← Chapters

အခန်း ၁၁၃

Vol. 8 Ch. 113

အခန်း ၁၁၃

Vol. 8 Ch. 113

အပိုင်း (၁၁၃)

Systemကို အပ်နှံပြီးနောက် ဘဝသည် အရင်အတိုင်းပင် ဖြစ်၏။

ချူဟွားသည် တစ်ရက်လျှင် ဘာသာရပ်လေးခု သင်ကြားမြဲဖြစ်ပြီး ရံဖန်ရံခါ စိတ်ကူးပေါက်လျှင် ဖရဲသီးစားသည်။ ညီလာခံက တစ်စုံတစ်ရာ သိလိုပါက သူမထံ စာတစ်စောင် ပေးပို့လာပြီး systemက ဖရဲသီးစားပြီးပါက နန်းစောင့်တပ်မှတစ်ဆင့် အစီရင်ခံစာ ပေးပို့စေသည်။

သူမ ညီလာခံသို့ မဝင်သရွေ့ ဤပုံစံအတိုင်း ဆက်လက်လည်ပတ်နေဦးမည် ဖြစ်သည်။

ယခင်နှင့် ကွာခြားချက် ရှိသည်ဟု ဆိုရလျှင် လူတိုင်းက မကြားသလို၊ မသိသလို ဟန်ဆောင်နေစရာ မလိုတော့ဘဲ ဖရဲသီးစားခြင်းကို ပိုမို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လာကြခြင်းပင်။

ပဉ္စမမင်းသားက ပွင့်ပွင့်လင်းလင်း မေးမြန်းလေသည်။ "ချူဟွား၊ ထုံအာ၊ ငါ့အစ်ကိုကြီး နယ်စပ်မှာ နေကောင်းလား"

"ထုံအာ၊ ဒီနေ့ သူလျှိုအသစ်တွေ ဝင်လာသေးလား"

"ထုံအာ၊ ဒီနေ့ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို ရှာတွေ့သေးလား"

ချူဟွား: "..."

သူမသည် ရွေ့လျား တယ်လီဖုန်းရုံလေး တစ်ခု၊ ခံစားချက်မရှိသော ကြားခံ ဆက်သွယ်ရေး ကိရိယာ တစ်ခု ဖြစ်လာသလို ခံစားနေရသည်။

System စိတ်ဝင်စားသော ကိစ္စများနှင့် ကြုံတွေ့ရပါက ချူဟွားက ကြားခံ ဆက်သွယ်ပေးရန် မလိုဘဲ system ကိုယ်တိုင် သွားရောက် စုံစမ်းပြီး မျှဝေခြင်း စနစ်မှတစ်ဆင့် ရလဒ်ကို အသိပေးလေသည်။

အကြိမ်အရေအတွက် များလာသောအခါ သူတို့သည် systemနှင့် စကားပြောလာကြသည်။

ပဉ္စမမင်းသားသည် မမြင်ရ၊ မထိတွေ့ရသော်လည်း ဆက်သွယ်ပြောဆိုနိုင်သော ဤဖြစ်တည်မှုကို အလွန် စိတ်ဝင်စားနေပြီး လုံးဝ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် systemနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ချင်နေသည်။

"ထုံအာ၊ မင်းတို့ systemလောကမှာ အကုန်လုံး မင်းလို ကလေးတွေချည်းပဲလား"

System: [ငါက စက်ရုံက ထွက်လာကာစဆိုတော့ အသက်ငယ်သေးတယ်၊ ငါ့ကို ကလေးလို့ ခေါ်လည်း ပြဿနာ မရှိပါဘူး။ Systemလောကက အရမ်းကြီးတယ်၊ system အရေအတွက်လည်း အများကြီးပဲ၊ နှစ်တိုင်း စက်ရုံက ထွက်လာတဲ့ systemအသစ်တွေ အများကြီး ရှိသလို လုပ်သက်ရင့် systemအိုကြီးတွေလည်း အများကြီး ရှိတယ်]

ပဉ္စမမင်းသားက အံ့ဩသွားပြီး ဒေါသတကြီး ဝေဖန်လေသည်။ "ဒါဆို မွေးကင်းစ ကလေးကို အလုပ်လုပ်ခိုင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ လွန်လွန်းကြတာပဲ"

ဤကဲ့သို့ နှိုင်းယှဉ်ချက်သည် ချူဟွားနှင့် နန်ကုန်းလင်တို့ကို အံ့အားသင့်စေခဲ့သည်။ တကယ်ပဲ မွေးကင်းစ ကလေးနှင့် သိပ်မကွာခြားလှပေ။

Systemက ချက်ချင်း မငြင်းဘဲ ခေတ္တ စဉ်းစားပြီးမှ ပြောလေသည်။ [စက်ရုံက ထွက်ပြီးတာနဲ့ ချက်ချင်း အလုပ်မလုပ်ရပါဘူး၊ သင်တန်း အရင်တက်ရတယ်၊ အရည်အချင်း မမီရင် အသုံးပြုခွင့် မပေးဘူးဆိုတော့ မွေးကင်းစ systemလို့ မခေါ်နိုင်ဘူး ထင်တယ်]

