← Chapters

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း ၁၂၇

Vol. 9 Ch. 127

အပိုင်း (၁၂၇)

ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သူတစ်ပါးရဲ့ ခံစားချက်ကို ကစားတာ မမှန်ပါဘူး။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက် သဘောတူရင်တော့ သူများတွေ ဝင်ပြောစရာ မလိုပါဘူး။

တစ်သက်လုံး ပေါင်းဖက်သွားကြပါစေ၊ လေးစားပါတယ်။ ဆုတောင်းပေးပါတယ်ဟုသာ ဆိုရမည် ဖြစ်ပြီး အခြားသူများကို ဒုက္ခမပေးလျှင် ပြီးပြည့်စုံပြီ ဖြစ်၏။

[ပြီးတော့ရော] ချူဟွား၏ အသံသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရလေသည်။

Systemသည် မူလက ပြောပြချင်သော်လည်း သခင်၏ ပုံစံကို မြင်လိုက်ရသောအခါ သံသယ အနည်းငယ် ဝင်သွားမိ၏။ [နင် သိထားတဲ့ ဗားရှင်းက ဘယ်လိုပုံစံလဲ]

သူ သိထားသော ဗားရှင်းနှင့် ချူဟွား သိထားသော ဗားရှင်းသည် ကွဲလွဲမှု ရှိနေသည်ဟု ခံစားနေရသည်။ သို့မဟုတ်ပါက ဖရဲသီးအသစ် စားရသကဲ့သို့ စိတ်လှုပ်ရှားနေမည် မဟုတ်ပေ။

ချူဟွား: [ငါ သိထားတာက ယခင်မင်းကြီး တောင်ပိုင်းကို တိုင်းခန်းလှည့်လည်တယ်။ ကျန်းနန်နယ်စား သေဆုံးသွားတယ်။ ပိုင်ယီယီ နန်းတော်ထဲ ဝင်သွားတယ် ဆိုတာပဲ]

Systemသည် အချိန်အကြာကြီး စောင့်ဆိုင်းနေသော်လည်း သည်စကားတစ်ခွန်းသာ ပြန်ကြားရသဖြင့် ချက်ချင်း သံသယ ဖြစ်သွားလေသည်။ [ဒါပဲလား၊ ကုန်ပြီလား]

[ဒါက တော်ဝင်လျှို့ဝှက်ချက်လေ၊ လူတွေက အပိုဆာဒါးတွေ ထည့်ပြီး အချစ်ဇာတ်လမ်းတွေ၊ ပူးပေါင်းကြံစည်မှုတွေ ထည့်ပေါင်းပြီး ဇာတ်လမ်းကို ပိုပြီး ရှုပ်ထွေးအောင်၊ ပိုပြီး နားထောင်လို့ကောင်းအောင် လုပ်ကြမှာပဲ။ ဒီလောက်လေးပဲ ရှိစရာ အကြောင်း မရှိပါဘူး]

ချူဟွား: [ငါ ကြားဖူးတဲ့ ဗားရှင်းအပြည့်အစုံက ဒီလို မဟုတ်ပါဘူး။ ဒါပေမဲ့ နေရာအနှံ့ ပျံ့နှံ့နေပြီး အပိုတွေ အများကြီး ပါနေတော့ ယုံကြည်ရတဲ့ သတင်းအချက်အလက်ကို ဆွဲထုတ်လိုက်ရင် ဒီရလဒ်လောက်ပဲ ကျန်တော့တာ]

System: [အဲဒါဆို နင် ဘာကြားခဲ့လဲ ဆိုတာ ငါ သိချင်တယ်။ မြန်မြန် ပြောပြစမ်းပါ]

အမှန်ကန်ဆုံး ဗားရှင်းကို သိထားသော system ပင်လျှင် စပ်စုချင်နေပြီ ဖြစ်ရာ ပဉ္စမမင်းသားနှင့် အခြားသူများ ဆိုလျှင် ပြောဖွယ်ရာ မရှိတော့ချေ။ သူတို့ တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ဖရဲသီးစားရန် စောင့်ဆိုင်းနေသော တိရစ္ဆာန်လေးများ ပမာ ဖြစ်နေကြသည်။

လူတိုင်းတွင် ကိုယ်ပိုင် သတင်းရင်းမြစ်များ ရှိကြပြီး ကြားသိရသော ဗားရှင်းများမှာ မတူညီကြပေ။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ သူတို့သည် ချူဟွား၏ ဗားရှင်းကို အထူး မျှော်လင့်နေမိကြသည်။ ဤဗားရှင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ခံစားနေရသောကြောင့်ပင်။

