အခန်း ၁၁၀
Vol. 8 Ch. 110
အပိုင်း (၁၁၀)
အရင်ဘဝကတည်းက ချူဟွားသည် သာမန်လူတို့၏ အေးချမ်းတည်ငြိမ်မှုအောက်တွင် မရေမတွက်နိုင်သော လူများက တိတ်တဆိတ် ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ထားရကြောင်း သိရှိခဲ့၏။ သူမသည်လည်း တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခဲ့ဖူးသူ တစ်ဦးဖြစ်သော်လည်း ကံမကောင်းစွာဖြင့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သာ့ရှန်းမြို့တော် ချူမိသားစု၏ အနောက်ဆောင်မှ သာမန် မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့လေသည်။
အကယ်၍ အစ်ကို့အစား ညီလာခံတက်ရောက်ရင်း system နှင့် မချိတ်ဆက်မိခဲ့လျှင်၊ ညီလာခံ၏ ဗဟိုဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်မည့် အခွင့်အရေး မရရှိခဲ့လျှင်၊ သူမလက်ထဲရှိ အားသာချက်များ ပိုပြီး များမလာခဲ့လျှင်၊ အရှင်မင်းကြီးနှင့် မှူးမတ်များက သူမကို အန္တရာယ် မပြုနိုင်ကြောင်း သေချာမှု မရှိလျှင် သူမသည် အရာများစွာကို ထုတ်ပြရဲလိမ့်မည် မဟုတ်ပေ။
မြို့ပိုင်မင်းကတော်နှင့် ယှဉ်လျှင် သူမက အများကြီး လိုအပ်နေသေး၏။ ချူဟွားသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်မိသည်။ သူမသည် မြို့ပိုင်မင်းကတော်ထက် ပိုပြီး ကြီးမားသော အားသာချက်များကို ပိုင်ဆိုင်ထားပြီး ပိုပြီး များပြားသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်ကာ လူအများအပြားကို ကာကွယ်ပေးနိုင်ရာ ထိုမျှလောက် လက်တွန့်နေမသင့်ပေ။
Systemက ချူဟွား ငေးငိုင်နေသည်ကို သတိမထားမိဘဲ အလေးအနက်ထားကာ ဆက်လက် ဖော်ထုတ်နေလေသည်။ [တုန်းယီက ရွှေတွေ အများကြီး ရထားပြီး အကျိုးအမြတ်တွေ အများကြီး ခံစားနေရတာ၊ ဘယ်လိုလုပ်ပြီး နာရေးကိစ္စ လုပ်ချင်ပါ့မလဲ။ တကယ်လို့ လာရောက် ဂါရဝပြုတဲ့သူတွေက တစ်ခုခု မှားယွင်းနေတာကို တွေ့သွားရင်၊ တကယ်လို့ မြို့ပိုင်မင်းနဲ့ သူ့သားသမီးတွေက သတင်းပေးပို့လိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ]
[သူတို့ကို စောင့်ကြည့်နေတဲ့ တုန်းယီသားတွေက မြို့ပိုင်မင်းရဲ့ ရာထူးသက်တမ်း ပြည့်သွားပြီဆိုတော့ တစ်ခါတည်း အပြတ်ရှင်းပစ်ဖို့ တွေးလိုက်ကြတယ်။ လူတွေကို အရင်သတ်ပြီးမှ မြို့ပိုင်မင်းနဲ့ မိသားစုက ထွက်ခွာတဲ့ လမ်းမှာ တောင်ပုန်းဓားပြတွေ သတ်တာ ခံလိုက်ရတယ်လို့ ပြောမယ်။ လူသတ်မှု အခင်းဖြစ်ပွားရာ နေရာကို အတုလုပ်မယ်။ ပြီးရင် နောက်ထပ် ရောက်လာမဲ့ မြို့ပိုင်မင်းကို လာဘ်ထိုးမယ် ဒါမှမဟုတ် ရုပ်သေးရုပ် လုပ်မယ်။ ဒါဆိုရင် သူတို့ အရင်လိုပဲ ရွှေတွေကို ဆက်ပြီး ခိုးထုတ်လို့ ရပြီလေ]
တုန်းယီသားများ၏ လုပ်ရပ်သည် အလွန် မောက်မာလွန်းလှပြီး နှုတ်ပိတ်ရန် လူသတ်ခြင်း၊ အလောင်းဖျောက်ခြင်းတို့သည် သူတို့အတွက် ပုံမှန်ကိစ္စများ ဖြစ်နေ၏။ လူတိုင်းသည် မြို့ပိုင်မင်း မိသားစု၏ လုံခြုံရေးကို မူလကပင် စိုးရိမ်နေကြရာ system ၏ စကားကို ကြားလိုက်ရသောအခါ အားလုံး၏ စိတ်နှလုံးသည် တင်းကြပ်သွားကြလေသည်။
စိတ်ခံစားလွယ်သော ဝမ်သခင်မကဲ့သို့ လူသည် မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး လက်ချောင်းများကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားမိ၏။ အကယ်၍ အလားတူ အခြေအနေမျိုးသာ သူမနှင့် သမီးအပေါ် ကျရောက်လာပါက သူမသည်လည်း သမီးကို ကာကွယ်ရန်အတွက် သေရဲပေလိမ့်မည်။ ထို့ကြောင့်ပင် သူမသည် မြို့ပိုင်မင်းကတော်က ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခဲ့သော်လည်း မိသားစုကို မကာကွယ်နိုင်ခဲ့သည့် အဖြစ်မျိုးကို ပိုပြီး မမြင်တွေ့လိုခြင်း ဖြစ်သည်။
System: [တုန်းယီသားတွေထဲမှာ နှုတ်ပိတ်ချင်တဲ့လူ ရှိသလို ဒီလိုလုပ်ရပ်ကို မနှစ်သက်တဲ့လူလည်း ရှိတယ်။ မြို့ပိုင်မင်းရဲ့ သမီးကို စော်ကားဖို့ ကြိုးစားခဲ့တဲ့လူကို သူတို့က အပြစ်တင်ကြတယ်။ "သုံးနှစ်လုံးလုံး ဒီလိုပဲ ဖြတ်သန်းလာခဲ့တာ၊ မင်းသာ ကာမစိတ် မမွှန်ခဲ့ရင် အဲ့ဒီကတော် သေမှာ မဟုတ်ဘူး၊ ငါတို့လည်း ဒီမှာ ခေါင်းခဲနေစရာ မလိုဘူး" တဲ့]
[အဲ့ဒီလူကတော့ အပြစ်တင်ခံရတာကို သေချာပေါက် လက်မခံချင်ဘူး။ အဲ့ဒါက သူ တာဝန်ယူရမယ်ဆိုတဲ့ သဘော ဖြစ်နေတာကိုး။ ဒါနဲ့ သူက ပြန်ဆဲတာပေါ့။ "အဲ့ဒီမိန်းမက အကောင်းအဆိုး နားမလည်တာ၊ ငါ သူ့ကို သဘောကျတာက သူ့ကံကောင်းမှုပဲ၊ နံရံကို ခေါင်းနဲ့ ဆောင့်ရဲသေးတယ်၊ ငါ့ကို ဒုက္ခလာပေးနေတာ၊ ကျက်သရေ မရှိလိုက်တာ" တဲ့]
[လူတစ်စုက အကြာကြီး ရန်ဖြစ်နေပြီး နှစ်ဖက် ကွဲသွားကြတယ်။ တစ်ဖက်က နှုတ်ပိတ်ဖို့ ပြောပြီး၊ နောက်တစ်ဖက်က နာရေး လုပ်ပေးဖို့ ပြောတယ်။ နာရေး ပြီးသွားရင် မူလအတိုင်း ပြန်နေပြီး ဒီမြို့ပိုင်မင်း ရွှေ့ပြောင်းခံရပြီးမှ သတ်မယ်ပေါ့]
ချူဟွား: "..."
