← Chapters

အခန်း ၁၃၁

Vol. 9 Ch. 131

အခန်း ၁၃၁

Vol. 9 Ch. 131

အပိုင်း (၁၃၁)

ယွီကျားယန်၏ ကိစ္စက ရှေ့တွင် ရှိခဲ့ဖူးသောကြောင့် သည်လိုကြီးမားသော အရှုံးကို ခံစားခဲ့ရဖူးသည့် ကျန်းရှီ၏ သတိထားမှုမှာ မနိမ့်ကျပေ။

သူမသည် အစက မတွေးမိခဲ့သော်လည်း ချူဟွားနှင့် system တို့၏ ပုံစံကို မြင်လိုက်ရသည့်အခါ အနည်းငယ် နားလည်သွား၏။ ဟွိုင်ရန်မှာ ပြဿနာ ရှိနေသည်။ ကြီးမားသော ပြဿနာပင်။

“သူက ကျွန်မရဲ့ ဂုဏ်ဒြပ်ကြောင့် ရောက်လာတာလား”

တရားရေးဝန်ကြီး၏ တရားဝင် သမီးအရင်းဟူသော ဂုဏ်ပုဒ်မှလွဲ၍ သူမတွင် ဟွိုင်ရန်က သည်လောက် အပင်ပန်းခံကာ ခြေလှမ်းကျဲကြီး လှမ်းရလောက်အောင် တန်ဖိုးရှိသည့်အရာ မည်သည် ရှိနေမှန်း ကျန်းရှီ မသိတော့ချေ။

System က သူမကို အဖြေပေးလိုက်သည်။ [ဟုတ်တယ်]

“ထင်သားပဲ” ကျန်းရှီက ခါးသက်သက် ပြုံးလိုက်၏။

တရားရေးဝန်ကြီး၏ သမီးအရင်းဟူသော ဂုဏ်ပုဒ်သည် သူမကို အဆင့်အတန်းနှင့် ဂုဏ်ကို ဆောင်ကြဉ်းပေးခဲ့သည်။ မွေးဖွားလာကတည်းက သူမသည် ဂုဏ်ဒြပ်က ပေးသော အဆင်ပြေမှုများကို ခံစားခဲ့ရပြီး ယခုအခါတွင်လည်း ထိုဂုဏ်ဒြပ်ကြောင့်ပင် တစ်ကြိမ်ပြီး တစ်ကြိမ် ကြံစည်ခံနေရလေသည်။

သူမသည် ဤဂုဏ်ပုဒ်ကို နှစ်သက်သလားဟု မေးလာလျှင် နှစ်သက်ပါသည်ဟု သေချာပေါက် ဖြေရပေလိမ့်မည်။

သူမသည် ငယ်စဉ်ကတည်းက မိဘများ၏ လက်ပေါ်တွင် အလိုလိုက်ခံရကာ ကြီးပြင်းလာခဲ့ရပြီး ကောင်းမွန်သော အဝတ်အစားနှင့် အစားအသောက်များဖြင့် နေထိုင်ခဲ့ရကာ အရှုံးမရှိခဲ့ဖူးပေ။ အခြားသော ဆွေကြီးမျိုးကြီး သားသမီးများထက် များစွာ သာလွန်သလို လမ်းဘေးတွင် အိပ်စက်ပြီး စားသောက်နေရသော သနားစဖွယ် လူများထက် ပိုလို့ပင် သာလွန်နေသေးသည်။

သူမ ဤဂုဏ်ပုဒ်ကို မုန်းသလားဟု မေးလာလျှင်လည်း မုန်းသည်ဟု သေချာပေါက် ဖြေရပေလိမ့်မည်။

အကယ်၍ ဤဂုဏ်ပုဒ်သာ မရှိခဲ့ဘဲ သာမန် အမျိုးသမီးတစ်ဦးသာ ဖြစ်ခဲ့လျှင် သူမသည် ချစ်ရသူကို ရှာတွေ့နိုင်ပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနိုင်ကာ ယခုကဲ့သို့ ဆက်တိုက် ကြံစည်ခံရခြင်းမျိုး ရှိလိမ့်မည် မဟုတ်ပေ။

သူမတွင် သူမ၏ ဒုက္ခ ရှိသလို သာမန်လူများတွင်လည်း သာမန်လူများ၏ ဒုက္ခ ရှိကြစမြဲ ဖြစ်ရာ သူမ စောစီးစွာ ဖြေသိမ့်နိုင်ခဲ့လေသည်။

ကျန်းရှီသည် လက်တွေ့ကို လက်ခံလိုက်ပြီး ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့၏။ “ထုံအာရေ၊ ဘာဖြစ်ခဲ့တာလဲ ဆိုတာ အသေးစိတ် ပြောပြပါဦး”

ချူဟွားက တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ကျန်းရှီသည် အတင်းအကျပ် လုပ်ယူနေခြင်း မဟုတ်သလို ဟန်ဆောင်နေခြင်းလည်း မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် စိတ်ချသွားတော့သည်။

[ထုံအာရေ၊ နင် ပြောလိုက်ပါ]

System လည်း ကျန်းရှီက ထပ်ခါတလဲလဲ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသဖြင့် ခံနိုင်ရည် ရှိပါ့မလားဟု စိုးရိမ်ခဲ့သော်လည်း သူမ၏ စိတ်ဓာတ်မှာ အလွန် ကြံ့ခိုင်နေဆဲ ဖြစ်ပြီး ဤမျှ မြန်မြန် ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ တကယ့်ကို သန်မာသော အမျိုးသမီးကြီးပင်။

