← Chapters

အခန်း ၁၂၀

Vol. 8 Ch. 120

အခန်း ၁၂၀

Vol. 8 Ch. 120

အပိုင်း (၁၂၀)

ဓာတ်ခွဲခန်း တည်ထောင်စ အချိန်ကတည်းက ချူဟွားသည် အပူချိန်တိုင်းကိရိယာ (သာမိုမီတာ) ကို အဆင်သင့် ပြင်ဆင်ထားခဲ့သည်။

ထိုအပူချိန်တိုင်းကိရိယာသည် အခန်းတွင်းအပူချိန်ကို တိုင်းတာရန် ဖြစ်ပြီး သုညအောက်မှ သုညအထက် ဒီဂရီပေါင်းများစွာ ကွာခြားမှုရှိသော ကျယ်ပြန့်သည့် အတိုင်းအတာတစ်ခုကို တိုင်းတာနိုင်သည်။

ထိုအချိန်က ပင်နီဆီလင် ထုတ်လုပ်ရန် အလျင်လိုနေပြီး အချိန်တိုတောင်းကာ နည်းပညာလည်း မပြည့်စုံသဖြင့် သူမသည် အကြမ်းထည် အပူချိန်တိုင်းကိရိယာ တစ်ခုသာ ပြုလုပ်နိုင်ခဲ့ပြီး အပူချိန် တိုင်းတာမှု သိပ်မတိကျပေ။

လူ့ခန္ဓာကိုယ် အပူချိန် တိုင်းတာရန်အတွက် သီးသန့် အပူချိန်တိုင်းကိရိယာ လိုအပ်ပြီး အနိမ့်ဆုံး ၃၅ ဒီဂရီမှ အမြင့်ဆုံး ၄၂ ဒီဂရီအထိ တိုင်းတာနိုင်ရမည်။ အနည်းငယ် ကွာဟသွားရုံမျှဖြင့် လူနာ ဖျားနေလား၊ မဖျားဘူးလား ဆုံးဖြတ်ချက်ကို သက်ရောက်နိုင်သဖြင့် အလွန် တိကျရန် လိုအပ်သည်။

ချူဟွားသည် ဓာတ်ခွဲခန်းထဲတွင် ရက်အတော်ကြာ အာရုံစိုက် သုတေသနပြုပြီးနောက် နမူနာ အချို့ကို ထုတ်လုပ်နိုင်ခဲ့သည်။

ထို့နောက် ချူအိမ်တော်ရှိ လူပေါင်းများစွာကို ထပ်ခါတလဲလဲ စမ်းသပ်တိုင်းတာကာ အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြီးနောက် ပြဒါးအပူချိန်တိုင်းကိရိယာ အသစ်တစ်သုတ်ကို ထုတ်လုပ်နိုင်ခဲ့လေသည်။

ထိုအချိန်တွင် ရှန်လု၏ အအေးမိရောဂါလည်း ပျောက်ကင်းသွားပြီ ဖြစ်သည်။

System က မသေမချာ မေးလာသည်။ [မမကြီးဟွား၊ အလှလေးရှန်လုလည်း တော်တော် သက်သာနေပြီ၊ အပူချိန်တိုင်းကိရိယာ ပေးဦးမှာလား]

[ပေး... ရမှာလား] ချူဟွား တွန့်ဆုတ်သွား၏။

ရှန်လု ပြန်ကောင်းသွားမှ သူမက အပူချိန်တိုင်းကိရိယာ သွားပေးလျှင် တစ်ဖက်လူ ဘယ်လို ခံစားရမလဲ။ သိပ်အဆင်ပြေပါ့မလား။

System သည် ချက်ချင်းပင် စက်ရုပ်အသံဖြင့် ပြောင်းပြောကာ သူမကို ရွံရှာကြောင်း ဖော်ပြလိုက်သည်။

[ပေးမယ် ဆိုလည်း ပေး၊ မပေးဘူး ဆိုလည်း မပေးဘူးပေါ့၊ 'ပေး... ရမှာလား' ဆိုတာ ဘာအဖြေလဲ]

[မမကြီးဟွား၊ နင် ဘယ်တုန်းက ဒီလောက် ပြတ်သားမှု မရှိတဲ့လူ ဖြစ်သွားတာလဲ၊ ငါ နင့်ကို ရွံတယ်]

