး ပြိုင်ဆိုင်လာခဲ့ကြတာ။ တပည့်သုံးယောက်က ဘာလို့ မပြိုင်ရမှာလဲ။ မဟုတ်ရင် အဓိပ္ပာယ် မရှိတော့ဘူးလေ။

ဤကဲ့သို့ အာရုံကြောများကို တင်းထားပြီး ခေါင်းငုံ့ စာဖတ်နေရသော နေ့ရက်များသည် အလွန် ပင်ပန်းလှရာ Systemကပင် ကြည့်နေရင်းက မောပန်းလာပြီး စိတ်ဝင်စားစရာ ကောင်းသော ဖရဲသီးအချို့ကို ကြိုးစားရှာဖွေကာ ချူဟွား အနားယူချိန်တွင် မျှဝေပေးလေသည်။

ဒီနေ့လည်း ထိုနည်းအတိုင်းပင်။

ချူအိမ်မှ ရှန်အိမ်သို့ သွားသော မြင်းလှည်းပေါ်တွင် ချူဟွားသည် အချိန်ဖြုန်းမခံဘဲ တိတ်တဆိတ် စာကျက်မှတ်နေလေသည်။ ရှန်လုထံမှ စာသင်ပြီး အိမ်ပြန်ရောက်သည့်အခါတွင်လည်း ထပ်မံ ကျက်မှတ်ရဦးမည်။

Systemတစ်ယောက် ကြည့်မနေနိုင်တော့ပေ။ [မမဟွား၊ ဒီနေ့တော့ နားလိုက်ပါဦး။ ဘယ်လောက်ပဲ လောလော၊ အလုပ်နဲ့ အနားယူတာ မျှတအောင် လုပ်ရမယ်လေ၊ မဟုတ်ရင် ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး]

ချူဟွားက သူမ ငယ်ရွယ်သေးပြီး ကျန်းမာရေး ကောင်းမွန်သည်ဟု ထင်မြင်ကာ နှစ်အနည်းငယ်လောက် အပြင်းအထန် ကြိုးစားခြင်းက ပြဿနာ မရှိဟု ယူဆသည်။ မည်သို့ပင်ဆိုစေကာမူ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၊ ဘွဲ့လွန် အားလုံးကို ဤသို့ပင် ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သည်။

သို့သော် System က ဒီလို ပြောလာတော့လည်း ငတုံးလေးကို မျက်နှာသာ ပေးသည့်အနေဖြင့် ချက်ချင်း လက်ခံလိုက်သည်။ [ကောင်းပြီလေ၊ ဒီနေ့ စာမကျက်တော့ဘူး]

အပြင်ဘက်တွင် မြင်းလှည်းမောင်းနှင်ပြီး စောင့်ရှောက်နေသော ကျားယီနှင့် ချိုက်ကန်းတို့ သက်ပြင်းချလိုက်ကြသည်။

သူတို့ ယောကျ်ားကြီးနှစ်ယောက်တောင် ကြည့်ရတာ ပင်ပန်းနေပြီး ချူဟွား ဘယ်အချိန် လဲကျသွားမလဲ ဆိုတာ အမြဲ စိုးရိမ်နေရသည်။ တော်ဝင်သမားတော်ချုပ်ကိုပင် တိတ်တဆိတ် သွားရောက်မေးမြန်းဖူးသည်။

တော်ဝင်သမားတော်ချုပ်၏ မူရင်းစကားမှာ "သူက ငယ်ရွယ်သေးတယ်၊ သိုင်းပညာ သင်ထားတာလည်း ကြာပြီဆိုတော့ ရေတိုမှာတော့ ပြဿနာ မရှိပါဘူး၊ ဒါပေမဲ့ ဒီတိုင်း ဆက်သွားရင် သေချာပေါက် မဖြစ်ဘူး၊ သူ့ကိုယ်သူ မြည်းတစ်ကောင်လို သဘောမထားဖို့ သွားပြီး ဖျောင်းဖျကြဦး" ဟူ၍။

ကံကောင်းစွာပင် system က ဖျောင်းဖျလိုက်ပြီး ချူဟွားကလည်း နားထောင်လိုက်သဖြင့် တော်သေးသည်။ မဟုတ်လျှင် ကျားယီနှင့် ချိုက်ကန်းတို့ ဘယ်သူ့ကို ခေါ်ပြီး ဖျောင်းဖျခိုင်းရမလဲ မသိတော့ပေ။

