အခန်း ၁၃၀
Vol. 9 Ch. 130
အပိုင်း (၁၃၀)
ရယ်မောပြီးနောက် အတည်ပြန်ပြောကြသည်။
System က အံ့ဩစရာ သတင်းကြီးတစ်ခုကို ထုတ်ပြောလာ၏။ [နင့်အမေ အရင်က ပြောဖူးတယ်မလား၊ အောင်သွယ်တွေ အများကြီး လာကမ်းလှမ်းတယ်ဆိုတာလေ၊ အဲဒီတုန်းက အသေးစိတ် မပြောခဲ့ဘူး၊ တကယ်တော့ အဲဒီထဲမှာ တုန်းဖန်းမိသားစုက လွှတ်လိုက်တဲ့သူ တစ်ယောက် ပါတယ်]
[နင့်မိဘတွေက တိတ်တဆိတ် နှိုင်းယှဉ်ကြည့်ပြီးတော့ အဲဒီလူတွေထဲမှာ တုန်းဖန်းဟန်က အကောင်းဆုံး ရွေးချယ်မှုပဲလို့ တွေ့ခဲ့ကြတယ်၊ ကိုယ်ကျင့်တရား၊ ရုပ်ရည်၊ အရည်အချင်း၊ ပိုင်ဆိုင်မှု၊ ဆွေမျိုးအသိုင်းအဝိုင်း အားလုံးကို သူတို့ သဘောကျကြတယ်၊ နင့်အမေ မေးတုန်းက နင်က အိမ်ထောင်မပြုချင်သေးဘူးလို့ ပြောလိုက်လို့သာ၊ မဟုတ်ရင် သူတို့က တုန်းဖန်းဟန်နဲ့ မိတ်ဆက်ပေးတော့မှာ]
[သူက နင့်ကိုတောင် လက်ထပ်ချင်နေပြီ၊ ငါက လေးစားတာနဲ့ ချစ်တာကို မခွဲခြားနိုင်ဘဲ နေမလား၊ မဖြစ်နိုင်ဘူး]
System သည် ချူဟွား အရင်က သံသယ အနည်းငယ် ဝင်ခဲ့သည်ကို စိတ်ထဲ ထားနေပုံရပြီး အတော်လေး ရန်ငြိုးထားကာ မှတ်ထားတတ်သည်။
ရှန်လု၏ အပြုံးကတော့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
သူက နှစ်ဖက်စလုံး၏ သဘောထား တိုက်ဆိုင်မှု ရှိမရှိ အရင် အတည်ပြုချင်တာ ဖြစ်ပြီး မိန်းကလေးကို ရုတ်တရက် စော်ကားသလို ဖြစ်မှာ စိုးရိမ်နေခြင်း ဖြစ်သည်။ တုန်းဖန်းဟန်ကတော့ အောင်သွယ်လွှတ်ပြီး လက်ထပ်ခွင့် တောင်းတာက ချက်ချင်း လက်ထပ်ဖို့ ကြိုးစားတာပဲ။
တုန်းဖန်းဟန်နဲ့ ယှဉ်ရင် သူ့အရှိန်က တကယ်ပဲ နှေးကွေးလွန်းနေတာပဲ။ ဒါပေမဲ့ သူ့မှာလည်း အားသာချက် ကိုယ်စီ ရှိတာပါပဲ။
မိန်းကလေး တော်တော်များများက မိဘစကား၊ အောင်သွယ်စကား နားထောင်ကြပေမဲ့ ချူဟွားက မတူဘူး။ ချူမိသားစုကလည်း သူမရဲ့ ဆန္ဒကို လိုက်လျောပေးတယ်။ မဟုတ်ရင် သူမ "အိမ်ထောင်မပြုချင်သေးဘူး" လို့ ပြောတာနဲ့ ၁၅ နှစ် ရှိတာတောင် အိမ်ထောင်ဘက် မရှာပေးဘဲ နေမှာ မဟုတ်ဘူး။
သူ့မှာ အခွင့်အရေး ရှိသေးတယ်။
ဒီအဆင့် ရောက်နေမှတော့ ချူဟွားလည်း ပြောစရာ မရှိတော့ပေ။
သူမကို လက်ထပ်ချင်တာက ချစ်ကြိုက်လို့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမဲ့ အရင်က ဖော်ပြခဲ့တဲ့ အသေးစိတ် အချက်အလက်တွေ များလွန်းတော့ ဖြစ်နိုင်ခြေ အရမ်း များနေတယ်။
ချူဟွား: [ငါ့အမေတောင် ငြင်းလိုက်ပြီပဲ၊ သူ လက်လျှော့လိုက်လောက်ပါပြီ]
System: [မဟုတ်ပါဘူး၊ နင့်အမေက နင် ငယ်သေးတယ်၊ စာသင်ဖို့ပဲ စိတ်အားထက်သန်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းလိုက်တာလေ၊ ညီလာခံက အမျိုးသမီးတွေ ဝင်ဖြေလို့ရတဲ့ စာမေးပွဲ မဖွင့်ပေးသေးတော့ နင့်အမေက ရှင်းရှင်းလင်းလင်း ပြောဖို့ ခက်နေတာ၊ တုန်းဖန်းဟန်က နင် ဝင်ဖြေမယ် ဆိုတာ သိတော့ ဒီအချိန်မှာ မနှောင့်ယှက်ချင်ဘူး]
[သူက စမ်းကြည့်ရုံပါ။ တကယ်လို့ နင် သဘောတူရင် စေ့စပ်ထားလို့ ရတယ်၊ စာမေးပွဲ ပြီးမှ လက်ထပ်ကြတာပေါ့၊ နင် သဘောမတူရင်လည်း သူ ထပ်စောင့်နေဦးမှာ၊ တခြားဟာ မပြောနဲ့၊ စေတနာကတော့ တော်တော် စစ်မှန်သား]
ချူဟွား: "..."