[ဟွိုင်ရန်က နင် ကွာရှင်းပြီး အိမ်ပြန်ရောက်လာတာ ကြားတော့ စိတ်ကူးယဉ်လာတာလေ။ အကြောင်းရင်းကို နင် သိမှာပါ၊ နင့်အဖေက အဆင့် ၃ တရားရေးဝန်ကြီးလေ။ အရင်တုန်းက ယွီကျားယန်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မိတ်ဆက်ပေးခဲ့သေးတယ်။ နောက်ပိုင်း ပြည့်တန်ဆာနဲ့ ပတ်သက်လို့ ရာထူးပြုတ်သွားပေမဲ့ အဲဒါက ပြည့်တန်ဆာနဲ့ ပတ်သက်တာ ဥပဒေနဲ့ မညီလို့ ဖြစ်သွားတာကိုး]

[သူကတော့ သူတော်တော် စည်းကမ်းရှိတယ်။ အဲဒီလို ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ခံယူထားပြီး ဖြတ်လမ်းနည်းနဲ့ နင့်ကို ရအောင်ယူမယ်။ ပြီးမှ ယောက္ခမကို အလုပ်နေရာ တောင်းမယ်လို့ စိတ်ကူးလိုက်တာ။ သူက လူလွှတ်ပြီး နင့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းတယ်။ နောက်ယောင်ခံလိုက်ပြီး ရက်အတော်ကြာ အကဲခတ်တယ်။ နင့်ဆီ ဘယ်လို နည်းလမ်းနဲ့ ချဉ်းကပ်ရမလဲ ဆိုတာ အမြဲ စဉ်းစားနေတာ]

[ယွီကျားယန် ကိစ္စကြောင့် ယောက်ျားတွေရဲ့ ချိုသာတဲ့ စကားတွေကို နင် ခံနိုင်ရည် ရှိလောက်တယ်။ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးလို့ သူ တွေးတယ်။ ပြီးတော့ လူတချို့ကို ငှားပြီး နင့်ကို အနိုင်ကျင့်ခိုင်း၊ ပြီးမှ ဝင်ကယ်ပြီး သူရဲကောင်း လုပ်ပြရင်လည်း နင့်အဖေက သိပ်မကြာခင် ရိပ်မိသွားနိုင်တယ် ဆိုပြီးတော့ နင့်သမီးဆီ အကြံထုတ်လိုက်တာ]

[ကျင်းကျင်းက သွားလေရာ ကြောင်ခေါ်သွားတတ်တဲ့ ကြောင်ချစ်သူမှန်း ဟွိုင်ရန် တွေ့သွားတယ်။ ဒါနဲ့ သူက ဒဏ်ရာရနေတဲ့ ကြောင်လေး တစ်ကောင်ကို ပိုက်ပြီး နင့်အိမ်နားမှာ လာစောင့်နေတာ။ ကျင်းကျင်းနဲ့ မတော်တဆ တွေ့ဆုံတဲ့ပုံစံ ဖန်တီးဖို့ ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ရတယ်]

“နေပါဦး” ဒီနေရာရောက်တော့ ကျန်းရှီ မနေနိုင်တော့ပေ။ “နင် ပြောချင်တာက သူက ဒဏ်ရာရနေတဲ့ ကြောင်လေးကို မကုပေးဘဲ ကြောင်လေး ဒဏ်ရာရနေတာကို ရက်အတော်ကြာ ဒီအတိုင်း ကြည့်နေခဲ့တာလား၊ အချိန်ကောင်းကို စောင့်နေခဲ့တာလား”

ဤလုပ်ရပ်သည် ဟွိုင်ရန် အမြဲတမ်း ပြသလေ့ရှိသော နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့် ပုံစံနှင့် လုံးဝ ကွာခြားနေသဖြင့် ကျန်းရှီကို အကြီးအကျယ် ရိုက်ခတ်သွားစေလေသည်။

System [ဟုတ်တယ်]

ကျန်းရှီ “...”

System က ဒုတိယအချက်ကို ထပ်ပြောလိုက်၏။ [အတိအကျ ပြောရရင် သူ အပြင်မှာ ၄ ရက်နဲ့ ၇ နာရီကြာ စောင့်ဆိုင်းခဲ့တာ] အကြောင်းမှာ ကျင်းကျင်းသည် နေ့တိုင်း အပြင်ထွက် မကစားသောကြောင့်ပင်။

ကျန်းရှီ “...”

