အခန်း ၁၁၁
Vol. 8 Ch. 111
အပိုင်း (၁၁၁)
ချူဟွား ပေါင်းစပ်လေးကို ထုတ်မပေးခဲ့ခြင်းမှာ ကောင်းမွန်သော ဆင်ခြေတစ်ခု ရှာမတွေ့ခဲ့သောကြောင့်ပင်။ ယခု တုန်းယီလူမျိုးများ၏ ကိစ္စ ပေါ်ပေါက်လာပြီးနောက် ချူဟွား၏ စိတ်နေသဘောထားသည် ကျန်းစီရင်စုအရာရှိ၏ ဇနီးသည်ကြောင့် ပြောင်းလဲသွားကာ ထုတ်ပေးလိုက်လေသည်။
ခေတ်နောက်ကျကျန်ခဲ့လျှင် အနိုင်ကျင့်ခံရမည်။
နယ်စပ်တွင် ရှီးရုံနှင့် ပေတိတို့၏ နှောင့်ယှက်ခြင်းကို မကြာခဏ ခံရခြင်းမှာ နိုင်ငံနှစ်ခုက သာ့ရှန်း အားနည်းသည်ကို မြင်ပြီး အနိုင်ကျင့်လို့ ကောင်းသည်ဟု ထင်မှတ်နေကြခြင်း မဟုတ်ပါလား။
သာ့ရှန်းကို သွားကြားထဲထိ လက်နက်တပ်ဆင်ပေးပြီး အိမ်နီးချင်း နိုင်ငံများကို ကြောက်ရွံ့တုန်လှုပ်သွားစေမှ ပြည်သူများ၏ ယုံကြည်ချက် ပြည့်ဝကာ ရင်ကော့နိုင်မည် ဖြစ်ပြီး တုန်းယီလူမျိုးများကဲ့သို့ လူယုတ်မာများကို ကြောက်ရွံ့တော့မည် မဟုတ်ပေ။
[မမကြီးဟွား၊ သူတို့ နင့်ရဲ့ အကျိုးဆောင်မှုကို မသိချင်ယောင်ဆောင်ပြီး ယူသွားမှာကို မကြောက်ဘူးလား] ဤကိစ္စသည် system၏ ရင်ထဲက အနာတစ်ခု ဖြစ်လာပြီး တွေးမိတိုင်း ဒေါသထွက်ရလေသည်။
ချူဟွား ကိုယ်တိုင်ကတော့ သဘောထားကြီးစွာဖြင့် တွေးတောလေ၏။ [ငါက လက်နက်ဒီဇိုင်း ဆွဲတတ်တာမှ မဟုတ်တာ၊ ပေါင်းစပ်လေးက အရင်တုန်းက ကစားဖူးလို့ တိုက်ဆိုင်ပြီး တတ်သွားတာ၊ တခြား ပုံစံထုတ် ဒီဇိုင်းတစ်ခု ထပ်ထုတ်ခိုင်းရင်လည်း ငါ မလုပ်တတ်တော့ဘူး]
[အရှင်မင်းကြီးနဲ့ စစ်ဘက်ဝန်ကြီးဌာနက တခြား လက်နက်ပုံစံ ထပ်တောင်းရင် ဘယ်လိုလုပ်မလဲ။ တခြားနေရာမှာ တွေ့ခဲ့တာလို့ ငါ ပြောရင် သူတို့ ယုံမယ်လို့ နင် ထင်လား။ အမြစ်အထိ လိုက်စုံစမ်းကြမလား။ အဲဒီကျရင် ဖြေရှင်းရ ခက်နေလိမ့်မယ်]
[ပေါင်းစပ်လေးသာ စစ်မြေပြင်မှာ ပေါ်လာရင် နိုင်ငံအသီးသီးရဲ့ အကြည့်တွေက အဲဒီအပေါ် ရောက်လာမှာပဲ၊ စည်းရုံးလို့ မရရင် လူသတ်နှုတ်ပိတ်ကြမှာ၊ အကျိုးဆောင်မှု နည်းနည်းလေးအတွက်နဲ့ ကိုယ်နဲ့ ကိုယ့်မိသားစုဆီ အန္တရာယ်တွေ စုပုံလာအောင် ဘာလို့ လုပ်ရမှာလဲ]
ဤသည်မှာလည်း သူမ စစ်သူကြီးရွှမ်ဝေကို လွှဲပြောင်းပေးရန် အကူအညီတောင်းရသည့် အကြောင်းအရင်း ဖြစ်သည်။
ညီလာခံအတွင်း၌ လျှို့ဝှက်ထားသရွေ့ ပေါင်းစပ်လေး၏ ပုံစံထုတ် ဒီဇိုင်းသည် သူမထံမှ လာသည်ကို မည်သူမျှ သိရှိမည် မဟုတ်ဘဲ စစ်ဘက်ဝန်ကြီးဌာနက တီထွင်မွမ်းမံထားသည်ဟုသာ ထင်မှတ်ကြလိမ့်မည်။ သို့မဟုတ် တခြားလူ သို့မဟုတ် လျှို့ဝှက် ဉာဏ်ကြီးရှင် တစ်ဦးဦး လုပ်ဆောင်သည်ဟု ထင်မှတ်နိုင်သော်လည်း မည်သို့ပင်ဆိုစေ သူမနှင့် သက်ဆိုင်မည် မဟုတ်ပေ။
အကယ်၍ ဒီသတင်း မတော်တဆ ပေါက်ကြားသွားလျှင်လည်း ဤအချက်ကို အခွင့်ကောင်းယူပြီး သာ့ရှန်း အတွင်းပိုင်းမှ တခြားနိုင်ငံ၏ သူလျှိုများကို ဆွဲထုတ်နိုင်လေသည်။
ချူဟွား: [ထုံအာ၊ ငါတို့ သူလျှို လိုက်ဖမ်းကြစို့]
ကိစ္စ ဖြစ်ပြီးမှ ဖြေရှင်းသည်ထက် ကြိုတင် ကာကွယ်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား။ ကိစ္စ မကြီးထွားခင် အလျင်အမြန် ဖြေရှင်းလိုက်ခြင်းက နောက်ဆက်တွဲ ပြဿနာများကို သက်သာစေ၏။
System: ???
