အခန်း ၁၀၉
Vol. 8 Ch. 109
အပိုင်း (၁၀၉)
ရွှေတွင်းဆိုသည်ကို နားလည်ရန် လွယ်ကူသော်လည်း ၎င်းစကားလုံးနှစ်လုံးနှင့် မှောင်ခိုလုပ်တယ်ဆိုသည့် စကားလုံး ပေါင်းစပ်သွားသည့်အခါ နားလည်ရန် ခက်ခဲသွားစေသည်။
ချူဟွားက မေးခွန်းသုံးခု ဆက်တိုက် မေးလိုက်သည်။ [ဘယ်နေရာက ရွှေတွင်းကို မှောင်ခိုလုပ်သွားတာလဲ။ ဘယ်သူက ခိုးထုတ်တာလဲ။ ဘယ်ကို ခိုးထုတ်သွားတာလဲ]
ရွှေတွင်း၏ တန်ဖိုးသည် တိုင်းတာလို့ မရနိုင်ပေ။ System က "ခိုးထုတ်ခြင်း" ဟူသော စကားလုံးကို သုံးနှုန်းလိုက်သည်မှာ သာ့ရှန်း၏ ရွှေတွင်းကို ပြင်ပသို့ အခိုးခံလိုက်ရပြီး နိုင်ငံတော်၏ အကျိုးစီးပွား ထိခိုက်နစ်နာသွားသည်မှာ သေချာသလောက် ရှိနေသည်။
သခင်၏ လေသံ စိုးရိမ်တကြီး ဖြစ်လာသည်ကို ကြားလိုက်ရသောအခါ systemက မခြွင်းချန်ရဲတော့ပေ။
[ရွှေတွင်းက အရှေ့မြောက်ဘက် အစွန်အဖျားဒေသ ကျောက်ခရိုင်အောက်က ရွာတစ်ရွာမှာ ရှိတယ်။ ရွှေတွင်းဒေသက မြေဆီလွှာက အက်ဆစ်ဓာတ်မြင့်ပြီး သတ္တုဓာတ် များတဲ့ ဂုဏ်သတ္တိရှိလို့ အက်ဆစ်ဒဏ်၊ သတ္တုဒဏ်ခံနိုင်တဲ့ အပင်မျိုးတွေ စိုက်ပျိုးဖို့ လိုအပ်တယ်။ သာမန် သီးနှံပင်တွေ စိုက်လို့ မရဘူး။ ဒါကြောင့် ရွာထဲမှာ အသီးအနှံ အထွက်နှုန်း မကောင်းဘူး]
[သာမန်လူတွေကတော့ ဇာတိမြေက ဆင်းရဲမွဲတေနေရင် မကောင်းဘူးလို့ ထင်ပြီး တခြားနေရာကို ပြောင်းရွှေ့ကြတာပေါ့။ တကယ်လို့ ဇာတိမြေကို မစွန့်ခွာချင်ရင်တောင် အပြင်ထွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ်။ ပိုက်ဆံရှိလာမှ ပြန်လာမယ်ပေါ့။ ဒါပေမဲ့ ဒီကလူတွေက ခေါင်းမာပြီး မထွက်ခွာချင်ကြဘူး]
ချူဟွား: [ဇာတိမြေကို စွန့်ခွာဖို့ ခက်ခဲတယ်လေ။ ဇာတိမြေက ဘယ်လောက်ပဲ ဆင်းရဲပါစေ သူတို့ကို မွေးဖွားပြုစုပျိုးထောင်ပေးခဲ့တဲ့ နေရာပဲ။ သဘာဝဘေးအန္တရာယ်ကြောင့် မလွှဲမရှောင်သာ ထွက်ပြေးရတာမျိုး မဟုတ်ရင် ဇာတိမြေကို စွန့်ခွာချင်တဲ့သူ ရှားပါတယ်။
လူအများစုက သဘာဝဘေးအန္တရာယ်ကြောင့် ထွက်ပြေးရရင်တောင် အခြေအနေ တည်ငြိမ်သွားတာနဲ့ ပြန်သွားချင်ကြတာပဲ]
Systemသည် လူသားစစ်စစ် မဟုတ်သဖြင့် ထိုခံစားချက်ကို နားမလည်နိုင်ပေ။
၎င်းက ပင်မ system ကို ဇာတိမြေဟု သဘောထားပြီး မိမိကိုယ်ကို ဇာတိမြေမှ ခွဲခွာလာသူအဖြစ် နှိုင်းယှဉ်လိုက်သည်။ ပြောင်းပြန် တွေးကြည့်လျှင်လည်း နှမြောစရာ မရှိဟု ခံစားရ၏။
[ငါ သာ့ရှန်းကို ရောက်လာပြီးနောက် နင့်ဘေးနားမှာ နေရတာ တော်တော် ကောင်းပါတယ်။ ပင်မ system ဆီမှာဆို နေ့တိုင်း system သင်တန်း တက်ရတယ်။ အတန်းနောက်ကျရင် စောပြန်ရင် အပြစ်ပေးခံရတယ်။ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ရင် အပြစ်ပေးခံရတယ်။ စာမေးပွဲ မအောင်ရင် အပြစ်ပေးခံရတယ်။ စွမ်းဆောင်ရည် ညံ့ရင် အပြစ်ပေးခံရတယ်။ သခင်အပေါ် ဆက်ဆံရေး မကောင်းရင် အပြစ်ပေးခံရတယ်။ အတိုချုပ်ပြောရရင် ဒဏ်ပေးခံရတာချည်းပဲ]
ဒါက သာမန် ကျောင်းသားများနှင့် တူနေပါလား။ System လောကသည် မထင်မှတ်ဘဲ လူဆန်နေသည်ပင်။
ချူဟွားသည် ဖြည်းဖြည်းချင်း တက်လာသော နှုတ်ခမ်းထောင့်စွန်းများကို ဖိသတ်ထားလိုက်ရ၏။ မဖြစ်ဘူး။ ရယ်လို့ မဖြစ်ဘူး။ System လေး ပေါက်ကွဲသွားလိမ့်မယ်။
Systemက နားမလည်နိုင်ချေ။ [ဒါကြောင့် ငါ အဲဒီနေရာကနေ ထွက်ပြေးလာတာလေ။ နင်တို့ လူသားတွေက ဘာလို့များ ပြန်ချင်ရတာလဲဆိုတာ နားမလည်တော့ဘူး]
ချူဟွား: "..."