လူတိုင်း: "..."
ဘယ်လို ပြောရမလဲ။ ဒါက တုန်းယီ၏ ပုံစံအတိုင်းပင်။ ဒီနှစ်ပိုင်းတွေမှာ သာ့ရှန်းနဲ့ တုန်းယီကြား စစ်မတိုက်၊ ရန်မဖြစ်ဘဲ ကြည့်ရတာ သာယာလှပပြီး အိမ်နီးချင်းကောင်း ပုံစံ ပေါက်နေတာ။
တကယ်တမ်း လွန်ခဲ့သည့် ၇ နှစ်၊ ၈ နှစ်လောက်ကို ပြန်ကြည့်မည်ဆိုလျှင် တုန်းယီက ရှီးရုံ၊ ပေတိတို့နှင့် ဘာမှ မကွာခြားပေ။ သာ့ရှန်း နယ်စပ်ကို မကြာခဏ တိုက်ခိုက်လုယက်ခဲ့ပြီး ရှီးရုံ၊ ပေတိတို့ထက်ပင် ပိုမို ဆိုးရွားစွာ မီးရှို့၊ လူသတ်၊ လုယက်ကာ မကောင်းမှု ဟူသမျှ လုပ်ဆောင်ခဲ့ကြသည်။
သာ့ရှန်း၏ အရှေ့ဘက်သည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီး ဖြစ်သည်။ နိုင်ငံပိုင်နက် တစ်စိတ်တစ်ပိုင်းသည် တုန်းယီနှင့် ထိစပ်နေပြီး ပိုများသော အပိုင်းကတော့ ရှည်လျားသည့် ကမ်းရိုးတန်းကြီး ဖြစ်လေသည်။
ပင်လယ်ပြင်သည် ကျယ်ပြောပြီး ရက်စက်ကြမ်းကြုတ်ရာ တံငါသည်များသည် ငါးဖမ်းထွက်ရင်း လှိုင်းလုံးများနှင့်အတူ မျောပါသွားကာ လူရော ပစ္စည်းပါ ဆုံးရှုံးရလေ့ ရှိသည်။ ထို့အပြင် တုန်းယီသားများသည် ပင်လယ်ဓားပြ အယောင်ဆောင်ကာ ကမ်းတက်ပြီး နှောင့်ယှက် လုယက်လေ့လည်း ရှိသေးသည်။
ရေတပ်က တွေ့ရှိပြီး လိုက်ဖမ်းသည့်အချိန်တွင် ပင်လယ်ဓားပြများသည် ပင်လယ်ပြင်ထဲသို့ ထွက်ပြေးသွားကြပြီး အရိပ်အယောင်ပင် မကျန်တော့ပေ။ ရေတပ် ထွက်သွားသည်နှင့် ပင်လယ်ဓားပြများက ပြန်ရောက်လာကြသည်။ တိုက်ထုတ်လို့ မရ၊ သတ်လို့ မကုန်နိုင်သဖြင့် ကမ်းရိုးတန်းမှ ပြည်သူများသည် ပြောမပြတတ်အောင် ဒုက္ခရောက်ကြရပြီး ပင်လယ်ဓားပြများနှင့် တုန်းယီသားများကို အလွန်အမင်း မုန်းတီးကြလေသည်။
ကမ်းရိုးတန်း ဒေသတွင် ရွာတစ်ရွာမှ ပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် ညဉ့်နက်သန်းခေါင် အိပ်ပျော်ချင်ယောင်ဆောင်ပြီး တကယ်တမ်းတွင်မူ အသင့်ပြင်ဆင် စောင့်ဆိုင်းနေခဲ့သည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်။ ပင်လယ်ဓားပြအဖြစ် ရုပ်ဖျက်ထားသော တုန်းယီသားများ ကမ်းပေါ်တက်လာသည်နှင့် တပြိုင်နက် သူတို့သည် ဝိုင်းဝန်းပြီး အရှင်လတ်လတ် ရိုက်သတ်ခဲ့ကြသည်။ နိုင်ငံနှစ်ခုကြား၊ ပြည်သူများကြား ရန်ငြိုးသည် ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းလှ၏။
မိမိ လူမျိုးမဟုတ်လျှင် စိတ်ထားချင်း ကွဲပြားစမြဲပင်။ ဒီနှစ်ပိုင်းများအတွင်း တုန်းယီ၏ ပြည်တွင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်နေပြီး အာဏာလုပွဲများဖြင့် အလုပ်ရှုပ်နေကာ စစ်တိုက်ရန် အင်အား မရှိသဖြင့်သာ သာ့ရှန်းသည် ရှီးရုံနှင့် ပေတိကို ကိုင်တွယ်ရန် အာရုံစိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ချူဟွားသည် ကျောက်ခရိုင်မှ အရာရှိများက အဘယ်ကြောင့် ခွေးအများနှင့် ကျားသစ်များသဖွယ် ယုတ်မာသူများနှင့် ပေါင်းသင်းနေကြသနည်း ဆိုသည်ကို အလွန် နားမလည်နိုင် ဖြစ်ရသည်။ သူတို့သည် ရှေ့ခြေလှမ်းတွင် ခွေးအများနှင့် ရွှေများကို ခွဲဝေယူပြီး နောက်ခြေလှမ်းတွင် တုန်းယီသားများ၏ သစ္စာဖောက်မှုကို ခံရကာ အသက်ပါ ဆုံးရှုံးသွားမည်ကို တကယ် မကြောက်ကြပါသလား။
