← Chapters

အခန်း ၁၀၈

Vol. 8 Ch. 108

အခန်း ၁၀၈

Vol. 8 Ch. 108

အပိုင်း (၁၀၈)

အစပိုင်းတွင် စစ်သူကြီးရွှမ်ဝေက ချူဟွားသည် နှိမ့်ချနေသည်ဟု ထင်မှတ်ခဲ့၏။ စာပေသမားတို့တွင် နှိမ့်ချတတ်သော အကျင့် ရှိတတ်ကြသည်။ သို့သော် သူ ရုတ်တရက် တွေးလိုက်မိသည်မှာ သာ့ရှန်းမင်းဆက်တွင် လက်နက်ဒီဇိုင်း တတ်မြောက်သူ အနည်းငယ်သာ ရှိသည် မဟုတ်ပါလား။ ချူဟွားက မည်သို့ တတ်မြောက်နိုင်ပါမည်နည်း။

သူမသည် အံ့ဩဖွယ်ကောင်းသော အခွင့်အရေးများ ရရှိခဲ့ပြီး ခေတ်သစ် အကြောင်းအရာများကို သိရှိသည် ဆိုလျှင်ပင် လက်နက်ဒီဇိုင်းသည် စစ်ရေးနှင့် သက်ဆိုင်ပြီး လုံလောက်သော နောက်ခံနှင့် ဆရာကောင်း မရှိလျှင် သေစေနိုင်သော လက်နက်များကို မည်သို့ နားလည်နိုင်ပါမည်နည်း။

သို့သော် ချူဟွားသည် system နှင့် စကားပြောရာတွင် သူမသည် ပေါင်းစပ်လေး အကြောင်း သိရှိကြောင်း ဝန်ခံခဲ့သည်။

စစ်သူကြီးရွှမ်ဝေသည် ဖူရွေ့ချင်းဝမ်ထံသို့ သွားရောက် တိုင်ပင်လေသည်။

သူတို့နှစ်ဦးသည် လက်ရှိအခြေအနေကို သုံးသပ်ကြည့်ပြီးနောက် အကြမ်းဖျင်း ခန့်မှန်းချက်တစ်ခု ရရှိလိုက်ကြသည်။ ချူဟွားသည် လက်နက်ဒီဇိုင်းကို တကယ် မတတ်မြောက်ဘဲ ပေါင်းစပ်လေးကို မြင်ဖူးရုံသာ ဖြစ်နိုင်ပြီး သူမ၏ တစ်ခါကြည့်ရုံဖြင့် မမေ့နိုင်သော အရည်အချင်းကြောင့် ပေါင်းစပ်လေး၏ ပုံစံ သို့မဟုတ် အစစ်အမှန်ကို ပြန်လည် ဖန်တီးနိုင်ခြင်း ဖြစ်နိုင်သည် မဟုတ်ပါလား။

ခန့်မှန်းချက် ထွက်လာသည်နှင့် သူတို့နှစ်ဦးသည် ဖြစ်နိုင်ခြေ အလွန်များကြောင်း ခံစားမိလိုက်ကြသည်။

ချူဟွားသည် ယခုနှစ်မှ ၁၄ နှစ်သာ ရှိသေးသည်။ စီးပွားရေး လုပ်တတ်ခြင်းနှင့် စာရင်းစစ်တတ်ခြင်းကို သူမ၏မိခင် သင်ပေးခဲ့သည်ဟု ပြောနိုင်သော်လည်း ဆေးပညာ နားမလည်ဘဲ ကာကွယ်ဆေးနှင့် ပင်နီစလင် ထုတ်လုပ်တတ်ခြင်း၊ ငှက်ဖျားရောဂါ ကုသနည်း သိခြင်း၊ စိုက်ပျိုးရေး မကျွမ်းကျင်ဘဲ အထွက်နှုန်းကောင်းသော အပင်များအကြောင်း သိရှိခြင်းတို့သည် အလွန်ပင် လွန်လွန်းနေပြီ ဖြစ်သည်။

အကယ်၍ လက်နက်ဒီဇိုင်းကိုပါ တတ်မြောက်နေလျှင် စစ်ဘက်ဆိုင်ရာ အရာရှိများထက်ပင် ပိုတော်နေပေလိမ့်မည်။ သူမသည် မိခင်ဝမ်းဗိုက်ထဲကတည်းက အချိန်လုပြီး သင်ယူခဲ့သည်များလား။

သူမ၏ ငယ်ရွယ်မှုနှင့် ထူးချွန်မှုတို့သည် လူအများအပြားကို ရှက်ရွံ့စေခဲ့ပြီး အရာရှိများစွာသည် တိတ်တဆိတ် ကြိုးစားအားထုတ်နေကြရသည်။

အကယ်၍ သူမ ပိုပြီး ထူးချွန်လာလျှင် လုပ်ဖော်ကိုင်ဖက်များစွာသည် မိမိတို့၏ မိဘရပ်ပါးများကို မျက်နှာပြရဲတော့မည် မဟုတ်ပေ။

ဖရဲသီး system နှင့် ချိတ်ဆက်မိသူသည် အခြားသူ မဟုတ်ဘဲ ချူဟွား ဖြစ်နေခြင်းသည် ချူဟွားတွင် ထူးခြားချက် ရှိနေ၍သာ ဖြစ်ပေမည်။

လွန်ခဲ့သော နှစ်ကတည်းက သူမ၏ ၁၃ နှစ်တာ ဘဝဖြတ်သန်းမှုကို သူတို့ အကြိမ်ကြိမ် အခါခါ လှန်လှော ကြည့်ရှုခဲ့ကြပြီး အစီရင်ခံစာများပင် စုတ်ပြဲလုနီးပါး ဖြစ်နေပြီ။

တချို့ကိစ္စများကို စုံစမ်း၍ မရနိုင်သော်လည်း ချူဟွားတွင် မည်သည့်ဆရာ ရှိခဲ့သနည်း။ အထူးအခွင့်အရေးများ ရှိခဲ့သလား ဆိုသည်မှာ အထင်အရှား ရှိနေသော အကြောင်းအရာများ ဖြစ်ပြီး စုံစမ်းရန် လွယ်ကူသလို မှားယွင်းနိုင်စရာလည်း မရှိပေ။

ထို့အပြင် ချူဟွား နောက်ပိုင်း ပြသခဲ့သော အရည်အချင်းများကို သာ့ရှန်း တစ်နိုင်ငံလုံးတွင် ဒုတိယလူ မရှိဘဲ ပိုင်ဆိုင်ထားခြင်းက ချူဟွား၏ ဆရာများတွင် ထိုကဲ့သို့သော ထူးခြားစွမ်းရည်များ မရှိကြောင်း သက်သေပြနေလေသည်။

