အခန်း ၁၀၆
Vol. 8 Ch. 106
အပိုင်း (၁၀၆)
မှူးမတ်အရာရှိများ ရန်ဖြစ်လေလေ systemက ကြည့်ပြီး ပျော်လေလေပင်။ ထိုအရာအားလုံးက သခင်က လူကြိုက်များကြောင်း သက်သေပြနေသည် မဟုတ်ပါလား။
ဘဏ္ဍာရေး၊ စက်မှုလက်မှု၊ တရားရေး၊ စစ်ရေး ဝန်ကြီးဌာနများက ချူဟွားကို လိုချင်နေကြပြီဆိုတော့ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဝန်ထမ်းရွေးချယ်ရေးဌာနကကော ဝေးနေဦးမှာလား။ သခင်က ဝန်ကြီးဌာန ၆ခုလုံးကို တလှည့်စီ ရောက်ပြီးသည်နှင့် ဌာန ၆ခုလုံးက အရာရှိများက ချူဟွားကို အကြွေးတင်သွားကြလိမ့်မည်။ သူတို့အားလုံးက သူမ၏ အရည်အချင်းကို သိသွားကြလျှင် သူမ ဘုရင်မအဖြစ် ထီးနန်းတက်ဖို့ မဝေးတော့ပေ။
အင်း... သိပ်တော့ မဖြစ်နိုင်လောက်ဘူး။
မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီး ရာထူးနေရာကိုတော့ ရနိုင်ပေမဲ့ မိုးပေါ်ထောင်တက်ပြီး ဘုရင်မ ဖြစ်ဖို့ဆိုတာကတော့... အခက်အခဲတချို့ ရှိနေသေးကြောင်း ဝန်ခံရပေမည်။
Systemသည် သခင်အတွက် နည်းလမ်းရှာရန် ဆုံးဖြတ်လိုက်လေ၏။
တခြား ဘုရင်မsystem၊ မင်းဆရာsystem၊ တိုင်းပြည်ချမ်းသာပြီး စစ်တပ်အင်အား တောင့်တင်းsystemတွေက လုပ်နိုင်သေးတာပဲ။ ဖရဲသီးစားsystemက မလုပ်နိုင်စရာ အကြောင်းမရှိပေ။
နန်ကုန်းလင်က ချူဟွားကို ပေးခဲ့သည့် စာရင်းထဲက အမျိုးသမီးများသည် နယ်စပ်ရောက်နေသည့် ဒုတိယမင်းသမီးကလွဲပြီး ကျန်သူများမှာ ချူဟွား၏ အကူအညီနှင့် အရှင်မင်းကြီး၏ တိတ်တဆိတ် တွန်းအားပေးမှုအောက်တွင် ကိုယ်စီ စတင် လေ့လာသင်ယူနေကြပြီ ဖြစ်သည်။ ထိုသူများအားလုံးသည် နောင်တစ်ချိန်တွင် ချူဟွား ညီလာခံ တက်ရောက်ချိန်၌ အထောက်အကူများ ဖြစ်လာကြလိမ့်မည်။
ချူဟွား ကိုယ်တိုင်လည်း ကြီးပြင်းလာရန် အချိန်လိုအပ်ပြီး သူတို့ တဖြည်းဖြည်း ကြီးပြင်းလာသည်ကို စောင့်ဆိုင်းလိုသော်လည်း systemကတော့ မစောင့်နိုင်တော့ချေ။
၎င်းသည် ယခုချက်ချင်းပင် သခင်ကို ကူညီချင်နေပြီ။ ဥပမာ လီဟယ်နှင့် လီချန် သားအဖလို အဆင်သင့်ရှိနေသည့် လူတော်များကို အခွင့်အရေး အနည်းငယ် ပေးလိုက်ရုံနှင့် အကျိုးဆောင်မှုယူ ရာထူးတိုးနိုင်ကြပြီး နောက် ၅နှစ်ကြာ၍ သခင်မလေး အရာရှိအဖြစ် ညီလာခံ ဝင်ရောက်ချိန်တွင် သူမကို ကာကွယ် စောင့်ရှောက်ပေးနိုင်ကြလိမ့်မည်။
ထို့အတွက်ကြောင့် systemသည် နေ့ရောညပါ မေးခွန်းများကို ဖြေဆိုပြီး အတင်းစားကာ ဖရဲသီးစွမ်းအင်များကို ကြိုးစားပမ်းစား စုဆောင်းလေသည်။ ဖရဲသီးစွမ်းအင် များလာသည်နှင့် အခက်အခဲ ဒုက္ခရောက်နေပြီး ကယ်တင်ရန် လိုအပ်နေသော အရည်အချင်းရှိသူများကို လိုက်လံ ရှာဖွေတော့သည်။
၃ရက် ကုန်ဆုံးသွားပြီး ၇ရက် ကုန်ဆုံးသွားသည်။ အမှုအခင်းများနှင့် မတရားမှု ဖရဲသီးများကို အများအပြား စားသုံးခဲ့သော်လည်း သင့်တော်သည့် လူရွေးချယ်စရာကား သိပ်မရှိလှပေ။
Systemသည် သည်ခံစားချက်ကို သည်းမခံနိုင်တော့ဘဲ အခွင့်ကောင်း ရှာ၍ ချူဟွားကို တရစပ် ပြောဆိုလေတော့၏။
[ငါ နင့်အတွက် ဘယ်လက်ရုံး ညာလက်ရုံး ဖြစ်မဲ့လူ နည်းနည်းလောက် ရှာပေးချင်တာ၊ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ]
ကလေးသံလေးသည် ဝမ်းနည်းလွန်း၍ တုန်ရီနေလေသည်။
ချူဟွားသည် systemက သူမအတွက် စဉ်းစားပေးသောစိတ်ကို စိတ်လှုပ်ရှားသွားပြီး သူမကွယ်ရာတွင် ဤမျှ အလုပ်များ လုပ်ပေးခဲ့သည်ကို သိလိုက်ရသဖြင့် ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။
[သင့်တော်တဲ့ လူတော်တွေက ရှာရခက်တာ ပုံမှန်ပါပဲ၊ ဖြည်းဖြည်းပေါ့]
