← Chapters

အခန်း ၁၁၉

Vol. 8 Ch. 119

အခန်း ၁၁၉

Vol. 8 Ch. 119

အပိုင်း (၁၁၉)

ညီလာခံသည် ဓာတ်မြေဩဇာကို လျှို့ဝှက်သုတေသနပြုကာ လူတိုင်းကို အံ့အားသင့်စေရန် ကြံရွယ်ထားသော်လည်း မှူးမတ်အရာရှိများသည် ဇနီးမယားများကို ပြောပြ၍ မရသဖြင့် လုပ်ဖော်ကိုင်ဖက်များကိုသာ ပြောပြရင်း အာသီသ ဖြေလိုက်ရသည်။

ချူဟွား စမ်းသပ်ထုတ်လုပ်လိုက်သော ဓာတ်မြေဩဇာ ၁၀ မျိုးကျော်ကြောင့် ဝန်ထမ်းရေးရာဝန်ကြီး အနားယူခွင့် တင်လိုက်ရသည် ဆိုသော သတင်းသည် အရာရှိအသိုင်းအဝိုင်းကြားတွင် မီးဟုန်းဟုန်းတောက်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။

ချူဖျင်သည်လည်း ထိုသတင်းကို ကြားပြီးနောက် အချိန်အတော်ကြာ ရယ်မောနေခဲ့ပြီး အိမ်ရောက်သောအခါ ဝမ်သခင်မနှင့် ချူဟွားတို့ကို မူရင်းအတိုင်း ပြန်ပြောပြလိုက်သည်။

သားအမိနှစ်ယောက်: "..."

တတိယအဆင့် အရာရှိကြီးတစ်ဦးကို အနားယူသွားအောင် ဖိအားပေးနိုင်ခြင်းက မည်မျှ ထူးကဲသော စွမ်းဆောင်ရည် ဖြစ်ပါသနည်း။ သို့သော် အနားယူရသည့် အကြောင်းအရင်းကို စဉ်းစားကြည့်လျှင်မူ ရယ်စရာကောင်းလွန်းလှပေသည်။

တတိယအဆင့် ဝန်ကြီးနေရာ ရဖို့ဆိုတာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရမှာ၊ လူအင်အား ဖြည့်တင်းရတာ ခက်ခဲလို့ အနားယူစာ တင်တယ် ဆိုသည်ကိုတော့ ချူဟွား မယုံကြည်ပေ။

ဖြစ်နိုင်ခြေ များတာကတော့ အရှင်မင်းကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို 'ငါ့ကို လာမရှာကြနဲ့တော့၊ ငါ တကယ် မလုပ်နိုင်တော့ဘူး' လို့ ပြောချင်တဲ့သဘောပဲ ဖြစ်လိမ့်မယ်။

သို့သော် ဝန်ထမ်းရေးရာဝန်ကြီးက ဤအခြေအနေထိ ရောက်နေပြီ ဆိုလျှင် ညီလာခံတွင် လူအင်အား ရှားပါးနေသည်မှာ အမှန်ပင် ဖြစ်လေသည်။ ချူဟွားသည် သူ့ကို ဆက်ပြီး အခက်မတွေ့စေလိုတော့ပေ။ တော်ကြာ ဒေါသထွက်ပြီး တကယ် ပစ်ထားလိုက်လျှင် ခက်ရချည်ရဲ့။

သူမသည် ဓာတ်မြေဩဇာ သုတေသနကို ခေတ္တရပ်နားကာ ရပ်ဆိုင်းထားခဲ့သော နက္ခတ်တာရာ သင်ခန်းစာများကို ပြန်လည် လေ့လာရန် ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် မြို့တော်၌ ဆောင်းဝင်နေပြီ ဖြစ်ကာ နှင်းမှုန်များ တဖွဲဖွဲ ကျဆင်းနေလေပြီ။

အချိန်ကို တွက်ကြည့်လိုက်လျှင် နှစ်သစ်ကူးတော့မည်ဖြစ်သည်။

ချူဟွားသည် အစ်ကိုဖြစ်သူအတွက် မျက်ရည်လည်ရမလို ဖြစ်သွား၏။ ဒီနှစ် နှစ်သစ်ကူးတွင်လည်း အစ်ကိုက ပြန်မလာနိုင်ပြန်ဘူး။

System ပင်လျှင် ချူချင်းအတွက် ငိုချင်သွားမိသည်။ သနားစရာ ကောင်းလိုက်တဲ့ ကောင်လေး။

[နင့်အစ်ကိုက နင့်အတွက် အများကြီး ပေးဆပ်ထားတယ်လို့ ငါ တကယ် ထင်တယ်။ အိမ်မှာ နှစ်သစ်မကူးရဘဲ အပြင်ထွက် အလုပ်လုပ်နေရတာ ဒါနဲ့ဆို နှစ်နှစ်ရှိပြီ]

ခေတ်သစ်က ၀၀၇ နဲ့ ၉၉၆ လုပ်နေရတဲ့ ဝန်ထမ်းတွေတောင် နှစ်နှစ်ဆက်တိုက် အိမ်ပြန် နှစ်သစ်မကူးရတဲ့ အဖြစ်မျိုး မရှိပါဘူး။