ဟွိုင်ရန်၏ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ကာ ကြောင်ချစ်သူပုံစံမှာ လုံးဝ ပျက်စီးသွားပြီး သည်းခံနိုင်စွမ်း တစ်ခုတည်းသာ ရှိတော့သည်ဟု ကျန်းရှီ ယူဆလိုက်၏။

ချူမိသားစုဝင်များတွင် ဟွိုင်ရန်၏ လုပ်ရပ်ကို ရွံရှာသူများ ရှိသလို ကြောင်လေးကို ကြည့်ပြီး ကိုယ့်ဘဝကို ပြန်တွေးမိကာ ဝမ်းနည်းနေသူများလည်း ရှိကြလေသည်။ ဒေါသထွက်သူကတော့ နည်းပါးလှသည်။

သာ့ရှန်းရှိ ကြောင်များမှာ တောကြောင်များ ဖြစ်ကြပြီး ညဘက် ကျက်စားသော သတ္တဝါများ ဖြစ်ရာ မကြာခဏ ညဘက်တွင် ဆူညံသံများ ပြုလုပ်တတ်သည်။ တစ်ခါတစ်ရံ ထောင့်တစ်နေရာတွင် ဝပ်နေပြီး ရုတ်တရက် ထွက်လာကာ လူကို လန့်အောင် လုပ်တတ်သလို မီးဖိုချောင်မှ အစားအစာများကို ခိုးစားခြင်း၊ မှောက်ချခြင်းများလည်း ပြုလုပ်တတ်သည်။ ခေတ်သစ်မှ ကြောင်ကျွန်များ(ကြောင်ပိုင်ရှင်) ပြုစုပျိုးထောင်ထားသော ကြောင်များနှင့် မတူညီပေ။

ချူအိမ်တော်ရှိ အစေခံ အများစုမှာ ဆင်းရဲသော ဘဝမှ လာကြသူများ ဖြစ်ကြသည်။ ကိုယ်တိုင်ပင် ဝအောင် မစားရဘဲ ညီအစ်ကို မောင်နှမများ အသက်ရှင်ဖို့အတွက် ကျွန်အဖြစ် ရောင်းစားခံရသူများ ဖြစ်ရာ သူတို့နှင့် အစာလုစားသော ကြောင်တစ်ကောင်ကို မည်သူက သနားကြပါမည်နည်း။

စာနာခြင်းနှင့် သနားခြင်း ဆိုသော ခံစားချက်များသည် မိမိကိုယ်တိုင် စားဝတ်နေရေး ပြည့်စုံမှသာ ဖြစ်ပေါ်လာနိုင်သော အရာများပင်။

ကျန်းရှီတွင် ကန့်ကွက်စရာ မရှိတော့သဖြင့် system က ဆက်ပြောလေသည်။

[ဟွိုင်ရန် ထင်ထားတဲ့အတိုင်းပဲ။ ကျင်းကျင်းက ဒဏ်ရာရနေတဲ့ ကြောင်လေးကို မြင်တော့ စိတ်ပူသွားပြီး သူ့ကို ခဏခဏ လှမ်းကြည့်တယ်။ ဟွိုင်ရန်က သဘောကောင်းတဲ့ပုံ ပြလိုက်တော့ သူက အနားသွားပြီး ကြောင်လေး ဘာဖြစ်တာလဲ လို့ မေးလိုက်တာပေါ့]

[ဟွိုင်ရန်က အခွင့်ကောင်းယူပြီး ဘယ်သူ ရိုက်လိုက်မှန်း မသိဘူး။ ကြောင်လေးက အရမ်း အားနည်းနေတယ်။ လမ်းမှာ တွေ့လို့ ကောက်လာတာ။ ကုပေးဖို့ အိမ်ခေါ်သွားမလို့ ဆိုပြီး ရှင်းပြလိုက်တယ်။ နင့်သမီးက လူ့စိတ်ရဲ့ ယုတ်မာမှုကို ဘယ်သိမလဲ၊ သူက တကယ့် လူကောင်းလို့ ထင်ပြီး ဒီလိုပဲ အလိမ်ခံလိုက်ရတာ]

ကျန်းရှီ !!!

မိမိ ကြံစည်ခံရသည်ကို သိချိန်တွင် သူမ သက်ပြင်းသာ ချခဲ့သော်လည်း သမီးဖြစ်သူ အလိမ်ခံရသည်ကို ကြားလိုက်ရသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အရိုးများပင် မြည်သံ ထွက်လာကာ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

သမီးဖြစ်သူသည် သူမ၏ ပြောင်းပြန် အကြေးခွံ ဖြစ်ပြီး တစ်ယောက်ယောက်က မသမာသော ရည်ရွယ်ချက်ဖြင့် ထိပါးလာပါက မိခင်၏ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုကို ခံစားရပေလိမ့်မည်။

System မှာ အနည်းငယ် လန့်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။ [ငါ အစကတည်းက ဟွိုင်ရန်က နင့်သမီးကို ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့သားပဲ]

စောစောက သည်လောက် ဒေါသမထွက်ဘဲ အခုမှ ဘာလို့ ရုတ်တရက် ပေါက်ကွဲသွားရတာလဲ။ တုံ့ပြန်မှုက နှေးကွေးနေတာတော့ မဟုတ်လောက်ပါဘူး။

ဟွိုင်ရန်က ကျန်းရှီ၏ မည်သည့် ဒေါသအိုးကို ထိမိလိုက်မှန်း ချူဟွားမသိသော်လည်း ရှေ့တွင် ပြောခဲ့သမျှ စကားများသည် အကြီးမားဆုံးသော မိုင်းဗုံးမှလွဲ၍ ကျန်အရာများကို အတော်အတန် သိရှိပြီးပြီ ဖြစ်သည်။

