အခန်း ၁၂၈
Vol. 9 Ch. 128
အပိုင်း (၁၂၈)
ချူဟွားသည် မင်းသား ၅ ၏ နာကြည်းနေသော မျက်နှာကို မကြည့်တော့ပေ။ မဟုတ်လျှင် သူမ ထပ်မံ ရယ်မိသွားဦးမည်။
[အချစ်ဦးနှောက် တွေအတွက်ကတော့ နောက်ထပ် အချစ်ဦးနှောက် တစ်ယောက်က သူ့အတွက် မိသားစု၊ တိုင်းပြည်၊ လောကကြီး တစ်ခုလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေတာဟာ ကောင်းကင်နဲ့ မြေကြီးကို လှုပ်ခါစေနိုင်လောက်အောင် ခမ်းနားတဲ့ အချစ်ဇာတ်လမ်းလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ အဲဒီ အချစ်ဇာတ်လမ်းကြောင့် အထိခိုက်ဆုံးက သူတို့ ကိုယ်တိုင်ပါပဲ]
[မိသားစု၊ တိုင်းပြည်၊ လောကကြီးအတွက်ကတော့ အချစ်ဦးနှောက် နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက သူတို့နဲ့ ဘာဆိုင်လို့လဲ။ ဘာကိစ္စ သူတို့ကို စွန့်လွှတ်ရမှာလဲ။ သူတို့ကတော့ သေချာပေါက် ဆန္ဒရှိမှာ မဟုတ်ဘူး]
မင်းသား ၅ က အတိုင်းထက်အလွန် ထောက်ခံတော့သည်။ "ဟုတ်တယ်။ ဟုတ်တယ်။ ငါက အခုမှ ဘယ်လောက် ရှိသေးလို့လဲ၊ ကောင်းမွန်တဲ့ ဘဝလေးတောင် အပြည့်အဝ မခံစားရသေးဘူး။ ဘာကိစ္စ အနစ်နာခံရမှာလဲ။ တိုင်းပြည်အတွက် အသက်ပေးရရင် ထားပါတော့၊ အချစ်ဦးနှောက် နှစ်ယောက်ရဲ့ အချစ်အတွက်နဲ့တော့ မတန်ပါဘူး"
လှပသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသည့် ဒုတိယမင်းသား ကြင်ရာတော်ကလည်း အနည်းငယ် လွန်သည်ဟု ခံစားရသည်။ "အချစ်ရေးက နှစ်ယောက်ကိစ္စ ဆိုပေမဲ့ လက်ထပ်ထိမ်းမြားခြင်းကတော့ မိသားစု နှစ်ခုနဲ့ သက်ဆိုင်တယ်။ အကယ်၍ အချစ်က မိသားစုနဲ့ နိုင်ငံတော်အတွက် ဘေးအန္တရာယ် ယူဆောင်လာမယ် ဆိုရင် စောစောစီးစီး ဖြတ်တောက်လိုက်တာ ပိုကောင်းတယ်"
ဝူချဲ့ဖေးက ဒုတိယမင်းသား၏ ကိုယ်လုပ်တော် နေရာတစ်ခုကို ရယူထားရုံသာ ဖြစ်ပြီး အချစ်၏ လှပမှုကို တစ်ခါမှ မခံစားဖူးသလို သိပ်ပြီးလည်း မျှော်လင့်မနေချေ။ "အကယ်၍ အချစ်ကြောင့် မိသားစု တစ်ခုလုံး သေရမယ် ဆိုရင်တော့ မချစ်ဘဲ နေလိုက်ပါတော့မယ်၊ မိသားစုထဲမှာ ငါ့အပေါ် မကောင်းတဲ့သူ တချို့ ရှိပေမဲ့ သူတို့ အသက်ကို ယူပစ်ဖို့၊ မိသားစု တစ်ခုလုံးကိုပါ ဆွဲထည့်ပြီး သေခိုင်းဖို့တော့ မလိုပါဘူး"
ကျန်းရှီသည် ယွီကျားယန်နှင့် ကွာရှင်းလိုက်ပြီး အချစ်နှင့် မိသားစု နှစ်ခုစလုံး ပြိုကွဲသွားခဲ့သည်။ ပြန်ကြည့်လိုက်သောအခါ သူမ ကိုယ်တိုင်လည်း အချစ်ဦးနှောက် ဖြစ်ခဲ့ဖူးကြောင်း သတိထားမိပြီး ညီမလေးများကို သတိပေးလိုက်သည်။