နှစ်သစ်ကူးပြီးရင် အစ်ကိုက ၂၂ နှစ် ပြည့်တော့မယ်၊ သာ့ရှန်းရဲ့ အသက်ကြီးပြီး လက်မထပ်ရသေးတဲ့ လူပျိုကြီး စာရင်းဝင် ဖြစ်သွားတော့မယ်။ သူ့ရွယ်တူတွေဆို အဖေတောင် ဖြစ်ကုန်ကြပြီ၊ သူကတော့ စေ့စပ်ထားတဲ့သူတောင် မရှိသေးဘူး၊ ပြောရရင် မျက်ရည်ကျစရာတွေချည်းပါပဲ။

ချူဟွား: [ငါက နောက်တစ်ကြိမ် နန်းတွင်းစာမေးပွဲပြီးမှ ညီလာခံ ဝင်ပြီး အရာရှိ လုပ်လို့ရမှာ၊ အရှင်မင်းကြီးက သူ့ကို ထပ်ပြီး အပြင်လွှတ်မယ် မထင်...]

ချူဟွားသည် စကားကို အချိန်မီ ပြန်ရုပ်သိမ်းလိုက်ပြီး ပြင်ပြောလိုက်သည်။

[တကယ်လို့ အရှင်မင်းကြီးက အစ်ကို့ရဲ့ အတွေ့အကြုံ မလုံလောက်သေးဘူးလို့ ထင်ရင် သူပြန်ရောက်လာပြီးတာနဲ့ ထပ်လွှတ်ဦးမှာပဲ]

သူမ စကား ပြင်ပြောလိုက်သည်တွင် System လည်း မဖြစ်နိုင်ဘူးဟု အတပ်မပြောရဲတော့ပေ။

ချူဟွား: [ခေတ်အဆက်ဆက်မှာ ကျန်းနန်ဒေသက အချမ်းသာဆုံး ဖြစ်သလို အကျင့်ပျက်ခြစားမှု အများဆုံး ဖြစ်တတ်တယ်။ အစ်ကို သွားတုန်းက ငါးစာအနေနဲ့၊ လာဘ်ကောင်အနေနဲ့ သွားခဲ့တာ ဆိုတော့ သူရလိုက်တဲ့ အတွေ့အကြုံက အကန့်အသတ် ရှိတယ်။ အရှင်မင်းကြီးက သူ့ကို တကယ် နေရာပေးချင်တယ် ဆိုရင်တော့ နောက်တစ်ခေါက် ထပ်သွားခိုင်းလောက်တယ်]

System: [ညီလာခံမှာ အောင်မြင်မှု တစ်ခုခု ရပြီးမှ သွားလို့ မရဘူးလား၊ မဖြစ်မနေ နောက်နှစ်မှ သွားရမှာလား]

ချူဟွား: [အစ်ကိုက နန်းတွင်းစာမေးပွဲ ပြီးတာနဲ့ အရှင်မင်းကြီး လွှတ်တာ ခံလိုက်ရတာ၊ သူက အရှင်မင်းကြီးရဲ့ တပည့်ပဲ၊ ဘယ်မင်းသားနဲ့မှ မပတ်သက်ဘူး၊ ဒီအချိန်မှာ ဒီအလုပ် သွားလုပ်တာက အသင့်တော်ဆုံးပဲ]

System က အဓိပ္ပာယ် တစ်စုံတစ်ရာကို ရိပ်မိသွားလေသည်။

System: [နင် ပြောပုံအရဆိုရင် နင့်အစ်ကို ညီလာခံမှာ ကြာကြာနေရင် အုပ်စုဖွဲ့မိသွားမှာ၊ နောက်ပိုင်း မင်းသားတစ်ပါးပါးဘက် ပါသွားပြီး နန်းတက်အောင် ကူညီမိမှာကို စိုးရိမ်နေသလိုပဲ]

[ဒါပေမဲ့ သာ့ရှန်းရဲ့ အိမ်ရှေ့စံ ရွေးချယ်မှု စနစ်က အရမ်း ထူးခြားတယ် မဟုတ်လား၊ နောက်ဆုံးအချိန် မရောက်မချင်း ဘယ်သူက အိမ်ရှေ့စံလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ၊ ဒါကို ဘာကိစ္စ အုပ်စုဖွဲ့နေရဦးမှာလဲ]

ချူဟွားက ပြန်မေးလိုက်သည်။ [ဒါဆိုရင် အဲဒီလို စနစ် ရှိရက်နဲ့ တတိယမင်းသားက ဘဏ္ဍာရေးဝန်ကြီးဟောင်းရဲ့ သမီး၊ တခြား အရာရှိတွေရဲ့ သမီးတွေ၊ မြေးမတွေကို ဘာလို့ အသည်းအသန် လိုက်စည်းရုံးခဲ့တယ်လို့ ထင်လဲ]

လက်ထဲတွင် ငွေကြေး၊ လူအင်အားနှင့် အာဏာ ပိုများလေ ကောင်းလေ ဖြစ်သောကြောင့်ပင်။

ကိုယ်က လုံလောက်အောင် စွမ်းအားကြီးလာသည့်အခါ စည်းမျဉ်းများကို လစ်လျူရှုနိုင်ပြီး ကိုယ်တိုင် စည်းမျဉ်း သတ်မှတ်သူ ဖြစ်လာကာ ကိုယ့်သဘောအတိုင်း တခြားသူများကို ခိုင်းစေနိုင်မည် မဟုတ်ပါလား။

