အခန်း ၁၂၁
Vol. 9 Ch. 121
အပိုင်း (၁၂၁)
သာမန်အပြုအမူတစ်ခုပင် ဖြစ်လင့်ကစား ရှန်လုနှင့် System တို့၏ အပြုအမူကြောင့် မထင်မှတ်ဘဲ သံသယဖြစ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။
လေထုက ပိုပြီး နေရခက်လာလေလေ ကာယကံရှင်များက ပိုဟန်ဆောင်ကောင်းရလေလေပင်။
ချူဟွားသည် မတ်တတ်ရပ်ကာ ရှန်လုလက်ထဲမှ အပူချိန်တိုင်းကိရိယာကို လှမ်းယူလိုက်ပြီး သူ့လက်နှင့် လုံးဝ မထိတွေ့မိစေရန် သတိထား ရှောင်ရှားလိုက်သည်။
ရှန်လုသည် ချက်ချင်း ခေါင်းလှည့်သွားပြီး အပူချိန်တိုင်းကိရိယာ၏ ထိပ်ပိုင်းကို စိုက်ကြည့်နေမိသည်။ သူ ပါးစပ်ထဲ ငါးမိနစ်လောက် ငုံထားပြီး ထုတ်ထားတာ။ ဘာမှတောင် မသုတ်ရသေးဘူးလေ။
ချူဟွားသည် ရှန်လု၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိမထားမိသည့်အလား အရက်ပြန်ဂွမ်းဖြင့် သုတ်လိုက်ပြီး အပူချိန်တိုင်းကိရိယာကို လှန်ကြည့်လိုက်သည်။ ပြီးသည်နှင့် ပြန်ပေးလိုက်၏။
"ကောင်းတယ်။ အဖျား မရှိဘူး"
ရှန်လုသည် လှမ်းမကြည့်ဘဲ သစ်သားသေတ္တာထဲ တန်းထည့်ကာ အဖုံးပိတ်ပြီး ဘေးသို့ ချထားလိုက်သည်။ လှုပ်ရှားမှုများက တစ်ဆက်တည်း ဖြစ်ပြီး ပျာယာခတ်နေမှုထဲတွင် ရှက်ရမ်းရမ်းနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
System က သီးသန့်စကားပြောခန်းသို့ တိတ်တဆိတ် ပြောင်းလိုက်ပြီး တိုးတိုးတိတ်တိတ် ပြောလာသည်။ [ငါ့စိတ်ထင် အလှလေးရှန်လု ရှက်သွားတယ် ထင်တယ်]
ချူဟွား ဒေါသထွက်သွားသည်။
[နင် သိရက်နဲ့ ဘာလို့ လျှောက်ပြောနေတာလဲ]
Systemက ချက်ချင်းပင် အကြောင်းပြချက် ပေးလာသည်။ [အလှလေးရှန်လုက အပူချိန်တိုင်းကိရိယာ ထုတ်လိုက်တာနဲ့ တံတွေးတောင် မသုတ်ရသေးဘူး။ နင်က လှမ်းယူလိုက်တာလေ၊ ဒါ ခေတ်သစ် မဟုတ်ဘူး။ ရှေးခေတ်ဟ၊ နင် လုပ်တာက မြှူဆွယ်တာ မဟုတ်လို့ ဘာလဲ]
ပြောတာလည်း ဟုတ်နေသဖြင့် ချူဟွား ပြန်ပြောစရာ မရှိတော့ဘဲ တိုးတိုးလေး ဖြေရှင်းချက် ထုတ်လိုက်ရသည်။ [ငါ... ငါ အရင်တုန်းက သူငယ်ချင်းတွေ နေမကောင်းဖြစ်ရင်လည်း ဒီလိုပဲ လုပ်ပေးနေကျမို့လို့ပါ၊ ခုနက သတိမထားမိလိုက်လို့ပါ]
အဓိကကတော့ သူမက ရှန်လုကို သူငယ်ချင်းလို သဘောထားပြီး ပိုဂရုစိုက်ပေးချင်မိလို့ ဖြစ်သည်။ တခြားသူသာ ဆိုလျှင် အပူချိန် ကူကြည့်ပေးဖို့ မပြောနှင့်၊ အပူချိန်တိုင်းကိရိယာတောင် ပေးချင်မှ ပေးမည်။
System က အခွင့်ကောင်းယူပြီး ဆက်ပြောပြန်သည်။ [အလှလေးကို နင် မြှူဆွယ်ပြီးပြီဆိုတော့ တာဝန်ယူရတော့မလား]
ချူဟွား: [… ပါးစပ်ပိတ်ထားစမ်းပါ]
အပူချိန်တိုင်းကိရိယာလေး တစ်ချောင်း ပြန်တောင်းတာကိုများ သူမက ရှန်လုကို တစ်ခုခု လုပ်လိုက်သလိုမျိုး လာပြောနေတယ်။
လူနှင့် System တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် ရှန်လုသည် အပူချိန်တိုင်းကိရိယာကို မမြင်ရသည့် နေရာတွင် ထားလိုက်ပြီးနောက် စိတ်ကို အမြန် ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်ရသည်။