နောက်တစ်ကြိမ် စာမေးပွဲ ကျင်းပရန် ၄ နှစ် လိုသေးသည်။ တုန်းဖန်းဟန်က သူမကို ၄ နှစ် စောင့်မည်တဲ့။ စေတနာ မှန်ကန်လွန်းသဖြင့် ချူဟွားနှင့် system တို့ပင် စိတ်လှုပ်ရှားသွားကြသည်။
ရှန်လုလည်း ကြီးမားသော အကျပ်အတည်းကို ခံစားလိုက်ရလေသည်။
စိတ်ဆန္ဒရော လုပ်ရပ်ပါ သိရှိသွားပြီဖြစ်သော တုန်းဖန်းဟန်နှင့် ယှဉ်လျှင် သူ့အရှိန်က နှေးကွေးနေသည်မှာ နည်းနည်းနောနော မဟုတ်ပေ။
စိတ်ပူနေရသည့်ကြားထဲ ချူဟွား၏ မျက်နှာတွင် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် သူမ တုန်းဖန်းဟန်ကြောင့် စိတ်ပြောင်းသွားမည်ကို စိုးရိမ်ကာ အလျင်အမြန် ပြောလိုက်မိသည်။
"ငါလည်း မင်းကို ၄ နှစ် စောင့်နိုင်ပါတယ်"
"ဟင်" ချူဟွားက အံ့ဩတကြီး မော့ကြည့်လိုက်သည်။
System သည် ဖရဲသီးအကြီးကြီး စားလိုက်ရသော တောကောင်လေးလို စိတ်လှုပ်ရှားသွားပြီး အော်သံ ထွက်လုနီးပါး ဖြစ်သွား၏။
ရှန်လုသည် စိတ်လိုက်မာန်ပါ ပြောမိလိုက်သော စကားကြောင့် နေရခက်သွားသော်လည်း နောင်တမရပေ။ ထပ်ပြီး သွယ်ဝိုက်နေလျှင် တကယ်ပဲ တစ်လှမ်းနှေးရင်းက အရာရာ နောက်ကျပြီး တစ်သက်လုံး နောင်တရသွားလိမ့်မည်။
"ငါက တစ်ကိုယ်တည်းသမားပါ။ ပိုင်ဆိုင်မှုနဲ့ ဆွေမျိုးအသိုင်းအဝိုင်း မရှိဘူး၊ လူကြီးမင်းချူနဲ့ ဝမ်သခင်မတို့ရဲ့ မျက်စိထဲ ဝင်ချင်မှ ဝင်မှာ၊ ဒါပေမဲ့ ငါ..."
