အခန်း ၁၂၅
Vol. 9 Ch. 125
အခန်း (၁၂၅)
တကယ်ပဲ သူတို့ ကိုယ်တိုင် တွေးတောမိသွားခြင်း ဖြစ်ပုံရသည်။
ချူဟွားက အခွင့်ကောင်းယူပြီး system ကို ပြောပြလိုက်၏။ [စကားလုံးတွေက ဓားသွားလို ထက်မြက်တယ်။ ကောလာဟလတွေက လူသတ်နိုင်တယ်။ ထုံအာ၊ နောက်ဆိုရင် စကားပြောတာ သတိထားပါ]
အထူးသဖြင့် system လက်ထဲတွင် သတင်းအမှန်များ ရှိနေရာ အချိန်ကြာလာသည်နှင့်အမျှ ဘေးလူများက မည်သည့်အရာက အမှန်၊ မည်သည့်အရာက system ၏ စကားသက်သက် ဆိုသည်ကို မခွဲခြားနိုင်ဘဲ အလွယ်တကူ ပြဿနာ တက်နိုင်သည်။
System သည် ကောလာဟလနှင့် cyberbullying၏ အင်အားကို သိရှိထားသည်။ ရှေးခေတ်တွင် ထိုအဆင့်ထိ မရောက်နိုင်ဟု ထင်သော်လည်း သတိထားရန် ဆုံးဖြတ်လိုက်သည်။
[ငါ မှတ်ထားလိုက်ပါပြီ]
သခင်က သည်လို လေးလေးနက်နက် ပြောဆိုခဲသဖြင့် သူက စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ဖရဲသီးအနည်းငယ် အကုန်ခံကာ ရှာဖွေကြည့်လိုက်သည်။ ထို့နောက် ယနေ့ည နားထောင်နေသော ပြည်သူ အများအပြားသည် ကောချန်နှင့် ရှီးမန်ကျဲ၏ ဆက်ဆံရေး အမှန်ကို သံသယ ဝင်နေကြပြီး ကောချန်၏ ဇနီးကို သနားနေကြကာ နောက်ပိုင်းတွင် ကောချန်၏ ဇနီးကို သူမ၏ ခင်ပွန်းသည် အခြား ယောက်ျားတစ်ယောက်နှင့် မရှင်းမရှင်း ဖြစ်နေကြောင်း သွားရောက် ပြောပြရန် ကြံစည်နေကြသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
System: !!!
ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။
အကယ်၍ အချိန်မီ ရှင်းလင်းခြင်း မပြုပါက ကောချန်နှင့် သူ့ဇနီးတို့သည် သူ၏ ပေါ့ပေါ့ဆဆ စကားတစ်ခွန်းကြောင့် ရန်ဖြစ်ကြပေလိမ့်မည်။ အကယ်၍ ကောချန်၏ ဇနီးက ဒေါသထွက်ပြီး ကွာရှင်းမည် ဆိုပါက ကိစ္စက တကယ် ကြီးကျယ်သွားပြီ။
Systemမှာ ရင်တုန်သွားတော့သည်။
သခင်နှင့် သီးသန့် စကားပြောရာတွင် မည်သို့ပင် ပြောပြော အဆင်ပြေသော်လည်း အဖွဲ့လိုက် စကားပြောခန်းပုံစံတွင် ပေါက်ကရ လျှောက်ပြောလျှင် တကယ်ပင် ပြဿနာ တက်လွယ်သည်။
သူက ကောချန်ကို အတော်လေး အားနာသွားသဖြင့် ကောချန်၏ ဖရဲသီးအကြောင်း ဆက်မပြောတော့ဘဲ ပိုကြီးမားသော ဖရဲသီး တစ်လုံးကို ထပ်ဖောက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဆိုလျှင် လူတိုင်း၏ အာရုံစိုက်မှုက ထိုဖရဲသီးပေါ်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး သူတို့ အထင်လွဲခဲ့သော ဖရဲသီးကို သဘာဝကျကျပင် မေ့လျော့သွားကြလိမ့်မည်။ လူအများစုက မိမိတို့၏ အမှားကို ရင်ဆိုင်ရန် မသိစိတ်က ငြင်းဆန်လေ့ ရှိကြသည် မဟုတ်ပါလား။