ချူဟွား၏ တုံ့ပြန်ပုံကို ကြည့်ရသည်မှာ သူမ တမင်လုပ်ခြင်း မဟုတ်ပေ။ သူက အလွန်အကျွံ တုံ့ပြန်လိုက်လျှင် နှစ်ဖက်စလုံး အနေခက်သွားနိုင်သည်။
"စာသင်ရအောင်"
"ဟုတ်ကဲ့"
နှစ်ဦးသား တိတ်ဆိတ်စွာဖြင့် နက္ခတ်တာရာ သင်ခန်းစာ တစ်ခုကို သင်ကြားလိုက်ကြသည်။
ချူဟွားက နှုတ်ဆက်ပြန်သွားပြီးနောက် ရှန်လုသည် စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း အကြာကြီး ထိုင်နေမိလေသည်။ ထို့နောက် သစ်သားသေတ္တာငယ်ကို ဖွင့်ကာ အပူချိန်တိုင်းကိရိယာကို ထုတ်ပြီး သေချာစွာ သုတ်သင်ရှင်းလင်းကာ ပြန်ထည့်လိုက်သည်။
ဒီလက်ဆောင်က နေ့စဉ်ဆောင်ထားတဲ့ ကျောက်စိမ်းပြားတွေ၊ ရနံ့အိတ်တွေထက် ပိုပြီး ကိုယ်ပိုင်ဆန်လွန်းတယ်။ အိပ်ခန်းထဲ ထားရင်လည်း ရင်းနှီးလွန်းရာ ကျနေမယ်။ တခြားနေရာ ထားပြန်ရင်လည်း ကွဲလွယ်တဲ့ ပစ္စည်းမို့ စိတ်မချရဘူး။
ရှန်လုသည် စာကြည့်ခန်းထဲတွင် တစ်ပတ် လျှောက်ကြည့်သော်လည်း သင့်တော်မည့်နေရာ မတွေ့သဖြင့် နောက်ဆုံးတွင် အရက်ပျံပုလင်းဘေးတွင်သာ ထားလိုက်တော့သည်။
ဒီနေရာမှာ ထားရင် မကြာခဏ မြင်နေရမယ်။ သုံးရင်လည်း အရက်ပျံနဲ့ သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူတယ်။ ကွက်တိပဲ။
သူ နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် စာကြည့်ခန်းတံခါးကို ပိတ်ကာ အခန်းသို့ အမြန် ပြန်သွားလိုက်သည်။
အခြားတစ်ဖက်တွင်တော့ System သည် ရှန်လု၏ လုပ်ဆောင်ချက်များကို ချူဟွားအား တစ်လုံးမကျန် အစီရင်ခံနေလေသည်။
[အပူချိန်တိုင်းကိရိယာလေး တစ်ချောင်းတည်းကို အလှလေးရှန်လုက ဒီလောက် တန်ဖိုးထားနေတာ။ လက်ဆောင်ပေးတဲ့သူ မတူလို့ ဆိုတာ သိသာလွန်းနေပြီ]
[မမကြီးဟွား၊ အလှလေးရှန်လုက နင့်ကို ကြိုက်နေတာလား] မေးသာ မေးလိုက်ရသည်။ System ကတော့ သူ့စိတ်ထဲတွင် အဖြေရပြီးသား ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ချူဟွားလည်း မသိပေ။
ပြဒါး အပူချိန်တိုင်းကိရိယာ တစ်ချောင်းက ခေတ်သစ်မှာဆို ငွေစအနည်းငယ်သာ ပေးရပြီး ၁၀ ချောင်းလောက် ပေးရင်တောင် လက်ဆောင်ကောင်းလို့ မခေါ်နိုင်ပါဘူး။ ဒါပေမဲ့ သာ့ရှန်းမှာကျတော့... ဒါက အပူချိန်ပဲ တိုင်းလို့ရတဲ့ ပစ္စည်းလေးလေ။
ရှန်လု၏ ထူးဆန်းသော တုံ့ပြန်မှုများကြောင့် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိသည်။
[အပူချိန်တိုင်းကိရိယာ ပေးတာက တကယ်ပဲ ရင်ခုန်စရာ ကောင်းနေလို့လား]
System လည်း နားမလည်ပေ။ [ငါ့အမြင်ပြောရရင် ဒီကိစ္စက ဘာမှ မဟုတ်ပါဘူး။ အပူချိန်တိုင်းကိရိယာ မသန့်ရှင်းရသေးခင် နင်က လှမ်းတောင်းလိုက်လို့ ဖြစ်မယ်]
ချူဟွား: [အပူချိန်တိုင်းကိရိယာရဲ့ အမြီးပိုင်းကို ကိုင်ပြီး ထိပ်ပိုင်းကို မထိရင် ရပြီပဲလေ]
ခေတ်သစ်က ဆရာဝန်တွေ လူနာအပူချိန် တိုင်းပေးရင်လည်း ဒီလိုပဲ ကိုင်တာပဲ။ ထိပ်ပိုင်းကို အရက်ပျံနဲ့ သန့်ရှင်းရေး လုပ်ပြီးရင် နောက်တစ်ယောက်အတွက် ဆက်သုံးလို့ ရတာပဲ။