ကျန်းရှီ၏ လက်များ တုန်ယင်နေပြီး အသံပါ တုန်ခါနေသည်။

“ကြင်နာတာ။ နူးညံ့တာ။ အားနည်းသူကို သနားတာက မမှားပါဘူး။ မှားတာက သူများရဲ့ ကြင်နာမှုနဲ့ နူးညံ့မှုကို အခွင့်ကောင်းယူတဲ့ သူတွေ၊ ဒီလို လူစားမျိုးကြောင့် ကောင်းမွန်တဲ့ စိတ်ဓာတ်တွေက ကိုယ့်ကိုယ်ကိုယ် ပြန်ဒုက္ခပေးတတ်တယ် ဆိုပြီး ကျင်းကျင်း တွေးသွားမှာ၊ ပြီးတော့ တခြား အစွန်းတစ်ဖက်ကို ရောက်သွားမှာ ကျွန်မ မလိုချင်ဘူး”

ချူဟွားသည် ကျန်းရှီ၏ စကားကို အလုံးစုံသဘောတူလေသည်။

ခေတ်သစ်တွင် သက်ကြီးရွယ်အိုကို စေတနာနှင့် ကူညီရာမှ သက်ကြီးရွယ်အိုကို ထိခိုက်အောင် လုပ်သည်ဟု စွပ်စွဲ ငွေညှစ်ခံရသော အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် လူအများစုသည် လမ်းဘေးတွင် လဲကျနေသော သက်ကြီးရွယ်အိုများကို မြင်လျှင် ကူညီရန် မဝံ့မရဲ ဖြစ်လာကြသည်။

System ကတော့ ဤအရာသည် မကောင်းမှုတစ်ခုဟု မထင်ပေ။ [အခု အရှုံးခံလိုက်ရတော့ သင်ခန်းစာ ရသွားတာပေါ့၊ နောက်ဆို ပိုသတိထားတတ်လာမှာမို့ ကောင်းတဲ့ ကိစ္စပဲလေ]

ကျန်းရှီကတော့ ဤအရာကို ကောင်းသော ကိစ္စဟု မထင်ဘဲ ရင်နာနေ၏။ “ကျင်းကျင်းက ငယ်ပါသေးတယ်။ ကျွန်မက မိခင်တစ်ယောက် အနေနဲ့ သူ့အတွက် မိုးဒဏ်လေဒဏ်ကို ကာကွယ်ပေးသင့်တယ်။ တစ်နေ့နေ့ကျရင် သူ ဒီသဘောတရားကို နားလည်လာမှာပါ၊ ဒါပေမဲ့ အဲဒါက သူ ကြီးလာမှ ဖြစ်သင့်တာလေ”

သူမသည် ကိုယ်တိုင်ကြောင့် သမီးဖြစ်သူ၏ ကြင်နာမှု အခွင့်ကောင်း ယူခံရသည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခြင်း ဖြစ်သည်။

ချူဟွားနှင့် system မှာ မည်သို့ နှစ်သိမ့်ပေးရမည် မသိ ဖြစ်နေကြသည်။

System နှင့် ကျန်းရှီ၏ အမြင်မှာ မတူညီကြပေ။ System သည် ကျန်းရှီ၏ အတွေးအတိုင်း လိုက်ပြောရန် မိမိကိုယ်ကို အတင်းအကျပ် မခိုင်းစေချင်သလို ချူဟွားသည်လည်း ဘဝနှစ်ခုစာ ရှင်သန်ခဲ့ဖူးသူ ဖြစ်ပြီး ဤဘဝ ငယ်စဉ် ကလေးဘဝတွင် မကောင်းသော ကိစ္စရပ် အချို့ ကြုံတွေ့ခဲ့ရသော်လည်း သူမသည် ကလေးအစစ် မဟုတ်သဖြင့် ဘေးလူများ ထင်သကဲ့သို့ စိတ်ဒဏ်ရာ မရခဲ့ပေ။

ချူဟွားက ဤစကားကို ကျန်းရှီ တစ်ယောက်တည်းကိုသာ မပြောသင့်ဟု ယူဆသဖြင့် ချူမိသားစုဝင် အားလုံး ကြားနိုင်ရန် စိတ်ချင်းဆက်သွယ်သော နည်းလမ်းကို အသုံးပြုလိုက်သည်။ [ကြင်နာတာ မမှားပါဘူး။ နင် သမီးကို ကြင်နာတတ်အောင် သင်ပေးလို့ ရသလို ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကိုလည်း တစ်ချိန်တည်း သင်ပေးသင့်တယ်]

ကျန်းရှီ၏ နာကျင်နေသော မျက်နှာထား တောင့်တင်းသွားသည်။ “ဘာကို ဆိုလိုတာလဲ”

ချူဟွား[နင်က သမီးနဲ့ အချိန်တိုင်း အတူ ရှိနေနိုင်တာ မဟုတ်ဘူး။ အချိန်တိုင်း ကာကွယ်ပေးနိုင်တာ မဟုတ်ဘူး။ သမီးရဲ့ ကြင်နာမှုနဲ့ နူးညံ့မှုကို အခွင့်ကောင်း ယူမခံရအောင် အာမခံချက် မပေးနိုင်မှတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သင်ပေးလိုက်ပါ၊ သူ့ကို ကြင်နာပြီး စွမ်းအားကြီးတဲ့သူ ဖြစ်လာအောင် လုပ်ပေးလိုက်ပါ]

