အခန်း ၁၂၆
Vol. 9 Ch. 126
အခန်း (၁၂၆)
System: [ယခင်မင်းကြီး ငယ်ငယ်တုန်းက သူ့ကိုယ်သူ အရမ်း တော်တယ်လို့ ထင်ခဲ့တာ။ တော်ဝင်မိသားစုရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာကို အားကိုးစရာ မလိုဘဲ ကိုယ့်ဘာသာ နယ်ပယ်တစ်ခု တည်ထောင်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အပြင်ထွက်ရင် နာမည်ဝှက် သုံးတယ်။ မဖြစ်မနေ အခြေအနေ မဟုတ်ရင် မင်းသား ဖြစ်ကြောင်း ထုတ်မပြောဘူး]
[အဲဒီအချိန်တုန်းက ယခင်မင်းကြီးက အပေါ်ယံမှာ နေမကောင်းဟန် ဆောင်ပြီး တကယ်တမ်းကျတော့ လူတစ်စုကို ခေါ်ပြီး တောင်ပိုင်းကို တိတ်တဆိတ် ဆင်းသွားတယ်။ စာမေးပွဲ မသမာမှု ကိစ္စကို သွားစုံစမ်းတာလေ။ မြို့တော်ဘက်မှာ တစ်ယောက်ယောက် လာကြည့်ရင် ယခင်မင်းကြီးရဲ့ အမြွှာညီမကို ဟန်ဆောင် ဖြေရှင်းခိုင်းတယ်]
လူတိုင်း: ဟင်၊ ဒီဇာတ်ကွက်က ကြားဖူးသလိုပဲ။
ဟုတ်သားပဲ။ ဒါက ချူဟွား ယောက်ျားလေးလို ဝတ်ပြီး ချူချင်း အဖြစ် ဟန်ဆောင်တာ။ ချူချင်းအစစ်က တောင်ပိုင်းကို တိတ်တဆိတ် ဆင်းသွားတာနဲ့ အတူတူပဲ မဟုတ်လား။
ကြည့်ရတာ အရှင်မင်းကြီးရဲ့ စိတ်ကူးက ယခင်မင်းကြီးဆီက ရလာတာ ဖြစ်မယ်။
System: [အဲဒီတုန်းက ပိုင်မိသားစုက တောင်ပိုင်းမှာ ရှိတာ။ တော်တဲ့ ပန်းထိုးသမားတွေနဲ့ ရက်ကန်းရက်၊ ဆေးဆိုးတဲ့ နည်းပညာတွေ ပိုင်ဆိုင်ထားပြီး ပိုးထည် လုပ်ငန်း လုပ်ကိုင်ကာ ငွေတွေ အများကြီး ရနေတာ။ ဒါပေမဲ့ သူတို့က ဒီလောက်နဲ့ မကျေနပ်ကြဘူး။ ဘာလို့လဲဆိုတော့ တောင်ပိုင်းမှာ ပိုးထည် ကုန်သည်ကြီးတွေ အများကြီး ရှိတယ်။ တော်ဝင်မိသားစုအတွက် သီးသန့် ပိုးထည် ပို့ပေးရတဲ့ တော်ဝင်ကုန်သည်တွေလည်း ရှိတော့ သူတို့က သိပ်ပြီး ထင်ပေါ်တာ မဟုတ်ဘူး]
[ပိုင်မိသားစုမှာ အရွယ်ရောက်တဲ့ မိန်းကလေး ၃ ယောက် ရှိတယ်။ တည်ငြိမ်ပြီး တောက်ပတဲ့ ပုံစံ၊ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှု ရှိတဲ့ ပုံစံ၊ မြင်ရသူ သနားချစ်ခင်စေတဲ့ ပုံစံ ဆိုပြီး ခွဲခြား ပြုစုပျိုးထောင်ထားတယ်။ ပိုင်ယီယီက တတိယမြောက် ပုံစံ ဖြစ်ပြီး တောင်ပိုင်း မြို့ဝန်ရဲ့ အကြိုက်နဲ့ အကိုက်ညီဆုံးပဲ]
