အခန်း ၁၂၂
Vol. 9 Ch. 122
အပိုင်း (၁၂၂)
အမျိုးသမီးများ၏ မင်္ဂလာဆောင်ခြင်းသည် ဒုတိယအကြိမ် လူဝင်စားခြင်း ဖြစ်သည်။ အိမ်ထောင်ဘက် ကောင်းမကောင်းသည် ဘဝ၏ ကျန်ရှိသော အပိုင်းကို တိုက်ရိုက် သက်ရောက်မှု ရှိသည်ဟု ပြောစမှတ် ပြုကြသည်။
ချူရှူးသည် မြို့တော်ရှိ ချူအိမ်တော်တွင် စည်းစိမ်ချမ်းသာများနှင့် နေသားကျနေပြီ ဖြစ်၍ ဝေးလံခေါင်သီသော မြို့ငယ်လေးသို့ သွားပြီး ဘာမှ ဝယ်မရသည့် ဘဝမျိုးကို မလိုချင်ပေ။ အရည်အချင်းမရှိသော ယောက်ျားတစ်ယောက်နှင့် လက်ထပ်ပြီး နှမ်းစေ့လောက် ရာထူးရှိသော အရာရှိလေးကို မြင်လိုက်သည်နှင့် ဦးညွှတ်အရိုအသေပေးရမည့် ဘဝမျိုးလည်း မလိုချင်ပေ။
သူမ၏ သူငယ်ချင်းများ အားလုံး အိမ်ထောင်ပြုကုန်ကြပြီဖြစ်သည်။ ရုပ်ရည်၊ အရည်အချင်း၊ မိသားစု အဆင့်အတန်း သူမလောက် မရှိသူများတောင် အိမ်ထောင်ကျကုန်ကြလေပြီ။ သူမ တစ်ယောက်တည်းသာ အပျိုကြီး လုပ်ကာကျန်ရစ်ခဲ့သည်။
ယိညန်၏ ကိစ္စကြောင့် ချူရှူးသည် ထိုသူငယ်ချင်းများနှင့် အဆက်အသွယ် မလုပ်တော့သော်လည်း သူတို့ ကွယ်ရာမှာ "အိမ်ထောင်မကျတဲ့ အပျိုကြီး"၊ "ဘက်စုံတော်နေပြီး ဘာလုပ်ရမှာလဲ၊ နောက်ဆုံးတော့ ဘယ်သူမှ မယူပါဘူး" ဟု အတင်းပြောကြမည်ကို တွေးလိုက်တိုင်း သူမ မျက်နှာပူမိသည်။
သူမသည် ဝမ်သခင်မထံ သွားရောက် တောင်းပန်ပြီး အိမ်ထောင်ဘက်ကောင်း ရှာပေးရန် ပြောချင်သော်လည်း နှစ်ပေါင်းများစွာ ရန်ငြိုးများ ရှိနေသဖြင့် ဝမ်သခင်မက သူမကို ဒုက္ခပေးမည်ကို စိုးရိမ်ကာ ပိုလို့ပင် စိုးရိမ်ပူပန်လာရသည်။
ညသန်းခေါင် အိပ်မက်များထဲတွင် ချူရှူးသည် အတိတ်က ဖြစ်ရပ်များကို မကြာခဏ ပြန်တွေးမိသည်။
အကယ်၍ ချူချီ အိမ်ပြန်လာပြီး ကိုယ်ပိုင်ငွေ ပြန်ရှာစဉ်က သူမသာ မမြင်ခဲ့လျှင်၊ ယိညန်ကို မတိုင်တောခဲ့လျှင်၊ ယိညန်ကလည်း အခွင့်ကောင်းယူပြီး ချူဟွားနှင့် ဝမ်သခင်မကို ဒုက္ခမပေးခဲ့လျှင် အခြေအနေ မည်သို့များ ဖြစ်နေပါမည်နည်း။
အကယ်၍ သူမသည် လှေပေါ်တွင် ချူဟွားနှင့် မတိုက်မိခဲ့လျှင်၊ လူသတ်မှုအတွက် တာဝန်ယူရမည်ကို ကြောက်ပြီး စောစောစီးစီး တောင်းပန်ခဲ့လျှင်၊ အဘွားနှင့် ယိညန်ကို ငိုယိုအော်ဟစ်ခွင့် မပေးခဲ့လျှင်၊ သံယောဇဉ်များ ကုန်ခမ်းသည်အထိ မလုပ်ခဲ့လျှင် အခြေအနေ မည်သို့ ဖြစ်လာမည်နည်း။
ထို့ပြင် သူမနှင့် ချူချီ၏ မိခင်အရင်းသည် ယိညန် မဟုတ်ဘဲ ဝမ်သခင်မသာ ဖြစ်ခဲ့လျှင်၊ အမြော်အမြင် ကြီးမားပြီး အသေးအဖွဲ အကျိုးစီးပွားများကို တွက်ကပ်မနေသော အမျိုးသမီးသာ ဖြစ်ခဲ့လျှင် သူတို့၏ လက်ရှိ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေမည် ဖြစ်သည်။
......