လောလောဆယ် သီးသန့်စကားပြောခန်း ဖွင့်ထားသော်လည်း ချူဟွားနှင့် System သည် စကားကို ရှင်းလင်းပြတ်သားစွာ မပြောကြပေ။ တော်ကြာ အကျင့်ပါသွားပြီး အများသုံး စကားပြောခန်းတွင် နှုတ်ကျွံမိသွားမည် စိုးသောကြောင့်ပင်။

System: [နင်က ပဉ္စမမင်းသားရဲ့ စာဖတ်ဖော် ဖြစ်နေပြီဆိုတော့ အလိုလိုနေရင်း ပဉ္စမမင်းသား ဘက်တော်သား ဖြစ်နေပြီလေ၊ နင့်အစ်ကိုလည်း အတင်းအကျပ် ရွေးချယ်ခိုင်းခံရသလို ဖြစ်မနေဘူးလား]

အစက အရှင်မင်းကြီး ထိုသို့ ပြုလုပ်ခြင်းမှာ ချူဟွားကို နန်းတော်နှင့် ဆက်စပ်သွားစေရန် ဖြစ်ပြီး မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့ကလည်း သူမကို တပည့်အဖြစ် လက်ခံရန် အကြောင်းပြချက် ကောင်းသွားစေရန် ဖြစ်သည်။ ထို့ပြင် ပဉ္စမမင်းသားက အငယ်ဆုံးမင်းသား ဖြစ်သောကြောင့်လည်း ပါသည်။ သို့သော် ယခုအခါတွင်မူ...

ဘယ်လိုကြည့်ကြည့် အရှင်မင်းကြီး မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့လေပြီ။

ပေါင်းစပ်လေးနှင့် ဓာတ်မြေဩဇာ နှစ်မျိုးတည်းနှင့်ပင် အရှင်မင်းကြီးမှာ နောင်တရလွန်းသဖြင့် ခေါင်းနှင့် နံရံ ဆောင့်ချင်စိတ် ပေါက်နေလောက်ပြီ။

သူသည် ချူဟွားကို မည်သည့်မင်းသားဘက်မှ မပါဘဲ သူ့လူရင်းအဖြစ်သာ ရှိနေစေချင်ဆုံး ဖြစ်လိမ့်မည်။

ချူဟွား: [ငါက ဘက်ရွေးလို့ မရဘူး၊ အစ်ကိုလည်း သွေးရူးသွေးတန်း မထရင် ဘက်ရွေးလို့ မရဘူး]

System သည် [ဘာလို့လဲ] ဟု မေးရန် ပြင်လိုက်သော်လည်း ကိုယ်တိုင်က ရင့်ကျက်နေသော System တစ်ခု ဖြစ်နေပြီ ဖြစ်၍ ကိစ္စတိုင်းကို သခင် ဆီက အဖြေတောင်းနေလို့ မဖြစ်ဘူးဟု တွေးမိကာ ပါးစပ်ပိတ်ပြီး မျက်လုံးဖွင့်၍ ဖြည်းဖြည်းချင်း စဉ်းစားလိုက်သည်။

သူများကို အားကိုးလွန်းရင် အသုံးမကျတဲ့ System ဖြစ်သွားလိမ့်မယ်။

[နင့်မှာ အသိပညာတွေ များတယ်။ ကုသိုလ်ကောင်းမှုတွေ များတယ်။ နာမည်ဂုဏ်သတင်း ကြီးတယ်။ နင့်ကျေးဇူး ရှိနေတဲ့ အရာရှိတွေ များတယ်။ နင်က မင်းသားတစ်ပါးပါးကို ထောက်ခံလိုက်တာနဲ့ အဲဒီမင်းသားက ချက်ချင်း အိမ်ရှေ့စံ ဒါမှမဟုတ် နောက်တက်မဲ့ ဘုရင် ဖြစ်သွားနိုင်လို့လား]

System က သူ့သုံးသပ်ချက် ကောင်းမွန်သည်ဟု ထင်မြင်နေလေသည်။ နားထောင်ရတာ ယုတ္တိရှိသားပဲ။ သူ ရွေးထားတဲ့ သခင် က သိပ်တော်တာပဲ ဟားဟား။ အနာဂတ်မှာ ဘုရင်မ ဖြစ်လာမဲ့သူပဲ ဟားဟား။

နေပါဦး၊ သခင် က ဘုရင်မ လုပ်မယ် ဆိုရင် အရည်အချင်း မရှိတဲ့ အိမ်ရှေ့စံ ဒါမှမဟုတ် ဘုရင်ကို ရွေးပြီး နန်းတင်ရမှာပေါ့။

ပဉ္စမမင်းသားက အသက် နည်းနည်း ကြီးနေပြီ၊ အရှင်မင်းကြီးသာ ကြိုးစားပြီး ဆဋ္ဌမမင်းသားတို့၊ သတ္တမမင်းသားတို့ မွေးပေးရင် ကောင်းမယ်၊ အဲဒါဆိုရင် ဘုရင်ကို ရုပ်ပြလုပ်ပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်လို့ ရပြီပေါ့။ တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။

ချူဟွားသည် System အပေါစားလေး ဘာတွေ လျှောက်တွေးနေမှန်း မသိသော်လည်း System ပြောသည်ကို အတည်ပြုပေးလိုက်သည်။