"အချစ်ဦးနှောက်က သူများကိုလည်း ထိခိုက်စေတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိခိုက်စေတယ်။ ငါ့အသက်တောင် ပါသွားမလို ဖြစ်ခဲ့တာ။ နင်တို့ ငါ့လို မဖြစ်စေနဲ့နော်"
နန်ကုန်းလင်သည် အမျိုးသားအသွင် ဆောင်ခဲ့သော ကိစ္စ ပေါ်ပေါက်သွားပြီးနောက် ဝေဖန်မှုများစွာ ခံခဲ့ရသည်။ သူမ၏ စေ့စပ်ထားသူက သူမ၏ ဖခင်ထံ လူလွှတ်ပြီး သူမကို အပြင်မထွက်စေရန်၊ အခြားသူများနှင့် ဆက်ဆံခြင်းကို ရှုပ်ပွေသည်ဟုပင် ပြောဆိုခဲ့သည်။
သူမကို ပိုရွံရှာစေသည်မှာ သူမက မင်းသား ၅ ၏ စာဖတ်ဖော် ဖြစ်လာပြီး အမတ်မင်းကြီးနှင့် ဆရာကြီး၏ တပည့် ဖြစ်လာသောအခါ စေ့စပ်ထားသူဘက်က ချက်ချင်း စကားပြောင်းကာ တောင်းပန်ခြင်း၊ လက်ဆောင်ပို့ခြင်းများ ပြုလုပ်လာခြင်းပင်။
နန်ကုန်းလင်သည် အချစ်၏ လှပမှုကို မတွေ့မြင်ခဲ့ရဘဲ လေသင့်ရာ ရွက်လွှင့်ခြင်းနှင့် အာဏာရှိသူကို ဖော်လံဖားခြင်းတို့ကိုသာ တွေ့မြင်ခဲ့ရသည်။
သူမသည် သည်လို အခွင့်အရေးသမားဆန်သော စေ့စပ်ထားသူကို မလိုချင်ပေ။ ဤကဲ့သို့ အဖုအထစ် ရှိနေပါက နောင်လက်ထပ်ပြီးလျှင်လည်း မကြာခဏ ရန်ဖြစ်ရလိမ့်မည်ဟု ယူဆမိသည်။
ဝမ်းနည်းစရာမှာ ဤအကြောင်းပြချက်ဖြင့် စေ့စပ်ပွဲ ဖျက်သိမ်းလိုက်လျှင် အပေါ်ယံတွင် မည်သည့် အကြောင်းပြချက် ပေးသည်ဖြစ်စေ နန်ကုန်းမိသားစုသည် မင်းသား ၅ နှင့် ပတ်သက်ခွင့် ရသွားသဖြင့် ပိုမို ကောင်းမွန်သော လက်ထပ်ဖက် ရသွားပြီး ဤလက်ထပ်ပွဲကို အထင်မကြီးတော့ဘဲ ဖျက်သိမ်းချင်သည်ဟု လူအများက ထင်မြင်ကြလိမ့်မည်။
မိသားစုနှင့် အခြား ညီအစ်မများ ဝေဖန်မခံရစေရန် နန်ကုန်းလင်သည် ဤစေ့စပ်ပွဲကို မဖျက်သိမ်းခဲ့ဘဲ လောလောဆယ် စာလေ့လာရန်နှင့် စာမေးပွဲ ဖြေရန် လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အချိန်ဆွဲထားကာ သင့်တော်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်သည်။
"အချစ်ဆိုတာ ဘာလဲဆိုတာကိုတော့ ငါ မသိဘူး။ နောင်ကျရင် ခင်ပွန်းသည်နဲ့ အပြန်အလှန် လေးစားမှု ရှိဖို့ပဲ မျှော်လင့်တယ်။ သူ မယားငယ် ဘယ်နှစ်ယောက် ယူယူ ငါ ဂရုမစိုက်ဘူး။ သူလည်း ငါ့အလုပ်ကို လာမနှောင့်ယှက်ရင် ပြီးတာပဲ"
System က တအားကုန် လက်ခုပ်တီးလေသည်။ [အလုပ်ကြိုးစားတဲ့သူ career woman တစ်ယောက်ပါလား၊ အလုပ်ကိုပဲ အာရုံစိုက်နိုင်ဖို့အတွက် စာချုပ်နဲ့ လက်ထပ်တဲ့ စုံတွဲ ပုံစံတောင် လုပ်လိုက်သေးတယ်]
ရှိနေသူ အနည်းငယ်မှာ " career woman " နှင့် "စာချုပ်စုံတွဲ" ဟူသော စကားလုံးများကြောင့် နားမလည် ဖြစ်နေကြပြီး ချူမိသားစုဝင် အခြားသူများက နန်ကုန်းလင်၏ စကားကို မကြားလိုက်ရသဖြင့် ဤခေါင်းစဉ်အပေါ် နားမလည် ဖြစ်နေကြသည်။