System: [တုန်းယီသားတွေက ရွှေတွေကို စပြီး ခိုးတုန်းက သတိထားပြီး တုန်လှုပ်နေခဲ့ကြတယ်။ လှုပ်ရှားမှု တစ်ခုခု ကြားတာနဲ့ သာ့ရှန်းစစ်တပ်က တွေ့သွားပြီလို့ ထင်နေကြတာ။ ရလဒ်ကတော့ သုံးနှစ်လုံးလုံး ရွှေခိုးတာ မမိတော့ စိတ်လျော့သွားကြတာပေါ့]
[သုံးနှစ်တာ အဆင်ပြေပြေရှိမှုက သူတို့ကို သာ့ရှန်းနဲ့ သာ့ရှန်းအရာရှိတွေကို စိတ်ရင်းကနေ အထင်သေးသွားစေတယ်။ သူတို့ကို မျက်နှာလိုမျက်နှာရ လုပ်နေတဲ့ သာ့ရှန်းအရာရှိတွေက သူရဲဘောကြောင်သူတွေလို့ ထင်မြင်ပြီး ဖမ်းဆီးခံထားရတဲ့ မြို့ပိုင်မင်းနဲ့ အရှုံးမပေးတဲ့ မြို့ပိုင်မင်းရဲ့ သားလောက်တောင် မမိုက်ဘူးလို့ တွေးနေကြတယ်။ သူတို့ကမှ တကယ့် သတ္တိခဲတွေတဲ့]
[တုန်းယီသားတွေက သုံးနှစ်လုံးလုံး ပြဿနာ မရှိခဲ့ဘူး၊ နာရေး လုပ်ပေးရုံလေးပဲ၊ သေချာ စောင့်ကြည့်နေရင် ရပြီလို့ တွေးတယ်။ မြို့ပိုင်မင်း မိသားစုက အပြန်အလှန် ဓားစာခံ ဖြစ်နေတယ်။ မြို့ပိုင်မင်းကတော်ရဲ့ အလောင်းကလည်း အဲ့ဒီမှာ ရှိနေတော့ သူတို့ ဘာflagဖြစ်လာမှာ မဟုတ်ဘူးလို့ ယူဆထားကြတာ]
(flag(Slang)= တိုင်ကြားခံရတာ)
လူတိုင်း၏ မျက်လုံးများက တိတ်တဆိတ် အရောင်တောက်သွားကြသည်။ သူတို့သည် flag ဆိုတာ ဘာလဲ မသိကြသော်လည်း ဤယုံကြည်မှု လွန်ကဲပြီး ဂရုမစိုက်သော အနေအထားကို ကြားလိုက်သည်နှင့် ကျရှုံးတော့မည်ကို သိလိုက်ကြသည်။ အကြီးအကျယ် ကျရှုံးမည့် ပုံစံမျိုးပင်။
ထင်ထားသည့်အတိုင်း system က ဟီးဟီး ဟု ရယ်မောကာ ပြောလိုက်၏။ [တုန်းယီသားတွေ ဂရုမစိုက်ခဲ့တဲ့ ဒီနာရေးကိစ္စကပဲ သတင်း ပေါက်ကြားသွားစေခဲ့တာ]
[ကျောက်ခရိုင်က အရမ်း ဆင်းရဲတယ်။ အရာရှိတော်တော်များများက အစပိုင်း ရောက်သွားတုန်းကတော့ ရည်မှန်းချက်ကြီးကြီးနဲ့ ယုံကြည်မှု အပြည့်ရှိကြတယ်။ ကျောက်ခရိုင်ကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် လုပ်ပေးချင်ကြတယ်။ နောက်ဆုံးတော့ လက်တွေ့ဘဝမှာ ရှုံးနိမ့်သွားကြတာပဲ။ တချို့ အရာရှိတွေကျတော့ သုံးနှစ် ပြည့်အောင် နေပြီးရင် ထွက်ပြေးဖို့ပဲ စဉ်းစားကြတယ်။ မကြိုးစားရင် ဘယ်လိုလုပ် ချမ်းသာမလဲ။ လက်ပိုက်ကြည့်နေရင် ပိုပြီး ဆင်းရဲလာမှာပဲ]
[မြို့ပိုင်မင်းကျန်း ရာထူး စယူတော့ ရိုးသားဖြောင့်မတ်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်တတ်တဲ့ သူ့ရဲ့ ပုံစံက ဒေသခံ အရာရှိတွေနဲ့ လုံးဝ သဟဇာတ မဖြစ်ခဲ့ဘူး။ အဲ့ဒီလူတွေက ဘယ်လိုပဲ ဆွဲဆောင်စည်းရုံးပါစေ အလကားပဲ ဖြစ်နေတော့ မြို့ပိုင်မင်းကျန်းကို မဖြစ်မနေ ရှင်းလင်းရမဲ့ ဆူးတစ်ချောင်းလို့ သတ်မှတ်လိုက်ကြတယ်]
[အမျိုးသမီး လုပ်ကြံသူက မြို့ပိုင်မင်းကျန်းကို သတ်ဖို့ ငှားရမ်းခံရပေမဲ့ စုံစမ်းစစ်ဆေးနေတဲ့ ကာလမှာ သူက အရာရှိကောင်း၊ အရာရှိရိုးမှန်း သိသွားတော့ လက်မပါခဲ့ဘူး။ နောက်ထပ် ငှားရမ်းခံရပြီး မြို့ပိုင်မင်းကို လာသတ်တဲ့ လူသတ်သမားတွေကိုတောင် မြို့ပိုင်မင်းကျန်းဘက်ကနေ ကူသတ်ပေးခဲ့သေးတယ်]
[အကြိမ်ကြိမ် တိုက်ခိုက်ရင်းနဲ့ အမျိုးသမီး လုပ်ကြံသူ ဒဏ်ရာရသွားတယ်။ မြို့ပိုင်မင်းကတော်က သူ့ဒဏ်ရာကို ဆေးထည့်ပေးပြီး အိမ်မှာထား ကုသပေးခဲ့လို့ အတူနေရင်း သံယောဇဉ် တွယ်သွားကြတယ်။ မြို့ပိုင်မင်းကတော် သေဆုံးသွားတော့ အမျိုးသမီး လုပ်ကြံသူက နာရေးကို သွားတယ်။ တစ်ခုခု မှားနေတာ တွေ့တော့ တိတ်တဆိတ် ခိုးဝင်သွားပြီး မြို့ပိုင်မင်းသမီးဆီကနေ အမှန်တရားကို သိလိုက်ရတာ]