ခေတ်သစ်မှ လူများ စဉ်းစားခဲ့သော နည်းလမ်းအတိုင်းပင်။ လူမကယ်ခင် စောင့်ကြည့်ကင်မရာ ရှိမရှိ ကြည့်ခြင်း၊ အနီးနားတွင် တခြား လမ်းသွားလမ်းလာ ရှိမရှိ ကြည့်ခြင်း၊ ဗီဒီယိုရိုက်ပြီး သက်သေ လုပ်ခိုင်းခြင်းမျိုး ဖြစ်သည်။ ကိုယ့်လိပ်ပြာ ကိုယ်လုံသလို ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်သည်။ နှစ်ဖက်စလုံးအတွက် အကျိုးရှိသည်။

ကျန်းရှီသည် ရင်ထဲတွင် အတော်လေး ထိသွားလေသည်။ ဒီစကားက တော်တော် အဓိပ္ပာယ် ရှိတာပဲ။ သူမ အရင်က ဘာလို့ မစဉ်းစားမိတာပါလိမ့်။

နေပါဦး။ လုံးဝ မရှိတာတော့ မဟုတ်ဘူး။ ကျင်းကျင်း အပြင်ထွက်တိုင်း အစေခံနဲ့ အစောင့်တွေ လိုက်ပါတာပဲ။ ဒါပေမဲ့ သူတို့လည်း ဟွိုင်ရန်ရဲ့ ရည်ရွယ်ချက်ကို မသိခဲ့ကြဘူးလေ။

“တကယ်လို့ တခြားသူကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သင်ပေးလိုက်ရင် ဒီကမ္ဘာကြီးမှာ လူဆိုးတွေ များတယ် ဆိုတာ သူ သိသွားမှာ မဟုတ်လား”

သည်လိုဆိုရင် သူမ၏ ကျင်းကျင်းက စိတ်ပူပင်မှု ကင်းကင်းနှင့် ကြီးပြင်းနိုင်တော့မည် မဟုတ်ပေ။

ချူဟွားက အကာအကွယ် လွန်ကဲနေပြီဖြစ်သော ကျန်းရှီ၏ လုပ်ရပ်ကို သဘောမတူပေ။

[ကမ္ဘာကြီးမှာ လူဆိုးတွေ ရှားလို့လား၊ အပြင်မှာ လူကုန်ကူးသမားတွေ ရှိတယ်။ အပြင်ထွက် ဆော့ရင် လူသူကင်းမဲ့တဲ့ နေရာတွေကို မသွားနဲ့လို့ နင် ကျင်းကျင်းကို မပြောဖူးဘူးလား]

“ဒါက...” ကျန်းရှီ ပြန်မငြင်းနိုင်တော့ပေ။

နာမည်ကြီး သူတော်ကောင်း ယဲ့မိသားစုသည် လိမ်လည်သူများ အသိုက်အမြုံ ဖြစ်ပြီး ဖွင့်လှစ်ထားသော ပရဟိတဂေဟာက လူကုန်ကူးသည့် အလုပ်များ လုပ်နေကြောင်း သိလိုက်ရသောအခါ ကျန်းရှီသည် ကြောက်လန့်လွန်းသဖြင့် ရက်အတော်ကြာ အိပ်မပျော်ခဲ့ပေ။ သမီးဖြစ်သူကိုလည်း တစ်ယောက်တည်း အပြင်မထွက်ရန်၊ လူသူကင်းမဲ့သော ထောင့်နေရာများသို့ မသွားရန်၊ လူကုန်ကူးသမား အဖမ်းခံရတတ်ကြောင်း သတိပေးခဲ့ဖူးသည်။

ချူဟွားက ထပ်ပြောလိုက်၏။ [ကာကွယ်မှု လွန်ကဲရင် နင့်သမီး တကယ်ပဲ ဖြူဖြူစင်စင်နဲ့ ကြီးပြင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ဂရုမစိုက်မိတဲ့ နေရာတွေ ရှိလာရင် ဘယ်လို လုပ်မလဲ]

System သည် ကျန်းရှီ၏ လုပ်ရပ်ကို မူလကတည်းက သဘောမတူသဖြင့် ကြားဖြတ် ပြောလိုက်သည်။

[တကယ်လို့ အဲဒီလို နေ့မျိုး ရောက်လာခဲ့ရင် ဒဏ်ရာအနည်းငယ် ရတာနဲ့ လန့်သွားတာလောက်က ကံကောင်းတယ် ပြောရမယ်။ တကယ်လို့ အဖမ်းခံရပြီး ပြန်ရှာမတွေ့တာ။ ဒါမှမဟုတ် အဲဒီနေရာမှာတင် အသတ်ခံလိုက်ရရင် ဘယ်လို လုပ်မလဲ]

[နင့်အဖေက တရားရေးဝန်ကြီးလေ။ နေ့တိုင်း အမှုတွေ ဘယ်လောက် ကိုင်တွယ်နေရလဲ၊ အကုန် မသိရင်တောင် တစ်စိတ်တစ်ပိုင်းတော့ သိမှာပဲ။ မြို့တော်က ကွင်းဆက်လူသတ်မှု ဖြစ်တာ နည်းလို့လား၊ မျက်လုံးတူးတဲ့ ကိစ္စကို ဒီလောက် မြန်မြန် မေ့သွားပြီလား၊ အသတ်ခံရတဲ့အထဲမှာ လူကြီးတွေပဲ ရှိပြီး ကလေးတွေ မပါဘူးလို့ ထင်နေတာလား]

ကျန်းရှီခမျာ ရင်ဘတ်ကို ဖိပြီး အသက်ကို လုရှူလိုက်ရသည်။ အဲဒီလောက် ကြီးမားတဲ့ ကိစ္စကို သူ ဘယ်လို မေ့နိုင်မှာလဲ။