ရှန်လုသည် ဒီလိုစကားမျိုး တစ်ခါမှ မပြောဖူးပေ။ စကားလုံး တစ်လုံး ထွက်လာတိုင်း သူ့နားရွက်နှင့် မျက်နှာများ ပူထူလာပြီး ဦးနှောက်လည်း ထိခိုက်မှု ရှိသွားသလိုပင်။ သို့သော် သူ့မျက်လုံးများက ချူဟွားကို စိုက်ကြည့်နေပြီး အနည်းငယ်မျှ ဆုတ်ခွာခြင်း၊ ရှောင်ဖယ်ခြင်း မရှိပေ။
"ငါ မင်းကို မြတ်နိုးတယ်၊ မင်းကို စောင့်နိုင်တယ်၊ မင်း စာမေးပွဲ ဖြေပြီး အရာရှိ ဖြစ်လာတာကို နှောင့်ယှက်မှာ မဟုတ်ဘူး၊ ၄ နှစ် ၅ နှစ် ကြာလည်း စောင့်နိုင်ပါတယ်"
"မင်းရဲ့ စိတ်ထဲမှာ တခြားသူတွေ မမီနိုင်တဲ့ ရည်မှန်းချက်တွေ ရှိတယ်၊ လက်ထပ်ပြီးရင် အိမ်မှာပဲ နေပြီး ကလေးထိန်း ခင်ပွန်းပြုစုတာမျိုး လုပ်ခိုင်းမှာ မဟုတ်ဘူး၊ မင်း ဘာလုပ်ချင်လဲ လွတ်လွတ်လပ်လပ် လုပ်ပါ။ ငါ မင်းကို အားပေးနေမှာပါ"
"မင်းက အမျိုးသမီး အနေနဲ့ စာမေးပွဲ ဖြေချင်တယ်၊ အမျိုးသမီးထု ဦးဆောင်ပြီး ငြိမ်းချမ်းတဲ့ ခေတ်ကာလကို တည်ထောင်ချင်တယ် ဆိုရင်လည်း ငါ မင်းကို ကူညီမှာပါ"
"ကြယ်ကြည့်တာက ငါ အကျွမ်းကျင်ဆုံး မဟုတ်ပါဘူး၊ ငါက တကယ်တော့..."
"ရှူး ——"
ရှန်လုက အတွင်းရေးတွေ အကုန် ထုတ်ပြောတော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် ချူဟွားသည် လက်ညှိုး တစ်ချောင်းဖြင့် ရှန်လု၏ နှုတ်ခမ်းကို ဖိပြီး ပို၍ အန္တရာယ်များသော စကားများ မပြောမိအောင် တားဆီးလိုက်သည်။
သူမ ဘေးနားတွင် နန်းစောင့်တပ်နှင့် ကိုယ်ရံတော်များ အချိန်မရွေး ရှိနေသည်။ ထိုလူများ၏ နားက အရမ်း ကောင်းလွန်းရာ မတော်တဆ ကြားသွားလျှင် ဒုက္ခရောက်လိမ့်မည်။
ဝုန်း! ရှန်လု မျက်နှာ တစ်ခုလုံး ရဲတက်သွားတော့သည်။
သူသည် အမျိုးသမီး တစ်ဦးနှင့် သည်လောက် ရင်းနှီးသော အပြုအမူမျိုး တစ်ခါမှ မလုပ်ဖူးပေ။ နီးကပ်လွန်းသဖြင့် ချူဟွား အဝတ်အစားပေါ်မှ ရနံ့ကို သူ ရနေသည်။ သူ့နှုတ်ခမ်းကို ဖိထားသော သွယ်လျသည့် လက်ချောင်းလေးသည် နူးညံ့ပြီး မင်နံ့သင်းသင်းလေး ရနေ၏။
အလှလေး ရှက်ရွံ့နေသည့် ပုံရိပ်ကို အနီးကပ် ခံစားလိုက်ရသဖြင့် ချူဟွား အလွန် ကျေနပ်သွားပြီး ပြန်ရောက်လျှင် ရှားပါးသော ဒီမြင်ကွင်းကို ပန်းချီဆွဲထားရန် ဆုံးဖြတ်လိုက်တော့၏။
"ရှန်လု"
ရှန်လုက မော့ကြည့်လိုက်သည်။ ရှည်လျားသော မျက်တောင်များက တုန်လှုပ်စွာ ခတ်နေပြီး ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟနေသည်။ ရိုးသားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေသော ပုံစံလေးက တစ်ဖက်လူကို စိတ်တိုင်းကျ ပြုမူချင်စိတ် ပေါက်သွားစေနိုင်သည်။
ချူဟွားသည် အတွေးတချို့ကို ထိန်းချုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "အဲဒီ မက်မွန်ပွင့် မီးအိမ်ကို ကျွန်မ ခုတင်ဘေးမှာ ချိတ်ထားတယ်၊ ရှင် မက်မွန်၊ သစ်ခွ၊ ဝါး၊ ဂန္ဓမာ လေးမျိုး ပြည့်အောင် စုမလား"
တစ်စုံတစ်ခုကို သဘောပေါက်လိုက်သဖြင့် ရှန်လု၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ချူဟွား၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ "ကတိတည်ရမယ်နော်"
ချူဟွားက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကတိတည်ပါတယ်"
System သည် ခေါင်းကို ကိုင်ပြီး အသံမထွက်ဘဲ အော်ဟစ်နေတော့သည်။ [အားးး —— ငါတို့ စုံတွဲ ဖြစ်သွားပြီ!!!]