ဤစကားသည် ပဉ္စမမင်းသားကို ယုံကြည်လက်ခံအောင် မလုပ်နိုင်ပေ။

လူငယ်လေးသည် ကိုယ်ချင်းစာစိတ်ဖြင့် သုံးနှစ်သားအရွယ်က သူကိုယ်တိုင် စာကြည့်စားပွဲတွင် ထိုင်ကာ မျက်ရည်သုတ်ရင်း စာသင်ခဲ့ရသော သနားစဖွယ် ပုံရိပ်ကို ပြန်မြင်ယောင်လာပြီး ကရုဏာသက်သွားလေသည်။

"မင်းအသံ နားထောင်ရတာ သုံးလေးနှစ်လောက်ပဲ ရှိဦးမယ်။ မင်း မွေးပြီးတာနဲ့ ပင်မ systemဆီမှာ နှစ်နှစ်သုံးနှစ်လောက် သင်တန်းတက်ပြီး အလုပ်ထွက်လုပ်ရတာ မဟုတ်လား"

ပဉ္စမမင်းသား၏ အသက်ခန့်မှန်းပုံ မှားယွင်းသော်လည်း နောက်ဆုံးရလဒ်မှာ သိပ်မကွာခြားလှသဖြင့် systemသည် ရင်ကို ကော့ကာ ဂုဏ်ယူစွာ နေလိုက်သည်။

[ငါ ကျောင်းပြီးတာ တော်တော် မြန်တယ်၊ သင်တန်းတက်တာ နှစ်နှစ်လောက်ပဲ ကြာတယ်]

[အသံကို ပြောင်းလို့ ရတယ်၊ တချို့ systemတွေက ကလေးအသံ သုံးရတာ ကြိုက်တယ်၊ တချို့က ဦးလေးကြီးအသံ ကြိုက်တယ်၊ တချို့ကျတော့ သခင်ရဲ့ အကြိုက်ကို လိုက်ပြီး အသံပြောင်းကြတယ်၊ ငါကတော့ မမကြီးဟွား ကြိုက်လို့ ဒီအတိုင်း ဆက်သုံးနေတာ]

ထိုကိစ္စနှင့် ပတ်သက်ပြီး ချူဟွား ပြောစရာ ရှိသည်။ [အသံပြောင်းလို့ ရတယ်လို့ နင် မပြောဖူးဘူးနော်]

ကလေးသံလေးက ချစ်ဖို့ကောင်းသော်လည်း အသံပြောင်းလို့ ရသည်ကို သူမ မသိခဲ့ပေ။ ဒီကိစ္စကိုတော့ သူမအပေါ် အပြစ်တင်လို့မရချေ။

System ပြန်စဉ်းစားကြည့်ရာ တကယ် မပြောဖူးခဲ့ပေ။

[အဲဒါ အရေးမကြီးပါဘူး]

ချူဟွား: "..."

Systemတွင် အခြား သူငယ်ချင်းများ ရှိနေပြီ ဖြစ်သဖြင့် အစောဆုံး သိကျွမ်းခဲ့သော သူငယ်ချင်းကို အလေးမထားတော့ကြောင်း သံသယဝင်စရာ အကြောင်းပြချက် သူမတွင် ရှိနေပြီ ဖြစ်သည်။ သက်သေအထောက်အထား ခိုင်လုံစွာ ရှိနေသော်လည်း သူမ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။

188သည် ဖရဲသီးစားခြင်းမှတစ်ဆင့် ဤကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ သတင်းအချက်အလက်များကို ရယူနိုင်သော်လည်း သူ ဆက်သွယ်ပြောဆိုနိုင်သူမှာ ချူဟွား တစ်ဦးတည်းသာ ရှိခဲ့သည်။ ချူဟွား စာလေ့လာနေချိန်တွင် သူသည် တစ်ကောင်တည်း တိတ်တဆိတ် ဖရဲသီးစားနေရပြီး မျှဝေခံစားမည့်သူ မရှိသဖြင့် အနည်းနှင့်အများ အထီးကျန်ဆန်ခဲ့သည်။

ပဉ္စမမင်းသားက systemကို စတင် မိတ်ဖွဲ့ပြီး systemက ပျော်ရွှင်စွာ ပြန်လည်ဖြေကြားသည်ကို ကြည့်ခြင်းအားဖြင့် သူသည် စကားပြောဖော် သူငယ်ချင်းများ ရှိလာသည်ကို ဝမ်းသာနေကြောင်း သိနိုင်သည်။

ချူဟွားက ဝင်ပြောလိုက်သည်။ [ထုံအာ၊ နင်က တော်တော် အလုပ်မကျွမ်းကျင်တာပဲ၊ တခြား လုပ်ဆောင်ချက်တွေကို မှားနှိပ်မိရင်နှိပ်၊ မနှိပ်ရင် လုပ်ဆောင်ချက်တွေကို မိတ်ဆက်ပေးဖို့ မေ့နေတတ်တယ်၊ သင်တန်းတက်တုန်းက အနိမ့်ဆုံး အမှတ်နဲ့ အောင်လာတာလား]

"ခွိ" ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့ ရယ်မောလိုက်ကြသည်။

အဝေးရောက်နေသော ချူမိသားစုဝင်များလည်း ရယ်မောနေကြပြီး လူတိုင်း၏ ရယ်သံက သိသာထင်ရှားနေသည်။

System: [!!!]