System: !!!
[ဟားဟားဟား ကောင်းတယ် ကောင်းတယ်] Systemက စိတ်လှုပ်ရှားသွားလေသည်။ ကောင်းကင်အောက်တွင် မည်သည့် ဖရဲသီးစား systemက သူနှင့်တူမည်နည်း။ နေ့တိုင်း အကျင့်ပျက်ခြစားမှုကို စစ်ဆေးလိုက်၊ သူလျှို ဖမ်းလိုက်နှင့် လုပ်နေရသည်။
ပင်မ systemထံ ပြန်ရောက်ပြီး ဒီအစီရင်ခံစာကို တင်ပြလိုက်လျှင် systemလောကတွင် အလန်းဆုံး system ဖြစ်လာမည်မှာ သေချာပေါက်ပင်။ ဝါးဟားဟား။
လူတစ်ယောက်နှင့် systemတစ်ခု တိုင်ပင်ပြီးနောက် ညဉ့်နက်သန်းခေါင် အိပ်ခါနီးအချိန်တွင် နေ့ဘက်က ပြောခဲ့သော အကြောင်းအရာများကို ရွေးချယ်ပြီး ထပ်ပြောလိုက်ကြလေသည်။
ချူမိသားစု တစ်ခုလုံး အိပ်ရာမှ ထလာကြပြီး ပဉ္စမမင်းသားကဲ့သို့ အိပ်ချင်မူးတူး ဖြစ်နေသူများကလည်း စိတ်ကြည်လင်စေရန် မိမိပေါင်ကို နှစ်ချက်လောက် ရိုက်လိုက်ကြ၏။
ဘာကို အိပ်ချင်နေရမှာလဲ။ ဒါက သူလျှိုဖမ်းတာလေ။
ဒီလောက်ကြီးမားသော သတင်းကို လွတ်သွားပါက မိမိကိုယ်ကို ဖရဲသီးခင်းထဲက တိရစ္ဆာန်လေးဟု ပြောရဲပါဦးမည်လား။ တိရစ္ဆာန်လေးကတောင် သင့်ကို အဖော်အဖြစ် အသိအမှတ်ပြုတော့မည် မဟုတ်ပေ။
အမှန်တကယ်တော့ ချူဟွား systemနှင့် ချိတ်ဆက်ပြီး ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် လူအများအပြား၏ မျက်စိနှင့် နားထဲသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ညီလာခံသည် သတင်းအချက်အလက်များကို အပြင်သို့ ပို့ဆောင်ချင်နေသော သူလျှိုများနှင့် ချူဟွားကို လုပ်ကြံချင်သော လုပ်ကြံသူ အများအပြားကို ဖမ်းဆီးရမိခဲ့ပြီး အကျိုးအမြတ် များစွာ ရရှိခဲ့သော်လည်း စိတ်ရှည်သည်းခံပြီး လှုပ်ရှားမှု မရှိသော သူလျှိုများအတွက်တော့ နည်းလမ်း မရှိခဲ့ပေ။
Systemက ဤကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြင့် ပုန်းအောင်းနေသော သူလျှိုများနှင့် အသစ် ရောက်ရှိလာသော သူလျှိုများကို တစ်ချက်တည်းနှင့် အကုန် ဖမ်းဆီးနိုင်မည် ဖြစ်ပြီး အားစိုက်ထုတ်စရာပင် မလိုတော့ချေ။
လူတိုင်းက ကျေနပ်အားရသွားကြ၏။
Systemသည် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပါးစပ်ဖွင့်လိုက်သည်နှင့် သတင်းအကြီးကြီးတစ်ခုကို ဖွင့်ချလိုက်တော့၏။ [ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တုန်းယီလူမျိုးတွေ လွှတ်လိုက်တဲ့ သူလျှိုပဲ]
"..."