ကံကောင်းသည်မှာ system က ခေတ်သစ် ဝေါဟာရများကို လူများစွာ နားမလည်ကြောင်း သိသဖြင့် ဦးဆောင် ရှင်းပြပေးသည်။
[career woman ဆိုတာ အလုပ်ကိုပဲ အရမ်း အာရုံစိုက်တဲ့သူ၊ စာချုပ်စုံတွဲ ဆိုတာ လက်မထပ်ခင် နှစ်ယောက် လုပ်ရမဲ့ ကိစ္စတွေကို သဘောတူညီချက် ယူထားပြီး မိသားစု တည်ထောင်လိုက်ပေမဲ့ ကိုယ့်ကိစ္စကိုယ် လုပ်ကြပြီး အပြန်အလှန် မနှောင့်ယှက်ကြဘူး ဆိုတဲ့ သဘောပါ]
နန်ကုန်းလင်၏ မျက်လုံးများက ဖြည်းဖြည်းချင်း တောက်ပလာတော့သည်။
သူမသည် မူလက အကြမ်းဖျင်း အကြံဥာဏ် တစ်ခုသာ ရှိခဲ့ပြီး စေ့စပ်ပွဲ ဖျက်သိမ်း၍ မရလျှင် နောက်ထပ် လမ်းကြောင်း တစ်ခု ရှိသေးသည်ဟု တွေးထားခဲ့ရာ system ပြောလိုက်မှ ပြည့်စုံသွားတော့သည်။ ဟုတ်တယ်။ ဒီလို လုပ်လို့လည်း ရတာပဲ။
နန်ကုန်းလင်၏ အမူအရာကို ကြည့်ရုံဖြင့် သူမ စိတ်ဝင်စားသွားပြီ ဖြစ်ကြောင်း၊ ရှေးခေတ်ပုံစံ စာချုပ်စုံတွဲ လုပ်ဆောင်ရန် အလားအလာ ရှိကြောင်း သိသာနေသည်။
အားလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြပြီး ကိုယ်ပိုင် အစီအစဉ်များ ရှိကြသဖြင့် ချူဟွားက ထပ်မံ ဖျောင်းဖျမနေတော့ပေ။
မထင်မှတ်ဘဲ နန်ကုန်းလင်က သူမကို လှည့်မေးလာသည်။ "ချူဟွား၊ နင်ကရော ဘယ်လို ထင်လဲ"
ထိုစကားကို ကြားသောအခါ ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြားသူများလည်း လှည့်ကြည့်လာကြသည်။ သူတို့လည်း ချူဟွား၏ သဘောထားကို သိချင်နေကြသည်။
လူတိုင်းက အချစ်ရေး အမြင်များကို ပြောပြနေကြရာ မိန်းကလေးများ ညဘက် စကားဝိုင်းဖွဲ့သကဲ့သို့ ဖြစ်နေသဖြင့် ချူဟွားလည်း နားထောင်ပြီးမှ ဘာမှ မပြောဘဲ နေ၍ မကောင်းပေ။
"ငါက အချစ်ကို သိပ်မမျှော်လင့်ပါဘူး။ အရာရာကို ကံတရားအတိုင်းပဲ ထားလိုက်မယ်၊ ရင်ခုန်စရာ လူနဲ့ တွေ့ရင် စမ်းကြည့်မယ်၊ မတွေ့ရင် တစ်ယောက်တည်းပဲ နေမယ်၊ လုပ်ချင်တာ လုပ်မယ်၊ မိသားစုနဲ့ နောက်တစ်ဝက် (အိမ်ထောင်ဖက်) ရဲ့ ချုပ်နှောင်မှု မရှိဘဲ နေမယ်"
ဒါက သူမ၏ စစ်မှန်သော အတွေးပင်။ အချစ် မရှိရင် မဖြစ်ဘူး ဆိုတာ မရှိပါဘူး။ မတောင်းဆိုဘူး။ အတင်း မယူဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်မယ်။
ဒုတိယမင်းသား ကြင်ရာတော်နှင့် ဝူချဲ့ဖေးတို့သည် ချူဟွား တစ်ချိန်က ပြောခဲ့ဖူးသော လူအများ အံ့အားသင့်စေမည့် စကားကို ချက်ချင်း သတိရသွားကြသည်။ သူမက ဒုတိယမင်းသား၏ အနောက်ဆောင်သို့ သွားချင်သည်။ ယောက်ျားကို ပြုစုစရာ မလို၊ ကလေး မွေးစရာ မလို၊ ပိုက်ဆံ ရှာစရာပင် မလို။ အကြောင်းက ဒုတိယမင်းသားနှင့် ဒုတိယမင်းသား ကြင်ရာတော်တို့က လစဉ်ကြေး ပေးထားမည် ဖြစ်သောကြောင့်ပင်။
