အခန်း ၁၀၇
Vol. 8 Ch. 107
အပိုင်း (၁၀၇)
ချူဟွား: [ဒုတိယမင်းသမီးရဲ့ ညီမလေးက ဘယ်လိုလုပ်ပြီး လက်နက် ဒီဇိုင်းဆွဲတတ်ရတာလဲ]
သူမသည် ကိုယ်ရံတော်တပ်မှူး၏ သမီးအရင်းဖြစ်ပြီး ကိုယ်ရံတော်တပ်ဖွဲ့ထဲ၌ လက်နက်များစွာနှင့် ထိတွေ့ခဲ့ရလျှင်ပင် လက်နက်ဒီဇိုင်းရေးဆွဲခြင်းသည် ထိတွေ့မှုများရုံ သို့မဟုတ် အသုံးပြုရာတွင် ကျွမ်းကျင်ရုံမျှနှင့် တတ်မြောက်နိုင်သည့်အရာ မဟုတ်ပေ။ သို့မဟုတ်လျှင် စစ်သူကြီးရွှမ်ဝေလည်း သည်လောက်အထိ ခေါင်းကိုက်နေရမည် မဟုတ်ချေ။
အဲဒီကောင်မလေးက တခြားအခွင့်အရေး ရခဲ့တာများလား။
System၏ စကားများက သည်ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။ [အစတုန်းကတော့ ဒုတိယမင်းသမီးက ဆရာတွေ အများကြီးဆီမှာ ပညာသင်ခဲ့တော့ သင်ယူထားတာတွေက ရှုပ်ထွေးနေပြီး ဘာလက်နက်မဆို သုံးတတ်ပေမဲ့ ဘာကိုမှ မကျွမ်းကျင်ခဲ့ဘူး]
[နင် စဉ်းစားကြည့်လေ။ ကြာပွတ်၊ ဓား၊ သန်လျက်၊ လှံ၊ တုတ်၊ မြားတို၊ လျှို့ဝှက်လက်နက်၊ အကုန်လုံး သူ သုံးတတ်တယ်ဆိုတော့ အပြင်ထွက်ရင် အကုန် သယ်သွားလို့ မဖြစ်ဘူးလေ။ လမ်းခရီးမှာ လက်နက် ဘယ်လောက်တောင် သယ်သွားရမလဲ။ သူ့မှာ နျဲ့ရွှေလို မွေးရာပါ ခွန်အားကြီးတာမျိုး မရှိတော့ မနိုင်မနင်း ဖြစ်ပြီး သယ်နိုင်မှာ မဟုတ်ဘူး]
[ဒါကြောင့် ဒုတိယမင်းသမီးက သူ သုံးတတ်သမျှ လက်နက်အားလုံး ထည့်လို့ရမဲ့ လက်နက်သေတ္တာ တစ်လုံး ဒီဇိုင်းဆွဲချင်ခဲ့တာ။ ဒါမှ သယ်ယူရတာ ပိုပြီး အဆင်ပြေမှာပေါ့။ အပြင်ထွက်တိုင်း ဘာယူသွားရမလဲဆိုပြီး စိတ်ညစ်နေစရာ မလိုတော့ဘူး။ ဟုတ်တယ်။ ဒုတိယမင်းသမီးက ရွေးချယ်ရခက်တဲ့ ရောဂါသည်လေ]
[ပြောဖို့ လွယ်ပေမဲ့ လုပ်ဖို့က ခက်တယ်လေ။ ဘယ်လောက်ပဲ ဆန်းပြားတဲ့ လက်နက်သေတ္တာဖြစ်ပါစေ ပစ္စည်းတွေကို ထည့်ရုံပဲ ရမှာ၊ လက်နက်တွေရဲ့ အလေးချိန်ကိုတော့ လျှော့ချပေးနိုင်မှာ မဟုတ်ဘူး။ ဒုတိယမင်းသမီး သယ်ချင်တဲ့ လက်နက်တွေ များလေလေ လက်နက်သေတ္တာက ပိုကြီးပြီး ပိုလေးလေ ဖြစ်လာမှာမို့ သယ်ယူဖို့ ပိုခက်ခဲလိမ့်မယ်]
ချူဟွားသည်လည်း ဒုတိယမင်းသမီး၏ တွေးခေါ်ပုံကို လက်ဖျားခါရတော့သည်။
သာမန်လူတွေ ဒီလိုကိစ္စမျိုး ကြုံရရင် လက်နက်တစ်မျိုးတည်းကိုပဲ ကျွမ်းကျင်တဲ့အထိ အာရုံစိုက် လေ့ကျင့်သင့်တာ မဟုတ်ဘူးလား။ ဒုတိယမင်းသမီးကျမှ ဘာလို့ အကုန်လိုချင်နေရတာလဲ။ သူ ဘာကိုမှ မစွန့်လွှတ်နိုင်လို့ အချိန်နဲ့ အင်အားတွေ ကွဲပြားကုန်ပြီး ဘာလက်နက်ကိုမှ မကျွမ်းကျင်တာဆိုတာကို သူ တကယ်ပဲ မသိတာလား။
ချူဟွား: [လက်နက်သေတ္တာ အကြံဉာဏ်က အလုပ်မဖြစ်တော့ သူက တခြားလက်နက်တွေကို စွန့်လွှတ်ပြီး တစ်မျိုးတည်းကိုပဲ ရွေးချယ်လိုက်တာလား]
ရွေးချယ်ရခက်သော ရောဂါဝေဒနာရှင် ဖြစ်နေလျှင်ပင် မဲနှိုက်ခြင်း၊ နှာခေါင်းရှုံ့ပြိုင်ခြင်း သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ရွေးချယ်နိုင်ပေ၏။