သခင်က ခေတ်သစ်က လာပြီး အရင်ဘဝက ရည်းစား မထားဖူးတာ သိသာပေမဲ့ တော်တော် တတ်တာပဲ။
သောက်ကျိုးနည်း။ ခေတ်သစ်လူက ခံစားချက် ဖွင့်ပြောတာ ရှေးခေတ်လူထက်တောင် ပိုပြီး သွယ်ဝိုက်နေသေးတယ်။ သူ့ရဲ့ CP (စုံတွဲ) တော့ နောက်ဆုံးမှာ ညားသွားကြပြီ ဝူး ဝူး ဝူး။
၄ နှစ် ကတိကဝတ် ပြုပြီးနောက် ချူဟွားသည် စာကိုသာ ကြိုးစား လေ့လာပြီး ပြင်ပကိစ္စများကို ဂရုမစိုက်တော့ပေ။ ရံဖန်ရံခါ အားလပ်ချိန်တွင် သတင်းအချို့ ကြားရရုံသာ။
ဥပမာ ချူရှူးနှင့် ချူဖျင် ရွေးချယ်ထားသော ကျွီရန်နှင့် စေ့စပ်လိုက်ပြီး မင်္ဂလာ အခမ်းအနား အဆင့်ဆင့်ကို တစ်ခုမှ မကျန်စေဘဲ ဆောင်ရွက်ခဲ့သည်။
ဝမ်သခင်မက အရင်တုန်းကတော့ ချူရှူး ကိစ္စ ဂရုမစိုက်ဘူးဟု ပြောလေ့ရှိသော်လည်း ချူရှူး တကယ် လက်ထပ်ဖို့ ပြင်ဆင်ရသည့် အခါတွင်တော့ အိမ်ရှင်မ တစ်ယောက် အနေနှင့် နေရာတိုင်း အလုပ်ရှုပ်ခံပြီး အစွမ်းကုန် စီစဉ်ပေးခဲ့သည်။ ချူမိသားစုကို ဘယ်သူမှ မကောင်းမပြောစေရပေ။
ချူဟွားက အရင်တုန်းက ချူရှူး မလိမ္မာလျှင် မင်္ဂလာဆောင် လက်ဖွဲ့တွေကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ဖူးသည်။ နောက်ပိုင်း ချူရှူး လိမ္မာလာတော့ ထိုလက်ဖွဲ့များကို မထိခဲ့ချေ။
ဝမ်သခင်မက ဘုံရန်ပုံငွေထဲမှ မယားငယ်က မွေးသော သမီး ရသင့်သည့် လက်ဖွဲ့ ဝေစုကို ပေးခဲ့ပြီး အိမ်၏သခင်မ အနေနှင့် နည်းနည်း ထပ်ထည့်ပေးခဲ့သည်။ ချူဟွားကလည်း ညီအစ်မ အနေနှင့် နည်းနည်း ထပ်ထည့်ပေးခဲ့သည်။
ဥပမာ ကျန်းရှီသည် သဘောကျရသူနှင့် တွေ့ဆုံခဲ့သော်လည်း ထိုလူ၏ ကိုယ်ကျင့်တရား မည်သို့ရှိသည်ကို မသေချာသဖြင့် system ကို အကူအညီ တောင်းခဲ့သည်။
ကျန်းရှီသည် သူမ၏ ဖခင်ကို အကူအညီ တောင်းဖို့ မစဉ်းစားဖူးသည်တော့ မဟုတ်ပေ။ သို့သော် တရားရေးဝန်ကြီး ကိုယ်တိုင် ပါဝင်ပတ်သက်လာလျှင် ကိစ္စကြီးသွားသလို ခံစားရမည် ဖြစ်ပြီး system ကို မေးလိုက်လျှင် တိတ်တိတ်လေး ပြီးသွားမည်ဟု ယူဆခဲ့သည်။
ချူဟွား ဘာပြောရမှန်း မသိတော့ပေ။ "တရားရေးဝန်ကြီးက တိတ်တိတ်လေး စုံစမ်းရင် လူနည်းနည်းပဲ သိမှာ၊ နင်က system ကို လာမေးတော့ နန်းစောင့်တပ်ရဲ့ အစီရင်ခံစာ တက်သွားတာနဲ့ ညီလာခံက အရာရှိတွေ အကုန် သိကုန်မှာပေါ့"
ဒါက ဘယ်နေရာမှာ တိတ်တိတ်လေး ဖြစ်လို့လဲ။
တရားရေးဝန်ကြီး ပါဝင်တာထက်တောင် ပိုပြီး ကိစ္စကြီးသွားသေးတယ်။