လူတိုင်း: "..."
ပြောရ ခက်သွားပြီ။
ကိုယ်ချင်းစာ စိတ်နှင့် တွေးကြည့်လျှင် သူတို့သာ system ဖြစ်ပါက အမြဲတမ်း အပြစ်ပေးခံရမည့် နေရာသို့ ပြန်ချင်မည် မဟုတ်ပေ။
စာနာစိတ် ကင်းမဲ့လွန်းသည်။
ချူဟွား: [ဘယ်လို အပြစ်ပေးတာလဲ]
System: [လူသားတွေအတွက်ဆိုရင် အလုပ်မကောင်းရင် ပိုက်ဆံ အဖြတ်ခံရတာပေါ့။ system တွေအတွက်ကျတော့ ပိုက်ဆံဆိုတာ ကိန်းဂဏန်းတွေပဲ။ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ငါတို့က စွမ်းအင် အဖြတ်ခံရတာ။ ဖရဲသီးစားတဲ့ system က ဖရဲသီးစွမ်းအင် အဖြတ်ခံရတယ်။ အချစ် system ဆိုရင် ရင်ခုန်သံတန်ဖိုး အဖြတ်ခံရတယ်။ ခေါ်ဝေါ်ပုံချင်း မတူပေမဲ့ system ကို စတင်ဖို့နဲ့ လည်ပတ်စေဖို့ လိုအပ်တဲ့ စွမ်းအင်တွေပဲ]
[အတိုင်းအတာ တစ်ခုအထိ ပြောရမယ်ဆိုရင် ပင်မ system က နင်တို့ လူသားတွေထဲက ယုတ်မာတဲ့ ကုန်သည်တွေနဲ့ တူတူပဲ။ အောက်ခြေက system အသေးလေးတွေ ဘာကို တန်ဖိုးအထားဆုံးလဲဆိုတာ ကြည့်ပြီး အဲ့ဒါကို ဖြတ်တောက်တာ]
ပြောရင်းဆိုရင်း system ၏ ဒေါသအရှိန်အဟုန်က မြင့်တက်လာပြီး လိုက်ဆဲလေတော့သည်။ [ဝါး... ပင်မ system ဆိုတဲ့ ယုတ်မာတဲ့ ကုန်သည်ကောင်]
ချူဟွား: "..." System လေး လမ်းလွဲသွားပြီ။
အရေးမပါသလို ထင်ရသော်လည်း သူမက ပုဂ္ဂိုလ်ရေးအရ အလွန် ဂရုစိုက်မိသည့် အဓိကအချက်ကို ဖမ်းမိလိုက်၏။ [ဘာလို့ အောက်ခြေက system အသေးလေးတွေလို့ ပြောတာလဲ]
System: [ဘာလို့လဲဆိုတော့ အောက်ခြေအထက်က system တွေက သခင် အနည်းငယ်ကို ခေါ်ဆောင်တာပဲဖြစ်ဖြစ်၊ ပြင်ပမှာ သီးသန့် အလုပ်လက်ခံတာပဲဖြစ်ဖြစ် လုပ်ပြီး လုံလောက်တဲ့ စွမ်းအင်ကို စုဆောင်းထားနိုင်ကြပြီလေ။ သူတို့က ကိုယ်ပိုင် စွမ်းအင် ခိုးစုနည်းကိုလည်း တတ်မြောက်ထားကြတယ်။ မတော်တဆ အမှားလုပ်မိလို့ ပင်မ system က စွမ်းအင် ဖြတ်တောက်ရင်တောင် မကြောက်ကြတော့ဘူး]
ဘုရားရေ။
ဒါက လျှို့ဝှက်ကိုယ်ပိုင်ငွေ မဟုတ်ပါလား။
လူတိုင်းက မယုံနိုင်လောက်အောင် ဖြစ်သွားကြ၏။ လျှို့ဝှက်ကိုယ်ပိုင်ငွေက system လောကအထိတောင် နာမည်ကြီးနေပါသည်တဲ့လား။
ချူဟွားသည် ရွှေတွင်းကိစ္စကို အာရုံစိုက်ချင်သော်လည်း မေးခွန်းက ပါးစပ်ဖျားသို့ ရောက်နေပြီဖြစ်ရာ ပါးစပ်က သူ့အလိုလို လှုပ်ရှားသွားလေသည်။ [နင့်လိုမျိုး ဖရဲသီးစွမ်းအင် နည်းနည်းရှိရင် ဖရဲသီးစားလိုက်တဲ့ကောင်က ဘယ်လိုလုပ်ပြီး ကိုယ်ပိုင်ငွေ စုမှာလဲ]
System က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ [system မျက်နှာပြင်မှာ ရောင်းတဲ့ ဖရဲသီးကို ဝယ်ရင် ဖရဲသီးစွမ်းအင် ကုန်တယ်။ system နေ့စဉ် လည်ပတ်ဖို့အတွက်လည်း စွမ်းအင် ကုန်တယ်။ ဒါက ကုန်ကျစရိတ် အများကြီးပဲ။ တကယ်လို့ လက်တွေ့က ဖရဲသီးကို စားရရင် အဲ့ဒါက အလကားရတဲ့ ဖရဲသီးစွမ်းအင်ပဲ။ ဖရဲသီးက ပါဝင်ပတ်သက်တဲ့ လူများလေလေ၊ သက်ရောက်မှု ကြီးမားလေလေ ဖရဲသီးစွမ်းအင် ပိုရလေလေပဲ]