ချူဟွား: "..." ရွံရင်လည်း လှိုင်းတွန့်သံကြီးနဲ့ မပြောနဲ့လေ။ ညုတုတုနဲ့၊ နားထောင်ရတာ ဆွဲထိုးချင်စရာ ကောင်းလိုက်တာ။

[လုပ်လည်း လုပ်ပြီးနေပြီဆိုတော့ ပေးလိုက်ပါတော့မယ်]

System က မူလ ကလေးအသံလေးဖြင့် ပြန်ပြောင်းကာ ပျော်ရွှင်စွာ မေးလိုက်သည်။ [ဘယ်တော့ ပေးမှာလဲ]

သူ့ဆန္ဒက သိသာလွန်းနေသည်။

ချူဟွား: [ဒီည စာသင်သွားရင်း လမ်းကြုံဝင်ပေးလိုက်မယ်]

System: [……]

'လမ်းကြုံ' ဆိုတဲ့ စကားလုံး သုံးလိုက်တာ ကောင်းပါတယ်။ သခင်က အလှလေးရှန်လုအပေါ် ဘာသံယောဇဉ်မှ မရှိဘူး ဆိုတာ သက်သေပြလိုက်သလိုပါပဲ။

ရှန်လုက သခင်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီပြီးသား ဖြစ်နေတာတောင် ဘာလို့ အမြဲတမ်း အတူရှိနေရက်နဲ့ မီးပွား မပွင့်ရတာလဲ ဆိုတာ System စဉ်းစားလို့ မရ ဖြစ်နေသည်။

System ၏ CPU မှာ ပူကျစ်ပြီး မီးခိုးထွက်လုမတတ် ဖြစ်နေသည်။

အချစ်ရေး ကူညီပေးတဲ့ System ဆီကနေ နည်းလမ်းတွေ စောစောစီးစီး တောင်းလာမိရင် အခုလို အရေးကြီးတဲ့အချိန် လက်ပိုက်ကြည့်နေစရာ မလိုဘူး။

အရည်အချင်း မရှိလို့ သခင် ရဲ့ အချစ်ဇာတ်လမ်းကို မကြည့်ရတာ၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ခံရတာ ဝူး ဝူး ဝူး။

မျှော်လင့်ချက် မပြည့်ဝသဖြင့် System တစ်ကောင် ညှိုးငယ်သွားပြီး ညဘက် ချူဟွား ရှန်အိမ်တော်သို့ ရောက်သည်အထိ စိတ်မပြေနိုင် ဖြစ်နေလေသည်။

စာကြည့်ခန်းထဲ ဝင်လိုက်သည်နှင့် ချူဟွားသည် သံသယ မျက်လုံးများဖြင့် ရှန်လုကို တစ်ချက် ကြည့်လိုက်သည်။ "ရောဂါ တကယ် ပျောက်သွားပြီလား"

"ပျောက်သွားပါပြီ၊ စိတ်ချပါ" ရှန်လုက ချူဟွားကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း ညင်သာစွာ ပြောလေသည်။ "ဆရာ့ဆီက လက်ဖက်ခြောက် ရထားတာ၊ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရောက်တာ၊ မြည်းစမ်းကြည့်ပါဦး"

ရှန်လု၏ ခွက်ထဲမှ လက်ဖက်ရည် တစ်ဝက်ခန့် လျော့နေသည်ကို မြင်လိုက်ရသဖြင့် တကယ် ပျောက်ကင်းသွားပြီဟု ယူဆရသည်။ မဟုတ်လျှင် လက်ဖက်ရည် သောက်မည် မဟုတ်။

သူမ စိတ်အေးသွားပြီး လက်ဖက်ရည် တစ်ငုံ သောက်လိုက်ရာ ရင်းနှီးသော အရသာကြမ်းကို ချက်ချင်း မှတ်မိလိုက်သည်။ "အဲဒီ တောလက်ဖက်ပင်ပဲလား"

ရှန်လု ပြုံးပြီး ခေါင်းညိတ်သည်။ "ဟုတ်ပါတယ်"

ဒီဆရာနဲ့တပည့်က တောလက်ဖက်ပင် တစ်ပင်တည်းကိုပဲ မဲနှိုက်နေကြတာကိုး။

ချူဟွား စနောက်လိုက်သည်။ "ရှင် ပြန်ရောက်ရင် အဲဒီအပင် ပြောင်တလင်းခါနေလောက်ပြီ"