[နန်ကုန်းလင်က ငါ့ကို စာရင်းတစ်ခု ပေးလိုက်လို့ သုံးလို့ရတဲ့လူတွေ အများကြီး ရှိပြီး ကြိုက်သလို ကောက်ယူလို့ရတယ်လို့ နင် မထင်လိုက်နဲ့၊ အဲဒါက သူ နှစ်ပေါင်းများစွာ အပြင်မှာ သွားလာပြီး စုံစမ်းထောက်လှမ်းထားတဲ့ သူ့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းမှုတွေပါ]
[ဒါ့အပြင် သူတို့ အခု စပြီး သင်ယူနေကြပြီ ဆိုရင်တောင် နောက်ပိုင်း တတ်မြောက်ပါ့မလား၊ တတ်မြောက်ပြီးရင်ကော ငါ့အတွက် အသုံးဝင်ပါ့မလား၊ သာ့ရှန်းနဲ့ ပြည်သူတွေအတွက် ကောင်းကျိုး သယ်ဆောင်ပေးပါ့မလား ဆိုတာတွေက မသေချာသေးဘူးလေ]
လူစိတ်သည် ပြောင်းလဲလွယ်သည်။
တစ်နှစ်တာ ကာလအတွင်း system စားသုံးခဲ့သော ဖရဲသီးများ အားလုံးသည် သည်သဘောတရားကို ရှင်းပြနေခြင်း ဖြစ်ရာ သူမ ဘယ်တော့မှ မေ့လျော့မည် မဟုတ်ပေ။
Systemသည် လန့်ဖျပ်သွားပြီး [နင်က သူတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးခဲ့တာလေ၊ သူတို့က ဘာလို့ နင့်ကို ပြန်မကူညီရမှာလဲ]
ပြောပြီးသည်နှင့် ချူဟွား ပြန်မဖြေခင် သူကိုယ်တိုင် သဘောပေါက်သွားလေသည်။
[ဟုတ်သားပဲ၊ ဒီလောကကြီးမှာ လူတိုင်းက ကျေးဇူးသိတတ်ကြမယ်လို့ အတင်းအကျပ် တောင်းဆိုလို့ မရဘူးပဲ၊ ကျေးဇူးကန်းတဲ့သူတွေက အများကြီးရယ်၊ ကျားမ မရွေးဘူး၊ အသက်အရွယ် မရွေးဘူး]
သူက လွယ်လွယ် တွေးမိခဲ့ခြင်း ဖြစ်သည်။
ချူဟွားက သူ့မျက်လုံးထဲတွင် အရာရာ ကောင်းမွန်နေပြီး သူတစ်ပါးကို အကူအညီ ပေးလိုက်လျှင် ထိုလူများ အရည်အချင်း ရှိလာပါက လီဟယ်နှင့် လီချန် သားအဖကဲ့သို့ ချူဟွားကို ပြန်လည် ကူညီကြလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သားအဖနှစ်ယောက်သည် ချူချင်းနှင့် ချူဟွား မောင်နှမနှစ်ယောက်၏ အကူအညီကို ဘယ်သောအခါမျှ မေ့လျော့ခြင်း မရှိဘဲ လုံ့လဝီရိယရှိရှိ ကြိုးစားပမ်းစား လုပ်ကိုင်ကြသည်။ သူတို့သည် ကျေးဇူးကန်းသူများကို ကယ်တင်မိခဲ့သည်ဟု မောင်နှမနှစ်ယောက်ကို မထင်မှတ်စေလိုကြသလို တစ်နေ့နေ့တွင် တစ်စုံတစ်ရာ ပြန်လည် ပေးဆပ်နိုင်ရန်လည်း မျှော်လင့်နေကြသည်။
သို့သော် လက်တွေ့ဘဝတွင် ဤကဲ့သို့သော လူမျိုးမှာ ရှားပါးသည်ကို system မေ့လျော့နေခဲ့၏။
ထို့အပြင် ချူဟွားက ထိုကိစ္စများကို လုပ်ဆောင်ရာတွင် "ကျေးဇူးတုံ့ပြန်မှုကို မျှော်ကိုးခြင်း" သို့မဟုတ် "ကြိုတင် ရင်းနှီးမြှုပ်နှံခြင်း" ဟူသော ရည်ရွယ်ချက်မျိုး မရှိဘဲ ဤလောကကြီးတွင် အမျိုးသမီးများ၏ ခက်ခဲကြမ်းတမ်းမှုကို မြင်တွေ့ရသောကြောင့် အမျိုးသမီးများကို ကူညီလိုပြီး လမ်းကြောင်းတစ်ခု ပိုမို ရရှိစေလိုသောကြောင့်သာ ဖြစ်သည်။
အကျိုးဆောင်မှု ပြုလုပ်ပြီး အကျိုးဆောင်မှု စုဆောင်းကာ အကျိုးအမြတ်ကို မမျှော်ကိုးပေ။
သောက်ကျိုးနည်း။ သူ သူတော်စင် တစ်ယောက်နှင့် ချိတ်ဆက်မိနေသည်လား။
System: အာ အာ အာ ရှုံးပြီ ရှုံးပြီ။
ချူဟွားသည် system ကိုယ်တိုင် နားလည်သွားသည်ကို မြင်သောအခါ စကားအများကြီး ဆက်မပြောတော့ပေ။ [ဒီရက်ပိုင်း အလုပ်များနေတော့ နင်နဲ့ သိပ်စကားမပြောဖြစ်ဘူး၊ ပျင်းနေပြီလား]
Systemသည် သခင်က သူ့ကို ကလေးတစ်ယောက်အဖြစ် သဘောထားနေသည်ဟု အမြဲ ခံစားနေရသည်။ သူက ဒေတာကုတ် အစုအဝေး တစ်ခုသာ ဖြစ်ပြီး အတင်းအဖျင်းအပေါ် စူးစမ်းလိုစိတ်နှင့် သိချင်စိတ်တို့သည်ပင် ပရိုဂရမ် ရေးဆွဲထားခြင်း ဖြစ်ရာ လူသားများကဲ့သို့ မည်သို့ ပျင်းရိနိုင်မည်နည်း။
သို့သော်လည်း မည်သို့ ဖြစ်မှန်းမသိ။ သခင်က သူ့ကို ဤမျှ ဂရုစိုက်သည်ကို ကြားလိုက်ရသည်နှင့် သူသည် နွေးထွေးသော ခံစားချက်မျိုး ခံစားလိုက်ရသည်။
ဒုက္ခပါပဲ။ CPU လောင်ကျွမ်းတော့မှာများလား။