System က ဖွင့်ချရန် သင့်တော်မည့် ဖရဲသီးကို ရှာဖွေနေစဉ်တွင် အရှေ့တိုင်းလက်ဖက်ရည်ဆိုင်၏ လှုပ်ရှားမှုက နောက်ဆုံးတွင် စတင်လေပြီ။
ယွမ်ရှောင် မီးပုံးပွဲတော်သည် အခြေခံအားဖြင့် ပဟေဠိ ဝှက်ခြင်းနှင့် မီးပုံး ပြပွဲများသာ ရှိပြီး ဆန်းသစ်သော ပုံစံများ သိပ်မရှိသော်လည်း ယခုနှစ်တွင် အရှေ့တိုင်းလက်ဖက်ရည်ဆိုင်က ပွဲကြီးပွဲကောင်း တစ်ခု စီစဉ်ထားသည်။
ပဟေဠိ ဝှက်ခြင်း၊ မီးပုံးနှင့် ပြိုင်ပွဲ စသည့် အရာဟောင်း သုံးခု ရှိနေဆဲ ဖြစ်သော်လည်း ပုံစံ ပြောင်းလဲထားသည်။
အိမ်ရှင်က မြို့တော်၏ ထူးချွန်သူ လေးဦးကို ဖိတ်ခေါ်ပြီး နေရာယူစေကာ လူတိုင်းကို ပဟေဠိ ထုတ်ခြင်းနှင့် ပဟေဠိ ဖြေခြင်းတို့ဖြင့် နေရာတွင်ပင် စိန်ခေါ်စေသည်။ မည်သူမဆို သူတို့ လေးဦးစလုံးကို တစ်ပြိုင်နက် အခက်တွေ့အောင် လုပ်နိုင်ပါက ငွေလျန် သုံးရာနှင့် ရွှေယုန် မီးပုံး တစ်လုံးကို ယူဆောင်သွားနိုင်မည် ဖြစ်သည်။
မီးပုံးပေါ်တွင် ထိုင်နေသော ရွှေယုန်ရုပ် ကိုယ်တိုင်က ငွေအမြောက်အမြား တန်ဖိုးရှိပြီး ငွေလျန် သုံးရာ ဆုကြေးပါ ပေါင်းထည့်လိုက်လျှင် အရှေ့တိုင်းလက်ဖက်ရည်ဆိုင်က ပေးသော ဆုလာဘ်မှာ ကြီးမားလှသည်။
"ဟယ်၊ ဒီမီးပုံးလေးက ချစ်ဖို့ ကောင်းလိုက်တာ" ဒုတိယမင်းသား ကြင်ရာတော်သည် အဝေးက လှမ်းကြည့်ရုံဖြင့် သဘောကျနေပြီး မင်းသား ၅ ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "မောင်လေး ၅၊ မင်း လုပ်နိုင်မလား"
မင်းသား ၅: "... မရီး ၂၊ မရီး အခု လူလွှတ်ပြီး အစ်ကို ၂ ကို လာခိုင်းရင် မီပါသေးတယ်"
ဒုတိယမင်းသားသည် သံတမန်အဖွဲ့ကို ဦးဆောင်ပြီး နန်မန်သို့ သွားရောက်ကာ ခရီးပန်းပင်ပန်းဖြင့် အချိန်မီ ပြန်လာခဲ့ရာ နှစ်မကူးမီ ပြန်မရောက်နိုင်ခဲ့ဘဲ မနေ့ကမှ အိမ်ပြန်ရောက်ခဲ့သည်။
ဒုတိယမင်းသား ကြင်ရာတော်က ဒုတိယမင်းသား၏ အနားယူချိန်ကို မည်သို့ နှောင့်ယှက်ရဲပါမည်နည်း။
နန်ကုန်းလင်သည် စိန်ခေါ်ခံရမည့်သူအဖြစ် နေရာယူထားရသဖြင့် ဆုလာဘ် ယူ၍ မရရာ သူမသည် ချူဟွားကို ကြည့်လိုက်ရတော့သည်။ "ဟွားအာ၊ နင် သွားစမ်းကြည့်မလား"