System က သာ့ရှန်းလူသားများ၏ အတွေးအမြင်နှင့် မှန်းဆကြည့်သည်။ [သူက နင့်ကို အစကတည်းက သဘောကျနေလို့ ဖြစ်မယ်။ ဒါမှမဟုတ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သူက ဘယ်မိန်းကလေးနဲ့မှ ဒီလောက် နီးနီးကပ်ကပ် မနေဖူးလို့ ဖြစ်မယ်]
ဘာကြောင့်ပဲ ဖြစ်ဖြစ် ကိစ္စက ဖြစ်ပြီးသွားပြီ။ အဆင်ပြေအောင်လည်း ဟန်ဆောင်ပြီးသွားပြီ။ နောက်ပိုင်း ဆက်ဆံရေးကိုတော့ ဖြစ်သလိုပဲ နေလိုက်တော့မယ်။
ချူဟွား အိမ်ပြန်ရောက်ပြီး ချန်ဟွားကျွီသို့ သွားနေစဉ် အိမ်မကြီးဘက်မှ အလျင်အမြန် ထွက်လာသော ဝမ်သခင်မနှင့် ဆုံလေသည်။
"ဟွားအာ၊ သမီးကို ပြောစရာ ရှိတယ်"
သားအမိနှစ်ယောက် အခန်းထဲ ဝင်လိုက်သည်နှင့် ဝမ်သခင်မက စကားပလ္လင်မခံဘဲ လိုရင်းကို ပြောလိုက်သည်။ "မိန်းကလေးတွေက ၁၆ နှစ်ပြည့်ရင် အရွယ်ရောက်ပြီမို့ လက်ထပ်လို့ ရပြီ။ သမီးက ၁၅ နှစ် ရှိနေပြီ"
နိဒါန်းပျိုးလိုက်သည်နှင့် ချူဟွားမှာ စိတ်ပျက်သွားတော့သည်။
အရင်ဘဝတုန်းက ဒီလို နိဒါန်းမျိုးနဲ့ အကြိမ်ကြိမ် အိမ်ထောင်ပြုဖို့ အတိုက်တွန်းခံခဲ့ရဖူးသဖြင့် စိတ်ဒဏ်ရာ အကြီးအကျယ် ရထားသူ ဖြစ်သည်။ တကယ် ကြောက်နေပြီ။
တခြားအချိန်သာ ဆိုလျှင် System က ဝမ်သခင်မကို 'အလိုက်သိသူကြီး' ဘွဲ့ ပေးမိမှာ သေချာသော်လည်း ဒီညမှ သံသယဖြစ်ဖွယ် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပြီး သခင် စိတ်မငြိမ်သေးခင်မှာ လာပြောတာကတော့ အချိန်ကောင်း မဟုတ်လှပေ။
ဝမ်သခင်မ: "ဟွားအာ၊ သမီး ဘယ်လို စဉ်းစားထားလဲ"
အစကတော့ မင်္ဂလာကိစ္စ တိုက်တွန်းမလိုနှင့် ကြားထဲတွင် ဘာမှ မဆက်ဘဲ နိဂုံးချုပ်သွားသဖြင့် ချူဟွားတစ်ယောက် နားမလည်နိုင် ဖြစ်သွားရသည်။
သူမသည် မိသားစုဝင်များနှင့် စကားပြောရာတွင် ဝေ့ဝိုက်မနေချင်သဖြင့် တဲ့တိုးပင် မေးလိုက်သည်။
"အမေက သမီးကို နောက်နှစ် အိမ်ထောင်ပြုစေချင်တာလား"
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝမ်သခင်မ ခေါင်းခါလိုက်သည်။ "အမေက သမီးသဘောထားကို မေးကြည့်တာပါ၊ သမီးက အမြဲတမ်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိတဲ့သူလေ၊ တကယ်လို့ သမီးက ဒီတစ်နှစ် နှစ်နှစ်အတွင်း အိမ်ထောင်မပြုချင်သေးဘူး ဆိုရင် အမေက အောင်သွယ်တွေနဲ့ ဆွေမျိုးတွေကို ငြင်းလိုက်မလို့"
မိဘတိုင်းက သမီးကို လူကောင်းသူကောင်းနဲ့ လက်ထပ်စေချင်ကြသည်။ စောစောစီးစီး ရှာဖွေတတ်ကြသည်။ ချူဟွားလို ၁၅ နှစ် ရှိတာတောင် အိမ်ထောင်ဖက် မရှာရသေးသည့် မိန်းကလေးမျိုး ရှားသည်။
တချို့က အိမ်တွင်းရေး ပြဿနာများ၊ မယားငယ် လျိုယိညန်နှင့် သားသမီးများအကြား မသင့်မြတ်မှုများကြောင့် ချူဟွားကို ခေါ်ယူလျှင် အိမ်တွင်းရေး မငြိမ်သက်မည်ကို စိုးရိမ်ကြသည်။ တချို့ကျပြန်တော့လည်း ချူဟွားက စောစောစီးစီး အိမ်ထောင်မပြုချင်သေးသဖြင့် ဝမ်သခင်မက အေးဆေး ရှာဖွေနေခြင်းကြောင့်လည်း ပါသည်။