Systemသည် မျက်နှာပျက်သွားပြီး သူ့ကိုယ်သူ အလျင်အမြန် စစ်ဆေးလိုက်တော့သည်။
ချူဟွားသည် အတော်ကြာသည်အထိ အဖြေပြန်မရသဖြင့် [ထုံအာ]
[ထုံအာ၊ နင် ရှိလား]
[ထုံအာ၊ နင် ဖရဲသီး သွားစားတာလား]
ချူဟွားသည် အနည်းငယ် စိုးရိမ်သွားလေသည်။ ချိတ်ဆက်ပြီးကတည်းက systemသည် စက္ကန့်ပိုင်းအတွင်း အမြဲ ပြန်လည် ဖြေကြားလေ့ရှိပြီး သူမ ခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရှိသည့် အခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။
၁၈၈က သူမ သေဆုံးသည့် အချိန်အထိ ချိတ်ဆက်ထားမည်ဟု ပြောဖူးသော်လည်း ကြားကာလတွင် မတော်တဆမှုများ ဖြစ်လာနိုင်မလား ဆိုသည်ကို မည်သူမျှ မသေချာနိုင်ပေ။ တကယ်လို့များ ဒီ systemအတုံးလေးက ဖရဲသီးစွမ်းအင် လုံလောက်မှု ရှိမရှိ သတိမထားမိဘဲ လွန်သွားခဲ့လျှင် မည်သို့ လုပ်မည်နည်း။
သူမသည် system မျက်နှာပြင်ကို မမြင်ရသဖြင့် ကူညီချင်လျှင်ပင် မည်သို့ ကူညီရမည်ကို မသိနိုင်ချေ။
သူမ လျှောက်တွေးနေစဉ်မှာပင် system ပြန်ရောက်လာခဲ့သည်။ [မမကြီးဟွား၊ ငါ ပြန်ရောက်ပြီ]
ချူဟွား: [စောစောက ဘာဖြစ်သွားတာလဲ၊ ငါ ခေါ်တာတောင် ဘာသံမှ မကြားရဘူး]
System: [ငါ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးနေတာ၊ ဘာပြဿနာမှ မရှိတာ တွေ့တော့မှ နင့်ဆီ ပြန်လာတာ]
ချူဟွား: [ငါက နင့်မှာ ဖရဲသီးစွမ်းအင် မလောက်တော့လို့ အလိုအလျောက် အိပ်ပျော်သွားပြီ ထင်နေတာ]
System: [မဖြစ်နိုင်ပါဘူး၊ နင် ငါ့ကို ဖရဲသီးစားဖို့ မခေါ်တဲ့အချိန်တွေမှာ ငါက မေးခွန်းတွေ ဖြေ၊ ဖရဲသီးတွေ စားပြီး ဖရဲသီးစွမ်းအင်တွေ စုဆောင်းနေတာပဲဟာ၊ နင် ဖရဲသီး စားချင်တဲ့အချိန်ကျရင် စိတ်ကြိုက် စားလို့ရအောင် လုပ်ပေးမှာ၊ ဖရဲသီး စားချင်တဲ့အချိန်ကျမှ ဖရဲသီးစွမ်းအင် မရှိလို့ ဝယ်မရတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး]
ချူဟွား: "..."
Systemအတုံးလေး၏ စကားထဲမှ အလိုလိုက်မှုကို ခံစားလိုက်ရသည်လား။ သူမကပဲ ပြဿနာ ရှိနေတာလား။ Systemကပဲ ပြဿနာ ရှိနေတာလား။
ထူးဆန်းသော ထင်ယောင်ထင်မှား ဖြစ်မှုများကို ဖယ်ရှားလိုက်ပြီး အစောပိုင်းက သတိမထားမိခဲ့သော ဖြစ်နိုင်ခြေရှိသည့် ဟာကွက်ကို အာရုံစိုက်လိုက်သည်။
[တကယ်လို့ နင့်မှာ ဖရဲသီးစွမ်းအင် မလောက်တော့ဘဲ အလိုအလျောက် အိပ်ပျော်သွားရင်၊ ငါ နင့်အတွက် ဘာလုပ်ပေးနိုင်မလဲ၊ အရင်ပုံစံအတိုင်းပဲ၊ ပုံမှန်လို ဖရဲသီးစားဖို့ ခေါ်လိုက်ရင် နင် ပြန်နိုးလာနိုင်မလား]
[ရပါတယ် ဝါး——] Systemသည် စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်လိုက်လေသည်။
သူ ကြားဖူးသည်မှာ သခင်များသည် လှည့်စားခြင်း၊ ခြိမ်းခြောက်ခြင်းများဖြင့် systemထံမှ ပစ္စည်းများကို နည်းမျိုးစုံ သုံး၍ တောင်းဆိုတတ်ကြပြီး တချို့ဆိုလျှင် သခင်အများအပြားကို ဦးဆောင်၍ system စုဆောင်းထားသော ပိုင်ဆိုင်မှုများကိုပင် လိမ်လည် ယူဆောင်သွားတတ်ကြသည်ဟု ကြားဖူးသည်။ Systemကို ဤမျှ ဂရုစိုက်သော သခင်မျိုး ရှိလိမ့်မည်ဟု သူမသိခဲ့ပေ။
သူသည် ယခင်ဘဝက ကုတ်ရေးဆွဲစဉ်က ကမ္ဘာကြီးကို ကယ်တင်သည့် ကောင်းမှုမျိုး လုပ်ခဲ့မိလို့များ system ဖြစ်လာချိန်တွင် ဤမျှ ကောင်းမွန်သော သခင်နှင့် တွေ့ဆုံရခြင်း ဖြစ်မည်လား။
ချူဟွားသည် ဖြည်းညင်းစွာပင် မေးခွန်းထုတ်လိုက်၏။ သူမ မေးလိုက်သည်က လျှို့ဝှက်ချက် မေးခွန်း ဖြစ်နေလို့များလား။
System၏ ကလေးသံလေးသည် အားငယ်ကာ ငိုသံ ပါနေတော့သည်။ [မမကြီးဟွား၊ နင် ဘာလို့ ငါ့အပေါ် ဒီလောက် ကောင်းရတာလဲ ဟူးဟူး]
ချူဟွား: ???