"ပြန်ရောက်ရင်" ဆိုသော စကားလုံးကြောင့် စာကြည့်ခန်းတွင်း လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

System သည် သူတို့နှစ်ဦး နေ့စဉ်ဘဝအကြောင်း ပြောဆိုနေကြပြီး အခြေအနေ ကောင်းမွန်နေသည်ကို ကြည့်ကာ အချစ်ဇာတ်လမ်း ကြည့်ရတော့မည်ဟု ပျော်ရွှင်နေစဉ် ချူဟွား၏ စကားကြောင့် ဒေါသထွက်သွားလေသည်။

နင်က သံမဏိအပျိုကြီးပဲ၊ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်တော့ဘူး။

အရင်ဘဝတုန်းကလည်း အပျိုကြီးဘဝနဲ့ သေသွားရတာ၊ ဒီဘဝရော အပျိုကြီး လုပ်ဦးမှာလား။

ချူဟွားသည် ပြန်ပြောသံ မကြားသဖြင့် မော့ကြည့်လိုက်ရာ ရှန်လု၏ နူးညံ့ပြီး ပြောချင်သော်လည်း မပြောဖြစ်သော မျက်ဝန်းများနှင့် မထင်မှတ်ဘဲ ဆုံမိသွားလေသည်။

အရင်တုန်းက ရှန်လုသည် "လူကြီးလူကောင်း မိတ်ဆွေဖွဲ့ခြင်းသည် ရေကဲ့သို့ ကြည်လင်သည်"၊ "ငါက အချိန်မရွေး ထွက်သွားနိုင်တယ်၊ ရင်းနှီးဖို့ မလိုဘူး" ဆိုသည့် ခံစားချက်မျိုး ပေးလေ့ရှိသည်။ ညတိုင်း နက္ခတ်တာရာများ သင်ပေးပြီး အသက်အရွယ်လည်း တူညီသဖြင့် ဆရာလိုလို သူငယ်ချင်းလိုလို ဆက်ဆံရေးမျိုး ရှိသည်။

သူတို့နှစ်ဦး ကြယ်အကြောင်း၊ မိုးလေဝသအကြောင်း၊ ညီလာခံအကြောင်း၊ တစ်ခါတလေ အတင်းအဖျင်းအကြောင်း ပြောဖြစ်ကြသော်လည်း ချဉ်းကပ်ရခက်သော အကွာအဝေး တစ်ခု အမြဲ ရှိနေတတ်သည်။

ရှန်လုသည် မမြင်နိုင် မထိတွေ့နိုင်သော်လည်း ခံစားသိရှိနိုင်သော အကာအကွယ် တစ်ခုကို ဖန်တီးထားပြီး အခြားသူများ သူ့အနား မကပ်နိုင်အောင်၊ သူကိုယ်တိုင်လည်း အခြားသူများအနား မကပ်မိအောင် တားဆီးထားတတ်သည်။

ဒီနေ့ ဘာဖြစ်လို့လဲ မသိဘူး။ အဲဒီ အကွာအဝေးနဲ့ အကာအကွယ် မရှိတော့သလိုပဲ။

အကြည့်တစ်ချက်တည်းနဲ့ သူမ အထင်မှားတာ ဖြစ်ပါလိမ့်မယ်။

ဒါမှမဟုတ် ရှန်လုက နေပြန်ကောင်းကာစ ဆိုတော့ အကာအကွယ် ပြန်ဖွင့်ဖို့ မေ့နေတာ ဖြစ်မယ်။

ချူဟွား သိပ်ဂရုမစိုက်တော့ဘဲ စမ်းသပ် မေးလိုက်သည်။ "တောင်ပေါ်က မဆင်းခင် ဆရာက ညီလာခံအတွက် ဘယ်နှစ်နှစ် လုပ်ပေးရမယ်လို့ မှာလိုက်လဲ"

ရှန်လုက သူမမျက်လုံးများကို စိုက်ကြည့်ပြီး ဖြေသည်။ "ငါးနှစ်"

ချူဟွား: "ရှင် ဒီအလုပ်ကို မကြိုက်ရင် ကျန်တဲ့ လေးနှစ်အတွင်းမှာ တပည့်တစ်ယောက်လောက် လက်ခံပြီး ထူးချွန်တဲ့ နက္ခတ်ပညာရှင် ဖြစ်အောင် သင်ပေးခဲ့လိုက်ပေါ့၊ ပြီးရင် ရှင်ကြိုက်တဲ့ဘဝကို ပြန်သွားလို့ ရပြီလေ"

ရှန်လု: "..."