လူတိုင်း၏ မျက်နှာအမူအရာများ ထူးဆန်းသွားကြသည်။ နောက်ပိုင်း အကြောင်းအရာများသည် ချူဟွား အရင်က ပြောခဲ့ဖူးသည်များနှင့် ကိုက်ညီနေသည်။ ထို့ကြောင့် အမျိုးသမီး လုပ်ကြံသူက အမှောင်ခွင်းပြီး အလင်းဝင်သွားသည့် အပိုင်းမှလွဲ၍ ကျန်သည့် ဇာတ်ကွက်များက ဖြစ်ပျက်ပြီးသား ဖြစ်နေသည်။ ဖရဲသီးစားရသည်မှာ အရသာ မရှိသလို ခံစားနေရပြီး ဆက်မစားချင်ကြတော့ပေ။
ချူဟွား ကိုယ်တိုင်ကတော့ ရိုးစင်းသော ဇာတ်ကွက်ကြောင့် ငြီးငွေ့သွားခြင်း မရှိဘဲ [ဒါဆို အမျိုးသမီး လုပ်ကြံသူက အစကတည်းက အစ်ကို့ကို သတ်ဖို့ ဆန္ဒ မရှိခဲ့ဘူးပေါ့]
System: [သူ မပြောဘူး။ သူ့ရဲ့ မူလ အစီအစဉ်က ဘာလဲဆိုတာ ငါ မသိဘူး]
ချူဟွားသည် အမျိုးသမီး လုပ်ကြံသူ အဖမ်းခံရသည်မှာ လွယ်ကူလွန်းနေပြီး စစ်ဆေးမေးမြန်းခြင်း မပြုရသေးခင်မှာပင် အမှုဖွင့်ပြီး အကျိုးဆောင်မှု ယူလိုကြောင်း ပြောဆိုလာသည်မှာ အလွန် ထူးဆန်းနေသည်ဟု ခံစားမိ၏။ အမျိုးသမီး လုပ်ကြံသူ ကိုယ်တိုင်က ဤအချက်ကို ရည်ရွယ်ပြီး ရောက်လာသကဲ့သို့ပင်။ System က အမျိုးသမီး လုပ်ကြံသူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို မသိနိုင်သည့်အတွက် တစ်စက္ကန့်လောက် စိတ်မကောင်း ဖြစ်လိုက်ပြီးနောက် ချူဟွားက မေးလိုက်သည်။
[ငါ့အစ်ကိုက ဘယ်လို လုပ်လိုက်လဲ]
ချူမိသားစုဝင်များ ပိုပြီး စိတ်ဝင်စားသည်ကလည်း ဤအချက်ပင် ဖြစ်သည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် အသက်အောင့်ထားလိုက်ကြ၏။ ညီလာခံက ညတွင်းချင်း ကျောက်ခရိုင်သို့ လူလွှတ်လိုက်လျှင်ပင် ခရီးလမ်း ဝေးကွာလွန်းသည်။ လမ်းခရီးတွင် ကြန့်ကြာနေပါက တုန်းယီသားများသည် သာ့ရှန်းမှ ရွှေအမြောက်အမြားကို ထပ်မံ ခိုးထုတ်သွားနိုင်ရာ အနီးနားတွင် ရှိနေသော ချူချင်း ကိုသာ အားကိုးရပေမည်။
ဤအချိန်တွင် သူတို့သည် ချူချင်းက အစောင့်များနှင့် နန်းစောင့်တပ်သား အများအပြား ခေါ်သွားခဲ့သည့်အတွက် ဝမ်းသာမိကြသည်။ နောက်နောင် တိုင်းခန်းလှည့်လည်မည့် အရာရှိတိုင်း ဒီစံနှုန်းအတိုင်း သွားကြပါစေ။
သူတို့ အပြင်ထွက်လိုက်တာနဲ့ တိတ်တဆိတ် တူးဖော်ခံနေရတဲ့ ဇာတ်နီတွင်း၊ ကြေးနီတွင်း၊ ရွှေတွင်းတွေကို ထပ်တွေ့မတွေ့ ဘယ်သူ သိနိုင်မှာလဲ။ ဘေးနားမှာ အင်အားကြီးတဲ့ အစောင့်တွေ မရှိရင် အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး။ မင်းသား ၅ သည် ဤအကြံပြုချက်ကို တိတ်တဆိတ် မှတ်သားလိုက်ပြီး ခဏနေရင် နန်းစောင့်တပ်သားများအား နန်းတော်ထဲသို့ ပို့ဆောင်ခိုင်းရန် ပြင်ဆင်လိုက်၏။
System: [နင့်အစ်ကိုက တုန်းယီသားတွေ သာ့ရှန်းမှာ သုံးနှစ် ပုန်းအောင်းနေပြီး ရွှေတွေ အများကြီး ခိုးသွားတယ် ဆိုတာ ကြားလိုက်တော့ မျက်နှာကြီး မည်းမှောင်သွားတာပဲ။ ပြီးတော့ "သာ့ရှန်းက အစကတည်းက ဆင်းရဲပါတယ်ဆိုမှ ငါ့ညီမလေး ကြိုးစားလို့ ပိုက်ဆံ နည်းနည်း ရှိလာတာကို သူခိုးတစ်သိုက်ကို ပြန်ပေးလိုက်ရတယ်ပေါ့" လို့ ချက်ချင်း ပြောလိုက်တယ်]
တစ်ချိန်ထဲမှာပင် နန်းစောင့်တပ်သားများနှင့် အမျိုးသမီး လုပ်ကြံသူ၊ အားလုံး တိတ်ဆိတ်သွားကြသည်။
"မင်းလို ရုပ်ရည်သန့်ပြန့်တဲ့ ကောင်လေးက ပါးစပ်ဖွင့်တာနဲ့ ညီမလေး၊ ညီမလေး ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး၊ တကယ့် နှမချစ်မောင်ကြီးပဲ" ဟူသည့် အကြည့်နှင့် ကြည့်နေကြလေသည်။