ထို့ကြောင့် ကောက်ချက်ချရလျှင် ချူဟွားသည် မတတ်မြောက်ခြင်း သို့မဟုတ် တစ်ခါမြင်ရုံဖြင့် မမေ့နိုင်သော အရည်အချင်းကြောင့်သာ တတ်မြောက်ခြင်း ဖြစ်နိုင်သည်။

သာ့ရှန်း တစ်နိုင်ငံလုံးတွင် မရှိသော ပေါင်းစပ်လေးကို သူမ ဘယ်နေရာက မြင်ခဲ့သလဲ ဆိုသည်မှာတော့ နောက်ထပ် ခေါင်းစားစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာပြန်သည်။

စစ်သူကြီးရွှမ်ဝေကတော့ ချူဟွား မည်သို့ ရရှိခဲ့သည်ကို ဂရုမစိုက်တော့ပေ။ သာ့ရှန်း အကျိုးရှိလျှင် ပြီးရောဟု သဘောထားလိုက်သည်။ ဆက်လက် စုံစမ်းနေလျှင် သူ၏ လက်နက်ဒီဇိုင်းကိုလည်း မသင်ယူဘဲ နေ၍ ရမည် မဟုတ်ပေ။

ဖူရွေ့ချင်းဝမ်သည်လည်း ဆက်လက် စုံစမ်းရန် ပျင်းရိနေလေသည်။

စစ်တိုက်လျှင် သူ့ကို ရှာသည်။ စစ်ဘက်ဆိုင်ရာ ကိစ္စဆိုလျှင် သူ့ကို သင်ခိုင်းသည်။ တော်ဝင်မျိုးနွယ်စု ကိစ္စဆိုလျှင် သူ့ကို လုပ်ခိုင်းသည်။ ချူဟွား တတ်မြောက်တာ များနေလျှင်လည်း သူ့ကို ရှာသည်။ ဘာကိစ္စမဆို သူ့ကိုချည်း ရှာနေကြသည်။ သူက အရှင်မင်းကြီးများလား။

သာ့ရှန်းသည် ရှောင်းမိသားစု ပိုင်ဆိုင်သည် ဆိုလျှင်တောင် ကိစ္စကြီးငယ်မဟူ သူ့ကို လာရှာစရာ အကြောင်း မရှိပေ။ သူက ဘာကိစ္စကြောင့် ချင်းဝမ်မင်းသား လစာယူပြီး အရှင်မင်းကြီး စိတ်ပူရမဲ့ ကိစ္စတွေ ပူပန်ပေးရမှာလဲ။ အရှင်မင်းကြီး လုပ်ရမဲ့ အလုပ်တွေ လုပ်ပေးရမှာလဲ။ မလုပ်ဘူး၊ မလုပ်ဘူး၊ လုံးဝ မလုပ်ဘူး။

ဖူရွေ့ချင်းဝမ်သည် စကားပါးပေးသည့် အလုပ်ကို မလုပ်တော့သလို အစည်းအဝေးများကိုလည်း မတက်တော့ဘဲ လုံးဝကို ပစ်ထားလိုက်တော့သည်။

တစ်နှစ်ကျော်ကြာပြီ။ ချူဟွားဆီမှာ လှုပ်ရှားမှု တစ်ခုခု ရှိတိုင်း ညကြီးမင်းကြီး သူ့ကို နန်းတော်ထဲ ခေါ်ပြီး ဆွေးနွေးခိုင်းတယ်။ ဆူဆူညံညံနဲ့ အချိန်ကုန်ခံပြီးရင် ညီလာခံတက်ရမဲ့ အချိန် ရောက်နေပြီ။

သူက အသက်ကြီးနေပြီ ဖြစ်တဲ့အပြင် နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့လို့ ရလာတဲ့ ဒဏ်ရာဟောင်းတွေလည်း ရှိနေသေးတယ်။ လေတိုက်ရုံနဲ့ လန့်ဖျပ်နေရတဲ့ အဖြစ်မျိုးကို တကယ် သည်းမခံနိုင်တော့ဘူး။

အရှင်မင်းကြီး သိရှိသွားသောအခါ "..."

ဒါက သူ့ ဦးရီးတော်လေ။ အကျိုးဆောင်မှုတွေ အများကြီး ရှိပြီး အာဏာကို စွန့်လွှတ်ကာ မြို့တော်ပြန်ပြီး အေးအေးဆေးဆေး နေနေတဲ့ ဦးရီးတော်။

သူ ဘာလုပ်နိုင်မှာလဲ။ "ဦးရီးတော် ပြောတာ မှန်ပါတယ်။ ဦးရီးတော် အနားယူပါတော့" လို့ပဲ ပြောနိုင်တာပေါ့။

ဖူရွေ့ချင်းဝမ်၏ ပစ်ထားလိုက်ခြင်းက အရှင်မင်းကြီးကို သတိပေးလိုက်သလို ဖြစ်သွားသည်။ System ဖော်ထုတ်လိုက်သော ဖရဲသီးများတွင် အရေးကြီး ကိစ္စများ ပါဝင်သော်လည်း လှုပ်ရှားမှု ရှိတိုင်း လူတိုင်းကို ခေါ်ယူ ဆွေးနွေးခြင်းသည် အမှန်တကယ်ပင် ပုံကြီးချဲ့လွန်းရာ ရောက်နေသည်။

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့၏ အသက်အရွယ်သည် ဖူရွေ့ချင်းဝမ်ထက်ပင် ကြီးရင့်နေသေးရာ ဤကဲ့သို့ မကြာခဏ ပင်ပန်းမှုကို ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

အရှင်မင်းကြီးသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ကြည့်ပြီးနောက် ဤမျှ အလေးအနက် ထားစရာ မလိုဟု ယူဆလိုက်သည်။

လွန်ခဲ့သော လေးလအတွင်း systemသည် အမှုအခင်းများကို ဖြေရှင်းခြင်း သို့မဟုတ် မေးခွန်းများ ဖြေဆိုခြင်းသာ ပြုလုပ်ခဲ့သည်။ မြို့တော်အုပ်ချုပ်ရေးမှူးရုံး၊ တရားရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် သုံးခုတို့ ဖြေရှင်းနိုင်ပြီး အရှင်မင်းကြီးနှင့် မှူးမတ်များ အတူတကွ ဆွေးနွေးရမည့် စစ်ရေး နိုင်ငံရေး ကိစ္စကြီးကြီးမားမား မရှိခဲ့ပေ။ ခြွင်းချက်အနေဖြင့် အစွမ်းထက်သော်လည်း လက်ထဲ မရောက်သေးသော ပေါင်းစပ်လေးသာ ရှိသည်။