ဝူချဲ့ဖေးသည် ယခု ချူဟွားက အားကျရသော ဘဝကို နေထိုင်နေရသော်လည်း ဤဘဝက ကောင်းသည်ဟု သူမ တစ်ခါမျှ မခံစားခဲ့ရပေ။
ယခင်က သူမသည် ကိုယ့်ကိုယ်ကို သနားပြီး ဒုတိယမင်းသား၏ အချစ်ကို မရရှိခြင်းမှာ သူမ မကောင်းသောကြောင့်ဟု အမြဲ တွေးတောခဲ့သည်။ ဒုတိယမင်းသား ကြင်ရာတော်ကို တုပရန် ကြိုးစားခဲ့ဖူးပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
သူမသည် ဒုတိယမင်းသားနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ထွက်ခွာချင်ခဲ့ဖူးသော်လည်း ကိုယ်လုပ်တော် စာရင်းသွင်းပြီး ဖြစ်ရာ ကွာရှင်းခြင်း သို့မဟုတ် စွန့်ပစ်ခြင်း ပြုလုပ်မည် ဆိုပါက အရှင်မင်းကြီးနှင့် တော်ဝင် မိသားစုရေးရာဌာနကို ဖြတ်ကျော်ရမည် ဖြစ်ပြီး သူမ၏ မိသားစုကလည်း ဒုတိယမင်းသားနှင့် ဆက်ဆံရေး တံတားကို လက်မလွှတ်ချင်ကြပေ။
ဝူချဲ့ဖေးသည် အရှင်မင်းကြီး၏ လက်ဆက်ပေးခြင်းကို အပြစ်တင်ခဲ့ဖူးသည်။ ဒုတိယမင်းသားနှင့် ဒုတိယမင်းသား ကြင်ရာတော်တို့၏ အချစ်ဇာတ်လမ်းကြား သူမ ပါဝင်ပတ်သက်နေရသည်ကို အပြစ်တင်ခဲ့ဖူးသည်။ သာမန် မိန်းကလေး မဟုတ်ဘဲ ဆွေကြီးမျိုးကြီး အိမ်တော်တွင် မွေးဖွားလာရခြင်းကို အပြစ်တင်ခဲ့ဖူးသည်။ ယောက်ျားလေး မဟုတ်ဘဲ မိန်းကလေး ဖြစ်လာရခြင်းကို အပြစ်တင်ခဲ့ဖူးသည်။
နောက်ဆုံးတွင် တည်ငြိမ်သွားပြီး ဤအရာ အားလုံးကို လက်ခံလိုက်ကာ ဘဝတွင် ပျော်ရွှင်မှုကို ရှာဖွေတတ်လာသည်။
သူမ အများကြီး ဖြတ်သန်းပြီးမှ သိရှိလာရသော သဘောတရားကို ချူဟွားက အစကတည်းက နားလည်နေသည်မှာ ဝူချဲ့ဖေး၏ စိတ်ကို အလွန် ရှုပ်ထွေးစေသည်။
"နောက်နှစ်ဆို နင် အရွယ်ရောက်တော့မယ်၊ ချူမိသားစုက နင့်အတွက် ခင်ပွန်းတစ်ယောက် ကြည့်ပေးနေတယ်လို့ မကြားမိဘူး။ နင့် ဖအေတူမအေကွဲအစ်မတောင် နီးနေပြီ။ မိန်းကလေးတွေရဲ့ အရွယ်က တိုတောင်းတယ်။ နင် မပူဘူးလား"
သူမသည် ဤမေးခွန်းကို ချူဟွားကို မေးနေခြင်းလား၊ သူမကိုယ်သူမ မေးနေခြင်းလား၊ သို့မဟုတ် ယခင်က သူမအတွက် မေးနေခြင်းလား ဆိုသည်ကိုပင် မသိတော့ပေ။
ချူဟွားက ပြုံးလိုက်၏။ "အသက်အရွယ်က ဘာကို နှောင့်နှေးစေလို့လဲ။ ဆယ်ကျော်သက်မှာ အိမ်ထောင်ပြုနိုင်သလို၊ ၂၀ ကျော်မှာလည်း ပြုနိုင်တယ်။ ၃၀ ကျော်မှာလည်း ပြုနိုင်သေးတာပဲ"
"ဆယ်ကျော်သက်မှာ အချစ်စစ်နဲ့ တွေ့ချင်တယ်။ ၂၀ ကျော်မှာ ခင်ပွန်းသည်က ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်စေချင်တယ်။ ၃၀ ကျော်မှာ ဘဝ တည်ငြိမ်ဖို့ ပိုအာရုံစိုက်လာတယ်။ ၄၀ ကျော်မှာ ခင်ပွန်းသည်ရဲ့ အပြစ်တွေကို ရွံရှာလာတယ်"