မြင်းလှည်းထဲတွင် ဘာမှမလုပ်ဘဲ ထိုင်နေရသည်မှာ ချူဟွားအတွက် ပျင်းစရာ ကောင်းလာသည်။

[ထုံအာ၊ ဖရဲသီးစားရအောင်]

System: [ကောင်းပြီလေ၊ နင် ပြောမှာကို စောင့်နေတာ၊ ပျော်စရာ ကောင်းတာလေး ပြောပြမယ်]

ချူဟွား: [ဘာလဲ]

System: [မနှစ်က နင့်အစ်ကိုနဲ့ နင် ကယ်ခဲ့တဲ့ လီချန် လေ၊ သူနဲ့ သူ့အဖေ လီဟယ်တို့ သားအဖနှစ်ယောက် တာတမံဆောက်လုပ်ရေးမှာ ကြိုးစားပမ်းစား လုပ်ခဲ့ကြတာ၊ အရည်အသွေး ကောင်းလွန်းလို့ ဒီနှစ် ရေကြီးတာကို တားဆီးနိုင်ခဲ့တယ်]

[လီဟယ်နဲ့ လီချန် သားအဖနှစ်ယောက် ဒီကိစ္စနဲ့ ကြုံခဲ့ရတာ ကံဆိုးတယ် ဆိုပေမဲ့ ဒါကြောင့်လည်း အထက်လူကြီး၊ အရှင်မင်းကြီးနဲ့ အရာရှိတွေရဲ့ အမြင်ထဲ ရောက်လာခဲ့တာ၊ ရေကြီးတဲ့ သတင်း ကြားတာနဲ့ လူတော်တော်များများက သူ့ရဲ့ တာတမံ ဆောက်လုပ်ရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ သိချင်နေကြတာ]

[ရလဒ်ကို နင် ခန့်မှန်းမိမှာပါ၊ တာတမံက ရေကာကွယ်တာရော ရေထုတ်တာရော အရမ်းကောင်းမွန်ခဲ့တယ်၊ အရှင်မင်းကြီးက လီဟယ်ကို ရာထူးတိုးပေးလိုက်ပြီ၊ သူတို့သားအဖကို တခြားနေရာက တာတမံ ဆောက်လုပ်ရေးကို ပို့လိုက်ပြီး လုပ်ရတဲ့အလုပ်က သိပ်မကွာခြားပေမဲ့ ရာထူးတိုးပြီး လစာ တိုးသွားပြီလေ]

ချူဟွား: [လီဟယ်က ရာထူးတိုးတယ်၊ လီချန်ကရော]

System: [လီချန်က အရင်တုန်းက ကျွီရန်လေ၊ မိသားစု အပြောင်းအလဲကြောင့် ပြီးခဲ့တဲ့ စာမေးပွဲကို ဝင်မဖြေလိုက်ရဘူး၊ အရမ်း နှမြောစရာ ကောင်းတယ်၊ ကံကောင်းတာက သာ့ရှန်းရဲ့ ကျွီရန်တွေက လမ်းကြောင်း ရှိရင်၊ ရာထူး လစ်လပ်နေရင် အရာရှိ လုပ်လို့ ရတယ်]

[တခြား ကျွီရန်တွေဆိုရင် ဖြစ်ချင်မှ ဖြစ်မှာ၊ ဒါပေမဲ့ လီချန်က တာတမံ ဆောက်တတ်တယ်လေ။ သူ့ကို နောက်ထပ် ၂ နှစ် စောင့်ခိုင်းပြီး စာမေးပွဲ ဖြေ၊ ကျင့်ရှီ ဖြစ်ပြီး အရာရှိ ဖြစ်မှ တာတမံ သွားဆောက်ခိုင်းမဲ့အစား အခုပဲ လွှတ်လိုက်တာ ပိုမကောင်းဘူးလား၊ ၂ နှစ်အတွင်း အများကြီး ဆောက်နိုင်မှာ]

[တာတမံတွေက နှစ်တိုင်းဆောက် နှစ်တိုင်းပျက်ပဲ၊ တကယ်လို့ ကောင်းကောင်း ဆောက်လုပ်နိုင်ရင် ကယ်ဆယ်ရေး ငွေတွေကို ချွေတာနိုင်မယ်၊ ရေမလွှမ်းမိုးရင် လယ်ယာမြေနဲ့ ကောက်ပဲသီးနှံတွေ ကောင်းမွန်မယ်၊ ရေဘေးနောက်ဆက်တွဲ ကပ်ရောဂါတွေ မရှိရင် ဒုတိယနှစ် တတိယနှစ်မှာ ထပ်ဆောက်စရာ မလိုတော့ဘူး၊ အရှင်မင်းကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ ဘယ်လိုတွက်တွက် တွက်ခြေကိုက်တယ်လို့ မြင်ကြတာပေါ့]