[နင့်အစ်ကိုကတော့ သူများ သိသွားတာကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ "မင်းတို့ သိသွားမှတော့ အရှင်ထားလို့ မဖြစ်တော့ဘူး" ဆိုတဲ့ အကြည့်နဲ့ ပြန်စိုက်ကြည့်လိုက်တယ်]
နှမချစ်မောင်ကြီးဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ချူမိသားစုဝင်များ မသိကြသော်လည်း အကြောင်းအရာကို ဆက်စပ်ကြည့်လျှင် ညီမလေးကို အရမ်းချစ်သည်ဟု ဆိုလိုကြောင်း ခန့်မှန်းမိကြသည်။ ချူဖျင်ကတော့ system ပြောသည်ကို အမှန်ဟု မထင်ပေ။ ချူချင်းတွင် လူသတ်ရဲသည့် သတ္တိ မရှိသလို ဒီလို အကြောင်းပြချက်နှင့် လူသတ်မှာလည်း မဟုတ်ပေ။
"ချင်းအာက ငယ်ငယ်ကတည်းက ဟွားအာအပေါ် ကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပါးစပ်ဖွင့်တာနဲ့ ညီမလေး တတွင်တွင် ပြောနေတာမျိုးတော့ မကြားဖူးပါဘူး။ သူက မြို့တော်က ထွက်သွားပြီး ဘယ်သူမှ မထိန်းချုပ်တော့တာနဲ့ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတာများလား" အဖေဖြစ်သူ၏ မျက်နှာတွင် "ငါ သတိမထားမိခဲ့တာလား၊ ဒါမှမဟုတ် သူ့ဦးနှောက် ပျက်သွားတာလား" ဟူသော သံသယများဖြင့် ပြည့်နှက်နေလေသည်။
ဝမ်သခင်မ၏ နူးညံ့သိမ်မွေ့သော အပြုံးတွင် ဂုဏ်ယူမှု အနည်းငယ် ပါဝင်နေ၏။ "အဲဒါ ရှင် မသိလို့ပါ။ ဟွားအာ ဗိုက်ထဲ ရှိတုန်းက ချင်းအာက နေ့တိုင်း လာကြည့်ပြီး ညီမလေး လိုချင်တယ်လို့ ပြောခဲ့တာ"
သူမက နောက်ထပ် စကားအနည်းငယ် ပြောချင်သေးသော်လည်း ချူဟွားက system ကို ဖော်ထုတ်လိုက်သည်ကို ကြားလိုက်ရသည်။ [ထုံအာ၊ နင် ပုံကြီးချဲ့ ပြောနေတာ သိသာတယ်နော်]
System က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ [ဟီးဟီး၊ နင် သိသွားပြီကိုး။ ငါ့ရဲ့ ဖော်ပြချက်က နည်းနည်း ပိုသွားပေမဲ့ ယေဘုယျအားဖြင့်တော့ ဘာမှ မမှားပါဘူး။ အဲ့ဒီသဘောပါပဲ။ ငါတို့နှစ်ယောက် ပင်ပင်ပန်းပန်း အကျင့်ပျက်ခြစားမှုကို စစ်ဆေးပြီး နိုင်ငံ့ဘဏ္ဍာတိုက်အတွက် ပိုက်ဆံရှာပေးခဲ့ရတာ ဘယ်လောက် ခက်ခဲလဲ။ ရလဒ်က ငါတို့ ပင်ပင်ပန်းပန်း ငွေတစ်လျန် ရှာရင် တုန်းယီက ရွှေတစ်လှည်း ခိုးသွားတာ။ ဘယ်သူ့မေးမေး ဒေါသထွက်မှာပဲ မဟုတ်လား]
လူတိုင်း: ဒေါသထွက်လွန်းလို့ သေတော့မလို ဖြစ်နေကြပြီ။
System: [ချူချင်းက ဒေါသအကြီးအကျယ် ထွက်ပြီး ဒီကိစ္စကို ဆွဲထားလို့ မဖြစ်ဘူး၊ အမြန်ဆုံး ဖြေရှင်းရမယ်လို့ တွေးလိုက်တယ်။ သူက အမျိုးသမီး လုပ်ကြံသူကို နန်းစောင့်တပ်သားတွေအတွက် လမ်းပြခိုင်းပြီး စုံစမ်းစစ်ဆေးဖို့ ကြိုသွားခိုင်းလိုက်တယ်။ အမျိုးသမီး လုပ်ကြံသူ ပြောတာတွေ မှန်မမှန် အတည်ပြုဖို့လေ]
[ဒါတွေအားလုံးက ပုံမှန် အမှုစစ်ဆေးတဲ့ အဆင့်တွေပါပဲ။ တခြားသူ ပြောတာနဲ့ အကုန် ယုံလိုက်ဖို့ မဖြစ်နိုင်ဘူးလေ။ အမျိုးသမီး လုပ်ကြံသူကလည်း ကန့်ကွက်စရာ မရှိပါဘူး။ ချူချင်း တယောက်တည်း အမြင်ကတော့ အမျိုးသမီး လုပ်ကြံသူက သူ့အပေါ် သတ်ဖြတ်လိုစိတ် မရှိဘဲ အကူအညီ လာတောင်းတာ ဖြစ်နိုင်တယ်လို့ ထင်နေတာ]
