← Chapters

အခန်း ၁၁၂

Vol. 8 Ch. 112

အခန်း ၁၁၂

Vol. 8 Ch. 112

အပိုင်း (၁၁၂)

system ကို ညီလာခံလက်ထဲ အပ်နှံလိုက်ခြင်းက ချူဟွား အလေးအနက် စဉ်းစားပြီးမှ ရလာသော ရလဒ်တစ်ခုပင်။

system ၏ ဖော်ထုတ်မှုကြောင့် သာ့ရှန်းတွင် လှုပ်ရှားမှုများ များပြားလွန်းနေပြီး ချူအိမ်တော်တွင် တပ်စွဲထားသည့် နန်းစောင့်တပ် များလည်း များသည်ထက် များလာရာ ချူဟွားနှင့် system တို့က မူမမှန်မှုကို သတိမပြုမိပါက ပြောစရာ စကား မရှိတော့ပေ။

အရှင်မင်းကြီးနှင့် မှူးမတ်များ၏ သံသယဝင်ခြင်းကို ခံရပြီး မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့ လာရောက် စမ်းသပ်ခြင်း ခံရကာ အမှန်တရားကို မပြောမဖြစ် ပြောရမည့် အခြေအနေထက် ကိုယ့်သဘောဆန္ဒအလျောက် အပ်နှံလိုက်ပြီး အခြေအနေကို ဦးဆောင်လိုက်ခြင်းက သူမ လုပ်ချင်သော ကိစ္စများစွာကို အဆင်ပြေချောမွေ့စွာ ဆက်လက် လုပ်ဆောင်နိုင်စေလိမ့်မည်။

အရှင်မင်းကြီး သိရှိသွားပြီးမှ မဖြစ်မနေ system ကို ထုတ်ပေးရခြင်းနှင့် သာ့ရှန်းနှင့် ပြည်သူများအတွက် system ကို မိမိသဘောဆန္ဒအလျောက် အပ်နှံခြင်း၊ ဤနှစ်ခုတွင် အရှင်မင်းကြီးနှင့် မှူးမတ်များသည် နောက်တစ်နည်းကို ပိုမို နှစ်သက်ကြမည် ဖြစ်ပြီး သူမအပေါ် ပိုမို သည်းခံခွင့်လွှတ်ပေးကြမည်မှာ သေချာသည်။

ချူဟွားက ဤကဲ့သို့ တွေးတောခဲ့သော်လည်း ဤဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းသည် တွက်ချက်မှု သက်သက်ကြောင့်တော့ မဟုတ်ပေ။

သူမ တုန်းယီလူမျိုးများ၏ လုပ်ရပ်အမျိုးမျိုးကြောင့် တကယ်ကို ရွံရှာမိနေပြီ ဖြစ်သည်။ သူမ ညီလာခံတွင် တာဝန်ထမ်းဆောင်သည် ဖြစ်စေ၊ မထမ်းဆောင်သည် ဖြစ်စေ လက်ရှိတွင် သာ့ရှန်းကို သွားကြားထဲထိ လက်နက် တပ်ဆင်ပေးပြီးနောက် တုန်းယီလူမျိုးများကို ရိုက်သတ်ချင်နေပြီ ဖြစ်သည်။

System သည် သည်လိုနေ့ရက် ရောက်လာမည်ကို ကြိုသိသော်လည်း သည်လောက် မြန်ဆန်မည်ဟု မထင်ထားခဲ့ပေ။

သူ့အနေဖြင့် လူတစ်ယောက်တည်းနှင့် ချိတ်ဆက်ပြီး ဖရဲသီးစားခြင်းနှင့် လူအများအပြားကို မျှဝေပြီး ဖရဲသီးစားခြင်းမှ ရရှိလာသော ဖရဲသီးပမာဏမှာ မတူညီပေ။ နောက်တစ်နည်းက သူ့အတွက် ကိုယ်ပိုင် ဖရဲသီး စုဆောင်းရန် ပိုမို အဆင်ပြေစေပြီး သခင်၏ လှုပ်ရှားမှုများနှင့် ပူးပေါင်းရန်အတွက် ဖရဲသီးတစ်ခုတည်းကို နှစ်ကြိမ် ပြန်စားနေစရာ မလိုတော့ပေ။

အနည်းငယ် စဉ်းစားလိုက်ရုံဖြင့် system က သဘောတူလိုက်လေသည်။ [မမကြီးဟွား၊ နင့်ရဲ့ ဆုံးဖြတ်ချက်ကို ငါ အမြဲ ထောက်ခံပါတယ်၊ သာ့ရှန်းကလည်း နင့်ရဲ့ ဆုံးဖြတ်ချက်ကို အလဟဿ မဖြစ်စေဖို့ မျှော်လင့်ပါတယ်]

ချူဟွားက လေးလေးနက်နက် ပြောလိုက်သည်။ [ထုံအာ၊ ကျေးဇူးတင်ပါတယ်]

လူတစ်ယောက်နှင့် system တစ်ခု၏ ရုတ်တရက် ဆန်သော စကားပြောဆိုမှုနှင့် ဆုံးဖြတ်ချက်တို့က ကြားလိုက်ရသော ချူမိသားစု တစ်ခုလုံးကို အိပ်ချင်စိတ် ပျောက်သွားစေ‌တော့သည်။

ပဉ္စမမင်းသားသည် လက်ဖက်ရည်ခွက်ကို မှောက်မိသွားပြီး ချူဖျင်က စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ဝမ်သခင်မက မျက်နှာတွင် စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ရှိနေပြီး ဖေ့မင်ချန်နှင့် နန်းစောင့်တပ်သားများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။

ဖေ့မင်ချန်သည် သူ့ဦးလေး၏ အမှုကို စုံစမ်းပြီးနောက် ကြေးနီသတ္တုသိုက် တရားမဝင် တူးဖော်မှု ကိစ္စကို ဖြေရှင်းခဲ့သည်။ မြို့တော်သို့ ပြန်ရောက်ပြီးနောက်တွင် သူသည် ချူအိမ်တော်တွင် အမြဲ တပ်စွဲထားခဲ့သည်။