[အများစုက မှန်ပါတယ်]

System: [ကျန်တဲ့ အနည်းစုကရော]

ချူဟွား: [အရှင်မင်းကြီးက အနည်းဆုံး ဒီနေရာမှာ နှစ် ၂၀ လောက် ဆက်ရှိနေဦးမှာ၊ ငါက အရှင်မင်းကြီး ဘက်တော်သား အဖြစ်ပဲ ခိုင်ခိုင်မာမာ ရပ်တည်မယ်၊ ဒီအရှင်မင်းကြီး မရှိတော့ရင် နောက်တစ်ယောက် တက်လာမှာပဲ၊ ဘာကိစ္စ စောစောစီးစီး ဘက်ရွေးပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာရမှာလဲ]

System: [....] ငါ အတွေးတိမ်သွားတယ်ဟ။

စောစောစီးစီး ဘက်ရွေးလိုက်ရင် နောင်တစ်ချိန် ဘုရင်ဖြစ်လာမဲ့သူရဲ့ လက်ရုံးကောင်း ဖြစ်လာမယ်၊ အရေးပါတဲ့ အရာရှိ ဖြစ်လာမယ်လို့ပဲ တွေးမိလိုက်သည်။ သူ့ သခင်က သာမန်လမ်းကြောင်းအတိုင်း မသွားတတ်ဘူး ဆိုတာ မေ့သွားသည်။

လျှောက်လှမ်းစရာ လမ်းကျယ်ကြီး ရှိပါရက်နဲ့ ဘာလို့ အန္တရာယ်များတဲ့ ချောက်ကမ်းပါးဘေး လမ်းကို ရွေးရမှာလဲ။

လူနှင့် System သီးသန့် စကားပြောနေစဉ် ချင်းကျူက တံခါးခေါက် ဝင်လာပြီး ပြောလေသည်။

"သခင်မလေး၊ ရှန်အိမ်တော်ကို သွားတဲ့ အစေခံ ပြန်ရောက်လာပါပြီ၊ ရှန်ဆရာလေး အအေးမိနေလို့ သခင်မလေးကို စာသင်ပေးနိုင်မှာ မဟုတ်ဘူးတဲ့"

"သူ နေမကောင်းဘူးလား၊ အခြေအနေ ဆိုးလား" ချူဟွားက အမှတ်တမဲ့ မေးလိုက်မိသည်။

ချင်းကျူ: "ကျွန်မက အဲဒီလောက်ထိ မမေးခဲ့ပါဘူး၊ အအေးမိတယ် ဆိုတာ သိတာနဲ့ ပြန်လာခဲ့တာပါ"

System က ဝုန်းခနဲ ထွက်ပေါ်လာသည်။ [ကိစ္စမရှိဘူး၊ ငါ ရှိတယ်လေ]

ချူဟွား: "..."

ချင်းကျူ: "..."

အတင်းအဖျင်း System က ကိုယ့်ကိုယ်ကိုယ် သတင်းထောက်လှမ်းရေး System လို့ သတ်မှတ်နေပါရောလား။

ခဏကြာသောအခါ System က ပြောလာသည်။ [အလှလေး ရှန်လုက နှင်းကျနေတဲ့ရက်မှာ ကြယ်ကြည့်မျှော်စင်ပေါ် တက်ပြီး ကြယ်သွားကြည့်တာ၊ ရက်ဆက် သွားကြည့်တော့ အအေးမိသွားတာပေါ့၊ နည်းနည်းတော့ ဆိုးတယ်]

[ကျစ်... ကောင်းလိုက်တာ၊ တခြားလူတွေ အအေးမိရင် သေလုမြောပါး ဖြစ်နေတာ၊ သူကကျတော့ မျက်နှာလေး ရဲပြီး ဆံပင်တွေ ရှုပ်ပွနေတာတောင် ဘာလို့ ဒီလောက် ဆွဲဆောင်မှု ရှိနေရတာလဲ၊ မမကြီးဟွား နင် ကြည့်ချင်လား]

ချူဟွားက အလွန် စိတ်လှုပ်ရှားသွားသော်လည်း ငြင်းလိုက်ရသည်။ [ရှေးခေတ် အမျိုးသမီးတွေက ဂုဏ်သိက္ခာကို တန်ဖိုးထားသလို အမျိုးသားတွေလည်း တန်ဖိုးထားတယ်။ အဲဒီလို လုပ်လို့ မဖြစ်ဘူး]

System: [???]

သခင်က အလှအပ ကြိုက်တတ်တဲ့သူလေ၊ ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အလှလေးပုံကို သူက လက်လွှတ်ခံမယ် ဟုတ်လား။ ငါတော့ မယုံပါဘူး။

[ဟုတ်သားပဲ၊ ငါ နင့်ကို ပြလိုက်ရင် တခြားလူတွေလည်း မြင်သွားမှာပေါ့၊ ငါတို့ အလှလေး ရှန်လုကို သူများတွေ မမြင်အောင် ကာကွယ်ပေးရမယ်]