"လူတွေရဲ့ အကြိုက်က အချိန်နဲ့ အတွေ့အကြုံအရ ပြောင်းလဲတတ်တယ်။ အခု ကြိုက်တဲ့ ပစ္စည်းနဲ့ လူကို နောက်နှစ်နည်းနည်း ကြာရင် မကြိုက်တော့တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဖြည်းဖြည်းချင်းပဲ လုပ်တာ ကောင်းပါတယ်။ မကောင်းတာ ရမဲ့အစား မရှိတာက ပိုကောင်းပါတယ်”
သဘောတရားက ရှင်းလင်း လွယ်ကူသော်လည်း တကယ် လုပ်နိုင်သူက နည်းပါးလှသည်။
အချိန်က ရက်စက်သည်။ မိန်းကလေး တစ်ယောက် အနေနဲ့ အလှပဆုံး အရွယ်မှာ အိမ်ထောင်မပြုဘဲ အသက် ၃၀ ကျော်ထိ စောင့်နေရမှာလား။
အဲဒီအချိန်ရောက်ရင် ရွယ်တူ မိန်းကလေးတွေက အမေတွေ၊ အဖွားတွေ ဖြစ်နေကြပြီ။ နင်က အခုမှ အိမ်ထောင်ပြုပြီး ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ ညီအစ်မ ဝမ်းကွဲ တော်ရမှာ၊ နင့်စိတ်ထဲက အတားအဆီးကို ကျော်ဖြတ်နိုင်ပါ့မလား။
လူအနည်းငယ် ပြုံးလိုက်ကြပြီး ဆက်မပြောတော့ပေ။
လူတိုင်းမှာ အတွေးအခေါ် မတူကြဘူး။ ဖလှယ်လို့ ရပေမဲ့ သူများရဲ့ အတွေးအခေါ်အတိုင်း လုပ်ဖို့ အတင်းအကျပ် တောင်းဆိုလို့ မရဘူး။
စကားလမ်းကြောင်း လွဲနေသည်မှာ အချိန်ကြာသွားပြီ ဖြစ်သဖြင့် ချူဟွားလည်း ရွံရှာနေသော ခံစားချက် ပျောက်ကွယ်သွားပြီဖြစ်ကာ သို့နှင့် စကား ပြန်စလိုက်လေသည်။
ချူမိသားစုဝင်များလည်း ဖရဲသီး စားနိုင်ရန် သူမက စိတ်ချင်း ဆက်သွယ်သည့် နည်းလမ်းကို ရွေးချယ်လိုက်သည်။ [ယခင်မင်းကြီးက ပိုင်ယီယီနဲ့ စတွေ့တုန်းက နာမည်ဝှက်နဲ့ ဆိုတာ ဟုတ်ပါတယ်။ နောက်ပိုင်း သူ နန်းတက်ပြီးမှ တောင်ပိုင်းကို ဆင်းလာတော့ နှစ်ယောက်သား ပြန်တွေ့ကြတာလေ၊ ပိုင်ယီယီက သူ ဘုရင်မှန်း သိနေပြီ]
ဘုရင်မှန်း သိနေတဲ့ အခြေအနေမှာ လာရှာမှတော့ ဘုရင်ဆိုတဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကြောင့် မဟုတ်ဘဲ နေပါ့မလား။
ယခင်မင်းကြီးက သိပ်ကို ရိုးအလွန်းတယ်။
System: [ယခင်မင်းကြီး တောင်ပိုင်းကို လှည့်လည်ကြည့်ရှုတုန်းက ဘုရင်ရဲ့ ယာဉ်တန်းနဲ့ လိုက်သွားရင် အမှန်တရား တော်တော်များများကို စုံစမ်းလို့ မရနိုင်ဘူးလို့ ထင်လို့ ယာဉ်တန်းကို ပုံမှန် အစီအစဉ်အတိုင်း သွားခိုင်းပြီး သူကတော့ လူခွဲပြီး ကိုယ်ယောင်ဖျောက် လာခဲ့တာ]
[ယခင်မင်းကြီး ဆိုတဲ့ လူကလေ၊ တချို့အချိန်တွေမှာ ယုံကြည်မှု လွန်ကဲပြီး မာနကြီးတတ်တယ်။ သူ မြင်တာ။ တွေးတာ။ ဆုံးဖြတ်တာတွေပဲ ယုံတယ်။ ပိုင်ယီယီ မသိဘူးလို့ ထင်တယ်။ ပိုင်ယီယီက လူကို ချစ်တာလို့ ထင်တယ်။ ဆုံးဖြတ်ပြီးရင် သူများ ပြောတာ နားမဝင်တော့ဘူး]