သတင်းက ကြီးမားလွန်းသဖြင့် သူတို့ နင်သွားလုနီးပါး ဖြစ်သွားကြသည်။
ရာထူးဝန်ကြီးဌာနသည် သာ့ရှန်း အရာရှိများ၏ စစ်ဆေးခြင်း၊ ခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း စသည်တို့ကို တာဝန်ယူရပြီး ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် တတိယအဆင့် ရာထူးရှိကာ ရာထူးဝန်ကြီးဌာန၏ ဒုတိယခေါင်းဆောင် ဖြစ်သဖြင့် လုပ်ပိုင်ခွင့် အာဏာ ကြီးမားလှလေသည်။
ဤမျှ အရေးကြီးသော နေရာတွင် တုန်းယီလူမျိုးများ၏ သူလျှို ရှိနေပါက တုန်းယီလူမျိုးများသည် ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးလက်မှတဆင့် သာ့ရှန်းတွင် သူလျှို မည်မျှလောက် ထည့်သွင်းထားမည်နည်း။
အနည်းငယ် တွေးလိုက်ရုံဖြင့် သူတို့ အသက်ရှူကျပ်သွားရ၏။
ပဉ္စမမင်းသား၏ အတွေးက ပိုပြီး အကောင်းမြင်လေသည်။ ညီလာခံသည် ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟူသော သူလျှိုကို စောစောစီးစီး မတွေ့ရှိခဲ့သဖြင့် ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း ယခု system ရှာတွေ့သွားခြင်းက အရမ်း နောက်ကျမနေသေးဘဲ ကုစားရန် အချိန်မီသေးသည်။
ထို့အပြင် ရာထူးဝန်ကြီးဌာန ဝန်ကြီး၏ မျက်လုံးထဲတွင် သဲတစ်ပွင့်မျှ အဝင်မခံသော စိတ်ထားကြောင့် သူ အထက်မှ ဖိထားသရွေ့ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးအနေဖြင့် လက်လှမ်းရန် မလွယ်ကူလှပေ။ တိတ်တဆိတ် တစ်ခုခု လုပ်ခဲ့လျှင်လည်း အကန့်အသတ် ရှိပေလိမ့်မည်။
ဆုံးရှုံးမှုသည် ထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်း ရှိသင့်သည်။ မရှိလျှင်တော့... ခမည်းတော်နှင့် မင်းဆရာကြီးတို့ မည်မျှ ဒေါသထွက်မည်ကို ကြည့်ပြီး တုန်းယီလူမျိုးများကို မည်မျှ ပြင်းပြင်းထန်ထန် ဒုက္ခပေးရမည်ကို ဆုံးဖြတ်ရပေမည်။
ရွှေခိုးယူမည့် ကိစ္စကိုလည်း အသေးစိတ် စီစဉ်နေဆဲ ဖြစ်ရာ အချိန်မရွေး ထပ်တိုးလို့ ရသည်။
ပဉ္စမမင်းသားသည် လက်အုပ်ချီလိုက်ပြီး မျက်နှာတွင် ကရုဏာသက်သော အမူအရာ ပေါ်လာလေသည်။ တုန်းယီလူမျိုးရေ၊ စိတ်ချလက်ချသာ သွားကြပါတော့၊ ဒီအပြစ်ကို မင်းတို့ သေချာပေါက် ထမ်းရတော့မှာပါ။
ချူဟွားသည် မနှစ်က ညီလာခံတက်ရာတွင် အစ်ကိုဖြစ်သူ ချူချင်း၏ ရာထူးကို အစားထိုး ယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း ရာထူးတိုးခြင်း၊ နေရာပြောင်းရွှေ့ခြင်းများမှာ အရှင်မင်းကြီး၏ အမိန့်တော်ဖြင့် ဖြစ်သဖြင့် ရာထူးဝန်ကြီးဌာနနှင့် မည်သည့် ပတ်သက်မှုမှ မရှိခဲ့ဘဲ ရာထူးဝန်ကြီးဌာနမှ လူများကိုလည်း မသိရှိချေ။
[ရာထူးဝန်ကြီးဌာန ဝန်ကြီးကို ငါ နည်းနည်း မှတ်မိတယ်၊ ကြည့်ရတာ သဘောကောင်းပြီး ပြောဆိုဆက်ဆံရ လွယ်ကူတဲ့ပုံ ပေါက်ပေမဲ့ တကယ်တမ်းကျတော့ ရာထူးတိုးတာကို အရမ်း တင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့သူ၊ ကြားဖူးတာတော့ ဒီလူက ဆင်းရဲတဲ့ မိသားစုကနေ ဆင်းသက်လာတာ၊ ငယ်ငယ်တုန်းက ပင်ပင်ပန်းပန်းနဲ့ နိုင်ငံရေး စွမ်းဆောင်ရည်တွေ လုပ်ခဲ့ပေမဲ့ အထက်လူကြီးက ရာထူးနဲ့ မိသားစု အရှိန်အဝါကို အသုံးပြုပြီး လုယူသွားတာ ခံခဲ့ရတယ်၊ ဒါကြောင့် နိုင်ငံရေး စွမ်းဆောင်ရည် အတုလုပ်တာ၊ လုယူတာတွေကို အရမ်း မုန်းတီးတယ်]