Systemက ရယ်မောလိုက်လေသည်။ [ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အဲဒီလောက် အလွယ်တကူ လက်လျှော့တတ်တဲ့သူမျိုးမှ မဟုတ်တာ]
[လက်နက်သေတ္တာ အဆင်မပြေတော့ သူက လက်နက်ဘက်ကို အကြံထုတ်လိုက်တာ။ ပြောင်းလဲလို့ရတဲ့ လက်နက်တစ်မျိုးကို ဒီဇိုင်းဆွဲခိုင်းတာလေ။ ရွှပ်ခနဲဆို သန်လျက်ဖြစ်သွားလိုက်၊ ရွှပ်ခနဲဆို ဓားဖြစ်သွားလိုက်၊ ကြာပွတ်၊ လှံ အဖြစ် ပြောင်းလဲနိုင်ပြီး တဝှစ်ဝှစ်နဲ့ လျှို့ဝှက်လက်နက်တွေပါ ပစ်လို့ရတဲ့ ဟာမျိုးပေါ့]
[ဒုတိယမင်းသမီးက အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ကိုလည်း တောင်းဆိုထားသေးတယ်။ ဒီလက်နက်ရဲ့ အလေးချိန်က အရမ်းမများရဘူးတဲ့။ မဟုတ်ရင် သူ မမနိုင်ဘဲ အပြင်သယ်သွားလို့ မရတော့ သုံးရတာ အဆင်ပြေမှာ မဟုတ်ဘူးတဲ့]
ချူဟွား: "..." ဒုတိယမင်းသမီးကတော့ အမုန်းဆုံး Client ဖြစ်လောက်တယ်။
ဓား၊ သန်လျက်၊ ကြာပွတ်၊ လှံ စတဲ့ လက်နက်တွေက တစ်မျိုးနဲ့တစ်မျိုး မတူကြဘူးလေ။ အရှည်၊ အကျယ်၊ အထူအပါး၊ ပုံသဏ္ဌာန်၊ အပျော့အမာ အားလုံး မတူညီကြတာကို ဘယ်လိုလုပ်ပြီး လက်နက်တစ်မျိုးတည်း ဖြစ်အောင် လုပ်လို့ရမှာလဲ။
[ဒီကံဆိုးတဲ့ ကန်ထရိုက်တာက ဘယ်သူလဲ။ ခေါင်းတောင် ပြောင်လောက်ပြီ ထင်တယ်] ချူဟွားသည် စဉ်းစားကြည့်ရုံဖြင့် စိတ်ညစ်နေမိတော့သည်။
Systemသည် ရယ်မောလွန်းသဖြင့် လဲကျလုနီးပါး ဖြစ်သွား၏။ [စစ်ဘက်ဆိုင်ရာ ဝန်ကြီးဆိုတဲ့ ကံဆိုးတဲ့ကောင်ပေါ့ ဟားဟားဟား]
[အဲဒီတုန်းက ဒုတိယမင်းသမီး သူ့ကို လာရှာပြီး လိုအပ်ချက်တွေ အကုန်ပြောပြလိုက်တော့ သူ ကြောင်အမ်းသွားပြီး ‘ကျွန်တော်မျိုး မလုပ်နိုင်ပါဘူး၊ မင်းသမီး တခြားပညာရှင်ကိုပဲ ရှာပါတော့’ လို့ တဲ့တိုး ပြောလိုက်တာ]
[ဒုတိယမင်းသမီးက သူ့ကို မဖြစ်မနေ လုပ်ခိုင်းတော့ စစ်ဘက်ဆိုင်ရာဝန်ကြီးခမျာ စိတ်ညစ်လွန်းလို့ လဝက်လောက် အိပ်မပျော်ခဲ့ဘူး။ ထမင်းစားလဲ ဒါပဲစဉ်းစား၊ အိပ်လဲ ဒါပဲစဉ်းစား၊ လမ်းလျှောက်လဲ ဒါပဲစဉ်းစားနေရပြီး ဆံပင်တွေ အများကြီး ကျွတ်ကုန်တာတောင် အဖြေမထွက်ခဲ့ဘူး။ နောက်ဆုံးတော့ သူ အရှင်မင်းကြီးရှေ့ ပြေးသွားပြီး လုံးဝကို လက်မြှောက်အရှုံးပေးလိုက်တော့တာပဲ။ ဘာပဲဖြစ်ဖြစ် လုပ်ချင်ရာလုပ်၊ ငါကတော့ မလုပ်နိုင်ဘူး ဆိုပြီးတော့လေ]
ချူဟွားသည် ဝေဖန်ချင်စိတ်များ ပေါက်ကွဲလာတော့သည်။ [ဒါ ငါသာဆိုရင် ဒုတိယမင်းသမီး လာရှာပြီးတာနဲ့ အရှင်မင်းကြီးဆီ ချက်ချင်းသွားပြီး အကူအညီ တောင်းမိမှာ။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးပေါ့။ လဝက်လောက် အိပ်မပျော်ဖို့ မပြောနဲ့၊ နှစ်ဝက်လောက် အိပ်မပျော်ရင်တောင် ဒီလောက် ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စကို လုပ်နိုင်မှာ မဟုတ်ဘူး]
[ဒါက ရှေးခေတ်လေ။ ထူးခြားဆန်းပြားတဲ့ စွမ်းအားတွေရှိတဲ့ သိပ္ပံစိတ်ကူးယဉ် ခေတ်တွေ၊ သိုင်းလောက ခေတ်တွေမှ မဟုတ်တာ။ အထူးသတ္တုတွေ၊ အာကာသ ခေါက်သိမ်းတဲ့ နည်းပညာတွေ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး အံ့ဖွယ်ပြောင်းလဲခြင်းကို လုပ်နိုင်မှာလဲ]