ရန်သူနှင့် ပူးပေါင်းပြီး တိုင်းပြည်သစ္စာဖောက်ခြင်း၊ နယ်စပ်စစ်ပွဲကဲ့သို့သော အရေးကြီး ကိစ္စများ မဟုတ်လျှင် နောက်တစ်နေ့ နံနက် ညီလာခံအထိ စောင့်ဆိုင်း ဆွေးနွေးနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ညီလာခံတွင် မှူးမတ်များ အချင်းချင်း အငြင်းပွားနေကြသည်ကို နားထောင်ရမည့် အချိန်ကို လျှော့ချနိုင်ပြီး သူတို့၏ ဆူညံသံများကို အမြဲ နားထောင်နေရခြင်းမှ သက်သာစေမည်။

မဆိုးဘူး။ အကြံကောင်းပဲ။

အရှင်မင်းကြီးသည် ဆုံးဖြတ်ချက် ချပြီး မကြာမီမှာပင် နှစ်ရက်မကြာခင် ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားပြီး မှူးမတ်များကို ညသန်းခေါင်တွင် နန်းတော်သို့ ဆင့်ခေါ်ရပြန်လေသည်။ အကြောင်းမှာ systemသည် အရှင်မင်းကြီးနှင့် မှူးမတ်များကို အလွန် စိတ်လှုပ်ရှားစေသော ဖရဲသီးကြီး တစ်ခုကို စားမိလိုက်သောကြောင့်ပင်။

ကိစ္စက ဤသို့ ဖြစ်သည်။

ထိုအချိန်သည် အောက်တိုဘာလနှောင်းပိုင်း ဖြစ်ပြီး ပန်းရနံ့မွှေးသော ရာသီချိန် ဖြစ်သည်။

ချူဟွားသည် စားပွဲပေါ်တွင် ညစာစားရန် ပြင်ဆင်ထားသော ပန်းမုန့်ကို မြင်လိုက်ရသောအခါ ချူချင်းက ပန်းမုန့် အကြိုက်ဆုံး ဖြစ်ကြောင်း သတိရသွားပြီး ချူချင်း၏ မွေးနေ့သည် ဆောင်းဦးရာသီ ပန်းပွင့်ချိန် ဖြစ်ကြောင်း ဆက်လက် သတိရသွားသည်။

ရက်စွဲများကို ရေတွက်ကြည့်လိုက်သောအခါ ချူချင်း၏ မွေးနေ့သည် လွန်ခဲ့သော ရက်အနည်းငယ်က ပြီးဆုံးသွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လူက အိမ်မှာ မရှိတော့ မွေးနေ့ပွဲ မကျင်းပနိုင်ဘူး။ ဒါကြောင့် သူမက systemကနေတဆင့် အစ်ကိုရင်းရဲ့ လက်ရှိအခြေအနေကို သိချင်လာခဲ့တယ်။

ချူဟွား: [systemရေ။ ငါ့အစ်ကို ဒီရက်ပိုင်း ဘာတွေ လုပ်နေလဲ]

System: [!!!]

သူက အမှုအခင်း ဖရဲသီးတွေ စားရလွန်းလို့ အန်ချင်နေပြီ ဖြစ်ပြီး ချူချင်း နာမည် ကြားလိုက်တာနဲ့ ကြက်သီးထသွားတော့သည်။

[နင့်အစ်ကိုက အကျင့်ပျက်ခြစားမှုကို ကြိုးကြိုးစားစား စုံစမ်းနေတုန်းပဲ ဖြစ်မှာပါ] Systemသည် အကျင့်ပျက်ခြစားမှု ဖရဲသီးများကို ငြီးငွေ့နေသော်လည်း ပြီးပြီးရော မလုပ်ဘဲ လိမ္မာစွာ သွားရောက် စစ်ဆေးပေးလေသည်။ [ခဏလေး။ ငါ စစ်ဆေးလိုက်ဦးမယ်]

စစ်ဆေးလိုက်တော့ ကိစ္စကြီးတစ်ခု ပေါ်လာတော့သည်။

Systemသည် ကြည့်ရှုပြီးနောက် ဝိုး ဝိုး ဟု အော်ဟစ်ကာ ပြန်ရောက်လာလေသည်။ [မမကြီးဟွား။ နင့်အစ်ကို ဘာကိစ္စ ကြုံတွေ့ခဲ့ရလဲ ဆိုတာ နင် လုံးဝ ထင်ထားမှာ မဟုတ်ဘူး]

ထိတ်လန့်မှုနှင့် အံ့ဩဝမ်းသာမှု ရောနှောနေသော လေသံသည် ချူမိသားစု တစ်ခုလုံးကို ချက်ချင်း နှိုးလိုက်သလို ဖြစ်သွားသည်။ ဘာလဲ။ ဖရဲသီး စားစရာ ရှိလို့လား။

Systemက လုံးဝ ထင်ထားမှာ မဟုတ်ဘူး လို့ ပြောလာတော့ ချူဟွားလည်း အများကြီး ခန့်မှန်းမနေတော့ပေ။

[အချစ်ရေး ကံကောင်းမှုတော့ မဟုတ်လောက်ပါဘူးနော်]

သူမသည် လွန်ခဲ့သော အကြိမ်က systemကို စစ်ဆေးခိုင်းစဉ် အချစ်ရေး ကံကောင်းမှု တွေ့ရှိခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင်လည်း ဆက်စပ် တွေးမိပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် system၏ တုံ့ပြန်မှုက စဉ်းစားစရာ ဖြစ်နေသည်။

Systemက အင်း အင်း အင်း ဟု အတော်ကြာအောင် ပြောနေပြီးမှ [ငါ ပြောမဲ့ ကိစ္စကြီးက အဲဒါ မဟုတ်ပေမဲ့ အနည်းနဲ့အများ ယောင်ဝါးဝါး နည်းနည်းလေးတော့ အချစ်ရေး ကံကောင်းမှု ပါနေတယ်လို့ ပြောလို့ရပါတယ်]

[နင့်အစ်ကိုကလေ အချစ်ရေး ကံမကောင်းဘူး ပြောရအောင်လည်း ဘယ်သွားသွား မိန်းမလှလေးတွေနဲ့ တွေ့နေရတယ်။ အချစ်ရေး ကံကောင်းတယ် ပြောရအောင်လည်း သူ့နားကပ်လာတဲ့ မိန်းမလှလေးတွေက ရည်ရွယ်ချက် တစ်ခုခု ရှိနေကြတယ်]