ချူဟွားက ရယ်မောလိုက်ပြီး "ကျွန်မ စိတ်မဝင်စားပါဘူး"
ဒုတိယမင်းသား ကြင်ရာတော်သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အကြည့်က နောက်ဆုံးတွင် ရှန်လုထံ ရောက်ရှိသွားသည်။ "လူကြီးမင်းရှန် အောက်ဆင်းပြီး မစမ်းကြည့်ဘူးလား"
ရှန်လုသည် သူမကို ဂရုမစိုက်ဘဲ ချူဟွားကိုသာ အကြည့်ဖြင့် မေးမြန်းလိုက်သည်။ မင်း အဲဒီ ရွှေယုန် မီးပုံးကို လိုချင်လား။
ချူဟွားက ခေါင်းအနည်းငယ် ခါလိုက်သည်။ မလိုပါဘူး။ မက်မွန်ပွင့် မီးပုံးက ကောင်းပါတယ်။
ရှန်လု ပြုံးလိုက်သည်။ ဒါဆိုရင် ပြီးတာပါပဲ။
"မသွားတော့ပါဘူး"
မျက်လုံးချင်း စကားပြောလိုက်သည့် အချိန်မှာ တိုတောင်းလှသည်။ သို့သော် ဒုတိယမင်းသား ကြင်ရာတော်သည် ရှန်လုကို စိုက်ကြည့်နေသဖြင့် ထူးခြားမှုကို ချက်ချင်း သတိထားမိလိုက်သည်။ သူမသည် ဝူချဲ့ဖေးကို တုံ့ဆိုင်းစွာ ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်လုံးထဲတွင်လည်း တူညီသော အဖြေကို တွေ့လိုက်ရသည်။
ခမည်းတော်က ချူဟွားကို တော်ဝင်မိသားစုဝင် ဖြစ်စေချင်သည့် ဆန္ဒ ရှိနေဆဲ ဖြစ်ရာ ချစ်သူနှစ်ဦးကို အတင်းအကျပ် ခွဲခြားခြင်းမျိုးတော့ လုပ်မည် မဟုတ်တန်ရာ။
...
မြို့တော်၏ ထူးချွန်သူ လေးဦးတွင် ကိုယ်စီ အားသာချက်များ ရှိကြပြီး သူတို့လေးဦး ပူးပေါင်းကာ စင်မြင့်ကို ကာကွယ်ထားရာ တစ်ကြိမ်တည်းဖြင့် သူတို့ကို အနိုင်ယူနိုင်သူမှာ အလွန် ရှားပါးလှပေသည်။ အနည်းဆုံးတော့ သည်ညတွင် ထိုကဲ့သို့လူမျိုး ပေါ်မလာခဲ့ချေ။
တုန်းဖန်းလက်ဖက်ရည်ဆိုင် အတွင်းရှိ ဧည့်သည်များနှင့် အပြင်ဘက်တွင် စုဝေးနေကြသော ပြည်သူများသည် ထူးခြားဆန်းသစ်သော မီးပုံးပဟေဠိ ပြပွဲတစ်ခုကို ကြည့်ရှုခဲ့ကြရပြီး အားလုံး မျက်နှာများ နီရဲကာ အလွန် ကျေနပ်အားရနေကြလေသည်။
၂ နာရီ ကြာပြီးနောက်တွင် လှုပ်ရှားမှု ပြီးဆုံးသွားသော်လည်း ငွေလျန် ၃၀၀ နှင့် ရွှေယုန် မီးပုံးကို မည်သူမျှ အနိုင်ရယူသွားနိုင်ခြင်း မရှိချေ။
အိမ်ရှင်က ထွက်လာပြီး မျက်နှာလုပ်သည့် စကားအချို့ ပြောကြားကာ နောက်ဆုံးတွင် ပြောလိုက်လေသည်။ "ဒီနှစ်မှာ ဒီဆုတွေကို သိမ်းပိုက်နိုင်တဲ့ လူငယ်လူရွယ်တွေ မရှိတာ ဝမ်းနည်းစရာပါပဲ။ ကိစ္စမရှိပါဘူး။ ငါတို့ ဆုတွေကို ပေါင်းထည့်ထားလိုက်မယ်။ အားလုံးပဲ နောက်နှစ် ပြန်လာခဲ့ကြနော်"
ကြော်ငြာ တစ်ပွဲ ကောင်းကောင်း ဝင်သွားခြင်းပင်။