ကျန်းရှီလည်း သိသည်။ သို့သော် သူမတွင် အခြား အကြံအစည် ရှိနေသည်။ "System က အစတုန်းက မျှဝေတဲ့ လုပ်ဆောင်ချက် ပွင့်သွားတာက မတော်တဆပဲလေ၊ အစက နင်တို့ ၂ ယောက်ပဲ ကြားရမှာ မဟုတ်ဘူးလား"
စကားဆုံးသည်နှင့် ချူဟွားနှင့် system တို့ တိတ်ဆိတ်သွားကြသည်။
ဒီကိစ္စက သိသာထင်ရှားပြီး လူတိုင်းလည်း သိနေကြသည်။ ချူဟွားက system ကို ညီလာခံအတွက် အသုံးပြုရန် ကိုယ်တိုင် လွှဲအပ်ခဲ့ခြင်း ဖြစ်ပြီး မည်သူမျှလည်း အပြစ်မတင်ခဲ့ကြပေ။ ပြောရလျှင် system က သူမ တစ်ယောက်တည်းကိုသာ ချိတ်ဆက်ထားခြင်း ဖြစ်ပြီး သူမ၏ ပိုင်ဆိုင်မှု ဖြစ်သည်။
System က အမြန် ရှာဖွေကြည့်ပြီး ချူဟွားကို သီးသန့် ပြောပြလိုက်၏။ [တကယ်ပဲ သူ ကိုယ်တိုင် လာမေးတာ၊ ဘယ်သူ့ရဲ့ တိုက်တွန်းချက်၊ အရိပ်အမြွက်မှ မပါဘူး]
ကိုယ်ပိုင် ဆန္ဒလား၊ ညီလာခံရဲ့ ဆန္ဒလား ဆိုတဲ့ ရည်ရွယ်ချက် မတူရင် ရလဒ်လည်း မတူဘူးလေ။
ချူဟွားလည်း နည်းနည်းတော့ စိတ်အေးသွားခဲ့သည်။ "ဒါဆို ရှင်က system ကို ကျွန်မဆီ ပြောခိုင်းပြီး ကျွန်မကနေ ရှင့်ကို ပြန်ပြောပြစေချင်တာလား"
ကျန်းရှီက ခေါင်းညိတ်လိုက်ပြီး ထပ်ပြောသည်။ "ဒါဆို အချိန် နည်းနည်း ပုပ်သွားလိမ့်မယ်၊ ကျွန်မတို့ လူနည်းနည်းပဲ ကြားရအောင် လုပ်လို့ မရဘူးလား"
ချူဟွားနှင့် system သည် တစ်ဦးချင်း သီးသန့် ပြောဆိုမှုနှင့် အဖွဲ့လိုက် ပြောဆိုမှု ပုံစံကိုသာ ဖော်ဆောင်ထားပြီး အဖွဲ့လိုက် ပြောဆိုမှု အတိုင်းအတာကို ပြုပြင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ပြုပြင်လိုက်ပါက အခြားသူများ သံသယ ဝင်လာမည် စိုးရိမ်သောကြောင့် ဖြစ်သည်။
System ကလည်း ကိုယ့်သဘောနှင့်ကိုယ် မပြောသလို သူမကလည်း မမေးခဲ့ဖူးပေ။
လက်တွေ့ကျကျ ပြောရလျှင် ဖရဲသီးစား system သည် ချိတ်ဆက်ထားသော သခင် တစ်ဦးတည်းကိုသာ ဖရဲသီး ကျွေးသင့်သည်။ မျှဝေနိုင်သော လုပ်ဆောင်ချက် ပါဝင်နေခြင်းကပင် ထူးဆန်းနေပြီ ဖြစ်ပြီး အတိုင်းအတာနှင့် မျှဝေမည့် လူအရေအတွက်ကိုပါ သတ်မှတ်နိုင်လျှင် ပိုပြီး ထူးဆန်းနေလိမ့်မည်။
System က ချက်ချင်း ဖြေရှင်းချက် ထုတ်လိုက်သည်။ [မရပါဘူး]
ငြင်းပြီးသည်နှင့် သီးသန့် လိုင်းသို့ ပြောင်းကာ ချူဟွားကို ပြောလိုက်သည်။ [မမကြီးဟွား၊ ငါ လိမ်နေတာ မဟုတ်ဘူး၊ တကယ် မရတာ]