ချူဟွားသည် အစ်ကိုရင်းအတွက် သနားကရုဏာသက်မိပြီး မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။

[သူက အခုလို တစ်နှစ်ပတ်လုံး ခရီးထွက်နေရတဲ့ အခြေအနေနဲ့ဆိုရင် သာ့ရှန်းရဲ့ အသက်အကြီးဆုံး လူပျိုစစ်စစ် စံချိန်တင်သွားမလား မသိဘူး]

ထိုစကားကို ကြားသောအခါ ချူမိသားစု တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။

ဒီစံချိန် ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းမှာ နင်က တစ်ဝက်ကျော် တာဝန်ရှိတယ်လေ။

နင်နဲ့ systemသာ မရှိရင် နင့်အစ်ကိုက အခုအချိန် ဟန်လင်းကျောင်းတော်မှာ လုပ်သက် ရယူနေမှာ ဖြစ်ပြီး နင့်အဖေနဲ့ အမေက သူ့အတွက် ကြည့်ရှု စေ့စပ်ပေးနေလောက်ပြီ။

အသက် ၂၁ နှစ် ရှိနေပြီ၊ အရာရှိ ဖြစ်နေပြီ၊ အိမ်ထောင်ပြုဖို့ မပြောနဲ့၊ စေ့စပ်ထားတာတောင် မရှိဘူး။ ကြားရသူတိုင်းက သနားစရာလို့ ပြောကြမှာပဲ။

Systemက သူသည် ချူချင်း ယခုထိ လူပျိုစစ်စစ် ဖြစ်နေရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ကောင်းကောင်း သိသော်လည်း ချီးကျူးစကား တစ်ခွန်းတော့ ပြောရဦးမည်။ [နင့်မိသားစုရဲ့ မျိုးရိုးက ကောင်းပါတယ်။ မိန်းမ မယူဘူး၊ မယားငယ် မထားဘူး၊ အိမ်ဖော်မလေးတွေနဲ့ မရှုပ်ဘူး၊ ပြည့်တန်ဆာအိမ်လည်း မသွားဘူး]

ချူဟွား: [အရာရှိတွေ ပြည့်တန်ဆာအိမ် မသွားရဘူး ဆိုတာက တင်းကျပ်တဲ့ စည်းမျဉ်းလေ။ ချိုးဖောက်လို့ မရဘူး။ ငါ့အစ်ကိုက သိလျက်နဲ့ ကျူးလွန်မှာ မဟုတ်ဘူး]

[နောက်တစ်ချက်က ငါ့အဖေရဲ့ နောက်ဖေးဆောင်မှာ မိန်းမ နှစ်ယောက်ပဲ ရှိတာတောင် အလစ်ချောင်း တိုက်ခိုက်မှုတွေ ရှိနေတယ်။ ငယ်ငယ်တုန်းက ငါ့အစ်ကိုနဲ့ ငါ အကြိမ်ကြိမ် ထိခိုက်ခဲ့ဖူးတယ်။ ဒါကြောင့် သူက နောက်ပိုင်း ဇနီးသည် တစ်ယောက်တည်းပဲ ယူမယ်လို့ ဆုံးဖြတ်ထားတာ]

Systemက လက်မထောင်ပြလိုက်သည်။ [ယောကျ်ားကောင်း ကျင့်ဝတ် ပြည့်မီတယ်]

ခေါင်းစဉ် လွဲသွားသဖြင့် ချူဟွားက အလျင်အမြန် ပြန်ဆွဲခေါ်လိုက်သည်။ [တိတိကျကျ ဘာဖြစ်ခဲ့တာလဲ]

System: [နင့်အစ်ကိုက အကျင့်ပျက်ခြစားမှုကို စစ်ဆေးတာ ကျန်းနန်မြစ်အောက်ပိုင်းကနေ အထက်ပိုင်းအထိ၊ တောင်ဘက်ကနေ မြောက်ဘက်အထိ စစ်ဆေးခဲ့တယ်။ ကျန်းနန်မှာ လူအုပ်လိုက်ကြီး ဖမ်းဆီးခဲ့သလို အထက်ပိုင်းမှာ ကြေးနီပိုက်ဆံ အတုလုပ်တဲ့ အမှုမှာလည်း လူအုပ်လိုက်ကြီး ဖမ်းဆီးခဲ့တယ်]

[ကြေးနီပိုက်ဆံ အတုလုပ်တဲ့ ကိစ္စက အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး။ ဒေသခံ အာဏာပိုင်တွေနဲ့ တပ်စွဲထားတဲ့ စစ်တပ် ပူးပေါင်းကြံစည်တာကို လူတွေ သိသွားရင် ညီလာခံနဲ့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်။ ဒါကြောင့် ချူချင်းနဲ့ ဖေ့မင်ချန်က အကျင့်ပျက်ခြစားမှု ခေါင်းစဉ်နဲ့ ကိုင်တွယ်ခဲ့တာ။ သူက အကျင့်ပျက်ခြစားမှု စစ်ဆေးရာမှာ နာမည်ကြီးသွားတာပေါ့]

ချူဟွား: "..."

ချူမိသားစုဝင်များ: "..."

ကျန်းနန် အကျင့်ပျက်ခြစားမှု ကိစ္စမှာ ချူချင်းက အပေါ်ယံ မြားစာသာ ဖြစ်ပြီး တော်ဝင်အစောင့်တွေက နောက်ကွယ်မှာ အလုပ်ရှုပ်ခံ စုံစမ်းစစ်ဆေးခဲ့တာ။ သူက အဆုံးသတ် အခန်းကဏ္ဍမှာပဲ ပါဝင်ခဲ့တာ။

ကြေးနီပိုက်ဆံ အတုလုပ်တဲ့ အမှုမှာ စုံစမ်းစစ်ဆေးတာက system ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းတာက ဖေ့မင်ချန်လေ။ သူ့နည်းလမ်းတွေက ပြတ်သားပြီး လုပ်ဆောင်ချက်တွေက မြန်ဆန်တိကျတယ်။ ချူချင်းက တစ်စိတ်တစ်ပိုင်း စုံစမ်းစစ်ဆေးမှုနဲ့ အဆုံးသတ် အခန်းကဏ္ဍမှာပဲ ပါဝင်ခဲ့တာ။

အတိုချုပ် ပြောရရင် ချူချင်းက မဲမဲသည်းသည်း အလုပ်လုပ်ရတဲ့ ကိရိယာနဲ့ ကျွမ်းကျင်တဲ့ အဆုံးသတ်သမား တစ်ယောက်ပဲ။