[ချွေတာနိုင်မဲ့ ငွေပမာဏ၊ လျော့နည်းသွားမဲ့ ပြဿနာတွေနဲ့ ယှဉ်လိုက်ရင် လီချန်ကို ကျွီရန်ဘွဲ့နဲ့ အရာရှိ ပေးလုပ်လိုက်တာက ဘာမှ မဟုတ်ပါဘူး၊ အများဆုံးတော့ အရှင်မင်းကြီးက ဆင်းရဲသား ကျောင်းသားတွေကို အလေးပေးတယ်လို့ ပြောခံရရုံပေါ့]

အပြောခံရရုံလောက်က မနာကျင်တာမို့လို့ အရှင်မင်းကြီးက ဂရုစိုက်နေပါ့မလား။

သာ့ရှန်းရဲ့ ဘဏ္ဍာတိုက်က မွဲတေနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ အရှင်မင်းကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့က ပိုက်ဆံသုံးရင် စိစိညက်ညက် ကြေအောင် သုံးတတ်ကြတာ၊ ချွေတာလို့ ရသမျှ ချွေတာကြတာ၊ ဒီလို ငွေချွေတာလို့ရမဲ့ အခွင့်အရေးကောင်းကြီးကို တွေ့ပါရက်နဲ့ လက်လွှတ်ခံပါ့မလား။

ချူဟွားက ထိုလူကြီးနှစ်ယောက် ဝမ်းသာလွန်း၍ ကခုန်နေမည့် ပုံစံကိုပင် မြင်ယောင်နေမိသည်။

[ဒီလောက် ဝမ်းသာစရာ ကိစ္စ ဖြစ်ပျက်ခဲ့တာ၊ ဘဏ္ဍာရေးဝန်ကြီးက ထူးခြားတဲ့ လှုပ်ရှားမှုတွေ ဘာတွေ မရှိဘူးလား]

Systemမှာ ကြောင်သွားတော့သည်။ သူ တကယ် သတိမထားမိခဲ့ပေ။ [ခဏလေး၊ ငါ ကြည့်လိုက်ဦးမယ်]

၁၀ စက္ကန့်ကြာသောအခါ system သည် ဟားဟား ဟု ရယ်မောလျက် ပြန်ရောက်လာခဲ့လေသည်။

[နိုင်ငံတော် ဘဏ္ဍာတိုက်က ပိုက်ဆံတွေ အများကြီး ချွေတာနိုင်ခဲ့လို့ ဘဏ္ဍာရေးဝန်ကြီးက ပျော်လွန်းလို့ လမ်းလျှောက်တာတောင် ခြေထောက် မြေမထိတော့ဘူး၊ ဆောက်လုပ်ရေးဝန်ကြီးက ကြည့်လိုက်တော့၊ ဟေး ဒါ ပိုက်ဆံတောင်းဖို့ အခွင့်အရေးကောင်းပဲ ဆိုပြီး တွေးလိုက်တာ!]

ကြည့်ရတာ ဆောက်လုပ်ရေးဝန်ကြီးတော့ အရှက်ကွဲပြီ ထင်တယ်ဟု ချူဟွား တိတ်တဆိတ် ရယ်မောလိုက်သည်။

ထင်ထားသည့်အတိုင်း System က ပြောသည်။ [ရှီးရုံနဲ့ ပေတိက မျက်စောင်းထိုးနေကြတာ၊ သာ့ရှန်းက စစ်နိုင်ထားပေမဲ့ ပေါ့ဆလို့ မဖြစ်ဘူး၊ စစ်ပြင်ဆင်မှုတွေ ဆက်လုပ်နေရတယ်၊ အဲဒါအပြင် မကြာသေးမီက ဘဏ္ဍာတိုက်မှာ ပိုက်ဆံရှိနေတော့ စစ်ဘက်ရေးရာဌာနက လက်နက်ပုံစံသစ် အများအပြား တင်ပြလာတယ်]

[ဆောက်လုပ်ရေးဝန်ကြီးက ဘဏ္ဍာရေးဝန်ကြီးရဲ့ ကပ်စေးနှဲတဲ့ အကျင့်ကို သိလွန်းလို့ ဘယ်လိုပြောရမလဲ တွေးနေတုန်း ဘဏ္ဍာရေးဝန်ကြီး စိတ်ပျော်နေတာ မြင်တာနဲ့ စစ်ဘက်ရေးရာဝန်ကြီးကိုပါ ဆွဲခေါ်ပြီး ပိုက်ဆံသွားတောင်းကြတာလေ]