ကွင်းဆက်လူသတ်မှု ဖြစ်တုန်းက သူမ သမီးကို အပြင်မှာ အန္တရာယ်များတယ် ဆိုပြီး အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့တာလေ။ ဘာလို့လဲဆိုတော့ ခေါင်းပြတ်အလောင်း တစ်လောင်းက သူမအိမ်နဲ့ တစ်လမ်းကျော်လေးမှာ စွန့်ပစ်ခံခဲ့ရတာ။ အရမ်း နီးလွန်းလို့။

သူမက သမီးကို ကာကွယ်ချင်လို့ ဘာဖြစ်ခဲ့လဲ ဆိုတာ မပြောပြခဲ့ဘူး။ သူမအဖေကလည်း သမီးနဲ့ မြေးမလေးကို ကာကွယ်ချင်လို့ နစ်နာသူတွေထဲမှာ ကလေးတွေ ပါတယ်ဆိုတာ မပြောပြခဲ့တာ ဖြစ်မယ်။

ချူဟွားက ကျန်းရှီ၏ စိတ်ခံစားချက် ငြိမ်သက်သွားသည်ကို စောင့်ပြီးမှ ပြောလိုက်သည်။ [ကျွန်မက နည်းနည်း ပိုပြီး ဆင်ခြင်တုံတရားနဲ့ တွေးတတ်လို့ ဖြစ်မယ်။ အောက်က အကြောင်းအရာတွေက ကျွန်မရဲ့ ကိုယ်ပိုင် အမြင်တွေပါ၊ လက်ခံတာ မခံတာက ရှင့်သဘောပါ]

ကျန်းရှီက လှမ်းကြည့်လာပြီး မျက်နှာ ဖြူဖျော့နေသည်။ “ရှင် ပြောပါ”

ချူဟွား[ရှင်က ကလေးတွေကို ကမ္ဘာကြီးရဲ့ လှပမှု အကြောင်း ပြောပြသင့်တယ်။ သူတို့ကို ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူတွေ ဖြစ်လာအောင် လမ်းပြပေးသင့်တယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရုပ်ဆိုး အကျည်းတန်မှုတွေကိုလည်း ပြောပြသင့်တယ်။ ဒါမှ သူတို့ လူတွေနဲ့ ကိစ္စတွေကို ရင်ဆိုင်ရာမှာ အကာအကွယ်မဲ့ မဖြစ်တော့မှာ၊ မတော်တဆမှုတွေ ကြုံလာရတဲ့ တစ်နေ့ကျရင် အရမ်း အံ့ဩလွန်းပြီး ထွက်ပြေးဖို့ အကောင်းဆုံး အချိန်ကို လက်လွတ်မသွားတော့မှာ]

[တချို့ အကြောင်းအရာတွေကို လူကြီးတွေ မသင်ပေးရင် တခြားလူတွေက သင်ပေးလိမ့်မယ်။ တခြားလူ သင်ပေးတာကို ခံရရင် များသောအားဖြင့် ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိတတ်တယ်။ အဲဒီအချိန်ကျရင် ကလေးက ခေါင်းကွဲ သွေးထွက်နေလောက်ပြီ။ လူကြီးတွေ မသင်ပေးခဲ့လို့ ဆိုပြီး ပြန်အပြစ်တင်ချင် တင်လိမ့်မယ်။ အပြစ်တင်ဖို့ အခွင့်အရေး ရှိနေတာက ကောင်းပါသေးတယ်။ အကြောက်ရဆုံးက အဲဒီလို အခွင့်အရေးတောင် မရှိတော့မှာကိုပဲ]

ဘာလို့ အခွင့်အရေး မရှိတော့တာလဲ။

ဘာလို့လဲဆိုတော့ သူတို့ သေသွားပြီလေ။

အဖြေ ထွက်လာသည့် အခိုက်အတန့်တွင် ချူဟွားပြောလိုက်သည့်စကားက ချဲ့ကားလွန်းရာကျပြီး ထိုမျှလောက် ဆိုးရွားသည့် အကျိုးဆက်မျိုး ဖြစ်လာမှာ မဟုတ်ဟု ကျန်းရှီက ထင်လိုက်မိသည်။ သူမလည်း မိဘတွေရဲ့ ကာကွယ်မှုအောက်မှာ ဖြူစင်စွာ ကြီးပြင်းလာခဲ့တာပဲ မဟုတ်လား။

ထို့နောက် သူမက ပြန်တွေးမိသည်။ ဟုတ်တယ်။ မိဘတွေက သူမကို မသင်ပေးခဲ့ဘူး။ ယွီကျားယန်နဲ့ ယွီမိသားစုက သူမကို သင်ပေးခဲ့တယ်။ ကျရှုံးတဲ့ အိမ်ထောင်ရေး တစ်ခု၊ မွေးဖွားရခက်ပြီး သေလုနီးပါး ဖြစ်ခဲ့ရတာ။ ပေးဆပ်ရတာ မများလွန်းဘူးလား။

ကွယ်ရာမှာ သူမ မိဘတွေ အစောကြီး အခြေအနေမှန်ကို မသိခဲ့လို့၊ သူမကို ဒုက္ခတွင်းထဲက စောစော မဆွဲထုတ်ခဲ့လို့ ဆိုပြီး အပြစ်မတင်ခဲ့မိဘူးလား။