ဒီဂုဏ်ပုဒ်က နည်းနည်းတော့ ဟာတာတာပဲ။

System: [ချူချင်းက မြောက်ဘက်ကို အကျင့်ပျက်ခြစားမှု စစ်ဆေးဖို့ သွားမယ်ဆိုတဲ့ သတင်း ပြန့်သွားတော့ မြောက်ဘက်က အရာရှိတွေ ထိတ်လန့်သွားကြတယ်။ ဖြည့်လို့ရတဲ့ လိုငွေတွေကို အမြန်ဖြည့်၊ မဖြည့်နိုင်တာတွေကို စာရင်းညှိဖို့ နည်းလမ်းရှာ၊ စိတ်ကြမ်းတဲ့လူတွေကတော့ သက်သေအထောက်အထားတွေကို ဖျက်ဆီးကုန်ကြပြီ]

[နင့်အစ်ကိုက ညီလာခံ ကိုယ်စားလှယ်တော် အနေနဲ့ နယ်လှည့်ပြီး အကျင့်ပျက်ခြစားမှု အမှုပေါင်းများစွာကို စစ်ဆေးခဲ့တော့ လူတွေအများကြီးကို ထိခိုက်စေခဲ့တယ်။ အရှင်မင်းကြီးက သူ့အသက် အချိန်မရွေး ပျောက်သွားမှာ စိုးရိမ်လို့ တော်ဝင်အစောင့်တချို့ကို ကာကွယ်ဖို့ လွှတ်ထားတယ်။ နင့်ရဲ့ အခွင့်အရေးနဲ့ တူတူလောက်ပါပဲ]

ဒီနေရာက အခွင့်အရေး ဆိုတာက အပေါ်ယံ အခွင့်အရေးကို ပြောတာ။ နောက်ကွယ်က အခွင့်အရေးကို ထည့်မတွက်ဘူး။ အရှင်မင်းကြီးက သူ့ရဲ့ သီးသန့် လျှို့ဝှက်အစောင့်တွေကိုတောင် ချူဟွားအတွက် စီစဉ်ပေးထားတယ်။ ချူချင်းမှာတော့ ဒီအခွင့်အရေး မရှိဘူး။

System: [ဘေးမှာ တော်ဝင်အစောင့်တွေ ရှိတော့ နင့်အစ်ကို အလုပ်လုပ်ရတာ အများကြီး အဆင်ပြေသွားတယ်။ စုံစမ်းစစ်ဆေးတာ၊ သက်သေယူတာ၊ လူဖမ်းတာ၊ သတင်းနားထောင်တာတွေ အရမ်းကြီး ဗြောင်ကျကျ လုပ်စရာ မလိုတော့ဘူး။ အမှုဖြေရှင်းတဲ့ နှုန်းက အရင်ကထက် ပိုမြန်လာပြီး နာမည်ဂုဏ်သတင်းကလည်း အရင်ကထက် ပိုကျယ်ပြန့်လာတယ်]

[နင့်အစ်ကိုက ဒီတစ်ခေါက် ခရီးစဉ်မှာ အလုပ်လုပ်တာ မြန်လွန်းရင် ပြန်ရောက်တဲ့အခါ အရှင်မင်းကြီးက တခြားအကြောင်းပြချက်နဲ့ မောင်းထုတ်ဦးမယ် ဆိုတာ သိနေတယ်။ ဒါကြောင့် မလောဘဲ အလုပ်ကို ပိုစေ့စပ်အောင် လုပ်တယ်။ တကယ်လို့ တခြား နစ်နာသူတွေ လာရှာရင်လည်း ကူညီပြီး ဖြေရှင်းပေးလိုက်တယ်]

[သူ့နာမည်ကောင်း ပိုကြီးလာလေ တချို့လူတွေက မနေနိုင် ဖြစ်လာလေပဲ။ လူသတ်သမား တစ်ယောက်ကို ငွေပေး ငှားလိုက်တယ်။ ငှားရမ်းခံရသူက နာမည်ကြီး အမျိုးသမီး လုပ်ကြံသူ တစ်ယောက်ပဲ။ သူ့လက်ချက်နဲ့ သေဆုံးခဲ့တဲ့ လူအသက်တွေ ရာချီ ရှိတယ်လို့ ပြောကြတယ်။ သူက မလုပ်ခင် နင့်အစ်ကိုအကြောင်း စုံစမ်းကြည့်တော့ နာမည်ကောင်း ရှိပြီး အရာရှိကောင်း တစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရတယ်]

အလားတူ ဇာတ်လမ်းမျိုးကို ချူဟွားက ရုပ်သံဇာတ်လမ်းတွဲတွေမှာ အများကြီး ကြည့်ဖူးသည်။ နောက်ဆက်တွဲကိုတောင် ဆက်စပ်ကြည့်လို့ ရနေပြီ။ [အမျိုးသမီး လုပ်ကြံသူက အရာရှိကောင်းမှန်း သိလို့ မသတ်တော့ဘဲ သူ့ဘေးမှာ နေပြီး ကာကွယ်ပေးရင်း အမှောင်ကနေ အလင်းဘက် ကူးပြောင်းသွားတာမျိုးတော့ မဟုတ်လောက်ဘူးနော်။ ဒါဆို ရိုးအီနေပြီလေ]

System: [......]

ချူမိသားစုဝင်များ: "..."

အဲဒါ နင့်အစ်ကိုလေ၊ အဲဒါ နင့်အစ်ကိုလေ၊ အဲဒါ နင့်အစ်ကိုလေ။ အရေးကြီးတဲ့ ကိစ္စမို့ သုံးခါ ပြောတာ။

[ဇာတ်သိမ်းက ရိုးအီမနေပေမဲ့ သူက နင့်အစ်ကိုလေ။ နင် ဒီလိုပြောတာ သိပ်မကောင်းဘူး မဟုတ်လား] Systemက သခင်ဖြစ်သူသည် မကြာသေးမီက လေးလံသော စာသင်ကြားမှုများကြောင့် ဖိစီးနှိပ်စက်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ် ရှိနေပြီဟု သံသယ ဝင်မိသည်။ သို့မဟုတ်လျှင် အဓိပ္ပာယ်မရှိသော စကားများ ပြောလိမ့်မည် မဟုတ်ပေ။

ချူဟွားက သက်ပြင်းချလိုက်၏။ [နင်က အချစ်ရေး ကံကောင်းမှုလို့ ပြောတယ်ဆိုတော့ အမျိုးသမီး လုပ်ကြံသူက ငါ့အစ်ကိုနား ကပ်ဖို့ နည်းလမ်းရှာမှာပေါ့။ သူ ဘာမှ မဖြစ်ပါဘူး]