တွေးလို့သာ တွေးနေရသည်။ ကိစ္စများက ဖြစ်ပြီးသွားပြီ ဖြစ်၍ ချူရှူး ယခု လုပ်နိုင်သည်မှာ တစ်ခုတည်းသာ ရှိတော့သည်။ ငြိမ်ငြိမ်နေပြီး နောက်ဆုံး လက်ကျန် သံယောဇဉ်လေးကို ထပ်မဖြုန်းတီးမိဖို့ပင်။ မဟုတ်လျှင် နောင်တစ်ချိန် တစ်ခုခု ဖြစ်လာပါက ဖခင်အရင်းကပင် ကူညီချင်တော့မည် မဟုတ်ပေ။
နောက်တစ်နေ့တွင် ချူရှူးသည် ချူဖျင်ထံ သွားရောက် တောင်းပန်ပြီး ထိုကျွီရန်နှင့် လက်ထပ်လိုကြောင်း ပြောပြလိုက်လေသည်။
မနေ့ညက System ပြောစကားကြောင့် ချူဖျင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သေချာစေရန် မေးလိုက်၏။ "သမီး တကယ် သဘောတူတာလား"
"သမီး သဘောတူပါတယ်" ချူရှူးက တလေးတနက် ခေါင်းညိတ်ပြလိုက်သည်။
ဖခင်တစ်ယောက်၊ အိမ်ထောင်သည် တစ်ယောက်အနေဖြင့် ချူဖျင်က ထပ်မေးလိုက်သည်။
"လက်ထပ်တယ် ဆိုတာ မိသားစု နှစ်ဖက် ပေါင်းစည်းခြင်းပဲ။ စေ့စပ်ပြီးရင် ပြန်ပြင်ဖို့ မလွယ်တော့ဘူး။ သမီး နောက်ထပ် ရက်အနည်းငယ်လောက် စဉ်းစားဦးမလား"
ချူရှူး၏ မျက်နှာပေါ်တွင် သံသယများ ပေါ်လာသည်။ အရင်တုန်းက သူမ ငြင်းဆန်စဉ်က ချူဖျင် သဘောမတူခဲ့ပေ။ အခု ရက်ပိုင်းလေးအတွင်း ဘာကြောင့်များ သဘောထား ပြောင်းလဲသွားရပါသနည်း။ ဘာကြောင့်များ ထပ်စဉ်းစားခိုင်းနေရပါသနည်း။
ချူဖျင်က ရှင်းပြလိုက်သည်။ "သားသမီးတွေရဲ့ မင်္ဂလာကိစ္စကို လူကြီးတွေက ဆုံးဖြတ်ပေးတာ ထုံးစံပဲ။ အဖေ ရွေးပေးတဲ့ ဒီကျွီရန်က အဖက်ဖက်က စဉ်းစားပြီး သမီး ရွေးချယ်နိုင်တဲ့အထဲမှာ အကောင်းဆုံးပဲ"
"ဒါက သမီးအတွက် အကောင်းဆုံး ရွေးချယ်မှုလို့ တွေးမိတယ်။ သမီးက ငယ်သေးတော့ အတွေ့အကြုံ မရှိသေးလို့ ခဏတာ နားမလည်တာ ဖြစ်မယ်။ တဖြည်းဖြည်း နားလည်လာလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဟွားအာ ပြောတာ မှန်တယ်။ သမီး တကယ် သဘောမတူရင် ဆွေမျိုးတော်တာကနေ ရန်သူတော် ဖြစ်သွားလိမ့်မယ်။ အဲဒီလို ဖြစ်မဲ့အစား လက်မထပ်တာ ပိုကောင်းတယ်"
ချူဖျင်၏ မူလ လုပ်ရပ်သည် သာ့ရှန်းရှိ လူကြီးများနှင့် ဆင်တူသည်။ ကိုယ်က အတွေ့အကြုံ ပိုများသူမို့ သားသမီးတွေထက် ပိုသိသည်။ သားသမီး ကောင်းဖို့အတွက် ဆိုသည့် ခေါင်းစဉ်တပ်ပြီး သားသမီး ဆန္ဒကို လစ်လျူရှုကာ ကိုယ့်သဘောနဲ့ကိုယ် စီစဉ်တတ်ကြသည်။