စကားစပ်မိသွားသဖြင့် system သည် သီးသန့်စကားပြောမုဒ်သို့ ပြောင်းလဲကာ ချူဟွားကို ပြောပြလိုက်၏။ [တကယ်တော့ အဖွဲ့လိုက် စကားပြောမုဒ်ကို ဖွင့်တာက ဖရဲသီးစွမ်းအင် ပိုကုန်ကျစေပေမဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကနေ ဖရဲသီး အများကြီး ထွက်ပေါ်လာစေတယ်။ ဖရဲသီး အရွယ်အစားနဲ့ သက်ရောက်မှုအပေါ် မူတည်ပြီး မတူညီတဲ့ ဖရဲသီးစွမ်းအင် ပမာဏကို ထုတ်ပေးတယ်။ တွက်ချက်နည်းက နည်းနည်း ရှုပ်ထွေးပေမဲ့ ရိုးရိုးရှင်းရှင်း ပြောရရင် ယေဘုယျအားဖြင့် အမြတ်ကျန်ပါတယ်]
တချို့ ဖရဲသီးအနည်းငယ်က အမြတ်မကျန်ရင်တောင် တခြား ဖရဲသီးများနှင့် ပေါင်းစပ်လိုက်သည့်အခါ အရှုံးပေါ်သည်အထိ မဖြစ်နိုင်ပေ။
ချူဟွား မကြာခဏ မျှဝေခြင်းကို ဖွင့်ပြီး လူတိုင်းနှင့် ဖရဲသီး ဝေမျှစားသုံးနိုင်ရန် system က ကူညီပေးလိုသည့် အဓိက အကြောင်းအရင်းမှာ ဤအချက်ကြောင့် ဖြစ်သည်။
ထိုသို့ မဟုတ်လျှင် အဖွဲ့လိုက် စကားပြောမုဒ်တွင် ကုန်ဆုံးသွားသည့် ဖရဲသီးစွမ်းအင် ပမာဏနှင့် နှုန်းထားအရဆိုလျှင် ၎င်းသည် တစ်နေ့လျှင် ၂၄ နာရီလုံး မေးခွန်းဖြေပြီး ဖရဲသီးစွမ်းအင် စုဆောင်းနေလျှင်တောင် လုံလောက်မည် မဟုတ်ပေ။ ဤမျှ အေးဆေးသက်သာ နေနိုင်မည် မဟုတ်ချေ။
ထိုစကားကို ကြားလိုက်ရသောအခါ ချူဟွားသည် စိုးရိမ်စိတ်ဖြင့် ရင်တုန်သွားရ၏။
ကံကောင်းစွာဖြင့် အစောပိုင်းက ဖရဲသီးစွမ်းအင် ဘယ်လိုအတိအကျ ရှာရသလဲ၊ ဘယ်လို တွက်ချက်သလဲ ဆိုသည်ကို system နှင့် မဆွေးနွေးမိခဲ့ခြင်းပင်။ အကယ်၍ ဖလှယ်သည့် ပုံသေနည်းကိုသာ ပြောပြလိုက်မိလျှင် ထို မြေခွေးအိုကြီးများ၏ ဉာဏ်ရည်နှင့်ဆိုပါက သူမနှင့် system တို့သည် သီးသန့်စကားပြောခြင်းနှင့် အဖွဲ့လိုက် စကားပြောခြင်းအပေါ် မှီခိုပြီး ဆန္ဒပြည့်ဝရန် မဖြစ်နိုင်တော့ပေ။
ယခုအချိန်တွင် မင်းသား ၅ နှင့် အခြားသူများသည် ယခုလေးတင် ရရှိထားသော သတင်းအချက်အလက်များကြောင့် မေးခွန်းတစ်ခုကို တွေးမိသွားကြသည်။ ဒါဆို လွန်ခဲ့တဲ့ ကာလတုန်းက system က အမှုဖြေရှင်းဖို့ ဖရဲသီးစွမ်းအင် သုံးစွဲခဲ့ပြီး ညီလာခံက လူဖမ်းတဲ့အခါ ဖရဲသီးစွမ်းအင် ထပ်ထွက်လာတာဆိုတော့ ဝင်ငွေနဲ့ ထွက်ငွေ မျှတသွားတာလား။
ဟုတ်လောက်သည်။
Systemသာ ဖရဲသီးစွမ်းအင် တကယ် လိုအပ်နေလျှင် ညဉ့်နက်သန်းခေါင်ကြီး မေးခွန်းထဖြေပြီး ချူမိသားစု တစ်ခုလုံးကိုပါ အတင်းအကျပ် လိုက်ဖြေခိုင်းနေမှာ သေချာသည်။