[ပိုင်မိသားစုက ဒီစီမံကိန်း မလွဲချော်စေဖို့ သေချာအောင် တိတ်တဆိတ် အကြိမ်ကြိမ် လေ့ကျင့်ထားတာ။ ပိုင်ယီယီ ဘာပြောရမယ်၊ ဘာလုပ်ရမယ်၊ ဘယ်လို ဝမ်းနည်းပက်လက် လှလှပပ ငိုပြပြီး သနားစရာ ကောင်းအောင် လုပ်ရမယ် ဆိုတာတွေ အကုန်လုံး တွက်ချက်ပြီး လေ့ကျင့်ထားတာ]
ချူဟွားက အဓိက အချက်ကို ထောက်ပြလိုက်သည်။ [ဒါဆိုရင် ပိုင်ယီယီက သိတာပေါ့]
System: [ပိုင်မိသားစုက ဘယ်သူမှ ပိုင်ယီယီကို မပြောပြဘူး။ ပြင်ဆင်ပြီး လေ့ကျင့်ခိုင်းရုံပဲ၊ သရုပ်ဆောင်တာနဲ့ ငိုတာက အရင်ကတည်းက လေ့ကျင့်ပေးထားတဲ့ သင်ခန်းစာတွေပဲလေ၊ ပိုင်ယီယီ သံသယ မဝင်ခဲ့ဘူး။ နောက်ပိုင်းကျမှ ပိုင်မိသားစုထဲက သိတဲ့လူ များလာတော့ ပါးစပ်သရမ်းတဲ့လူ တစ်ယောက်နှစ်ယောက်ဆီကနေ ပိုင်ယီယီ ကြားသွားပြီး ရိပ်မိသွားတာ]
[ယခင်မင်းကြီးက ပိုင်ယီယီ အစကတည်းက ကြိုက်တဲ့သူလေ၊ စိတ်ထဲမှာ ကြိုက်တဲ့သူ ရှိရက်နဲ့ မြို့ဝန် အဘိုးကြီးကို ပြုစုနေရတာ။ အဲဒီနှစ်တွေတုန်းက ပိုင်ယီယီ ဘဝက သေတာထက် ဆိုးတယ်။ အခု လှောင်အိမ်ထဲက လွတ်မြောက်ပြီး ကောင်းကင်ဘုံ ရောက်နိုင်မဲ့ အခွင့်အရေး ရလာတော့ သူ ဘယ်လိုလုပ် လက်လွတ်ခံမှာလဲ]
အကယ်၍ ပိုင်ယီယီသည် မူလက ဖြူစင်သော နှင်းပန်းလေး တစ်ပွင့် ဖြစ်ခဲ့လျှင်တောင် အများကြီး ဖြတ်သန်းပြီးနောက်မှာတော့ ဒီနှင်းပန်းလေးက အမည်းရောင် စွန်းထင်းလာခဲ့ပြီ။
အတိတ်ကို တမ်းတနေတဲ့ သူကသာ နှင်းပန်းလေး မပြောင်းလဲဘူးလို့ ထင်နေတာ။
System: [ပိုင်ယီယီက ယောက်ျားတွေကို နားလည်တယ်။ မရနိုင်မှ ပိုလိုချင်တယ် ဆိုတဲ့ သဘောတရားကို ကောင်းကောင်း သိတယ်။ အရင်တုန်းက သူက အနေအထိုင် ထိန်းသိမ်းခဲ့လို့၊ ယခင်မင်းကြီးနဲ့ လက်ကလေးတောင် မတွဲခဲ့လို့ အခုထိ စွဲလမ်းနေတာလို့ ယူဆပြီး အမြဲတမ်း ရှက်သွေးဖြာနေတဲ့ ပုံစံ လုပ်ပြတယ်]
[ဒီလို ရှက်သွေးဖြာတာက ယခင်မင်းကြီး မျက်လုံးထဲမှာတော့ ချစ်ရတဲ့ ယောက်ျား ရှေ့ရောက်မှ ဖြစ်ပေါ်လာတဲ့ မိန်းကလေးရဲ့ ရှက်ရွံ့မှုနဲ့ အနေခက်မှုလို့ ထင်သွားတယ်။ ပိုင်ယီယီက မြို့ဝန်ရှေ့မှာ မျက်မှောင်ကြုတ်ပြီး အခက်တွေ့နေတဲ့ ပုံစံ၊ ရှောင်ချင်ပေမဲ့ မရှောင်ရဲတဲ့ ပုံစံ လုပ်ပြတဲ့အခါ ယခင်မင်းကြီးက ပိုပြီး ယုံကြည်သွားတယ်]
[ပိုင်ယီယီက တစ်ဖက်မှာ ယခင်မင်းကြီးကို ချစ်ခင်စွဲလမ်းကြောင်း ပြသတယ်။ ယခင်မင်းကြီးက ရင်းနှီးတဲ့ အပြုအမူ လုပ်ချင်တဲ့အခါကျတော့ သူက အိမ်ထောင်သည် ဖြစ်နေပြီ။ မြို့ဝန် အဘိုးကြီးက သူ့အပေါ် မကောင်းပေမဲ့ သူက အဘိုးကြီးရဲ့ မိန်းမ ဖြစ်နေပြီ။ သစ္စာမဖောက်နိုင်ဘူး ဆိုပြီး ငြင်းတယ်]
ချူဟွား: "..."
လူတိုင်း: "..."