System: [……]

သူတို့နှစ်ဦး၏ လက်ရှိ စိတ်ခံစားချက်ကို စကားတစ်ခွန်းတည်းနှင့် တိတိကျကျ ဖော်ပြရလျှင် "နင်က သစ်တုံးမို့လို့ ငါ မုန်းတယ်" ဟူ၍ပင်။

System သာ ရှန်လုနှင့် သီးသန့်လိုင်း ချိတ်ဆက်လို့ရလျှင် ရှန်လုကို အားပါးတရ ရင်ဖွင့်လိုက်မိမှာ အသေအချာပင်။

ထိုအချိန်တွင် ချူဟွားသည် ဒီည လာရသည့် နောက်ထပ် ရည်ရွယ်ချက်ကို သတိရသွားပြီး စာအုပ်သေတ္တာထဲမှ သစ်သားသေတ္တာငယ် တစ်ခုကို ထုတ်ယူလိုက်သည်။

"အရင်က ပေးမယ် ပြောထားတဲ့ အပူချိန်တိုင်းကိရိယာလေ၊ လုပ်ရတာ နည်းနည်း ကြာသွားလို့ အချိန်မီ မပြီးလိုက်ဘူး"

Systemသည် သည်းမခံနိုင်တော့ပေ။ [သာမန်အားဖြင့် သစ်သားသေတ္တာလေးကို ဒီအတိုင်း ပေးလိုက်ပြီး တစ်ဖက်လူကို ဖွင့်ကြည့်ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုလေး ပေးသင့်တာ မဟုတ်ဘူးလား]

ရှိနေတဲ့ ကြည်နူးစရာ အငွေ့အသက်လေး နည်းနည်းကို သခင်က ဖျက်ဆီးပစ်လိုက်ပြီ ဆိုတော့ သူ မီးသီးလုပ်ပြီး လင်းပေးနေလည်း အလကားပဲ။

ချူဟွားက အနည်းငယ် ကြောင်သွားသည်။ "အရင်ရက်တုန်းက လာကြည့်တုန်းက လုပ်မယ်လို့ ပြောထားပြီးသားလေ၊ ဒီအချိန်မှာ ပေးမဲ့ပစ္စည်းက အပူချိန်တိုင်းကိရိယာ မဟုတ်ရင် ဘာဖြစ်မလဲ"

ဆိုလိုသည်မှာ ရှင်းနေသည် မဟုတ်ပါလား။ ပြောတာနဲ့ မပြောတာ ဘာထူးမှာလဲ။

Systemမှာ မူးမေ့လဲချင်သွားတော့၏။ [အဲဒီလိုလည်း မလုပ်သင့်ဘူးလေ]

ရှန်လုသည် System ၏ ကလေးသံလေးထဲတွင် ဒေါသကြောင့် ငိုသံပါနေသည်ကို ကြားလိုက်ရသဖြင့် နားရွက်ဖျားလေးများ ရဲသွားလေသည်။

အသက်မရှိတဲ့ System တောင် သိနေပြီ၊ တစ်စုံတစ်ယောက်ကတော့ တုံးနေတုန်းပဲ။

ထားလိုက်ပါတော့။ ဒါက သူ့ရဲ့ စိတ်လှုပ်ရှားမှုနဲ့ အထူးတလည် ဖြစ်တည်လာတဲ့ သဘောကျမှုလေးပါပဲ။

သူကိုယ်တိုင်တောင် ဒါက ဘာလဲဆိုတာ သေသေချာချာ မခွဲခြားနိုင်သေးဘူး၊ မလောပါနဲ့၊ သူ့အလိုလို ဖြစ်လာပါလိမ့်မယ်။

"ကျွန်တော် ဖွင့်ကြည့်လို့ ရမလား"

ချူဟွားက ခေါင်းညိတ်သည်။ "ရတာပေါ့၊ ဘယ်လို သုံးရမလဲ ဆိုတာလည်း ပြောပြရဦးမယ်"