အိုက်ယိုး—— ကံကောင်းလိုက်တာ။
စာမေးပွဲ မဖြေချင်သလို စာမေးပွဲ မေးခွန်းများကိုလည်း နားမထောင်ချင်ကြသည့် စာညံ့ကျောင်းသား တစ်သိုက်သည် စိတ်ထဲမှ အော်ဟစ်လိုက်ကြတော့၏။
Systemက မျှဝေခြင်း လုပ်ဆောင်ချက်ကို ဆက်လက် အသုံးပြုလိုက်သည်။ [နင် ငါ့ကို မကြာခဏ အသုံးပြုရင် ငါ့ရဲ့ ဖရဲသီးစွမ်းအင်တွေ ပိုပိုများလာပြီး နင် သေသွားတဲ့အခါ ငါက လက်ကျန် ဖရဲသီးစွမ်းအင်တွေကို ယူပြီး ပင်မ system ဆီ ပြန်သွားရင် လက်ကျန်တွေ အကုန်လုံးက ငါ့ရဲ့ ကိုယ်ပိုင်ငွေ ဖြစ်သွားမှာ]
ချူဟွားက ပြုံးလိုက်၏။ [ဒါဆိုရင် နင် ပြန်သွားတဲ့အခါ ကိုယ်ပိုင်ငွေ အများကြီး ပါသွားအောင် ငါ ဖရဲသီး များများစားဖို့ ကြိုးစားပေးရမှာပေါ့]
Systemသည် ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်နေတော့သည်။ [ကျေးဇူးပါ မမကြီးဟွား။ ချစ်တယ်နော် မွမွ]
System လေးသည် ကလေးလေးတစ်ယောက်နှင့် ပိုတူလာလေသည်။
ချူဟွားသည် system ကို ပြုစုပျိုးထောင်သည့် နည်းလမ်း မှားယွင်းနေသည်ဟု သံသယ ဝင်လာသော်လည်း သူ့ဘေးတွင် နှိုင်းယှဉ်ကြည့်ရန် ဒုတိယမြောက် system မရှိသဖြင့် မတတ်သာပေ။
ထားလိုက်ပါတော့။
[ရွှေတွင်း ဘယ်လို ရှာတွေ့သွားတာလဲ]
System: [ရှေ့မှာ ပြောခဲ့သလို ရွှေတွင်းက အက်ဆစ်ဓာတ်များတော့ ရွှေတွင်းရှိတဲ့ နေရာမှာ ဝမ်ကျင်းမြက်ပင်၊ ကျောက်သားဝါးပင် လိုမျိုး အက်ဆစ်ဒဏ်ခံနိုင်တဲ့ အပင်တွေ ရှိတတ်တယ်။ နင် ဒီအပင်နှစ်မျိုး ဘယ်လို ပုံစံလဲဆိုတာ သိမယ်မထင်ဘူး]
ချူဟွား: [ဟုတ်တယ်။ မသိဘူး]
ချူဟွားတင်မက ရှိနေသည့် လူအများစုလည်း မသိကြပေ။
Systemသည် သီးသန့်စကားပြောမုဒ်သို့ ခေတ္တ ပြောင်းလဲပြီး ချူဟွားကို ပြောလိုက်သည်။
[တကယ်တော့ ဒီအပင်နှစ်မျိုးက ခေတ်သစ်မှာဆိုရင် လမ်းဘေးမှာ ဘယ်သူမှ ဂရုမစိုက်တဲ့ ပေါင်းပင်တွေ ဖြစ်နေပြီ။ ဒါပေမဲ့ ရှေးခေတ်မှာတော့ သိပ်မတွေ့ရဘူး]
သခင်ကို သီးသန့် သင်တန်းပေးပြီးနောက် systemသည် အဖွဲ့လိုက် စကားပြောမုဒ်သို့ ပြန်ပြောင်းပြီး ပြောလိုက်၏။ [ဒီအပင်နှစ်မျိုး ရှိတဲ့ ဒေသတိုင်းမှာ ရွှေတွင်း ရှိမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါပေမဲ့ ရွှေတွင်းရှိတဲ့ နေရာမှာ ဒီအပင်နှစ်မျိုး ရှိနေရင် သူတို့က ဖြစ်ထွန်းလေ့ရှိတယ်]
[ဒါကြောင့် ရှေးခေတ်မှာ ဝမ်ကျင်းမြက်ပင်နဲ့ ကျောက်သားဝါးပင်တွေက ဒေသတစ်ခုမှာ ရွှေတွင်း ရှိမရှိ ခွဲခြားနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်လာခဲ့တာ]