Systemက သခင်ဖြစ်သူသည် ပဉ္စမမင်းသားနှင့် အတူနေတာ ကြာပြီး သူ့ရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ကူးစက်ကုန်ပြီဟု သံသယ ဝင်မိသည်။ သရုပ်ဆောင်ရတာ ကြိုက်တဲ့ အကျင့်လေ။

ဘေးခြံဝင်းထဲက ပဉ္စမမင်းသားက နှာချေလိုက်ပြီး နှာခေါင်းပွတ်ကာ ဆက်နားထောင်နေလိုက်သည်။

Systemက ဆက်ပြောသည်။ [အမျိုးသမီး လုပ်ကြံသူက နင့်အစ်ကိုက အပြင်မှာ ပြောနေကြသလို တကယ်ပဲ အရာရှိကောင်း ဟုတ်မဟုတ်၊ ဒါမှမဟုတ် ငွေပေးပြီး လူငှားကာ နာမည်ကောင်း ရအောင် လုပ်ထားတာလား ဆိုတာ သိချင်လို့ ဖခင်ကို မြှုပ်နှံဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားတဲ့ မိန်းကလေး အဖြစ် ဟန်ဆောင်လိုက်တယ်]

[သူက ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းကို သယ်လာပြီး နင့်အစ်ကို ဖြတ်သွားမဲ့ လမ်းမှာ တမင် သွားစောင့်နေတယ်။ ပြီးတော့ လူဆိုးက မိန်းကလေးကို သဘောကျတဲ့ ရိုးအီနေတဲ့ ဇာတ်ကွက်မျိုးလည်း ရှိသေးတယ်။ အမျိုးသမီး လုပ်ကြံသူက လူဆိုးကို သေလောက်အောင် မုန်းပေမဲ့ နင့်အစ်ကိုက ဘေးက ကြည့်နေတော့ သူက လက်မပါနိုင်ဘဲ အနိုင်ကျင့်ခံရတဲ့ မိန်းကလေး အဖြစ် ဟန်ဆောင်ပြီး လှည့်စားနေရတာပေါ့]

[လူဆိုးက အမျိုးသမီး လုပ်ကြံသူကို ငွေတစ်တုံး ပေးပြီး သူ့အိမ်လိုက်ခဲ့၊ ၁၈ ယောက်မြောက် မယားငယ် လုပ်ရမယ်လို့ ပြောတယ်။ အမျိုးသမီး လုပ်ကြံသူရဲ့ ရည်ရွယ်ချက်က နင့်အစ်ကိုလေ၊ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ နှစ်ယောက်သား ဆွဲလားရမ်းလား ဖြစ်နေတုန်း နင့်အစ်ကိုက တော်ဝင်အစောင့်တွေနဲ့အတူ ထွက်သွားပါလေရော]

ချူဟွား: [ဟင်]

လူတိုင်း: ???

ဘာလို့ ဒီလို တုံ့ပြန်မှုမျိုး ဖြစ်ရတာလဲ။

ချူချင်းက ဝင်ပါပြီး လူဆိုးကို မောင်းထုတ်၊ ငွေတစ်တုံး ပေးပြီး ဖခင်ကို ကောင်းကောင်း မြှုပ်နှံခိုင်း၊ မိန်းကလေးက ကျွန်ခံပါရစေ ပြောတဲ့အခါ အိမ်မှာ အစေခံ မလိုပါဘူး၊ နေ့စဉ် ကုသိုလ်ကောင်းမှု လုပ်ရုံပါ ဆိုပြီး သူ့ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို မပြသသင့်ဘူးလား။

ချူဟွားသည် အမျိုးသမီး လုပ်ကြံသူက ပစ်မှတ်ဖြစ်သူ လှည့်မကြည့်ဘဲ ထွက်ခွာသွားတာကို မျက်စိဖွင့် ကြည့်နေရပြီး လူဆိုးနဲ့ ဆက်လက် လှည့်စားနေရမည့် အဖြစ်ကို တွေးကြည့်မိကာ ဘယ်လောက်တောင် စိတ်ပျက်သွားမလဲ ဆိုတာ မြင်ယောင်မိနေသည်။

ဟားဟားဟား။ အဲဒီ အမျိုးသမီး လုပ်ကြံသူက ဝတ္ထုဖတ်ရတာ ကြိုက်တဲ့သူ ဖြစ်မယ်လို့ သူ အာမခံရဲတယ်။ မဟုတ်ရင် ဒီလို ဇာတ်ကွက်မျိုး ရေးတတ်မှာ မဟုတ်ဘူး။

[ငါ့အစ်ကိုက တစ်ခုခု မှားနေတာ သတိထားမိလို့လား] ဒါကလွဲရင် ချူချင်း မကူညီရတဲ့ အကြောင်းရင်းကို ချူဟွား စဉ်းစားလို့ မရပေ။

System: [ဘေးက အစောင့်က ဘာလို့ မကူညီတာလဲလို့ မေးတော့ ချူချင်းက ပြောတယ် ‘သူက ဖခင်ကို မြှုပ်နှံဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားတာလေ။ ဝယ်မဲ့သူ ရှိရင် အရောင်းအဝယ် ဖြစ်တာပဲ။ တကယ်လို့ သူက ဒီလူဆိုးကို မရောင်းဘဲ မျိုးရိုးမြင့် သခင်လေးကိုမှ ရောင်းချင်တယ် ဆိုရင် သူက တကယ်ပဲ ဖခင်ကို မြှုပ်နှံဖို့ ရောင်းစားတာ ဟုတ်ပါ့မလား’]

[‘ဖခင်ကို မြှုပ်နှံဖို့ ရောင်းစားတာ ဆိုမှတော့ ဘယ်သူ့ကို ရောင်းရောင်း အတူတူပဲ မဟုတ်ဘူးလား။ ရုပ်ရည်ချောမောပြီး ချမ်းသာတဲ့ မျိုးရိုးမြင့် သခင်လေးကိုမှ ရောင်းရမှာလား။ အဲဒီလို ဆိုရင်တော့ သူ ရောင်းချင်တဲ့သူ သေချာ ရှိနေတာပဲ။ ငါက ဘာကိစ္စ ဝင်ရှုပ်ရမှာလဲ’]