ရှန်လုသည် နေမကောင်း ဖြစ်နေသော်လည်း ညီလာခံမှ ပေးပို့သော အစီရင်ခံစာများကို နေ့စဉ် ဖတ်ရှုနေရသဖြင့် ချူဟွားနှင့် System ဘာပြောကြသည်၊ ဘာလုပ်ကြသည်၊ အပူချိန်တိုင်းကိရိယာ တိကျမှုကို စမ်းသပ်ရန် လူရှာနေသည် အစရှိသည်တို့ကို သိရှိပြီး ဖြစ်သည်။

ရှန်လုသည် ဘယ်လိုသုံးရမည်ကို သိပြီးသား ဖြစ်သော်လည်း ထုတ်မပြောဘဲ ချူဟွားရှေ့တွင် သေတ္တာကို ဖွင့်ကာ ရှည်လျားသော အပူချိန်တိုင်းကိရိယာကို ထုတ်ယူပြီး မေးလိုက်သည်။ "ဒါက ဘယ်လို သုံးရတာလဲ"

သူတို့နှစ်ဦး စာကြည့်စားပွဲ တစ်ဖက်တစ်ချက်တွင် ထိုင်နေကြပြီး ရှန်လုက ပြဒါးပါသော ဘက်ကို ကိုင်ထားကာ ခါးမတ်မတ် ထိုင်နေသည်။

ချူဟွားက သူ့နှင့် အနည်းငယ် ဝေးနေပြီး မျက်နှာချင်းဆိုင် ပြောရတာ အဆင်မပြေသဖြင့် မတ်တတ်ရပ်ကာ စားပွဲတစ်ဖက်သို့ လျှောက်သွားပြီး ရှန်လုလက်ထဲမှ အပူချိန်တိုင်းကိရိယာကို သဘာဝကျကျ ယူလိုက်ကာ တစ်ချက် လှန်ကြည့်လိုက်သည်။

"ဒီလို ကြည့်ရတယ်၊ ငွေရောင်ဘက်ကို လျှာအောက် သို့မဟုတ် ချိုင်းကြားမှာ ထားပြီး ၅ မိနစ်လောက်နေရင် ထုတ်ကြည့်ရတယ်၊ အပေါ်မှာ အာရပ်ကိန်းဂဏန်းတွေ ရေးထားတယ်၊ ရှင် နားလည်ပါတယ်"

သူမသည် ဘဏ္ဍာရေးဌာနတွင် စာရင်းစစ်ရာ၌ အာရပ်ကိန်းဂဏန်းများကို အသုံးပြုခဲ့ပြီး ညီလာခံကလည်း အဆင်ပြေမှန်း သိသဖြင့် ဖြန့်ဝေပေးခဲ့သည်။ ယခုအခါ မြို့တော်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အများအပြားတွင် အသုံးပြုနေကြပြီ ဖြစ်ရာ ရှန်လုလည်း မသိဘဲ မနေပေ။

ချူဟွားသည် ချူအိမ်တော်တွင် စမ်းသပ်စဉ်က ပါးစပ်ဖြင့် ပြောရုံနှင့် လူအများစု တိတိကျကျ မလုပ်ဆောင်နိုင်သည်ကို တွေ့ရှိခဲ့သည်။

"စမ်းကြည့်မလား"

ချူဟွားက မတ်တတ်ရပ်လျက်၊ ရှန်လုက ထိုင်လျက်။ သူ မော့ကြည့်လာသောအခါ လှပသော မျက်နှာတွင် ရှက်သွေးဖြာနေသည်။ "အဆင်ပြေပါ့မလား"

"ပြေပါတယ်" ချူဟွားသည် စာကြည့်ခန်း စင်ပေါ်ရှိ သူမ ပေးထားသော အရက်ပျံ ပုလင်းကို ယူကာ ဝါဂွမ်းစဖြင့် တို့ပြီး အပူချိန်တိုင်းကိရိယာကို သုတ်လိုက်သည်။ "မသုံးခင်တိုင်း ခါရတယ်၊ ဂဏန်း ၃၅ အောက် ရောက်အောင် ခါရတယ်"

ချူဟွားက ရှန်လုကို လက်ရှိ အခြေအနေကို ပြလိုက်ပြီးနောက် "ကဲ၊ ပါးစပ်ဟ"

ရှန်လု: ?!!

System: [??!]