ချူဟွားက system ကို အပ်နှံရန် ပြင်ဆင်နေသည်ကို ကြားလိုက်ရသောအခါ ဖေ့မင်ချန်သည် ညီလာခံအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာမည်ကို ကြိုတင် ခန့်မှန်းမိသဖြင့် တစ်စက္ကန့်လေးမျှပင် အချိန်မဆွဲရဲဘဲ နန်းတော်သို့ ကိုယ်တိုင် သွားရောက် သတင်းပို့လေသည်။

အရှင်မင်းကြီးသည် အိပ်ပျော်ကာစ ရှိသေးချိန် ချန်ကျို့၏ နှိုးခြင်းကို ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး အိပ်ချင်မူးတူး ဖြစ်နေလေသည်။ "ဘာကိစ္စလဲ"

ချန်ကျို့က အသံကို မြှင့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလာသည်။ "အရှင်မင်းကြီး၊ နန်းစောင့်တပ် ဒုတိယတပ်မှူး ဖေ့မင်ချန် သတင်း လာပို့ပါတယ်၊ သခင်မလေးချူက system ကို ညီလာခံလက်ထဲ အပ်နှံဖို့ ပြင်ဆင်နေပါတယ်တဲ့"

အရှင်မင်းကြီး: ???

အရှင်မင်းကြီး: !!!

တကယ်လား အတုလား။ အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော်။

အရှင်မင်းကြီးသည် လက်ချောင်း နှစ်ချောင်းဖြင့် မိမိပေါင်ကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်ရာ ပူလောင်သော နာကျင်မှုက အိပ်ချင်စိတ် လွှမ်းမိုးနေသော အသိစိတ်ကို လုံးဝ ကြည်လင်သွားစေသည်။

ချန်ကျို့က အရှင်မင်းကြီးကို ကောင်းစွာ နားလည်ပေးနိုင်သည်။ သူလည်း ဒီသတင်းကို စကြားရချိန်တုန်းက မယုံကြည်နိုင် ဖြစ်ခဲ့ရပြီး ယခုထိ သူ့ပေါင်က နာကျင်နေဆဲပင်။

"သူ သူ..." အရှင်မင်းကြီး စကားအနည်းငယ် ထစ်ငေါ့သွားပြီး စကားလုံး စီမရ ဖြစ်နေသည်။ "သူ ဘာလို့ ဒီလောက် ရုတ်တရက်ကြီးလဲ"

အစတုန်းက စစ်သူကြီးရွှမ်ဝေကို အကူအညီတောင်းပြီး ပေါင်းစပ်လေး ပုံစံထုတ် ဒီဇိုင်းကို လွှဲပြောင်းပေးခဲ့သည်။ ယခု system ကို အပ်နှံရန် ပြင်ဆင်နေပြန်သည်။ ကောင်းကင်ပေါ်က ပိုင်မုန့် ပြုတ်ကျလာပြီး သူ့လက်ထဲ တန်းရောက်လာသလို၊ ထိုပိုင်မုန့်ကလည်း သူအကြိုက်ဆုံး ပဲနီအစာသွပ် ဖြစ်နေသလို ခံစားချက်မျိုးပင်။

ကနဦး အံ့ဩဝမ်းသာမှု ပြီးဆုံးသွားသောအခါ ဖြစ်နိုင်ပါ့မလား ဟူသော သံသယများ ဝင်ရောက်လာပြီး အရှင်မင်းကြီးသည် ချူဟွား ရုတ်တရက် ဆုံးဖြတ်ချက် ချရခြင်း၏ အကြောင်းရင်းကို စိုးရိမ်လာသည်။ သူမ ပြောပြရခက်သော အကြောင်းရင်းများ ရှိနေလို့များလား။

ချူဟွား၏ လုပ်ရပ်အမျိုးမျိုးက ယခင်အရှင်မင်းကြီး နတ်ရွာစံခါနီးတွင် အရာရာကို စီစဉ်ခဲ့သော ပုံစံနှင့် အလွန် တူနေသည်။

ချူဟွား သေဆုံးသွားပါက system လည်း ပျောက်ကွယ်သွားမည် ဖြစ်ပြီး system ကို အပ်နှံခြင်းက အဓိပ္ပာယ် မရှိတော့သည်ကို သူ သိသော်လည်း ခံစားချက်အရ မနေနိုင်ဘဲ အတိတ်ကို ပြန်လည် ဆက်စပ် တွေးတောမိနေသည်။

အရှင်မင်းကြီးက တွေးမိလိုက်သည်။ မနက်ဖြန်ကျရင် တော်ဝင်သမားတော်ချုပ်ကို ချူဟွားဆီ လွှတ်ပြီး သွေးစမ်းခိုင်းရမယ်။ သူမ ခန္ဓာကိုယ်မှာ ရောဂါ ရှိမရှိ ကြည့်ခိုင်းရမယ်။

ချန်ကျို့သည် အရှင်မင်းကြီး၏ အတွေးများ ကွန့်မြူးနေသည်ကို မသိသဖြင့် ပြန်ဖြေလိုက်သည်။

"ဒုတိယတပ်မှူး ပြောတာတော့ တုန်းယီလူမျိုးတွေကြောင့် ဒေါသထွက်သွားလို့ ဖြစ်နိုင်ပါတယ်တဲ့"

အရှင်မင်းကြီး: ?