"အရင်တုန်းက အောင်သွယ်တွေ မလာကြပေမဲ့ အခု သမီးမှာ ဆရာကောင်းတွေ ရှိလာပြီ။ နန်းတော်နဲ့လည်း ပတ်သက်နေပြီ။ ညီလာခံက အရာရှိတွေနဲ့လည်း..." အနားယူစာ တင်လုနီးပါး ဖြစ်သွားသော ဝန်ထမ်းရေးရာဝန်ကြီးကို သတိရပြီး ဝမ်သခင်မ စကားထစ်သွားသည်။ "ဆက်ဆံရေး မဆိုးကြဘူးဆိုတော့ နှစ်မကူးခင်ကတည်းက အောင်သွယ်တွေ ရောက်လာပြီး ကမ်းလှမ်းနေကြတာ"
အပူချိန်တိုင်းကိရိယာ ကိစ္စကြောင့် ချူဟွားသည် နှစ်သစ်ကူးကာလကို ကောင်းကောင်း မဖြတ်သန်းနိုင်ခဲ့ပေ။ ဓာတ်ခွဲခန်းထဲတွင်သော်လည်းကောင်း၊ ဖန်ချက်စက်ရုံတွင်သော်လည်းကောင်း အချိန်ကုန်နေရသည်။ တခြားသူများကလည်း သူမအနားတွင် နန်းစောင့်တပ်များ ရှိနေသည်ကို သိသဖြင့် မလိုအပ်ဘဲ လာမနှောင့်ယှက်ရဲကြပေ။
ချူဟွားသည် အဘွားဖြစ်သူ၊ ချူရှူး၊ ချူချီနှင့် ဆွေမျိုးများကို ဟန်ဆောင်ဆက်ဆံရခြင်း ပျင်းရိသည်ကို လူတိုင်း သိသော်လည်း ထုတ်မပြောကြပေ။
ချူဆွေမျိုးများကမူ ချူဟွားသည် ချူချင်းကို မြှောက်စားပြီး မောင်နှမနှစ်ယောက်လုံး ရာထူးကြီးများ ရယူကာ ချူမိသားစု၏ ဂုဏ်ကို မြှင့်တင်ပေးရန် မျှော်လင့်နေကြသည်။
နှစ်သစ်ကူးကို မည်သို့ဖြတ်သန်းမည် ဆိုသည်ထက် သူတို့က ချူဟွား ပစ္စည်းအသစ်များ ထပ်လုပ်ပြီး အကျိုးဆောင်မှုများ ထပ်ယူကာ သူတို့ကို ဝေစုခွဲပေးဖို့ ပိုမျှော်လင့်နေကြသည်။
ယခု နှစ်သစ်ကူး ပြီးသွားပြီမို့ သားအမိနှစ်ယောက်လုံး အားလပ်ချိန်တွင် ဝမ်သခင်မက အခွင့်ကောင်းယူပြီး ပြောလိုက်ခြင်း ဖြစ်သည်။
ချူဟွား: "မလောပါနဲ့၊ နောက် နှစ်နှစ်လောက်နေမှ ပြောကြတာပေါ့"
ဝမ်သခင်မ: "သမီး စိတ်ထဲ ရှိရင် ပြီးတာပါပဲ။ ဒါဆို အမေ အောင်သွယ်တွေကို ငြင်းလိုက်တော့မယ်။ ဆွေမျိုးတွေဘက်ကိုတော့ အမေနဲ့ သမီးအဖေ တာဝန်ထားလိုက်"
ချူဟွား ပြုံးပြီး ဝမ်သခင်မ၏ လက်ကို ချိတ်ကာ ရှားရှားပါးပါး ချွဲလိုက်သည်။ "ကျေးဇူးတင်ပါတယ် အမေ၊ အမေက သမီးကို အချစ်ဆုံးပဲ"
လောလောဆယ် အိမ်ထောင်ပြုဖို့ ငြင်းလိုက်သော်လည်း စိတ်ထဲတွင် အရိပ်အယောင် အနည်းငယ် ကျန်ရစ်ခဲ့သည်။
ဒီကိစ္စက ရေစက်ပါပဲ။ သဘောကျတဲ့သူ မရှိရင် ပြီးရော။ ရှန်လု ဆိုတဲ့လူကတော့ ရုပ်ရည်၊ စိတ်နေသဘောထား၊ အရည်အချင်း အားလုံး သဘောကျစရာ ကောင်းတယ်။ အရေးအကြီးဆုံးက သူက အရာရှိ မဟုတ်ဘူး။ ဘယ်အုပ်စုနဲ့မှ မပတ်သက်ဘူး ဆိုတဲ့ အချက်က ချူဟွား အကြိုက်ဆုံးပဲ။
ဝန်ကြီးတစ်ယောက်ယောက်ရဲ့ သားတွေ မြေးတွေနဲ့ လက်ထပ်လိုက်ရင် သူများ ထိန်းချုပ်တာ ခံရမယ်။ ဒါမှမဟုတ် ယောက်ျားဘက်က ပါဝင်တဲ့ အုပ်စုထဲ လိုက်ပါရမယ်။ အဲဒီလို မဟုတ်ဘဲ ဘယ်သူနဲ့မှ မပတ်သက်ဘဲ ကြားနေအနေနဲ့ နေလို့ရတာက အကောင်းဆုံးပဲ။
တော်ကြာ ယောက်ျားက ဦးနှောက်မရှိဘဲ တစ်ခုခု လျှောက်လုပ်လို့၊ ဒါမှမဟုတ် သူများ အကွက်ချတာ ခံရလို့ မိသားစုပါ ဒုက္ခရောက်မှာ စိုးရိမ်ရသေးတယ်။
စဉ်းစားကြည့်လိုက်တော့ နောက်ခံမရှိတဲ့ ရှန်လုက ပိုသင့်တော်နေပြန်ရော။