သူတို့နှစ်ဦးလုံး နားမလည်နိုင် ဖြစ်သွားကြသည်။ စောစောကမှ သစ်တုံး ဖြစ်နေပြီး အခုကျတော့ ဘာလို့ ဒီလောက် တက်ကြွနေရတာလဲ။

ရှန်လုသည် ချူဟွား ရည်ရွယ်ချက် ရှိလား၊ မရှိဘူးလား မသေချာသော်လည်း ပါးစပ် ဟလိုက်သည်။

ချူဟွား: "လျှာဖျား လိပ်တင်လိုက်"

ရှန်လု အသက် အသာအယာ ရှူသွင်းလိုက်ပြီး နားရွက်ဖျားများ တဖြည်းဖြည်း ရဲလာသည်။ စကားနားထောင်စွာဖြင့် လျှာဖျားကို လိပ်တင်လိုက်ရာ ပိုးသတ်ဆေးနံ့ ရသော အေးစက်စက် အပူချိန်တိုင်းကိရိယာ တစ်ချောင်း လျှာအောက်သို့ လျင်မြန်စွာ ဝင်ရောက်လာသည်။ ပါးစပ်ထဲတွင် တစ်ခါမျှ မကြုံဖူးသော ထူးဆန်းသည့် ခံစားမှုကြောင့် သူ အလွန် နေရခက်ပြီး ထွေးထုတ်ချင်စိတ် ပေါက်သွားသည်။

ချူဟွားက သတိပေးလိုက်သည်။ "ဖွဖွလေး ကိုက်ထား၊ ကိုက်မချိုးနဲ့နော်"

"ငွေရောင်ဘက်က ပြဒါးနဲ့ လုပ်ထားတာ၊ ပြဒါးက အဆိပ်ရှိတယ်၊ အငွေ့ပျံလွယ်တယ်။ အပူချိန်တိုင်းကိရိယာက ဖန်နဲ့ လုပ်ထားတာမို့ ကျိုးလွယ်တယ်၊ မကွဲလွယ်တဲ့ နေရာမှာ ထားရမယ်"

ရှန်လု၏ နားရွက်ပေါ်မှ အနီရောင်များ တဖြည်းဖြည်း လျော့ပါးသွားပြီး အားလုံး ကြားကြောင်း၊ သတိထားမည် ဖြစ်ကြောင်း ခေါင်းညိတ်ပြသည်။

သူ စကားပြော၍ မရ၊ စာသင်၍ မရသဖြင့် ချူဟွားလည်း ဤ ၅ မိနစ် တိုတောင်းသော အချိန်လေးကို အလောတကြီး မလုပ်တော့ဘဲ နေရာတွင် ပြန်ထိုင်ကာ လေ့ကျင့်ခန်း လုပ်ပြီးချိန်၊ ရေချိုးပြီးချိန်၊ ရေနွေးသောက်ပြီးချိန်များတွင် မသုံးရကြောင်း၊ မတော်တဆ ကွဲသွားလျှင် မည်သို့ လုပ်ဆောင်ရမည် စသည့် သတိပြုဖွယ်ရာများကို ပြောပြနေလိုက်သည်။

သတိပြုဖွယ်ရာများက ထိုမျှသာ ရှိသဖြင့် ပြောပြီးသည်နှင့် ချူဟွား ဘာဆက်ပြောရမည် မသိတော့ဘဲ လက်ဖက်ရည် သောက်ဟန်ပြုကာ အနေခက်သည့်အခြေအနေကို ဖုံးကွယ်လိုက်သည်။

ကံကောင်းသည်မှာ ရှန်လုလည်း ဒီအတိုင်း ထိုင်စောင့်နေရသည်ကို မလိုလားသဖြင့် စာရွက်ပေါ်တွင် စာတစ်ကြောင်း ရေးလိုက်သည်။

[မီးထွန်းပွဲတော်ကျရင် အရှေ့ပိုင်း လက်ဖက်ရည်ဆိုင်မှာ ပွဲအသစ် ရှိတယ်၊ မင်း သွားမလား]

System သည် သေလုမြောပါး ဖြစ်နေရာမှ ထထိုင်လိုက်၏။ ဒါ ချိန်းတွေ့တာပဲ။ အား... ရှန်လု အလှလေးက တကယ် တော်တာပဲ။