ချူမိသားစုဝင်များ: "..." ငါတို့ မကြည့်ချင်ပါဘူး၊ တကယ်ပါ။

သူတို့သည် System က အလှလေး ရှန်လု၊ အလှလေး ရှန်လုဟု နေ့တိုင်း အော်နေသည်ကို ကြားနေရသော်လည်း ရှန်လု ကိုယ်တိုင်က အိမ်တွင်းပုန်းလွန်းပြီး ညဘက်မှသာ ကြယ်ထွက်ကြည့်တတ်သဖြင့် သူ့မျက်နှာကို အမှန်တကယ် မြင်ဖူးသူ အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် သူတို့လည်း သိပ်မျှော်လင့်မထားကြပေ။

System သည် လူကြားကောင်းအောင် ပြောပြီးသည်နှင့် ချက်ချင်းပင် သီးသန့်စကားပြောခန်းသို့ ပြောင်းလိုက်သည်။

[ငါ နင့်တစ်ယောက်တည်းကိုပဲ ခိုးပြမယ်]

ချူဟွား ရယ်မောလိုက်မိသည်။

[အဲဒါလည်း မဖြစ်ဘူး]

System: [နင်က တစ်ယောက်တည်းပဲ ကြည့်ချင်တယ်လို့ ငါ ထင်နေတာ]

ချူဟွား: [အဲဒီပုံက အရမ်း ကိုယ်ရေးကိုယ်တာ ဆန်လွန်းတယ်။ ရှန်လု ကိုယ်တိုင် ခွင့်မပြုဘဲ ငါ ကြည့်မှာ မဟုတ်ဘူး]

ဒီတစ်ခါတော့ System တကယ် အံ့သြသွားသည်။ [နင့်ရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေက ဘယ်တုန်းက ဒီလောက် မြင့်သွားတာလဲ၊ နင့်ဖုန်းထဲမှာတောင် အလှပုံတွေ အများကြီး ရှိနေတာကို]

ချူဟွား: !!!

System က သူမ၏ အတိတ်ဘဝ အကြောင်းတွေကို သိထားမှန်း သူမ သိသော်လည်း ဘယ်လောက်အထိ သိထားလဲ ဆိုတာတော့ မသိခဲ့ပေ။

သောက်ကျိုးနည်း၊ လူလည်း သေပြီးပြီ၊ ဖုန်းထဲက လျှို့ဝှက်ချက်တွေက ငါ သေတာနဲ့ ပျောက်မသွားဘူးလား။

[ငါ သိမ်းထားတာတွေက ပန်းချီဆရာတွေ ဆွဲထားတဲ့ ပုံတွေပါ၊ ပြီးတော့ အနုပညာ ဆန်ဆန် ခံစားလို့ရတဲ့ ပုံတွေလေ၊ သက်သက် အလှခံစားရုံပါပဲ၊ ပြီးတော့ အဲဒါတွေက ပန်းချီဆရာ ဖန်တီးထားပြီး အားလုံးနဲ့ မျှဝေဖို့ သဘောတူထားတာတွေ၊ ကာယကံရှင် သဘောမတူဘဲ လူအစစ်ကို ကြည့်တာနဲ့ အများကြီး ကွာခြားတယ်]

System က ဂျစ်ကန်ကန် လုပ်လာသည်။ [ဒါဆို နင် အတင်းအဖျင်း နားထောင်တာကျတော့ရော၊ အဲဒါကျတော့ ကာယကံရှင် သဘောတူလို့လား]

ချူဟွား: ???

ဘယ်သူက အတင်းအဖျင်း နားထောင်ဖို့ ကာယကံရှင်ဆီ ခွင့်တောင်းမှာလဲ။

တကယ် ခွင့်တောင်းပြီးမှ နားထောင်ရရင် အဲဒါ အတင်းအဖျင်း အစစ် မဟုတ်တော့ဘူး၊ အရသာလည်း ရှိမှာ မဟုတ်တော့ဘူး။

သူမသည် ဒီအချက်နှင့် ပတ်သက်ပြီး System ကို ငြင်းခုံနေလျှင် ပြီးမည် မဟုတ်ဟု ယူဆသဖြင့် အမြစ်ဖြတ်မည့် နည်းလမ်းကို သုံးလိုက်သည်။

[ထုံအာရေ၊ ဒါဆို ငါ အတင်းအဖျင်း မနားထောင်တော့ဘဲ နင့်ရဲ့ အတင်းအဖျင်း လုပ်ပိုင်ခွင့်ကို ပိတ်လိုက်မယ်၊ ပြီးရင် နင် အရင်းပြုန်းတဲ့အထိ ထိုင်စောင့်ပြီး သာ့ရှန်းမှာပဲ အမြဲတမ်း အိပ်စက်နေလိုက်တော့၊ ပင်မ System ဆီ ဘယ်တော့မှ ပြန်မသွားနဲ့တော့လေ၊ အဲဒီလို ဖြစ်ချင်တာလား]

System သည် ကြောက်မက်ဖွယ် ကောင်းသော အကျိုးဆက်ကြောင့် လန့်သွားပြီး လက်ထဲမှ ဖရဲစေ့များပင် ပြုတ်ကျကုန်တော့သည်။

တစ်မိနစ်ခန့် ငြိမ်ကျသွားပြီးမှ ပြောလာသည်။

[ပင်မ System ဆီ မပြန်ရတာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ ငါ့ကို အတင်းအဖျင်း မပြောခိုင်းတာက နင့်ကို စာမသင်ခိုင်းတာနဲ့ အတူတူပဲ၊ အရမ်း ရက်စက်ရာ ကျလွန်းတယ်]

ချူဟွား: "..."