မနှစ်က ချူချင်း ရာထူးတိုးသည့် ကိစ္စသည် ရာထူးဝန်ကြီးဌာန ဝန်ကြီးလက်မှ ဖြတ်သန်းခဲ့ခြင်း မရှိဟု သံသယဝင်စရာ အကြောင်း ရှိသည်။ သို့မဟုတ်လျှင် အမိန့်တော်က အဲဒီလောက် မြန်မြန် ကျလာစရာ အကြောင်း မရှိပေ။ တော်ဝင်စာမေးပွဲ တတိယဆုရှင်က ပထမဆုရှင်ထက် ရာထူးတိုးတာ ပိုမြန်နေသည်မှာ နောက်ကွယ်တွင် မရိုးသားမှုများ ရှိနေပြီး ရာထူးဝန်ကြီးဌာန ဝန်ကြီးက သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ချူဟွား: [ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ငါ ညီလာခံတက်တုန်းက တွေ့ဖူးတယ်၊ ထူးထူးခြားခြား မှတ်မိစရာ မကျန်ခဲ့ဘူး]
ဖြစ်နိုင်သည်မှာ သူမ ညီလာခံတက်သည့် အကြိမ်အရေအတွက်နှင့် အချိန် နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်သလို တခြား အရာရှိများနှင့် မဆက်ဆံဘဲ သိုသိုသိပ်သိပ် နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ တစ်ဖက်လူက သူမကို တမင် ရှောင်ရှားနေခြင်းလည်း ဖြစ်နိုင်လေသည်။
Systemက သီးသန့် စကားပြောခန်းတွင် ဝင်ပြောလိုက်၏။ [သူက နင် ဖရဲသီးစား systemနဲ့ ချိတ်ဆက်ထားတာ သိနေတော့ ရှောင်မှာပေါ့၊ နေ့တိုင်း ညီလာခံမတက်ခင် နင် သူ့ကို အာရုံမစိုက်မိပါစေနဲ့လို့ ဘုရားတရား တောင်းဆုပြုနေတာ၊ မဟုတ်ရင် သူ့ရဲ့ သူလျှို အထောက်အထားက ချက်ချင်း ပေါ်သွားပြီး အသက် ပျောက်သွားမှာလေ]
ချူဟွား: [ဒါဆို သူ ကြောက်လန့်တကြားနဲ့ နေလာတာ တစ်နှစ်ကျော်ပြီပေါ့]
System: [ဟုတ်တာပေါ့၊ နင်က အစက ဘဏ္ဍာရေးဝန်ကြီး၊ မင်းသား ၃ နဲ့ တခြားသူတွေကို လွယ်လွယ်ကူကူ ဖြုတ်ချလိုက်တာ မြင်တော့ သူ သေလောက်အောင် ကြောက်နေတာ၊ စကားလည်း မပြောရဲဘူး၊ သတင်းလည်း မပို့ရဲဘူး။ သူ မပေါ်သေးပေမဲ့ တုန်းယီလူမျိုးတွေ သိသွားရင် နင့်ကို လာသတ်မှာ၊ အဲဒီကျရင် သူလည်း ချက်ချင်း ပေါ်သွားပြီး အသက်ရှင်လမ်း မရှိတော့မှာ စိုးလို့လေ]
လူတိုင်းတွင် ကိုယ်ကျိုးစီးပွား ရှိကြသည်။ တချို့လူများသည် တိုင်းပြည်နှင့် လူမျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံကြသော်လည်း တချို့ကတော့ မိမိအကျိုးစီးပွားကို ကာကွယ်ရန် တိုင်းပြည်ကို စွန့်လွှတ်ကြသည်မှာ သဘာဝပင်။
လူတစ်ယောက်နှင့် systemတစ်ခု အပေါ်ယံတွင် တိတ်ဆိတ်နေသော်လည်း အတွင်းစိတ်ချင်း စကားပြောနေစဉ် အခြားသူများလည်း စဉ်းစားနေကြပြီး systemနှင့် အတွေးချင်း တူနေကြသည်။ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် မိမိ၏ အထောက်အထားနှင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ချူဟွားနှင့် systemကို တမင် ရှောင်ရှားနေခဲ့ခြင်း ဖြစ်နိုင်သည်။
ဖရဲသီးစား systemကဲ့သို့ ပြင်ပအကူအညီ ရှိနေလျှင်ပင် နေရာတိုင်းကို ခြုံငုံမိအောင် မလုပ်ဆောင်နိုင်သဖြင့် ဤမျှ ကြီးမားသော ငါးကြီးတစ်ကောင် လွတ်မြောက်နေခြင်း ဖြစ်ပေသည်။
Systemက သီးသန့် စကားပြောခန်း ပြီးသွားသောအခါ အဖွဲ့လိုက် စကားပြောခန်း ပုံစံသို့ ပြန်ပြောင်းလိုက်သည်။ [အခု လက်ရှိ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မူလ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး မဟုတ်ဘူး၊ ငါ သေချာ ရှင်းပြမယ်]