ချူဟွားကလည်း မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုက်၏။ [ငါ ကြားဖူးတဲ့ ဗားရှင်းရဲ့ အစပိုင်းမှာ ပိုင်မိသားစုရဲ့ ဝင်ရောက်စွက်ဖက်မှု မပါဘူး။ ထုံအာ ပြောသလို ပိုင်ယီယီနဲ့ ယခင်မင်းကြီး တွေ့ဆုံပြီး သံယောဇဉ် တွယ်တာသွားတာမျိုး မဟုတ်ဘဲ ယခင်မင်းကြီး တောင်ပိုင်းကို တိုင်းခန်းလှည့်လည်ရင်း ပိုင်ယီယီနဲ့ မတော်တဆ တွေ့ဆုံတာကနေ စတာ]

[မှုန်မှိုင်းနေတဲ့ ကျန်းနန် မိုးဖွဲတွေကြားမှာ ထီးလေးဆောင်းပြီး တစ်ယောက်တည်း ရပ်နေတဲ့ အလှမယ်လေးက နောက်လှည့်ပြီး ပြုံးပြလိုက်တာကို ယခင်မင်းကြီးက မြင်ပြီး မြင်မြင်ချင်း ချစ်မိသွားတယ်။ အဲဒီနောက် ရူးသွပ်မတတ် လိုက်လံ ပိုးပန်းတော့တာပဲ။ အလှမယ်လေးက လုံးဝ စိတ်မလှုပ်ရှားဘဲ သူက သူများမယား ဖြစ်နေပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ ယခင်မင်းကြီးကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်။ အိမ်ထောင်သည် အမျိုးသမီး ကျင့်ဝတ်ကို အရမ်း စောင့်ထိန်းတာပေါ့]

[ယခင်မင်းကြီးက ဘုရင်အာဏာကို အသုံးပြုပြီး နယ်စားကို ခြိမ်းခြောက်တယ်။ အလှမယ်လေးကို ဆက်သဖို့ ဖိအားပေးတယ်။ နယ်စားက ယခင်မင်းကြီးကို ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ။ အလှမယ်လေးက ငြင်းလို့မရ၊ ပြန်တိုက်ခိုက်လို့မရဘဲ မျက်ရည်တွေ ကျနေရရှာတယ်။ သူက ယခင်မင်းကြီးကို လက်မခံဘဲ သေမယ်လို့ ခြိမ်းခြောက်ပြီး သူ့ရဲ့ အပျိုစင် ဂုဏ်သိက္ခာကို ကာကွယ်ခဲ့တယ်]

System မှာ ပြောစရာ စကား မရှိတော့ပေ။ [နင် အစတုန်းက မပြောချင်တာ အံ့ဩစရာ မဟုတ်ပါဘူး။ အရမ်းကို ဖြစ်ကတတ်ဆန်း နိုင်လွန်းတယ်]

[ကျန်းနန်နယ်စားက အသက် ၄၈ နှစ် ရှိတဲ့ အဘိုးကြီးမှန်း ငါသာ မသိရင် သူ့ကို အရမ်းချောတဲ့ လူပျိုလှည့်ဘဲကြီး၊ ယခင်မင်းကြီးကိုတော့ သေခါနီး အဘိုးကြီးလို့ ထင်မိပြီး ပိုင်ယီယီက သူ့ယောက်ျားကို အရမ်း ချစ်နေတယ်လို့ ထင်မိမှာပဲ]

ချူမိသားစုဝင်များလည်း ပြောစရာ စကား မရှိ ဖြစ်နေကြသည်။ ချူဟွားက ဒီဗားရှင်းကို ဘယ်ကနေများ ကြားလာပါလိမ့်။ သူတို့ သိထားတာတွေထက်တောင် ပိုပြီး ဖြစ်ကတတ်ဆန်း နိုင်သေးသည်။

ချူဟွားသည် ဒီဗားရှင်းက မဟုတ်မှန်း သိနေသောကြောင့် system မေးသည့်အခါ ဖြစ်နိုင်ခြေ မရှိသော အချက်များကို ဖယ်ထုတ်ပြီး စာတစ်ကြောင်းတည်းဖြင့် အကျဉ်းချုံး ပြောပြလိုက်ခြင်း ဖြစ်လေသည်။

ဒီအဆင့်ထိ ပြောပြီးမှတော့ အစပဲရှိပြီး အဆုံးမရှိ ဖြစ်လို့ မဖြစ်တော့ချေ။ သူမက ဆက်ပြောလိုက်၏။

[ယခင်မင်းကြီးက ဘုရင်တစ်ပါး အနေနဲ့ အနောက်နန်းဆောင်မှာ အလှမယ်တွေ အများကြီး ရှိပေမဲ့ ပိုင်ယီယီလို အလှမယ်မျိုးကို တစ်ခါမှ မတွေ့ဖူးဘူးတဲ့]

System: [......]

လူတိုင်း: "......"