[နှစ်ယောက် တစ်ယောက် တိုက်တာနော်၊ ရှုံးနိုင်ပါ့မလား] ချူဟွားက ဘဏ္ဍာရေးဝန်ကြီး၏ တိုက်ခိုက်နိုင်စွမ်းကို အထင်ကြီးသွားသည်။ နောက်ပိုင်း အခြားနိုင်ငံက သံတမန်တွေ လာရင် ဘဏ္ဍာရေးဝန်ကြီးကို လွှတ်ပြီး စကားနိုင်လုခိုင်းရင် ကောင်းမလား၊ ဒီစွမ်းရည်က အရမ်း မိုက်တယ်။

System: [အေးလေ၊ ဘယ်သူက မဟုတ်ဘူး ပြောမှာလဲ]

[ဆောက်လုပ်ရေးဝန်ကြီးနဲ့ စစ်ဘက်ရေးရာဝန်ကြီးတို့က ကောင်းတဲ့စကားတွေ အကုန် ပြောပေမဲ့ ဘဏ္ဍာရေးဝန်ကြီးက လုံးဝ သဘောမတူဘူး]

ချူဟွား: ? ? ?

ဘဏ္ဍာတိုက်မှာ အိမ်ရာမြေသိမ်းလို့ ရတဲ့ ငွေတွေ ရှိတယ်၊ မုန်ဟန်တို့ ရှီးရုံကနေ သယ်လာတဲ့ ငွေတွေလည်း ရှိတယ်၊ ဘဏ္ဍာတိုက်က ငွေမပြတ်လပ်တာ သေချာတယ်။

ဒီလို အခြေအနေမျိုးမှာ ဘဏ္ဍာရေးဝန်ကြီးက ဘာလို့ သဘောမတူသေးတာလဲ။

လက်နက်တွေရဲ့ အရေးပါပုံကို ဘဏ္ဍာရေးဝန်ကြီး မမြင်တာ၊ အမြော်အမြင် မရှိတာလို့ ချူဟွားကတော့ မထင်ပေ။ ဖြစ်နိုင်ခြေ ရှိတာက ဒီလက်နက်သစ် သုတေသန လုပ်ငန်းစဉ်က အဆင်မပြေတာ၊ ငွေကုန်ကြေးကျ များလွန်းပြီး မျှော်လင့်ချက် မမြင်ရသေးတာမျိုး ဖြစ်လိမ့်မည်။

သူမက လက်နက်အကြောင်း မေးချင်သော်လည်း လမ်းခရီးတွင် ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့် မြင်းလှည်းလိုက်ကာကို မ လိုက်ပြီး ကြည့်လိုက်ရာ အိမ်နှင့် နီးကပ်နေပြီကို တွေ့လိုက်ရသည်။

ချူဟွား အိမ်ပြန်ရောက်သည့်အခါမှ မေးလိုက်သည်။ [စစ်ဘက်ရေးရာဌာနရဲ့ လက်နက်သစ်က ဘာလဲ]

System: [အများကြီးပဲ၊ အဓိကက လေးနဲ့မြား၊ ပြီးတော့ မီးသေနတ်တွေ၊ စစ်ဘက်ရေးရာဌာနမှာ ဒီဘက်အပိုင်း ကျွမ်းကျင်သူတွေ ရှိတယ်၊ လေးနဲ့မြားကို ပြုပြင်ပြောင်းလဲပြီး ပစ်ခတ်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ချင်ကြတာ]

[မီးသေနတ်ကိုလည်း နင် သိတဲ့အတိုင်းပဲ၊ သတ်ဖြတ်နိုင်စွမ်းက ပြင်းထန်ပေမဲ့ ပြဿနာက အခု နည်းပညာက အကန့်အသတ် ရှိနေတယ်၊ သုံးရတာ သိပ်အဆင်မပြေဘူး၊ အနည်းဆုံးတော့ ခေတ်သစ်က ဟာတွေလောက် အဆင်မပြေဘူး]

အဲဒါကတော့ သေချာတာပေါ့။ ကြားထဲမှာ နှစ်တွေ ဒီလောက် ကွာခြားနေတာပဲ။

ချူဟွား: [လေးနဲ့မြားက ဘယ်လိုပုံစံလဲ]