ချူဟွားက စာလေ့လာခြင်းနှင့် အလုပ်ရှုပ်၊ ဝမ်သခင်မက စီးပွားရေး၊ အိမ်မှုကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် သားအမိနှစ်ယောက် အိမ်တစ်အိမ်တည်း နေသော်ငြား နေ့တိုင်း မတွေ့ဖြစ်ကြချေ။
အခုမှ ဆုံတုန်း ဝမ်သခင်မရဲ့ သမက်လောင်းအပေါ် အမြင်၊ ဘယ်လိုသမက်မျိုး လိုချင်လဲ၊ သဘောကျထားတဲ့သူ ရှိလား ဆိုတာတွေကို မေးမြန်းကြည့်လိုက်သည်။
ဝမ်သခင်မက ပွင့်ပွင့်လင်းလင်း ပြောလာသည်။ "အမေ ဘယ်လို သဘောထားလဲ ဆိုတာ အရေးမကြီးဘူး။ သမီး ဘယ်လို သဘောထားလဲ ဆိုတာက ပိုအရေးကြီးတယ်။ သမီးက နောင်တစ်ချိန် အရာရှိ ဖြစ်လာမှာ၊ ကိုယ်ပိုင် အခက်အခဲတွေ ရှိလာနိုင်တယ်။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာထက် ကိုယ်နဲ့ ကိုက်ညီတဲ့သူနဲ့ လက်ထပ်တာက ပိုအရေးကြီးတယ်"
ဒါက အိမ်ထောင်သက် ကြာပြီး ဘဝအတွေ့အကြုံ များသော အမျိုးသမီးကြီး တစ်ယောက်၏ ရင်ထဲက စကားများပင်။
ဆယ်ကျော်သက် အရွယ်မှာ အချစ်အတွက်ဆို အရာရာ စွန့်လွှတ်ရဲပေမဲ့ အသက် ၃၀၊ ၄၀ အရွယ် ရောက်လာရင်တော့ အပြောင်းအလဲ မြန်တဲ့ အချစ်ထက် တည်ငြိမ်တဲ့ ဘဝက ပိုအရေးကြီးတယ်လို့ ထင်မြင်လာကြတယ်လေ။
ဝမ်သခင်မက အမှန်ကန်ဆုံး အကြံဉာဏ် ပေးပြီးကာမှ သမီးက အချစ်ကို စိတ်ကူးယဉ်နေသည့် အရွယ် ဖြစ်နေသဖြင့် သူ့အကြံဉာဏ်ကို လက်ခံချင်မှ လက်ခံမှာ၊ များများ ပြောလျှင်လည်း ပြန်ကန်လာမှာ စိုးရိမ်မိပြန်သည်။
"တကယ်လို့ သမီးက ကိုယ်လည်း ချစ်၊ ကိုယ်နဲ့လည်း ကိုက်ညီတဲ့သူ တွေ့ရင်တော့ အမေက သမီးအတွက် အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ"
နှစ်ဦးနှစ်ဖက် အဆင်ပြေလျှင် အကောင်းဆုံး ဖြစ်ပေသိ ဝမ်သခင်မကတော့ ဘဝတွင် မပြည့်စုံသည်က ပိုများတတ်မှန်း သိနေသဖြင့် သိပ်ပြီး မမျှော်လင့်ရဲပေ။
"အမေ စိတ်ချပါ၊ သမီး ကိုယ့်အခြေအနေကိုယ် သိပါတယ်။ မိုက်မဲတဲ့ ရွေးချယ်မှုမျိုး မလုပ်ပါဘူး"
ချူဟွားက ဒီလောက် ပြောရုံနဲ့ ဝမ်သခင်မ စိတ်မချမှာ စိုးလို့ ထပ်ဖြည့်ပြောလိုက်သည်။ "တကယ်လို့ သမီး အဲဒီလူကို တွေ့ခဲ့ရင် အဖေနဲ့ အမေကို အကဲခတ်ခိုင်းပါဦးမယ်။ အဖေနဲ့ အမေ သဘောမတူရင် သမီး လုံးဝ မယူပါဘူး"
ဒါဆို ကောင်းတာပေါ့။
ဝမ်သခင်မ ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ သက်ပြင်းချလိုက်သည်။ "အမေပဲ အကဲခတ်ပေးပါမယ်။ သမီးအဖေက သိပ်စိတ်ချရတာ မဟုတ်ဘူး"
ချူဟွား: "အဖေက ဘာဖြစ်လို့လဲ"
ဝမ်သခင်မ: "သမီးလည်း သိတဲ့ အကြောင်းအရင်းတွေကြောင့် ချူရှူးရဲ့ မင်္ဂလာကိစ္စကို အမေ ဝင်မပါဘဲ သမီးအဖေနဲ့ ဆွေမျိုးတွေကိုပဲ လွှဲပေးထားလိုက်တယ်။ သူ့အမေက ပြဿနာ ရှာထားတော့ သူ့နာမည်လည်း ထိခိုက်ထားတယ်။ သိပ်ကောင်းတဲ့အိမ်နဲ့ နေရာချပေးလို့ မရတော့ သမီးအဖေက အဘက်ဘက်က ပြည့်စုံတဲ့ ကျွီရန် တစ်ယောက် ရှာပေးထားတယ်"
"ချူရှူးက နိမ့်ကျတဲ့အိမ်ကို မဆင်းချင်ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆွေမျိုးတွေရှေ့မှာ ပြဿနာ ရှာသေးတယ်။ အဲဒီ ပညာသင်မှာ ငယ်ရည်းစား ရှိတယ်တဲ့၊ သူက မယားပြိုင် မလုပ်ချင်ဘူး ဆိုပြီး ပြောတာ"