ဒုတိယမင်းသား ကြင်ရာတော်၊ ဝူချဲ့ဖေးနှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။ သနားစဖွယ် ကောင်းတဲ့ အလှမယ်မျိုး နန်းတော်ထဲမှာ ရှားလို့လား။ အများကြီး ရှိတာပဲလေ၊ ပြီးတော့ သိပ်လည်း အရေးပေး မခံရဘူး။

ပဉ္စမမင်းသား၏ မျက်နှာထားမှာ ထူးဆန်းနေသည်။ တခြား အလှမယ်တွေ အကြောင်း သူ မသိသော်လည်း သူ့မယ်တော် ရှုဖေးမှာ သရုပ်ဆောင် ကောင်းကြောင်း သူ သိသည်။ ရဲရင့်ပြတ်သားတာ။ ဇိုးဇိုးဇက်ဇက် နိုင်တာ။ နူးညံ့ပြီး သနားစရာ ကောင်းတာ စသဖြင့် အရှင်မင်းကြီး လိုချင်တဲ့ ပုံစံ မှန်သမျှ ရှုဖေး လုပ်ပြနိုင်၏။

နယ်မှ အရာရှိတစ်ဦးအနေဖြင့် ပိုင်ယီယီကဲ့သို့ အလှမယ်မျိုးနှင့် တွေ့ဆုံရန် မလွယ်ကူသော်လည်း အရှင်မင်းကြီး၏ အဆင့်အတန်းနှင့် အာဏာအရ ၃ နှစ် တစ်ကြိမ် ရွေးချယ်ပွဲ ကျင်းပရာ နေရာအနှံ့မှ မိန်းကလေးများကို ဆက်သကြသည် ဖြစ်ရာ မည်သို့သော အလှမယ်မျိုးကို မရနိုင်ဘဲ ရှိပါမည်နည်း။

ဤစကားက ပိုင်ယီယီ၏ အဆင့်အတန်းကို မြှင့်တင်ပေးနေခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ချူဟွားက ဆက်ပြောနေသည်။ [မရနိုင်လေ ပိုလိုချင်လေပဲ။ ယခင်မင်းကြီးက နယ်စားရဲ့ အိမ်မှာ ဝင်နေပြီး အလှမယ်လေး ရှေ့ရောက်ဖို့ အခွင့်အရေး မှန်သမျှကို အမိအရ ယူခဲ့တယ်။ ရွှေငွေ ရတနာတွေ၊ ပိုးဖဲတွေ၊ ရှေးဟောင်း ပစ္စည်းတွေ အကုန် ပို့ပေးခဲ့ပေမဲ့ သူ့အပြုံး တစ်ချက်ကိုပဲ လိုချင်ခဲ့တာ]

[အလှမယ်လေးက သူများမယား ဖြစ်နေပေမဲ့ ယခင်မင်းကြီးကို မပြစ်မှားရဲလို့ မရင်းနှီးတဲ့ အမျိုးသားကို မဖြစ်မနေ ဟန်ဆောင် ပြုံးပြနေရတယ်။ လှပတဲ့ ပန်းပွင့်လေး တစ်ပွင့်က ရက်အနည်းငယ် အတွင်းမှာတင် ပိန်လှီသွားပြီး ညှိုးနွမ်းတော့မလို ဖြစ်သွားတာပေါ့]

System: [...... ဒါကလည်း အရမ်း ချဲ့ကားလွန်းတယ်]

သူက ချူဟွား စကားကို မဖြတ်ချင်သော်လည်း ဒီကောလာဟလ၏ ယုတ္တိရှိမှုက အားနည်းလွန်းပြီး ဟာကွက်တွေ များလွန်းသောကြောင့် ဝင်ရောက် ဝေဖန်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

[လူတစ်ယောက်က မစားမသောက်ဘဲ ရက်အတော်ကြာ နေနိုင်သေးတယ်။ ပြန်ကယ်လို့ ရသေးတယ်။ ဘယ်လိုလုပ် ရက်ပိုင်းလေးနဲ့ သေတော့မလို ဖြစ်ရမှာလဲ။ ဆေးပညာ ဗဟုသုတ နားမလည်ကြဘူးလား]

[ပိုင်ယီယီက ဆင်းရဲတဲ့ အိမ်က မိန်းကလေး မဟုတ်ဘူး။ ဘေးမှာ အစေခံမတွေ ရှိတယ်။ နယ်စားက ယခင်မင်းကြီးရဲ့ အာဏာကြောင့် သူ့ကို သေခွင့်ပေးမှာ မဟုတ်ဘူး။ ယခင်မင်းကြီးကလည်း သူ မစားမသောက်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး]

[ပြီးတော့ ကြိုးဆွဲချတာပဲ ဖြစ်ဖြစ်၊ အဆိပ်သောက်တာပဲ ဖြစ်ဖြစ် ဘယ်နည်းလမ်းက အစာငတ် ရေငတ်ပြီး သေတာထက် မကောင်းလို့လဲ။ မြန်မြန်ဆန်ဆန် ပြီးသွားတယ်။ ဒီလောက် ဒုက္ခခံစရာ မလိုဘူး]