ဒီလို အတွန်းအဆွဲ မျက်နှာနှစ်ဖက် ဟန်ဆောင်ကောင်းတဲ့ ပုံစံက တကယ်ကို ကြက်သီးထစရာ ကောင်းလိုက်တာ။
ချူဟွားက အမျိုးသမီးတွေအပေါ် သည်းခံနိုင်စွမ်း နည်းနည်း ပိုမြင့်သဖြင့် အသက်ပြင်းပြင်း ရှူပြီး စိတ်လျှော့ထားလိုက်သည်။ [ဒီလို နည်းလမ်းမျိုး အနောက်ဆောင်က ကိုယ်လုပ်တော်တွေမှာ မရှိတာ သေချာပါတယ်။ သူ ဘယ်လို ဖြားယောင်းပြီး ဘယ်လို ချည်နှောင်ထားလဲ ဆိုတာ ငါ မသိချင်ဘူး။ ကျန်းနန်မြို့ဝန် ဘယ်လို သေသွားလဲ ဆိုတာပဲ သိချင်တယ်]
-- ဒါဆို ကျန်းနန်မြို့ဝန်က ယခင်မင်းကြီး လွှတ်လိုက်တဲ့ လျှို့ဝှက်ရဲမက်တွေ လက်ချက်နဲ့ သေတာ ဟုတ်လား၊ မဟုတ်ဘူးလား။
လူတိုင်းက အသက်ရှူအောင့်ပြီး ဒီအဓိက အဖြေကို စောင့်နေကြတော့သည်။
System ကလည်း မူမနေချေ။ တန်းပြီး အဖြေပေးလိုက်လေသည်။ [ယခင်မင်းကြီးက အရမ်း လိုချင်နေပေမဲ့ မရနိုင်တော့ တော်တော်လေး စိတ်မရှည် ဖြစ်နေပြီ။ သူက လျှို့ဝှက်သက်တော်စောင့်တွေကို လွှတ်ပြီး လုပ်ကြံခိုင်းဖို့ ပြင်နေတုန်း ပိုင်မိသားစုက လက်ဦးမှု ရယူပြီး လုပ်လိုက်တာ]
လူတိုင်းက သက်ပြင်းချလိုက်ကြလေသည်။ တော်ပါသေးရဲ့။
မင်းသား ၅၊ ဒုတိယမင်းသား ကြင်ရာတော်နှင့် တခြားလူများ၏ ရင်ထဲက အလုံးကြီးလည်း လျှောကျသွားတော့သည်။
ယခင်မင်းကြီးသာ မိန်းမလှလေးအတွက် အမတ်ကို လုပ်ကြံခဲ့ရင် လူတွေရဲ့ ကဲ့ရဲ့ပြစ်တင်တာ ခံရမှာ သေချာတယ်။ ဖူရွေ့ချင်းဝမ်သာ သိရင် တော်ဝင်ဂူသင်္ချိုင်းထိ လိုက်သွားပြီး ဆဲလောက်တယ်။
System: [ပိုင်မိသားစုက တွေးတာ။ ယခင်မင်းကြီးက မြို့ဝန်ကို သတ်လိုက်ရင် တစ်နေ့ နောင်တရပြီး ယခင်မင်းကြီးနဲ့ ပိုင်ယီယီ ကြားက ဆက်ဆံရေး ထိခိုက်မှာ စိုးလို့ သူတို့ဘာသာ ပိုက်ဆံပေးပြီး လူသတ်သမား ငှားသတ်ခိုင်းလိုက်တာ]
ချူဟွား: [မြို့ဝန်နဲ့ ညှိနှိုင်းပြီး ပိုင်ယီယီကို လွှတ်ပေးဖို့ ပြောလို့ မရဘူးလား။ သူက မယားငယ်လေးပဲလေ]
ဒီကျန်းနန်မြို့ဝန်က ဆွေမျိုးအရှိန်နဲ့ ရာထူးရလာတာ။ တာဝန်ထမ်းဆောင်စဉ်မှာ နာမည် သိပ်မကောင်းဘူး။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ဥပဒေအရ အပြစ်ပေးသင့်တာ။ လူသတ်သမား ငှားပြီး ရုံးတော် အရာရှိကို လုပ်ကြံတာက ဥပဒေကို လုံးဝ ဂရုမစိုက်တာပဲ။
System: [ကျွတ် ကျွတ်၊ မမကြီးဟွား၊ နင်က ယောက်ျားတွေရဲ့ မကောင်းတဲ့ စိတ်ဓာတ်ကို နားမလည်ပါဘူး]
[မြို့ဝန် အဘိုးကြီးက ပိုင်ယီယီကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့တာလေ၊ အဲဒီတုန်းက ယခင်မင်းကြီးက ပိုင်ယီယီကို မရသေးဘူး။ သူ ပိုင်ယီယီကို ရလာတဲ့အခါကျရင် မတွေးမိဘဲ နေမလား၊ ဒီအလှမယ်လေးက အရင်က သူများဟာ၊ မြို့ဝန် အဘိုးကြီးက သူ့အပေါ် ငါ့လိုပဲ ဆက်ဆံခဲ့မှာလား ဆိုပြီးလေ]
[မိန်းမတွေမှာပဲ မနာလိုစိတ် ရှိတယ် မထင်နဲ့၊ ယောက်ျားတွေရဲ့ မနာလိုစိတ်က ထကြွလာရင် မိန်းမတွေထက် ပိုကြောက်စရာ ကောင်းတယ်။ သူတို့မှာ အာဏာနဲ့ ရာထူး ရှိတော့ လုပ်နိုင်တာတွေက မိန်းမတွေထက် အများကြီး ပိုများတယ်]
ယောက်ျားတွေကို နားမလည်တဲ့ ချူဟွား: "..."