အပြန်လမ်းတွင် လူတိုင်းက သည်ည မြို့တော်၏ ထူးချွန်သူ လေးဦး၏ စွမ်းဆောင်ရည်ကို ပြောဆိုနေကြပြီး မည်သို့သော ပဟေဠိနှင့် နှစ်ကြောင်းကဗျာများ ရှိကြောင်း၊ တိုက်ခိုက်သူနှင့် ကာကွယ်သူတို့၏ စွမ်းဆောင်ရည် မည်မျှ ထူးချွန်ကြောင်း၊ သူတို့ ကြည့်ရှုရတာ မည်မျှ စိတ်လှုပ်ရှားရကြောင်း၊ ထိုအချိန်က တစ်စုံတစ်ယောက် မဖြေနိုင်သည့်အခါ သူတို့မှာ အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရကြောင်း ပြောဆိုနေကြလေသည်။
ချူဟွားသည် မြင်းလှည်းပေါ်တွင် ထိုင်နေစဉ် ကလေးအချို့ မြင်းလှည်းဘေးမှ ပြေးသွားကြပြီး ပါးစပ်မှလည်း မကြာသေးမီက နန်ကုန်းလင် စပ်ဆိုခဲ့သော နှစ်ကြောင်းကဗျာကို အော်ဟစ် ရွတ်ဆိုနေကြသည်ကို ကြားလိုက်ရ၏။
တုန်းဖန်းလက်ဖက်ရည်ဆိုင် ပိုင်ရှင်က နန်ကုန်းလင်ကို ဖိတ်ကြားသည့် ကိစ္စတွင် တုန်းဖန်းဟန်၏ လက်ချက် ပါဝင်သည် ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ၊ နောက်ဆုံး ရလဒ်မှာ နန်ကုန်းလင်သည် အမျိုးသားများနှင့် တစ်စင်မြင့်တည်း ယှဉ်ပြိုင်နိုင်ပြီး ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသကာ ပြည်သူများ၏ လက်ခံမှုကို ရရှိခဲ့ခြင်းသည် အလွန် ကောင်းမွန်သော အစပျိုးမှုတစ်ခု ဖြစ်ပေသည်။
သည်ည ပြီးနောက်တွင် အမျိုးသမီးများသည် နောက်ဖေးခြံဝင်းဟူသော ကမ္ဘာလေးထဲတွင် ဖိအားပေးခံရ၍ ချုပ်နှောင်ခံနေရမည့်အစား လူအများရှေ့တွင် မိမိတို့၏ အရည်အချင်းကို ထုတ်ဖော်ပြသလိုစိတ် ပိုမို ရှိလာကြပေလိမ့်မည်။
အမျိုးသမီးများသည် အမျိုးသားများထက် မညံ့ကြောင်း၊ လှောင်အိမ်ထဲက ငှက်လှလှလေးများ လုံးဝ မဟုတ်ကြောင်း သူတို့ နားလည်လာကြပေလိမ့်မည်။
မြင်းလှည်း ချူအိမ်တော်သို့ ရောက်သောအခါ ရှန်လုက အရင်ဆင်းပြီးနောက် ချူဟွားကို တွဲကူ၍ ဆင်းစေလေသည်။
ပတ်ဝန်းကျင်တွင် လူမရှိသည်ကို တွေ့သဖြင့် ချူဟွားလည်း မငြင်းဆန်ခဲ့ချေ။
ချင်းကျူနှင့် ဟုန်မေတို့သည် မိမိတို့၏ အလုပ်တာဝန် အပိုင်းအခြားကို စွန့်လွှတ်လိုက်ကြပြီး ရှန်လုကို ကြည့်နေသော မျက်လုံးများမှာ တောက်ပနေကာ "ဒါက သမက်လောင်း မဟုတ်ပါဘူးနော်" ဟု ပြောနေသကဲ့သို့ပင်။
ချူဟွားသည် အစေခံမ နှစ်ယောက်၏ မေးမြန်းလိုသော အကြည့်များကို ဂရုမစိုက်ဘဲ ရှန်လုကို ပြောလိုက်၏။