ဘေးအိမ်ဝင်းထဲရှိ လူတစ်စုလည်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

ဒုတိယမင်းသား ကြင်ရာတော်သည် မိန်းကလေးများကို ချစ်ခင်ကြင်နာတတ်သူ ဖြစ်ပြီး ပိုင်ယီယီက အဘိုးကြီးနှင့် လက်ထပ်ခဲ့ခြင်းအပေါ် နားမလည်နိုင် ဖြစ်နေလေသည်။ "သူသာ မစားမသောက်ဘဲ ခုခံရဲတဲ့ သတ္တိ ရှိရင် အဘိုးကြီးနဲ့ လက်ထပ်ဖြစ်မှာ မဟုတ်ဘူး"

ဝူချဲ့ဖေးက မျက်လုံး လှန်ကြည့်လိုက်ပြီး "နယ်စားအဘိုးကြီးနဲ့ ပျိုမြစ်တဲ့ ဘုရင်ကြားမှာ ဘယ်သူ့ကို ရွေးရမလဲ ဆိုတာ အရူးတောင် သိတယ်။ ဒီကောလာဟလကို ဘယ်အရူးထက် ညံ့တဲ့ကောင်က ရေးထားတာလဲ"

မရီးနှစ်ယောက်က ဝေဖန်ပြီးပြီ ဖြစ်သဖြင့် ပဉ္စမမင်းသားက ပိုင်ယီယီအကြောင်း ထပ်မပြောတော့ဘဲ ကောလာဟလထဲက ယခင်မင်းကြီးကိုသာ အာရုံစိုက်လိုက်သည်။ "ဒါဆို ဒီဗားရှင်းထဲမှာ ဘိုးတော်က တောင်ပိုင်း ရောက်နေတုန်း ဘာအလုပ်မှ မလုပ်ဘဲ နေ့တိုင်း နယ်စားအိမ်မှာ ပိုင်ယီယီနဲ့ပဲ အချိန်ကုန်နေတာလား"

ယခင်မင်းကြီးသာ မိန်းမကိစ္စကြောင့် အရေးကြီး ကိစ္စတွေကို နှောင့်နှေးစေခဲ့မယ် ဆိုရင် ကွပ်ကဲရေးမှူးတွေရဲ့ တံတွေးနဲ့ ရေနစ်သေသွားနိုင်သလို မှူးမတ်တွေရဲ့ လျှောက်တင်လွှာတွေနဲ့ အဖိခံရပြီး သေသွားနိုင်တယ်။ စိတ်ကြီးတဲ့ ကွပ်ကဲရေးမှူးအိုကြီးတွေသာ ဒေါသထွက်ရင် ယခင်မင်းကြီး ရှေ့မှာ တိုင်နဲ့ ခေါင်းဆောင့်ပြီး သေပြကြလိမ့်မယ်။

ဖူရွေ့ချင်းဝမ်ရဲ့ ငယ်ငယ်တုန်းက စိတ်ထားနဲ့ ဆိုရင် ယခင်မင်းကြီး အလုပ်မလုပ်ဘဲ မိန်းမကိစ္စ ရှုပ်နေတာ သိရင် စာ ၁၀ စောင်လောက် ဆက်တိုက် ရေးပြီး ဆဲလိမ့်မယ်။ ယခင်မင်းကြီး မပြင်ရင် နယ်စပ်ကနေ ပြန်လာပြီး ထိုးကြိတ်လိမ့်မယ်။

"ငါက နယ်စပ်မှာ အသက်နဲ့ရင်းပြီး ရှောင်းမိသားစုရဲ့ တိုင်းပြည်ကို ကာကွယ်ပေးနေတာ။ နင့်ရဲ့ ထီးနန်းကို ကာကွယ်ပေးနေတာ။ နင်က ဒီမှာ ငါ့ကို ခြေထိုးခံနေတာလား"

"စာရေးပြီး ဆဲတာ နားမထောင်ရင် မျက်နှာချင်းဆိုင် ဆဲမယ်။ မျက်နှာချင်းဆိုင် ဆဲလို့ မပြင်ရင် တစ်ခါတည်း ရိုက်မယ်"

နန်ကုန်းလင်က တခြား ရှုထောင့်ကနေ ဝေဖန်လေသည်။ "ရှေးရိုးစွဲ ဖြစ်ပြီး ပိတ်လှောင်နေတဲ့ မိသားစုတချို့မှာ အမျိုးသမီးရဲ့ ဂုဏ်သိက္ခာက အသက်ထက် ပိုအရေးကြီးတယ်။ ဂုဏ်သိက္ခာ ကျဆင်းရင် သေပြီး အပြစ်ဆေးကြောရမယ်လို့ ယူဆတဲ့သူတွေ ရှိကောင်းရှိနိုင်ပေမဲ့ အခုခေတ်မှာ တကယ် ရှားပါးသွားပြီ"