Systemသည် အာမေဍိတ်သံ ပြုလိုက်၏။ [ဟင်။ မမကြီးဟွား နင် အရင်တုန်းက ခဏလောက် သည်းခံပြီးမှ လက်လျှော့လိုက်တာ မဟုတ်လား။ ဒီတစ်ခါကျမှ ဘာလို့ တန်းပြီး လက်လျှော့လိုက်တာလဲ]
ချူဟွား: [အရမ်း လွန်လွန်းနေလို့လေ။ အရှင်မင်းကြီးက သေချာပေါက် ငါ့ဘက်က ရပ်တည်ပေးမှာပဲကို ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးစရာ မလိုပါဘူး]
[ဒီကိစ္စကို လက်ခံလိုက်ရင် အဆုံးမရှိတဲ့ ခေါင်းပြောင်တာနဲ့ စိတ်ပင်ပန်းတာတွေထဲ ရောက်သွားမှာ သေချာတယ်။ အရှင်မင်းကြီးရှေ့သွားပြီး သနားအောင် ပြောလိုက်တာက ပိုကောင်းပါသေးတယ်။ ဒါမှ လဝက်လောက်ကြာမှ မလုပ်နိုင်ဘူးလို့ ပြောပြီး ဒုတိယမင်းသမီးရဲ့ အချိန်ဖြုန်းမှုအဖြစ် အပြစ်တင်ခံရတာကနေ သက်သာမှာပေါ့]
Systemက သိပ်နားမလည်ပေ။ [လုံးဝ မစမ်းသပ်ကြည့်ဘဲ မလုပ်နိုင်ဘူး ပြောတာနဲ့ လဝက်လောက် ကြိုးစားပြီးမှ မလုပ်နိုင်ဘူး ပြောတာမှာ နောက်တစ်ခုက လူတွေကို ပိုပြီး အမြင်ကောင်းစေတာ မဟုတ်ဘူးလား]
[ဘာမှ မလုပ်ရသေးခင် ငြင်းလိုက်ရင် မင်းသမီးက နင် သူ့ကို ဂရုမစိုက်ဘူးလို့ ထင်ပြီး ပိုမုန်းသွားလိမ့်မယ် မဟုတ်လား]
ချူဟွား: [ဒုတိယမင်းသမီးက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတော့ လိုချင်တာ မှန်သမျှ ရမှ ဖြစ်မှာ။ သိုင်းပညာ သင်ဖို့အတွက် နန်းတော်ထဲကနေ ခိုးထွက်ခဲ့တယ်။ သူ့ရဲ့ သိုင်းပညာတွေ အလကားမဖြစ်စေဖို့ ရှေ့တန်းကို ခိုးထွက်ခဲ့တယ်။ အမျိုးသမီးတစ်ယောက် အနေနဲ့ စစ်ပွဲတွေမှာ မကြာခဏ အောင်ပွဲခံပြီး လူတွေရဲ့ လေးစားမှုကို ရရှိခဲ့တယ်။ ဒါကိုကြည့်ရင် သူ့စရိုက်က ပွင့်လင်းရိုးသားတဲ့ဘက်ကို ယိမ်းတယ်ဆိုတာ သိသာပါတယ်]
[သူ့ကို အရှိကို အရှိအတိုင်း ပြောပြသင့်တယ်။ နင်က တကယ် မလုပ်နိုင်လို့ အခက်တွေ့ပြီး ငြင်းတယ်ဆိုတာ သူ သိသွားရင် နင် ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲ ဆိုတာ မေးလာလိမ့်မယ်။ အဲဒီကျမှ နှစ်ယောက်သား ညှိနှိုင်းပြီး အခြေအနေကို လျှော့ချလို့ ရတာပေါ့]
System: [......] နင်တို့ လူသားတွေက တကယ် ရှုပ်ထွေးတာပဲ။
အခြေအနေချင်း တူနေပါလျက်နဲ့ မနေ့က အဖြေတစ်မျိုး၊ ဒီနေ့ အဖြေတစ်မျိုး ဖြစ်နေတယ်။ ပြောလိုက်ရင်လည်း အကျိုးအကြောင်း ခိုင်လုံနေပြန်တော့ သူ ပြန်ချေပဖို့ အကြောင်းပြချက် ရှာမတွေ့တော့ပေ။ လူဖြစ်ရတာ တကယ် ခက်ခဲလွန်းလှ၏။ ကံကောင်းလို့သာ သူက လူမဟုတ်ခဲ့ခြင်းပင်။
Systemသည် သူ့ကိုယ်သူ ဒုက္ခမပေးလိုတော့ဘဲ ဆက်ပြောလိုက်သည်။ [ဒုတိယမင်းသမီးရဲ့ တောင်းဆိုမှုကို အရှင်မင်းကြီး မြင်တော့တောင် ဖြစ်နိုင်ခြေ မရှိဘူးလို့ ပြောခဲ့တယ်။ စစ်ဘက်ဆိုင်ရာဝန်ကြီးက တော်ဝင်စာကြည့်ဆောင်ထဲမှာ လှဲချပြီး လက်မြှောက်တော့မဲ့ အခြေအနေကို မြင်လိုက်ရတော့ စစ်ဘက်ဆိုင်ရာဝန်ကြီးကို ပြန်ခိုင်းပြီး ဒီကိစ္စကို သူ ဖြေရှင်းပေးမယ်လို့ ပြောလိုက်တယ်]