"နှင်းတွေ ပိုသည်းလာပြီ။ ရှင် ပြန်ဖို့ မြင်းလှည်းဆရာကို လိုက်ပို့ခိုင်းလိုက်မယ်။ အအေးမိမသွားအောင် ဂရုစိုက်ဦး"
ရှန်လုက မူလက ငြင်းဆန်ချင်သော်လည်း သူ့အရွယ်နှင့် ကျန်းမာရေး ကောင်းမွန်သဖြင့် မကြာခဏ အအေးမိလိမ့်မည် မဟုတ်ဟု တွေးလိုက်သော်လည်း ဤသည်မှာ ချူဟွား၏ စေတနာဖြစ်ပြီး သူ့ကို ဂရုစိုက်ကြောင်း ပြသခြင်းလည်း ဖြစ်သဖြင့် လက်ခံလိုက်လေသည်။
"ကောင်းပြီ။ မင်း ဝင်သွားတာကို ကြည့်ပြီးမှ ငါ သွားမယ်"
ချူဟွားသည်လည်း အရင်ဝင် နောက်ဝင်ကို အတင်းအကျပ် မတောင်းဆိုတော့ဘဲ သူ့စကား နားထောင်ကာ ချူအိမ်တော်ထဲသို့ အရင်ဝင်လိုက်ပြီးနောက် တံခါးဝ အတွင်းမှနေ၍ ရှန်လု မြင်းလှည်းစီးကာ ထွက်ခွာသွားသည်ကို လိုက်လံ ပို့ဆောင်ပေးလိုက်လေသည်။
မြင်းလှည်း အဝေးကြီး မရောက်သေးခင်မှာပင် system ၏ အမှတ်အသား ဖြစ်သော ကလေးသံလေးက အလောတကြီး ထွက်ပေါ်လာတော့သည်။ [အိမ်ပြန်ရောက်ပြီဟေ့၊ မမကြီးဟွား၊ ငါတို့ အတူတူ ယခင်မင်းကြီးနဲ့ လရောင်ဖြူရဲ့ ဖရဲသီးကို စားကြရအောင်]
သည်လို ပြောရုံဖြင့် မလုံလောက်သေးဘဲ system က သီချင်းပါ ဆိုလိုက်သေးသည်။
[လှိုင်းတွေကြားထဲမှာ~]
ချူဟွား: "..."
လူတိုင်း: "..."
System သည် ယခင်မင်းကြီးနှင့် လရောင်ဖြူတို့၏ အကြောင်းအရာများကို သူတို့အား မျှဝေချင်လွန်းသဖြင့် ခြေလှမ်း နှစ်လှမ်း ပိုလျှောက်ရန်ပင် မစောင့်နိုင်တော့ကြောင်း သိသာထင်ရှားလှပေသည်။
ဟီးဟီး၊ ဒါဆိုရင် သူတို့ကလည်း system ၏ ဤမျှ ကောင်းမွန်သော စေတနာကို အလဟဿ မဖြစ်စေသင့်ပါဘူးလေ။
လူအများအပြား တိတ်တဆိတ် စိတ်လှုပ်ရှားလာကြသည်။ တော်ဝင်မိသားစု၏ ဖရဲသီးဆိုသည်မှာ နေရာတိုင်း အချိန်တိုင်း စားရသည် မဟုတ်ဘဲ အချိန်ကောင်းနှင့် ကြုံကြိုက်သွားခြင်း ဖြစ်သည်။ သခင်မလေးက တကယ် စွမ်းတာပဲ။
ရှန်လုက ခေါင်းခါလိုက်၏။ သည်ည ဖရဲသီးက အစီရင်ခံစာထဲတွင် ကျန်ရှိနေမည် မဟုတ်ကြောင်း၊ နားထောင်ချင်လျှင် နေရာတွင်ပင် နားထောင်မှ ရမည်ကို သိသော်လည်း သူ နေရစ်ရန် အစီအစဉ် မရှိခဲ့ချေ။
ဘုရင်က အမတ်၏ ဇနီးသည်ကို လုယူသော ဇာတ်လမ်းတစ်ပုဒ်သည် အခြားရှုထောင့်မှ ကြည့်လျှင် ဘုရင်အာဏာ၏ လွှမ်းမိုးမှုကို သက်သေပြနေခြင်းပင်။ အရှင်မင်းကြီးသည် ဤကဲ့သို့သော ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သော ကိစ္စကို ပြုလုပ်ခဲ့သော်လည်း ထိပ်ဆုံးနေရာတွင် ရှိနေဆဲ ဖြစ်ပြီး တုန်လှုပ်ချောက်ချားခြင်း မရှိပေ။