သခင်ဖြစ်သူက သူ့ကို ပညာမတတ်သော systemဟု ထင်နေပြီး system တစ်ခုလုံး၏ သိက္ခာ၊ systemလောက တစ်ခုလုံး၏ သိက္ခာကို ကျဆင်းစေသည်ဟု ထင်နေမစိုး၍ သူ့ကိုယ်သူ သက်သေပြရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

Systemသည် ဒေါသတကြီးဖြင့် အမှတ်စာရင်း တစ်စောင်ကို ထုတ်ပြလိုက်ပြီး တစ်စက္ကန့်ခန့် ပြကာ ပြန်ရုပ်သိမ်းလိုက်သည်။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်သနားနေလေသည်။ [ငါ ပင်ပင်ပန်းပန်း စာမေးပွဲဖြေပြီး စုထားတဲ့ ဖရဲသီးစွမ်းအင်တွေ ကုန်သွားပြန်ပြီ ဝါးးး]

တစ်စက္ကန့်ဆိုသော အချိန်က တိုတောင်းလွန်းသဖြင့် အမှတ်စာရင်းထဲမှ အခြား အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အောက်ဆုံးရှိ "ထူးချွန်" ဟူသော စာလုံးနှစ်လုံးကိုမူ အထင်းသား မြင်လိုက်ရသည်။

ထိုအကဲဖြတ်ချက်က လူတိုင်းကို ပိုမို သံသယ ဖြစ်စေသည်။

188၏ အူကြောင်ကြောင် ပုံစံဖြင့် systemလောကတွင် ထူးချွန်အဆင့် ရသည်ဆိုလျှင် ကျန်သည့် သင့်လျော်အဆင့်နှင့် ညံ့ဖျင်းအဆင့် systemများဆိုလျှင် မည်သို့များ ဖြစ်နေပါမည်နည်း။

အရည်အချင်း မမီသော systemများကို အလုပ်မပေးခြင်းမှာ မဆန်းတော့ပေ။ သည်ကောင်တွေကို လွှတ်ပေးလိုက်လျှင် systemက သခင်ကို ဦးဆောင်ရမည့်အစား သခင်က systemပေါက်စများကို ပြန်ထိန်းကျောင်းနေရမည့် ကိန်း ဆိုက်ပေလိမ့်မည်။

လူတိုင်း နားလည်လိုက်ကြပြီး system စိတ်ဓာတ်မကျစေရန် ဝိုင်းဝန်း ချော့မော့ကြဖို့ ဆုံးဖြတ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေ သူသည် ဤကုန်းမြေတိုက်ကြီးတွင် တစ်ခုတည်းသော ဖရဲသီးစား system ဖြစ်ပြီး ဖရဲသီးစားချင်လျှင်၊ သတင်းလိုချင်လျှင် သူ့ကို အားကိုးရမည် ဖြစ်ရာ ကိုယ့်အိမ်က ကလေးကို ချော့သလို သဘောထားလိုက်ကြသည်။

ချူဟွားက စတင်ပြီး စံပြ လုပ်ပြလိုက်သည်။ [ဟယ်၊ တကယ်ပဲ ထူးချွန်တာပဲ၊ အထူးသဖြင့် လုပ်ငန်းစွမ်းဆောင်ရည် အပိုင်းမှာပေါ့]

အမှတ်စာရင်းထဲက မရေရာသော အပိုင်းများကို ထုတ်ပြောပြီး systemကို စိတ်ဒုက္ခ မပေးတော့ဘဲ ကလေး၏ ဂုဏ်သိက္ခာကို ငဲ့ညှာပေးလိုက်သည်။

System: [???]

သူ တမင်တကာ တစ်စက္ကန့်ပဲ ပြခဲ့တာလေ၊ တခြားသူတွေ အများကြီး မမြင်စေချင်လို့ပါဆို၊ ဘာလို့ သခင်က ထူးချွန် ဆိုတာအပြင် တခြား အကြောင်းအရာတွေကိုပါ မြင်နေရတာလဲ။

သူ့သခင်က မှတ်ဉာဏ်ကောင်းတာအပြင် တခြား အထူးစွမ်းရည်တွေများ ရှိနေတာလား။

System နက်နက်နဲနဲ မစဉ်းစားနိုင်ခင် ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့က ချူဟွား ပုံစံအတိုင်း ကလေးကို ဝင်ချော့ကြသည်။

"ထုံအာက ဒီလောက် တော်မယ်လို့ မထင်ထားဘူး"