[အရှင်မင်းကြီး ဝင်ပါလာတော့ ဒုတိယမင်းသမီးလည်း လက်လျှော့လိုက်ရတာပေါ့။ ပြီးတော့ သူ့ညီမလေးက မြင်သွားပြီး ‘ဟင်။ ငါ့အစ်မ လိုချင်တဲ့ ပစ္စည်းလား။ ဒါဆို ရှိကို ရှိရမှာပေါ့’ ဆိုပြီး ပန်းပဲဖို တစ်ခု ရှာကာ ခေါင်းငုံ့ပြီး ကိုယ့်ဘာသာ လျှောက်လုပ်တော့တာပဲ]
[အဲဒီညီမလေးရဲ့ အဖေက သမီးဖြစ်သူ ကြိုးကြိုးစားစား လေ့လာနေတာ တွေ့တော့ အပြင်မှာ လက်နက်ဒီဇိုင်းဆွဲတတ်တဲ့လူကို အကူအညီတောင်းပြီး ရှာခိုင်းတယ်။ သူ့အဖေက နှစ်ပေါင်းများစွာ ကိုယ်ရံတော် လုပ်ပြီး မြောက်ဘက်ရော တောင်ဘက်ပါ သွားလာနေခဲ့တော့ လူအများကြီးကို သိပြီး အဆက်အသွယ် ကွန်ရက်ကလည်း တော်တော် ကျယ်ပြန့်တယ်။ သူ့သမီးကို သင်ပေးဖို့ တတ်တဲ့လူတစ်ယောက်ကို တကယ် ရှာတွေ့ခဲ့တယ်လေ]
ချူဟွား: !!!
သူမ သိပ်မယုံရဲသော်လည်း system ပြောသော ဇာတ်လမ်းများတွင် ထူးဆန်းအံ့သြဖွယ် ကိစ္စရပ်များ မကြာခဏ ဖြစ်ပျက်လေ့ရှိသည့် အကျင့်ကြောင့် ထိုအံ့ဖွယ်ပြောင်းလဲနိုင်သော လက်နက်ကို တကယ်များ လုပ်နိုင်မလားဟု တွေးမိလေသည်။
လောကအမြင်များသည် ပြိုကွဲလုနီးပါး အနားသတ်တွင် ယိမ်းယိုင်နေပြီး အန္တရာယ် ရှိနေလေပြီ။
ချူဟွားက မသေချာမရေရာဖြင့် မေးလိုက်၏။ [အဲဒီကောင်မလေးက တကယ် လုပ်နိုင်ခဲ့တာလား]
သခင်ဖြစ်သူ၏ အနည်းငယ် အားနည်းနေသော လေသံကို ကြားလိုက်ရသောအခါ systemသည် တိတ်တဆိတ် ရယ်မောလိုက်လေသည်။ နင် ကြောက်တတ်တဲ့ ကိစ္စလဲ ရှိသေးတာပဲ။
[မလုပ်နိုင်ပါဘူး။ နင် ပြောသလိုပဲ ဒီမှာက အထူးသတ္တုတွေ မရှိဘူး။ ထုတ်လုပ်မှုစွမ်းအားနဲ့ နည်းပညာအဆင့်အတန်းက မမီသေးဘူး။ ဆန်းကြယ်တဲ့ အာကာသ ခေါက်သိမ်းတဲ့ နည်းပညာတွေ၊ ဆွဲငင်အား ထိန်းချုပ်တဲ့ စနစ်တွေလည်း မရှိဘဲနဲ့ အဲဒီလောက်များတဲ့ လက်နက်တွေ အကုန်လုံးကို ဘယ်လိုလုပ် သိမ်းဆည်းထားပြီး အလေးချိန်ကိုပါ ပျောက်သွားအောင် လုပ်နိုင်မှာလဲ]
တော်ပါသေးရဲ့၊ တော်ပါသေးရဲ့။ ချူဟွားသည် ရင်တမမ ဖြစ်နေသော စိတ်ကို လျှော့ချလိုက်နိုင်တော့သည်။
သူမသည် အရင်ဘဝက နှစ်ပေါင်းများစွာ သင်ယူခဲ့ရသော သိပ္ပံပညာ သင်ခန်းစာများအားလုံး ခေတ်တစ်ခု ပြောင်းသွားပြီးနောက်တွင် ကောင်မလေးတစ်ယောက်ကြောင့် လုံးဝ ပြောင်းပြန်လှန်ခံလိုက်ရပြီဟု ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ကံကောင်းစွာပင် လောကအမြင်များကို ပြန်လည် တည်ဆောက်စရာ မလိုတော့သလို ရူပဗေဒနှင့် ဓာတုဗေဒတို့သည် ဤခေတ်ကာလတွင် အသုံးဝင်သေးခြင်း ရှိမရှိကိုလည်း သံသယ ဝင်စရာ မလိုတော့ပေ။
System: [အဲဒီလို ခေတ်လွန်နည်းပညာမျိုး မလုပ်နိုင်ခဲ့ပေမဲ့ သူက သန်လျက်နဲ့ လျှို့ဝှက်လက်နက်တွေကို လှံတံထဲမှာ အောင်မြင်စွာ ဝှက်ထားနိုင်ခဲ့တယ်။ အဲဒီလောက်ရှည်တဲ့ လှံတံကို သုံးပိုင်းပိုင်းပြီး ရိုးရှင်းတဲ့ စက်ကိရိယာလေးတွေနဲ့ ဆက်လိုက်တော့ သယ်ယူရတာ အများကြီး ပိုအဆင်ပြေသွားတာပေါ့]