သူ သားသမီးကို မချစ်လို့တော့ မဟုတ်ရပေမဲ့ ပတ်ဝန်းကျင်က လူတွေ အားလုံး ဒီလို လုပ်နေကြတဲ့ အခြေအနေမှာ သူလည်း မလွှဲမရှောင်သာ လိုက်လုပ်မိတာပါ။
ချူရှူးက ဆွေမျိုးများရှေ့တွင် ပြဿနာ ရှာပြီး လက်ထပ်ဖို့ ငြင်းဆန်တော့မှ၊ ဝမ်သခင်မနှင့် ချူဟွားတို့ ဝင်ပြောတော့မှ ချူဖျင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိသွားခြင်း ဖြစ်သည်။
ချူရှူးသည် ချူဖျင်၏ သဘောထားကို ပထမဆုံးအကြိမ် ကြားသိရပြီး သူမ မသိခဲ့သော ထည့်သွင်းစဉ်းစားမှုများကို သိလိုက်ရသဖြင့် နောင်တရသွားလေသည်။ "သမီး အဖေ့ကို အထင်လွဲမိပါတယ်။ သမီးအမှားပါ။ အဖေ ခွင့်လွှတ်ပါ"
သမီးဖြစ်သူ အမှားသိသွားသည်ကို မြင်သောအခါ ချူဖျင်လည်း ဆက်မပြောတော့ပေ။ "ဒီရက်ပိုင်း နှစ်သစ်ကူးနေတော့ အဖေလည်း တစ်ဖက်ကို အကြောင်းမပြန်ရသေးဘူး။ မီးထွန်းပွဲတော် ပြီးမှ အကြောင်းပြန်လိုက်မယ်"
ဆိုလိုသည်မှာ စိတ်ပြောင်းချင်သေးလျှင် နောက်ဆုံး အချိန်က မီးထွန်းပွဲတော် အထိပဲ ရမည်ဆိုသည့် သဘောပင်။
ချူရှူးသည် နားမလည်ဟန်ဆောင်ကာ လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။ "သမီး အဖေ့သဘောအတိုင်းပါပဲ"
ချူဖျင်: "..."
သမီးက ဒီလောက် လိမ္မာနေတာ တစ်ခုခု ကြံစည်နေတာများလား။
ထိုအတွေးဖြင့် ချူဖျင်သည် မီးထွန်းပွဲတော်အထိ သတိထား စောင့်ကြည့်နေခဲ့သော်လည်း ချူရှူးသည် အိမ်ထဲတွင် ငြိမ်ငြိမ်သက်သက် နေပြီး စာဖတ်ခြင်း၊ ပန်းထိုးခြင်းများသာ လုပ်နေသဖြင့် သူ့ဖာသာသူ အားနာစိတ် ဝင်မိသွားလေသည်။
ထိုညတွင် ချူဟွားသည် ချင်းကျူ၊ ဟုန်မေတို့ လိုက်ပါလျက် ကျားယီ၊ ချိုက်ကန်းတို့၏ အစောင့်အရှောက်ဖြင့် ချူအိမ်တော် တံခါးဝမှ ထွက်လာစဉ် မလှမ်းမကမ်းတွင် စောင့်နေသော ရှန်လုကို တွေ့လိုက်ရလေသည်။
ယနေ့ည ကောင်းကင်မှ နှင်းမှုန်များ ကျဆင်းနေပြီး ရှန်လုသည် ဝါးထီးတစ်ချောင်း ဆောင်းကာ လက်ရာမြောက်သော မီးပုံးလေး တစ်လုံးကို ကိုင်လျက် သစ်ပင်အောက်တွင် တစ်ယောက်တည်း ရပ်စောင့်နေလေသည်။ ကမ္ဘာလောကကြီးနှင့် အဆက်ပြတ်နေသူ တစ်ယောက်အလား အထီးကျန် ဆန်နေ၏။