[နန်းစောင့်တပ်သားတွေ စုံစမ်းစစ်ဆေးပြီးလို့ သက်သေအထောက်အထားတွေ စုဆောင်းပြီးမှ လူစုပြီး ဖမ်းမယ်ဆိုရင် နောက်ကျသွားနိုင်တယ်။ တကယ်လို့ စုံစမ်းစစ်ဆေးနေတုန်း မတော်တဆ မြက်ကိုရိုက်မိပြီး မြွေကို လန့်သွားစေရင်၊ အဲ့ဒီ တုန်းယီသားတွေနဲ့ ပိုးမွှားတွေထဲက လူတချို့ ထွက်ပြေးလွတ်မြောက်သွားရင် နောက်ဆက်တွဲ ရှင်းလင်းရတာ အရမ်း ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် နင့်အစ်ကိုက အရမ်း ရဲတင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်]
ချူဟွားက ပြုံးလိုက်သည်။ [သူ သေချာပေါက် လူကို အရင်ဖမ်းပြီးမှ ဆက်ပြောမှာ]
System က ချီးကျူးဟန်ပါသော လေသံဖြင့် ပြောလိုက်၏။ [မမကြီးဟွား၊ နင် သိပ်သိတာပဲ]
ထို့နောက် စိုးရိမ်တကြီးဖြင့် ဆက်ပြောသည်။ [အမျိုးသမီး လုပ်ကြံသူ ပြောတာတွေ အကုန်အမှန်ပဲဆိုတာ ငါ သိတယ်။ ချူချင်း အဲ့လို လုပ်လိုက်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်း အရဆိုရင် နည်းနည်း ပြဿနာ မရှိဘူးလား။ ကိစ္စပြီးရင် နင့်အစ်ကို အပြစ်ပေးခံရမလား]
ခေတ်သစ် လုပ်ထုံးလုပ်နည်း အချို့အရ ကြည့်မယ်ဆိုရင် သက်သေမရှိဘဲ စိတ်တိုင်းကျ လှုပ်ရှားလို့ မရပေ။ မဟုတ်လျှင် စည်းကမ်းဖောက်ဖျက်ရာ၊ ဥပဒေချိုးဖောက်ရာ ကျရောက်နိုင်သည်။ လူဖမ်းပြီး အမှုဖြေရှင်းကာ ကုသိုလ်ယူခဲ့သော်လည်း နောက်ပိုင်းတွင် အပြစ်ပေးခံရသည့် သာဓကများလည်း မနည်းလှပေ။
ချူချင်း၏ လုပ်ရပ်သည် စည်းမျဉ်းနှင့် မညီကြောင်း ချူဟွားက သိသည်။ သို့သော် တုန်းယီသားများ ရွှေတွင်း ခိုးထုတ်သည့် ကိစ္စတွင် ပိုမြန်လေ ပိုကောင်းလေ ဖြစ်သည်။ တော်ဝင်ကိုယ်စားလှယ်မှာ အရေးပေါ် အခြေအနေအရ ဆုံးဖြတ်ပိုင်ခွင့် အာဏာ ရှိတယ်။ ကိစ္စ မရှိလောက်ပါဘူး။
[အခုတော့ အစ်ကိုက နောက်ပိုင်း အစီရင်ခံစာ တင်တဲ့အခါ ဉာဏ်နည်းနည်း သုံးတတ်ဖို့ပဲ မျှော်လင့်ရတာပေါ့။ အခြေအနေကို အရေးပေါ်ဖြစ်ကြောင်း ရေးပြီး သနားစရာကောင်းအောင် ပြောရမယ်။ ဒီကိစ္စကို ဖြေရှင်းရတာ လွယ်ကူပါတယ်လို့ အရိပ်အခြေမကြည့်ဘဲ မပြောမိစေနဲ့]
အရှင်မင်းကြီးနှင့် မှူးမတ်များအနေဖြင့် ရွှေများကို ထောက်ထားပြီး လျစ်လျူရှုထားနိုင်သော ဤကိစ္စလေးကို ခွင့်လွှတ်ပေးရန်လည်း မျှော်လင့်ရသည်။
ချူဖျင်နှင့် ဝမ်သခင်မတို့ကတော့ မစိုးရိမ်ကြပေ။ ချူချင်း နှင့် ချူဟွား မောင်နှမနှစ်ယောက်၏ အကျိုးဆောင်မှုများကြောင့် အရှင်မင်းကြီးသည် သေချာပေါက် သက်ညှာပေးလိမ့်မည်။
အမှန်တကယ်လည်း ထိုအတိုင်းပင်။
အရှင်မင်းကြီးသည် ဒီည ရှုဖေး၏ နန်းဆောင်တွင် အနားယူနေ၏။ အလှလေးကို ဖက်ပြီး ညဉ့်နက်သန်းခေါင် အိပ်ပျော်နေစဉ် ချန်ကျို့ လာနှိုးသဖြင့် မပျော်မရွှင် ဖြစ်နေသော်လည်း လင်ယိုက ရွှေတွင်းအကြောင်း ပြောလိုက်သည်နှင့် တပြိုင်နက် တစ်ကိုယ်လုံး ရူးမတတ် ပျော်ရွှင်သွားတော့သည်။
မှူးမတ်များ ကြားသိလိုက်ရသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ချူချင်းနှင့် ချူဟွား မောင်နှမနှစ်ယောက်တွင် တကယ်ပင် စီးပွားလာဘ် ရှိနေပုံရသည်။ ညီမဖြစ်သူတွင် system ဆိုသည့် အထောက်အကူ ရှိနေသည်ကို ထားလိုက်နိုင်သည်။ အစ်ကိုဖြစ်သူက အကျင့်ပျက်ခြစားမှုကို စစ်ဆေးရင်း ကြေးနီတွင်း တွေ့လိုက်၊ ရွှေတွင်း တွေ့လိုက်နှင့် နောက်တစ်ခါ အပြင်ထွက်ရင် ငွေတွင်းပါ တွေ့လာမလား မပြောတတ်ပေ။
သို့သော် ဤအစီရင်ခံစာကို ဖတ်ရင်း ဒေါသထွက်လာပြီး ဒေါသစိတ်များ ရင်ထဲ ပြည့်နှက်လာတော့သည်။ တော်လိုက်တဲ့ တုန်းယီ။ ဒီနှစ်ပိုင်းတွေမှာ မင်းတို့ ပြည်တွင်းရေး ရှုပ်ထွေးနေလို့ ကိုယ့်ဟာကိုတောင် မနိုင်ဘဲ ငါတို့ကို မတိုက်နိုင်ဘူး ထင်နေတာ။ ငါတို့ ရွှေတွေကို ခိုးတူးနေတာကိုး။ ဒါကြောင့် မတိုက်တာပဲ။