"တုန်းယီလူမျိုးတွေက ဘာထပ်လုပ်လို့လဲ"

အရှင်မင်းကြီး လှမ်းကြည့်လိုက်သော အကြည့်ထဲတွင် 'တုန်းယီလူမျိုးတွေက သာ့ရှန်း နယ်မြေထဲမှာ ငွေသတ္တုသိုက်တွေ၊ ကြေးနီသတ္တုသိုက်တွေ ထပ်ခိုးတူးနေပြန်ပြီလား' ဟူသော မေးခွန်းများ အထင်းသား ပေါ်နေသည်။

ချန်ကျို့က တိတ်ဆိတ်သွားသည်။ အခြေအနေက အရေးကြီးသဖြင့် သူ အများကြီး မမေးခဲ့ရသလို ဖေ့မင်ချန်ကလည်း အသေးစိတ် မဖြေခဲ့ပေ။

အရှင်မင်းကြီးသည် အမှန်တရားကို သိချင်စိတ် ပြင်းပြနေသဖြင့် အိပ်ရာမှ အလျင်အမြန် ထကာ အဝတ်အစားလဲပြီး နန်းစောင့်တပ် တပ်မှူးနှင့် ဒုတိယတပ်မှူးကို ဝင်ခွင့်ပြုလိုက်သည်။

အရှင်မင်းကြီး ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေစဉ်အတွင်း လင်ယိုသည် ယခု အစီရင်ခံစာကို ဖတ်ရှုပြီးဖြစ်ကာ ဖေ့မင်ချန်နှင့် ရိုးရှင်းသော ဆွေးနွေးမှုများ ပြုလုပ်ပြီး နောက်ဆက်တွဲ အစီအစဉ်များကို တိုင်ပင်ထားပြီး ဖြစ်သည်။

မကြာမီ အရှင်မင်းကြီးသည် အစီရင်ခံစာကို ဖတ်ရှုပြီးသွားသည်။ တည်ငြိမ်သော မျက်နှာထား၏ အောက်တွင် ဆူပွက်နေသော မီးတောင်ချော်ရည်များ စီးဆင်းနေပြီး အချိန်ကိုက်သည်နှင့် ပေါက်ကွဲထွက်လာမည့် အခြေအနေပင်။

"တုန်းယီလူမျိုးတွေ၊ ဟက်" အရှင်မင်းကြီးသည် ပြောချင်သော စကားလုံး အားလုံးကို "ဟက်" ဟူသော စကားလုံး တစ်လုံးတည်းတွင် စုစည်းလိုက်သည်။ စာလုံးက တိုသော်လည်း အားပါလှသည်။

လင်ယိုနှင့် အခြားသူများသည် အရှင်မင်းကြီး၏ တုန်းယီလူမျိုးများအပေါ် ထားရှိသော မုန်းတီးမှုနှင့် ရန်ငြိုးကို လုံးဝ သံသယ မဖြစ်ကြပေ။ လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် တုန်းယီလူမျိုးများကို စစ်မတိုက်နိုင်သေးသော်လည်း သာ့ရှန်း၏ မြင်းခွာသံများသည် အနှေးနှင့်အမြန် တုန်းယီလူမျိုးများ၏ နယ်မြေကို နင်းချေပေလိမ့်မည်။

လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ သေချာနေသော သူလျှိုများကို အရင် ဖမ်းဆီးရန်နှင့် system အပ်နှံခြင်း ကိစ္စကို ဆွေးနွေးရန် ဖြစ်သည်။

ညဉ့်နက်သန်းခေါင် ဆင့်ခေါ်ခံရသော မှူးမတ်များသည် ဤကိစ္စနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြသည်။

"တုန်းယီလူမျိုးတွေက လွန်လွန်းတယ်၊ တိုက်ကို တိုက်ရမယ်"

"ခင်ဗျားတို့ စစ်ဘက်အရာရှိတွေက တစ်နေ့တစ်နေ့ တိုက်ဖို့ခိုက်ဖို့ပဲ တွေးနေလို့ မရဘူးလား၊ ဘဏ္ဍာတိုက်မှာ ဘယ်မှာ ပိုက်ဆံ ရှိလို့လဲ"

"အခု အရင်ဆုံး လုပ်ရမှာက ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး အတုကို ဖမ်းရမှာ မဟုတ်ဘူးလား၊ ဟေ၊ လူရော၊ မလာဘူးလား"

"နန်းစောင့်တပ်က ဖမ်းသွားပါပြီ၊ အခု ထောင်ထဲမှာ စစ်ဆေးမေးမြန်းနေတယ်"

"ဒါဆို ငါတို့ အခု ဆွေးနွေးရမှာက ချူဟွား system ကို အပ်နှံပြီးရင် ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာ မဟုတ်ဘူးလား"

"System က ချူဟွား တစ်ယောက်တည်းနဲ့ပဲ ချိတ်ဆက်ထားတာ၊ အများဆုံး မီတာ ၅၀ အတွင်းက လူတွေကို မျှဝေပေးလို့ ရတာဆိုတော့ အရင်အတိုင်းပဲ မဟုတ်ဘူးလား"

"System ကို အပ်နှံလိုက်ရင် ဦးဆောင်နိုင်ခွင့်က ညီလာခံလက်ထဲ ရောက်လာမှာ၊ ဘာဖရဲသီးစားမလဲ ဆိုတာ ညီလာခံက ဆုံးဖြတ်မှာပေါ့"

"အဲဒီလို ဆိုရင် ချူဟွားက ကြားခံ ဆက်သွယ်ပေးတဲ့ ကိရိယာ သက်သက် ဖြစ်မသွားဘူးလား၊ သူ သဘောတူပါ့မလား"

"သူက အပ်နှံဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ အပ်နှံပြီးရင် ဘာဖြစ်လာမလဲ ဆိုတာ ကြိုစဉ်းစားမိမှာပါ"

"သူက အခု အပ်နှံမယ် ဆိုပေမဲ့ တကယ်လို့ လွန်ကဲတဲ့ တောင်းဆိုမှုတွေ လုပ်လာရင် သူ ငြင်းလို့ ရတာပဲ"