ချူဟွားနှင့် System အလကား အတင်းအဖျင်း နားထောင်နေစဉ် ဝမ်သခင်မက ဆက်မပြောတော့ပေ။
ချူဟွားက နားထောင်လို့ မဝသေး၊ System က အလျင်အမြန်ပင် အခပေး ဝန်ဆောင်မှု ယူကာ ပြန်ရောက်လာသည်။ [မမကြီးဟွား၊ ငါ ဆက်ပြောပြမယ်]
[နင့်အမေ ပြောတာက ယဉ်ကျေးနေသေးတယ်။ ချူရှူးက သာမန် ကျွီရန် တစ်ယောက်နဲ့ လက်ထပ်ရမယ် ဆိုတာ သိတော့ မျက်နှာပျက်သွားပြီး 'အဖေ၊ သမီးက ဒီလောက် နိမ့်ကျတဲ့သူနဲ့ ယူရရင် ညီမလေးကျတော့ ဘယ်လိုလုပ် ကောင်းတဲ့လူ ရနိုင်မှာလဲ' လို့ ပြောလိုက်သေးတယ်]
ဝမ်သခင်မလည်း မျက်နှာ ပျက်သွားလေသည်။
ချူဖျင်က သူ့ကို ပြန်မပြောပြလို့ ချူရှူး ဒီလို ပြောခဲ့မှန်း သူ မသိခဲ့ပေ။
System က ဆက်ပြောသည်။ [နင့်အဖေက ခဏ တွေဝေသွားတော့ ချူရှူးက နင့်အဖေ လက်ခံပြီ ထင်လိုက်တာ။ ဒါပေမဲ့ နင့်အဖေက 'ဟွားအာရဲ့ မင်္ဂလာကိစ္စအတွက် သမီး စိတ်ပူစရာ မလိုဘူး။ အရှင်မင်းကြီး ရှိတယ်' လို့ ပြောလိုက်တယ်]
[နင် မသိလိုက်ဘူး။ ချူရှူး မျက်နှာ စိမ်းသွားပြီး ငိုတော့မလို ဖြစ်သွားတယ်။ နင့်အဖေက 'အရှင်မင်းကြီး ဂရုမစိုက်ရင်တောင် မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး ရှိသေးတယ်' လို့ ထပ်ပြောလိုက်တော့ သူ တကယ် ငိုချလိုက်တော့တာပဲ]
ချူဟွား: "..."
ဝမ်သခင်မ: "..."
ချူဟွားနဲ့ လိုက်ပြိုင်နေတာကိုး။
ငယ်ငယ်ကတည်းက ချူရှူးက ချူဟွားနဲ့ အမြဲ ပြိုင်ခဲ့တာ။ လက်ဝတ်ရတနာ၊ အဝတ်အစား၊ သူငယ်ချင်း အစုံပြိုင်ပြီး သူများတွေ ဂရုစိုက်ခံရတာကို မနာလို ဖြစ်နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကြာပန်းဖြူမလေးလို ဟန်ဆောင်နေတတ်တယ်။
အိမ်ထောင်ပြုရမဲ့ အရွယ် ရောက်လာတော့လည်း ဘယ်သူက ပိုကောင်းတဲ့လူ ရမလဲ ဆိုတာ ပြိုင်ချင်နေပြန်ပြီ။
ချူဟွားက ကိုယ့်အရည်အချင်း တိုးတက်ဖို့တောင် အချိန်မလောက်တာ။ ချူရှူးက တစ်ချိန်လုံး သူများကို လိုက်ကြည့်ပြီး ပြိုင်နေရတာ ဘယ်လောက် ပင်ပန်းလိုက်မလဲ ဆိုတာ တွေးတောင် မတွေးရဲဘူး။
"အဖေ ရွေးပေးတာကို မလိုချင်ဘူး ဆိုတော့ သူက ကိုယ့်ဘာသာ ရွေးချင်လို့လား၊ ဟိုလူကို မေ့သွားပြီလား..."
တချို့ အတင်းအဖျင်းတွေက နားထောင်ပြီးရင် မေ့သွားတတ်တာမို့ အဲဒီ လူယုတ်မာ နာမည် ဘယ်သူလဲ ဆိုတာ မေ့သွားပြီ။
System က အမြန် သတိပေးလိုက်သည်။ [ကျင်ရွှိုက်ပါ]
[နင့်အဖေသာ ဂုဏ်သရေရှိ လူတန်းစားတွေရဲ့ သားသမီးတွေကို ရွေးပေးရင် သူ ငြင်းမှာ မဟုတ်ဘူး။ ပြောရရင် နင့်အဖေ ရှာပေးတဲ့လူက ရာထူးမရှိ၊ အာဏာမရှိ၊ ပိုက်ဆံမရှိလို့ ဆင်းရဲမှာ ကြောက်နေတာ]
[တကယ်တော့ အဲဒီ ကျွီရန်က ဓာတ်မြေဩဇာ အစီအစဉ်ကြောင့် ရာထူးငယ်လေး တစ်ခု ရနေပြီ။ ဆင်းရဲတဲ့ မိသားစုက လာပေမဲ့ ရိုးသားတယ်။ ကြိုးစားတယ်။ အလုပ်ကြိုးစားတယ်။ ကောင်းကောင်း လုပ်ရင် ရာထူးတက်ဖို့ လွယ်တယ်။ နင့်အဖေ အကြာကြီး လေ့လာပြီးမှ ရွေးပေးထားတာ]