ထို့နောက် system က အဖွဲ့လိုက် လိုင်းသို့ ပြောင်းလိုက်သည်။ [အဲဒါတွေက ကြိုတင် သတ်မှတ်ထားတဲ့ အစီအစဉ်တွေပါ။ ငါက အောက်ခြေက သနားစရာကောင်းတဲ့ အလုပ်သမား system လေးပါ။ တချို့ လုပ်ဆောင်ချက်တွေက သုံးလို့ရပေမဲ့ ပြင်လို့ မရပါဘူး၊ အဲဒီလောက် လုပ်ပိုင်ခွင့် မရှိပါဘူး]
အားလုံး: "..." ရုံးဝန်ထမ်း system ပုံစံ ပေါက်နေပြီ။
System ၏ အသံက သနားစရာ ကောင်းလာသည်။ [လူအများကြီးကို မျှဝေရတာ ဖရဲသီးစွမ်းအင် အရမ်း ကုန်ပါတယ်၊ တကယ်လို့ အတိုင်းအတာ ပြင်လို့ရရင် ငါ ပြင်လိုက်တာ ကြာပါပြီ၊ ဖရဲသီးစွမ်းအင် စုပြီး ကိုယ်ပိုင်ငွေ လုပ်ထားတာ မကောင်းဘူးလား]
ဒီအကြောင်းပြချက်က ခိုင်လုံလွန်းသဖြင့် မယုံတဲ့သူ မရှိပေ။
ချူဟွားက ကျန်းရှီကို လက်ဖက်ရည် သောက်၊ မုန့်စားခိုင်းပြီး သူမဘာသာ system နှင့် ခေတ္တ စကားပြောလိုက်သည်။
ရလဒ် အနေဖြင့် ကျန်းရှီ မုန့်တစ်ဖဲ့ပဲ စားရသေးခင်မှာပင် ချူဟွားက ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လာသည်ကို မြင်လိုက်ရသည်။
"နင် သူ့ကို အရမ်း သဘောကျလား"
ကျန်းရှီ အခြေအနေ မကောင်းမှန်း သိလိုက်ပြီး စကားထစ်သွားသည်။ "အင်း၊ သိပ်တော့ မဆိုးပါဘူး"
ချူဟွား: "နင်တို့ ဘယ်လို သိကြတာလဲ"
ကျန်းရှီက ချူဟွား system ဆီက အမှန်တရား သိပြီးပြီဟု ထင်သဖြင့် သိကျွမ်းခဲ့ပုံကို မေးမြန်းခြင်းမှာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း system က ဖရဲသီးစွမ်းအင် ချွေတာရန် ထိုဘက်ကို မစစ်ဆေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
"ကွာရှင်းပြီးတဲ့နောက် ငါက ကျင်းကျင်းကို ခေါ်ပြီး မိဘအိမ် ပြန်လာခဲ့တယ်၊ ဖေဖေနဲ့ မေမေက ကျင်းကျင်းကို အရမ်း ချစ်ကြပေမဲ့ ကျင်းကျင်းက နည်းနည်း ကြောက်နေတုန်းပဲ၊ ငါ့သူငယ်ချင်း တစ်ယောက်က ကျင်းကျင်းကို ကြောင်လေး တစ်ကောင် ပေးလိုက်မှ သူ ချက်ချင်း လန်းဆန်းသွားတာ"
"ကျင်းကျင်းက ကြောင်လေးကို ခေါ်ပြီး နေရာအနှံ့ သွားရတာ ကြိုက်တယ်၊ အပြင်ထွက်ရင်လည်း ခေါ်သွားတယ်၊ တစ်နေ့ကျတော့ သူက ကြောင်ခေါ်လာတဲ့ ဟွိုင်ယန်နဲ့ တွေ့တယ်၊ ကျင်းကျင်းက ကြောင်လေး လိမ္မာပြီး ချစ်စရာ ကောင်းပေမဲ့ ဒဏ်ရာရနေတာကို မြင်တော့ သနားသွားပြီး နှစ်ယောက်သား စကားစမြည် ပြောဖြစ်သွားကြတယ်"