"သူက သာ့ရှန်းမှာ မွေးဖွားပြီး သာ့ရှန်းမှာ ကြီးပြင်းတာ၊ သာ့ရှန်းမှာ သူ့မိဘတွေ၊ မောင်နှမတွေ ရှိတယ်၊ အားနည်းချက်တွေ အကုန် ရှိနေတာပဲ၊ သူ မပူးပေါင်းမှာ မပူနဲ့"

"ဘယ်လိုပဲ ဖြစ်ဖြစ် သူက သာ့ရှန်းအတွက် အပ်နှံတာလေ၊ ငါတို့ အကျိုးဆောင်သူကို စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူး"

"တချို့လူတွေက ချူဟွားမှာ system အပြင် မင်းတို့မရှိတဲ့ တခြား အရည်အချင်းတွေ ရှိသေးတယ် ဆိုတာ မေ့နေကြပုံပဲ" နောက်ဆုံး စကားတစ်ခွန်းက လူတိုင်းကို သိမ်းကျုံး ဆဲဆိုလိုက်သကဲ့သို့ ဖြစ်သွားသည်။

အဆဲခံလိုက်ရသော သူများသည် ဒေါသတကြီး လှည့်ကြည့်လိုက်သော်လည်း စကားပြောသူကို မြင်လိုက်ရသောအခါ အကြည့်များကို တိတ်တဆိတ် ပြန်လွှဲလိုက်ကြရသည်။

စစ်သူကြီးရွှမ်ဝေတွင် စစ်မှုထမ်း အကျိုးဆောင်မှုများစွာ ရှိပြီး အရှင်မင်းကြီး ငယ်စဉ်က စာသင်ဖက် ဖြစ်ခဲ့ဖူးသဖြင့် အဆင့်အတန်း ထူးခြားသည်။ ထို့အပြင် သူသည် ချူဟွား၏ သိုင်းပညာနှင့် စစ်ရေးဗျူဟာ ဆရာ ဖြစ်ပြီး လွန်ခဲ့သော နှစ်ရက်ကမှ ချူဟွား ကိုယ်စား ပေါင်းစပ်လေး ပုံစံထုတ် ဒီဇိုင်းကို လွှဲပြောင်းပေးခဲ့သူ ဖြစ်ရာ သူတို့ကို ရွံရှာရန် အရည်အချင်း အရှိဆုံးသူ ဖြစ်သည်။

ဖူရွေ့ချင်းဝမ်သည် ညဉ့်နက်သန်းခေါင် နန်းတော်ထဲဝင်ပြီး အစည်းအဝေး မတက်ရန် ဆုံးဖြတ်ထားသော်လည်း ဒီနေ့ကိစ္စက တကယ် အရေးကြီးနေသည်။ သူလျှိုဖမ်းသည့် ကိစ္စဖြစ်စေ၊ system အပ်နှံသည့် ကိစ္စဖြစ်စေ အရေးကြီးသည်။

မှူးမတ်များက တကျည်ကျည်နှင့် ပေါက်ကရများ လျှောက်ပြောနေချိန်ကတည်းက ဖူရွေ့ချင်းဝမ်သည် စိတ်မရှည်သဖြင့် မျက်လုံး မှိတ်ထားခဲ့ပြီး ဒုတိယအကြိမ် စိတ်ပျော့မိသည်ကို အလွန် နောင်တရနေသည်။

စစ်သူကြီးရွှမ်ဝေ ဒေါသထွက်လာသည်ကို မြင်တော့မှ သူက မျက်ခွံကို ပင့်ပြီး မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့ကို လှမ်းကြည့်လိုက်သည်။

အခြားသူများလည်း မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့၏ တုံ့ပြန်မှုကို ခိုးကြည့်နေကြပြီး နောက်ဆက်တွဲ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ရန် ပြင်နေကြသည်။

ဒီလူကြီး နှစ်ယောက် အကာအကွယ်ပေးတတ်သည်မှာ နာမည်ကြီးလေသည်။ သေချာပေါက် တစ်ခုခု လုပ်ဆောင်ကြလိမ့်မည်။

အံ့ဩစရာ ကောင်းသည်မှာ ထိုလူကြီးနှစ်ယောက်၏ မျက်နှာတွင် သိသာထင်ရှားသော အပြောင်းအလဲ မရှိဘဲ သူတို့ အချိန်အကြာကြီး ငြင်းခုံနေသည့် အကြောင်းအရာ၏ ဗဟိုချက်မှာ ချူဟွား မဟုတ်သကဲ့သို့ပင်။

ဒါက ပိုပြီး သတိထားစရာ ကောင်းနေသည်။

ဘဏ္ဍာရေးဝန်ကြီးက ဒီအချိန်တွင် ခုန်ထွက်လာလေသည်။ "မင်းတို့အားလုံး system ကိုပဲ ဂရုစိုက်နေမှတော့ ချူဟွားက ငါတို့ ဘဏ္ဍာရေးဝန်ကြီးဌာနက လူပဲ"

စကားသံ ဆုံးသည်နှင့် မြို့တော်ဝန်၊ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့က သူ့မျက်နှာကို ဝိုင်းပက်ကြလေသည်။ "ခင်ဗျား အိပ်မက်မက်နေလိုက်"

တိုက်ခိုက်ချိန်တွင် ညီညွတ်ကြသော်လည်း တိုက်ခိုက်ပြီးသည်နှင့် ပြန်လည် ကွဲပြားသွားကြပြန်သည်။

"သူက ငါတို့ မြို့တော်အုပ်ချုပ်ရေးမှူးရုံး/ တရားရေးဝန်ကြီးဌာန/ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် က လူပါကွ"

လက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါ အရှင်မင်းကြီးသည် ကျေနပ်သွားလေသည်။ အခုမှ ကြည့်ပျော်ရှုပျော် ရှိတော့တယ်။

"အရေးကြီးတာက ချူဟွားက ဘယ်လို နည်းလမ်းနဲ့ system ကို အပ်နှံမလဲ၊ ပြီးတော့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာပဲ"