ချူဟွားက အမြန် လျှောက်သွားလိုက်သည်။ "အကြာကြီး စောင့်လိုက်ရလား"
သူမ၏ အသွင်အပြင်သည် ပန်းချီကားချပ်ထဲသို့ သက်ဝင်လှုပ်ရှားမှုများ ထည့်သွင်းလိုက်သကဲ့သို့ ပန်းချီကား တစ်ခုလုံး ချက်ချင်း အသက်ဝင်သွားလေသည်။
"မကြာပါဘူး။ အခုလေးတင် ရောက်တာ" ရှန်လု အနည်းငယ် ပြုံးလိုက်ပြီး ချူဟွား ခေါင်းပေါ်သို့ ထီးမိုးပေးလိုက်ရာ တစ်ကိုယ်တည်း အထီးကျန် ဆန်နေမှုများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ချူဟွားသည် ရှန်လု၏ ထီးပေါ်တွင် တင်နေသော နှင်းများကို ကြည့်ကာ ပြုံးလိုက်ပြီး တစ်ဖက်လူ၏ ယဉ်ကျေးမှုကို မဖော်ထုတ်တော့ပေ။ "ဒါဆို ကောင်းတာပေါ့"
အေးစက်ချောမောသော အမျိုးသားနှင့် လှပတက်ကြွသော အမျိုးသမီးတို့ မျက်နှာချင်းဆိုင် ရပ်လျက် ပြုံးရယ်ကာ တိုးတိုးတိတ်တိတ် စကားပြောနေကြသည့် မြင်ကွင်းသည် အလွန် လှပလွန်းသဖြင့် ကျားယီ၊ ချိုက်ကန်းနှင့် အခြားသူများ ခြေလှမ်းတုံ့သွားကြပြီး အနားမကပ်ရဲကြတော့ပေ။
System အတင်းအဖျင်းကောင်လေးသည် အသံမထွက်ဘဲ အော်ဟစ်နေလေသည်။ အား... အား... အား... ဒါ ရည်းစားတွေ ချိန်းတွေ့ရင် ပြောကြတဲ့ မဖြစ်မနေ ဒိုင်ယာလော့တွေ မဟုတ်လား။ သခင် တိုးတက်လာပြီဟေ့။
ရှန်လုက ကိုင်ထားသော မီးပုံးကို ချူဟွားထံ ကမ်းပေးလိုက်သည်။ "မင်းအတွက်"
မြို့တော်၏ မီးထွန်းပွဲတော်သည် အမြဲတမ်း စည်ကားသိုက်မြိုက်လေ့ ရှိသည်။ ယနေ့ည ချူအိမ်တော်တွင်လည်း မီးပုံးများစွာ ချိတ်ဆွဲထားပြီး လမ်းမများပေါ်တွင်လည်း မီးပုံးကိုင်ထားသူများ ပြည့်နှက်နေသည်။
ဤထူးခြားသော နေ့ရက်တွင် လက်မထပ်ရသေးသူများရော၊ လက်ထပ်ပြီးသူများပါ အပြင်ထွက် လည်ပတ်ကြပြီး အပြန်အလှန် မီးပုံးလက်ဆောင် ပေးခြင်းသည် ပုံမှန် ကိစ္စပင်။
ချူဟွားလည်း မငြင်းဘဲ လက်ခံလိုက်သည်။
မက်မွန်ပွင့်ပုံစံ မီးပုံး ဖြစ်ပြီး ပန်းရောင် မက်မွန်ပွင့်များပေါ်တွင် ကြယ်ပွင့်လေးများ ပါဝင်နေသည်။ သေချာ ကြည့်လိုက်လျှင် နက္ခတ်တာရာပုံစံ ဖြစ်နေသည်။
ကြယ်တွေကို မက်မွန်ပွင့်ထဲ ထည့်သွင်းထားတာ။ ဒီလို စိတ်ကူးမျိုး ဘယ်သူမှ မရနိုင်ဘူး။ နက္ခတ်တာရာ ဝါသနာရှင်ကြီးက တကယ် ရှိုးထုတ်တာပဲ။