သည်လို မေးခွန်းလေး မေးလိုက်ရုံနှင့် ကောင်းသည်တဲ့လား။ Systemအတုံးလေး စက်ရုံက မထွက်ခင်ကတည်းက ပင်မ systemကြီးရဲ့ စိတ်ဓာတ်ရေးရာ ချယ်လှယ်မှုကို ခံခဲ့ရတာများလား။
[သခင်နဲ့ systemကြားမှာ အပြန်အလှန် ဖြစ်သင့်တာလေ၊ နင်က ငါ့ရဲ့ လှုပ်ရှားမှုတွေကို အမြဲ ပူးပေါင်းဆောင်ရွက်ပေးတယ်၊ နင့်ကို ထပ်ခါထပ်ခါ ဖရဲသီးစားခိုင်းတော့လည်း နင် စားတယ်၊ ငါ ပြင်ဆင်ထားတဲ့ စကားတွေကို ပြောခိုင်းတော့လည်း နင် ပြောတယ်၊ အဲဒါတွေက နင့်ရဲ့ မူလတာဝန် ဘောင်အတွင်းမှာ မပါဝင်ပေမဲ့ နင်က တစ်ခုချင်းစီ လိုက်လုပ်ပေးပြီး ကောင်းကောင်းလည်း လုပ်နိုင်တယ်လေ]
[နင်က ငါ့အပေါ် ဒီလောက်ကောင်းပြီး နေရာတိုင်းမှာ ကူညီပေးတယ်၊ ငါ့အတွက် စဉ်းစားပေးတယ်၊ ငါက နင့်အတွက် တခြား လုပ်ပေးစရာ ဘာမှ မရှိဘူး၊ ဒီကိစ္စသေးသေးလေးက တကယ် ဘာမှ မဟုတ်ပါဘူး၊ ငါ သေသွားလို့ သခင် လဲလှယ်ပြီးတဲ့နောက်ကျရင် နင် ဒီလို ကိစ္စသေးသေးလေးကြောင့်နဲ့ စိတ်မလှုပ်ရှားနဲ့နော်၊ အနိုင်ကျင့်ခံရပြီး သေသွားလိမ့်မယ်]
Systemက စိတ်ထဲတွင် ပြောလိုက်၏။ ငါက မအပါဘူး။
သူက သူတစ်ပါး၏ စိတ်အတွင်းမှ အတွေးများကို ရှာဖွေ၍ မရနိုင်သော်လည်း သခင်နှင့် ချိတ်ဆက်ပြီးနောက် နေ့ရောညပါ သခင်၏ ဘေးနားတွင် ရှိနေပြီး စကားပြောဆိုမှုနှင့် ပြုမူမှုတိုင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရရာ သခင်သည် အပြောနှင့်အလုပ် မညီဘဲ ဟန်ဆောင်နေလျှင် ချက်ချင်း သိမြင်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာအားလုံးသည် ချူဟွားက သူ့ကို ဂရုစိုက်ကြောင်း ပြသနေခြင်း ဖြစ်ရာ systemက အကုန် လက်ခံလိုက်လေသည်။
[မမကြီးဟွား စိတ်ချပါ၊ နင်နဲ့ ချိတ်ဆက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ လိုက်ပါနေပြီး နေ့တိုင်း နင်က အဲဒီ မြေခွေးအိုကြီးတွေ မြေခွေးပေါက်လေးတွေနဲ့ တိုက်ခိုက်နေတာကို ကြည့်ပြီးရင်၊ ငါက နောက်ထပ် သခင်ဆီမှာ သေချာပေါက် အလိမ်ခံရမှာ မဟုတ်ဘူး]
ချူဟွားက ယုံကြည်သွားလေသည်။
ဒါလည်း ဟုတ်တာပဲ။
ညီလာခံပေါ်က ရာထူးကြီးကြီး ယူထားတဲ့သူတွေလောက် စိတ်ပုပ်တဲ့သူ မရှိတော့ဘူး။
နေရာတိုင်းမှာ မြေခွေးတွေချည်း ရှိနေတဲ့ ပတ်ဝန်းကျင်မှာ အကြာကြီး နေပြီးရင် systemအ,လေးက မြေခွေး systemပေါက်စ အဖြစ် အဆင့်မြှင့်တင်သွားနိုင်ပြီး အဲဒီအချိန်ကျရင် သူက သခင်ကို ပြန်လိမ်မဲ့ အလှည့် ရောက်လာမှာ။
ပြောရရင် မျှော်လင့်စရာ ကောင်းသားပဲ။ ချူဟွား တိတ်တဆိတ် ပြုံးလိုက်မိသည်။
System: [မမကြီးဟွား ဖရဲသီးစားမလား၊ ငါ စိတ်ဝင်စားစရာကောင်းတဲ့ ဖရဲသီး တွေ့ထားတယ်]
ချူဟွား ခေါင်းညိတ်မလို့ လုပ်နေတုန်း ကိစ္စတစ်ခုကို သတိရသွားသည်။ [ငါ လွန်ခဲ့တဲ့ တစ်ပတ်က ပေါင်းစပ်လေး အကြောင်း ပြောပြီးကတည်းက အခုထိ သူတို့ ငြင်းလို့ မပြီးကြသေးဘူးလား]
ယခုအချိန်အထိ သူမထံ လာရောက်ပြီး ပေါင်းစပ်လေး လိုချင်ကြောင်း တဲ့တိုးဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပြောဆိုမည့်သူ မရှိသေးချေ။
မြေခွေးအိုကြီးတွေရဲ့ စွမ်းဆောင်ရည်က ဘယ်တုန်းက ဒီလောက် နိမ့်ကျသွားတာလဲ။ ဒါမှမဟုတ် သူတို့ တစ်ခုခုနဲ့ ငြိနေလို့များလား။
ရှီးရုံနဲ့ ပေတိ ဘက်က ကိစ္စလား။ ဒါမှမဟုတ် အန်းဝမ်ရယ် ဘက်က ပြဿနာထပ်ရှာနေပြန်ပြီလား။
System: [ပေါင်းစပ်လေး သတင်း တက်သွားတုန်းကဆိုရင် လူတိုင်းက အရမ်း အံ့ဩသွားကြပြီး လိုချင်တပ်မက်ခဲ့ကြတယ်၊ ပေါင်းစပ်လေးကို ယူရမယ်ဆိုတာကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်၊ ဒါပေမဲ့ နင့်ကို ဘယ်လို ပြောရမလဲ၊ ဘယ်လို လုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူတို့မှာ တူညီတဲ့ သဘောထား မရှိကြဘူး]
[ကြားထဲမှာ နင့်ကို ဘယ်ဌာန ပို့ရမလဲ ဆိုတာကို ထပ်ပြောကြပြန်ရော၊ စက်မှုလက်မှု၊ ဘဏ္ဍာရေး၊ စစ်ရေး၊ တရားရေး ဌာနတွေ အကုန်လုံးက နင့်ကို လိုချင်ကြတယ်၊ ဝန်ကြီး ၄ ယောက်လုံးကလည်း အလျှော့မပေးချင်ကြဘူး၊ မြို့တော်ဝန်ရုံးနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ကလည်း ဝင်ပါလာကြတယ်၊ ငြင်းရင်း ခုန်ရင်းနဲ့ ဒေါသတွေ ထွက်လာကြပြီး ငြင်းရင်း ခုန်ရင်းနဲ့ ခေါင်းစဉ် လွဲသွားကြတာပဲ]
[အရှင်မင်းကြီးကတော့ နင်က အနည်းဆုံး ၅နှစ်လောက်ကြာမှ ညီလာခံ ဝင်နိုင်မယ်ဆိုတာ သိပြီးသားဆိုတော့ သူနဲ့ မင်းဆရာကြီး မင်းဆရာအိုကြီး တို့က ပွဲကြည့်တဲ့ သဘောထားပဲ ရှိတော့တယ်—— မင်းတို့ ကြိုက်သလောက် ငြင်းကြစမ်း၊ ငါ လှုပ်ရင် ငါ ရှုံး]
ချူဟွား: "..."