[သူက ကြာပွတ်ကိုလည်း ခါးပတ်အဖြစ် လုပ်လိုက်တယ်။ လျှို့ဝှက်လက်နက်တွေကို ဆံထိုး၊ လက်စွပ်၊ ကျောက်စိမ်းဆွဲပြားတွေထဲမှာ ဝှက်ထားလိုက်တယ်။ ဒုတိယမင်းသမီးရဲ့ မူလတောင်းဆိုချက်ကို မပြည့်မီခဲ့ပေမဲ့ အတော်အတန်တော့ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်]
သည်အထိ ပြောပြီးသောအခါ systemလည်း သဘောပေါက်သွားတော့သည်။ တကယ်တော့ အစတုန်းက စစ်ဘက်ဆိုင်ရာဝန်ကြီးသာ ဒုတိယမင်းသမီးရဲ့ တောင်းဆိုချက် အားလုံးကို အမှန်တကယ် ဖြည့်ဆည်းပေးဖို့ မစဉ်းစားဘဲ တောင်းဆိုချက်တချို့ကို ပေါင်းစပ်ပေးလိုက်ရင် ဒီအဆင့်အထိ လုပ်နိုင်မှာ ဖြစ်သည်။
ဒါဆိုရင် ချူဟွားရဲ့ သုံးသပ်ချက် မှန်ကန်ကြောင်း သက်သေပြလိုက်သလို ဖြစ်မနေဘူးလား။ စစ်ဘက်ဆိုင်ရာဝန်ကြီးသာ ဒုတိယမင်းသမီးကို သူ့ရဲ့ အခက်အခဲတွေကို စွဲစွဲမြဲမြဲ ပြောပြခဲ့ရင် နောက်ပိုင်း ဖြစ်ရပ်တွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ တခြားရှုထောင့်ကနေ ပြောရရင် လူတိုင်းက မင်းသား၊ မင်းသမီးတွေကို ‘မရဘူး’ လို့ ပြောရဲတဲ့ သတ္တိ မရှိကြဘူး။ ဒါပေမဲ့၊ ဒါပေမဲ့လေ။ စစ်ဘက်ဆိုင်ရာဝန်ကြီးက ဒုတိယမင်းသမီးကို ငြင်းဆန်ဖို့ သတ္တိ မရှိပေမဲ့ ဘာလို့ အရှင်မင်းကြီးရှေ့သွားပြီး လက်မြှောက်အရှုံးပေးရဲရတာလဲ။ သေမိန့် ပေးနိုင်တဲ့ အာဏာကို ဆုပ်ကိုင်ထားတဲ့ အရှင်မင်းကြီးက အာဏာမရှိတဲ့ မင်းသမီးတစ်ပါးထက် ပိုကြောက်စရာ မကောင်းဘူးလား။
Systemက ခေါင်းရှုပ်သွားတော့သည်။ နောက်တစ်ခဏတွင် သူသည် ချူဟွား၏အသံကို ကြားလိုက်ရ၏။ မူလက သူ ကြောင်အမ်းနေစဉ် သူ့သံသယများကို ထုတ်ပြောမိလိုက်ခြင်း ဖြစ်နေသည်။
ချူဟွား: [စစ်ဘက်ဆိုင်ရာဝန်ကြီးက အရှင်မင်းကြီးရှေ့မှာ အကြိမ်ကြိမ် လက်မြှောက်အရှုံးပေးဖူးလို့ နေသားကျနေပြီး ဒီကိစ္စအတွက် အရှင်မင်းကြီးက သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူး ဆိုတာ သိနေလို့ ကြောက်စရာ မလိုတာ ဖြစ်လောက်တယ်]
[တကယ်ပြောရရင် အာဏာမရှိတဲ့ မင်းသမီးတစ်ပါးက တတိယအဆင့် အရာရှိကြီးကို သူ့အတွက် အလုပ်လုပ်ပေးဖို့ ဘယ်က အာဏာနဲ့ အမိန့်ပေးနိုင်မှာလဲ။ စစ်ဘက်ဆိုင်ရာဝန်ကြီးက ဒုတိယမင်းသမီး အချစ်ခံရတာကို ထောက်ထားပြီး သူနဲ့ ဟွေ့ဖေးကို မပြစ်မှားချင်လို့ သွယ်ဝိုက်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာ]
ဒုတိယမင်းသမီးရဲ့ ညီမလေးက လက်နက်ဒီဇိုင်းဆွဲတာ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ၊ သူက နယ်စပ်မှာ ဝေးကွာနေတဲ့အတွက် လောလောဆယ် ညီလာခံအတွက် အသုံးမဝင်နိုင်သေးပေ။ ချူဟွား ယခု ပိုသိချင်နေသည်မှာ ရှန်လုအကြောင်းပင်။ [ရှန်လုက ဘယ်လိုလုပ်ပြီး တတ်နေတာလဲ]
ဤခေတ်တွင် ကြယ်ကြည့်ခြင်းကို စွဲလမ်းနေသဖြင့် သူတစ်ပါးက လူထူးလူဆန်းအဖြစ် သတ်မှတ်ထားသော လူတစ်ယောက်သည် မည်သို့လုပ်ပြီး လက်နက်ဒီဇိုင်းကို တတ်မြောက်နေရသနည်း။