[အစောင့်က ချက်ချင်း နားလည်သွားတယ်။ အမျိုးသမီး လုပ်ကြံသူနဲ့ လူဆိုးလည်း ကြားသွားတယ်။ လူဆိုးက ဆက်မရှုပ်တော့ဘဲ ငွေကောက်ပြီး ထွက်သွားတော့တာပဲ။ ထွက်ခွာခါနီးမှာ ‘နင့်မှာ သဘောကျတဲ့သူ ရှိတယ်လို့ စောစောက မပြောဘူး။ ငါ့အချိန်တွေ ဖြုန်းနေတာ’ လို့တောင် ပြောသွားသေးတယ်]

[အမျိုးသမီး လုပ်ကြံသူက ဒေါသထွက်လွန်းလို့ မျက်နှာ စိမ်းသွားပေမဲ့ နင့်အစ်ကိုနဲ့ သွားငြင်းခုံလို့ မရတော့ တိတ်တဆိတ် အလောင်းကို သယ်ပြီး ထွက်သွားရတာပေါ့။ ပြန်ရောက်တော့ သစ်ပင်ကြီးကို အချက်တစ်ရာလောက် ရိုက်ပြီး ဒေါသဖြေလိုက်ရတယ်]

ချူဟွားသည် ရှေ့ပိုင်းကို နားထောင်ရင်း ဗိုက်နာသည်အထိ အောင့်အီး ရယ်မောခဲ့ရသော်လည်း နောက်ပိုင်း ရောက်သောအခါ မိုးပေါ်မော့ပြီး သက်ပြင်းချလိုက်ရသည်။ [သစ်ပင်ကြီးက သနားစရာ ကောင်းလိုက်တာ]

System: [......]

လူတိုင်း: "..."

ခဏလောက် နှုတ်ဆိတ်သွားပြီး ချူဟွားရဲ့ တွေးခေါ်ပုံအတိုင်း စဉ်းစားကြည့်လိုက်တော့။ ဟုတ်သားပဲ။ ဒီကိစ္စမှာ ဒေါသပုံချခံရတဲ့ သစ်ပင်ကြီးကမှ အပြစ်ကင်းစင်ဆုံး ဖြစ်နေတာ။

ချူဟွားက လုံးဝ စိတ်ဝင်စားသွားပြီ။ [ပြီးတော့ရော။ ပြီးတော့ရော]

System: [အမျိုးသမီး လုပ်ကြံသူက နင့်အစ်ကိုနား ကပ်ဖို့ တခြားနည်းလမ်းတွေ စဉ်းစားပြန်တယ်။ ဥပမာ လောင်းကစားသမား အစ်ကိုက ကြွေးဆပ်ဖို့ ရောင်းစားခံရတဲ့ ညီမလေး၊ ပြည့်တန်ဆာအိမ်ကနေ ထွက်ပြေးလာတဲ့ သနားစရာ မိန်းကလေး ဆိုတာမျိုးတွေပေါ့]

ချူဟွားက မနေနိုင်ဘဲ ချီးကျူးလိုက်သည်။ [နည်းလမ်းတွေ အများကြီး စဉ်းစားနိုင်ပြီး ဇာတ်လမ်းသွားကိုလည်း ချိတ်ဆက်နိုင်တယ်။ အသေးစိတ်နဲ့ ယုတ္တိဗေဒကို အရမ်း အလေးထားတာပဲ။ ဒီလူသာ ဝတ္ထုရေးရင် ပိုက်ဆံ အများကြီး ရှာနိုင်မှာ]

System: [......]

လူတိုင်း: "..."

ဒီည သူတို့ စကားမပြောနိုင် ဖြစ်ရတာ အကြိမ်ကြိမ် ရှိနေပြီ။

System: [ချူချင်းက ဒီလူ သူ့ရှေ့မှာ ပေါ်လာတဲ့ အကြိမ်အရေအတွက် နည်းနည်း များနေတယ် ဆိုတာ သတိထားမိပြီး တော်ဝင်အစောင့်တွေကို စုံစမ်းခိုင်းလိုက်တယ်။ ပြီးတော့ ဖခင်ကို မြှုပ်နှံဖို့ ရောင်းစားတာ၊ လောင်းကစားသမား အစ်ကို၊ ပြည့်တန်ဆာအိမ်က ရောင်းစားခံရတာတွေ အကုန်လုံး အတုတွေ ဖြစ်နေတာ တွေ့လိုက်ရတယ်]

[အမျိုးသမီး လုပ်ကြံသူက ကိုယ့်အကြောင်း စုံစမ်းခံရမှန်း သိလိုက်တော့ ဟန်မဆောင်တော့ဘဲ ချူချင်းရှေ့ တိုက်ရိုက် သွားပြီး ဖွင့်ပြောလိုက်တယ်။ ‘ငါ ပိုက်ဆံယူထားပြီး နင့်ကို သတ်ဖို့ လာတာ။ မသေခင် မှာချင်တာ ရှိလား’ တဲ့]

[ဟားဟားဟား။ ချူချင်း ဘာပြောလိုက်လဲ နင် သိလား]

ချူဟွား လျှောက်မမှန်းခင် systemက သူ့ဘာသာသူ နောက်ဆက်တွဲကို ပြောပြလိုက်သည်။ [ချူချင်းက ပြောတယ် ‘ငါ့ညီမရဲ့ ဝတ္ထုထဲမှာ ရေးထားတယ်။ ဒီလို အခြေအနေ ကြုံလာရင် ငါ နင့်ကို နှစ်ဆ ပေးမယ်၊ လူသွားသတ်ခိုင်းတာလည်း မဟုတ်ဘူး၊ ဘယ်သူလဲ ဆိုတာ ပြောပြရုံပဲ။ တစ်ခွန်းတည်းပဲ၊ နှစ်ဆပေးမယ်၊ ဒီအလုပ်က အမြတ်ပဲ ရှိတယ်၊ အရှုံး မရှိဘူး’ တဲ့]

[ဟားဟားဟား။ အဲဒီတုန်းက အမျိုးသမီး လုပ်ကြံသူ ကြောင်သွားပြီး ဘာပြောရမှန်း မသိ ဖြစ်သွားတယ်။ မျက်လုံးလှန်ပြီး ‘ဒါဆို နင့်ညီမရဲ့ ဝတ္ထုထဲမှာ လူသတ်သမားတွေက အလုပ်သဘော အရမ်းလေးစားပြီး ငှားရမ်းသူရဲ့ အချက်အလက်ကို လွယ်လွယ်ကူကူ ထုတ်မပြောဘူး ဆိုတာ မပါဘူးလား’ လို့ မေးလိုက်တယ်]