အဖေအရွယ် အဘိုးအရွယ် ရှိနေတဲ့ လူတစ်စုက ရန်ဖြစ်ကြတာ ဘာလို့ ဒီလောက် ကလေးဆန်နေရတာလဲ။ သာ့ရှန်းညီလာခံက လူတိုင်းက ၃နှစ်ခွဲ အရွယ်တွေလား။
ဟေ၊ ပြောလို့လဲ မရဘူး။
၃နှစ်ခွဲအရွယ် ကလေးတစ်သိုက်က ညီလာခံပေါ်မှာ ကလေးသံလေးတွေနဲ့ ရန်ဖြစ်နေကြပြီး နို့နံ့မစင်ဘဲ ရန်လုပ်နေကြတာ၊ ဒီမြင်ကွင်းက တော်တော် ချစ်စရာကောင်းနေတာပဲ။
ကံဆိုးတာက သူမသည် စာကြမ်းပိုး လုပ်နေရသဖြင့် အမှန်တကယ် မအားလပ်ချေ။ သို့မဟုတ်ပါက "သာ့ရှန်းညီလာခံ ၃နှစ်ခွဲ" ဟူသော ဝတ္ထုတစ်အုပ် ရေးလိုက်လျှင် အရမ်း ရောင်းကောင်းပေလိမ့်မည်။
ရောင်းမကောင်းခင် ပိတ်ပင်ခံရဖို့ များသည်။ ထိုမြေခွေးအိုကြီးများသည် ထိုကဲ့သို့ ပုံရိပ် ဖျက်ဆီးမည့် အရာမျိုး ပေါ်ပေါက်လာသည်ကို ခွင့်ပြုကြမည် မဟုတ်ပေ။
၃နှစ်ခွဲ စာအုပ်ကို အရင် ပိတ်ပင်လိုက်မည်။ ပြီးလျှင် သူတို့ဘာသာ စာကြည့်ခန်းထဲတွင် တိတ်တဆိတ် ပုန်းအောင်းကာ သူတို့၏ ရန်ဘက်များနှင့် လုပ်ဖော်ကိုင်ဖက်များက ပိတ်ပင်ထားသော စာအုပ်ထဲတွင် မည်သို့ ပုံစံမျိုး ရှိနေသည်ကို ကြည့်ရှုကြပေမည်။ အရှင်မင်းကြီးလည်း ဖတ်ကောင်း ဖတ်နိုင်ပြီး တော်ဝင်စာကြည့်ဆောင် သို့မဟုတ် အိပ်ဆောင်ထဲတွင် တိတ်တဆိတ် ပုန်းအောင်းကာ ဖတ်ရှုနေပေလိမ့်မည်။
ချူဟွားသည် သူမ၏ ကိုယ်ပိုင် တွေးဆချက်များကြောင့် ရယ်မောလိုက်မိသည်။
Systemကတော့ သူမသည် မှူးမတ်များ၏ ကလေးဆန်သော အပြုအမူများကြောင့် ရယ်မောသည်ဟု ထင်မှတ်ကာ သံသယ မဝင်ဘဲ ဆက်ပြောလေသည်။ [နောက်ပိုင်းကျတော့ အားလုံး စိတ်အေးသွားကြပြီး နင့်ဆီက ပေါင်းစပ်လေးကို ဘယ်လို တောင်းရမလဲ ဆိုတာကို အတူတူ စဉ်းစားကြတယ်၊ စစ်ရေးဝန်ကြီးဌာန ဘက်က လူတစ်ယောက်က အကြံပြုလာတယ်၊ မြို့တော်ဝန်က နင့်ကို အမှုလာစစ်ခိုင်းသလိုမျိုး၊ သူတို့ဘက်ကလည်း လက်နက်ပုံကြမ်း အသစ်တွေကို ပြင်ဆင်ဖို့ နင့်ကို အကူအညီ လာတောင်းမယ် ပေါ့]
ချူဟွား: "..."