ရင်းနှီးကျွမ်းဝင်သော ရှန်လုအကြောင်း ပြောလိုက်သည်နှင့် system၏ လေသံသည် အလွန် ပေါ့ပါးသွားတော့သည်။ [သူကတော့ ဆရာကောင်း၊ ပါရမီ၊ ကြိုးစားမှု စတဲ့ အကြောင်းရင်းတွေ အများကြီးကြောင့်ပါ]
[ရှန်လုရဲ့ ဆရာက လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက လက်ဆင့်ကမ်းလာတဲ့ ကုန်းရှူမျိုးဆက်လေ။ ဒီမျိုးဆက်က မော့မိသားစုလိုပဲ အံ့မခန်း စက်ကိရိယာ ပညာရပ်ကြောင့် ကမ္ဘာကျော်ခဲ့တာ။ နေရာအနှံ့ စစ်ပွဲတွေ၊ မင်းဆက် အပြောင်းအလဲတွေ၊ အချိန်ကာလ ကြာမြင့်မှုတွေကြောင့် လွန်ခဲ့တဲ့ နှစ်ထောင်ချီကလောက် မကျော်ကြားတော့ပေမဲ့ မျိုးဆက်တွေ အများကြီး ကျန်နေသေးတယ်။ ကုန်းရှူမိသားစုက အားကောင်းတဲ့ စက်ကိရိယာ ပညာရပ်ကို ကျွမ်းကျင်ပြီး လက်နက် ဒီဇိုင်းနဲ့ ထုတ်လုပ်မှုက သူတို့ရဲ့ ပင်မ ပညာရပ်ပဲ]
[ရှန်လုက ငယ်ငယ်ကတည်းက စရိုက်နဲ့ ဝါသနာကြောင့် သူငယ်ချင်း သိပ်မရှိဘဲ တခြားသူတွေထက် အလုပ်လုပ်ရင် အာရုံစိုက်နိုင်တယ်။ နောက်ပိုင်းမှာ သူ့ဆရာ ခေါ်သွားတဲ့အခါ အံ့ဩစရာကောင်းတဲ့ သင်ယူနိုင်စွမ်းနဲ့ ပန်းပဲပညာကို ပြသခဲ့တယ်။ ဆရာက သူ့ကို အလေးထားပြီး ပညာကုန် သင်ပေးခဲ့တော့ သူက ဒုတိယမင်းသမီးရဲ့ ညီမလေးထက် အများကြီး ပိုတော်တာပေါ့]
ဒါကတော့ သေချာတာပေါ့။ ရှန်လုမှာ စနစ်တကျ ဆရာရှိပြီး နှစ်ထောင်ချီ စုဆောင်းထားတဲ့ ပညာတွေ ရှိတယ်။ ဒုတိယမင်းသမီးရဲ့ ညီမလေးကတော့ လမ်းဘေးနည်းလမ်းနဲ့ တတ်လာသူ။
သူတို့နှစ်ယောက်ရဲ့ ကျွမ်းကျင်မှု၊ ပုံစံ၊ အတွေ့အကြုံတွေ အားလုံး မတူညီကြပေ။ တစ်နေ့နေ့မှာ အတူတူ အလုပ်လုပ်ဖြစ်ရင် တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးပြီး အတူတူ တိုးတက်လာနိုင်ကောင်းပါရဲ့။ စိတ်ကူးယဉ်မှု စတင်ရုံ ရှိသေးသော်လည်း ချူဟွားက လျင်မြန်စွာ ငြိမ်းသတ်လိုက်သည်။
ရှန်လုက ဆရာ့အမိန့်အရ နက္ခတ်တာရာဌာနအတွက် အလုပ်လုပ်ပေးနေပေမဲ့ ရာထူးလက်မခံဖို့ စွဲစွဲမြဲမြဲ ငြင်းဆန်နေတဲ့ ပုံစံကို ကြည့်ရင် သူက ညီလာခံနဲ့ လောကီရေးရာ ဝင်ရောက်ဖို့ကို ဆန့်ကျင်နေတယ် ဆိုတာ သိသာသည်။
လူ့ဘောင်နဲ့ ကင်းကွာနေတဲ့ ရသေ့တစ်ပါးကို လောကီအရှုပ်အထွေးထဲ ဆွဲခေါ်တာက လုံလောက်အောင် အပြစ်ကြီးနေပါပြီ။ သူက ကုန်းရှူမိသားစုရဲ့ အားကောင်းတဲ့ စက်ကိရိယာ ပညာရပ်ကို ဆက်ခံသူဆိုတာ ထပ်ပြီး ဖော်ထုတ်လိုက်ရင် ညီလာခံက နည်းလမ်းပေါင်းစုံသုံးပြီး သူ့ကို ဖိအားပေးကြလိမ့်မယ်။ အဲဒါဆို ပိုပြီးတော့ အပြစ်ကြီးသွားလိမ့်မယ်။
အဲဒီအချိန်ကျရင် ခန့်မှန်းထားတာထက် ကျော်လွန်တဲ့ ဘာကိစ္စတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။
ထပ်ခါတလဲလဲ စဉ်းစားပြီးနောက် ချူဟွားက မှာကြားလိုက်သည်။ [ထုံအာ။ ရှန်လုရဲ့ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ နင် မတော်တဆ ထုတ်မပြောမိစေနဲ့နော်]
Systemက သည်ကိစ္စရဲ့ အရေးပါမှုကို ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။