"သာ့ရှန်းက စစ်ပွဲတွေ များတယ်။ သဘာဝဘေးတွေ များတယ်။ လူဦးရေ နည်းပါးတယ်။ သာ့ရှန်း စတည်ထောင်ကတည်းက နောက်အိမ်ထောင်ပြုတာကို အားပေးခဲ့တယ်။ ကလေးမွေးဖူးတဲ့ မုဆိုးမတွေက ကလေးမွေးရ လွယ်ကူလို့ မိန်းမပျိုလေးတွေထက်တောင် နောက်အိမ်ထောင်ပြုဖို့ ပိုလွယ်ကူကြတယ်"

"ပိုင်မိသားစုက ဘယ်လောက်တောင် ရှေးရိုးစွဲ နေလို့လဲ။ ဂုဏ်သိက္ခာအတွက် ဘုရင်ကို ပြစ်မှားပြီး မိသားစု တစ်ခုလုံး သတ်ဖြတ်ခံရမဲ့ လမ်းကို ရွေးရလောက်အောင် ရှေးရိုးစွဲ နေတာလား၊ တကယ်လို့ သူတို့က မူရာမာယာ ပရိယာယ် သုံးတာ ဆိုရင်တော့ ထားလိုက်ပါတော့"

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကောလာဟလက လုံးဝ အမှားကြီးတော့ မဟုတ်လောက်ဘူးဟု တွေးမိကြသည်။

ယခင်မင်းကြီးက မိန်းမလှတွေ အများကြီး တွေ့ဖူးတော့ ပိုင်ယီယီသာ တန်းပြီး ဝင်လုံးရင် ယခင်မင်းကြီးက အထာပေးမှာ မဟုတ်ဘူး။ ဒါကြောင့် မူရာမာယာ ပရိယာယ် သုံးတယ် ဆိုတဲ့ အချက်က မှန်လောက်တယ်။

ချူဟွားက system ကို ပြန်ပြောလိုက်သည်။ [ကောလာဟလ ဆိုတာ လူအများကြီးရဲ့ ပါးစပ်ကနေ တဆင့်ပြီး တဆင့် ဖြတ်သန်းလာတာမို့လို့ အဖြစ်မှန်က လူတွေ မခန့်မှန်းနိုင်တဲ့ ဘက်ကို လွဲချော်သွားတတ်တယ်။ ကိစ္စ တော်တော်များများက နားထောင်ပြီး ပြီးလိုက်ရုံပဲ။ အတည်ယူလို့ မရဘူး။ မင်းသား ၃ ရဲ့ ကောလာဟလကို နင် မေ့သွားပြီလား]

System နှင့် လူတိုင်း ပြန်စဉ်းစားကြည့်လိုက်သောအခါ ပြောစရာ မရှိ ဖြစ်သွားကြပြန်သည်။

မူလက မင်းသား ၃ မစွမ်းဆောင်နိုင်ဘူးလို့ပဲ ပြောတာ။ ပြောရင်း ပြောရင်းနဲ့ ပန်းသေပန်းညှိုး ဖြစ်သွားတယ်။ မင်းသား ၃ က အရင်မင်းဆက်ရဲ့ တော်ဝင်မိသားစု အကြွင်းအကျန် ဖြစ်နေတာ မပေါက်ကြားသေးလို့သာ၊ မဟုတ်ရင် လူတွေက တော်ဝင်သွေးသား ဖြစ်နေတာကို ထောက်ထားပြီး မပြောရဲ ဖြစ်နေတာ။ ဒီကောလာဟလက ဘယ်လောက်ထိ လွဲချော်သွားမလဲ ဆိုတာ ပြောဖို့ ခက်တယ်လေ။

System က ဆက်မပြောတော့သဖြင့် ချူဟွားက ဆက်ပြောလေသည်။ [အလှမယ်လေးရဲ့ တိတ်တဆိတ် ခုခံမှုကို ရင်ဆိုင်ရတော့ ယခင်မင်းကြီးက စိတ်မကောင်း ဖြစ်ရတယ်။ အလှမယ်လေးကို ဆက်ပြီး ဖိအားမပေးတော့ဘူး။ သူငယ်ချင်း အနေနဲ့ပဲ ဆက်ဆံတယ်။ ယခင်မင်းကြီးက ဂရုစိုက်တယ်။ မိုးရွာရင် ထီးမိုးပေးတယ်။ အမြင့်ဆုံးသော ဘုရင်တစ်ပါး ဖြစ်ပေမဲ့ အသေးစိတ်က အစ ဂရုစိုက်ပေးတယ်]

[အလှမယ်လေးက ပျော့တာရော မာတာရော ဘာမှ မရဘူး။ ဘယ်လိုမှ လက်မခံဘူး။ ယခင်မင်းကြီးက နောက်ဆုံး နည်းလမ်းကို သုံးလိုက်တယ်။ နန်းစောင့်တပ်သားတွေကို နယ်စား သွားနေကျ လမ်းမှာ စောင့်ပြီး လုပ်ကြံခိုင်းလိုက်တယ်။ အလှမယ်လေးက မုဆိုးမ ဖြစ်သွားပြီး အရမ်း ဝမ်းနည်းသွားတယ်။ မကြာခင်မှာ မိသားစုက သူ့ကို နန်းတော်ထဲ ပို့လိုက်တယ်]

System: [......]