“သိပ်လှတာပဲ။ ဘာလို့ ပန်းရောင် သုံးထားတာလဲ"
မက်မွန်ပွင့် မီးပုံးများသည် အများအားဖြင့် အနီရောင် ဖြစ်လေ့ရှိပြီး ပန်းရောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ရှန်လု၏ အကြည့်သည် ချူဟွား၏ နောက်ကျောဘက်သို့ တစ်ချက် ရောက်သွားသည်။ ချူဟွား လှည့်ကြည့်လိုက်ရာ ချင်းကျူနှင့် ဟုန်မေ (အနီရောင်မက်မွန်ပွင့်) တို့ကို တွေ့လိုက်ရသဖြင့် ချက်ချင်း နားလည်သွားသည်။
သူမက ဒီအချက်ကို ဂရုမစိုက်သော်လည်း ရှန်လုက ကိုယ်တိုင် ရှောင်ရှားပေးခြင်းကို သူမ စိတ်ထဲတွင် ကျေနပ်မိသွားသည်။
... ငါ တကယ်ပဲ ရှန်လုကို သဘောကျနေတာများလား။ ချူဟွား ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင် ဖြစ်နေမိ၏။
System သည် သီးသန့်စကားပြောခန်းတွင် ရူးမတတ် အော်ဟစ်နေတော့သည်။ [အား... အား... အား... အလှလေးရှန်လုက နင့်ကို မြှူဆွယ်နေတာပဲ]
[နင့်အစေခံ နာမည်က ဟုန်မေ (အနီရောင်မက်မွန်ပွင့်) မို့လို့ သူက ပန်းရောင် မက်မွန်ပွင့် ပုံစံ လုပ်ပေးတာ။ နားလည်မှု လွဲစရာ လုံးဝ မကျန်အောင်လို့လေ။ မမကြီးဟွား၊ နင် ဒါကို နားမလည်သေးရင် တကယ် လွန်သွားပြီနော်]
ချူဟွား: […… မြင်ပါတယ်] ဒါကြောင့် နင် ပါးစပ်ပိတ်ထားလိုက်တော့။
သခင် ၏ မကျေနပ်မှုနှင့် ရှက်သွေးဖြာမှုကို ခံစားမိသည်လား မသိ၊ System ချက်ချင်း အသံတိတ်သွားပြီး သူတို့ကို မနှောင့်ယှက်တော့ပေ။
ချူဟွားသည် မီးပုံးကို နေရာတကာ သယ်မသွားချင်ပေ။ တစ်အချက်က အဆင်မပြေသောကြောင့်ဖြစ်ပြီး နှစ်အချက်က အေးလွန်းသည်။
သူမသည် မက်မွန်ပွင့် မီးပုံးကို ချင်းကျူလက်ထဲ ထည့်ပေးလိုက်သည်။ ချင်းကျူက တံခါးစောင့် အစေခံလေးထံ မီးပုံးအပ်ပြီး မှာကြားကာ ပြန်ရောက်လာသည်။
လူတစ်စု မြင်းလှည်း ပြောင်းစီးကြပြီး နာရီဝက်ခန့် အကြာတွင် မီးပုံးပွဲတော်သို့ ရောက်ရှိကြသည်။
ချင်းကျူနှင့် ဟုန်မေက ချူဟွားကို တွဲကူရန် ပြင်လိုက်စဉ် ရှန်လုက မြင်းလှည်းပေါ်မှ ဆင်းပြီး အနားတွင် ရပ်ကာ သူမတို့ထက် အရင် လက်ကမ်းပေးလိုက်သည်။
ချူဟွား: "..."
ရှန်လု: "..."