[အဲဒီအချိန်တုန်းက တောင်ပိုင်း မြို့ဝန်က အရှင်မင်းကြီးရဲ့ အချစ်တော် ကိုယ်လုပ်တော်ရဲ့ အစ်ကိုလေ။ ပိုင်မိသားစုက သူနဲ့ ဆွေမျိုးတော်စပ်ချင်ခဲ့တာ။ ဒီဆက်ဆံရေး ရှိသွားရင် တော်ဝင်ကုန်သည် မဖြစ်ရင်တောင် သူတို့ရဲ့ စီးပွားရေးက တစ်ဆင့် မြင့်တက်လာမယ်လို့ တွေးခဲ့တာ]
[အဲဒီတုန်းက ပိုင်ယီယီက ၁၆ နှစ်၊ အလှပဆုံး အရွယ်လေ။ တောင်ပိုင်း မြို့ဝန်က ၄၈ နှစ် ရှိပြီ။ ပိုင်ယီယီ အဖေထက်တောင် အများကြီး ပိုကြီးသေးတယ်။ မယားတွေ အများကြီး ရှိပြီး မြေးတောင် ၉ နှစ် ရှိနေပြီ။ ဒီလို လုပ်ရပ်က သမီးကို ရောင်းစားပြီး ဂုဏ်ရှာတာပဲ။ ထွီ]
နောက်ဆုံး စကားတစ်ခွန်းက ပိုင်မိသားစု၏ လုပ်ရပ်အပေါ် system မည်မျှ ရွံရှာကြောင်း ပြသရန် လုံလောက်ပေသည်။
နန်ကုန်းလင်၊ ဒုတိယမင်းသား ကြင်ရာတော်၊ ဝမ်သခင်မ စသည့် အမျိုးသမီးများသာ ကိုယ်ချင်းစာမိပြီး အသက်ရှူကျပ်သလို ခံစားရသည် မဟုတ်။ မင်းသား ၅၊ ချူဖျင်၊ ဖေ့မင်ချန် စသည့် သူများလည်း နားထောင်ရင်း မျက်မှောင်ကြုတ်မိကြသည်။
တော်ဝင်မိသားစုနှင့် ဆွေကြီးမျိုးကြီး အိမ်တော်များသည် လက်ထပ် ထိမ်းမြားလေ့ ရှိကြသော်လည်း လက်ထပ်ခြင်းသည် ဆက်ဆံရေး ပိုမို ခိုင်မာစေရန်နှင့် နှစ်ဖက်စလုံး ပိုမို ကောင်းမွန်စေရန် ဖြစ်ပြီး ဂုဏ်ရည်တူခြင်းနှင့် လိုက်ဖက်ညီခြင်းကို ဦးစားပေးသည်။ ဆွေမျိုးတော်စပ်ခြင်းကို ရန်ငြိုးဖွဲ့ခြင်း ဖြစ်အောင် မလုပ်ဆောင်ရ။ မိန်းမပျိုလေးကို အဘိုးကြီးနှင့် ပေးစားသည့် အခြေအနေမျိုး အလွန် ရှားပါးသည်။
System ပြောသကဲ့သို့ပင် ဒါက သမီးကို ရောင်းစားပြီး ဂုဏ်ရှာခြင်း စစ်စစ်ပင်။
ချူဟွား၏ ခြေလှမ်းများက တန့်သွားလေသည်။ [ပိုင်ယီယီက သဘောတူလို့လား]
System: [သဘောမတူလို့ရော ဘာလုပ်နိုင်မှာလဲ။ ပိုင်မိသားစုက သူတို့ကို ငယ်ငယ်လေးကတည်းက အဲဒီဘက်ကို ဦးတည်ပြီး ပြုစုပျိုးထောင်ခဲ့တာ။ နည်းမျိုးစုံနဲ့ ဦးနှောက်ဆေးပြီး PUA(စိတ်ဓာတ်ရေးရာ ဖိအားပေးတာ )လုပ်တာ၊ မိသားစုအတွက် ပေးဆပ်ရမယ် ဆိုပြီးတော့လေ။ သိတဲ့လူက သခင်မလေးလို့ ပြောကြပေမဲ့ မသိတဲ့လူဆိုရင် မြင်းပိန်မလေး (အပျော်မယ်) လို့ ထင်ကြမှာ]