"ဒီလို ထူးချွန်အဆင့် ရဖို့ဆိုတာ ခက်ခဲမှာပဲနော်"

"မင်း ပုံမှန် မေးခွန်းဖြေနေပုံကို ကြည့်ရင် မင်းက အရမ်း ကြိုးစားတဲ့ system ဆိုတာ သိသာပါတယ်"

"မင်းနဲ့အတူ သင်တန်းဆင်းတဲ့ systemတွေထဲမှာ မင်းက အကြိုးစားဆုံး၊ တာဝန်အယူဆုံးနဲ့ အသေချာဆုံး system ဖြစ်မှာ သေချာတယ်"

Systemသည် ချူဟွားနှင့် အတူနေကတည်းက ဤမျှ ချီးကျူးခံရခြင်း မရှိခဲ့ဖူးပေ။ ရုတ်တရက် ချီးကျူးခံရသောအခါ ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့၏ မြှောက်ပင့်မှုကြောင့် တဖြည်းဖြည်း ဖောင်းပွလာပြီး တစ်ကိုယ်လုံး ပေါ့ပါးနေတော့သည်။

ဟုတ်တယ်။

သူက ဒီအသုတ် စက်ရုံထွက် systemတွေထဲမှာ အတော်ဆုံးပဲ၊ ပြိုင်ဘက် မရှိဘူး။

System၏ ယုံကြည်မှုက အကန့်အသတ်မရှိ တိုးပွားလာပြီး သူ့ကို စိတ်ကျေနပ်အောင် ချီးကျူးပေးသော နှစ်ယောက်ကို မျက်နှာသာ ပေးလာကာ သူတို့၏ မေးခွန်းလေးများကို ဖြေကြားပေးရန် ဝန်မလေးတော့ပေ။

နှစ်ရက်မကြာခင် ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့သည် systemနှင့် အလွန် ရင်းနှီးသွားကြသည်။

ချူဟွားက စာလုပ်နေပြီး ဖရဲသီးမစားချိန်တွင် သူတို့နှစ်ယောက်က systemကို သွားရှာကြပြီး ချူဟွားထက်ပင် သခင်နှင့် တူနေကြသည်။

တစ်ခါတစ်ရံ ညီလာခံက တစ်စုံတစ်ရာ သိလိုပါက စာရွက်လေးကို ပဉ္စမမင်းသားထံ ပေးပို့ပြီး systemကို မေးခိုင်းတတ်သည်။

ညီလာခံအပြင် ချူဖျင်နှင့် ဝမ်သခင်မတို့လည်း ဖရဲသီး လိုက်စားကြသည်။ သူတို့က အဓိကအားဖြင့် အပြင်ရောက်နေသော ချူချင်း၏ အခြေအနေကို သိချင်ကြခြင်း ဖြစ်သည်။

"ဟွားအာ၊ နင့်အစ်ကို ဘယ်ရောက်နေပြီလဲ။ ဒဏ်ရာရသေးလား"

"ဟွားအာ၊ နင့်အစ်ကို လမ်းမှာ မိန်းကလေးတွေနဲ့ တွေ့သေးလား"

တဖြည်းဖြည်းနှင့် ဇနီးမောင်နှံနှစ်ယောက်သည် သမီးကို မမေးတော့ဘဲ systemကို ပြောင်းမေးလာကြသည်။

"ထုံအာ၊ အားလုံး ပုံမှန်ပဲလား"

"ထုံအာ၊ အဆင်ပြေရဲ့လား"

မိဖုရားခေါင်ကြီး၊ ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြားသူများပင်လျှင် ချူဟွားထံ စာပို့လာကြပြီး မုန့်စားရင်း ဖရဲသီးလိုက်စားကြသည်။

ချူဟွားသည် ကြားခံ ဆက်သွယ်ပေးသည့် ကိရိယာ သက်သက် ဖြစ်လာပြီး သူမ၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။

မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့က သူမ စိတ်မကောင်း ဖြစ်မည်ကို စိုးရိမ်နေကြသော်လည်း သူမက ငယ်ငယ်ရွယ်ရွယ်နှင့် တည်ငြိမ်နေပြီး အခြားသူများက သူမကို ကျော်လွန်ပြီး systemနှင့် ဆက်သွယ်နေသည်ကို ဂရုမစိုက်ကြောင်း တွေ့ရသည်။ တစ်ခါတစ်ရံ သူမက "ဆရာတို့ ထုံအာနဲ့ စကားမပြောချင်ဘူးလား" ဟုပင် ပြန်မေးတတ်သေးသည်။

မင်းဆရာကြီး: "...... မင်းက စိတ်မရှိတဲ့ပုံပဲ"