ဒီတစ်ခါတော့ ချင်းကျူ၊ ဟုန်မေတင် မကဘူး။ ကျားယီနှင့် ချိုက်ကန်းတို့ပါ ရိပ်မိသွားကြပြီ။
မြင်းလှည်း အတူစီးတာက အဆင်ပြေအောင်လို့ ပြောလို့ရပေမဲ့ လက်ကမ်းပေးပြီး တွဲကူတာကျတော့ ရှန်လု လုပ်ရမဲ့အလုပ် မဟုတ်ဘူးလေ။
ရှန်လုက မသိစိတ်က လှမ်းကူညီမိခြင်း ဖြစ်ပြီး သတိဝင်လာချိန်တွင် လက်ပြန်ရုတ်ဖို့ နောက်ကျသွားလေပြီ။
ချူဟွားသည် ရှန်လုကို ရှက်ရမ်းရမ်းပြီး ရပ်နေခွင့် မပေးဘဲ လက်ကို ဖွဖွလေး တင်ကာ နှစ်လှမ်းခန့်ဖြင့် မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး လက်ကို အမြန် ပြန်ရုတ်လိုက်သည်။
"သွားကြစို့"
ရှန်လု လက်ဖဝါးကို ဆုပ်လိုက်ပြီး ချူဟွား၏ လက်ကလေး သူ့လက်ဖဝါးပေါ် ကျရောက်ခဲ့သည့် အထိအတွေ့ကို မေ့ပျောက်အောင် ကြိုးစားလိုက်ရ၏။
နှစ်ဦးသား ယှဉ်တွဲ လျှောက်လှမ်းလာကြပြီး နောက်တွင် ချင်းကျူနှင့် ဟုန်မေ၊ ဘေးတွင် ကျားယီနှင့် ချိုက်ကန်းတို့က သံသယဖြစ်ဖွယ် လူများကို သတိထား စောင့်ကြည့်ရင်း ရံဖန်ရံခါ အရပ်ဝတ်ဖြင့် ရောက်ရှိနေသော အခြား အစောင့်များနှင့် မျက်ရိပ်ပြ အချက်ပြ နေကြသည်။
ချူဟွားသည် ဆိုင်ခန်းပေါင်းများစွာကို တွေ့လိုက်ရသည်။ ရွှံ့ရုပ်များ၊ သကြားရုပ်များ၊ သကြားလုံးများ၊ လက်ဝတ်ရတနာများ စသည်တို့မှာ ပွဲတော်ကာလ ပုံမှန် ဆိုင်ခန်းများ ဖြစ်သည်။ သူမ အမြန် ကျော်ဖြတ်လာပြီးနောက် ထင်းရှူးစေ့ သကြားလုံး ရောင်းသည့် ဆိုင်ခန်းလေး တစ်ခုကို တွေ့လိုက်ရသည်။
"ရှန်လု၊ ရှင် ထင်းရှူးစေ့ သကြားလုံး စားမလား"
ရှန်လု: ?
"မစားဖူးဘူး"
ဟုတ်သားပဲ။
ဘာကျွေးကျွေး စားတတ်ပြီး ဘဝနေထိုင်မှု ပုံစံကို ဘာမှ မတောင်းဆိုတတ်တဲ့ သူ့ပုံစံနဲ့ဆိုရင် တော်တော်များများ စားဖူးမှာ မဟုတ်ဘူး။
ချူဟွား အများကြီး မမေးတော့။ "လာ၊ နည်းနည်းလောက် ဝယ်မြည်းရအောင်"
စကားမဆုံးခင်မှာပင် သူမက လျှောက်သွားလိုက်သည်။
ဒီည လူအရမ်း များနေသဖြင့် ရှန်လုက လူအုပ်ကြားထဲ ကွဲသွားမည်ကို စိုးရိမ်ကာ အနောက်မှ ကပ်လိုက်သွားပြီး ရံဖန်ရံခါ လက်ဖြင့် ကာကွယ်ပေးထားလေသည်။
ဟုန်မေက ချူဟွားအတွက် ပစ္စည်းများ ဝယ်ပေးလေ့ ရှိသဖြင့် လျင်မြန် ဖျတ်လတ်ပြီး လူအုပ်ကြားထဲ တိုးဝင်ကာ ထင်းရှူးစေ့ သကြားလုံးကို ဦးအောင် ဝယ်ထားလိုက်သည်။ ချူဟွား ရောက်သည်နှင့် စားလို့ ရပြီဖြစ်သည်။
"ဟုန်မေ တော်တယ်" ဟု ချီးကျူးလိုက်ပြီး ချူဟွား မှာကြားလိုက်သည်။ "ဒီည လူများတယ်။ ငါတို့နဲ့ အရမ်း မခွာနဲ့၊ ဂရုစိုက်နော်"
ဟုန်မေက မျက်လုံးလေးများ ပိတ်သွားသည်အထိ ပြုံးလိုက်သည်။ "ဟုတ်ကဲ့ပါ။ သခင်မလေး စိတ်ချပါ"
တကယ်လို့ လူအုပ်ကြား ကွဲသွားရင်တောင် ခုနက ကျားယီ၊ ချိုက်ကန်းတို့နဲ့ မျက်ရိပ်ပြနေတဲ့ အရပ်ဝတ် အစောင့်တွေကို သွားရှာလိုက်မှာပေါ့။ သူက ဉာဏ်ကောင်းပါတယ်နော်။