အရှင်မင်းကြီးက စကားပြောလာပြီ ဖြစ်ရာ မှူးမတ်များ နားမထောင်ဘဲ မနေရဲကြတော့ဘဲ ရေလိုက်ငါးလိုက် နေလိုက်ကြရသည်။

စစ်သူကြီးရွှမ်ဝေက အရင်ဆုံး စံပြ အဖြေတစ်ခု ပေးလိုက်သည်။ "လောလောဆယ် သူက ညီလာခံတက်ခွင့် မရှိသေးဘူး၊ အရှင်မင်းကြီးကို တွေ့ခွင့်လည်း မရှိဘူး၊ ဆရာ ၃ ယောက်ကနေတဆင့် စာလွှာ ဆက်သတဲ့ နည်းလမ်းကို သုံးလိမ့်မယ်"

စစ်သူကြီးရွှမ်ဝေကို အကူအညီတောင်းပြီး ပေါင်းစပ်လေး ပုံစံထုတ် ဒီဇိုင်းကို လွှဲပြောင်းပေးခဲ့သည့် ဖြစ်ရပ် ရှိထားသဖြင့် ဒီနည်းလမ်းက ယုံကြည်ရလောက်ပြီး လူအများစု လက်ခံကြသည်။

အရာရှိတချို့ကတော့ ချူဟွားသည် ချူဖျင်၊ ပဉ္စမမင်းသား သို့မဟုတ် နန်းစောင့်တပ်မှတဆင့် လွှဲပြောင်းပေးနိုင်သည်ဟု ထင်ကြသော်လည်း ဖြစ်နိုင်ခြေ သိပ်မများလှပေ။ သို့သော် လုံးဝ ပယ်ချလို့တော့ မရပေ။

နောက်ထပ် ဆွေးနွေးစရာ ခေါင်းစဉ်မှာ system ကိစ္စကို ညီလာခံက စောစောစီးစီး သိထားကြောင်း ချူဟွားကို ပြောပြသင့်သလား ဟူသည့် အချက်ပင်။

ဘဏ္ဍာရေးဝန်ကြီးက ရိုးရိုးသားသားပင် ပြောလေသည်။ "System က အနှေးနဲ့အမြန် စုံစမ်းမိမှာပဲ၊ ဘာလို့ မပြောဘဲ နေမှာလဲ။ ချူဟွား သိသွားရင် အပြင်မှာ လျှောက်ပြီး ဖရဲသီးစားတော့မှာ မဟုတ်ဘူး"

မြို့တော်ဝန်က ထောက်ခံသည်။ "ချူဟွားက မိမိသဘောဆန္ဒအလျောက် အပ်နှံဖို့ ဆန္ဒရှိတယ် ဆိုတာက ညီလာခံအပေါ် သူ ယုံကြည်မှုကို ပြသလိုက်တာပဲ၊ system စုံစမ်းမိသွားပြီးမှ ချူဟွားက ညီလာခံအပေါ် သံသယ ဝင်သွားတာထက်စာရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး အားကောင်းစေလိမ့်မယ်"

တရားရေးဝန်ကြီးက တခြား ရှုထောင့်မှ တိုက်ခိုက်လေသည်။ "တကယ်လို့ ဒီနေရာက လူကြီးမင်းတွေသာ system နဲ့ ချိတ်ဆက်မိခဲ့ရင် အပ်နှံဖို့ ရွေးချယ်ကြမလား။ အဲဒီအချိန်ကျရင် လူကြီးမင်းတို့က ညီလာခံရဲ့ လုံးဝ ယုံကြည်မှုကို လိုချင်မလား၊ ဒါမှမဟုတ် တစ်ခုခု ချန်ထားတဲ့ ယုံကြည်မှုကို လိုချင်မလား"

ဤမေးခွန်းသည် အရာရှိအများအပြား၏ နှလုံးသားကို ထိမှန်သွားစေသည်။

အကယ်၍ သူတို့သာ ဖရဲသီးစား system နှင့် ချိတ်ဆက်မိပါက ကနဦး ရွေးချယ်မှုသည် ချူဟွားနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဖုံးကွယ်ထားမည်။ ကိုယ့်ဘာသာ ဖြည်းဖြည်းချင်း ဖရဲသီးစားမည်။

System အသုံးပြုပုံ အားလုံးကို စမ်းသပ်ပြီးနောက် ကိုယ့်အတွက်နှင့် သာ့ရှန်းအတွက် အန္တရာယ် မရှိကြောင်း သေချာမှသာ အပ်နှံသင့် မအပ်နှံသင့် ဆိုသည်မှာ တစ်သီးပုဂ္ဂလ ရွေးချယ်မှု ဖြစ်လာပေလိမ့်မည်။

သို့သော် ယုံမှားသံသယ မရှိသည်မှာ သူတို့ အားလုံးသည် ညီလာခံက သူတို့ကို ပိုပြီး ယုံကြည်စေချင်ကြသည်။

ဤခေါင်းစဉ်သည် လူတိုင်း၏ တိတ်ဆိတ်မှုကြားတွင် အတည်ပြုလိုက်ပြီး နောက်တစ်ခုမှာ system ကို ဘယ်လို အသုံးပြုမလဲ ဆိုတာပင်။

စစ်သူကြီးရွှမ်ဝေ: "သူလျှို စစ်မယ်"

ဘဏ္ဍာရေးဝန်ကြီး: "ပိုင်ဆိုင်မှုတွေ သိမ်းမယ်"

မြို့တော်ဝန်: "အမှုစစ်မယ်"

ရာထူးဝန်ကြီးဌာန ဝန်ကြီး: "လူတော်တွေ ရှာမယ်"