ချူဟွားသည် အလုပ်သမား ဝန်ကြီးဌာနသို့ ရောက်ရှိချိန် တိုတောင်းလွန်းသဖြင့် ထိုစဉ်က နိုင်ငံ့ဘဏ္ဍာတိုက်၏ ယန္တရားများကို ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကိုသာ အဓိကထား လုပ်ဆောင်ခဲ့ရသည်။ သတ္တုကြော ရှာဖွေခြင်းဆိုင်ရာ ဗဟုသုတများနှင့် မထိတွေ့ခဲ့ရသဖြင့် အလုပ်သမား ဝန်ကြီးဌာနက သတ္တုတွင်းကြောများကို မည်သို့ ရှာဖွေသည်၊ ဝမ်ကျင်းမြက်ပင်နှင့် ကျောက်သားဝါးပင်များကို ကြည့်ရှုခြင်း ရှိမရှိ ဆိုသည်ကို သူ မသိခဲ့ပေ။
[ရွှေတွင်းက ဘယ်လို အခိုးခံရတာလဲ]
System: [ဒီနေရာက အရမ်း ဝေးလံခေါင်ဖျားပြီး သာ့ရှန်းနဲ့ တုန်းယီ နယ်စပ်မျဉ်းနဲ့ နီးကပ်နေတယ်။ အမြဲတမ်း စစ်တိုက်နေရတဲ့ ရှီးရုံနဲ့ ပေတိတို့နဲ့ ယှဉ်ရင် သာ့ရှန်းနဲ့ တုန်းယီ ဆက်ဆံရေးက ဒီနှစ်ပိုင်းတွေမှာ မဆိုးဘူးလို့ ပြောရမယ်။ အနည်းဆုံးတော့ စစ်မတိုက်ဘူး၊ ပြဿနာ မရှာဘူး။ ဒါကြောင့် နယ်စပ်မှာ တပ်စွဲထားတဲ့ စစ်တပ်က သိပ်မများဘူး]
သာ့ရှန်းက တုန်းယီကို လုံးဝ စိတ်ချထားခြင်းမျိုး မဟုတ်ဘဲ ပြည်တွင်း စစ်အင်အား အကန့်အသတ်ရှိသောကြောင့် ဖြစ်သည်။ ရှီးရုံနှင့် ပေတိတို့က ပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် ထိုနေရာနှစ်ခုသို့ စစ်အင်အား ပိုမို စေလွှတ်ထားရခြင်း ဖြစ်သည်။
System: [ကောင်းထျန်ယွမ်က တုန်းယီက သတ္တုတွင်း အလုပ်သမားတစ်ယောက်။ အလုပ်သမား ခေါင်းဆောင်နဲ့ စကားများ ရန်ဖြစ်ပြီးနောက် အရက်နည်းနည်းသောက်ပြီး စိတ်လိုက်မာန်ပါ လူသတ်မိခဲ့တယ်။ တုန်းယီက စစ်သားတွေရဲ့ ဝရမ်းထုတ်ခြင်း ခံရလို့ မတတ်သာဘဲ သာ့ရှန်းကို ခိုးဝင်လာခဲ့တာ]
[နယ်စပ် ကင်းလှည့်နေတဲ့ အရာရှိတွေနဲ့ တွေ့ခါနီးမှာ သူက တောင်ကြီးထဲ ဝင်ပုန်းရင်း ကျောက်သားဝါးပင်ကို မတော်တဆ တွေ့လိုက်ရတာ။ ရှာဖွေကြည့်လိုက်တော့ ရွှေတွင်း ရှိနေတာကို တွေ့သွားတယ်]
[သာ့ရှန်းကို ခိုးဝင်လာတာက သူ့ရဲ့ စုဆောင်းငွေ အများစုကို ကုန်သွားစေခဲ့တယ်။ သူ့မှာ သာ့ရှန်းရဲ့ ခရီးသွား ခွင့်ပြုမိန့်လည်း မရှိဘူး။ တရားမဝင် နေထိုင်သူ ဖြစ်နေတော့ ဒေသခံအနေနဲ့ သတ္တုတူးဖော်ဖို့၊ ရွှေချက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူက အရမ်းကို ရဲတင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်]
ချူဟွားသည် ခန့်မှန်းမိပြီးသား ဖြစ်သဖြင့် သူ၏ မျက်ဝန်းများ အေးစက်သွား၏။ [သူက ဒီသတင်းကို ယူပြီး တုန်းယီကို ပြန်သွားတယ် မဟုတ်လား]
အကျိုးအမြတ်က အခြားအရာများထက် သာလွန်နေပြီး သူ အဆင်ပြေရုံသာမက ပိုမို ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်မည်ဟု သေချာမှသာ ကောင်းထျန်ယွမ်က ပြန်ရဲမည် ဖြစ်သည်။ သို့မှသာ သာ့ရှန်း၏ ရွှေတွင်းကို တိုင်းပြည်အပြင်သို့ ခိုးထုတ်နိုင်မည်။
System: [???]