သူမ ဝင်ပြောရန် ပြင်လိုက်သော်လည်း systemက ဆက်ပြောလာသည်။ [ချက်ချင်းပဲ တစ်ယောက်က ပြန်ချေပတယ်၊ မြို့တော်ဝန်က နင့်ကို လာရှာတာက နင် အရင်တုန်းက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ သဲလွန်စတွေ ရှာတွေ့ခဲ့ပြီး အကျင့်ပျက်ခြစားမှုတွေကို စစ်ဆေးခဲ့ဖူးလို့ သူက သေနေတဲ့မြင်းကို အရှင်မှတ်ပြီး ကုသကြည့်တာပါလို့ ပြောလို့ရတယ် တဲ့]
[နင်က အတိတ်တုန်းက လက်နက် ဒီဇိုင်းဆွဲတဲ့ အရည်အချင်းကို တစ်ခါမှ ထုတ်မပြဖူးဘူးလေ၊ စစ်ရေးဝန်ကြီးဌာနက နင် လက်နက်ပုံကြမ်း ပြင်ဆင်တတ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ရုတ်တရက် သိသွားမှာလဲ၊ သူတို့ တကယ်သာ အဲဒီလို လုပ်လိုက်ရင် နင်နဲ့ ငါ စကားပြောတာကို ကြားရတယ်ဆိုတဲ့ လျှို့ဝှက်ချက်က ကြိုပြီး ပေါက်ကြားသွားလိမ့်မယ်]
[နောက်တစ်ယောက်က စစ်သူကြီးရွှမ်ဝေကတဆင့် နင့်ကို လက်နက်ဒီဇိုင်းဆွဲနည်း သင်ပေးခိုင်းဖို့ အကြံပြုလာတယ်၊ နင်က ဒီဖက်မှာ အရည်အချင်း ရှိကြောင်း ထုတ်ပြလာတဲ့ အချိန်ကျမှ လက်နက်ပုံကြမ်း ပြင်ဆင်ဖို့ နင့်ကို သဘာဝကျကျ လာရှာလို့ ရသွားမယ်၊ အဲဒီအခါကျမှ နင်က အလိုက်သင့်လေး ပေါင်းစပ်လေးကို ထုတ်ပေးလိုက်ပေါ့]
[ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ အချိန်နည်းနည်း ပိုကြာတာပါပဲ၊ ကျန်တဲ့ ဘက်ပေါင်းစုံကတော့ အရမ်း စိတ်ချရတယ်၊ လူတိုင်းနီးပါး သဘောတူခဲ့ကြတယ်၊ စစ်သူကြီးရွှမ်ဝေက လွဲလို့ပေါ့]
ချူဟွားကလည်း ညီလာခံ ရှုထောင့်မှ ကြည့်လျှင် ဤအကြံဉာဏ်သည် အကောင်းဆုံး ဖြစ်သည်ဟု ထင်မြင်မိသည်။
[စစ်သူကြီးရွှမ်ဝေက ဘာလို့ သဘောမတူတာလဲ]
Systemက အခြေအနေနှင့် ကိုက်ညီအောင် ဗိုက်နှိပ် ရယ်မောနေသည့် အလုံးလေး အဖြစ် ပြောင်းလဲသွားသည်။ [ဘာလို့လဲဆိုတော့ သူက လက်နက် ဒီဇိုင်း မဆွဲတတ်လို့လေ]
ချူဟွား တစ်ချက် ကြောင်သွားပြီး အသံတိတ် ရယ်မောလိုက်မိသည်။
အသင့်ရှိပြီးသား လက်နက်များကို မည်သူမဆို သုံးတတ်ကြသည်။ အဆင့်မြင့်သူများက ပိုမို ဆန်းပြားစွာ ကစားနိုင်ကြသည်။ သို့သော် လက်နက် ဒီဇိုင်းဆွဲခြင်းက ပါရမီ ပါရမည်၊ စိတ်ကူးဉာဏ် ရှိရမည်၊ သာမန်လူများ မလုပ်နိုင်ကြပေ။
သိသာသည်မှာ စစ်သူကြီးရွှမ်ဝေသည် မလုပ်နိုင်သော လူစားမျိုး ဖြစ်နေသည်။
ချူဟွား: [ဒါကြောင့် သူတို့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး အခုထိ ငါ့ကို လာမရှာကြတာလား]
System: [တစ်ဝက်စီပါပဲ၊ ပေါင်းစပ်လေးကတော့ သေချာပေါက် လိုချင်ကြတယ်၊ ဒါကြောင့် သူတို့ ဖြေရှင်းနည်း ၂ ခု စဉ်းစားထားကြတယ်၊ ပထမတစ်ခုကတော့ စစ်သူကြီးရွှမ်ဝေကို ချက်ချင်း လက်ငင်း လက်နက် ဒီဇိုင်းဆွဲနည်း စပြီး သင်ယူခိုင်းတာ၊ တတ်မြောက်သွားမှ နင့်ကို ဒီဇိုင်း ဘယ်လိုဆွဲရမလဲ ဆိုတာ ပြန်သင်ပေးပေါ့]
[စစ်သူကြီးရွှမ်ဝေကို လက်နက် အမျိုးအစား ပိုပြီး သင်ယူခိုင်းရင် သူက လိုလိုလားလား ရှိပါတယ်၊ ဒါပေမဲ့ သူ့ကို ဒီဇိုင်းဆွဲခိုင်းတာကျတော့ မော်ဒယ်လ်ကို အဝတ်အစား ဒီဇိုင်းဆွဲခိုင်းတာနဲ့ အတူတူပဲလေ၊ သူက အဝတ်အစားတွေ ပိုဝတ်ပြီး လျှောက်လမ်း ပိုလျှောက်ပြချင်ရင် ပြမယ်၊ အဝတ်အစား ဒီဇိုင်းဆွဲတာမျိုးတော့ မလုပ်ချင်ဘူး]
ချူဟွား: "..."
သူမ ကိုယ့်ကိုယ်ကိုယ် အစားထိုး တွေးကြည့်လိုက်သည်။ သူမကို ဓာတုဗေဒ လုပ်ခိုင်းခြင်း၊ ကျောင်းသားများကို သင်ပြခိုင်းခြင်း၊ ပရောဂျက်များကို ဦးဆောင်ခိုင်းခြင်းများ ဆိုလျှင် ရသည်။ သူမကို စမ်းသပ်ခန်းသုံး ပစ္စည်းကိရိယာများ ဒီဇိုင်းဆွဲခိုင်းခြင်း ဆိုလျှင်တော့ ဘာသာရပ် ကျော်လွန်သွားပြီ ဖြစ်သလို အတော်လေး စိမ်းသက်သော ဘာသာရပ်လည်း ဖြစ်နေသည်။
[ဖုန်းကစားတာ ကြိုက်တဲ့သူကို ဖုန်းအသစ် ဒီဇိုင်းဆွဲခိုင်းတာ၊ ဂိမ်းကစားတာ ကြိုက်တဲ့သူကို ဂိမ်းအသစ် ဒီဇိုင်းဆွဲခိုင်းတာနဲ့ သိပ်မကွာတော့ဘူးပဲ]
[ဒီနည်းလမ်းကို အကြံပြုတဲ့သူက စစ်သူကြီးရွှမ်ဝေနဲ့ ရန်ငြိုး ရှိနေတာလား]