ရိုးရိုး မီးထွန်းပွဲတော် ဆိုလျှင် ချူဟွား စိတ်ဝင်စားမည် မဟုတ်သော်လည်း ပွဲအသစ် ရှိသည် ဆိုလျှင်တော့ တကယ် သွားချင်မိသည်။

"ဘာပွဲလဲ"

ရှန်လု ခေါင်းခါပြသည်။ [မသိဘူး]

ချူဟွား မသိစိတ်ဖြင့် မေးလိုက်သည်။ "System ရေ"

System လန့်ပြီး နောက်သို့ လန်ကျသွားသည်။ နင်လုပ်ပုံက ရုပ်ရှင်ကြည့်ဖို့ ချိန်းထားပြီး ဇာတ်သိမ်းကို အွန်လိုင်းမှာ ကြိုရှာကြည့်တာနဲ့ ဘာကွာလို့လဲ။ ဘယ်သူက အဲဒီလို လုပ်မှာလဲ။

[ငါ မရှိဘူး] System က ဒေါသတကြီး ပြောလိုက်သည်။ [နင် အခု သိသွားရင် မီးထွန်းပွဲတော်ကျ ဘာသွားလုပ်စရာ ရှိတော့မှာလဲ]

ချူဟွား: "... ဟုတ်ပါပြီ၊ မမေးတော့ပါဘူး"

ရှန်လု၏ မျက်ဝန်းထဲမှ အပြုံးရိပ်များ ပိုမို ပိုမို နက်ရှိုင်းလာသည်။ System က သူ့ System မဟုတ်ပေမဲ့ သူ့ဘက် အမြဲ ပါနေတာပဲ။

အချိန်ပြည့်သွားသောအခါ ရှန်လုက အပူချိန်တိုင်းကိရိယာကို ထုတ်လိုက်သည်နှင့် ချူဟွားက လက်လှမ်းလိုက်သည်ကို တွေ့လိုက်ရသည်။

ရှန်လု: "..."

ချူဟွား: "..."

သူများအစား အပူချိန် ကြည့်ပေးတာက ဘာမှ မဟုတ်ပါဘူး၊ ကလေးတွေနဲ့ လူနာတွေကို ပြုစုတုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။

ရှန်လုက ပထမဆုံး အကြိမ် သုံးဖူးတာ ဆိုတော့ ချူဟွားက မသိစိတ်ဖြင့် ကူကြည့်ပေးချင်လို့ လက်လှမ်းလိုက်မိတာ ဖြစ်သည်။ သို့သော် ရှန်လုက ဘာတွေ တွေးနေမှန်း မသိဘဲ အပူချိန်တိုင်းကိရိယာကို တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး နားရွက်များ အဖြူရောင်မှ အနီရောင်သို့ ပြောင်းလဲသွားကာ မျက်နှာလည်း တဖြည်းဖြည်း ရဲလာသည်ကို သူမ မျက်ဝါးထင်ထင် တွေ့လိုက်ရလေသည်။

ကိစ္စက ချက်ချင်း လမ်းကြောင်းလွဲသွားလေပြီ။

အဆိုးဆုံးမှာ System က ဝင်ပြောလိုက်ခြင်းပင်။ [မမကြီးဟွား၊ နင်က သူ့ကို မြှူဆွယ်...]

ချူဟွား အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ [ပါးစပ်ပိတ်ထား]

System မသင့်တော်သည့် စကားများ ထွက်မလာခင် သူမ တားဆီးနိုင်ခဲ့သဖြင့် တော်သေးသည်ဟု ယူဆသော်လည်း အခြေအနေ ပိုပြီး အနေခက်သွားစေသည်။ သူမ၏ လျင်မြန်သော တုံ့ပြန်မှုကလည်း အချိန်မီခဲ့ပုံ မရပေ။

System ဘာပြောမလဲ ဆိုတာ သူမ ရိပ်မိသလို ရှန်လုလည်း ရိပ်မိမှာ အသေအချာပင်။ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ပါးစပ်အုပ်ကာ ခေါင်းလှည့်သွားပုံ၊ တုန်ရီနေသော မျက်တောင်များနှင့် ရဲရဲတောက်နေသော နားရွက်များကို ကြည့်လျှင် သိသာလှသည်။

ချူဟွား: "..." သွားပါပြီ၊ ရှင်းပြလို့ မရတော့ဘူး။

…

All Chapters