System က တစ်ခုချင်းစီ ပြောပြပြီး ချူဟွားက တစ်ခုချင်းစီ ပုံဆွဲလေသည်။ ထိုအချိန်အတွင်း ချူအိမ်တော် တစ်ခုလုံးနှင့် သူမ၏ နေအိမ်ကို နန်းစောင့်တပ်များ ဝိုင်းရံထားပြီး မသက်ဆိုင်သူ အားလုံးကို မီတာ ၅၀ အကွာသို့ မောင်းထုတ်ထားသည်။

ဒါက စစ်ဘက်ရေးရာဌာနရဲ့ လက်နက်သစ်လေ၊ သာမန်လူတွေ ကြားလို့ ဘယ်ဖြစ်မလဲ!

လက်ဖက်ရည်တစ်ခွက် သောက်ချိန် ကြာပြီးနောက် ချူဟွားသည် ရေးဆွဲထားသော လေးပုံစံကို ကြည့်ပြီး အနည်းငယ် ကြောင်အသွားသည်။

[ဒါက... ကြည့်ရတာ ပေါင်းစပ်လေး နဲ့ နည်းနည်း တူနေပါလား]

System: [ဘာ ပေါင်းစပ်လေးလဲ]

ချူဟွား စိတ်ရှုပ်ထွေးစွာဖြင့်: [အဲဒါက... သုံးရတာ ပိုပြီး သက်သာတယ်၊ ပစ်ခတ်နိုင်တဲ့ အကွာအဝေး ပိုဝေးတယ်၊ အား ပိုပြင်းတယ်၊ ဖျက်ဆီးနိုင်စွမ်း ပိုကြီးတဲ့ လေးတစ်မျိုးလေ]

System: [နင် လုပ်တတ်တာလား]

ချူဟွား ခဏလောက် တွန့်ဆုတ်နေပြီးမှ ဝန်ခံလိုက်သည်။ [အင်း]

System က ဆက်မေးချင်သေးသော်လည်း ချူဟွား ပုံမှန် အိပ်ချိန် ကျော်လွန်နေပြီကို တွေ့လိုက်ရသဖြင့် မျက်နှာသစ်ပြီး အိပ်ရာဝင်ရန် အလျင်အမြန် တိုက်တွန်းလိုက်တော့သည်။

ချူဟွားသည် တစ်နေ့လုံး ပင်ပန်းထားပြီး နောက်နေ့တွင်လည်း လေးလံသော သင်ခန်းစာများ ရှိနေသဖြင့် ဆက်မတွေးတော့ဘဲ မျက်နှာသစ်ကာ အိပ်ရာဝင်လိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့် အစီရင်ခံစာကို နန်းစောင့်တပ်က အရေးပေါ် ပို့ဆောင်ပေးပြီးနောက် အရှင်မင်းကြီးနှင့် မှူးမတ်များမှာ အိပ်မပျော်နိုင်ကြတော့ဘဲ ဆူညံစွာ ငြင်းခုံနေကြတော့သည်။

"တကယ်ပဲ အဲဒီလို လေးမျိုး ရှိလို့လား"

"သူက အလကား ပြောမှာ မဟုတ်ဘူး"

"ပေါင်းစပ်လေးတဲ့၊ သာ့ရှန်းမှာ ရှိကို ရှိရမယ်!"

"ချူဟွားမှာ ဒီလို အရည်အချင်း ရှိတာ၊ စစ်ဘက်ရေးရာဌာနကို လာကို လာရမယ်!"

"စစ်ဘက်ရေးရာဌာနကို သွားပြီး ဘာလုပ်မှာလဲ၊ အလွန်ဆုံး ပုံကြမ်း ပေးရုံပဲလေ၊ ပေါင်းစပ်လေးကို တည်ဆောက်မှာက ဆောက်လုပ်ရေးဝန်ကြီးဌာနလေ။ ဒီကို လာသင့်တာ!"

"သူက ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လူ ဖြစ်သင့်တာ!"

"ဘာ ခင်ဗျားတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနလဲ၊ သူက ကျွန်တော်တို့ ဘဏ္ဍာရေးဝန်ကြီးဌာန လူဗျ!"

"ဘဏ္ဍာရေးက ဘာဆိုင်လို့လဲ၊ သူက ဒီလောက် ထူးချွန်တဲ့ အမှုစစ်ဆေးနိုင်စွမ်း ရှိတာ၊ ကျွန်တော်တို့ တရားရေးဝန်ကြီးဌာန လူ ဖြစ်သင့်တာ"

…

All Chapters