အရှိန်အဝါ ရှိတဲ့ မိသားစုတွေက နာမည်ပျက် ရှိတဲ့ ချူရှူးကို သဘောမကျကြဘူး။ ချူဟွားနဲ့ ချူမိသားစုကို မျက်နှာလိုမျက်နှာရ လုပ်ချင်သူတွေကလည်း ချူဟွားနဲ့ ချူရှူး မတည့်မှန်း သိသွားကြတော့ စိတ်လျှော့လိုက်ကြတယ်။ ဒါကြောင့် ဝေးလံတဲ့ နေရာကို ထည့်ပေးမလား၊ ဆင်းရဲသား ပညာတတ်နဲ့ ပေးစားမလား ဆိုတာပဲ ရွေးစရာ ရှိတော့တယ်။
ဆင်းရဲသား ပညာတတ်တွေ ညီလာခံမှာ နေရာရဖို့ မလွယ်ကူပေမဲ့ တရားရေးဝန်ကြီးဌာနက ယောက္ခမ ရှိရင်တော့ အဆင်ပြေသွားမှာပါ။
နောင်တစ်ချိန် ချူဟွားနဲ့ ချူချင်း မျက်နှာကို ထောက်ပြီး ချူရှူးကို ဆိုးဆိုးရွားရွားဆက်ဆံရဲမှာ မဟုတ်ဘူး။ မတည့်ဘူး ဆိုပေမဲ့ သွေးသားတော်စပ်နေတော့ ကိုယ့်ညီအစ်မကို သူများ အနိုင်ကျင့်တာ ကြည့်နေမှာမှ မဟုတ်တာ။
ချူဖျင်ရော System ပါ ထိုကျွီရန်ကို လူကောင်းပါဟု ထောက်ခံနေမှတော့ ချူဟွားလည်း ယုံကြည်လိုက်သည်။
"ဒါဆို ချူရှူး ပြောတဲ့ ငယ်ရည်းစား ကိစ္စက ဘယ်လိုလဲ"
System: [ဒီခေတ်မှာ တစ်ရွာတည်း အတူကြီးပြင်းလာရင် ငယ်ရည်းစားလို့ ခေါ်ကြတာပဲ။ နယ်ပယ်က အရမ်း ကျယ်တယ်။ စေ့စပ်ထားတယ် ဆိုတာကတော့ ကောင်မလေး အမေက သမီးကို ကျွီရန်နဲ့ ပေးစားချင်လို့ ကောလာဟလ လွှင့်ထားတာ။ တကယ် မဟုတ်ပါဘူး]
[ချူရှူးက ကျွီရန်ရဲ့ ရွာကို လူလွှတ် စုံစမ်းခိုင်းပြီး သတင်းကြားကြားချင်း နင့်အဖေကို ပြာပြာသလဲ လာပြောတာ။ နင့်အဖေက လက်မခံတော့ ဆွေမျိုးတွေရှေ့မှာ ပြဿနာ ရှာတော့တာပဲ။ 'အဖေက ညီမလေးကိုပဲ ချစ်တာ။ သမီး သေတာရှင်တာကို ဂရုမစိုက်တော့ဘူးလား' ဆိုပြီး နင့်အဖေကို အရှက်ခွဲတာလေ]
ဒီအပိုင်းကိုတော့ ဝမ်သခင်မ သိသည်။ ချူဖျင် ဒေါသထွက်ပြီး ပြန်လာပြောပြဖူးသည်။
"သမီးချင်း အတူတူပဲ။ သမီးအဖေက ဘယ်လိုလုပ် ပစ်ထားရက်မှာလဲ၊ ဒါပေမဲ့ သူ ဒီလို ဆက်လုပ်နေရင်တော့ သမီးအဖေလည်း လက်လျှော့လိုက်တော့မယ် ထင်တယ်"
ချူရှူးက သူတို့ မိသားစုအပေါ် အမြင်မကြည်သဖြင့် ဘာပြောပြော မကောင်းမြင်နေတတ်သည်။ ချူဖျင်ကိုတောင် ဝမ်သခင်မရဲ့ စကား နားထောင်ပြီး သူ့ကို မကောင်းတဲ့အိမ် ပေးစားတယ်လို့ ထင်နေတာ။
ချူဟွားလည်း ဘာလုပ်ရမှန်း မသိပေ။ သူမက လူမှုဆက်ဆံရေးမှာ ဝမ်သခင်မလောက် မကျွမ်းကျင်ပေ။
"သူ မလိုချင်ရင်လည်း နေပါစေတော့။ တော်ကြာ တကယ် ယူဖြစ်သွားရင် ရန်ဘက်တွေ ဖြစ်ပြီး မင်္ဂလာဆောင်တာကနေ ရန်သူဆောင်တာ ဖြစ်သွားဦးမယ်"
System: [မမကြီးဟွား ပြောတာ မှန်တယ်။ ချူရှူး သဘောမတူဘဲ ယူလိုက်ရင် သူတို့လင်မယား နေ့တိုင်း စစ်ခင်းနေရမှာ]
ဝမ်သခင်မလည်း ဒီလိုပဲ တွေးသော်လည်း သူမ အနေအထားအရ ပြောရခက်သည်။ မဟုတ်လျှင် အဘွားကြီးနှင့် ချူရှူးတို့က နားထောင်မှာ မဟုတ်ပေ။
"သူတို့သဘောပါပဲလေ"
မကူညီဘူး ဆိုရင် တကယ် မကူညီတာ ပိုကောင်းတယ်။ ခဏလောက် သနားပြီး အကြံပေးမိရင် နောင်တစ်ချိန် ကိုယ့်သားသမီးတွေပါ ဒုက္ခရောက်လာနိုင်တယ်။