"နောက်တော့ သူငယ်ချင်း ပေးထားတဲ့ ကြောင်လေး ပျောက်သွားတော့ သူ အရမ်း ဝမ်းနည်းသွားတယ်၊ ဟွိုင်ယန်က ကြောင်ပေါက်လေး တစ်ကောင် လာပေးတယ်၊ ကျင်းကျင်းက မလိုချင်ဘူး၊ သူက အရင် ကြောင်လေးကိုပဲ ရှာချင်တာ၊ ကြောင်ပေါက်လေး ခြေထောက် ရိုက်ချိုးခံထားရပြီး သနားစရာ ကောင်းလွန်းလို့ လက်ခံလိုက်ရတာ"
"ဟွိုင်ယန်က ကြောင်ပေါက်လေး ဘယ်လိုနေလဲ ဆိုတာ ရံဖန်ရံခါ လာကြည့်တတ်တယ်၊ အဲလိုနဲ့ ကျွန်မလည်း သူနဲ့ သိသွားတာပဲ"
ကျန်းရှီက ဒီလူ့အကြောင်း ပြောလာချိန်တွင် မျက်နှာပေါ်မှာ ကြည်နူးမှု အနည်းငယ် ပေါ်လာသည်ကို မြင်တော့ ချူဟွား စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူမက အလျင်စလို သဘောထား မပေးဘဲ မေးလိုက်သည်။ "သူ့ရဲ့ ဘယ်အချက်က နင့်ကို စိတ်လှုပ်ရှားစေတာလဲ"
ကျန်းရှီကလည်း အိမ်ထောင်မပြုရသေးသော မိန်းကလေး တစ်ယောက်နှင့် ဒီအကြောင်း ပြောဆိုခြင်းမှာ ပြဿနာ မရှိဟု ယူဆပြီး ခေတ္တ စဉ်းစားလိုက်သည်။
"သူ့ရဲ့ ကြင်နာမှုနဲ့ စိတ်ရှည်မှုပါ။ သူက ကြောင်တွေကို အရမ်း ချစ်တယ်၊ အိမ်မှာ အများကြီး မွေးထားတယ်၊ အကုန်လုံးက တခြားသူတွေရဲ့ ဒုက္ခပေးတာ ခံထားရတဲ့ ကြောင်တွေချည်းပဲ၊ သူက အပြင်ကနေ ကောက်လာပြီး ဒဏ်ရာ ပျောက်အောင် ကုပေးပြီးမှ ပြန်လွှတ်ပေးတာ"
"သူက ကျင်းကျင်းအပေါ် အရမ်း စိတ်ရှည်တယ်၊ ကျင်းကျင်းနဲ့ အတူတူ ကြောင်လေးတွေနဲ့ ကစားပေးတယ်၊ ကြောင်လေးတွေအတွက် အဝတ်အစားလေးတွေ၊ အရုပ်လေးတွေ လုပ်ပေးတယ်"
System က သီးသန့် လိုင်းမှာ အော်ဟစ်နေတော့သည်။ [မမကြီးဟွား၊ မပြောသေးဘူးလား]
ချူဟွားက system ကို အရင် နှစ်သိမ့်လိုက်သည်။ [မလောနဲ့ဦး]
ပြီးမှ ကျန်းရှီကို စိတ်ရှည်လက်ရှည် မေးလိုက်သည်။ "ရှိသေးလား"
ကျန်းရှီ သေချာ စဉ်းစားလိုက်သည်။ "စကားပြောရင် အေးဆေးတယ်၊ လူက နူးညံ့သိမ်မွေ့တယ်၊ အသံက နားထောင်လို့ ကောင်းတယ်၊ ကျင်းကျင်းက သူ့ကို အရမ်း သဘောကျတယ်"
သူမ အခြား အားသာချက်များကို ရှာဖွေချင်သော်လည်း ပြန်စဉ်းစားကြည့်ရာတွင် မရှိတော့သဖြင့် ခေါင်းခါလိုက်ရသည်။ "မရှိတော့ပါဘူး"
"ငါ နားလည်ပါပြီ၊ သူက ကြောင်တွေအပေါ် ကြင်နာတယ်၊ ကျင်းကျင်းအပေါ် စိတ်ရှည်တယ်၊ သိမ်မွေ့တယ်၊ နင်က ကျင်းကျင်း သူ့ကို သဘောကျလို့သာ သူ့ကို စိတ်ဝင်စားသွားတာ၊ နင် ကိုယ်တိုင်က သူ့ကို သိပ်ပြီး သဘောကျတာ မဟုတ်ဘူး" ချူဟွားက အနှစ်ချုပ်ပြီး တိုက်ရိုက် ထောက်ပြလိုက်သည်။
ကျန်းရှီလည်း ကြောင်သွားလေသည်။ သူမ ပြန်ငြင်းချင်သော်လည်း သေချာ စဉ်းစားကြည့်လိုက်တော့ ချူဟွား ပြောသလို ဖြစ်နေမှန်း တွေ့လိုက်ရသည်။