[မိန်းကလေးတွေရဲ့ အိမ်ထောင်ရေးကို မိဘတွေက ဆုံးဖြတ်ကြတာ။ လောကစည်းမျဉ်းတွေနဲ့ စည်းကမ်းတွေ ရှိနေတော့ စိန်ခေါ်ရဲတဲ့လူ ရှားတယ်။ ပိုင်ယီယီက ယခင်မင်းကြီးကို သိကျွမ်းပြီး သံယောဇဉ် ဖြစ်ခဲ့တာက တော်တော် ဟုတ်နေပြီ]
နောက်ပိုင်းတွင် ပိုင်ယီယီ ဘာလုပ်ခဲ့သည်ကို ချူဟွား သိသော်လည်း ဤအခြေအနေအရ ပြောရမည် ဆိုလျှင် [ပိုင်ယီယီသာ ချူရှူးရဲ့ သတ္တိမျိုး အနည်းငယ် ရှိပြီး အဘိုးကြီးကို ယူရမယ်မှန်း သိတာနဲ့ မိသားစု တစ်ခုလုံး ငြိမ်းချမ်းမှု မရှိအောင် လုပ်ခဲ့ရင် အဲဒီလို ဇာတ်သိမ်းမျိုး ရောက်ချင်မှ ရောက်မှာ]
System: [ချူရှူးလိုမျိုး ကိုယ့်အတွက် အစွမ်းကုန် ကြိုးစားပြီး တွန်းလှန်ရဲတဲ့ မိန်းကလေးမျိုးက ရှားပါတယ်]
ဖရဲသီး ကပ်စားနေသော ချူရှူး: "..." ဒါဆို နင်တို့နှစ်ယောက်ရဲ့ စကားကို ငါ့ကို ချီးကျူးတာလို့ပဲ သတ်မှတ်လိုက်မယ်။
ချူအိမ်တော်ရှိ လူအများအပြားလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ မိန်းမပျိုလေးက အဘိုးကြီးကို ယူရတာ သူတို့ရဲ့ ခံနိုင်ရည်ကို စိန်ခေါ်နေသလို ဖြစ်နေသည်။ ခေါင်းငုံ့ခံနေခြင်းထက်စာလျှင် သူတို့က ထကြွပုန်ကန်တာကို ပိုမြင်ချင်ကြသည်။
System က ဆက်ပြောသည်။ [ယခင်မင်းကြီးက ပိုင်ယီယီနဲ့ နီးကပ်အောင် လုပ်တာက သတင်းရလို့လေ။ ပိုင်မိသားစုက စာမေးပွဲ မသမာမှု ကိစ္စနဲ့ ပတ်သက်နေတယ်တဲ့။ ပိုင်ယီယီရဲ့ အစ်ကိုက ဒီနှစ် စာမေးပွဲ ဖြေတဲ့သူလေ။ ပိုင်ယီယီကနေတစ်ဆင့် သတင်းနည်းနည်း စုံစမ်းချင်လို့ မတော်တဆ တွေ့ဆုံမှု တစ်ခု ဖန်တီးလိုက်တာ]
[မြို့တော်မှာ ဘယ်လို မိန်းကလေးမျိုး မရှိလို့လဲ။ ရွှေနွယ်ပင်လို မိန်းကလေးတွေလည်း အများကြီးပဲ။ ယခင်မင်းကြီးက ပိုင်ယီယီကို မြင်မြင်ချင်း ချစ်သွားတာ မဟုတ်ပါဘူး။ ရေမြေခြားက လာတဲ့ မိန်းကလေးက တော်တော်လေး ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရရုံပါ။ စိတ်လှုပ်ရှားမှု နည်းနည်း ရှိပေမဲ့ အများကြီး မဟုတ်ဘူး။ အမှုစစ်ချင်လို့ သူ့ကို စနောက်ခဲ့တာ]