ချူဟွား[ဖြူစင် ရိုးသားစွာ ကြီးပြင်းလာတာထက် သူတို့ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေထိုင်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်မတော့ ထင်တယ်]

[ပြီးတော့ ဖြူစင် ရိုးသားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တာက အတူတူ ယှဉ်တွဲနေလို့ မရဘူးလို့ ဘယ်သူ ပြောလဲ]

ကျန်းရှီက အလိုလို တုန့်ပြန်ကာ မေးလိုက်မိသည်။ “ဘယ်လို ယှဉ်တွဲမှာလဲ”

ချူဟွားမှာ ကြောင်သွားပြီး ပြုံးလိုက်သည်။ “နင်က အကောင်းဆုံး ဥပမာပဲ မဟုတ်လား”

တခြားသူရဲ့ ပြင်းထန်တဲ့ နာကျင်စေမှုကို ခံခဲ့ရပေမဲ့ ပြန်လည် တိုက်ခိုက်ဖို့နဲ့ လက်စားချေဖို့ သင်ယူခဲ့ပေမဲ့ ဖြူစင် ရိုးသားနေဆဲ။ တခြားသူကို မကောင်းတဲ့ သဘောနဲ့ အလွယ်တကူ မတွေးတတ်ဆဲပဲလေ။

ကျန်းရှီမှာ မျက်နှာ ရဲတက်သွားပြီး ဒီအကြောင်းကို ဆက်မပြောချင်တော့ပေ။ “အဲဒါ၊ အဲဒါလေ။ ထုံအာရေ နင် ဆက်ပြောပါဦး”

System [ဟွိုင်ရန်က နူးညံ့တာ။ ကြင်နာတာ။ စိတ်ရှည်တာ စတဲ့ ဖန်တီးထားတဲ့ ပုံစံနဲ့ နင့်ကို ချဉ်းကပ်ခဲ့တယ်။ နင်နဲ့ နင့်သမီးကို အိမ်လာလည်ပြီး ကြောင်လေးတွေ ကြည့်ဖို့ ဖိတ်ခေါ်ခဲ့သေးတယ်။ နင်က မသင့်တော်ဘူး ထင်လို့ ငြင်းလိုက်တယ်]

[တကယ်လို့ နင် သွားခဲ့ရင် ဟွိုင်မိသားစုက ကြောင်လေးတွေ ဟွိုင်ရန်အပေါ် ထားတဲ့ သဘောထားက မကောင်းတာကို တွေ့ရလိမ့်မယ်။ သူ့နား လုံးဝ မကပ်ချင်ကြဘူး။ သူ့ကို အရမ်း ကြောက်ကြတယ်။ တချို့ ကြောင်လေးတွေက အရမ်း ဆိုးတယ်။ သူ့ကို မြင်တာနဲ့ ဟိန်းမယ်။ အမွေးတွေ ထောင်နေမယ်။ ကုတ်မယ် ဖဲ့မယ် ကိုက်မယ် လုပ်ကြလိမ့်မယ်]

“ဟွိုင်ရန်က ပြောတယ်။ သူက ငယ်ငယ်ကတည်းက ကြောင်တွေ အမြင်ကပ်တာ ခံရတယ်တဲ့” ကျန်းရှီ ပြောပြီးသည်နှင့် သက်ပြင်းချလိုက်သည်။

“ငါ ထပ်ပြီး အလိမ်ခံလိုက်ရပြန်ပြီလား”

ချူဟွားက ခေါင်းညိတ်လိုက်ပြီး ကျန်းရှီကို ကြည့်သော မျက်လုံးများတွင် သနားကရုဏာရိပ် အနည်းငယ် ပါဝင်နေလေသည်။

System က ပြောလိုက်၏။ [ဟုတ်တယ်။ သူ နင့်ကို လိမ်ခဲ့တာ။ အရင်တုန်းကတော့ အမြင်ကပ် မခံရပါဘူး]

[သာမန်အားဖြင့် ကြောင်တွေက ကလေးတွေကို ချစ်တတ်ကြတယ်။ ကလေးတွေအပေါ် သည်းခံနိုင်စွမ်း မြင့်တယ်။ ဒါပေမဲ့ အရိုက်ခံရ၊ အနာကျင်ခံရပြီးတာတောင် မှတ်ဉာဏ် မရှိဘူးလို့တော့ မဆိုလိုဘူးလေ။ ဘာပဲပြောပြော ရံဖန်ရံခါ အစာကျွေးတဲ့ တောကြောင်တွေပဲ။ အတူတူ ကြီးပြင်းလာတဲ့ အိမ်ကြောင်တွေ မဟုတ်တော့ သံယောဇဉ် သိပ်မရှိဘူး]

[ပြီးတော့ ဟွိုင်ရန်၊ ဒီလူက ကြောင်တွေကို နှိပ်စက်တယ်။ နည်းလမ်းက အရမ်း ရက်စက်တယ်]

ကျန်းရှီ ??!

အားလုံး ??!