သူမက အချစ်ရေး အတွေ့အကြုံမှ မရှိတာ။ ရည်းစားဟောင်းနဲ့ လက်ရှိရည်းစားကြားက ပြဿနာတွေကို ကိုယ်တိုင် မကြုံဖူးဘူးလေ။
ခေတ်သစ်မှာ သူမ တွေ့မြင်နေကျက "အရည်အချင်း ပြည့်မီတဲ့ ရည်းစားဟောင်းဆိုတာ သေလူလို နေသင့်တယ်"၊ "လက်ရှိရည်းစား ရှေ့မှာ ရည်းစားဟောင်း အကြောင်း မပြောနဲ့"၊ "အပျိုစစ် မစစ် ဆိုတာတွေ လာမပြောနဲ့၊ ချင်မင်းဆက် ပျက်တာ ကြာလှပြီ" ဆိုတဲ့ အချက်အလက်တွေပဲ၊ ဒီအပိုင်းက အယူအဆ မပြောင်းလဲသေးဘူး။
ရည်းစားဟောင်း ရှိဖူးလို့ ဆိုပြီး ရည်းစားဟောင်းကို သတ်ပစ်မဲ့လူ မရှိပါဘူး။ လူသတ်တာ ဥပဒေနဲ့ မညီဘူးလေ။
ချူဟွား: [ယခင်မင်းကြီး သိလား။ နောက်ပိုင်း အပြစ်ပေးသေးလား]
System က ဒေါသတကြီး ပြောလေတော့သည်။ [မပေးပါဘူး]
[ဒါက အဆင့် ၄ ရုံးတော် အရာရှိကို လုပ်ကြံတာလေ၊ တကယ်လိုက်စစ်ရင် အပြစ်ကြီးတယ်။ ဒါပေမဲ့ ဒီကိစ္စက ယခင်မင်းကြီးရဲ့ ရင်ထဲက ဆူးကို ဖြေရှင်းပေးလိုက်တာ။ သူ့အကြိုက်ကို ကွက်တိ ထိသွားတာ။ အပြစ်ပေးရင် ထူးဆန်းနေမှာပေါ့]
[ပိုင်ယီယီ နန်းတော်ထဲ ဝင်သွားပြီးနောက် ပိုင်မိသားစု တစ်ခုလုံး ကြက်တွေခွေးတွေပါ ကောင်းကင်ဘုံ ရောက်သွားသလိုပဲ၊ ပိုင်ယီယီ သေသွားပြီးတော့လည်း ယခင်မင်းကြီးက အချစ်ဦး မျက်နှာကို ထောက်ပြီး သူတို့ကို စောင့်ရှောက်ပေးခဲ့တယ်။ လက်ရှိ အရှင်မင်းကြီး နန်းတက်တဲ့ အချိန်အထိ ပိုင်မိသားစုက အန်းဝမ်ရယ်နဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် နေခဲ့ရတုန်းပဲ]
System ရုတ်တရက် တဟီးဟီး ရယ်မောလိုက်၏။ [အန်းဝမ် ပြုတ်ကျသွားပြီ မဟုတ်လား။ ပိုင်မိသားစုက အန်းဝမ် အရှိန်နဲ့ ဗိုလ်ကျပြီး ဥပဒေမဲ့ ကိစ္စတွေ လုပ်ခဲ့တာတွေပါ စစ်ဆေးတွေ့ရှိပြီး ရုံးတော်က တစ်ပေါင်းတည်း ရှင်းလင်းလိုက်ပြီ]
[ငါ့အမြင်အရတော့ အန်းဝမ်ရယ်နဲ့ ပိုင်မိသားစုကို ရှင်းလင်းတဲ့ ကိစ္စမှာ အရှင်မင်းကြီးကနေ အမတ်တွေအထိ ယခင်မင်းကြီးက မျက်နှာလိုက်ခဲ့လို့ နှစ်ပေါင်းများစွာ အောင့်ထားခဲ့ရတဲ့ ဒေါသတွေကို ထုတ်လိုက်ကြတာပဲ]
ဒီစကားကို ကြားလိုက်သည်နှင့် ဖရဲသီး အကြီးကြီး ရှိမှန်း သိလိုက်ရပြီ။ ချူဟွားလည်း စိတ်ဝင်စားသွားတော့၏။ [မြန်မြန်၊ အကျယ်ချဲ့ ပြောပြပါဦး]
"အဟမ်း အဟမ်း" မင်းသား ၅က ဟန်ဆောင်ပန်ဆောင် တစ်ချက် ချောင်းဟန့်လိုက်ကာ "system၊ ငါတို့ တုန်းဖန်းဟန်ရဲ့ ဖရဲသီးကို စားကြရအောင်"
System: [ကောင်းပြီ။ ကောင်းပြီ]
ချူဟွား: "..."
...