လူတိုင်း: "......"

ဒီဗားရှင်းက ဘယ်လို နားထောင် နားထောင် ပြဿနာ ရှိနေသည်။

ဘယ်လိုလုပ်ပြီး ယခင်မင်းကြီးကို ရမ္မက်ကြီးတဲ့သူ၊ သူများမယား လိုချင်လို့ အရာရှိကို လုပ်ကြံတဲ့သူ အဖြစ် ပုံဖော်လိုက်ရတာလဲ။

ဒီကိစ္စရဲ့ ဖြစ်နိုင်ခြေကို ခဏထားလိုက်။ ပိုင်ယီယီကတော့ ဒီဗားရှင်းထဲမှာ ဖြူစင်တဲ့သူ၊ သစ္စာရှိတဲ့သူ၊ ယခင်မင်းကြီးနဲ့ လက်ထပ်ရတာ အတင်းအကျပ် ဖိအားပေးခံရလို့ ဆိုပြီး ဘာအပြစ်မှ မရှိတဲ့ အလှမယ်လေး ဖြစ်သွားပြီ။

လူတိုင်းမှာ သက်သေ မရှိပေမဲ့ နောက်ဆုံး အကျိုးအမြတ် ရသူကို ကြည့်လိုက်ရင် ပိုင်မိသားစုက ပိုင်ယီယီကို အတင်းအကျပ် လက်ထပ်ရတဲ့ ပုံစံမျိုး ဖြစ်အောင် တမင် သတင်းလွှင့်ထားတာ ဖြစ်မယ်လို့ ယူဆရသည်။

ဖေ့မင်ချန်နှင့် အခြား နန်းစောင့်တပ်များမှာ သွေးအန်လုမတတ် ဖြစ်သွားကြသည်။

ဇာတ်လမ်းဆင်တဲ့သူက နန်းစောင့်တပ်ကို ဘာမှတ်နေတာလဲ။

သူတို့က ရုံးတော်ရဲ့ လက်ရုံးတွေ၊ အရှင်မင်းကြီး အမိန့်ကို နာခံပြီး အိမ်တွေ ဝင်စီးတာ မှန်ပေမဲ့ ရုံးတော် အရာရှိကို လုပ်ကြံတဲ့ အမိန့်ကိုတော့ လက်မခံပါဘူး။

သူတို့က ရုံးတော် အရာရှိတွေ၊ လူသတ်သမားတွေ မဟုတ်ဘူး။ လုပ်ကြံတာက အမှောင်ရိပ်တပ်ဖွဲ့တွေ လုပ်တာ။

ကံဆိုးတာက အမှောင်ရိပ်တပ်ဖွဲ့က အမှောင်ထဲမှာ နေရပြီး အလင်းထဲ ထွက်လို့ မရတော့ ဒီမဲညစ်နေတဲ့ အိုးကြီးကို သူတို့ ခါးစည်းခံလိုက်ရတာပဲ။ သောက်ကျိုးနည်း။

ချူဟွား: [ငါ ကြားဖူးတာကတော့ ဒီလောက်ပါပဲ။ နင့်ဟာကရော]

System သည် ဒီကောလာဟလက ယုတ္တိမရှိလွန်းဟု ထင်သဖြင့် သွားရောက် ရှာဖွေကြည့်လိုက်သည်။

[တကယ်ပဲ ပိုင်မိသားစု ကိုယ်တိုင် လုပ်ထားတာပဲ]

[သာ့ရှန်းက နောက်အိမ်ထောင်ပြုတာကို အားပေးပေမဲ့ အမျိုးသမီး တစ်ယောက်က ဒုတိယ အိမ်ထောင်အဖြစ် တော်ဝင်မိသားစုထဲ ဝင်ရောက်တာ မျိုးမရှိဖူးဘူး။ ပိုင်မိသားစုက ပိုင်ယီယီက ဒုတိယ အိမ်ထောင်ပြုသူ ဖြစ်နေလို့ လူတွေ အထင်သေးမှာ၊ နန်းတော်ထဲ ရောက်ရင် ခွဲခြား ဆက်ဆံခံရပြီး အနိုင်ကျင့်ခံရမှာ စိုးရိမ်လို့ လူရှာပြီး ဒီဇာတ်လမ်းကို တမင် ဆင်လိုက်တာ]

ချူဟွား: [ယခင်မင်းကြီး သိလား]

System: [သိတာပေါ့၊ နန်းစောင့်တပ်က သက်သေတွေကို ယခင်မင်းကြီး ရှေ့မှာ ချပြခဲ့တယ်။ သူက ဒါတွေအားလုံး ပိုင်မိသားစု လုပ်တာ။ နူးညံ့တဲ့ ပိုင်ယီယီနဲ့ မဆိုင်ဘူးလို့ ယူဆခဲ့တယ်]