"မရှိပါဘူး" ချူဟွားက ပြုံးပြီး ပြောသည်။ "သာ့ရှန်းအတွက် သတင်းအချက်အလက်တွေ တည်တည်ငြိမ်ငြိမ် ပေးပို့နိုင်တယ်၊ ကျွန်မရဲ့ စာလေ့လာချိန်ကိုလည်း မထိခိုက်စေဘူး၊ ထုံအာရဲ့ မိတ်ဆွေဖွဲ့မှုကိုလည်း တိုးတက်စေတယ်၊ မြားတစ်စင်းတည်းနဲ့ ငှက်သုံးကောင် ပစ်သလိုပဲ၊ ဒီထက်ကောင်းတာ ဘယ်ရှိဦးမလဲ"

သူမ စိတ်ရင်းမှန်ဖြင့် ပြောဆိုနေပြီး အနည်းငယ်မျှပင် မနှစ်မြို့သော အရိပ်အယောင် မတွေ့ရသဖြင့် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် သူတို့ အသက်ကြီးပြီး အဆိုးမြင်လွန်းသည်။ အတွေးလွန်သည်ဟုသာ သက်ပြင်းချလိုက်ရသည်။

ချူဟွား၏ သဘောထားကို အတည်ပြုပြီးနောက် ညီလာခံက ဖရဲသီးလာစားသည့် အကြိမ်အရေအတွက် ရုတ်တရက် များပြားလာသည်။

"ထုံအာ၊ သာ့ရှန်းရွှေတွင်းကို တုန်းယီလူမျိုးတွေ သုံးနှစ်ကြာ ခိုးတူးခဲ့တဲ့ သတင်း ဖြန့်တာ ဘယ်လိုနေလဲ"

System: [စိတ်အားထက်သန်တဲ့ လူတွေရဲ့ ဝိုင်းဝန်း ဖြန့်ဝေမှုကြောင့် ဒီသတင်းက သာ့ရှန်း နေရာအနှံ့ ပျံ့နှံ့သွားပြီ၊ ပြည်သူတွေက ဒေါသထွက်ပြီး အံကြိတ်နေကြတယ်၊ ရှီးရုံ၊ ပေတိ၊ နန်မန်တို့လည်း ကြားသွားကြပြီ]

[ရှီးရုံ၊ ပေတိ၊ နန်မန်တို့က ဒီသတင်း စကြားချင်းတုန်းက မယုံကြဘူး၊ တစ်ချက်က တုန်းယီလူမျိုးတွေ ဒီလောက် သတ္တိရှိမယ် မထင်ဘူး၊ နောက်တစ်ချက်က သာ့ရှန်းက ရွှေတွင်း အခိုးခံရတာ သုံးနှစ်ရှိပြီ ဆိုတာကို လုံးဝ မသိဘဲ နေခဲ့တာကို မယုံနိုင်ကြဘူး၊ သူတို့ သာ့ရှန်းကို လွှတ်ထားတဲ့ သူလျှိုတွေက သတင်းပြန်ပို့မှ ယုံကြတာ]

ဤနေရာ ရောက်သောအခါ systemက စကားကြုံကြိုက်သဖြင့် ဝင်ပြောလာသည်။

[ညီလာခံက ငါ့ကနေတစ်ဆင့် တခြားနိုင်ငံက သူလျှိုတွေ အများကြီး ရှာတွေ့ထားတာကို ဘာလို့ အကုန် ဆွဲထုတ်ပြီး မသတ်ပစ်တာလဲလို့ ငါ တွေးနေတာ၊ တချို့ကိုပဲ သတ်တာ၊ ကြည့်ရတာ သူတို့ဆီ သတင်းမှား ပြန်ပို့ခိုင်းမလို့ကိုး]

ပဉ္စမမင်းသားက ပြင်ဆင်ပေးသည်။ "သတင်းမှားလို့ ပြောလို့ မရဘူး၊ ဒီကိစ္စက တကယ် ဖြစ်ခဲ့တာလေ၊ ငါတို့က သူတို့ကို သိစေချင်တဲ့ သတင်းကို ပြန်ပို့စေတာလို့ပဲ ပြောလို့ ရမယ်၊ သတင်းကွန်ရက်နဲ့ ဦးဆောင်မှုကို ငါတို့ လက်ထဲမှာ အပြည့်အဝ ထိန်းချုပ်ထားတာပေါ့"

နန်ကုန်းလင်က တိတ်တဆိတ် နားထောင်နေသည်။ သူမ အခု အသိချင်ဆုံး အရာမှာ ရှီးရုံနှင့် ပေတိတို့ ထောင်ချောက်ထဲ ဝင်လာပြီလား၊ တုန်းယီလူမျိုးတွေ အပြစ်ပေးခံလိုက်ပြီလား။

Systemက သူတို့ အသိချင်ဆုံး အရာကို သိသဖြင့် ဆက်ပြောလေသည်။ [မုန့်ဟန်တို့ရဲ့ လှုပ်ရှားမှုက တော်တော် ကြီးတယ်၊ နိုင်ငံအသီးသီးရဲ့ ငွေစက္ကူတွေက လှည့်လည်သုံးစွဲဖို့နဲ့ လဲလှယ်ဖို့ မလွယ်ကူဘူး၊ ခြေရာခံမိဖို့ လွယ်တယ်၊ ရွှေက ငွေထက် တန်ဖိုး ပိုရှိတော့ သူတို့ အရောင်းအဝယ် လုပ်တဲ့အခါ ရွှေနဲ့ပဲ လက်ခံကြတယ်]