ချူဟွားက သကြားလုံး တစ်လုံး ယူစားလိုက်ရာ အနေတော်လေး ဖြစ်ပြီး ချိုသော်လည်း မအီသဖြင့် သဘောကျသွားလေသည်။
သူမ နောက်တစ်လုံး ယူလိုက်ပြီး ရှန်လုကို ဝှေ့ယမ်းပြလိုက်သည်။ "မြည်းကြည့်မလား"
ရှန်လု တိတ်ဆိတ်သွားသည်။
System က သီးသန့်စကားပြောခန်းတွင် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ [မမကြီးဟွား၊ နင် သိပ်တော်တာပဲ။ နင် ပြန်မြှူဆွယ်လိုက်ပြီ]
[ထင်းရှူးစေ့ သကြားလုံး တစ်လုံး ကြေးလောင်းမယ်။ အပူချိန်တိုင်းကိရိယာ လက်ခံတာတောင် ပေါက်ကွဲမတတ် ရှက်နေတဲ့ အလှလေးရှန်လုက ပါးစပ်နဲ့ လာစားမှာ မဟုတ်ဘူး]
ချူဟွားက ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။ [လောင်းစရာ မလိုဘူး။ နင် နိုင်မှာ သေချာတယ်]
System: [ဟီး ဟီး...]
ရှန်လု အကြာကြီး တွေဝေပြီးနောက် လက်ဖဝါး ဖြန့်ပေးလိုက်သည်။ "ကောင်းပြီ"
ချူဟွားက "ငါ သိသားပဲ" ဆိုသည့် မျက်နှာထားဖြင့် သကြားလုံးကို သူ့လက်ဖဝါးပေါ် တင်ပေးလိုက်ပြီး ရှန်လု စားလိုက်သည်ကို ကြည့်နေလိုက်သည်။
"ဘယ်လိုလဲ"
ရှန်လုက အချို သိပ်မစားလေ့ ရှိသဖြင့် "ချိုတယ်" ဟု ဖြေသည်။
ချင်းကျူ: "သခင်မလေး၊ ဟိုဘက်မှာ သစ်သီးယိုတွေ ရှိတယ်။ သွားကြည့်မလား"
ချူဟွား: "သွားမယ်"
သူတို့တစ်ဖွဲ့ လမ်းလျှောက်လိုက်၊ ရပ်လိုက်၊ စားလိုက်၊ ကြည့်လိုက်ဖြင့် တစ်နာရီကျော်ကြာ လည်ပတ်ပြီးနောက် အရှေ့တိုင်း လက်ဖက်ရည်ဆိုင် ဘက်သို့ ဦးတည်သွားကြသည်။
မနှစ်က မီးထွန်းပွဲတော်တွင် အရှေ့တိုင်း လက်ဖက်ရည်ဆိုင်က နာမည်ကြီးခဲ့ဖူးသည်။ ဒီည ပွဲစချိန် မရောက်သေးသော်လည်း ဆိုင်ရှေ့တွင် လူအများအပြား စုဝေးနေကြပြီး ဖရဲစေ့၊ မြေပဲများ အဆင်သင့် ယူဆောင်လာကြသည်။
"မနှစ်က မြို့တော် ဂုဏ်ဆောင်လေးယောက်ရဲ့ အရှုပ်တော်ပုံ ၂ ခု စားခဲ့ရတယ်။ ဒီနှစ် ကျန်တဲ့ ၂ ခု စားရမလား မသိဘူး"
"ဘယ်လိုလုပ် အဲဒီလောက် တိုက်ဆိုင်မလဲ။ ဒါပေမဲ့ ခုနက ရှီးမန်ကျဲ တက်သွားတာ တွေ့လိုက်တယ်"
"နန်ကုန်းလင်လည်း တက်သွားတယ်"
"တုန်းဖန်းဟန်က အရှေ့တိုင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်ရဲ့ သားလေ။ စောစောကတည်းက ရှိနေတာ"
မနှစ်က လူအုပ်ကြားထဲ အတင်းအဖျင်း နားထောင်ရတာ အဆင်မပြေမှန်း သိခဲ့ရသဖြင့် ဒီနှစ် ချူဟွားက အပေါ်ထပ်မှ ကြည့်ရန် သီးသန့်အခန်း ကြိုတင် မှာယူထားသည်။
သူမ အခန်းထဲ ဝင်လိုက်သည်နှင့် နန်ကုန်းလင်၊ ဒုတိယမင်းသား၏ ကြင်ယာတော် စသူတို့ ရောက်လာကြပြီး ပဉ္စမမင်းသားလည်း ရောယောင် ပါလာသည်။
ထိုလူများသည် ကိုယ်ပိုင်အခန်း ရှိရက်နှင့် မသွားဘဲ ဒီမှာ လာတိုးဝှေ့နေကြသည်မှာ ရည်ရွယ်ချက် သိသာလွန်းနေသည်။
ချူဟွား: "... အတင်းအဖျင်း လာနားထောင်တာလား"
"ဒါပေါ့" အားလုံးက ပြုံးဖြီးဖြီးဖြင့် ဖြေကြသည်။
နှစ်ယောက်တည်း ရှိချင်သော ရှန်လု: "..."