ဤအကြောင်းကို တွေးမိတိုင်း သူသည် လောကကြီးနှင့် ဝေးရာသို့ ရှောင်တိမ်းနေထိုင်လိုစိတ် ပိုမို နက်ရှိုင်းလာလေသည်။
ရုတ်တရက် မြင်းလှည်း ရပ်တန့်သွားသော အသံကို သူ ကြားလိုက်ရပြီးနောက် ရှုပ်ထွေးသော ခြေသံများ ထွက်ပေါ်လာ၏။
လူ အများအပြား ရှိနေသည်။
ရှန်လု လှည်းလိုက်ကာကို မကာ ကြည့်လိုက်သောအခါ မြင်းလှည်း အများအပြား ချူအိမ်တော် တံခါးဝတွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရပြီး မင်းသား ၅၊ နန်ကုန်းလင်၊ ဒုတိယမင်းသား ကြင်ရာတော်၊ ဝူချဲ့ဖေး စသည့် သီးသန့်ခန်းထဲတွင် သူ တွေ့ခဲ့ရသူ အများစု ရောက်ရှိလာကြသည်ကို တွေ့လိုက်ရလေသည်။
လူအုပ်ကြီးသည် အလျင်အမြန် ဆင်းကာ ချူအိမ်တော်ထဲသို့ ပြေးဝင်သွားကြပြီး လေထဲတွင် တိုက်တွန်းသံ အချို့ ပါလာခဲ့၏။
"သွားပြီ။ သွားပြီ။ မမီတော့ဘူး"
"စောစောကတည်းက ချူဟွားနဲ့ အတူတူ ပြန်လာခဲ့သင့်တာ"
"ဟိုမှာက လူများပြီး လှည်းကျပ်နေတော့ နှေးသွားတာ"
"system မစသေးဖို့ မျှော်လင့်ပါတယ်"
ရှန်လု: "..."
သူတို့ ဘယ်လို ဆင်ခြေပေးပြီး လာကြမည်ကို သူ စဉ်းစားကြည့်လို့ ရသည်။ နန်းစောင့်တပ်မှူးက အစီရင်ခံစာ မတင်စေရန် ချူဟွား၏ ချန်ဟွားကျွီသို့ သွားမည် မဟုတ်ဘဲ မင်းသား ၅ ၏ ခြံဝင်းထဲသို့ သွားကြမည်မှာ သေချာသည်။
ဖရဲသီး စားဖို့အတွက်နဲ့တော့ တော်တော်လေး ကြိုးစားကြတာပဲ။
ရှန်လု ခန်းဆီးစကို ချလိုက်ပြီး ဆက်လက် အာရုံမစိုက်တော့ပေ။ မြင်းလှည်း ဖြည်းဖြည်းချင်း ရှေ့ဆက်သွားပြီး လေနှင့် နှင်းတို့က သူ၏ အတွေးများနှင့် စိုးရိမ်ပူပန်မှု အချို့ကို တိုက်ခတ် ယူဆောင်သွားလေသည်။ အရှင်မင်းကြီးက တုန်းဖန်းဟန် ချူဟွားကို မြတ်နိုးနေတဲ့ ဖရဲသီးကိုလည်း ဖိနှိပ်ထားမှာ မဟုတ်လောက်ပါဘူးနော်။
အခြားတစ်ဖက်တွင် ချူဟွားသည် လေအေးနှင့် နှင်းများကို အန်တုကာ ချန်ဟွားကျွီသို့ အမြန် ပြန်လာခဲ့၏။
[စားမယ်လေ]
System: [လရောင်ဖြူက ပိုင်မျိုးရိုး နာမည်က ယီယီတဲ့။ ဒီနာမည် ကြားလိုက်တာနဲ့ ပိုင် (အဖြူ) ပန်းပွင့်လေးလို ငှက်ကလေးလို မှီခိုနေတဲ့ ပုံရိပ်ကို မြင်ယောင်လာလား]
ချူဟွား: [မမြင်ယောင်ပါဘူး။ နာမည်ဆိုတာ မိဘတွေ ပေးတာပဲလေ။ အများအားဖြင့် ကလေးအပေါ် ထားရှိတဲ့ မိဘတွေရဲ့ မျှော်လင့်ချက် ပါဝင်တာပဲ။ ဥပမာ အန်းဖျင် (တိုင်းပြည်အေးချမ်း)၊ ကျန့်ကော (နိုင်ငံတည်ထောင်) ဆိုတာမျိုးပေါ့၊ နာမည်ဆိုး ပေးတာကလည်း မျှော်လင့်ချက် တစ်မျိုးပဲ။ ကလေးကို ဘေးကင်းစေချင်လို့လေ]