[တကယ်တမ်း ပြောရရင် ဒီကိစ္စက ပိုင်ယီယီနဲ့ သိပ်မဆိုင်လှဘူး။ ဘာလို့လဲဆိုတော့ ပိုင်ယီယီက ဒီအထဲမှာ ကိရိယာ တစ်ခုပဲ။ ပိုင်မိသားစုက သူ့ကို စကား နားထောင်အောင် ကောင်းကောင်း ရိုက်သွင်းထားတယ်။ သူ့ကို ဘာလုပ်ခိုင်းခိုင်း လုပ်တာပဲ။ ပိုင်မိသားစု ဘာတွေ လုပ်နေလဲ ဆိုတာ သူ မသိဘူး]

ဒီလုပ်ရပ်က ချူဟွားကို အံ့အားသင့်စေခဲ့သည်။ [မိုက်လှချည်လား၊ ပိုင်မိသားစုက ပိုင်ယီယီကို လုံးဝ ဆွဲထုတ်ထားလိုက်တာပဲ]

[ပိုင်မိသားစုရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်မိရင်တောင် ပိုင်ယီယီက အသုံးချခံရတဲ့ အပြစ်ကင်းတဲ့ သနားစရာ မိန်းကလေး ဖြစ်နေမှာ၊ ယခင်မင်းကြီးက သူ့ကို ပိုပြီး သနားချစ်ခင်သွားမှာပဲ။ ပြီးတော့ ပိုင်ယီယီ အသက်ရှင်နေသရွေ့ ယခင်မင်းကြီးက သွေးသားတော်စပ်မှုကို ထောက်ထားပြီး သူ့ဆွေမျိုးတွေကို စောင့်ရှောက်ရမှာပဲ]

မိသားစုနှင့် မောင်နှမများသည် အမျိုးသမီးများ၏ ကျောထောက်နောက်ခံ ဖြစ်ပြီး ကြင်ရာတော်နှင့် မင်းသားများ၏ အားဖြည့်ပေးသူများ ဖြစ်ကြသည်။

ယခင်မင်းကြီးက သူနဲ့ ချစ်ရသူရဲ့ သားကို နောင်တစ်ချိန်မှာ အားကိုးရာမဲ့ ဖြစ်မှာ မလိုလားဘူး။ ဒါကြောင့် ပိုင်မိသားစုကို ကူညီရမယ်။ သူတို့ကို မင်းသားရဲ့ မိခင်ဘက်က ဆွေမျိုးတွေ ဖြစ်လာစေရမယ်။

ဒီနေရာမှာ တစ်ခုတည်းသော ပြောင်းလဲနိုင်တဲ့ အချက်က ပိုင်ယီယီက ယခင်မင်းကြီးရဲ့ စိတ်ကို ဖမ်းစားနိုင်မလား ဆိုတာပဲ။

သိသာထင်ရှားတာကတော့ ပိုင်ယီယီ လုပ်နိုင်ခဲ့တယ်။ ပိုင်မိသားစု လောင်းတာ နိုင်သွားတယ်။

ချူဟွားက သက်ပြင်းချလိုက်သည်။ [အကုန် သိလျက်နဲ့ ဒီလောက် ချစ်နေတာ။ ယခင်မင်းကြီးရဲ့ အချစ်ဦးနှောက် ရောဂါ (အချစ်ရူး)က တော်တော် ဆိုးရွားနေပြီပဲ]

လူတိုင်း:

အချစ်ဦးနှောက် ဟုတ်လား။ ဘာအဓိပ္ပာယ်လဲ။

System က ဒေါသတကြီး ပြောလိုက်သည်။ [အချစ်ဦးနှောက် နောက်ဆုံးအဆင့်ပဲ။ ကယ်လို့ မရတော့ဘူး]

လူတိုင်း:

ဒါဆို အချစ်ဦးနှောက် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ နင်တို့နှစ်ယောက် အချိန်ပေးပြီး ရှင်းပြလို့ မရဘူးလား။

လူတစ်ယောက်နှင့် system တစ်ခုတို့သည် ဖရဲသီးစားသူများ ဘာတွေ သံသယ ဖြစ်နေမှန်း မသိသဖြင့် ကိုယ့်အကြောင်းကိုယ်သာ ဆက်ပြောနေကြသည်။

ချူဟွားက ပိုစိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စ ရှိနေသည်။ [ယခင်မင်းကြီးက ဘယ်လို အဖမ်းစားခံလိုက်ရတာလဲ]

System: [သူ့ နောက်ဆောင်ထဲက မိန်းမတွေ အကုန်လုံးက သူ့ရဲ့ အဆင့်အတန်းနဲ့ နေရာကို မက်မောပြီး လာကြတယ်လို့ သူ ထင်တယ်။ သူ ပိုင်ယီယီနဲ့ သိကျွမ်းတုန်းက နာမည်ဝှက်နဲ့ နေခဲ့တာ။ ပိုင်ယီယီက လူကို ချစ်တာ။ နောက်ကွယ်က အဆင့်အတန်းနဲ့ နေရာကို ချစ်တာ မဟုတ်ဘူးတဲ့]