ချူဟွားက ဒီအစကို ကြားလိုက်သည်နှင့် စိတ်ဝင်စားမှု လျော့နည်းသွားလေသည်။ [ဝန်ကြီး အစစ်နဲ့ အတု ဇာတ်ကွက်ပဲ]
System: [……]
သခင်ဖြစ်သူ၏ သဘောထားကို မြင်သောအခါ သူက တခြားသူများကို လှမ်းကြည့်လိုက်သည်။ ဘုရားရေ၊ ပဉ္စမမင်းသားနှင့် နန်းစောင့်တပ်မှူးမှလွဲ၍ ကျန်လူများက သမ်းဝေနေကြသည်။
ဖရဲသီးစား systemကို မျက်နှာသာ လုံးဝ မပေးကြပါလား။ သူက ဒီမှာ ကြိုးကြိုးစားစား ဖော်ထုတ်နေတာကို မင်းတို့က ဒီလို သဘောထားမျိုး ပြရသလား။
Systemက သူ ဖော်ထုတ်ပုံ မှားယွင်းနေသည်ဟု သံသယ ဝင်မိသဖြင့် အစမှ ပြန်ပြောသည့် အကျင့်ကို ပြင်လိုက်ပြီး သတင်းအကြီးကြီးကိုသာ ရွေးပြောလိုက်တော့သည်။ [အခု လက်ရှိ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တုန်းယီ သူလျှို ဖြစ်နေပေမဲ့ သူက သာ့ရှန်းလူမျိုးပါ]
ချူဟွား: [ဪ]
ကွပ်ကဲရေးမှူး ဝူရူသည်လည်း သာ့ရှန်းလူမျိုး မဟုတ်ပါလား။ ရှီးရုံ၏ ဝယ်ယူခြင်း ခံလိုက်ရပြီး သာ့ရှန်း တစ်နိုင်ငံလုံးကို ဘိန်းဖြူ ဖြန့်ဝေချင်နေသည်။ သေဒဏ်ပေးသင့်သည်။ သူလျှို ဖြစ်မဖြစ်နှင့် ဘယ်နိုင်ငံက မွေးဖွားလာသလဲ ဆိုသည်မှာ တစ်ပြားသားမှ မပတ်သက်ကြောင်း၊ မည်သည့် ဆက်စပ်မှုမှ မရှိကြောင်း ထင်ရှားနေသည်။
Systemက မလျော့သော ဇွဲဖြင့် ဒုတိယ သတင်းကြီးကို ထပ်ပြောလိုက်၏။ [အခု ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ မူလ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရုပ်ချင်း တစ်ထပ်တည်း တူတယ်]
ဒီဖရဲသီးက တကယ် ပြင်းထန်သဖြင့် ချူဟွား စိတ်ဝင်စားသွားလေသည်။ [သိုင်းလောကမှာ ပြောစမှတ် ပြုကြတဲ့ ရုပ်ဖျက်ပညာလား]
တခြားသူများက system၏ ဖော်ထုတ်မှုကို စိတ်မဝင်စားကြဘဲ ချူဟွား ပြောသော ရုပ်ဖျက်ပညာကို စိတ်ဝင်စားသွားကြသည်။ ဒီလောကကြီးမှာ ရုပ်ရည် ပြောင်းလဲနိုင်တဲ့ နည်းလမ်း တကယ် ရှိတာလား။
ကောင်စုတ်လေး၊ ငါ မင်းတို့ကို မနိုင်ဘူးများ ထင်နေလား။ Systemက ကျေနပ်သွားသည်။ ဘယ်လို ဖရဲသီးမျိုးက လူတွေကို ဆွဲဆောင်နိုင်လဲ ဆိုတာ သူ သိသားပဲ။
[ဝတ္ထုတွေ၊ ဇာတ်လမ်းတွေထဲကလို ပါးပါးလေး ကပ်လိုက်ရုံနဲ့ တခြားလူ ရုပ် ဖြစ်သွားတဲ့ ရုပ်ဖျက်ပညာမျိုးမှာ အားနည်းချက်တွေ အများကြီး ရှိတယ်၊ ဥပမာ ချွေးမထွက်တာ၊ သွေးမထွက်တာ၊ မျက်နှာမနီတာမျိုးပေါ့]
[သူတို့က ဒဏ္ဍာရီလာ နည်းလမ်းတွေ သုံးစရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ အစကတည်းက တစ်ထပ်တည်း တူတဲ့ မျက်နှာ ပါလာပြီးသားလေ]
ချူဟွား: [ရုပ်ဖျက်တာ မဟုတ်ဘူး၊ ခွဲစိတ် ပြုပြင်တာလည်း မဖြစ်နိုင်ဘူး၊ ဒါဆို သူတို့က အမြွှာတွေလား]
System: [ဟုတ်တာပေါ့]
ချူဟွား: [ရုပ်ချင်းတူတဲ့ အမြွှာ ဖြစ်ရင်တောင် အသံ၊ ခန္ဓာကိုယ်၊ စကားပြောပုံ၊ အကျင့်စရိုက်၊ လက်ရေးလက်သားတွေ မတူနိုင်ဘူး၊ တခြားလူ တစ်ယောက်ကို လုံးဝ တူအောင် တုပဖို့ဆိုတာ အားစိုက်ထုတ်မှု အများကြီး လိုတယ်၊ လူတစ်ယောက် နှစ်ယောက်နဲ့ အလွယ်တကူ လုပ်လို့ရတာ မဟုတ်ဘူး]