ကြောင်နှိပ်စက်တယ်? ဒီကိစ္စကို လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။

ကြောင်လေးတွေက အစားအစာ ခိုးစားတတ်တယ်။ ညဘက် အော်ဟစ်တတ်တယ်။ ရုတ်တရက် ထွက်လာပြီး လူလန့်အောင် လုပ်တတ်တယ် ဆိုပေမဲ့ ကြောင်ကို နှိပ်စက်တဲ့ အဆင့်ထိတော့ မလိုပါဘူး။

ကြောင်လေးတွေကလည်း အသက်ရှင်နေတဲ့ သတ္တဝါတွေပဲလို့ မပြောရင်တောင် တချို့ ကြောင်တွေက ကြွက်ခုတ်တတ်တယ်။ တချို့ ကြောင်တွေက ချစ်စရာကောင်းပြီး လူကို အဖော်ပြုပေးတယ်။ အပန်းဖြေပေးတယ်လေ။ သူများရဲ့ ကြောင်လေးတွေက နင့်ကို ဘယ်လိုများ ရန်စမိလို့ နှိပ်စက်တဲ့ အဆင့်ထိ လုပ်ရတာလဲ။

System [သူ အပြင်ပန်းမှာ လူပုံ ပေါက်နေတာကို မကြည့်နဲ့၊ အာ... ဖွီး၊ ဒီစကားပြောတာ ခွေးအစ်ကိုကြီးကို စော်ကားတာပဲ။ ခွေးကို တကယ် အားနာဖို့ ကောင်းတယ်]

[ဟွိုင်ရန် ပြသနေတဲ့ နူးညံ့တာ။ စိတ်ရှည်တာတွေက မျက်နှာဖုံး အတုတွေပဲ။ လောကကြီးက လူတွေ ဒီလို အမျိုးသား ပုံစံမျိုးကို ကြိုက်ကြတယ်။ ဒီလို လူမျိုးအပေါ် သတိထားမှု လျှော့ချတတ်ကြတယ် ဆိုတာ သူ သိလို့ တမင်သက်သက် ဒီပုံစံနဲ့ နင်တို့ကို ရင်ဆိုင်နေတာ]

[ဟွိုင်ရန်ရဲ့ စိတ်ရင်းအမှန်က အရမ်း မည်းမှောင်နေတယ်။ စိတ်ထဲမှာ ဖျက်ဆီးလိုစိတ်တွေ ပြည့်နေတာ။ သူက မကောင်းတဲ့ စိတ်ခံစားချက် အားလုံးကို ကြောင်တွေအပေါ် ပုံချပြီးမှ နင့်ကို နူးနူးညံ့ညံ့ ဆက်ဆံနိုင်တာ]

ရှေ့တစ်ခဏတွင် နူးညံ့စွာ ပြောဆိုနေသော လူတစ်ယောက်သည် နောက်ကွယ်တွင် ကြောင်ကို ရက်စက်စွာ နှိပ်စက်နေသည်ကို တွေးမိလိုက်သောအခါ ကျန်းရှီ ကြက်သီးမွေးညင်း ထသွားတော့သည်။

“အော့ ——”

ချူဟွား“...”

System [……]

ကျန်းရှီ အန်ချင်သွားသည်က လူတစ်ယောက်နှင့် system တစ်ခု လုံးဝ မထင်မှတ်ထားသော အရာပင်။

ထို့ကြောင့် system သည် ဟွိုင်ရန် ကြောင်နှိပ်စက်ပုံကို အသေးစိတ် မပြောပြရဲတော့ပေ။ ကျန်းရှီတစ်ယောက် အိပ်မက်ဆိုး မက်နေမည် စိုးရိမ်ရသည်။ သည်လိုဆိုလျှင် ပိုပြီး အပြစ်ကြီးသွားလိမ့်မည်။

[ဒီကိစ္စကို ဘယ်လို ပြောရမလဲ၊ လူအများစုက ကြောင်မကြိုက်ရင် ရှောင်နေလိုက်ကြတယ်။ တမင်သက်သက် သွားမလုပ်ကြဘူး။ ကြောင်လေးတွေက အန္တရာယ် မရှိဘူးလို့ ခံစားရရင် လူကို စပြီး တိုက်ခိုက်လေ့ မရှိဘူး။ နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ နေနိုင်ကြတယ်]

[ဟွိုင်ရန်လို ဘဝမှာ အဆင်မပြေတာလေး တစ်ခု ကြုံရတာနဲ့ ကိုယ်တိုင် မပြောင်းလဲနိုင်ဘဲ မိုးမဲမြေမဲ မိဘမဲပြီး အားနည်းတဲ့ သက်ရှိတွေအပေါ် ဒေါသပုံချတဲ့ လူမျိုးကတော့ နည်းပါတယ်]

ကျန်းရှီက ဖြူဖျော့သော မျက်နှာဖြင့် မေးလိုက်သည်။ “တကယ် နည်းလို့လား”

System စကားထစ်သွားသည်။ [အမ်... ဒီကိစ္စကလေ။ ငါ ဒီလောက် ရိုးသားတဲ့ system က နင့်ကို လိမ်လို့ မကောင်းပါဘူး]

[ကျား၊ မ၊ ကြီး၊ ငယ် မရွေး ရှိကြတယ်။ အကြောင်းရင်းတွေ မတူကြဘူး။ အတိုင်းအတာ မတူကြဘူး။ အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေကြတာ]

[ထားလိုက်ပါတော့။ ဒီလောက် အများကြီး ပြောပြီးမှတော့ အဖြေက ရှိတယ်။ မနည်းဘူး။ ဒါပေမဲ့ လုံးဝ အများကြီးတော့ မဟုတ်ဘူး]

ကျန်းရှီ “အော့ ——”

...

All Chapters