ကြားလိုက်ရသည်နှင့် စကားပြောရန် ပြင်နေသော တရားရေးဝန်ကြီးက အံ့ဩစွာ လှမ်းကြည့်လိုက်သည်။ ခင်ဗျား ဘာလို့ ဝင်ပါရတာလဲ။

ဖြစ်နိုင်လျှင် ရာထူးဝန်ကြီးဌာန ဝန်ကြီးသည် မပါဝင်ချင်ပေ။ သို့သော် မိမိဌာန၏ ဒုတိယခေါင်းဆောင်က တုန်းယီလူမျိုး သူလျှို ဖြစ်နေသည့် ကိစ္စက သူ့ကို ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေခဲ့သည်။ ယခု သူ ဘယ်သူ့ကို ကြည့်ကြည့် သူလျှိုလို့ သံသယ ဝင်နေမိပြီး ဘယ်သူ့ကိုမှ လူကောင်းလို့ မထင်တော့ပေ။

"အရှင်မင်းကြီး၊ system ပေါ်လာပြီးကတည်းက အမှုတွေ အများကြီး စစ်ဆေးခဲ့ပြီးပါပြီ၊ ညီလာခံက အရာရှိတွေ အများကြီး လဲလှယ်ခဲ့ရပါတယ်၊ အခု သူလျှို ရှာတဲ့ ကိစ္စကလည်း အရာရှိတွေ အများကြီးကို ဖြုတ်ချရဦးမှာပါ" ရာထူးဝန်ကြီးဌာန ဝန်ကြီးက အသည်းကွဲမတတ် အော်ဟစ်လိုက်လေသည်။

"လူလိုနေပါတယ် အရှင်မင်းကြီး"

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

ကြားပါတယ်။ အဲဒီလောက် အကျယ်ကြီး မအော်ပါနဲ့။

အကျင့်ပျက်ခြစားမှုကြောင့် ပိုင်ဆိုင်မှု သိမ်းတာနှင့် အခြား အမှုများကို စစ်ဆေးတာထက် ရာထူးနေရာ လစ်လပ်နေမှု ပြဿနာက တကယ် ပိုအရေးကြီးနေသည်။

ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီး စီစဉ်ထားသော အရာရှိများထဲတွင် ပြဿနာရှိသူများ သေချာပေါက် ပါဝင်နေမည် ဖြစ်ပြီး အထက်မှ အောက်ထိ အစုလိုက် အပြုံလိုက် လဲလှယ်ရခြင်းက လှုပ်ခတ်မှုများစွာ ဖြစ်ပေါ်စေလိမ့်မည်။ အချိန်မီ လူစားမထိုးနိုင်ပါက အလုပ်လုပ်မည့်သူ ရှာမတွေ့တော့ဘဲ ပိုင်ဆိုင်မှုသိမ်းခြင်း၊ အမှုစစ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။

ချက်ချင်းပင် မှူးမတ်များသည် မိမိတို့ သိကျွမ်းသူများထဲတွင် ရာထူးတိုးပေးရန် သင့်တော်သူ ရှိမရှိ စတင် စဉ်းစားကြတော့သည်။

နောက်တစ်နေ့ မနက်တွင် ချူဟွား နိုးလာသည်နှင့် system က မနေ့က တော်ဝင်စာကြည့်ဆောင်တွင် ဖြစ်ပျက်ခဲ့သည်များကို အစီရင်ခံသဖြင့် အရှင်မင်းကြီးနှင့် မှူးမတ်များ၏ သဘောထားကို သိရှိလိုက်ရသည်။

ချူဟွားသည် မှူးမတ်များ ပြောသည့်အတိုင်း စစ်သူကြီးရွှမ်ဝေကို အကူအညီတောင်းပြီး စာတစ်စောင် ပေးပို့လိုက်သည်။ စာထဲတွင် system ၏ စွမ်းဆောင်ရည်ကို အကျဉ်းချုံး ဖော်ပြထားပြီး ညီလာခံအတွက် သူလျှို ရှာဖွေပေးချင်သည့် ဆန္ဒကို ဖော်ပြထားသည်။

စကားလုံးများက ရိုးသားပြီး တိုက်ရိုက်ကျသည်။

အရှင်မင်းကြီးက ဖတ်ပြီးနောက် သဘောကျ နှစ်ခြိုက်သွားပြီး ထိုနေ့တွင်ပင် ချူဟွားကို နန်းတော်သို့ ဝင်ရောက် တွေ့ဆုံရန် အမိန့်ထုတ်လိုက်သည်။

ချူဟွားသည် နန်းတွင်းအရာရှိ၏ လမ်းပြမှုဖြင့် ဘေးဘီဝဲယာကို မကြည့်ဘဲ ရင်းနှီးသော နန်းတွင်း တံခါးများနှင့် လမ်းများကို ဖြတ်ကျော်ကာ တော်ဝင်စာကြည့်ဆောင်သို့ ရောက်ရှိလာသည်။

တော်ဝင်စာကြည့်ဆောင်ထဲတွင် အရှင်မင်းကြီးက ထိပ်ဆုံးတွင် ထိုင်နေပြီး အောက်ဘက်တွင် မင်းဆရာကြီး၊ မင်းဆရာအိုကြီး၊ ဝန်ကြီးဌာန ခြောက်ခုမှ ဝန်ကြီးများနှင့် အခြားသူများ ရှိနေကြသည်။ လူဦးရေ မများသော်လည်း အားလုံးက ညီလာခံ၏ အဓိက ကျောရိုးများ ဖြစ်ကြသည်။

ချူဟွားက ရှေ့တိုးသွားပြီး ဂါရဝပြုလိုက်သည်။ "ကျွန်တော်မျိုးမ ချူဟွား အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

အရှင်မင်းကြီး: "ထပါ"