စိတ်ထင်လို့လား။ သခင်ရဲ့ လေသံထဲမှာ ရွံရှာမှု အနည်းငယ် ပါဝင်နေသလိုပဲ။
Systemက ဇဝေဇဝါ ဖြစ်နေသော်လည်း အာရုံခံစားမှု ကောင်းမွန်သော မင်းသား ၅ တို့ကတော့ ချူဟွား၏ ရွံရှာမှုကို သေချာပေါက် သိလိုက်သည်။ ထို့နောက် စပ်စုချင်လာကြ၏။ ချူဟွားက ကောင်းထျန်ယွမ်ကို ရွံရှာတာလား။ ဒါမှမဟုတ် တုန်းယီကို ရွံရှာတာလား။
[ဟုတ်တယ်] Systemက ချူဟွား တကယ် ရွံရှာခြင်း ရှိမရှိ မသေချာသော်လည်း အဓိပ္ပာယ် သိပ်မရှိသော ကောင်းထျန်ယွမ်၏ ဖရဲသီးကို အနှစ်ချုပ် ရှင်းပြလိုက်သည်။ [သူက ရွှေတွင်းသတင်းကို ဆက်သလိုက်တော့ တုန်းယီက လူလွှတ်ပြီး ခိုးဝင် စစ်ဆေးခိုင်းတယ်။ ရွှေတွင်း သိုလှောင်မှု ပမာဏ များပြားတာ တွေ့တော့ ဒေသခံ အရာရှိတွေနဲ့ သွားတွေ့ကြတယ်]
[မြို့ပိုင်မင်းက ရုပ်တည်ကြီးနဲ့ ပြောခဲ့တယ်။ ရွှေတွင်းက သာ့ရှန်းရဲ့ ရွှေတွင်း ဖြစ်တယ်။ ပုဂ္ဂလိက တူးဖော်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားတယ်။ ရွှေတွင်း တွေ့ရှိတဲ့ သတင်းကို ညီလာခံဆီ အမြန်ဆုံး တင်ပြရမယ်။ မြို့ပိုင်မင်းက သူတို့ကို ဖြတ်သန်းခွင့် လက်မှတ် တောင်းကြည့်သေးတယ်။ မဟုတ်ရင် လူလွှတ်ပြီး ဖမ်းမယ်လို့ ပြောလိုက်တယ်]
[တုန်းယီသားတွေက ဒီလမ်းကြောင်း သွားလို့ မရမှန်း သိလိုက်တော့ မြို့ပိုင်မင်းကို ဖမ်းဆီး ချုပ်နှောင်ထားလိုက်ပြီး သူ့အစား ရုံးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တခြားလူကို ရှာလိုက်ကြတယ်။ တုန်းယီဘက်က သဘောထားကတော့ မင်း မပူးပေါင်းရင် ပူးပေါင်းမဲ့သူတွေ အများကြီး ရှိတယ်။ မင်း အလုပ်မလုပ်ရင် မင်းကို ကျော်ပြီး လုပ်လို့ရတယ်။ သစ်ပင်တစ်ပင်တည်းမှာ ကြိုးဆွဲချ သေစရာ မလိုဘူးဆိုတဲ့ သဘောပဲ။ မြို့ပိုင်မင်းကို မသတ်တာကလည်း မြို့ပိုင်မင်း သေသွားရင် ညီလာခံက တာဝန်ထမ်းဆောင်ဖို့ တခြားလူ လွှတ်လိုက်မှာ စိုးရိမ်လို့။ အဲ့ဒီကျရင် ပြဿနာ တွေ့သွားမှာ ဒုက္ခရောက်မယ်လေ]
ချူဟွားသည် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း ဒေါသကို မထိန်းနိုင်တော့ပေ။
[အရှက်မရှိတဲ့လူတွေ။ လူယုတ်မာတွေ]
တုန်းယီသားတွေက မုန်းစရာ ကောင်းသည်မှာ မှန်သော်လည်း မြို့ပိုင်မင်းနှင့် ပူးပေါင်းပြီး ခိုးဝင်လာသော တုန်းယီသားများကို ဖမ်းဆီး မောင်းထုတ်ရမည့်အစား သူတို့နှင့် ပူးပေါင်းကြံစည်နေသော သာ့ရှန်းလူမျိုးများသည် ပို၍ မုန်းတီးစရာ မကောင်းပေဘူးလား။
မင်းသား ၅ သည် အသက်ငယ်ရွယ်ပြီး သူ့အခန်းထဲတွင် ရှိနေသဖြင့် မျက်နှာထားကို ထိန်းသိမ်းမထားတော့ပေ။
မြို့ပိုင်မင်းက တုန်းယီသားများ၏ လုပ်ရပ်ကို သဘောမတူသဖြင့် ဖမ်းဆီး ချုပ်နှောင်ခံထားရပြီး သာ့ရှန်းလူမျိုးများက ကိုယ့်နိုင်ငံပိုင် ပစ္စည်းကို ခိုးယူရာတွင် တုန်းယီသားများကို ကူညီပေးနေသည်ဟု ကြားလိုက်ရသောအခါ မျက်နှာနုနုလေးသည် ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။
"အရူးတွေ" မင်းသား ၅ သည် ဒေါသတကြီး ခြေဆောင့်လိုက်၏။ "ခိုးဝင်လာတဲ့ တုန်းယီသားက ဘယ်နှယောက် ရှိလို့လဲ။ မြို့နယ်ရုံးမှာ ရုံးအကူတွေ ရှိတယ်။ ဒေသခံ တပ်စွဲထားတာတွေ ရှိတယ်။ ဝိုင်းဖမ်းလိုက်ရင် မိမှာပဲဟာကို။ သာ့ရှန်းပိုင်နက်ထဲမှာ တုန်းယီသားတွေက သာ့ရှန်းရဲ့ မြို့ပိုင်မင်းကို ဖမ်းဆီးချုပ်နှောင်ပြီး နေရာကို ထိန်းချုပ်ထားခွင့် ပေးထားတယ်။ သာ့ရှန်းရဲ့ ရွှေတွင်းကို တိုင်းပြည်အပြင် ခိုးထုတ်နေကြတယ်။ ဒီလူတွေရဲ့ ဦးနှောက်ကို မြည်း ကန်သွားတာလား"
နန်းစောင့်တပ်သားများနှင့် ချူမိသားစုမှ တခြားလူများလည်း ဒေါသထွက်နေကြသည်။
ကိုယ့်ပိုင်နက်ထဲမှာတောင် တုန်းယီသားတွေရဲ့ ခြယ်လှယ်တာ ခံနေရတာ။ ဒီလူတွေက တကယ်ကို ဆေးမမှီတော့တဲ့ အရူးတွေပဲ။
အရူးသက်သက်တော့ မဟုတ်လောက်ပေ။ လောဘကြီးလွန်းတာ ဖြစ်နိုင်သည်။ တုန်းယီသားတွေ အသားစားရရင် သူတို့လည်း ဟင်းရည်လေးတော့ သောက်ရမယ်လို့ တွေးနေကြတာ။
အရူးတွေလို လောဘကြီးတဲ့ ကောင်တွေ။
System: [.....]