[ပိုင်ယီယီက သူ့ရဲ့ အထောက်အထားကို မသိဘူးလေ။ ယခင်မင်းကြီးကို တောင်ပိုင်းမှာ စီးပွားရေး လာလုပ်တဲ့ ပိုက်ဆံရှိတဲ့ ကုန်သည်လို့ပဲ ထင်ခဲ့တာ။ အရပ်ရှည်ပြီး ချောမောတယ်။ အရည်အချင်း ရှိတယ်။ မိန်းကလေးတွေကိုလည်း ပျော်အောင် ချော့တတ်တယ်]
[၄၈ နှစ်အရွယ် အဘိုးကြီးနဲ့ ယှဉ်ရင် ယခင်မင်းကြီးလို အမျိုးသားက ရင်ခုန်အောင် ပိုလုပ်နိုင်တာ သေချာတာပေါ့၊ ပိုင်ယီယီက မေတ္တာစိတ် ဝင်လာတယ်။ နှစ်ယောက်သား အချိန်အတော်ကြာ တွဲလာပြီးနောက် ယခင်မင်းကြီးလည်း တဖြည်းဖြည်း စစ်မှန်တဲ့ စိတ်ထားတွေ ပေးအပ်လာတယ်]
ဒီစကားကို ကြားလိုက်သည်နှင့် အလှည့်အပြောင်း ရောက်တော့မည်၊ ဇာတ်လမ်းက ရှုပ်ထွေးတော့မည်ကို သိလိုက်ရသဖြင့် လူတိုင်း စိတ်အားတက်ကြွလာကြသည်။
ထင်တဲ့အတိုင်းပင်။
System: [ယခင်မင်းကြီးတို့ လူစုရဲ့ ရည်ရွယ်ချက် ပေါက်ကြားသွားပြီး လုပ်ကြံခံရတယ်။ ယခင်မင်းကြီးက မတော်တဆ မြစ်ထဲ ပြုတ်ကျသွားတယ်။ သူ လူတွေ ခေါ်ပြီး ပြန်လာတိုက်ခိုက်တဲ့အချိန်မှာ ပိုင်ယီယီက ဝေါယာဉ်နဲ့ မြို့ဝန်အိမ်ထဲ ရောက်သွားပြီး အဘိုးကြီးရဲ့ ၉ယောက်မြောက် မယားငယ် ဖြစ်သွားပြီ]
[ယခင်မင်းကြီးက စစ်မှန်တဲ့ သံယောဇဉ်တစ်ခု သစ္စာဖောက်ခံလိုက်ရတယ်လို့ ခံစားလိုက်ရပြီး ဒေါသထွက်တာနဲ့ ပိုင်ယီယီကို သွားမမေးတော့ဘဲ ကိစ္စ ပြီးတာနဲ့ မြို့တော်ကို တန်းပြန်သွားလိုက်တယ်။ နောက်ပိုင်း တောင်ပိုင်း စာမေးပွဲ မသမာမှု ကိစ္စက နာမည်ကြီးသွားပြီး မင်းသားတစ်ပါး ဦးဆောင် ဖြေရှင်းခဲ့တယ် ဆိုပြီး သတင်းထွက်လာတယ်]
[နှစ်အနည်းငယ် ကြာတော့ ယခင်မင်းကြီး နန်းတက်လာတယ်။ စာမေးပွဲ မသမာမှု ကိစ္စက လူတိုင်း ချီးကျူးတဲ့ နိုင်ငံရေး စွမ်းဆောင်ရည် ဖြစ်လာပြီး အသေးစိတ် အချက်အလက် တော်တော်များများ ပျံ့နှံ့သွားတော့မှ ပိုင်မိသားစုက အဲဒီတုန်းက ပိုင်ယီယီနဲ့ တွဲခဲ့တဲ့ အမျိုးသားက ဘယ်သူလဲ ဆိုတာ သိလိုက်ရပြီး အူတွေ စိမ်းသွားတဲ့အထိ နောင်တရကြတော့တာပဲ]
ချူဟွားက အလယ်မှာ ဇာတ်လမ်းတစ်ပိုင်း ပျောက်နေသည်ဟု ခံစားလိုက်ရသည်။ [ပိုင်မိသားစုက ဘာလို့ ပိုင်ယီယီကို အလျင်စလို ပေးစားလိုက်ရတာလဲ]