System: [တုန်းယီလူမျိုးတွေဆီမှာ သူလျှို လေ့ကျင့်ပေးတဲ့ နေရာ သီးသန့် ရှိတယ်၊ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး အတုက အဲဒီကနေ ထွက်လာတာ၊ တုန်းယီလူမျိုးတွေက သူတို့ လေ့ကျင့်ပေးထားတဲ့ သူလျှိုတွေထဲမှာ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး အစစ်နဲ့ ရုပ်ချင်း တစ်ထပ်တည်း တူတဲ့သူ ရှိနေတာ တွေ့လိုက်တော့၊ မိုးပေါ်က မုန့်ကျလာသလို ခံစားလိုက်ရပြီး ပါးစပ် နားရွက်တက်ချိတ်မတတ် ပျော်သွားကြတာပေါ့]
[ပြီးတော့ သူတို့က ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး အစစ်ရဲ့ အကျင့်စရိုက် အမျိုးမျိုးကို စုဆောင်းပြီး သူလျှိုကို မှတ်သား လေ့လာခိုင်းတယ်၊ အသံတု လုပ်တာ၊ လက်ရေး တုပတာတွေကို သင်ခိုင်းတယ်၊ နှစ်ပေါင်းများစွာ သေချာ ပြုစုပျိုးထောင်ပြီး အချိန်တန်ပြီလို့ ထင်တော့မှ သူတို့နှစ်ယောက်ကို လုံးဝ လဲလိုက်ကြတာ]
ချူဟွား: [ဒါဆို ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး အစစ်ရဲ့ အိမ်က တခြားလူတွေ မသိကြဘူးလား။ အနီးကပ် ပြုစုတဲ့ အစေခံတွေ၊ အစေခံမတွေ မသိကြဘူးလား၊ သူ့ရဲ့ ဇနီး၊ မယားငယ်နဲ့ သားသမီးတွေ ပုံမှန် မဟုတ်တာ သတိမထားမိကြဘူးလား]
System: [ပုံမှန် မဟုတ်တာတွေတော့ ရှိတာပေါ့၊ ဒါပေမဲ့ ဘယ်သူမှ အဲဒီဘက်ကို မတွေးမိကြဘူးလေ၊ သူက အကြိုက် ပြောင်းသွားပြီ၊ ဝါသနာ ပြောင်းသွားပြီလို့ ဆင်ခြေပေးလိုက်ရင်လည်း ပုံမှန်ပဲလေ]
လူတစ်ယောက်၏ အကြိုက်သည် အချိန်နှင့်အမျှ ပြောင်းလဲတတ်သည်မှာ သဘာဝပင်။ တချို့လူများသည် ငယ်စဉ်က ခရမ်းချဉ်သီး မကြိုက်သော်လည်း ကြီးလာသောအခါ ရုတ်တရက် ထိုအရသာကို နှစ်သက်သွားတတ်သည်။ ခရမ်းချဉ်သီး အစိမ်းရော အမှည့်ပါ ကြိုက်သွားတတ်သည်။ မည်သူကမျှ "ငါ့သူငယ်ချင်းကို ဘယ်သူ လဲလိုက်တာလဲ" ဟူသော ဘက်သို့ တွေးမိမည် မဟုတ်ပေ။
ချူဟွား စဉ်းစားကြည့်လိုက်ရာ ဤအခက်အခဲသည် "ငါ့ကလေး ရုတ်တရက် စိတ်ပြောင်းသွားတာ၊ ကလေးက ကြီးလာပြီး လိမ္မာလာတာ စတဲ့ ခန့်မှန်းချက်တွေကို ကျော်လွန်ပြီး ကလေးက တခြားကမ္ဘာက ကူးပြောင်းလာသူ ဖြစ်နေမလား" ဟု တိုက်ရိုက် တွေးမိခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။
[နင် ပြောတော့ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး အတုက သာ့ရှန်းလူမျိုး ဆို၊ သူက ဘယ်လိုလုပ် တုန်းယီလူမျိုးတွေရဲ့ သူလျှို လေ့ကျင့်ရေးစခန်းကို ရောက်သွားတာလဲ။ သူ သဘောတူလို့ သွားတာလား၊ အတင်းအကျပ် ခေါ်သွားခံရတာလား]
မေးခွန်း ၃ ခု ဆက်တိုက် မေးလိုက်ရာ systemက တစ်ခုချင်းစီ ဖြေမနေတော့ပေ။ ဤကဲ့သို့ ဖြေကြားခြင်းက ပျင်းစရာ ကောင်းသည်ဟု ထင်သဖြင့် မေးခွန်း အစဉ်လိုက် မသွားဘဲ အရေးကြီးသည်များကို ရွေးပြောလိုက်သည်။
System: [တုန်းယီလူမျိုးတွေက သာ့ရှန်း နေရာအနှံ့မှာ လူရွေးကြတယ်၊ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့အချိန် အခွင့်ကောင်းယူပြီး ကလေးတွေကို ဖမ်းတာ၊ ဝယ်တာတွေ လုပ်ပြီး လျှို့ဝှက် နေရာကို ခေါ်သွားတယ်၊ ဦးနှောက်ဆေးတယ်၊ လေ့ကျင့်ပေးတယ်၊ ငယ်ငယ်လေးကတည်းက သူတို့က တုန်းယီလူမျိုးတွေ ဖြစ်တယ်၊ တုန်းယီလူမျိုးတွေအတွက် အရာအားလုံး ပေးဆပ်ရမယ်လို့ ပြောကြတယ်]
[လိမ္မာပြီး ပြောစကား နားထောင်တဲ့ ကလေးတွေက တော်သေးတယ်၊ တချို့ ကလေးတွေက အသက်ကြီးမှ ရောက်လာတော့ သူတို့က သာ့ရှန်းလူမျိုးတွေ ဖြစ်တာ မှတ်မိနေတယ်၊ ဦးနှောက်ဆေးတာကို လက်မခံချင်ကြဘူး၊ အဲဒီအခါကျရင် အရိုက်ခံရတယ်၊ ပြင်းထန်တဲ့ ပြစ်ဒဏ် အမျိုးမျိုးနဲ့ အရေပြား ကွဲသွားတဲ့အထိ အရိုက်ခံရတယ်၊