[မမကြီးဟွား စိတ်ချပါ။ ငါ အချင့်အချိန် ရှိပါတယ်]
[လောကီနဲ့ ကင်းကွာနေတဲ့ ရသေ့တစ်ပါးကို သေစေနိုင်တဲ့ လက်နက်တွေ လုပ်ခိုင်းတာက ဘုန်းကြီးတစ်ပါးကို လူထွက်ပြီး မိန်းမယူ ကလေးမွေးခိုင်းတာထက် အများကြီး ပိုပြီး အပြစ်ကြီးပါတယ်။ ငါ ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး]
ခဏကြာတော့ systemက ဖရဲသီးတစ်ခု ထပ်ပြောလိုက်သေးသည်။ [အရင်မင်းဆက်ရဲ့ နောက်ဆုံးမင်းကြီး လက်ထက်တုန်းက နေရာအနှံ့ တော်လှန်ပုန်ကန်မှုတွေ ဖြစ်ပြီး အရင်မင်းဆက်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့ စုပေါင်း ကြိုးစားခဲ့ကြတယ်။ အဲဒီတုန်းက ညီလာခံထဲက လူတချို့က တောထွက်နေတဲ့ မော့မိသားစုရဲ့ တပည့်တွေကို ရှာတွေ့ပြီး တန်ပြန်တိုက်ခိုက်ဖို့ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ လုပ်ခိုင်းခဲ့တယ်]
[မော့မိသားစုက အများအကျိုး ဆောင်ရွက်ပြီး တိုက်ခိုက်ခြင်း မပြုဖို့ ဦးစားပေးတယ်။ အရင်မင်းဆက်ကလည်း အဲဒီလို အခြေအနေ ဆိုးရွားနေတာဆိုတော့ သူတို့က တောတောင်ထဲ ဝင်ရောက် ပုန်းအောင်းနေခဲ့ပြီး မလုပ်ချင်ကြဘူး။ တော်ဝင်အစောင့်တွေက နှိပ်စက်တယ်၊ မိသားစုနဲ့ ခြိမ်းခြောက်တယ်၊ နည်းလမ်းမျိုးစုံ သုံးခဲ့ကြတယ်။ နောက်ပိုင်း မော့မိသားစုရဲ့ တပည့်တွေက မိသားစုကို မထိခိုက်စေဖို့၊ သူတစ်ပါးကို ဒုက္ခမပေးဖို့ ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြတယ်]
ချူဟွား: "..." အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။
အရင်မင်းဆက်က ဘယ်လောက်တောင် အပြစ်တွေ လုပ်ခဲ့တာလဲ။ ဘယ်လိုလုပ်ပြီး တောထွက်နေတဲ့ လူတွေကိုတောင် ရှာဖွေပြီး သတ်ပစ်ရတာလဲ။
သို့သော်ငြား အမှန်ပြောရလျှင် ရှန်လုကလည်း တောထွက်နေသူ ဖြစ်ပြီး ယဉ်ကျေးမှုဝန်ကြီးက တောင်ပေါ်ကနေ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဘယ်ခေတ်ဘယ်ကာလပဲ ဖြစ်ဖြစ် ညီလာခံက လူတွေကတော့ အတူတူပဲ လုပ်ဆောင်ကြသည် ဖြစ်ကောင်းဖြစ်နိုင်သည်။
ချူဟွားသည် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ [နင်ရော ငါရော သတိထားရမယ်။ ဒါက ကောင်းကောင်း မလုပ်ရင် လူ့အသက် သုံးချောင်းတောင် ဖြစ်သွားနိုင်တယ်]
သည်ရက်ပိုင်း အတူတူ နေလာခဲ့ပေမဲ့ သူနဲ့ ရှန်လုက နက္ခတ်တာရာကလွဲရင် ဘာမှ မပြောဖြစ်ခဲ့ကြဘူး။ ရှန်လုသာ တော်ဝင်အစောင့်တွေရဲ့ ဖိအားပေးတာ ခံရရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ ဇာတ်သိမ်းမျိုး ရောက်သွားမလားဆိုတာ ခန့်မှန်းရ ခက်သည်။
ရှန်လုရဲ့ ဆရာက အသက် ၈၀ ကျော်နေပြီ။ ရှန်လုရဲ့ ဆရာကတော် အသက်ရှင်သေးလား ဆိုတာလည်း မသိရဘူး။ တကယ်လို့ လူကြီးနှစ်ယောက်က လန့်ဖျပ်ပြီး ဒုက္ခရောက်သွားရင်၊ ဒါမှမဟုတ် တပည့်ဖြစ်သူက ဖိအားပေးခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ သိလိုက်ရင် သူတို့လည်း လိုက်ပါ သွားကြလိမ့်မယ်။ ပေါင်းလိုက်ရင် လူ့အသက် သုံးချောင်းပေါ့။ အပြစ်ကြီးလိုက်တာ။