System: [ဘာလို့လဲဆိုတော့ ပိုင်မိသားစုက ပိုင်ယီယီ မကြာခဏ အပြင်ထွက်ပြီး သူစိမ်းယောက်ျားတစ်ယောက်နဲ့ တွဲနေတာကို တွေ့သွားလို့လေ။ အခန်းထဲမှာလည်း ယောက်ျားလေး ပစ္စည်းတွေ သိမ်းထားတာ တွေ့တော့ ကိစ္စ ပေါက်ကြားသွားရင် မြို့ဝန်နဲ့ မပတ်သက်နိုင်မှာ စိုးလို့ ကိစ္စကို အမြန် ဖြတ်လိုက်တာ]
လူတိုင်းက သဘောပေါက်သွားကြသည်။ ပိုင်မိသားစုက နောင်တမရဘဲ နေမည်တဲ့လား။
အစတုန်းက သူတို့သာ ပိုင်ယီယီကို အဲဒီလောက် အလောတကြီး ပို့မဆောင်လိုက်ရင် သူက ဘုရင်သစ်ရဲ့ အမျိုးသမီး ဖြစ်လာမှာ၊ အနည်းဆုံးတော့ ကိုယ်လုပ်တော် ရာထူးလောက်တော့ ရမှာပဲ။ အဲဒီကျရင် ပိုင်မိသားစုလည်း ရေမြင့်ရင် ကြာတင့်သလို ဖြစ်လာမှာပေါ့။
ချူဟွား: [ပြီးတော့ရော]
System: [ပြီးတော့ ပိုင်မိသားစုက ပိုင်ယီယီကို ယခင်မင်းကြီးနဲ့ ဘယ်လို ပြန်ဆက်သွယ်ခိုင်းရမလဲ ဆိုတာ စပြီး ကြံစည်ကြတာပေါ့]
[တိုက်ဆိုင်ချင်တော့ ယခင်မင်းကြီးက တောင်ပိုင်းကို တိုင်းခန်းလှည့်လည်လာတယ်။ ပိုင်မိသားစုက မတော်တဆ တွေ့ဆုံမှု တစ်ခု ဖန်တီးလိုက်တယ်။ ပိုင်ယီယီက ယခင်မင်းကြီးကို တွေ့တော့ မျက်ရည်တွေ ကျပြီး "စန်းလန်၊ ရှင် အသက်ရှင်နေသေးတာပဲ" ဆိုပြီး ငိုပြောတာပေါ့]
[ပြီးတော့ ရင်ဖွင့်ကြတာပေါ့။ အတိုချုပ် ပြောရရင် "ရှင် သေပြီ ထင်ပြီး ကျွန်မ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့တယ်"၊ "ရှင်နဲ့အတူ လိုက်သေမလို့ပါပဲ။ ဒါပေမဲ့ မိသားစုက ကျွန်မကို ခြိမ်းခြောက်တယ်"၊ "ကျွန်မ အဘိုးကြီးနဲ့ လက်ထပ်လိုက်ရတယ်။ သူ ကျွန်မအပေါ် မကောင်းဘူး။ နေ့တိုင်း အသက်မဲ့နေတဲ့ လူလို ဖြတ်သန်းနေရတယ်"၊ "အခု ရှင် အသက်ရှင်နေသေးတာ သိရတော့ ကျွန်မ ဆန္ဒ ပြည့်ပါပြီ။ စိတ်ချလက်ချ ထွက်သွားလို့ ရပါပြီ" ဆိုပြီးတော့ပေါ့]
ချူဟွားက အံ့အားသင့်သွားသည်။ [ယခင်မင်းကြီးက ဒီအတိုင်း အလိမ်ခံလိုက်ရတာလား]
System: [ယောက်ျားတွေပဲလေ။ အရင်က ကြိုက်ခဲ့ဖူးတဲ့ မိန်းကလေးက နှစ်ပေါင်းများစွာ သူ့ကို ချစ်နေတုန်းပဲ ဆိုတာ ကြားရရင် အဲဒီလောက် မကြိုက်ရင်တောင် နှစ်ပေါင်းများစွာ မေ့နေရင်တောင် ခံစားချက်ကတော့ နည်းနည်း ကွာခြားသွားမှာပဲ]
အမျိုးသား အားလုံး: "..."