တကယ်လို့ စစ်တိုက်ဖြစ်ရင် နယ်စပ် တစ်လျှောက်လုံး စစ်တပ်တွေချည်း ဖြစ်နေမှာ။ နယ်စပ်က ပြည်သူတွေက စစ်ဘေးမရှောင်ရင်တောင် တုန်းယီသားတွေကို သတိထားနေကြမှာ။ ရွှေခိုးတူးတဲ့ တုန်းယီသားတွေရဲ့ ခြေရာခံကို အနှေးနဲ့အမြန် တွေ့ရှိသွားမှာ သေချာတယ်။ အရှင်မင်းကြီးသည် ရွှေတွင်းအကြောင်း သိလိုက်ရစဉ်က ပျော်ရွှင်ခဲ့ရသလောက် ရွှေတွင်းမှ မရေမတွက်နိုင်သော ပမာဏ ခိုးယူခံလိုက်ရကြောင်း သိလိုက်ရသောအခါ ဒေါသထွက်သွားလေသည်။
"မဖြစ်မနေ တိုက်ရမယ်"
နိုင်ငံ့ဘဏ္ဍာတိုက်တွင် ပိုက်ဆံရှိလာပြီဖြစ်ရာ အရှင်မင်းကြီးသည် တုန်းယီကို တိုက်ခိုက်ရန် ယုံကြည်မှု ပိုရှိလာသည်။ "မဖြစ်မနေ တိုက်ရမယ်" ဟူသော စကားလုံးကို ပြတ်ပြတ်သားသားနှင့် ဒေါသတကြီး ပြောဆိုလိုက်ပြီး အရှက်မရှိသော တုန်းယီသားများကို အခုချက်ချင်း စစ်တပ်လွှတ်ပြီး သတ်ပစ်ချင်နေတော့သည်။
"အရှင်မင်းကြီး စိတ်လျှော့တော်မူပါ" မှူးမတ်များက ရှေ့တက်ပြီး ဝိုင်းဝန်း နှစ်သိမ့်ကြသည်။
"အရှင်မင်းကြီး၊ ရှီးရုံနဲ့ ပေတိ နယ်စပ်နှစ်ဖက်မှာ ပဋိပက္ခတွေ ရှိနေပါတယ်။ သာ့ရှန်းက စစ်မျက်နှာသုံးဖက် မဖွင့်နိုင်ပါဘူး"
"တုန်းယီက တကယ်ကို အနိုင်ကျင့်လွန်းပါတယ်။ ဒါပေမဲ့ အခုက တုန်းယီနဲ့ စစ်တိုက်ဖို့ အချိန်ကောင်း မဟုတ်ပါဘူး"
"နိုင်ငံ့ဘဏ္ဍာတိုက်မှာ ပိုက်ဆံ နည်းနည်း ရှိပေမဲ့ စစ်တိုက်တာက ပိုက်ဆံ အရမ်း ကုန်ပါတယ်။ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ အဆင်သင့် မဖြစ်သေးပါဘူး"
"နေရာဒေသအသီးသီးက ကန်စွန်းဥတွေကို ဆက်တိုက် ရိတ်သိမ်းနိုင်ပေမဲ့ စုဆောင်းဖို့ အချိန်လိုပါတယ်။ အရင်က ရှီးရုံနဲ့ ပေတိ နယ်စပ်ကို ပို့ဖို့ သတ်မှတ်ထားပြီးသားပါ"
အထက်ပါ အကြောင်းပြချက်များသည် သာ့ရှန်းက တုန်းယီ ပြည်တွင်းရေး ရှုပ်ထွေးနေချိန်တွင် စစ်တပ်လွှတ်ပြီး မတိုက်ခိုက်ခဲ့သည့် အကြောင်းရင်းများ ဖြစ်သည်။ ရေထဲကျနေသော ခွေးကို ရိုက်နှက်ရသည်ကို ဘယ်သူက မကြိုက်ဘဲ နေမည်နည်း။ ပြဿနာမှာ သာ့ရှန်းတွင်လည်း ပြည်တွင်းပြဿနာ မနည်းလှပေ။ သုံးဖက်စစ်မျက်နှာ ဖွင့်ရမည့် ကုန်ကျစရိတ်ကို မတတ်နိုင်ခြင်း ဖြစ်သည်။
အရှင်မင်းကြီးသည် ဒေါသထွက်ပြီး ပေါက်ကွဲနေသော်လည်း ဘာမှ မတတ်နိုင်ပေ။ လောကလူသားများက အရှင်မင်းကြီး ဖြစ်ရသည်မှာ ကောင်းသည်ဟု ပြောကြသော်လည်း သူသည် ကိစ္စတိုင်းကို မိမိသဘောအတိုင်း လုပ်မရကြောင်း ဘယ်သူ သိပါမည်နည်း။ အိမ်ထဲလာပြီး ရွှေခိုးတဲ့ သူခိုးကိုတောင် ရိုက်ခွင့် မရှိဘူးတဲ့။ စိတ်ကျဉ်းကျပ်လိုက်တာ။
ထိုအချိန်မှာပင် မင်းဆရာကြီးက အကြံတစ်ခု ပြုလေသည်။ "တုန်းယီက သူများပစ္စည်း ခိုးတာ ဒီလောက် ကြိုက်နေမှတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ကြော်ငြာပေးလိုက်ရင် မကောင်းဘူးလား"
"ဟေ" အရှင်မင်းကြီးနှင့် မှူးမတ်များ အနည်းငယ် အံ့အားသင့်သွားကြသည်။
မင်းဆရာကြီးက ပြုံးလိုက်ပြီး သတိပေးလိုက်၏။ "မုန့်ဟန်"
အားလုံးက မြေခွေးအိုကြီးများ ဖြစ်ကြရာ အရှင်မင်းကြီးနှင့် မှူးမတ်များသည် ချက်ချင်းပင် သဘောပေါက်သွားကြတော့သည်။ ဟုတ်သားပဲ။ တုန်းယီက သာ့ရှန်းပိုင်နက်ထဲမှာ ရွှေခိုးတယ်။ သူတို့ကလည်း ရှီးရုံနဲ့ ပေတိဆီ လူလွှတ်ပြီး ခိုး... အဟွတ် အဟွတ်... ပစ္စည်းရောင်းပြီး ရွှေလဲခဲ့တာပဲ။ ဘယ်သူမှ တာဝန်မခံတဲ့ ဒီအပြစ်ပုံကြီးကို လွှဲချလိုက်လို့ ရတာပဲ။