ချူဟွားသည် သည်တကြိမ် အရှင်မင်းကြီးကို ဝင်ရောက် တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိသဖြင့် စကားအပို မပြောဘဲ လိုရင်းကိုသာ ပြောလိုက်သည်။ "ကျွန်တော်မျိုးမက ဖရဲသီးစား system ကနေတဆင့် လက်ရှိ ရာထူးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တုန်းယီလူမျိုး သူလျှို ဖြစ်ကြောင်း စုံစမ်း သိရှိထားပါတယ်၊ အရှင်မင်းကြီးသာ နန်းစောင့်တပ်ကို လွှတ်ပြီး စုံစမ်းခိုင်းရင် သေချာပေါက် သက်သေ ရရှိမှာပါ"

အရှင်မင်းကြီးက ဘဏ္ဍာရေးဝန်ကြီးကို မျက်ရိပ်ပြလိုက်သည်။ မောင်မင်း ပြောလိုက်။

ရှိနေသူများထဲတွင် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် ချူဟွားနှင့် ဆက်ဆံရေး အကောင်းဆုံး ဖြစ်သော်လည်း ရှင်းပြရမည့် တာဝန်ကို ဆရာကြီး နှစ်ဦးအား မလုပ်ခိုင်းသင့်ပေ။ ထို့ကြောင့် ချူဟွားနှင့် ဆက်ဆံရေး မဆိုးသော ဘဏ္ဍာရေးဝန်ကြီးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးက ရိုးရှင်းသော စကား ၃ ခွန်းကို ပြောလိုက်သော်လည်း စကားတစ်ခွန်းချင်းစီက ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်။ "တကယ်တော့ မင်း system နဲ့ စပြီး ချိတ်ဆက်တဲ့ ပထမဆုံးနေ့ကတည်းက ကျုပ်တို့ အားလုံး သိပြီးသားပါ"

"ဖရဲသီးစား system က ဘာပြဿနာ တက်လဲ မသိပေမဲ့ မီတာ ၅၀ အတွင်းက လူတွေ အကုန်လုံး ကြားရတယ်"

"ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ ညီလာခံက စားခဲ့တဲ့ ဖရဲသီးတွေကို အခြေခံပြီး လှုပ်ရှားမှုတွေ အများကြီး လုပ်ခဲ့ပြီးပြီ"

ချူဟွားသည် မိမိတွင် သရုပ်ဆောင်ကောင်းသော အရည်အချင်း မရှိသည်ကို သိသဖြင့် အလွန်အမင်း အံ့ဩသော ပုံစံမျိုး မပြဘဲ ဘဏ္ဍာရေးဝန်ကြီးကို မျက်နှာသေဖြင့် ကြည့်နေကာ system ကို အသည်းအသန် ခေါ်လိုက်သည်။

[ထုံအာ၊ သူတို့ ကြားရတယ်တဲ့]

System ၏ သရုပ်ဆောင်မှုက ချူဟွားထက် ပိုမို ပီပြင်ပြီး အသံထဲက ကြောက်လန့်မှုကို ဘယ်သူမဆို ကြားနိုင်သည်။ [ငါ ငါ ငါ ကြားပါတယ်၊ ငါ ဘာဖြစ်သွားတာလဲ ဆိုတာ ကြည့်နေပါပြီ]

ချူဟွားက ထပ်မေးကြည့်လိုက်သည်။ [ဘဏ္ဍာရေးဝန်ကြီးက တကယ် ကြားရတာလား]

ဝန်ကြီးဌာန ခြောက်ခုမှ ဝန်ကြီးများ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ "ကြားရတယ်"

ချူဟွား: "..." ရှင်တို့က တကယ် သဘောကောင်းကြတာပဲ၊ ဖြေတာလည်း မြန်ပြီး ညီညာလိုက်ကြတာ။

Systemက ခဏစောင့်ပြီးမှ ကြိုတင် ပြင်ဆင်ထားသော စကားများကို ပြောလိုက်သည်။ [မမကြီးဟွား၊ ငါ နင့်ကို တောင်းပန်ပါတယ် ဝါးးးးးး၊ ငါ မတော်တဆ မျှဝေခြင်း လုပ်ဆောင်ချက်ကို ဖွင့်မိသွားတယ် ထင်တယ်၊ ငါက ဖရဲသီး စွမ်းအင်တွေ ဘာလို့ ဒီလောက် မြန်မြန် ကုန်နေတာလဲလို့ တွေးနေတာ]

[ငါ သွားရှာကြည့်လိုက်တော့ သူတို့က တကယ်ပဲ စောစောစီးစီး သိထားကြတာ၊ ပြီးတော့ ချူအိမ်တော်မှာ နန်းစောင့်တပ်တွေ အများကြီး အမြဲ တပ်စွဲထားတာ၊ ငါတို့နှစ်ယောက် ဖရဲသီးစားပြီးတိုင်း သူတို့က အလုပ်လုပ်ကြတာ၊ အရှင်မင်းကြီးနဲ့ မှူးမတ်တွေလည်း မကြာခဏ ညမအိပ်ဘဲ နေကြတာ]

[လူတိုင်းက ငါတို့နှစ်ယောက်ကို ဝိုင်းလိမ်နေကြတာပဲ] System ၏ ကလေးသံလေးက အထူးတလည် ဒေါသထွက်နေပုံ ပေါက်နေသည်။

[နင့်အဖေ၊ အမေ၊ နင့်အစ်ကိုနဲ့ နင့်ဆရာတွေ၊ ပြီးတော့ အဲဒီ အလှလေး ရှန်လုပါ မရိုးသားဘူး၊ အကုန်လုံး ငါတို့ကို လိမ်နေကြတာ]

အရှင်မင်းကြီးနှင့် မှူးမတ်များ: "..."