[နာမည်က လူတစ်ယောက်ရဲ့ အနာဂတ် ကြီးပြင်းလာမဲ့ လမ်းကြောင်းကို ဆုံးဖြတ်ပေးတယ် ဆိုတာ မရှိပါဘူး။ နာမည်နဲ့ ရုပ်ရည်ကို ကြည့်ပြီး လူကို ဆုံးဖြတ်လို့လည်း မရဘူး။ တကယ်လို့ မိန်းကလေး တစ်ယောက်ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါက နာမည်နဲ့ လိုက်ဖက်နေတယ် ဆိုရင် တိုက်ဆိုင်မှု ဖြစ်နိုင်သလို မိဘတွေရဲ့ တမင် ပြုစုပျိုးထောင်မှုလည်း ဖြစ်နိုင်တယ်]
System က မူလက စနောက်လိုက်ခြင်း ဖြစ်သော်လည်း ချူဟွား ထိုသို့ ပြောလိုက်သောအခါ သူက ပြန်လှန်ရှာဖွေကြည့်လိုက်လေသည်။
[သောက်ကျိုးနည်း] System က ဆက်တိုက် လေစုပ်လိုက်သည်။ [ရှေးခေတ်က မိန်းကလေး တော်တော်များများကို အိမ်တွင်းပုန်း အနေနဲ့ မွေးမြူထားကြတာ။ ပုံမှန်ဆို အပြင်မထွက်ရဘူး။ ပြင်ပလူတွေနဲ့ မတွေ့ရဘူး။ မိဘ မောင်ဘွားတွေ ကာကွယ်ပေးထားကြတယ်။ လေ့ကျင့်ခန်း လုပ်တာ။ လှုပ်ရှားတာ နည်းတော့ တော်တော်များများက နွဲ့နွဲ့နှောင်းနှောင်း ဖြစ်နေကြတာ]
[ဒီအခြေအနေကို ထည့်စဉ်းစားလိုက်ရင် ပိုင်ယီယီရဲ့ နွဲ့နှောင်းသနားစရာ ကောင်းတဲ့ ပုံစံက တိုက်ဆိုင်မှုလို့ ထင်ခဲ့ပေမဲ့ ပိုင်ယီယီရဲ့ မိဘတွေက ယောက်ျား အများစု ဒီပုံစံကို ကြိုက်မှန်း သိလို့ သမီးကို ဒီလိုပုံစံ ဖြစ်အောင် တမင် ပြုစုပျိုးထောင်ခဲ့တာပဲ]
ချူဟွား: "..."
လူတိုင်း: "..."
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဒါမှမဟုတ် အတင်းအကျပ် လက်ထပ်ယူတဲ့ အချစ်ဖရဲသီး စားရမယ် ထင်နေတာ။ ကြားရတာ တစ်ခုခု ကြံစည်မှုတွေ ပါဝင်နေသလိုပဲ။
ချက်ချင်း ရှုပ်ထွေးသွားပြီး ဦးနှောက်သုံးရတော့မည့် အခြေအနေပင်။
ပိုင်မိသားစုက အိမ်က မိန်းကလေးကို တမင်တကာ ပြုစုပျိုးထောင်ခဲ့တယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက်ကတည်းက စိတ်ကူး ရှိခဲ့တယ် ဆိုတဲ့ သဘောပဲ။ ကြံစည်မှုက တော်တော် နက်ရှိုင်းတာပဲ။ ဘာအတွက်လဲ ဆိုတာတော့ မသိဘူး။
ကောင်းပြီ။ နင် ငါတို့ရဲ့ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်သွားပြီ။
ချူအိမ်တော်တွင် စောင့်ကြပ်နေသော နန်းစောင့်တပ်သား အများအပြားလည်း ခါးမတ်လိုက်ပြီး နားစွင့်လိုက်ကြသည်။
...