ပြီးတော့ မြွေတွင်းထဲ ပစ်ချခံရတယ်၊ အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်တာ ခံရတယ်၊ သူတို့ အလျှော့ပေး၊ ထုံထိုင်းသွားပြီး နားထောင်တဲ့အထိ မရပ်မနား လုပ်ကြတာ]
[တချို့ ကလေးတွေက ဒဏ်မခံနိုင်ကြဘူး၊ သေသွားတဲ့ ကလေး အလောင်းတွေကို မြှုပ်မပေးဘဲ လူတိုင်းရှေ့မှာ ခွေးကျွေးပစ်တယ်၊ ကလေးတွေ မျက်နှာ ဖြူဖျော့ပြီး ကြောက်လန့်သွားအောင် လုပ်တာ၊ စိတ်ဒဏ်ရာ အကြီးကြီး ရသွားပြီး တုန်းယီလူမျိုးတွေကို ပိုကြောက်လာအောင်၊ သူတို့ ပြောတာကို မငြင်းရဲအောင်၊ နာခံခြင်း တစ်လမ်းတည်းပဲ ရှိအောင် လုပ်တာ]
[တချို့ ကလေးတွေက အကြိမ်ကြိမ် ကြံ့ကြံ့ခံနိုင်ကြတယ်၊ အဲဒီလို ခေါင်းမာတဲ့ ကလေးတွေကို တုန်းယီလူမျိုးတွေက နှိပ်စက်ရတာ အကြိုက်ဆုံးပဲ၊ သူတို့ရဲ့ ကျောရိုးကို ရိုက်ချိုးတယ်၊ လက်ရိုး ခြေရိုးတွေကို ချေမွတယ်၊ မာနတွေကို ဖျက်ဆီးတယ်၊ ပိုမို မာနကြီးပြီး ခေါင်းမာတဲ့သူတွေကို ပိုနှိပ်စက်ကြတယ်၊ အရှင်လတ်လတ် နှိပ်စက်ပြီး သတ်ပစ်ကြတာ]
[တိရစ္ဆာန်တွေ] ချူဟွား နှုတ်ခမ်းကို ကိုက်လိုက်ရာ ပါးစပ်ထဲတွင် ဒေါသကြောင့် ကိုက်မိသွားသော သွေးညှီနံ့များ ပျံ့လွင့်သွားသည်။ ဆဲဆိုသော စကားလုံး နှစ်လုံးက တိုတောင်းသော်လည်း သူမ၏ အသံများ တုန်ရီနေသည်။
ဝမ်သခင်မသည်လည်း မျက်ရည်များ ကျဆင်းလာတော့သည်။ မိခင်တစ်ယောက် အနေဖြင့် ကလေးများ နှိပ်စက် အသတ်ခံရသည့် ကိစ္စကို နားထောင်ရန် မစွမ်းသာပေ။ သူမကဲ့သို့ နူးညံ့သိမ်မွေ့သူပင်လျှင် တုန်းယီလူမျိုးများအပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာတော့သည်။ ဒီလို တိရစ္ဆာန်မျိုးတွေ သေသင့်တယ်၊ ငရဲ ၁၈ ထပ်ကို ကျသင့်တယ်။
ပဉ္စမမင်းသား၏ မျက်လုံးများက နက်ရှိုင်းပြီး မည်းမှောင်နေလေသည်။
ခမည်းတော်က သူ့ကို ချူမိသားစုသို့ ပြောင်းရွှေ့ခိုင်းပြီး ချူဟွား၏ အိမ်နီးချင်းအဖြစ် နေ့ရောညပါ သတင်းများ နားထောင်ခိုင်းခြင်း မရှိခဲ့လျှင် ငြိမ်းချမ်းသာယာနေသော သာ့ရှန်း၏ အမှောင်မိုက်ဆုံး နေရာများတွင် သည်လောက် ယုတ်မာမှုများ ရှိနေသည်ကို သူ သိရှိလိမ့်မည် မဟုတ်ပေ။
သူ ၆ နှစ်သား အရွယ်က အိပ်ဆောင်တွင် အိပ်ပျော်နေစဉ် ညသန်းခေါင် အိပ်ရာပေါ် တက်လာသော မြွေတစ်ကောင်ကြောင့် လန့်နိုးခဲ့ရပြီး အော်ဟစ် ငိုယိုခဲ့သည်ကို မှတ်မိနေသေးသည်။ အဖျားတက်ပြီး အိပ်မက်ဆိုးများ မက်ခဲ့ကာ ရက်အတော်ကြာ ဒုက္ခရောက်ခဲ့သည်။ မြွေ ရှိနိုင်သော တော်ဝင်ပန်းခြံသို့လည်း မသွားရဲတော့ပေ။
သူနှင့် ရွယ်တူ သို့မဟုတ် သူ့ထက် ငယ်သော ကလေးများ မြွေတွင်းထဲ ပစ်ချခံရချိန်တွင် သေလောက်အောင် ကြောက်လန့်နေကြမည်မှာ သေချာသည်။ အိပ်မက်ဆိုးများ ဘယ်လောက်ကြာကြာ မက်ခဲ့ရမလဲ မသိနိုင်ပေ။
တုန်းယီလူမျိုးတွေ။
သူ ဤဘဝတွင် တုန်းယီလူမျိုးများနှင့် ရန်သူ ဖြစ်သွားပြီ။ ပဉ္စမမင်းသား၏ လက်ချောင်းများ တကျွတ်ကျွတ် မြည်လာလေသည်။
Systemက ဆက်လက် ဖော်ထုတ်နေလေ၏။ [ဒါ့အပြင် တုန်းယီလူမျိုးတွေက ကလေးတွေကို ရုပ်ရည်အပေါ် မူတည်ပြီး အဆင့် ၃ ဆင့် ခွဲခြားထားတယ်]