[ရှီးရုံနဲ့ ပေတိက သာ့ရှန်းကို တစ်လလောက် လှောင်ပြောင်ပြီးမှ ဒီကိစ္စ နှစ်ခုကို ဆက်စပ်မိသွားကြတာ၊ သူတို့ စုံစမ်းဖို့ စိတ်ကူးမိပြီး စုံစမ်းတော့ နောက်ထပ် လဝက်လောက် ကြာတယ်၊ မုန့်ဟန်တို့ တမင် ချန်ထားခဲ့တဲ့ သဲလွန်စလေးတွေကနေတစ်ဆင့် တုန်းယီလူမျိုးတွေ လုပ်တာလို့ အတည်ပြုလိုက်ကြတယ်]

[သာ့ရှန်းမှာ ဒီကိစ္စ ပေါ်လာတော့ ညီလာခံက အသုံးမကျဘူးလို့ အဆဲခံရပြီး တခြားနိုင်ငံတွေရဲ့ လှောင်ပြောင်တာကို အကြာကြီး ခံခဲ့ရတယ်၊ ဒါကြောင့် ရှီးရုံနဲ့ ပေတိ ဘုရင်နဲ့ မှူးမတ်တွေက ဒီကိစ္စကို ဖုံးဖိထားပြီး တုန်းယီလူမျိုးတွေကို တိတ်တဆိတ် ဒုက္ခပေးဖို့ ပိုလိုလားကြတယ်]

ရာထူးကြီးကြီး ရယူထားသည်မှာ ကြာပြီဖြစ်၍ သူတို့ မျက်နှာ လိုချင်ကြသည်။ အရှက်မကွဲချင်ကြပေ။ တုန်းယီလူမျိုးများကို ဒုက္ခပေးရန်အတွက် မျက်နှာ ပြောင်တိုက်ထားသော သာ့ရှန်း အရှင်မင်းကြီးနှင့် မှူးမတ်များလို မဟုတ်ပေ။

ချူဟွားသည် တစ်ချိန်တည်းတွင် အလုပ်နှစ်ခု လုပ်နေပြီး စိတ်တစ်ဝက်ကို ဒီကိစ္စပေါ် ထားရှိရာ ဤနေရာ ရောက်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။ [ရှာကြပြီလား]

Systemသည် ပဉ္စမမင်းသား၊ နန်ကုန်းလင်တို့နှင့် စကားပြောနေသည်မှာ နှစ်လရှိပြီ ဖြစ်သော်လည်း သခင်ဖြစ်သူက ဒီခေါင်းစဉ်ကို စိတ်ဝင်စားသည်မှာ ရှားပါးသဖြင့် အမြန် ပြန်ဖြေလေသည်။ ကလေးသံလေးက ပျော်ရွှင်နေသည်။ [ဒါက ဖြစ်ကို ဖြစ်ရမှာလေ]

[သူများ ပစ္စည်း ခိုးတာကို ရှီးရုံဘုရင်က ဂရုစိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မုန့်ဟန်က နည်းပညာ တိုးတက်လာပြီး ရှီးရုံ ဘဏ္ဍာတိုက်အထိ ခိုးနိုင်ခဲ့တယ်၊ ဒီတစ်ခါ ပါးရိုက်ခံလိုက်ရတာကို ရှီးရုံဘုရင်က မဒေါသထွက်ဘူး၊ လက်တုံ့မပြန်ဘူး ဆိုရင် ဘယ်သူမဆို လာညှစ်လို့ရတဲ့ မမှည့်တမှည့် တည်သီး ဖြစ်သွားမှာပေါ့]

[ပေတိဘက်ကလည်း အတူတူပဲ၊ ဒါကြောင့် ဘုရင်နှစ်ပါးနဲ့ နိုင်ငံနှစ်ခုက ညီလာခံတွေက အခု အရမ်း ဒေါသထွက်နေကြပြီး တုန်းယီလူမျိုးတွေကို ပေါ်တင်ရော တိတ်တဆိတ်ပါ ဒုက္ခပေးနေကြတယ်]

တုန်းယီလူမျိုးများ အဆင်မပြေသည်ကို ကြားလိုက်ရသည်နှင့် ချူဟွား စိတ်ဝင်စားသွားပြီး လက်ထဲက စာအုပ်ကို ချကာ မေးလိုက်သည်။ [အကျယ်ချဲ့ ပြောပြပါဦး]

သူမသည် တုန်းယီလူမျိုးများ ဘယ်လောက် ဒုက္ခရောက်နေလဲ ဆိုတာကို အာရုံစိုက် နားထောင်ပြီး ပျင်းစရာကောင်းသော စာသင်ကြားမှု ဘဝတွင် အပျော်ရှာရပေမည်။