နင် ငါ့ကို ဘယ်လို မျက်မှန်စိမ်း တပ်ကြည့်နေတာလဲ။ ငါက နင့်မျက်လုံးထဲမှာ စာလေ့လာရတာ အရူးအမူး နှစ်ခြိုက်တဲ့သူ ဖြစ်နေတာလား။

[ထုံအာရေ၊ ငါက နင့်စိတ်ထဲမှာ ဘယ်လို ပုံစံမျိုး ဖြစ်နေတာလဲ]

စိတ်ထဲတွင် မသေချာသဖြင့် သူမ၏ လေသံမှာ အနည်းငယ် တုန်နေသည်။

System က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ [စာလေ့လာတာ ဝါသနာပါတယ်။ အရမ်း တော်တယ်။ အနာဂတ် ဘုရင်မလောင်း]

ရှင်းသွားပြီ။

System အပေါစားလေးက သူ့သဘောနဲ့သူ ဆန်းကြယ်တဲ့ မျက်မှန်စိမ်း တပ်ထားတာကိုး။

ချူဟွားသည် ထိုမျက်မှန်စိမ်းကို ဆွဲခွာလိုက်သည်။

[ထုံအာရေ၊ ငါ နောက်ဆုံးအနေနဲ့ ပြောမယ်၊ ငါ ဘုရင်မ လုပ်ဖို့ တစ်ခါမှ မစဉ်းစားဖူးဘူးနော်]

[နင် ပြောတဲ့ 'အရမ်း တော်တယ်' ဆိုတာက ငါက ခေတ်သစ်က လာလို့ ခေတ်သစ်လူသားတွေအတွက် ရိုးရှင်းတဲ့ အသိပညာတွေ ပါလာလို့ပါ၊ ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်း ဆိုလို့ တစ်ခါမြင်ရင် မှတ်မိတာလေး တစ်ခုပဲ ရှိတယ်]

['စာလေ့လာတာ ဝါသနာပါတယ်' ဆိုတာက ပိုပြီးတောင် မဟုတ်သေးဘူး၊ ငါက ဒီခေတ် ဒီအခါက အမျိုးသမီးတွေကို ကူညီချင်လို့၊ ရာထူးအာဏာ ပိုရဖို့ လိုအပ်လို့သာ ကျမ်းစာတွေ လေ့လာပြီး နန်းတွင်းစာမေးပွဲ ဖြေဖို့ ပြင်ဆင်နေတာ]

System သည် ချူဟွား၏ လေသံတွင် ဒေါသအနည်းငယ် ပါနေသည်ကို သတိထားမိလိုက်ပြီး မငြင်းခုံရဲတော့ပေ။

[မမကြီးဟွား၊ နင့်ကိုယ်နင် ဒီလို ပြောတာက အရမ်း နှိမ့်ချလွန်းရာ မကျဘူးလား]

ချူဟွား: [ငါ့ကိုယ်ငါ ကောင်းကောင်း သိလို့ပါ]

[သာ့ရှန်းနဲ့ ပြည်သူတွေအတွက် ငါ လုပ်ပေးခဲ့တာတွေက ခေတ်သစ်က အသိပညာနဲ့ နည်းပညာတွေကို သာ့ရှန်းဆီ ယူလာပေးရုံ သက်သက်ပါ၊ ကူးပြောင်းလာတဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် ဒီအကျိုးဆောင်မှုတွေကို ငါ့ခေါင်းပေါ် တင်ထားရတာ၊ အဲဒါတွေက ငါ့ဟာတွေ ဆိုတဲ့ သဘော မဟုတ်ဘူး]

System သဘောပေါက်သွားသည်။ ဪ... ဒီလိုကိုး။

သခင်က အဲဒါတွေကို သူ့ရဲ့ အကျိုးဆောင်မှုလို့ မသတ်မှတ်ထားတော့ အကျိုးအမြတ် ပြန်ရဖို့လည်း မမျှော်လင့်တာ မဆန်းပါဘူး။

[ငါ မှတ်ထားပါ့မယ်]

လူနှင့် System သဘောတူညီမှု ရသွားကြသည်။

ချူဟွားသည် ရှန်လု၏ ရောဂါအခြေအနေကို မေးမြန်းလိုသော်လည်း ကြားထဲတွင် အချိန်ကြာသွားသဖြင့် ရုတ်တရက် ထမေးလျှင် လူရိပ်မိမည်ကို စိုးရိမ်မိသည်။

သို့သော် တချို့လူများက System ၏ အတင်းအဖျင်း နယ်ပယ်ကို သူမ သိနေသည်ဟု သံသယ ဝင်နေကြသော်လည်း သူမရှေ့ လာမမေးသရွေ့ မသိချင်ယောင် ဆောင်နေနိုင်သေးသည်။

လက်ရှိ လုပ်စရာများကို ပြီးပြတ်အောင် လုပ်ပြီးနောက် ချူဟွား မတ်တတ်ရပ်ကာ ကိုယ်လက်လှုပ်ရှားလိုက်ပြီးမှ မေးလိုက်သည်။

[ရှန်လုရဲ့ ရောဂါအခြေအနေ ဘယ်လိုလဲ၊ ပင်နီဆီလင် လိုလား]

System: [သူက အအေးမိသွားတာ၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ တုပ်ကွေး မဟုတ်ဘူး၊ ပိုးဝင်တာလည်း မဟုတ်ဘူး၊ ပင်နီဆီလင်က ဘာလုပ်လို့ရမှာလဲ]

ချူဟွား: [သမားတော်က ဘာပြောလဲ]

System: [သွေးခုန်နှုန်း စမ်းပြီး ဆေးပေးထားတယ်။ ကောင်းကောင်း အနားယူရမယ်တဲ့၊ နင် သွားကြည့်ချင်လား]

ချူဟွား သွားချင်သော်လည်း မိုးချုပ်နေပြီ ဖြစ်၍ ညကြီးမင်းကြီး သွားရောက် လူမမာမေးခြင်းက မသင့်တော်ဟု ယူဆလိုက်သည်။

[မသွား...]