[အဆင့်မြင့်တဲ့ ကလေးတွေကို ဂီတ၊ စစ်တုရင်၊ စာပေ၊ ပန်းချီ စတဲ့ စွမ်းရည်တွေ သင်ပေးပြီး နန်းတော်ထဲ ပို့တာ ဒါမှမဟုတ် မင်းညီမင်းသားတွေ၊ မှူးမတ်တွေဆီ ပို့တယ်၊ အလယ်အလတ် အဆင့်တွေကိုတော့ တချို့ အရာရှိတွေရဲ့ အကြိုက် လေ့ကျင့်ပေးပြီး အရွယ်ရောက်တာနဲ့ နည်းလမ်း အမျိုးမျိုး သုံးပြီး အိမ်နောက်ဖေးကို ပို့တယ်၊ တုန်းယီလူမျိုးတွေအတွက် သတင်း ခိုးယူဖို့ ဒါမှမဟုတ် ရည်ရွယ်ချက် တစ်ခုခု အောင်မြင်ဖို့ ခေါင်းအုံးရံစကား ပြောဖို့ပေါ့]
[အဆင့်နိမ့်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးတွေကိုတော့ လူသတ်နည်း အမျိုးမျိုး သင်ပေးပြီး လုပ်ကြံသူ ဒါမှမဟုတ် အသေခံ တပ်သား အဖြစ် မွေးထုတ်တယ်၊ ပါရမီရှင်တွေ ဒါမှမဟုတ် အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့လေ။ သူတို့ဆီမှာ ခြေရာလက်ရာ ဖျက်တဲ့ လူတွေ သီးသန့် ရှိတယ်၊ မတော်တဆမှု ဒါမှမဟုတ် ဓားပြတိုက်မှု ဖြစ်အောင် ဖန်တီးပြီး သိပ် သတိမထားမိအောင် လုပ်ကြတယ်]
[အဲဒီစံနှုန်းတွေက ပုံသေတော့ မဟုတ်ပါဘူး၊ သူတို့က ရုပ်ချောတဲ့ ကလေးတချို့ကိုလည်း လုပ်ကြံသူ လုပ်ဖို့ လေ့ကျင့်ပေးကြတယ်၊ မင်းညီမင်းသားတွေနဲ့ အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့လေ။ သူတို့ရဲ့ အသက်က သူတို့ လက်ထဲမှာ မရှိဘူး၊ သူတို့ရဲ့ သိက္ခာဆို ပိုဆိုးတာပေါ့၊ တုန်းယီလူမျိုးတွေ လိုအပ်တာနဲ့...]
ဒီနေရာ ရောက်သောအခါ system ရပ်တန့်လိုက်ပြီး ချူဟွားနှင့် တခြားသူများ စိတ်ငြိမ်သွားစေရန် အချိန်ပေးလိုက်သည်။
သူ့အတွက်တော့ ဒါက နိုင်ငံအချင်းချင်း တိုက်ပွဲ ဖြစ်ပြီး စွန့်လွှတ်လိုက်ရတဲ့ လူတွေက စာလုံးတွေ၊ ဂဏန်းတွေပဲ ဖြစ်သည်။ နောင်လာနောက်သားတွေ သမိုင်းဖတ်သလို၊ စစ်ပွဲမှာ သေဆုံးသွားတဲ့ လူစာရင်းကို ဖတ်သလိုပါပဲ။
သို့သော် ချူဟွားနှင့် တခြားသူများအတွက်တော့ ထိုလူများသည် မြေတစ်ပြင်တည်း အတူတူ နေထိုင်ကြသော သွေးချင်းသားချင်းများ ဖြစ်ကြသည်။
ယခင်က မပတ်သက်ဖူးသော သူစိမ်းများ ဖြစ်လျှင်ပင် ငယ်စဉ်ကတည်းက တုန်းယီလူမျိုးများ၏ ရိုက်နှက် နှိပ်စက်ခြင်း ခံရပြီး တုန်းယီလူမျိုးများ၏ ခိုင်းစေမှုကြောင့် သာ့ရှန်းကို ပြန်တိုက်ခိုက်ရသည့်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးကို ပြန်တိုက်ခိုက်ရသည့် အဖြစ်အပျက်ကို ကြားရသောအခါ စိတ်မလှုပ်ရှားဘဲ နေရန် ခက်ခဲလှပေသည်။
ချူဟွား၏ အသံမှာ အလွန် အေးစက်နေလေသည်။ [ထုံအာ၊ နေရာနဲ့ စာရင်း ငါ့ကို ပေး၊ အသက်ရှင်နေသေးတဲ့ လူတွေ တစ်ယောက်မှ မကျန်စေနဲ့]
နောက်ဆက်တွဲ အချိန်များတွင် systemက အသေးစိတ် အစီရင်ခံနေပြီး ချူဟွားက အပေါ်ထပ်အင်္ကျီကို လွှမ်းခြုံကာ စားပွဲတွင် တစ်လုံးချင်း လိုက်မှတ်နေသည်ကို လူတိုင်း ကြားနေရသည်။
နှစ်နာရီခန့် ကြာပြီးနောက် ချူဟွားသည် နာကျင်နေသော လက်ကောက်ဝတ်ကို နှိပ်နယ်လိုက်ပြီး ထူထဲသော စာရင်းကို စုစည်းလိုက်၏။ Systemက စိတ်မကောင်း ဖြစ်သွားသည်။ [မမကြီးဟွား၊ မုန့်ဟန် မရှိတော့ဘူး၊ နင် စာရင်းကို ဘယ်လို ပို့မလဲ]
ချူဟွားက ခဏလောက် တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ထိတ်လန့်ဖွယ် စကားကို ပြောလိုက်လေ၏။ [ထုံအာ၊ ငါ နင့်ကို လွှဲပေးလိုက်ချင်တယ်]
...