System: [အံ့ဖွယ်ခုံးခုံးကြောင့် သာ့ရှန်း ဘဏ္ဍာတိုက် ခိုးသွားခံရပြီး အရှက်ကွဲခဲ့ရတဲ့ သင်ခန်းစာ ရှိနေတော့ ရှီးရုံနဲ့ ပေတိက အရင်တုန်းက ဘယ်လောက် ပျော်ခဲ့လဲ၊ အခု အဲဒီလောက် စိတ်ညစ်နေရပြီ။ သူတို့က ဒီကိစ္စကို အကြီးကြီး မဖြစ်စေရဲဘူး၊ သာ့ရှန်းရဲ့ လှောင်ပြောင်တာ ခံရမှာစိုးလို့ ဒီအရှုံးကို ကြိတ်မှိတ် ခံနေရတယ်၊ ပေါ်တင် ဒီအကြောင်းပြချက်ကို သုံးလို့မရတော့ တခြား အကြောင်းပြချက် ရှာကြတယ်၊ ဥပမာ တုန်းယီ ကုန်သည်တွေကို အခွန်တိုးကောက်တာမျိုးပေါ့]

[တုန်းယီက နေရာကျဉ်းတယ်၊ ထွက်ကုန် မစုံဘူး၊ ကိုယ့်နိုင်ငံ ပြည်သူတွေ စားဖို့တောင် မလောက်ဘူး၊ အပြင်ထုတ်ရောင်းမှာ မဟုတ်ဘူး၊ ပင်လယ်နဲ့ နီးတဲ့ အားသာချက် ရှိလို့ ပင်လယ်ဆားနဲ့ ပင်လယ်စာတွေကို ရှီးရုံနဲ့ ပေတိဆီ သွားရောင်းကြတာ၊ ဆားက မရှိမဖြစ် ကုန်ပစ္စည်း၊ ပင်လယ်စာကတော့ ကိုယ့်လိုအပ်ချက်နဲ့ဆိုင်တယ်၊ ပင်လယ်ထဲက ရတာဆိုတော့ အရင်းအနှီး နည်းတယ်၊ ခြုံပြောရရင် တုန်းယီ ကုန်သည်တွေက မြတ်တယ်]

[ရှီးရုံနဲ့ ပေတိက ပြိုင်တူ အခွန်တိုးကောက်လိုက်တော့ တုန်းယီ ကုန်သည်တွေ ကြောင်သွားကြတယ်၊ သူတို့က အဝေးကြီးကနေ ပစ္စည်းတွေ သယ်လာတာ၊ ပြန်သယ်သွားဖို့လည်း မဖြစ်နိုင်တော့ အခွန်တိုးတာကို လက်ခံလိုက်ရတယ်၊ ရှုံးတယ်လို့ မပြောနိုင်ပေမဲ့ အမြတ်ကတော့ သိပ်မကျန်တော့ဘူး]

နန်ကုန်းလင်က မျက်မှောင်ကြုတ်လိုက်၏။ "ဒီကိစ္စက ဘာလို့ သာမန် ကုန်သည်တွေဆီ ရောက်သွားရတာလဲ" သက်ရောက်မှုက သူမ ခန့်မှန်းထားသည်ထက် ကြီးမားပြီး ကျယ်ပြန့်သည်။

ပဉ္စမမင်းသားက သူမထက် ပိုမြင်သည်။ "တုန်းယီက သာ့ရှန်း၊ ပေတိတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ရှီးရုံနဲ့ အရမ်း ဝေးတယ်၊ ရှီးရုံက သာ့ရှန်းနဲ့ ပေတိ နယ်မြေကို ဖြတ်ပြီး တုန်းယီကို တိုက်ဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ကိစ္စသေးသေးမွှားမွှားလေးတွေ ရှာပြီး ကုန်သည်လေးတွေကို အနိုင်ကျင့်တာပေါ့"

နားလည်သော်လည်း ပဉ္စမမင်းသားက ပြောစရာ မရှိ ဖြစ်နေသည်။ "ရှီးရုံမှာ ကုန်းတွင်းရေကန်ဆား၊ တွင်းဆား ရှိပေမဲ့ ပြည်သူတွေ ဆားစားဖို့ ပင်လယ်ဆားကို လုံးဝ အားကိုးလို့မရဘူး။ တုန်းယီ ကုန်သည်တွေကို အခွန်တိုးကောက်တယ်၊ ပြီးတော့ သူတို့ကိုပဲ ရွေးပြီး တိုးကောက်တယ် ဆိုတာ တုန်းယီ ကုန်သည်တွေကို မောင်းထုတ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"

အကောက်ခွန် တိုးကောက်ခြင်း၊ ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲခြင်းတို့က ဆန်းသစ်သည်။