System သည် စကားတစ်လုံး ကြားသည်နှင့် သူမ ငြင်းမည်ကို သိလိုက်သဖြင့် ရှန်လု ကိုယ်စား သနားအောင် ပြောလိုက်တော့သည်။ [ဒါပေမဲ့ အလှလေး ရှန်လုက သနားစရာ ကောင်းတယ်နော်]

[သူ့အစေခံက ငယ်သေးတော့ လူမပြုစုတတ်ဘူး၊ ပုံမှန် ရေနွေးကြမ်းငှဲ့တာ၊ သန့်ရှင်းရေးလုပ်တာလောက်ပဲ ကောင်းကောင်း လုပ်တတ်တာ၊ လူမမာ ပြုစုတာကျတော့ မရတော့ဘူး၊ ဆေးတွေ ဖိတ်လိုက်၊ တံခါးတွေ မပိတ်မိလိုက်နဲ့ ဖြစ်နေတာ]

[အလှလေး ရှန်လုက ငယ်ငယ်တုန်းက နင့်လိုပဲ ရေကန်ထဲ တွန်းချခံရဖူးပြီး အဖျားကြီးပြီး သတိလစ်ဖူးတယ်။ ခန္ဓာကိုယ်က အားနည်းပါတယ်ဆိုမှ လေအေးတွေ မိပြီး အအေးမိသွားတာ၊ ငါ ထင်တာတော့ ဒီအတိုင်း ဆက်သွားရင် သူ့အသက်လေး ပါသွားလောက်တယ်]

ချူဟွား၏ ငြင်းဆန်မည့် စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့သွားလေသည်။ "ချင်းကျူ၊ လူမမာမေးဖို့ ပစ္စည်းပြင်"

ချင်းကျူက ပြုံးပြီး ပြန်ဖြေသည်။ "ဟုတ်ကဲ့ပါ သခင်မလေး"

System သည် တိတ်တဆိတ် V ပုံစံ လက်လုပ်ပြလိုက်သည်။ ဂျင်းထည့်တာ အောင်မြင်တယ်ဟေ့။

နာရီဝက်ခန့် ကြာပြီးနောက် ချူဟွားသည် ချင်းကျူ၊ ဟုန်မေနှင့် လက်ဆောင်ပစ္စည်းများ ယူဆောင်ကာ ရှန်အိမ်တော်သို့ ရောက်ရှိလာသည်။

System ပြောတာ နည်းနည်း ပိုလွန်းတယ်ဟု ထင်ခဲ့သော်လည်း တံခါးဖွင့်လိုက်သည်နှင့် ညစ်ပတ်ပေရေနေသော အစေခံလေးကို တွေ့လိုက်ရလေသည်။

အစေခံလေးက ချူဟွားကို မြင်သောအခါ အလွန် အံ့သြသွားသည်။ "သခင်မလေးချူ ဘယ်လိုလုပ် ရောက်လာတာလဲ"

"ဆရာ နေမကောင်းဘူး ကြားလို့ လာကြည့်တာ" ချူဟွားက ဘေးသို့ လှည့်ပြီး ပြောလိုက်သည်။

"ချင်းကျူ၊ ဟုန်မေ၊ သွားကူလုပ်ပေးလိုက်ကြ"

ချင်းကျူ၊ ဟုန်မေ: "ဟုတ်ကဲ့ပါ သခင်မလေး"

အစေခံလေးသည် 'ငါ့အသက်ကို ကယ်တင်ရှင်ကြီးပါလား' ဟု ဝမ်းသာအားရ ဖြစ်သွားပြီး ချူဟွားကို လမ်းပြပေးကာ အလုပ်သွားလုပ်တော့သည်။

ချူဟွား ခေါင်းခါလိုက်ပြီး တံခါးခေါက်ကာ ခွင့်ပြုချက် ရမှ အထဲဝင်လိုက်သည်။

ရှန်လုသည် ခုတင်ခေါင်းရင်းတွင် အပေါ်ထပ်အင်္ကျီ ခြုံလျက် ထိုင်နေပြီး လက်ထဲတွင် စာအုပ်တစ်အုပ် ကိုင်ထားသည်။ နေမကောင်းသဖြင့် ရဲနေသော မျက်နှာသည် မက်မွန်သီးကဲ့သို့ လှပနေပြီး မျက်ဝန်းထောင့်မှ မှဲ့နက်လေးက ပို၍ ဆွဲဆောင်မှု ရှိနေသည်။ ကြည်လင်သော အသံကပင် ပျင်းရိလေးတွဲသော အငွေ့အသက် ပါနေလေသည်။