[ဟားဟားဟား...] Systemသည် ရယ်လွန်းသဖြင့် အသက်ရှူပင် မဝတော့ချေ။ [ဘယ်သူ အကြံပြုလဲဆိုတာ နင် သိလား၊ အရှင်မင်းကြီးလေ၊ သူက ပထမဆုံး အကြံပြုခဲ့တာ]
ချူဟွား လန့်သွားပြီး နောက်သို့ လှန်မိမတတ် ဖြစ်သွားသည်။ [အရှင်မင်းကြီးက စစ်သူကြီးရွှမ်ဝေ ငယ်ငယ်တုန်းက သုံးဖက်ချွန် သူလျှို လုပ်ခဲ့တဲ့ ကိစ္စကြောင့် အခုထိ စိတ်ဆိုးနေတုန်းပဲလား]
ဒီဒေါသကလည်း ရှည်လျားလွန်းလိုက်တာ။
စစ်သူကြီးရွှမ်ဝေ၏ ဟာသကို ကြည့်ဖို့အတွက် အရှင်မင်းကြီးသည် အစပိုင်းက ဘေးကနေ တိတ်တဆိတ် ပွဲကြည့်မည် ဟူသော အစီအစဉ်ကိုပင် စွန့်လွှတ်လိုက်ပြီး တခြား အရာရှိများ အကြံမပြုခင်မှာပဲ ဦးအောင် ထခုန်လိုက်သည်။
သည်အကြံပြုချက်က မခက်ခဲပေ။ သေချာပေါက် တခြားလူများလည်း တွေးမိကြလိမ့်မည်။ သို့သော် အရှင်မင်းကြီးက ဦးအောင် ခုန်ထွက်လာခြင်းမှာ စစ်သူကြီးရွှမ်ဝေကို သိစေလို၍ ဖြစ်သည်။ ဟေး၊ ငါကိုယ်တော် မင်းကို တမင် သက်သက် ဒုက္ခပေးတာကွ။
အရှင်မင်းကြီးက အဲဒီလို ပြောလာတော့လည်း နားထောင်လို့ ကောင်းသားပဲ။ မှူးမတ်တွေအားလုံးက မျက်နှာသာ ပေးရတော့မည်။
ပေါင်းစပ်လေးကို ရရှိဖို့အတွက် စစ်သူကြီးရွှမ်ဝေ ခမျာ ကျားစီးမိသလို ဖြစ်နေရတော့သည်။
System: [အဲဒီတုန်းက ပဥ္စမမင်းသားက လူလွှတ်ပြီး စာသွားပို့ခိုင်းလို့ စစ်သူကြီးရွှမ်ဝေက ခြေတစ်လှမ်း ဦးအောင် ထွက်ပြေးသွားခဲ့တာ မဟုတ်လား၊ သူ အပြင်မှာ အတော်ကြာကြာ ပုန်းနေခဲ့ပြီး အရှင်မင်းကြီး ဒေါသပြေမှ ပြန်လာခဲ့တာလေ]
[ဒေါသထွက်တယ် ဆိုတာကလည်း အမှန်တရားကို သိကာစ အချိန်မှာပဲ အဆိုးဆုံးပါ၊ အဲဒီဒေါသ ပြေသွားပြီး တည်ငြိမ်သွားတော့ အရှင်မင်းကြီးက စစ်သူကြီးရွှမ်ဝေကို ထပ်ပြီး ပြဿနာ မရှာတော့ပါဘူး၊ ဒါပေမဲ့ မြင်တိုင်း မျက်စိစပါးမွှေး စူးနေတာမျိုးတော့ ရှိတာပေါ့]
ချူဟွား: "..." ဒါက ပြဿနာရှာတာ မဟုတ်သေးဘူးလား။
[ဒါဆို စစ်သူကြီးရွှမ်ဝေက သင်ယူလိုက်လား]
System: [ဟီးဟီး သူကတော့ မသင်ချင်ပါဘူး၊ ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ သူတို့က ဒုတိယ အကြံပြုချက်ကို တင်ပြလာကြတယ်၊ နင့်အတွက် လက်နက် ဒီဇိုင်းဆွဲတတ်တဲ့ ဆရာတစ်ယောက် ထပ်ရှာပေးမယ် တဲ့]
ချူဟွား: ???
ချူဟွား: !!!
[ငါဆိုတဲ့ သနားစရာ ငါးလေးခမျာလည်း ရောပြီး ဒုက္ခရောက်ရတော့တာပဲ]
တစ်ရက်မှာ ၁၂ နာရီ (ရှေးခေတ်အချိန်) ရှိတာကို သူတို့က အကုန်လုံး အပြည့် ဖြည့်ချင်နေကြတာလား။
Systemကလည်း ချူဟွား သနားစရာကောင်းသည်ဟု ထင်မြင်သဖြင့် နှစ်သိမ့်ပေးလိုက်သည်။ [ကိစ္စ မရှိပါဘူး၊ နင့်ရဲ့ ဆရာ ၃ယောက်လုံးက အဲဒီနေရာမှာ ရှိနေတာပဲ၊ တခြားလူတွေကလည်း နင့်ရဲ့ တစ်နေ့တာ သင်ကြားရေး အစီအစဉ်ကို ကောင်းကောင်း သိကြတယ်၊ စတုတ္ထမြောက် ဆရာတစ်ယောက် ထပ်ထည့်လို့ မရတော့ဘူး ဆိုတာ သိကြပါတယ်]
[စစ်သူကြီးရွှမ်ဝေက ဘယ်လောက်ပဲ မလိုလားပါစေ သင်ယူရုံပဲ ရှိတော့တယ်၊ ဒီရက်ပိုင်း သူက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် ခြေပစ်လက်ပစ် စာကျက်နေရတဲ့ အထက်တန်း ကျောင်းသားကြီးလို ဖြစ်နေပြီး သူ့ရဲ့ နက်မှောင်တောက်ပနေတဲ့ ဆံပင်တွေတောင် သူ ဆွဲလွန်းလို့ ထိပ်ပြောင်တော့မယ်]
သနားစရာ ကောင်းလိုက်တာ။
ဒီရက်ပိုင်း စစ်သူကြီးရွှမ်ဝေ သိုင်းပညာနှင့် စစ်ဗျူဟာများ သင်ကြားပေးချိန်တွင် လူတစ်ကိုယ်လုံး နွမ်းနယ်နေသည်မှာ မထူးဆန်းတော့ပေ။
ချူဟွားက အလွန် သနားသွားပြီး ဆရာ့အတွက် နည်းလမ်း စဉ်းစားပေးလိုက်သည်။ [သိုင်းပညာနဲ့ စစ်ဗျူဟာ ဆရာကို လဲလိုက်လို့ ရသေးတာပဲ မဟုတ်ဘူးလား၊ ဘာလို့ ဖြေရှင်းနည်း ၂ ခုတည်း ရှိရတာလဲ]
System: [ဆရာ လဲမယ်ဆိုရင် ပိုကောင်းတဲ့လူနဲ့ပဲ လဲရမှာ၊ အခု ညီလာခံမှာ စစ်သူကြီးရွှမ်ဝေထက် ပိုတော်ပြီး လက်နက် ဒီဇိုင်းပိုင်း နည်းနည်း နားလည်တာဆိုလို့ ဖူရွေ့ချင်းဝမ် တစ်ယောက်ပဲ ရှိတယ်၊ တော်ဝင်ဆွေမျိုးများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက စုန်းလင့်ကို နင့်ကို စာလာသင်ခိုင်းမယ် ဆိုရင်တော့...]