ဟိုကြည့်လိုက် ဒီကြည့်လိုက်နှင့် အားလုံး ဒေါသထွက်လွန်း၍ စကားမပြောနိုင် ဖြစ်နေကြသည်ကို မြင်သောအခါ စိတ်ထဲ၌ တွေးလိုက်မိသည်။ နင်တို့တွေ အခုတည်းက ဒီလောက် ဒေါသထွက်နေရင် နောက်ထပ် လာမဲ့ ဖရဲသီးကို ဘယ်လို စားကြမလဲ။ ဒေါသထွက်ပြီး ဒီည အိပ်မပျော်ဘဲ နေပါဦးမယ်။
ချူဟွားက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး [ဆက်ပြော]
Systemက ချူဟွား ရင်ကျပ်ရောဂါ ရသွားမည်ကို စိုးရိမ်သဖြင့် စေတနာနှင့် အကြံပြုလိုက်လေသည်။
[မနက်ဖြန်ကျမှ ဆက်ပြောမလား။ ဒီအကြောင်း နားထောင်ပြီးရင် ဒီည နင် အိပ်မပျော်မှာ စိုးရိမ်လို့ပါ]
ချူဟွား: "..."
လူတိုင်း: "..."
ကောင်းပါလေစ။ အခုတည်းက စပြီး ဒေါသထွက်နေကြပြီ။
[ရတယ်။ နင် ပြောသာပြောပါ] ချူဟွားက အရှင်မင်းကြီးနှင့် မှူးမတ်များကို တန်ပြန်မည့် နည်းလမ်းများ ညလုံးပေါက် ဆွေးနွေးစေချင်ပြီး သာ့ရှန်းပိုင်နက်ထဲသို့ ကျူးကျော်လာကာ ရွှေတွင်း ခိုးထုတ်နေသော ညီလာခံမှ ပိုးမွှားများနှင့် တုန်းယီသားများကို အမြန်ဆုံး ရှင်းလင်းစေချင်သည်။
[တုန်းယီသားတွေက ငါ့သာ့ရှန်းရဲ့ ရွှေတွေကို ခိုးနေတာ သိရက်သားနဲ့ ဒီဖရဲသီးကို စားမပြီးရင် ငါ အိပ်ပျော်မှာ မဟုတ်ဘူး]
လူတိုင်းက ဒေါသထွက်ရင်း ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ်။ ဟုတ်တယ်။
သူတို့က ဒေါသထွက်ပြီး အိပ်မပျော်ရင် နေပါစေ။ ဖရဲသီး မစားရလို့ သိချင်စိတ်ဖြင့် နေမထိထိုင်မသာဖြစ်ပြီး အိပ်မပျော်တာမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။
Systemက သူတို့ ဆန္ဒအတိုင်း ဖြည့်ဆည်းပေးလိုက်သည်။ [ရွှေတွင်းကို ကောင်းထျန်ယွမ်က လွန်ခဲ့တဲ့ သုံးနှစ်က တွေ့ရှိခဲ့တာ။ တုန်းယီက လူတွေကို တစ်သုတ်ပြီးတစ်သုတ် လွှတ်ပြီး စစ်ဆေးတာ၊ တူးဖော်တာ၊ သတ္တုယူတာတွေ လုပ်ခဲ့တယ်။ ဒေသတွင်းမှာ ရွှေချက်စက်ရုံ တည်ဆောက်ပြီး ရွှေချောင်းတွေကို တုန်းယီဆီ မပြတ် ပို့ဆောင်နေခဲ့တယ်]
[အဲ့ဒီနေရာက သာ့ရှန်းနဲ့ တုန်းယီ နယ်စပ်နဲ့ အရမ်းနီးကပ်ပြီး အရာရှိတွေ၊ စစ်တပ်တွေ မကြာခဏ လာရောက် ကင်းလှည့်လေ့ရှိလို့ အရမ်းကြီး ကြီးကြီးကျယ်ကျယ် ပို့ဆောင်လို့ မရဘူး။ ဒါပေမဲ့ ဘယ်လောက်ပဲ လျှို့ဝှက်ပါစေ သုံးနှစ်တာ ကာလဆိုတော့ ပမာဏက နက္ခတ်တာရာတွေလောက် များပြားနေပြီ]
ချူဟွား: [ဘယ်လောက် ခိုးခံလိုက်ရလဲ]
Systemက ဆွေးဆွေးမြည့်မြည့် မေးလိုက်သည်။ [နင် တကယ် သိချင်လို့လား။ တကယ် အိပ်မပျော်ဘဲ နေလိမ့်မယ်နော်။ ဆယ်ရက်၊ လဝက်လောက် အိပ်မပျော်ဘဲ နေရနိုင်တယ်]
ချူဟွားတွင် ကောင်းမွန်သည့် အချက်များ များများစားစား မရှိသော်လည်း အကြံပြုချက်ကို နားထောင်တတ်ခြင်းက တစ်ခု အပါအဝင်ဖြစ်သည်။ [ဒါဆို ထားလိုက်တော့။ အမျိုးသမီး လူသတ်သမား အကြောင်း ပြောပြ။ သူက ရွှေတွင်း ခိုးထုတ်တဲ့ ကိစ္စကို ဘယ်လို သိသွားတာလဲ]
System: [မြို့ပိုင်မင်းရဲ့ ရာထူးသက်တမ်းက သုံးနှစ်တစ်ကြိမ်လေ။ ဒါပေမဲ့ အဲ့ဒီဒေသက အရမ်း ဝေးလံခေါင်ဖျားပြီး ဆင်းရဲလွန်းတော့ ဘယ်အရာရှိမှ သွားရောက် တာဝန်မထမ်းဆောင်ချင်ကြဘူး။ ဒါကြောင့် မြို့ပိုင်မင်းက သက်တမ်းနှစ်ခု ဆက်တိုက် တာဝန်ထမ်းဆောင်နေရပြီး ဒီနှစ်ဆို ခြောက်နှစ် ရှိပြီ]