ဆက်နားထောင်စရာ မလိုဘဲ ချူဟွားက နောက်ဆက်တွဲ ဘာဖြစ်မည်ကို သိနေပြီး တိုက်ရိုက် ကောက်ချက်ချလိုက်သည်။ [ဒါကြောင့် ဒါက ပိုင်မိသားစုက ပေါင်လုံးကြီးကို ဖက်တွယ်နိုင်ပြီ ထင်ခဲ့ရာကနေ နောက်ထပ် ရွှေပေါင်လုံးကြီး တစ်ခု ဆုံးရှုံးသွားတာကို သိလိုက်ရပြီး အလျင်အမြန် ပေါင်လုံး လဲလိုက်တဲ့ ဇာတ်လမ်းပေါ့]
System က ရူးမတတ် လက်ခုပ်တီးလိုက်သည်။ [ကောက်ချက်ချတာ အရမ်း ကွက်တိပဲ။ အမှတ် ၁၀၀ ပေးတယ်။ နင် ဘဝင်မြင့်သွားမှာ မကြောက်ဘူး]
ချူဟွား ချက်ချင်း အရသာ မရှိသလို ခံစားလိုက်ရသည်။ [ယခင်မင်းကြီးက ဒီလောက် လိမ်ရလွယ်တာ။ ပိုင်ယီယီနဲ့ ပိုင်မိသားစု လက်ထဲမှာ အရုပ်လို ကစားခံရပြီး နတ်ရွာစံတဲ့အထိ မသိသွားဘူး ဆိုတော့ တကယ်ကို ... လွန်းတယ်]
အဓိက ကျသော စကားလုံးကို ထုတ်ပြောလိုက်လျှင် လူကို ပြစ်မှားရာ ရောက်မည် စိုးသဖြင့် တမင် အသံဖျောက်ထားလိုက်သော်လည်း ကြားရသူ အားလုံးက ထိုစကားလုံးမှာ ဘာလဲ ဆိုတာ သိကြသည်။ "တုံး" တာ ဒါမှမဟုတ် "အ" တာပဲ ဖြစ်မည်။
မင်းသား ၅၊ ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြားသူများ: "..." ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ အဘိုးတော်ပဲလေ။ မျက်နှာသာ နည်းနည်း ပေးပါဦး။
System: [ယခင်မင်းကြီးက သိသွားပါတယ်]
ချူဟွားလည်း ချက်ချင်း စိတ်ဝင်စားသွားသည်။ [ဘယ်လို ဖြစ်တာလဲ]
System: [ယခင်မင်းကြီးက မင်းသား ဘဝတုန်းက ကိုယ့်လူလောက်ပဲ တောင်ပိုင်းကို ခေါ်သွားလို့ ရတာလေ။ ဘုရင် ဖြစ်လာတော့ နန်းစောင့်တပ်တွေ၊ လျှို့ဝှက်ရဲမက်တွေ ရှိလာပြီး စုံစမ်းလို့ရတဲ့ ကိစ္စတွေက အများကြီးပဲ။ ပိုင်မိသားစုရဲ့ လှည့်စားတာကို ဘယ်လိုလုပ် အမြဲ ခံနေမှာလဲ]
[သူက ပိုင်မိသားစုက တမင်တကာ တွေ့ဆုံမှု ဖန်တီးတာကို သိတယ်။ ပိုင်မိသားစုက သမီးကို မြင်းပိန်မလေးလို ပြုစုပျိုးထောင်ခဲ့တာကို သိတယ်။ ပိုင်မိသားစု ဘာလိုချင်လဲ ဆိုတာလည်း သိတယ်။ ဒါပေမဲ့ သူက ဘုရင် ဖြစ်နေပြီ။ ဘယ်လို မိန်းမမျိုး လိုချင်လိုချင် ရတယ်။ ပိုင်ယီယီက သူ တစ်ချိန်က ကြိုက်ခဲ့ဖူးပြီး မရခဲ့တဲ့ တစ်ဦးတည်းသော မိန်းမမို့လို့ သူနဲ့ အတူတူ ကစားချင်ရုံပါ]
ချူဟွား: [နောက်ဆုံးကျတော့ ယခင်မင်းကြီး မှောက်သွားတာလား]
System: [ဟုတ်တယ်]
"ဟား ဟား ဟား ဟား..." ပတ်ဝန်းကျင်တွင် နန်းစောင့်တပ်သားများ ရှိနေသော်လည်း ချူဟွားက အောင့်မထားနိုင်ဘဲ အသံထွက် ရယ်မောလိုက်လေသည်။
ယခင်မင်းကြီးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လူတွေရဲ့ စိတ်ကို တွက်ချက်နိုင်တယ်။ ခံစားချက်ကို ထိန်းချုပ်နိုင်တယ်။ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးကျတော့ မိန်းကလေးငယ် တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ချူဟွား: [ပိုင်ယီယီက စွမ်းတာပဲ]
...