အရှင်မင်းကြီး၏ သားသမီးတွေတောင် ဒီလို အခွင့်အရေးမျိုး မရကြဘူး။
ချူဟွား၏ ဆရာများသာ မင်းဆရာကြီး၊ မင်းဆရာအိုကြီး၊ စစ်သူကြီးရွှမ်ဝေနှင့် ဖူရွေ့ချင်းဝမ် ဆိုသည့် ၄ ယောက် စုသွားလျှင် သူမ၏ ဆရာများ အလေးချိန်က အနာဂတ် အိမ်ရှေ့စံထက်ပင် သာလွန်သွားပေမည်။ လုံးဝ မဖြစ်နိုင်ပေ။
ချူဟွား: "..."
အဖော်မွန် ကျောင်းသား အနေဖြင့် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့၏ စာသင်ဝိုင်းကို ကပ်သင်ရသည်ကပင် လုံလောက်နေပြီ။ ဖူရွေ့ချင်းဝမ်ကို ဆရာတင်ရမည်တဲ့လား... ဟဟ၊ သူမက ကိုယ့်အသက် ကိုယ် ရှည်လွန်းနေလို့ ညည်းနေတာမှ မဟုတ်တာ။
[တကယ်တော့ စစ်သူကြီးရွှမ်ဝေကို တာဝန်တစ်ခု ပေးလိုက်ပြီး အဲဒီအကြောင်းပြချက်နဲ့ ငါ့အတွက် ဆရာ လဲပေးလို့ ရပါတယ်၊ အရမ်း ကောင်းနေစရာလည်း မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ကြားကာလ တစ်ခုအနေနဲ့ အဆင်ပြေရင် ပြီးတာပဲလေ၊ အဲဒီတုန်းက ဘယ်သူမှ ကန့်ကွက်တာ မရှိကြဘူးလား]
System: [ရှိတာပေါ့၊ ဒါပေမဲ့ သိုင်းတတ်တဲ့သူက ဒီဇိုင်း နားမလည်ဘူး၊ ဒီဇိုင်း နားလည်တဲ့သူက သိုင်း မတတ်ဘူး၊ ဖူရွေ့ချင်းဝမ် ကလွဲလို့ တခြား ဘယ်သူမှ နှစ်ခုစလုံးကို ဟန်ချက်ညီအောင် မလုပ်နိုင်ကြဘူး]
ဒါက သူ ဖြေရှင်းနည်း ၂ ခုပဲ ရှိတယ်လို့ ပြောရတဲ့ အကြောင်းရင်းပင်၊ တတိယနည်းလမ်းက လုံးဝ အလုပ်မဖြစ်လို့ တန်းပြီး ဖယ်ထုတ်လိုက်ရတာ။
ဒီကိစ္စက ချူဟွား မသိနားမလည်တဲ့ နယ်ပယ်ကို ထိမိသွားခြင်းပင်။
သူမ၏ ဆရာ ၄ ယောက်လုံးက လက်နက် ဒီဇိုင်းပိုင်း နားမလည်ကြသဖြင့် သူမနှင့် ဒီအကြောင်းကို ပြောဆိုကြမည် မဟုတ်ရာ သာ့ရှန်းတွင် လက်နက် ဒီဇိုင်းဆွဲတတ်ပြီး သိုင်းပညာလည်း တတ်ကျွမ်းသူ ဤမျှ ရှားပါးကြောင်း သူမ လုံးဝ မသိရှိခဲ့ပေ။
ဒီလိုမှန်းသာ ကြိုသိခဲ့လျှင် သူမ မနေ့က ပေါင်းစပ်လေး အကြောင်း ပြောခဲ့မည် မဟုတ်သလို သူမ တတ်ကျွမ်းသည်ဟုလည်း ပြောခဲ့မည် မဟုတ်ပေ။
ချူဟွား: [သာ့ရှန်းမှာ လက်နက် ဒီဇိုင်းဆွဲတာ ကျွမ်းကျင်တဲ့လူ ရှိလား၊ စစ်ရေးဝန်ကြီးဌာနမှာ မဟုတ်တဲ့ ညီလာခံမှာ မဟုတ်တဲ့လူ၊ ကျားမ မရွေး အသက်အရွယ် မရွေးဘူး]
System: [ရှိတာပေါ့၊ မနည်းဘူး၊ အဲဒီအထဲက တစ်ယောက်က မိန်းကလေး၊ နင် သူ့အကြောင်း ဖရဲသီးစားဖူးသေးတယ်]
ဟင်။ ဒီလောက်တောင် တိုက်ဆိုင်သလား။ ချူဟွား အမြန် ပြန်စဉ်းစားလိုက်သည်။
ဖရဲသီးစားဖူးတာ။ သိကျွမ်းတာ မဟုတ်ဘူး။ ဒါမှမဟုတ် ရင်းနှီးမှု ရှိတာ မဟုတ်ဘူး ဆိုတော့ တစ်ဖက်လူက သူမနှင့် အလှမ်းဝေးတယ် ဆိုသည့် သဘောပင်။
သင့်တော်တဲ့ လူရွေးချယ်စရာက မများတော့ ခန့်မှန်းရ လွယ်ကူသည်။
ချူဟွား: [ဒုတိယမင်းသမီးလား]
System: [မဟုတ်ဘူး၊ ဒုတိယမင်းသမီး နားက ညီမလေးလေ၊ ဒုတိယမင်းသမီးကို သိုင်းသင်ပေးတဲ့ ကိုယ်ရံတော်ရဲ့ သမီးအရင်း]
[နင့်ရဲ့ အလှရှင် ဆရာ ရှန်လုလည်း တတ်တယ်၊ သူ့မှာ ညီလာခံ ရာထူး မရှိတော့ ညီလာခံထဲကလို့ တွက်လို့မရဘူး]
ချူဟွား အနည်းငယ် ကြောင်သွားသည်။ ရှန်လုက နက္ခတ္တဗေဒ ဝါသနာရှင် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး လက်နက် ဒီဇိုင်းပါ ဆွဲတတ်ရတာလဲ။
...