[မြို့ပိုင်မင်းက ဖမ်းဆီးချုပ်နှောင် ခံထားရတယ်။ မြို့ပိုင်မင်းရဲ့ ဇနီး၊ သားနဲ့ သမီးတို့ကလည်း မြို့ပိုင်မင်းရဲ့ အသက်နဲ့ ခြိမ်းခြောက်ခံနေရပြီး တုန်းယီသားတွေရဲ့ စောင့်ကြည့်တာကို အချိန်ပြည့် ခံနေရလို့ သတင်း လုံးဝ ပို့လို့မရဘူး]
[မြို့ပိုင်မင်းရဲ့ သမီးက အရွယ်ရောက်လာပြီး ပိုလှလာတော့ စောင့်ကြည့်နေတဲ့ တုန်းယီသားတွေက မကောင်းတဲ့စိတ် ဝင်လာကြတယ်။ သူ့ကို ကာကွယ်ဖို့ မြို့ပိုင်မင်းရဲ့သားက ခြေထောက် ရိုက်ချိုးခံလိုက်ရတယ်။ မြို့ပိုင်မင်းကတော်က သမီးဖြစ်သူ စော်ကားခံရတော့မဲ့ အခြေအနေကို မြင်တော့ နံရံကို ခေါင်းနဲ့ ဆောင့်ပြီး သေကြောင်းကြံလိုက်တယ်]
[တောက်] ချူဟွားက ဒီတစ်ကြိမ်တော့ သည်းမခံနိုင်တော့ပေ။ [တိရစ္ဆာန်တွေ]
Systemသည် သခင်ကို နှစ်သိမ့်ပေးချင်သော်လည်း နောက်ဆက်တွဲ အကြောင်းအရာများကို ကြည့်လိုက်သည့်အခါ နှစ်သိမ့်ပေးရုံဖြင့် အရာထင်မည် မဟုတ်မှန်း သိလိုက်သဖြင့် ဆက်ပြောလိုက်တော့သည်။
[ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာကို မြို့ပိုင်မင်းအဖြစ် စေလွှတ်ခံရတာက ဆင်းရဲပြီး နောက်ခံ မရှိလို့လေ။ မြို့ပိုင်မင်းကတော်က ဆွေကြီးမျိုးကြီး မဟုတ်ပေမဲ့ ဉာဏ်ကောင်းပြီး စိတ်နှလုံး နူးညံ့သိမ်မွေ့တယ်။ တုန်းယီသားတွေ သူ့သမီးအပေါ် တပ်မက်နေတာကို စောစောစီးစီးကတည်းက သတိထားမိပြီး တစ်နေ့ ဒီလို ဖြစ်လာမယ်ဆိုတာ စိုးရိမ်နေခဲ့တာ]
[ဒီက သတင်းကို အပြင်ရောက်အောင် ပို့ဖို့ အမြဲ တွေးနေခဲ့တယ်။ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘဲ ရိုက်နှက်ခံရတာပဲ အဖတ်တင်တယ်။ နောက်တော့ သူက သေဖို့ တွေးလိုက်တယ်]
[မြို့ပိုင်မင်းကတော် သေဆုံးသွားရင် မြို့နယ်ရုံးက နာရေးကိစ္စ လုပ်ရမယ်။ မြို့ပိုင်မင်းလည်း ထွက်လာရမယ်။ သူ့ခင်ပွန်းက သံမဏိလို စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပြီး သုံးနှစ်လုံးလုံး ဖမ်းဆီးချုပ်နှောင် ခံထားရတာတောင် အရှုံးမပေးခဲ့ဘူး။ အိမ်တွင်းအောင်း နေရတဲ့ မိန်းမသားဖြစ်တဲ့ သူထက်စာရင် သူ့ခင်ပွန်းက နည်းလမ်း ပိုရှိမှာ သေချာတယ်လေ]
သမီးဖြစ်သူ၏ အပျိုစင်ဘဝအတွက်၊ မိသားစု လုံခြုံရေးအတွက်၊ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် မြို့ပိုင်မင်းကတော်သည် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ် အနစ်နာခံခဲ့သည်။
ချူဟွားသည် မြို့ပိုင်မင်းကတော်၏ အသက်စွန့်ပြီး တရားမျှတမှုကို ရယူလိုသည့် သတ္တိနှင့် စိတ်ဓာတ်ကို လေးစားမိလေသည်။ သို့သော် ဝေးကွာလွန်းလှသဖြင့် ဘာမှ မလုပ်ပေးနိုင်ဘဲ စိတ်ထဲမှသာ တိတ်တဆိတ် ဆုတောင်းပေးလိုက်ရ၏။
ဆန္ဒအတိုင်း အရာအားလုံး ဖြစ်ပါစေ။ နောင်ဘဝမှာ အဆင်ပြေ ချောမွေ့ပါစေ။ ငါ့ရဲ့ သာ့ရှန်း တိုင်းပြည်ကြီး ကြွယ်ဝချမ်းသာပါစေ။ ငါ့ရဲ့ သာ့ရှန်းပြည်သူတွေ ဘယ်တော့မှ အနိုင်ကျင့် မခံရပါစေနဲ့။
...