Systemက အလျင်အမြန် ပြန်ဖြေလိုက်၏။ [အင်း။ အင်း]
ရှန်လုရဲ့ ဆရာအကြောင်း တွေးမိတော့ ချူဟွားက ကိစ္စတစ်ခုကို သတိရသွားသည်။ [ငါ မှတ်မိတာ မမှားဘူးဆိုရင် ရှန်လုရဲ့ ဆရာက အရင်အရှင်မင်းကြီး လက်ထက်တုန်းက နက္ခတ်တာရာဌာနရဲ့ စီနီယာအစ်ကိုလို့ နင် ပြောဖူးတယ်နော်။ ကုန်းရှူမိသားစုက နက္ခတ်တာရာနဲ့ မိုးလေဝသကိုပါ သင်ယူကြတာလား]
Systemသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး လေးနက်သော လေသံဖြင့် ပြောင်းလဲ ပြောဆိုလိုက်၏။
[ဘဝက မလွယ်ကူဘူးလေ။ ပညာစုံ တတ်ထားမှ ဖြစ်မှာပေါ့]
ချူဟွား: "..." ဒီလို နောက်လိုက်ရတာ သိပ်ပျော်ဖို့ ကောင်းနေလား။
သူမက systemထံမှ တခြား လက်နက်ဒီဇိုင်းဆွဲတတ်သူတွေ၏ စာရင်းကို တောင်းယူလိုက်ပြီး နှစ်ခေါက်လောက် ဖတ်ကာ ဦးနှောက်ထဲ မှတ်ထားလိုက်သည်။ စာရွက်ပေါ် မှတ်ထားရင် တော်ဝင်အစောင့်တွေ မတွေ့ဘူးလို့ အာမ မခံနိုင်ပေ။ ဦးနှောက်ထဲ မှတ်ထားတာက ပိုစိတ်ချရသည်။
တစ်ခါကြည့်ရုံနဲ့ မမေ့တတ်တာကို ကျေးဇူးတင်ရမည်။
လဝက်ခန့် ကြာပြီးနောက်တွင် စစ်သူကြီးရွှမ်ဝေသည် လက်နက်ဒီဇိုင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေဆဲဖြစ်ပြီး မျက်နှာထားမှာ ပို၍ပင် ညှိုးနွမ်းလာတော့သည်။
ချူဟွားသည် ကြည့်ရက်သား မနေနိုင်တော့ချေ။ "ဆရာ နေမကောင်းရင် ရက်နည်းနည်းလောက် အနားယူလိုက်ပါလား"
"ကိစ္စ မရှိပါဘူး" စစ်သူကြီးရွှမ်ဝေက နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်ပြီး အတော်လေး ကြောက်စရာကောင်းသော အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။ "ဒီရက်ပိုင်း လက်နက် ဘယ်လို ဒီဇိုင်းဆွဲရမလဲ ဆိုတာ စဉ်းစားနေလို့ ဦးနှောက် နည်းနည်း ပိုသုံးမိပြီး ကောင်းကောင်း အိပ်မပျော်တာပါ"
"ငါ စစ်သူကြီးက ဆီးပန်းလှံတစ်ချောင်းနဲ့ ရန်သူစစ်တပ်ကို ကြားရုံနဲ့ ကြောက်လန့်သွားအောင် လုပ်နိုင်ပေမဲ့ ဒီဒီဇိုင်းကတော့..." စစ်သူကြီးရွှမ်ဝေက အမှန်အတိုင်း ပြောချင်သော်လည်း ကျောင်းသားရှေ့တွင် ကိုယ့်အားနည်းချက်ကို ဝန်ခံရမှာ မျက်နှာပျက်စရာ ကောင်းသည်ဟု တွေးမိပြီး စကားပြန်ပြင်လိုက်၏။ "တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ များများ လေ့လာရမယ်"
ချူဟွား: "..."
System: [......]
ခင်ဗျားသာ ဒီလောက် အံကြိတ်ပြီး မပြောခဲ့ရင် ငါတို့ ယုံလုနီးပါး ဖြစ်သွားမှာ။
ချူဟွားက သူမကိုယ်တိုင် ပေါင်းစပ်လေး အကြောင်း ပြောမိခဲ့သောကြောင့် စစ်သူကြီးရွှမ်ဝေ သည်လိုဖြစ်ရသည်ကို သိနေသဖြင့် သိပ်မကောင်းတတ်ဘဲ ဝေ့လည်ကြောင်ပတ် ပြောလိုက်လေသည်။
"လက်နက်ဒီဇိုင်း ဆိုတာ ကြားလိုက်တာနဲ့ ခက်ခဲမှန်း သိသာပါတယ်။ တပည့်လည်း မတတ်ပါဘူး"
စစ်သူကြီးရွှမ်ဝေ: ???
ကျားယီ ချိုက်ကန်း: ???
နင် အရင်တုန်းက ဒီလိုပြောတာ မဟုတ်ပါဘူး။
...