စကားစမြည် ပြောပြီးနောက် မိုးချုပ်ပြီ ဖြစ်သဖြင့် ဝမ်သခင်မ ပြန်ရန် ပြင်လိုက်တော့၏။ အပြင်ထွက်လိုက်သည်တွင် ချန်ဟွားကျွီ အပြင်ဘက်၌ ဝတ်ရုံထူကြီး ဝတ်ဆင်ထားသော ချူရှူး ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေသည်။
ချူရှူး ရပ်နေသည်မှာ ကြာပြီ ဖြစ်သဖြင့် ပခုံးနှင့် ဝတ်ရုံပေါ်တွင် နှင်းများ ကျရောက်နေပြီး မျက်နှာလေးမှာ အေးခဲ၍ ဖြူဖျော့နေသည်။
ဝမ်သခင်မကို မြင်သောအခါ အရိုအသေ ပြုလိုက်သည်။ "အမေ"
ချူဟွားက သူ့ကို မကြည်မှန်း သိရက်နဲ့ ဘာလာလုပ်တာလဲ။ တံခါးပိတ်ပြီး မောင်းထုတ်ခံချင်လို့လား ဟု ဝမ်သခင်မ တွေးလိုက်မိသည်။
"ညီမလေးကို လာရှာတာလား"
ချူရှူးက တွန့်ဆုတ်စွာဖြင့် ဖြေသည်။ "ဟုတ်ပါတယ်"
ထူးဆန်းလိုက်တာ။
ဝမ်သခင်မ အများကြီး မမေးတော့ဘဲ ပြောလိုက်၏။ "မိုးချုပ်နေပြီ။ ဟွားအာ အိပ်နေလောက်ပြီ။ အရေးကြီးကိစ္စ မရှိရင် နောက်ရက်မှ လာခဲ့ပါလား"
ချူရှူးက ခေါင်းငုံ့ထားလိုက်ကာ "သမီး အချိန်မရွေးတတ်လို့ပါ၊ အမေ ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
ဝမ်သခင်မ လန့်သွားသည်။ စိတ်ပြောင်းသွားတာလား။
မဟုတ်ဘူး။ ရိုးသားတဲ့ ပုံစံနဲ့ လှည့်စားပြီးမှ အခွင့်ကောင်းချောင်း ကိုက်မလို့ နေမှာ။
ဝမ်သခင်မ သတိမလွတ်ရဲပေ။ "မိုးချုပ်ပြီ။ ပြန်တော့"
"ဟုတ်ကဲ့ပါ" ချူရှူး ရိုကျိုးစွာဖြင့် ပြန်လှည့်ထွက်သွားသည်။
ဝမ်သခင်မသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် အိမ်မကြီးသို့ ပြန်ရောက်လာပြီး ချူဖျင်ကို ပြောပြရာ ချူဖျင်လည်း မယုံကြည်နိုင် ဖြစ်သွားသည်။
မကောင်းကြံနေတာများလား။
လင်မယားနှစ်ယောက် စိတ်ပူပြီး အိပ်မပျော် ဖြစ်နေစဉ် System အသံ ထွက်ပေါ်လာသည်။
[မမကြီးဟွား၊ ချူရှူး ခုနက နင့်ခြံဝ ရောက်လာတာ ဘာလုပ်ဖို့လဲ သိလား]
ချူဟွား အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။ [ဘာလုပ်ဖို့လဲ]
System: [သူ ပြဿနာရှာပြီး နင့်အဖေရဲ့ တုံ့ပြန်မှုကို မြင်တော့ စိုးရိမ်သွားပြီး လူလွှတ် စောင့်ကြည့်ခိုင်းထားတာ။ ဒီနေ့ နင့်အမေ နင့်ဆီ လာတာ မြင်တော့ နောက်က လိုက်လာပြီး ငါ့အကြောင်းတွေ လာခိုးနားထောင်တာ]
[အဲဒီ ကျွီရန်က တကယ် လူကောင်း ဖြစ်ကြောင်း၊ အလားအလာ ရှိကြောင်း၊ နင့်အဖေက သေချာ ရွေးပေးထားတာ ဖြစ်ကြောင်း၊ နင်နဲ့ နင့်အမေ ဝင်မပါကြောင်း သိသွားတော့ သူ လက်ထပ်ဖို့ သဘောတူလိုက်ပြီ။ မနက်ဖြန်ကျ နင့်အဖေကို တောင်းပန်ပြီး ဖွင့်ပြောမလို့တဲ့]
အားလုံး: "..."
ချူဟွားမှာ စိတ်ပျက်မိတော့သည်။ [ဆိုတော့ သူ့စိတ်ထဲမှာ အဖေအရင်းက နင့်လောက် ယုံကြည်ရတဲ့သူ မဟုတ်ဘူးပေါ့]
System: [နင့်အဖေက အလိမ်ခံရနိုင်တယ်လေ။ သူနဲ့ သူ့အမေက နင့်အဖေကို နှစ်ပေါင်းများစွာ လိမ်လာတာကိုး။ ငါကတော့ အလိမ်မခံရဘူးလေ]
အသံကြားနေရသော ချူရှူးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ ဟုတ်တယ်။ ဟုတ်တယ်။
System က ဆက်လက် တင်ပြလေသည်။ [ငါ ကြည့်လိုက်တာ ချူရှူးက ငါပြောတာကို အကြီးအကျယ် ထောက်ခံနေတယ်]
ချူဖျင်: "..."
အားလုံး: "..."
...