ချူဟွား ဘာတတ်နိုင်မှာလဲ။ သူတို့ ဆန္ဒ ဖြည့်ဆည်းပေးရုံပေါ့။
[ထုံအာရေ]
[လာပြီဗျို့] System ချက်ချင်း ရောက်လာသည်။ [ဘာ အတင်းအဖျင်း စားချင်လဲ]
အားလုံးက ပြိုင်တူ ဖြေလိုက်ကြသည်။ "မြို့တော်ဂုဏ်ဆောာင်လေးယောက်ထဲ ကျန်တဲ့ နှစ်ယောက်ပေါ့"
ချူဟွားကလည်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒါဆို တုန်းဖန်းဟန် အကြောင်း အရင် ပြောရအောင်"
System: [ကောင်းပါပြီ]
သုံးစက္ကန့် ကြာသောအခါ System ပြာပြာသလဲ ပြန်ရောက်လာသည်။ [ဒီဖရဲသီး စားလို့ မဖြစ်ဘူး]
System ကို ရကတည်းက စားလို့မရသော ဖရဲသီးဆိုသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်၍ ချူဟွားမှာ စပ်စုချင်သွားသည်။ [ဘာဖြစ်လို့လဲ]
System က တိုးတိုးလေး ပြောသည်။ [သူက နင့်ကို...]
ဒီနေ့ အရှေ့တိုင်း လက်ဖက်ရည်ဆိုင်မှာ တုန်းဖန်းဟန် အကြောင်း ပြောလိုက်ရင် မနက်ဖြန်ကျ တစ်မြို့လုံးက တုန်းဖန်းဟန်က ချူဟွားကို ကြိုက်နေတယ် ဆိုတာ သိကုန်ကြတော့မယ်။ ချူဟွား နာမည်ပျက်သွားနိုင်တယ်။ တော်ကြာ ချူဖျင်က တုန်းဖန်းဟန် လူကောင်းပဲ ဆိုပြီး သဘောကျသွားရင် ဘယ်လိုလုပ်မလဲ။
သူက ချူဟွားနဲ့ ရှန်လု စုံတွဲကို အားပေးနေတာ။ ကိုယ့်လှေ ကိုယ်ပြန်မှောက်လို့ မဖြစ်ဘူး။
"ဟင်"
"ဟယ်"
"ဟာ"
အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး ရှန်လု၏ နှုတ်ခမ်းများ တင်းတင်းစေ့သွားလေသည်။
System စကား မဆုံးသေးသော်လည်း ထစ်အငေါ့ ဖြစ်နေပုံနှင့် ဟန်ဆောင်နေသော လေသံကို ကြည့်လျှင် ကျန်တဲ့ စကားလုံးများကို လူတိုင်း နားလည်လိုက်ကြသည်။
ချူဟွားလို စိတ်သဘောထား ပြတ်သားပြီး အရာရာကို မြင်နိုင်စွမ်းရှိတဲ့ System ပိုင်ဆိုင်ထားသူကိုတောင် မကြောက်ပါလား။
တုန်းဖန်းဟန်က တကယ့် လူစွမ်းကောင်းပါပဲ။
...