"ဟုတ်မယ် ထင်တယ်"
ချူဟွား: "ဒါဆို နင် ဘာလို့ system ကို လာမေးဖို့ စဉ်းစားလိုက်တာလဲ"
ဒီအချက်ကိုတော့ ကျန်းရှီ ချက်ချင်း ဖြေနိုင်လေသည်။ "ဘာလို့လဲဆိုတော့ သူက ငါ့ကို ချစ်ကြောင်း ဖွင့်ပြောလာတယ်၊ ငါနဲ့ ကျင်းကျင်းကို စောင့်ရှောက်ချင်တယ်တဲ့"
System မအောင့်နိုင်တော့ပေ။ [မပြောသေးဘူးလား]
ချူဟွား: [မလောနဲ့ဦး]
"နင်တို့ သိတာ ဘယ်လောက် ကြာပြီလဲ"
ကျန်းရှီ တွက်ကြည့်လိုက်သည်။ "မကြာသေးပါဘူး၊ ၃ လလောက်ပဲ"
ချူဟွားက နည်းနည်း တိုက်ရိုက်ကျကျ ပြောလိုက်သည်။ "၃ လဆိုတဲ့ အချိန်က လူတစ်ယောက်ကို အကဲခတ်ဖို့ လုံလောက်တယ်လို့ ရှင် ထင်လား"
ဒီလောက်အထိ အရိပ်အမြွက် ပြောနေမှတော့ ကျန်းရှီကလည်း မတုံးအချေ။ ဟွိုင်ယန်မှာ ပြဿနာ ရှိမှန်း ချက်ချင်း သိလိုက်သည်။
"ရှင် ပြောပါတော့"
[ဒါ နင် ပြောတာနော်] System က အကြာကြီး အောင့်ထားရသဖြင့် ပြောခွင့်ရသည်နှင့် တရစပ် ပြောချလိုက်တော့သည်။ [သူ နင့်သမီးကို တွေ့တုန်းက ဒဏ်ရာရနေတဲ့ ကြောင်ကို ပွေ့ထားတယ်၊ နင့်သမီးကို ပေးတော့လည်း ဘာလို့ ဒဏ်ရာရနေတဲ့ ကြောင် ဖြစ်နေတာလဲ]
ကျန်းရှီက အလိုအလျောက် ပြန်ဖြေလိုက်သည်။ "ဘာလို့လဲဆိုတော့ အဲဒါတွေက သူ အပြင်ကနေ ကောက်လာတာလေ၊ သူများတွေ ဒုက္ခပေးထားတာတွေ"
System က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ [မဟုတ်ဘူး! တကယ်လို့ နင်က သူများကို ကြောင်ပေးမယ် ဆိုရင် ဒဏ်ရာရနေတဲ့ ကောင်ကို ပေးမှာလား]
မပေးဘူး၊ ငါဆိုရင် ကောင်းတာလေးပဲ ပေးမှာ ဟု ကျန်းရှီ စိတ်ထဲတွင် ပြန်ချေပလိုက်သည်။
System: [နင့်သမီးက နင့်သူငယ်ချင်း ပေးထားတဲ့ ကြောင်ကို အရမ်း ချစ်တာ၊ တကယ်လို့ အဲဒီကြောင် ရှိနေသေးရင် ဟွိုင်ယန် ပေးတဲ့ ကြောင်ကို သူ လက်ခံမှာလား၊ တကယ်လို့ အဲဒီကြောင်က ဒဏ်ရာ မရဘဲ ကျန်းမာနေရင် နင့်သမီးက လက်ခံမှာလား]
လက်မခံဘူး၊ ကျင်းကျင်းက မူလ ကြောင်ကိုပဲ ပြန်ရှာဖို့ နည်းလမ်း ရှာမှာ ဟု ကျန်းရှီ စိတ်ထဲတွင် ဖြေလိုက်သည်။
System: [တကယ်လို့ အဲဒီကြောင် ဒဏ်ရာရမနေရင် ဟွိုင်ယန်က နင့်သမီးဆီ ခဏခဏ လာရှာပါ့မလား၊ နင်ကရော သူ့ကို သိကျွမ်းပါ့မလား]
မသိဘူး! အေးစက်သော ခံစားချက် တစ်ခုက ကျန်းရှီ တစ်ကိုယ်လုံးကို ရုတ်တရက် လွှမ်းခြုံသွားသည်။ သူမ အကွက်ချခံလိုက်ရတာလား။
...