ချူဟွားက နားထောင်ရင်း တုန်လှုပ်သွားတော့သည်။ [...... စစ်မှန်တဲ့ အချစ် သီအိုရီလား]

System လည်း တုန်လှုပ်နေသည်။ [ဟုတ်တယ်]

လူတစ်ယောက်နှင့် system တစ်ခုသည် နေရာမှာတင် အချိန်အတော်ကြာ တိတ်ဆိတ်သွားကြပြီး ရွံရှာလွန်းသဖြင့် စကားမပြောနိုင်ကြတော့ပေ။

ဘေးအိမ်ဝင်းထဲရှိ ပဉ္စမမင်းသားနှင့် အခြားသူများလည်း မျက်နှာ အုပ်သူက အုပ်၊ ပါးစပ် ပိတ်သူက ပိတ်နှင့် သိပ်ပြီး နေလို့မကောင်းကြပေ။

ဒုတိယမင်းသား ကြင်ရာတော်က သည်းမခံနိုင်တော့ပေ။ ဒီမှာ ဝေဖန်နေလို့ ဘာထူးမှာလဲ။ ချူဟွား၊ system တို့နဲ့ မျက်နှာချင်းဆိုင် ပြောမှ ဖြစ်မယ်။

သူမက တံခါးဖွင့်ပြီး ချန်ဟွားကျွီသို့ ပြေးသွားတော့သည်။ "ညီမလေးဟွား၊ အစ်မ နင့်ဆီ လာပြီး ဝေဖန်မလို့"

ချူဟွား:

ဒုတိယမင်းသား ကြင်ရာတော် လာတာကို သူမ တကယ် မသိလိုက်ပေ။ ကြည့်လိုက်တော့မှ ဝူချဲ့ဖေး၊ နန်ကုန်းလင်နှင့် ပဉ္စမမင်းသားတို့ပါ ရောက်လာကြသည်ကို တွေ့လိုက်ရသည်။

"အကုန်လုံး ဖရဲသီး လာစားကြတာလား"

လူတိုင်းက ပြုံးလိုက်ကြ၏။ အရာအားလုံးက စကားလုံးထဲမှာ မရှိဘဲ နားလည်ပြီးသားပင်။

ချူဟွားက လူတိုင်းကို ထိုင်ခုံ နေရာချပေးပြီး ချင်းကျူနှင့် ဟုန်မေ့ကို လက်ဖက်ရည် ပြင်ဆင်ခိုင်းလိုက်သည်။

လက်ဖက်ရည် မရောက်လာခင် ဒုတိယမင်းသား ကြင်ရာတော်က မစောင့်နိုင်တော့ဘဲ မေးလိုက်၏။

"အချစ်ဦးနှောက် ဆိုတာ ဘာအဓိပ္ပာယ်လဲ"

System က နွေးထွေးစွာ ရှင်းပြလိုက်သည်။ [အဓိပ္ပာယ်ကတော့ သူတို့ရဲ့ ဘဝမှာ အချစ်က အရေးကြီးဆုံးပဲ။ မိသားစု၊ တိုင်းပြည်၊ အလုပ်အကိုင်၊ လောက သတ္တဝါတွေ၊ ဘာမဆို အချစ်အတွက် လမ်းဖယ်ပေးရမယ်]

[မိသားစု အသတ်ခံရတာ။ မျိုးတုန်းသွားတာ။ တိုင်းပြည် ပျက်စီးသွားတာတွေက ကိစ္စ မရှိဘူး။ ငါ အဲဒါတွေ အကုန် မေ့ပစ်ပြီး နင်နဲ့ အတူတူ နေမယ်။ တိုင်းပြည် မရှိရင် ပြန်တိုက်လို့ ရတယ်။ ငါ့ရဲ့ ချစ်သူက နင်တစ်ယောက်တည်း ရှိတာလေ။ လောက သတ္တဝါတွေ သေတာ ရှင်တာ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက နင်တစ်ယောက်တည်း အသက်ရှင်ရင် ပြီးရော]

"ဟိုက် ——" လူတိုင်း တုန်လှုပ်သွားကြသည်။ ဒီအချစ်ဦးနှောက်က ကြောက်စရာ ကောင်းလွန်းမနေဘူးလား။

ပဉ္စမမင်းသားမှာတော့ ထုံသွားတော့သည်။ "ဒါဆို မိသားစု၊ ဆွေမျိုး၊ တိုင်းပြည်၊ လောက သတ္တဝါတွေက ဘာမှားလို့လဲ။ ဘာလို့ အချစ်ဦးနှောက်အတွက် စတေးခံရမှာလဲ"

ချူဟွား: "ခွီး"

System: [ဟားဟားဟားဟား]

…

All Chapters