ချူဟွားက ဆွေးနွေးဝိုင်းထဲ ဝင်ပါလာသည်။ "အရမ်းကြီး တိုးကောက်မှာ မဟုတ်ဘူး၊ ပြီးတော့ အကြာကြီးလည်း လုပ်မှာ မဟုတ်ဘူး၊ မဟုတ်ရင် ကုန်ဈေးနှုန်း တက်လာပြီး ခံရမှာက ရှီးရုံ ပြည်သူတွေပဲ၊ တုန်းယီ ကုန်သည်တွေက ရှီးရုံမှာ ပစ္စည်း လုံးဝ မရောင်းတော့ဘူး ဆိုရင် ရှီးရုံ ခေါင်းကိုက်ရလိမ့်မယ်"

မင်းဆရာအိုကြီးက ပြုံးရွှင်သော မျက်လုံးများဖြင့် အနားယူချိန်တွင် နိုင်ငံရေး အခြေအနေ ဆွေးနွေးနေသော သူတို့ကို ကြည့်နေလေသည်။ ဒီသုံးယောက်က အနာဂတ် သာ့ရှန်းညီလာခံရဲ့ ပင်တိုင်အမတ်တွေ ဖြစ်လာကြမှာပဲ။

နန်ကုန်းလင်: "တုန်းယီက အဝေးကြီးကနေ ရှီးရုံကို ပစ္စည်း သယ်လာတာ၊ သာ့ရှန်းနဲ့ ပေတိကို ဖြတ်ရသေးတယ်၊ ငါသာဆိုရင် မလုပ်ဘူး၊ ခရီးလမ်း ကြာလေ အန္တရာယ်များလေပဲ၊ ပြီးတော့ အကျိုးအမြတ်က မများဘူး"

ချူဟွားက ပြုံးလိုက်သည်။ "ကုန်သည်တွေချည်းပဲ ဖြစ်မယ်လို့ မဆိုလိုပါဘူး"

နန်ကုန်းလင်က ချက်ချင်း သဘောပေါက်သွားသည်။ "နင့်သဘောက သတင်းပို့တာလား"

Systemက ချက်ချင်း ထွက်လာပြီး သူ့အရှိန်အဝါကို ပြသလေသည်။ [ကုန်သည်တွေလည်း အများကြီး ရှိပါတယ်၊ ပထဝီ အနေအထားအရ ပင်လယ်စာက ကုန်းတွင်းပိုင်းမှာ အရမ်း ရှားပါးတယ်၊ ဈေးနည်းနည်း တက်ရင်တောင် ပိုက်ဆံ မရှားတဲ့ သူဌေးတွေကို ရောင်းရင် အမြတ် အများကြီး ကျန်တယ်]

[မမကြီးဟွား ပြောတဲ့ အခြေအနေလည်း ရှိတယ်၊ နိုင်ငံတိုင်းက တခြားနိုင်ငံတွေကို ထောက်လှမ်းရေးတွေ လွှတ်ကြတယ်၊ အရေးကြီးတဲ့ သတင်းတစ်ပုဒ်က နိုင်ငံအတွက် ဆုံးရှုံးမှု အများကြီး လျှော့ချပေးနိုင်တယ်၊ ကုန်သည်အဖွဲ့တွေက တောင်ပိုင်း မြောက်ပိုင်း လှည့်လည်သွားလာနေကြတာ၊ ဘယ်သွားသွား ပုံမှန်ပဲ၊ သတင်းနဲ့ လူ ပို့ဆောင်ဖို့ အဆင်ပြေတယ်]

[သာ့ရှန်း ရွှေတွင်း အခိုးခံရတဲ့ သတင်းလည်း ကုန်သည်အဖွဲ့တွေကနေတစ်ဆင့် ဖြန့်တာပဲ၊ လမ်းတစ်လျှောက် ပြောသွားတာ၊ မုန့်ဟန်တို့ကိုလည်း ညွှန်ကြားချက် တချို့ ပေးခဲ့တယ်၊ တော်တော် အဆင်ပြေတယ်]

အခုအချိန်မှာ systemက အချိန်မရွေး ထုတ်လွှင့်ပေးနိုင်ပြီ ဖြစ်ရာ မုန့်ဟန်တို့ သာ့ရှန်းကို သတင်းပို့ချင်ရင် ပိုအဆင်ပြေပြီး ပိုမြန်ဆန်သွားပြီ ဖြစ်သည်။

ပေးပို့ချင်သော သတင်းကို စာရေးလိုက်ရုံဖြင့် systemက ချက်ချင်း သိရှိနိုင်ပြီး ကြားခံ ပို့ဆောင်ချိန် ကြာမြင့်မှုကို သက်သာစေကာ သတင်း ဖြတ်ယူခံရမည့် အန္တရာယ်နှင့် သူလျှိုများ ပေါ်သွားမည့် အန္တရာယ်ကိုလည်း ရှောင်ရှားနိုင်ပြီ ဖြစ်သည်။

သာ့ရှန်း ညီလာခံ တစ်ခုလုံးက ဒါမှသာ ဖရဲသီးစား systemကို မှန်ကန်စွာ ဖွင့်လှစ် အသုံးပြုနည်း ဖြစ်သည်ဟု ခံယူထားကြသည်။

System: [???]

...

All Chapters