[ချူချင်းက အရမ်း ဂုဏ်ယူတဲ့ ပုံစံနဲ့ ပြောတယ်။ ‘အဲဒါ ငါ့ညီမလေ။ သူ ဘာမသိတာ ရှိလို့လဲ။ နင်ပြောတာတွေ အကုန်လုံး သူ့ဝတ္ထုထဲမှာ ပါတယ်။ သူ ပြောတယ်။ အဲဒီ လူသတ်သမားက အရမ်း ခေါင်းမာတဲ့လူ မဟုတ်ရင် နင်ပေးတဲ့ ပိုက်ဆံက မလောက်သေးလို့ပဲ တဲ့။ ဒါကြောင့် ငါက လုပ်ထုံးလုပ်နည်းတွေ ကျော်ပြီး တိုက်ရိုက် မေးလိုက်မယ်။ ငှားရမ်းသူရဲ့ အချက်အလက်ကို ပြောပြဖို့ နင် ဘယ်လောက် လိုချင်လဲ’]

[အမျိုးသမီး လုပ်ကြံသူက သုံးစက္ကန့်လောက် တိတ်ဆိတ်နေပြီး ပိုက်ဆံအကြောင်း မပြောဘဲ မေးခွန်းတစ်ခု မေးလိုက်တယ်။ ‘နင့်ညီမရဲ့ ဝတ္ထုထဲမှာ တကယ်လို့ လူသတ်သမားက သဘောမတူသေးရင် နင် ဘယ်လိုလုပ်သင့်လဲ ဆိုတာ ပါလား’]

ဒီတစ်ခါတော့ ချူဟွားလည်း ပြောစရာ မရှိ ဖြစ်သွားသည်။ [သူတို့နှစ်ယောက်က တစ်ယောက်က လူသတ်သမား၊ တစ်ယောက်က ပစ်မှတ်လေ။ လူသတ်တာနဲ့ အသတ်ခံရမဲ့ လုပ်ငန်းစဉ်ကို လေးလေးနက်နက် လုပ်လို့ မရဘူးလား။ အဲဒီလောက် တည်ကြည်တဲ့ အခြေအနေမှာ ဘာဝတ္ထုအကြောင်း ပြောနေတာလဲ]

လူတိုင်းက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ်၊ ဟုတ်တယ်။

ဒီလို အကြောင်းအရာတွေ ပြောနေတော့ တစ်လျှောက်လုံး ဟာသဆန်တဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး အသက်အန္တရာယ် ကြုံနေရတဲ့ တင်းမာမှုမျိုး လုံးဝ မရှိတော့ဘူး။ သူတို့လည်း ကြောက်လန့် စိုးရိမ်မနေတော့ဘဲ ဖရဲသီး စားတဲ့ အရသာတောင် ပျောက်ကုန်ပြီ။

Systemက ပြန်ပြောသည်။ [အဲဒါ နင်ရေးတဲ့ ဝတ္ထုက လက်ရှိ အခြေအနေနဲ့ကွက်တိ ဖြစ်နေလို့လေ]

ချူဟွားက ဟာသ ဖရဲသီး စားဖို့ စိတ်လောနေသဖြင့် သူ့ကို ဂရုမစိုက်ပေ။ [ပြီးတော့ရော]

System: [ချူချင်းက ပြောတယ် ‘ငါ့ညီမ ရေးထားတာက ရုပ်ရည်နဲ့ ဖြားယောင်းလို့ ရတယ်တဲ့၊ ဒါပေမဲ့ ငါ သဘောမတူဘူး’။ အမျိုးသမီး လုပ်ကြံသူက ခဏလောက် ကြောင်သွားပြီး တစ်ခုခု သဘောပေါက်သွားကာ ဓားကို ဆွဲထုတ်ပြီး မျက်နှာထား ကြမ်းကြမ်းနဲ့ မေးလိုက်တယ်။ ‘ဘာလဲ။ နင် ငါ့ကို ရုပ်ဆိုးတယ်လို့ ထင်နေတာလား’]

[အဲဒီဓားက ချူချင်းရဲ့ လည်ပင်းပေါ် ရောက်နေပြီ၊ သူက နည်းနည်းလေးမှ မကြောက်တဲ့အပြင် မတ်တတ်ရပ်လိုက်ပြီး အမျိုးသမီး လုပ်ကြံသူကို မေးလိုက်တယ်။ ‘နင် ခေါင်းမူးတယ်လို့ မခံစားရဘူးလား’။ စကားဆုံးတာနဲ့ အမျိုးသမီး လုပ်ကြံသူ လဲကျသွားရော။ တကယ်တော့ ချူချင်းက နင်ပေးတဲ့ မေ့ဆေးကို သုံးလိုက်တာ]

ချူဟွားက သူတို့ပြောစကား ကြားတဲ့ တခြားသူတွေက သူမရဲ့ နည်းလမ်းတွေ အရမ်းကြမ်းတယ်လို့ ထင်သွားမှာ စိုးလို့ အလျင်အမြန် ရှင်းပြလိုက်သည်။ [ငါ တော်ဝင်သမားတော်ဆီက တောင်းထားတာပါ။ ငါ့အစ်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်လေ]

[ဒီဖရဲသီးက အစအဆုံး ဟာသဆန်နေတာပဲ။ ဘယ်နားမှာ ပန်းရောင်သန်းတဲ့ အချစ်ရေး ကံကောင်းမှု ရှိလို့လဲ]

Systemက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ [မိန်းမလှလေး တစ်ယောက် အိမ်တိုင်ရာရောက် လာပို့တာလေ၊ အချစ်ရေး ကံကောင်းမှု မဟုတ်လို့ ဘာလဲ။ နင့်အစ်ကိုဘေးမှာ ယောကျ်ားတွေချည်းပဲ မဟုတ်တော့တာ ရှားပါးတဲ့ကိစ္စပဲ။ ခြင်ခြေထောက်လောက် ဖြစ်နေပါစေ အသားပဲလေ၊ လက်လွတ်မခံနဲ့]

ချူဟွား: "..."

လူတိုင်း: "..."

နင်ဆိုတဲ့ systemကလည်း သဘောကောင်းလိုက်တာ။

ချူဟွား: [ဒါဆို တကယ့် ကိစ္စကြီးက ဘာလဲ]

System: [ချူချင်းက အမျိုးသမီး လုပ်ကြံသူကို ဖမ်းလိုက်ပြီး စစ်ဆေးမေးမြန်းဖို့ လုပ်တော့ အမျိုးသမီး လုပ်ကြံသူက အမှုတိုင်ပြီး အကျိုးဆောင်မှုယူချင်တယ်လို့ ပြောလာတယ်]

ချူဟွား: [ဘာအမှုလဲ]

System: [ရွှေတွင်း ခိုးတူးတဲ့ ကိစ္စ]

...

All Chapters