ဟီး ဟီး ဟီး... အရှင်မင်းကြီးနှင့် မှူးမတ်များသည် စိတ်လှုပ်ရှားလာကြပြီး ညတွင်းချင်း ဆွေးနွေးစီစဉ်ကြတော့သည်။
ကျောက်ခရိုင်ကို လက်လွှဲယူဖို့ လူအမြန်လွှတ်ရမယ်။ ချူချင်းက ခဏပဲ ထိန်းထားနိုင်မှာ။ မြို့ပိုင်မင်းကျန်းက သုံးနှစ်လုံးလုံး ဖမ်းဆီးခံထားရတော့ ဒေသအခြေအနေကို သိပ်မသိတော့ဘူး။ လက်အောက်ငယ်သားတွေကိုလည်း သုံးလို့ မရတော့ဘူး။ ကျောက်ခရိုင်က ထုတ်လုပ်ထားတဲ့ ရွှေတွေနဲ့ ဖမ်းမိထားတဲ့ တုန်းယီသားတွေကို မြို့တော်ဆီ ခမ်းခမ်းနားနား သယ်ဆောင်လာရမယ်။ တုန်းယီသားတွေ ဒီနှစ်ပိုင်း သာ့ရှန်းပိုင်နက်ထဲမှာ လုပ်ခဲ့တဲ့ ကိစ္စတွေကို အကုန် ချပြရမယ်။
ကိုယ့်ပိုင်နက်ထဲ ဝင်ခိုးတာကို သုံးနှစ်လုံးလုံး မသိခဲ့ဘူး ဆိုတာ ပြောရရင်တော့ ရှက်စရာပါပဲ။ ဒါပေမဲ့ ဒါက အပြစ်လွှဲချဖို့လေ။ သာ့ရှန်းရဲ့ ကိစ္စ ပေါ်ပေါက်လာတာနဲ့ ရှီးရုံနဲ့ ပေတိက သာ့ရှန်းကို လှောင်ပြောင်ကြမှာ ဖြစ်ပေမဲ့ သူတို့ပိုင်နက်ထဲမှာလည်း ရတနာ အများအပြား အခိုးခံရတာကို တွေ့ရှိသွားရင် တုန်းယီကို မသင်္ကာဘဲ နေပါ့မလား။
တော်လိုက်တဲ့ တုန်းယီ။ မင်းတို့ ပြည်တွင်းရေး ရှုပ်ထွေးနေတယ်လို့ ထင်ထားတာ။ တကယ်တော့ ပြည်တွင်းရေး အကြောင်းပြပြီး ငါတို့ သုံးနိုင်ငံစလုံးဆီက ပစ္စည်း လိုက်ခိုးနေတာကိုး။ ဟုတ်သားပဲ။ ဘယ်နိုင်ငံရဲ့ ပြည်တွင်းရေးက နှစ်နဲ့ချီ ကြာပြီး မပြီးဆုံးနိုင်ဘဲ ရှိနေမှာလဲ။ အရှက်မရှိတဲ့ တုန်းယီ။ ငါ့ရွှေတွေ ပြန်ပေး။
အဲ့ဒီအချိန်ရောက်ရင် တုန်းယီက လူတိုင်း ဝိုင်းရိုက်ချင်တဲ့ လမ်းဘေးကြွက် ဖြစ်သွားလိမ့်မယ်။
အရှင်မင်းကြီးနှင့် မှူးမတ်များ ဦးနှောက်ခြောက်မတတ် ကြံစည်နေကြချိန်တွင် သေသေချာချာ ရေးဆွဲထားသော ပုံကြမ်းတစ်ခုသည် တော်ဝင်စာကြည့်ဆောင်သို့ ရောက်ရှိလာလေသည်။
အရှင်မင်းကြီးသည် စစ်သူကြီးရွှမ်ဝေကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်၏။ "ဒါက ဘာလဲ"
စစ်သူကြီးရွှမ်ဝေ ၏ နှုတ်ခမ်းထောင့်စွန်းများသည် နားရွက်အထိ တက်ချိတ်လုနီးပါး ပြုံးရွှင်နေသည်။
"ချူဟွားက ကျွန်တော်မျိုးကို ပေးခိုင်းလိုက်တဲ့ ပေါင်းစပ်လေး ပုံကြမ်းပါ"
သူ နောက်ဆုံးတော့ လက်နက် ဒီဇိုင်း ဆက်သင်စရာ မလိုတော့ဘူး။
"ဒါက..." အရှင်မင်းကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ပုံကြမ်းကို ဖွင့်ကြည့်လိုက်သည်။ အင်း... နားမလည်ပါဘူး။ သူက အစကတည်းက လက်နက် ဒီဇိုင်းကို နားမှ မလည်တာ။
"သူက ဘာလို့ မောင်မင်းကို ပေးလိုက်တာလဲ"
စစ်သူကြီးရွှမ်ဝေ: "ဒေါသထွက်သွားလို့ ဖြစ်မယ်"
ဘာကို ဒေါသထွက်တာလဲ ဆိုတာ ပြောနေစရာ လိုသေးလို့လား။ သေချာပေါက် တုန်းယီက လူယုတ်မာတွေကြောင့်ပေါ့။
ရွှေတွင်း အခိုးခံရတာက ဒီလို ကောင်းကျိုးမျိုး ရှိလာမယ်လို့ ထင်မထားမိဘူး။ အရှင်မင်းကြီးသည် စိတ်ရှုပ်ထွေးစွာဖြင့် တုံ့ဆိုင်းတုံ့ဆိုင်း ပြောလိုက်၏။ "မောင်မင်း ပြောကြည့်စမ်း၊ ကျန်း သူ့ရှေ့သွားပြီး သနားစရာကောင်းအောင် နေပြရင် ဒုတိယမြောက် ပေါင်းစပ်လေး ပုံကြမ်း ရနိုင်မလား"
စစ်သူကြီးရွှမ်ဝေ: "..."
အရှင်မင်းကြီး အိမ်မက်မက်နေတာလား။
...