"စောစောက မင်းအသံ ကြားလိုက်တယ်။ ဒီလောက် မိုးချုပ်နေမှ ဘာကိစ္စ ရှိလို့လဲ"

"လာကြည့်တာပါ၊ တခြားကိစ္စ မရှိပါဘူး"

ချူဟွားသည် ရှန်လု မျက်နှာကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲလိုက်၏။ System ပြောတာ မမှားဘူးပဲ၊ ဒီမျက်နှာက နေမကောင်းဖြစ်နေတော့ ပိုကြည့်ကောင်းနေတယ်။

System က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ [အလှလေး ရှန်လုရေ၊ ငါတို့ လာကြည့်တာနော်]

ရှန်လုက ပြုံးလိုက်သည်။ "ကျေးဇူးပါပဲ၊ ကျွန်တော် တော်တော် သက်သာနေပါပြီ"

ကြည့်ရတာ သက်သာတဲ့ပုံ မပေါ်ပါဘူး။

[System၊ ဆရာ့မျက်နှာ နည်းနည်း ရဲနေတယ်။ ဖျားနေလား၊ အပူချိန် ဘယ်လောက်ရှိလဲ စစ်ပေးပါဦး]

ရှန်လု ကြောင်သွားပြီး မော့ကြည့်လိုက်သော်လည်း ချူဟွားက သူ့ကို မကြည့်ဘဲ အဝေးမှ ခုံပုကို သွားယူနေသည်ကို တွေ့လိုက်ရသည်။

System: [မသိဘူး]

သိရင်တောင် ဒီလောက် အခွင့်အရေးကောင်းကို ငါက ဘာလို့ ပြောပြရမှာလဲ ဟီးဟီး။

ချူဟွား မျက်မှောင်ကြုတ်သွားပြီး ရှန်လုကို နှစ်ခါလောက် ထပ်ကြည့်လိုက်ရာ မျက်နှာ တကယ် ရဲနေသည်ကို တွေ့လိုက်ရလေသည်။

လူမမာ ကိုယ်တိုင်က ကိုယ်ပူနေမှန်း သိဖို့ ခက်ခဲသဖြင့် သူမ လှမ်းခေါ်လိုက်သည်။ "ကျားယီ"

System: !!!

သွားပြီ၊ စောစောစီးစီး ကျားယီကို မောင်းထုတ်ထားသင့်တာ။

ကျားယီ ဝင်လာပြီး ရှန်လု၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရာ ယခင် သမားတော် ပြောသည့်အတိုင်းပင် ဖြစ်နေသည်။

ဖျားနေတာတော့ သေချာသည်၊ သို့သော် အပူချိန် ဘယ်လောက်လဲ ဆိုတာကိုတော့ သူ မပြောနိုင်ပေ။

ချူဟွား သက်ပြင်းချလိုက်သည်။ "ထားလိုက်ပါတော့၊ နောက်ရက်ကျမှ လူ့ခန္ဓာကိုယ် အပူချိန် တိုင်းတဲ့ ကိရိယာ လုပ်ဖို့ နည်းလမ်း ရှာကြည့်ရမယ်၊ ကျွန်မ လုပ်ပြီးတဲ့အချိန်ကျရင် ဆရာ မလိုတော့ဖို့ မျှော်လင့်ပါတယ်"

လူ့ခန္ဓာကိုယ် အပူချိန်တိုင်း ကိရိယာ ဆိုသည်မှာ ရှင်းလင်းပြတ်သားသဖြင့် အဖျားကြောင့် ခေါင်းကိုက်နေသော ရှန်လုပင် ချက်ချင်း နားလည်လိုက်သည်။

"လုပ်ရတာ ခက်လား"

"မှန်ပြောင်းထက်တော့ လွယ်ပါတယ်"

မေးတာ တစ်ခြား၊ ဖြေတာ တစ်ခြား ဖြစ်နေသည်။

ရှန်လုသည် အဖြေမှန်ကို သိလိုက်သည်။ မလွယ်ကူပေ။

တကယ် လွယ်ကူလျှင် ချူဟွား စောစောစီးစီး လုပ်ပြီးလောက်ပြီ၊ အခုမှ လုပ်မယ် ပြောနေမှာ မဟုတ်ဘူး။

ပြီးခဲ့တဲ့ မှန်ပြောင်းက သူ့ကို လမ်းခင်းပေးရုံ သက်သက် ဆိုလျှင် ဒီတစ်ခါ အပူချိန်တိုင်း ကိရိယာကတော့... သူ့အတွက် သက်သက် လုပ်ပေးခြင်း ဖြစ်သည်။

နေမကောင်းလို့ စာမဖတ်ရ၊ ကြယ်မကြည့်ရတာက သိပ်ပြီး ခံရခက်တဲ့ ကိစ္စ မဟုတ်တော့ဘူးလို့ ရှန်လု ရုတ်တရက် ခံစားလိုက်ရသည်။

အနည်းဆုံးတော့ သူ့ကို သတိရပေးမဲ့သူ ရှိတယ်။ နှင်းတွေကျနေတဲ့ကြားက လာကြည့်ပေးမဲ့သူ ရှိတယ်။ သူ့အတွက် အပူချိန်တိုင်း ကိရိယာ လုပ်ပေးချင်တဲ့သူ ရှိတယ်လေ။

တကယ် ကောင်းတာပဲ။

…

All Chapters