ငါတို့ ကြားနိုင်တယ် ဆိုတာ မင်း သိနေရက်နဲ့ အဲဒီမှာ တရစပ် ပွစိပွစိ လုပ်နေတုန်းလား။ တကယ် သတ္တိကောင်းတာပဲ။

သို့သော် သူတို့၏ အသက်အရွယ်အရ တချို့လူများ၏ မြေးက system နှင့် ချူဟွားထက် အသက်ကြီးနေပြီ ဖြစ်ရာ သူတို့နှစ်ယောက်ကို အပြစ်မယူကြပေ။

ချူဟွား မျက်လွှာချပြီး ခဏတာ စဉ်းစားလိုက်ကာ ဒူးထောက်လိုက်သည်။ "ကျွန်တော်မျိုးမမှာ အပြစ် ရှိပါတယ်၊ အရှင်မင်းကြီး အပြစ်ပေးပါ"

အရှင်မင်းကြီးက ကြည်လင်ရွှင်ပြုံးစွာ ပြောလိုက်သည်။ "ထပါ၊ မယ်မင်းနဲ့ system ရှိနေလို့ သာ့ရှန်းက အကျိုးအမြတ်တွေ ဒီလောက် အများကြီး ရထားတာ၊ ကျန်းက ဘယ်လိုလုပ် အဲဒီ အသေးအဖွဲ ကိစ္စတွေကို တွက်ကပ်နေမှာလဲ"

"မယ်မင်းကို သင်ကြားပေးဖို့ ဆရာတွေ ဒီလောက် အများကြီး စီစဉ်ပေးထားတာ၊ နန်းစောင့်တပ်နဲ့ လျှို့ဝှက်တပ်ဖွဲ့တွေ စီစဉ်ပေးပြီး ဘေးကင်းအောင် ကာကွယ်ပေးထားတာတွေက ကျန်း လုံးဝ စိတ်မဆိုးဘူး ဆိုတာ ပြသဖို့ မလုံလောက်သေးဘူးလား"

တိတ်တိတ်လေး စိတ်ဆိုးခဲ့ဖူးတာတွေတော့ ရှိပေမဲ့ အပြင်ထုတ် မပြောခဲ့ဘူးလေ။ ခြုံငုံကြည့်လိုက်ရင် စိတ်မဆိုးဘူးလို့ သတ်မှတ်လို့ ရတာပဲ၊ နောက်မှ ပြန်ပြီး စာရင်းရှင်းမှာ မဟုတ်ပါဘူး။

ချူဟွားက လှေကားထစ်အတိုင်း ချက်ချင်း ဆင်းလိုက်သည်။ "အရှင်မင်းကြီးက သဘောထား ကြီးမြတ်ပါတယ်၊ ကျွန်တော်မျိုးမ ရှက်မိပါတယ်"

အရှင်မင်းကြီး: "ကိစ္စတွေ ရှင်းသွားရင် ပြီးတာပါပဲ၊ မင်းက သာ့ရှန်းအတွက် ပေးဆပ်ခဲ့တာတွေကို ကျန်း အကုန်လုံး စိတ်ထဲ မှတ်ထားတယ်၊ မင်းက နန်းတွင်းစာမေးပွဲ ဖြေပြီး အရာရှိ ဖြစ်လာရင် တစ်ပေါင်းတည်း ဆုချမယ်"

ချူဟွား တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး အံ့ဩဝမ်းသာ ဖြစ်သွားသည်။ "အရှင်မင်းကြီးက အမျိုးသမီးတွေ နန်းတွင်းစာမေးပွဲ ဖြေတာကို ခွင့်ပြုလိုက်ပြီလား"

တုံ့ပြန်မှုက တော်တော် မြန်တာပဲ။

အရှင်မင်းကြီး ပြုံးလိုက်သည်။ "အဲဒါက မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တယ်"

ချူဟွားက အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"

သူမသည် စကားလှလှ မပြောသလို မည်သည့် ကတိမှလည်း မပေးပေ။ သို့သော် အရှင်မင်းကြီးက ပိုမို နှစ်သက်သွားသည်။ "ကျန်း စောင့်နေမယ်"

နောက်ဆက်တွဲ အနေဖြင့် လူတိုင်းက system အသုံးပြုပုံနှင့် ချူဟွားကို ကြိုတင် မှာကြားလိုသည့် သတိထားစရာ အချက်များ၊ ဥပမာ လူများသော နေရာတွင် ဖရဲသီးမစားရန်၊ ကိုယ့်လုံခြုံရေးကို အထူး ဂရုစိုက်ရန် စသည်တို့ကို ဆွေးနွေးကြသည်။

ထို့နောက် ချူဟွားသည် တော်ဝင်စာကြည့်ဆောင်တွင် သူလျှို ဖရဲသီးကို တစ်နာရီကြာ စားခဲ့ပြီး ညီလာခံအတွက် တခြားနိုင်ငံမှ သူလျှို ဒါဇင်ပေါင်းများစွာကို ဖော်ထုတ်ပေးခဲ့သည်။ System က ဖရဲသီး စွမ်းအင် မလုံလောက်တော့သဖြင့် ဖြည့်တင်းရန် လိုအပ်ကြောင်း သတိပေးလာမှ သူမကို နန်းတော်မှ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့က ချူဟွား ထွက်ခွာသွားသည်ကို ကြည့်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

မင်းဆရာကြီးက မျက်လုံးကို မှေးလိုက်သည်။ သူ စောစောကတည်းက သိနေတာ မဟုတ်လား။

မင်းဆရာအိုကြီးက ပြုံးပြီး တုံ့ပြန်လိုက်သည်။ မေးနေစရာ လိုသေးလို့လား။

သူတို့ နှစ်ယောက်စလုံးက မြေခွေးအိုကြီးတွေလေ။ ရှန်လုကလည်း မြေခွေးပေါက်လေးပဲ။ သူတို့ ၃ ယောက် စိတ်နှစ်ပြီး တစ်နှစ်လုံး သင်ပေးထားတဲ့ တပည့်က ယုန်ဖြူလေး ဖြစ်နေဦးမှာလား။ ဘယ်သူ့ကို လာလိမ်နေတာလဲ။

စစ်သူကြီးရွှမ်ဝေ: ?

...

All Chapters